← Chapters

နေရာလွတ်နယ်မြေ

Vol. 7 Ch. 99

နေရာလွတ်နယ်မြေ

Vol. 7 Ch. 99

“နတ်အင်ပါယာဟေးချုံး ရှင်အထင်မှားနေပြီ၊ ကျွန်မက ထျန်းယွမ်ကုန်းမြေကို အုပ်စိုးလိုစိတ်မရှိဘူး၊ မိစ္ဆာမျိုးနွယ်က ထျန်းယွမ်ကုန်းမြေမှာ တိတ်တဆိတ်နေချင်ယုံပဲ”

ချီမင်ယောင်သည် ရှင်းပြလိုက်သည်။ ဟေးချုံး၏ စွပ်စွဲချက်ကို သူမဒေါသမထွက် ဟုပြောလျှင် လိမ်ရာကျပေမည်။ သို့သော် သူမသည် စိတ်ထိန်းကာ ဖြေရှင်းလိုက်သည်။

“ဟမ့် ငါယုံမယ်များထင်နေလား”

နတ်အင်ပါယာဟေးချုံးသည် ချီမင်ယောင်အား လုံးဝမျက်နှာသာမပေးချေ။

အတိတ်တွင် ထျန်းယွမ်ကုန်းမြေတွင် မိစ္ဆာမျိုးနွယ်သည် ကျုးကျော်သူများဖြစ်ခဲ့ကြသည်။ ထိုဖြစ်စဉ်သည် ချီမင်ယောင်၏ အရင်မျိုးဆက်များကြောင့် ဖြစ်ခဲ့ရသည်။ သို့သော် သူမသည်လည်း မိစ္ဆာမျိုးဆက်ဖြစ်သောကြောင့် ဟေးချုံးသည် ကောင်းမွန်သည့် အမြင်မရှိပေ။

ဟေးချုံးသည် အရင်မျိုးဆက်နှင့် မှီခဲ့သူတစ်ဦးဖြစ်ပြီး ထိုစစ်ပွဲတွင်လည်း ပါဝင်ခဲ့သောကြောင့် မိစ္ဆာမျိုးနွယ်အပေါ်တွင် မုန်းတီးမှုသည် မပြေလည်သေးချေ။ ထို့ကြောင့် ချီမင်ယောင်ကိုလည်း စစ်ပွဲများ စတင်လာမည်ဟုယုံကြည်နေသည်။

“ကျုပ်မျက်နှာကို ထောက်ပြီး၊ မိစ္ဆာအင်ပါယာကို အခက်တွေ့အောင် မလုပ်ပါနဲ့တော့”

ရှင်းဝေ့ကျန်းသည် ဟေးချုံးကို တောင်းဆိုလိုက်၏။ ထို့ကြောင့် ဟေးချုံးသည် ထပ်မံပြသနာမရှာတော့ပဲ သူ၏ ခုံသို့သွားရောက်ထိုင်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်သွားပြီးနောက်တွင် ရှင်းဝေ့ကျန်းကို မေးလိုက်၏။

“နတ်အင်ပါယာရှင်း၊ ကျုပ်တို့ဆွေးနွေးပွဲက ကလေးတွေက အစ တက်ရောက်လို့ရနေတာလား..”

ထိုက်ဟုန်ကျွင်း “???”

“နတ်အင်ပါယာဟေးချုံး ဘာကို ပြောချင်တာလဲ”

ရှင်းဝေ့ကျန်းသည် အံ့ဩသွား၏။ ထို့နောက်မှ ဟေးချုံး၏ ဆိုလိုရင်းကို နားလည်သွားပြီး ဟေးချုံးကိုရှင်းပြလိုက်သည်။

“နတ်အင်ပါယာဟေးချုံး၊ ရောင်းရင်းဟွမ်းက နတ်အင်ပါယာတစ်ပါးပဲ”

ဟေးချုံးသည် မျက်မှောင်ကြုတ်သွားသော်လည်း ဆက်မမေးတော့ချေ။ ထိုလူငယ်၏ စွမ်းအားကို မတွေ့ရသော်လည်း သူ၏နောက်ရှိ မိန်းကလေးသည် သူတော်စင်အဆင့်တွင်သာရှိနေ၏။ ထိုအရာက ဟေးချုံးအား ဘဝင်မကျဖြစ်စေသွားသည်။ ထို့နောက်တွင် သူသည် နတ်အင်ပါယာ ရှင်းဝေ့ကျန်းကို မျက်နှာသာပေးကာ တိတ်တဆိတ်နေလိုက်၏။ မယုံသင်္ကာဖြစ်စွာ ထပ်မံမေးမြန်းခြင်း ပြုပါက ရှင်းဝေ့ကျန်းကို မျက်နှာသာမပေးရာရောက်သွားမည်ဖြစ်သည်။

