← Chapters

လက်မှုပညာရှင်

Vol. 7 Ch. 94

လက်မှုပညာရှင်

Vol. 7 Ch. 94

“ခွေးကောင်လေး၊ မင်းလူပုံအလယ်မှာ လင်းအိမ်တော်ရဲ့ သိက္ခာကိုချနေတာ၊ အစ်ကိုကြီးတို့ ကျုပ်ကို လွှတ် ဒီကောင်ကို ဒီနေ့ နုတ်နုတ်စင်းပစ်မယ်”

လင်းအိမ်တော်၏ တတိယအကြီးအကဲဖြစ်သည့် လင်းဟွေ့၏ ဖခင်သည် လင်းဟွေ့ကို ဒေါသတကြီး မာန်မဲနေ၏။

ထို့ကြောင့် အိမ်တော်ခေါင်းဆောင်နှင့် ဒုတိယ အကြီးအကဲတို့သည့် လင်းချန်ကို အတင်းဆွဲထားရလေသည်။ မဟုတ်လျှင် ဒဏ်ရာများ သက်သာခါစ လင်းဟွေ့သည် ထပ်မံမေ့မျောသွားနိုင်သည်။

“တတိယညီလေး ထားလိုက်တော့၊ ဒီကိစ္စကပြီးသွားပြီပဲ၊ လင်းဟွေ့ကို နောက်ထပ်ဒီလို မလုပ်ဖို့ပဲ ပြောကြတာပေါ့”

လင်းထျန်းတောက်သည် လင်းချန်အား စိတ်အေးအေးထားရန်ပြောလိုက်၏။

“ကျုပ်..”

လင်းဟွေ့သည် ထိုစဉ်က တိုက်ပွဲ ဖြစ်သည်မှန်းသိသော်လည်း ဒဏ်ရာများနှင့် နာကျင်နေသောကြောင့် သတိမလစ်စေရန်သာ အားတင်းထားခဲ့ရသည်။ ထို့ကြောင့် ပြင်ပ ကိစ္စများကို အသေအချာ မသိရှိချေ။ ထို့နောက်တွင် လင်းထျန်းတောက်သည် လျှိုမင်ယွမ်အား ပြေလည်စေရန်ညှိနှိုင်းနေသည်ကို သိရှိလိုက်ရ၏။ ထို့ကြောင့် လင်းအိမ်တော်ခေါင်းဆောင်သည် လျှိုမင်ယွမ်၏ စွမ်းအားကိုမြင်ပြီး လင်ယိုဟန် နှင့် သဘောတူသွားသည်ဟုထင်မှတ်လိုက်သည်။ သူသည် အိမ်တော်၏ အစေခံဖြစ်ခဲ့သူအား သူညီမနှင့် သဘောမတူနိုင်ချေ။ ထို့ကြောင့် ရုတ်တရက်ထ၍ ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

သို့သော် သူထင်နေသည့်အကြောင်းအရာနှင့် ဖြစ်ပျက်နေသည့် အဖြစ်ပျက်များသည် နည်းနည်းမှ ပင်မသက်ဆိုင်ခဲ့ချေ။

“နေစမ်းပါဦး အဲ့ဒီကောင်လေး မျက်လုံးထဲမှာ ယိုဟန်ကို လိုလားတဲ့ပုံ မရှိပါဘူး၊ ဘာကြောင့် အဲ့ကောင်ကလေး ယိုဟန်ကို နှစ်သက်နေတယ်လို့ ထင်ရတာတုန်း”

လင်းထျန်းတောက်သည် လင်းဟွေ့ကို ကြည့်ကာ မေးလိုက်၏။ ထိုအရာသည် သူ၏ စိတ်ထဲ မတင်မကျဖြစ်နေခြင်းပင်ဖြစ်သည်။ လျှိုမင်ယွမ်၏ အကြည့်သည် သူ၏သမီးဖြစ်သူ အပေါ်တွင် မရှိသည်ကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ အဘယ်ကြောင့် ဤဦးနှောက်ပျက်နေတဲ့အကောင်က ရန်ရှာခဲ့ရသနည်း။

“ယိုဟန်က သူ့ကို နှစ်သက်နေတာလေ၊ အဲ့ဒါကြောင့် ယိုဟန်ကို ပြန်ပြီး မနှစ်သက်ပဲနေမှာ မဟုတ်ဘူး”

လင်းဟွေ့သည် လင်းထျန်းတောက်အား အံ့ဩစွာကြည့်၍ ပြောလိုက်၏။ သူ၏အကြည့်သည် ‘အိမ်တော်ခေါင်းဆောင်က ဒီကိစ္စတောင်သတိမထားမိဘူးလား’ ဆိုသည့် အဓိပ္ပါယ်ပေါ်လွင်နေသည်။ လင်းဟွေ့သည် ရိုးရိုးရှင်းရှင်းပင် တွေးခဲ့သည်။ သူ၏ ညီမဖြစ်သူသည် ထိုအကောင်အား နှစ်သက်နေသည်ကို သိလိုက်၏။ ထိုအကောင်ကလည်း သူ့ညီမအား နှစ်သက်နေသည်မှာ ကျိန်းသေဖြစ်မည်ဟုပင်။ ထို့ကြောင့် သူသည် အစေခံဖြစ်သူနှင့် သဘောမတူနိုင်ချေ။

လင်းထျန်းတောက် “...”

