အဆင့်မြင့်အလွှာ
Vol. 7 Ch. 95
“စီနီယာအစ်ကို နတ်အင်ပါယာထိုက်က ကျွန်မတို့ အိမ်တော်ကို ရောက်နေတယ်တဲ့”
ချုးယွီဟွာသည် ထိုအဆောင်ကို ထုတ်ယူကြည့်ပြီး ပြောလိုက်၏။ ထိုအဆောင်သည် သူမကိုယ်တိုင်ပြုလုပ်ထားသည့် အသံလွှင့် အဆောင်တစ်ခုဖြစ်သည်။
“သူ့ကို ဒီနေရာ လာခိုင်းလိုက်”
ဟွမ်းသည် အဆင့်မြင့်အလွှာကို သွားရန်စိတ်ဝင်စားနေ၏။ ထိုက်ဟုန်ကျွင်းသည် နတ်အင်ပါယာဖြစ်သောကြောင့် အဆင့်မြင့်အလွှာကို ဝင်ရောက်နိုင်မည်ဖြစ်သည်။ ခဏအကြာတွင် ထိုဟုန်ကျွင်းရောက်ရှိလာခဲ့သည်။
“စီနီယာ..”
“ငါ အဆင့်မြင့်အလွှာက လက်မှုပညာရှင်ဆီသွားချင်တယ်”
ဟွမ်းသည် ထိုက်ဟုန်ကျွင်းကို လိုရင်းသာပြောလိုက်၏။ ထိုက်ဟုန်ကျွင်းသည် ဘာမှ ဆက်မပေးပေ။ ချက်ချင်းခေါ်သွားလိုက်၏။
အဆင့်မြင့်အလွှာသည် တစ်ခြား အလွှာများနှင့် မတူညီပေ။ အခြားအလွှာ နှစ်ခုတွင် စိတ်ကြိုက်တင်ထွက်ခွင့်ရှိပြီး အခြေတည်ဝိညာဉ်အဆင့်အစောင့်များသာရှိသည်။ အဆင့်မြင့်အလွာတွင်တော့ သူတော်စင်အထွတ်ထိပ် နှစ်ဦးရှိသည့်အပြင် ထိုအလွှာသို့ဝင်ရောက်ရန် ဝင်ပေါက်တစ်ခုသာရှိ၏။
“နတ်အင်ပါယာထိုက်..”
ထိုက်ဟုန်ကျွင်း ဝင်လာသည်ကိုမြင်ပြီးနောက် ထိုအစောင့်နှစ်ဦးသည် အရိုသေပြုလိုက်၏။
“ပညာရှင်လီရဲ့ ခန်းမကို ညွှန်ပြပေးပါ၊ အရေးကြီးဧည့်သည်ပါလာလို့”
ထိုက်ဟုန်ကျွင်းသည် တည်ငြိမ်စွာပြောလိုက်၏။ ထို့နောက် ထိုအစောင့်နှစ်ဦးသည် ဟွမ်းနှင့်ချုးယွီဟွာကို ထိုက်ဟုန်ကျွင်းနှင့်အတူပါလာသောကြောင့် မစစ်ဆေးတော့ပေ။ ထိုနောက် အစောင့်တစ်ဦးသည် ကျုးကော်လီ၏ခန်းမရှိရာနေရာကို ညွှန်ပြပို့ဆောင်ပေးလိုက်သည်။ ထိုက်ဟုန်ကျွင်းသည် နတ်အင်ပါယာ တစ်ပါးဖြစ်သည်မို့ သူတို့သည် အကြောင်းစုံမမေးမြန်းတော့ချေ။
“နတ်အင်ပါယာထိုက် ဒါက ပညာရှင်လီ ရဲ့ခန်းမပါ၊ ကျုပ်ကို ခွင့်ပြုပါဦး”
“နတ်အင်ပါယာထိုက် ဘာကိစ္စရှိလို့ပါလဲ”