“ကောင်းပြီ ကျုပ်ဆွေးနွေးချင်တာက ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး ဘယ်လို ဆုံးဖြတ်ကျမလဲဆိုတာကိုပါ၊ ခင်ဗျားတို့ရဲ့ အမြင်တွေရှိရင်ထုတ်ပြောလို့ရပါတယ်”

ရှင်းဝေ့ကျန်းသည် စတင်ပြောဆိုလိုက်၏။

“နတ်အင်ပါယာရှင်း ကျွန်မတို့က ရှင့်ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲသွားမှာပါ၊ ဒါကြောင့် ကျွန်မ တိတ်တဆိတ်ပဲ နားထောင်နေမယ်”

ချီမင်ယောင်သည် ဦးစွာ ဆိုလိုက်၏။ ထို့အတူပင် ထိုက်ဟုန်ကျွင်းသည်လည်း ရှင်းဝေ့ကျန်း၏ သဘောအတိုင်း လုပ်ဆောင်ရန်ပြောလိုက်သည်။ ရှင်းဝေ့ကျန်းသည် ထျန်းယွမ်ကုန်းမြေတွက် သမာသမတ်ကျပြီး စွမ်းအားကြီးသူတစီးဖြစ်၏။ ထို့ကြောင့် ထိုက်ဟုန်ကျွင်းနှင့် ချီမင်ယောင်တို့သည် ရှင်းဝေ့ကျန်းသာ ဆုံးဖြတ်စေသည်။

“ကျုပ်မှာတော့ တစ်ခြားပြောစရာမရှိဘူး၊ ဒါပေမဲ့ မိစ္ဆာမျိုးနွယ်က လူငယ်ငါးယောက်ပဲ ပါဝင်ခွင့်ပြုလိုက်”

ဟေးချုံးသည် အတွန့်တက်လိုက်၏။ သူသည် ချီမင်ယောင်ကိုသာ ထိုးနှက်မှုပြုလုပ်နေသည်။

“နတ်အင်ပါယာဟေးချုံး အဲ့ဒီလောက်ထိ ကလေးမဆန်ပါနဲ့၊ အကုန်လုံးညီတူမျှတူပါဝင်သင့်ပါတယ်”

ရှင်းဝေ့ကျန်းသည် ထို့သို့ပြောပြီးနောက် ဟွမ်း၏ အကြံပြုချက်ကို တောင်းခံလိုက်၏။

“ရောင်းရင်းဟွမ်းရော”

“သူမကို တိုက်ရိုက်တစ်နေရာစာဝင်ရောက်ခွင့်ပေးလိုက်”

ဟွမ်းသည် သူ၏နောက်ရှိ ချုးယွီဟွာကိုညွှန်ပြကာ ပြောလိုက်သည်။

“ဒါက.. ရောင်းရင်း ဒီမိန်းကလေးကို ပြိုင်ပွဲထဲ ပါဝင်ခိုင်းမယ်ဆိုရင် အဆင်ပြေပါတယ်၊ နတ်ဘုရားတစ်ပိုင်းအဆင့်လူငယ်တွေကို တိုက်ဝင်ခွင့်ပေးထားပါတယ်၊ ဒါပေမဲ့ သူမရဲ့ အဆင့်နဲ့ ဝင်ခွင့်ကို တိုက်ရိုက်ပေးလိုက်ဖို့က တစ်ခြား နတ်အင်ပါယာတွေအပြင် လူငယ်တွေလည်း သဘောမတူမှာစိုးမိတယ်”

ရှင်းဝေ့ကျန်းသည် လုပ်ထုံးလုပ်နည်းအတိုင်းပင် သွားစေချင်သည်။ ချုးယွီဟွာသည် အသက်သုံးဆယ်ခန့်သာရှိသေး၏။ ထို့ကြောင့် သူမသည်လည်း လူငယ်တစ်ဦးဖြစ်ပေသည်။ ထို့ကြောင့် ပြိုင်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်စေရန် မခက်ခဲပေ။ သို့သော် တိုက်ရိုက်ဝင်ခွင့်ပေးရန်မှာ သူမသည် နတ်ဘုရားတစ်ပိုင်းအဆင့်ဖြစ်နေလျှင် စဉ်းစားပေးနိုင်၏။ သို့သော် သူတော်စင်အဆင့်နှင့် ထိုသို့ပြုလုပ်ပေးလိုက်လျှင် သူ၏ နာမည်ပျက်သွားနိုင်ပေသည်။

“ဒီကိစ္စအတွက် ကျုပ်က တန်..”