လင်းယိုဟန်သည် အလွန်ပင် ရှက်ရွံ့နေရသည်။ သူမ၏ မျက်နှာအမူအရာသည် သူခိုးလူမိသွားသည့်အလားပင်။

“မင်းတို့ သုံးယောက် ထွက်သွားကြတော့”

လင်းထျန်းတောက်သည် လင်းဟွေနှင့် အကြီးအကဲနှစ်ဦးကို ထွက်သွားစေလိုက်သည်။ ထို့နောက် ရှက်ရွံ့မှုများပြည့်နှက်နေသည့် လင်းယိုဟန်ကို ကြည့်လိုက်၏။

“ကျွန်မ..”

“ထားတော့၊ သမီးလဲ အရွှယ်ရောက်လာပြီပဲ၊ ပြီးတော့ ဒီကောင်လေးရဲ့ အရည်အချင်းကလဲ မဆိုးပါဘူး၊ ဒါပေမဲ့ သေချာအချိန်ယူပြီးစဉ်းစား၊ အလောတကြီးမဖြစ်စေနဲ့”

လင်းထျန်းတောက်သည် သက်ပြင်းချကာပြောလိုက်၏။ လျှိုမင်ယွမ်သာ အစေခံအဖြစ်သာ ရှိနေဦးမည်ဆိုပါက သူသည် ထိပ်ဆုံးက ကန့်ကွက်မည်ဖြစ်သည်။ သို့သော် လျှိုမင်ယွမ်သည် လက်ရှိလူငယ်များအတွင်းတွင် ထိပ်ဆုံးကရပ်တည်နေသူမဟုတ်သော်လည်း အထင်သေးလို့ရသည့် အနေအထားမဟုတ်ပေ။ ထို့နောက်ဆက်ပြောလိုက်၏။

“နောက်ရက်ကျရင်၊ သူတို့ရဲ့ အိမ်တော်ကို သွားပြီး သူ့ဆရာနဲ့တွေ့ကြတာပေါ့”

“အဖေ ဘာတွေလျှောက်ပြောနေတာလဲ၊ သူတို့ဆရာနဲ့ တွေ့ရတဲ့အထိ အနေထားမဟုတ်သေးဘူးလေ”

လင်းယိုဟန်သည် အလွန်ပင် လန့်ဖြန့်သွား၏။ သူမနှင့် လျှိုမင်ယွမ်သည် တစ်ခုခုပတ်သတ်သည့်အခြေအနေမျိုးပင် မရောက်ရှိသေးချေ။ ထို့အပြင် လျှိုမင်ယွမ်သည် ထိုအကြောင်းသိရဲ့လား ဆိုသည်ကိုပင် မသေချာချေ။

“လျှောက်တွေးမနေနဲ့၊ သူ့ဆရာနဲ့ ရင်းနှီးမှု ယူတဲ့ သဘောပဲ၊ ပြီးတော့ သူရဲ့ဆရာက ဘယ်လိုလူမျိုးလဲဆိုတာ လေ့လာလို့ရတာပေါ့”

ထိုသို့ပြောပြီးနောက် လင်းထျန်းတောက်သည် ခန်းမအတွင်းမှ ထွက်ခွာသွား၏။ လင်းယိုဟန်သည် အတွေးနက်သွား၏။ သူမအဖေပြောသည်မှာ တစ်ခုခုလွဲနေသလို ခံစားမိသော်လည်း ဘယ်နေရာကလွဲနေမှန်း စဉ်းစားမရချေ။

နောက်တစ်ရက်တွင်တော့ လုရှင်းယန်တို့ သုံးဦးသည် တက်တက်ကြွကြွနှင့် ဆေးဖော်စပ်နေကြ၏။

ပိုင်ကျန့်ယွီသည် ဆေးပင်များကို လှလှပပ ခုတ်ထစ်နေ၏။ လုရှင်းယန်သည်တော့ ငရဲကိုးဘုံမီးတောက် နှင့်ဆေးအိုးကို အပူပေးနေပြီး လျှိုမင်ယွမ်သည် စိတ်စွမ်းအင်များ အသုံးပြုကာ ထိမ်းသိမ်းပေးနေသည်။ ယွဲ့ဝူယောင်နှင့် မော့ရွှယ်အာသည်တော့ သူတို့ ဆေးဖော်စပ်နေပုံကို စိတ်ဝင်တစားကြည့်ရှုနေကြသည်။