အသက်သုံးဆယ်ခန့်ရှိသည့် လူငယ်လေးတစ်ဦးသည် ရောက်ရှိလာပြီး ရိုသေစွာ မေးလိုက်၏။ ထိုလူငယ်သည် ကျုးကောလီ၏သား ကျုးကောရှန်ဖြစ်သည်။
“ကျုပ်စီနီယာက၊ ပညာရှင်လီနဲ့ တွေ့ချင်လို့”
ထိုက်ဟုန်ကျွင်းသည် ဟွမ်းကို ညွှန်ပြကာပြောလိုက်၏။ ထိုက်ဟုန်ကျွင်းကဲ့သို့နတ်အင်ပါယာတစ်ဦးသည် ထိုလူငယ်ကို စီနီယာ ဟုခေါ်ဝေါ်သောကြောင့် ကျုးကောရှန်သည် အံ့ဩသွား၏။ သူသည် လူငယ်ကို ကြည့်လိုက်သော်လည်း အလွန်ချောမောနေသည်မှလွဲ၍ တစ်ခြားထူးခြားချက်ကို မတွေ့ပေ။ သို့သော်လည်း ထိုက်ဟုန်ကျွင်းကိုယ်တိုင် ရိုသေမှုပြုနေသောကြောင့် သူလည်း လေးစားမှုပြပေးရမည်ဖြစ်သည်။
“အဖေက လက်နက်တစ်ခု ပုံဖော်နေသေးလို့ ခနလောက်စောင့်နိုင်မလား”
ထိုက်ဟုန်ကျွင်းသည် ဟွမ်းကိုကြည့်လိုက်၏။ ဟွမ်းသည် ခေါင်းညိတ်ပြလိုက်သည်။ ထို့ကြောင့် ကျုးကောရှန်သည် သူတို့သုံးဦးအား သက်တောင့်သက်သာ ထိုင်စေခဲ့သည်။
“စီနီယာ ဘာလက်နက်လုပ်ချင်လို့လဲ”
ထိုက်ဟုန်ကျွင်းသည် ဟွမ်း၏ ခွန်အားကို သေချာနားမလည်သော်လည်း လက်နက် လိုသည်ဟုမထင်ခဲ့ချေ။ ထို့ကြောင့် မေးမြန်းလိုက်သည်။
“ယွီဟွာ အတွက် လက်နက်တစ်ခုနဲ့ တပည့်တွေအတွက် ပစ္စည်းတစ်ချို့ လုပ်ပေးမလို့”
ဟွမ်းသည် တည်ငြိမ်စွာ ဖြေလိုက်၏။ ထိုအချိန်တွင် အနည်းငယ်အိုမင်းနေသည့်အသံကို ကြားလိုက်ရသည်။
“နတ်အင်ပါယာထိုက် ကျုပ်ဆီလာလည်တာဆိုတော့ ဘာလိုအပ်လို့ပါပဲ”
မုတ်ဆိတ်ရှည်များ ဖြူစွတ်နေသည့် ကျုးကောလီသည် သူ၏ အခန်းအတွင်းမှ ထွက်လာကာ မေးလိုက်၏။ ကျုးကောလီသည် လက်နက်များသွန်းလုပ်သည့်အပေါ်တွင်သာ ရူးသွပ်စွာ အာရုံစိုက်ထားသောကြောင့် သူသည် နတ်ဘုရားတစ်ပိုင်း အဆင့်တွင်သာရှိနေ၏။
“ကျုပ်ရဲ့ စီနီယာက ပညာရှင်လီ လက်နက်အချို့ သွန်းလုပ်ပေးဖို့ အကူအညီ တောင်းမလို့ပါ”
ထိုက်ဟုန်ကျွင်းသည် ဟွမ်းကို ညွှန်ပြကာပြောလိုက်၏။ ကျုးကောလီသည် ဟွမ်းကို ကြည့်လိုက်ပြီးနောက် သူ၏သားဖြစ်သူနဲ့ အမူယာအတူတူပင် ဖြစ်သွားခဲ့၏။ ထို့နောက် သူ၏ အမူအယာကို ထိန်းကာမေးလိုက်၏။
“လူငယ်လေး ဘာလိုချင်လို့လဲ”
“ခင်ဗျား လက်မှုပညာက ဘယ်အဆင့်လဲ”
ဟွမ်းသည် သူသိချင်သည့်အရာကိုသာ အရင်မေးလိုက်၏။ လက်နှက်များပြုလုပ်သည့် ပညာတွင် အဆင့်များ ခွဲထားသည်။ မြေအဆင့်၊ ကောင်းကင်အဆင့်၊ နတ်ဘုရားအဆင့်နှင့် ဒဏ္ဍာရီအဆင့်တို့ပင်။
ပိုင်ကျန့်ယွီ၏ ဓားသည် မပျက်စီးခင်က ဒဏ္ဍာရီအဆင့်ဓားတစ်လက်ဖြစ်ခဲ့၏။ သို့သော် ယခုတွင်တော့ဓားဝိညာဉ်ရှောင်ယွင် မနိုးထမသေးမချင်း ကောင်းကင်အဆင့်ဓားတစ်လက်သာ ဖြစ်နေဦးမည်။ လုရှင်းယန်၏ လှံသည်တော့ နတ်ဘုရားအဆင့် ရောက်လုနီးပါးရှိနေသည့် လှံတစ်ချောင်းဖြစ်သည်။ သို့သော် ထိုလှံသည်လည်း ကောင်းကင်အဆင့်စွမ်းအားသာ ထုတ်လွှတ်နိုင်သေး၏။
“ကျုပ်ဂုဏ်ကျုပ်ဖော်တာ မဟုတ်ပေမဲ့ ဒီဓားက ကျုပ်လုပ်ဖူးခဲ့ သမျှထဲမှာ အကောင်းဆုံးအဆင့်ဖြစ်တဲ့ နတ်ဘုရားအဆင့် ရောက်လုနီးနီးဖြစ်နေတဲ့လက်နက်ပဲ”
ကျုးကောလီသည် အသွားထက်သည် ဓားတစ်ချောင်းကို ထုတ်ယူကာ ပြသလိုက်၏။ ထို့နောက် ထိုဓား၏ အဆင့်အတန်းသည် ရှင်းဝမ်ကျဲ ကိုင်ဆောင်ထားသည့် ဓားထက်ပင် မြင့်နေသည်။
“အမှိုက်ပဲ..”
ထိုက်ဟုန်ကျွင်း “...”
‘စီနီယာရဲ့ ပါးစပ်ကို နည်းနည်းလောက်ထိန်းထားလို့မရဘူးလား၊ ဒီလက်နက်က စီနီယာမျက်လုံးထဲမဝင်ဘူးဆိုရင်တောင် ဟန်ဆောင်ပန်ဆောင်ပဲဖြစ်ဖြစ် ချီးကျုးပေးလိုက်ပေါ့’
ကျုးကောလီသည် အလွန်ပင် စွံ့အသွား၏။ သူသည် ဤထျန်းယွမ်ကုန်းမြေရှိ နတ်အင်ပါယာများပင် သူပြုလုပ်ပေးသည့် လက်နက်များကို တောင့်တနေကြသည်အထိ အရေးပါသည့် ထိပ်တန်းပညာရှင်တစ်ဦးဖြစ်သည်။ သို့သော် ထိုလူငယ်သည် သူအား လုံးဝကို စော်ကားနေ၏။ ကျုးကောရှန်လည်း သူ၏ ဖခင်အား ထိုသို့ စော်ကားသူကို ယခုမှပင် တွေ့ဖူးခြင်းဖြစ်ပြီး ဒေါသထွက်လာခဲ့သည်။
“ကောင်လေး မင်းဘာပြောလိုက်တယ်”
“ဝှစ်..”