“တပည့်တွေတောင် အလုပ်တွေရှိနေပြီ၊ ငါလဲ အလုပ် တစ်ခုခုလုပ်ရင်ကောင်းမလား”

ဟွမ်းသည် လုရှင်းယန်တို့ ဆေးဖော်စပ်နေသည်ကိုကြည့်ကာ တီးတိုးရေရွတ်လိုက်၏။ ဘေးနားတွင် အဆောင်များ ရေးဆွဲနေသည့် ချုးယွီဟွာသည် ထိုတီးတိုးသံ ကြားပြီး မျက်လုံးပြူးသွားခဲ့သည်။

“စီနီယာအစ်ကို ကျွန်မ အဆောင်ရေးဆွဲနည်းသင်ပေးရမလား”

ဟွမ်း “...”

“ကျုပ်တို့ ဒီမြို့ထဲက ဈေးကို လမ်းလျှောက်သွားကြမလား”

ဟွမ်းသည် ချုးယွီဟွာကို ကြည့်ကာမေးလိုက်၏။

“ရှင်..ဟုတ် သွား..သွားကြမယ်”

ချုးယွီဟွာသည် စကားအနည်းငယ်ထစ်အသွားကာ မျက်နှာလေးသည် မဆိုသလောက်နီရဲသွားသည်။ သူမ၏ စိတ်ထဲ ဘာတွေတွေးနေမှန်းတော့ သူမသာလျှင်သိပေလိမ့်မည်။

ထို့နောက် သူတို့နှစ်ဦးသည် ဗဟိုမြို့တော်၏ အရောင်းဆိုင်များရှိရာ ကုန်သွယ်ရေးနေရာသို့ရောက်ရှိလာခဲ့ကြသည်။ လမ်းတစ်လျှောက်လုံးတွင် ‘ဆံပင်ခရမ်းရောင်နှင့်မိန်းကလေးတစ်ဦးက မြို့အုပ်ချုပ်သူယဲ့ကို ရိုက်နှက်ခြင်း’ ဟူသည်ခေါင်းစဉ်နှင့် ဆွေးနွေးသံများကြားနေခဲ့ရ၏။

“စီနီယာအစ်ကို ဒီတစ်မြို့တော်တစ်ခုလုံး ဝူယောင်စွမ်းအားအကြောင်းက ပျံ့နှံ့နေပြီ”

ချုးယွီဟွာသည် ထိုအချင်းရာကို သဘောကျနေသည့်မျက်နှာနှင့် ဟွမ်းအား တီးတိုးပြောလိုက်၏။

“ဒါက ကောင်းကင်ကို မမြင်ဖူးတဲ့ သူတွေ အတွက် ထူးဆန်းတာ ပုံမှန်ပါပဲ၊ ဒါပေမဲ့ သူတို့ လေးယောက်လုံးက အစစ်မှန်ကောင်းကင်ပေါ်မှာ သာမန်လောက်ပဲရှိသေးတယ်”

ဟွမ်းသည် ချုးယွီဟွာကို ရှင်းပြလိုက်သည်။

‘နတ်ဘုရားကုန်းမြေမှာ ဒီကလေးတွေက သာမန်ပဲ ရှိသေးတာလား’

ထိုအချိန်မှ ချုးယွီဟွာသည် ဟွမ်း၏ မောက်မာမှု အပေါ် အနည်းငယ်နားလည်လာသလိုခံစားမိသွားသည်။ ထို့နောက်သူမသည် ပစ္စည်းများခင်းကျင်းရောင်းချထားသည့် ဆိုင်တွင် ပစ္စည်းတစ်ခုကို စိတ်ဝင်စားသွားပြီး ကောက်ကိုင်ကာဈေးမေးလိုက်၏။

“ဆိုင်ရှင် ဒါဘယ်လောက်လဲ”

“မိန်းမလှလေး မင်းအမြင် မဆိုးဘူး၊ ဒီစုတ်တံက သူတော်စင်အဆင့်ကြံ့တစ်ကောင်ရဲ့ အစွယ်နဲ့ လုပ်ထားတာ၊ ပြီးတော့ စုတ်တံရဲ့ထိပ်ပိုင်းက သူတော်စင်အဆင့် ဝံပုလွေရဲ့ နူးညံ့ပြီး ပျော့ပျောင်းတဲ့ အမွေးတွေနဲ့ ပြုလုပ်ထားတာပဲ၊ အဆင့်မြင့်သလင်းကျောက် တစ်သိန်းပဲ ကျပါတယ်”

ဆိုင်ရှင်သည် ချုးယွီဟွာ ကိုင်ထားသည့် စုတ်တံအကြောင်းကို အားတက်သရောရှင်းပြကာဈေးနှုန်းပြောလိုက်၏။ ချုးယွီဟွာသည် ထိုဈေးနှုန်းကို ကြားကာ စွံ့အသွားသည်။

“အဲ့ဒီလောက်တောင်ဈေးကြီးတာလား”

“အမှိုက်ပဲ..”