“ဒီလက်နက် လုပ်ပေးနိုင်လား”
ကျုးကောလီ ဒေါသထွက်လာသည့် အချိန်တွင် ဟွမ်းသည် သူ့ထံစာလိပ်တစ်ခုပစ်ပေးလိုက်သည်။ ကျုးကောလီသည် သူ၏ဒေါသများကို မြိုသိပ်ကာ စာလိပ်ကိုကြည့်ပြီးနောက် တစ်ကိုယ်လုံးတောင့်တင်းသွား၏။ ကျုးကောရှန်သည်လည်း သူ့အဖေ၏ ထူးဆန်းသည့် အပြုမူကို အံ့ဩသွားသည်။
“ဒါက..ဒါက..ဘယ်လိုလက်နက်မျိုးလဲ..ကျုပ်ဘဝမှာ တစ်ခါမှ မမြင်ဖူးဘူး”
“ခင်ဗျား လုပ်နိုင်လား..”
ဟွမ်းသည် ကျုးကောလီ၏ အပြုအမူများကို ဂရုမစိုက်ချေ။
“ကျုပ် လုပ်နိုင်ဖို့နေနေသာသာ ဒီထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေတောင် မကြားဖူးဘူး”
ကျုးကောလီသည် တုန်တုန်ယင်ယင်နှင့် သက်ပြင်းချကာပြောလိုက်၏။ သူဘဝတစ်လျှောက်လုံး အသုံးအဆောင်များ၊ လက်နက်မှား ဖန်တီးခြင်းအပေါ် မြုပ်နှံခဲ့သော်လည်း ယခု စုတ်တံကဲ့သို့ လက်နက်မျိုးနှင့် ထိုစုတ်တံပြုလုပ်သည့် ပစ္စည်းမျိုး ကိုပင် မကြားဖူးခဲ့ချေ။
“ပါဝင်ပစ္စည်းတွေက စိတ်ပူစရာမလိုဘူး၊ အဲ့ဒီဝိညာဉ်စုတ်တံကို ပုံဖော်နိုင်လား”
“ကျုပ် လေ့လာဖို့ အချိန်အနည်းငယ်ပေးနိုင်မလား”
“ဘယ်လောက်လဲ”
“သုံးရက်လောက်ပါ”
ဟွမ်းသည် လက်ခံလိုက်၏။
“ရှန်အာ ဒီကစီနီယာတို့ကို ဧည့်ခံထားဦး”
ကျုးကောလီသည် ကျုးကောရှန်ကို မှာကြားပြီးနောက် သူ၏ အလုပ်ခန်းအတွင်း အလျှင်မြန် ဝင်သွားခဲ့သည်။ ဤစာလိပ်သည် သူ၏ လက်နက်ဖန်တီးခြင်းကို အမြင်သစ်များပေးစွမ်းနေ၏။
ခဏအကြာတွင် ကျုးကောရှန် စေလွှတ်လိုက်သည့် အစေခံများရောက်ရှိလာပြီး အစားအသောက်နှင့် သေရည်များကို သုံးဆောင်စေရန် သယ်ဆောင်လာခဲ့သည်။
“အကြီးအကဲတို့ သုံးဆောင်ကြပါဦး”
“ကျုပ်အတွက် အကြမ်းရည်ပဲချပေးပါ”
ဟွမ်းသည် ကျုးကောရှန်ကို ပြောလိုက်၏။ ချုးယွီဟွာသည် အနည်းငယ်အံ့သွားပြီးနောက်မှတ်သားထားလိုက်သည်။ ထိုအချိန်တွင် ထိုက်ဟုန်ကျွင်းသည် ဟွမ်းယွီ အိမ်တော်သို့လာရောက်သည့်အကြောင်းရင်းကိုပြောလိုက်သည်။
“စီနီယာ လူငယ်လေးရှင်းက နတ်အင်ပါယာတွေရဲ့ အစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်၊ အဲ့ဒီအထဲမှာ စီနီယာကို တက်ရောက်ဖို့လဲ ဖိတ်ကြားလိုက်တယ်”
“စိတ်မဝင်စားဘူး”
ဟွမ်းသည် ခေါင်းယမ်းကာ ငြင်းလိုက်၏။ ထို့နောက်တွင် တစ်စုံတစ်ခု သတိရသွားသည့်အလား ဆက်မေးလိုက်၏။
“အဲ့ဒီ အစည်းအဝေးမှာ ငါပြောချင်တဲ့အရာကို ပြောလို့ရလား”
“ဟုတ်ကဲ့ စီနီယာ အကျိုးအကြောင်း သင့်လျော်ရင် လက်ခံပေးလို့ရပါတယ်”
ထိုက်ဟုန်ကျွင်းသည် ဟွမ်း၏ စကားကြောင့် ရင်ထိတ်သွားသော်လည်း ထိန်းထိန်းသိမ်းသိမ်းဖြေလိုက်သည်။ ထိုက်ဟုန်ကျွင်းသည်။ ဟွမ်း၏ ‘ငါပြောချင်တဲ့အရာ’ အပေါ်တွင် အနည်းငယ် စိုးထိတ်သွား၏။
“ကောင်းပြီ၊ ဘယ်တော့လဲ”
“နောက်ထပ်ဆယ်ရက်လိုပါသေးတယ်”
ထို့နောက် စကားဝိုင်းသည် တိတ်ဆိတ်သွား၏။ သုံးရက်ခန့်ကြာပြီးနောက်တွင် ကျုးကောလီသည် သူ၏ အခန်းအတွင်းမှ ထွက်လာခဲ့သည်။
“ဒီက ရောင်းရင်း ကျုပ်မလုပ်နိုင်ဘူး၊ ဒါပေမဲ့ နှစ်အနည်းငယ် အချိန်ပေးလို့ရမလား၊ ကျုပ်ရဲ့ စွမ်းရည်က ဒီစုတ်တံကို ပြုလုပ်ဖို့ မလုံလောက်သေးဘူး”
ကျုးကောလီသည် ထိုစာလိပ်ကို အသည်းအသန် လေ့လာပြီးနောက်တွင် လက်ရှိအနေအထားနှင့် မည်သို့မှ မပြုလုပ်နိုင်ဟု တွေးမိခဲ့သည်။
“ပြသနာမရှိဘူး၊ ဝိညာဉ်စုတ်တံအတွက် ပြုလုပ်ပုံအဆင့်ဆင့်ကို နားလည်ပြီလား”
ဟွမ်းသည် အေးအေးဆေးဆေးပင် မေးမြန်းလိုက်၏။
“ဟုတ်တယ်၊ ဒီသုံးရက်အတွင်း ဒီစုတ်တံရဲ့ ပြုလုပ်ပုံနဲ့ လည်ပတ်ပုံကို နားလည်ခဲ့တယ်၊ အဲ့ဒါကြောင့်ပဲ ကျုပ်စွမ်းအားက မလုံလောက်ဘူးဆိုတာကို သိခဲ့ရတယ်”
ကျုးကောလီသည် သက်ပျင်းချကာ ပြောလိုက်၏။ သူမသိရသည့် အဆင့်တစ်ခုတွင်ရှိနေသည့် ထိုလက်နက်သည် သူ့အား ဉာဏ်အလင်းရစေခဲ့သည်။ သို့သော် သူသည် ပြုလုပ်နိုင်ခြင်း မရှိသေးချေ။
“ခင်ဗျားမှာလုံလောက်တဲ့ စွမ်းအားရှိရင် အောင်မြင်အောင်လုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား”
“သေချာတာပေါ့၊ ပြုလုပ်နည်းအဆင့်တွေကို အောင်မြင်အောင် လုပ်နိုင်မဲ့ ယုံကြည်ချက်ရှိတယ်၊ ဒါပေမဲ့ ကျုပ်မှာ အဲ့ဒီအဆင့်တွေကို ချိတ်ဆက်ဖို့အတွက် များပြားလှတဲ့စွမ်းအင်လိုတယ်”
“ကောင်းပြီ၊ အခုစကြတာပေါ့၊ အဲ့ဒီစွမ်းအားတွေကို ကျုပ်ထောက်ပံ့ပေးမယ်၊ ခင်ဗျားက ဝိညာဉ်စုတ်တံကို ပြုလုပ်ယုံပဲ”
“ဘယ်လို...”
ကျုးကောလီသည် အံ့ဩသွားခဲ့သည်။