ဟွမ်းသည် ချုးယွီဟွာ ကိုင်ထားသည့် စုတ်တံကိုကြည့်ကာပြောလိုက်၏။

“လူငယ်လေး စကားပြောဆင်ခြင်လိုက်၊ ဒီလိုစုတ်တံမျိုး နောက်ထပ်လိုချင်ရင်တောင်ရှာမရဘူး”

ဆိုင်ရှင်၏ အမူယာသည် တင်းမာသွား၏။

“ဒီလိုအမှိုက်ကို ဘယ်သူက လိုချင်မှာလဲ၊ ယွီဟွာသွားမယ်”

ဟွမ်းသည် ဂရုမစိုက်ချေ။

“စီနီယာ အစ်ကို၊ ကျွန်မ သင်္ကေတ ရေးဆွဲတဲ့အခါ စုတ်တံလိုတယ်”

ချုးယွီဟွာသည် စိုးရိမ်တကြီး ပြောလိုက်၏။ သူမသည် ဝိညာဉ်စုတ်တံကောင်းကောင်းမရှိသောကြောင့် သင်္ကေတနည်းစနစ်များကို ကောင်းကောင်းမလေ့လာနိုင်သေးချေ။ သင်္ကေတရေးဆွဲရာတွင် အဆောင်ရေးဆွဲသည့် စုတ်တံများနှင့်လည်းရေးဆွဲ၍ မရချေ။ ထို့ကြောင့် စုတ်တံ တစ်ခုလိုအပ်နေပြီဖြစ်သည်။

“အဲ့ဒီကိစ္စအတွက်နဲ့ ဒီလို အမှိုက်တွေကို မသုံးနဲ့”

ဟွမ်းသည် ချုးယွီဟွာကို ပြောလိုက်ပြီးနောက် ဆိုင်ရှင်ကို မေးမြန်းလိုက်၏။

“အဘိုးကြီး ဒီမြို့မှာ လက်နက်သွန်းလုပ်နိုင်တဲ့သူရှိလား”

“ကောင်လေး လေသံကိုပြင်လိုက်”

ဆိုင်ရှင်သည် ဆွေ့ဆွေ့ခုန်သွား၏။

‘ဒီကောင် လူကြီးကို ယဉ်ကျေးမှုမရှိဘူးလား’

“ဆိုင်ရှင် လက်နက်သွန်းလုပ်နိုင်တဲ့ သူရှိရင် ကျွန်မတို့ကို နေရာညွှန်ပြပေးပါ”

ချုးယွီဟွာသည် ချိုသာစွာ ထပ်မံမေးမြန်းလိုက်ရ၏။

“အဆင့်မြင့်အလွှာမှာ လက်နက်သွန်းလုပ်နိုင်သူတစ်ဦးရှိတယ်၊ ဒါပေမဲ့ မင်းတို့က အဆင့်မြင့်အလွှာကို ဝင်ရောက်ခွင့်မရှိဘူး”

“ဘာဖြစ်လို့လဲ”

ချုးယွီဟွာသည် စိတ်ပျက်သွားသည့် လေသံနှင့်မေးလိုက်၏။

“အဆင့်မြင့်အလွှာ ကို ဗဟိုကုန်းမြေရဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေနဲ့ အဆင့်မြင့် ဧည့်သည်တွေပဲ ဝင်ရောက်ခွင့်ရှိတာ၊ ပြီးတော့ ကျုးကော်လီက ဗဟိုနယ်မြေရဲ့ တစ်ဦးတည်းသော လက်မှုပညာရှင်ပဲ၊ ဒါကြောင့် မင်းတို့လို့ သာမန်ကျင့်ကြံသူတွေ တွေ့နိုင်တဲ့ စွမ်းရည်မရှိဘူး”

ဆိုင်ရှင်သည် ချုးယွီဟွာ၏ လေသံသည် ညင်သာသည့်အတွက်သာ ရှင်းပြပေးလိုက်၏။ မောက်မာဟန်ရှိသည့် ထိုလူငယ်ကိုတော့ကြည့်မရပေ။ ဟွမ်းသည် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုအချိန်တွင် ချုးယွီဟွာ၏ အဆောင်တစ်ခုသည် တုန်ခါမှုထွက်ပေါ်လာသည်။

All Chapters