“ကောင်လေး မင်းကိုယ်မင်း ဘာကောင်မှတ်နေတာလဲ၊ ဒီဆွေးနွေးဝိုင်းမှာ ထိုင်ခွင့်ရတာကိုပဲ မင်းကံကောင်းနေပြီ၊ နတ်အင်ပါယာရှင်းက မျက်နှာသာပေးတိုင်း မင်းကိုယ်မင်း အဟုတ်မှတ်နေတာလား”

ဟွမ်းသည် အကျိုးအကြောင်းပြောမည့်အချိန်တွင် ဟေးချုံးသည် စကားဖြတ်ကာပြောလိုက်၏။ ထိုက်ဟုန်ကျွင်းသည် ချွေးစေးများပြန်လာသည်။ သူသိသလောက်ဆိုလျှင် သူ၏ဆရာတူညီမ လော့ရွှယ်နင်နှင့် ဒေါင်းမွှေးပိုင်ရှင်တို့သည် သူ့တို့နတ်အင်ပါယာများထက်ပင် သန်မာလွန်းသည်။ သို့သော် ဟွမ်းကို မြင်လိုက်တိုင်း အလွန်ပင် ကြောက်ရွံ့သွားတက်ကြ၏။ သို့သော်ဟေးချုံးသည် လူငယ်တစ်ယောက်ကို ဆူငေါက်နေသည့်အလားပြောနေသည်။ ဟေးချုံးအတွက် မည်သို့ ပြောပေးရမည်မှန်းမသိတော့ချေ။

“ကောင်းပြီ၊ သူမက ထိုက်တန်ကြောင်းသက်သေပြလိမ့်မယ်”

ဟွမ်းသည် တည်ငြိမ်စွာပြောလိုက်၏။ ချုးယွီဟွာသည် အနည်းငယ်ထိတ်လန့်သွားသည်။ သို့သော် ဟွမ်းသည် သူမအတွက် လုပ်ဆောင်ပေးနေမှန်းသိသောကြောင့် စိတ်ပျက်အောင် မလုပ်မိစေရန် ဆုံးဖြတ်လိုက်သည်။

“မင်းဆုံးဖြတ်ချင်တိုင်း ဆုံးဖြတ်လို့ရမယ်ထင်နေတာလား”

ဟေးချုံးသည် မည်သို့မျှ လက်မခံကြောင်းပြောလိုက်သည်။ သို့သော် ချက်ချင်းပင် သူ၏ မျက်နှာပျက်ယွင်းသွားသည်။ ဟေးချုံးတင်မကပေ။ ခန်းမအတွင်းရှိလူများ အမူအယာ ပျက်ယွင်းသွားကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ မြင်ကွင်းများသည် ပြောင်းလဲ သွားသောကြောင့်ဖြစ်သည်။ သူတို့အားလုံးသည် ဗဟိုခန်းမအတွင်း ထိုင်နေခဲ့ကြသော်လည်း မည်သည်လှုပ်ရှားမှုမျှ မပြုခဲ့ပဲ မရင်းနှီးသည့် နေရာတစ်ခုသို့ရောက်ရှိသွားခဲ့သည်။ အားလုံး၏ အမှုအယာတွင် မှင်သတ်အံ့ဩမှုများ၊ ထုတ်ဖော်ပင် မပြနိုင်သည့် ခံစားချက်များ ပေါ်လွင်နေသည်။

“ဒါက..”

“ရောင်းရင်းဟွမ်း ဒါက ဘယ်နေရာလဲ”

ရှင်းဝေ့ကျန်းသည် သူ၏ စိတ်ကို အတင်းထိန်းချုပ်ပြီး မေးလိုက်သည်။ သူတို့ကဲ့သို့ နတ်အင်ပါယာများပင် မည်သို့မျှ မသိလိုက်ရပဲ အခြားနေရာတစ်ခုကို ပုံစံမပျက် ပြောင်းရွှေ့ပစ်လိုက်နိုင်သည်။ ဟွမ်း၏ စွမ်းအားသည် သူခန့်မှန်းထားသည်ထက် ကျော်လွန်နေသည်ဟု ခံစားမိလိုက်သည်။

‘ဒါဘယ်လိုစွမ်းအားမျိုးလဲ’

ထိုက်ဟုန်ကျွင်းနှင့် ချီမင်ယောင်လည်း သူတို့၏စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ထားရသည်။

“မင်း ဘာလုပ်လိုက်တာလဲ”

ဟေးချုံးသည် တုန်လှုပ်စွာမေးလိုက်၏။ သူတို့အားလုံးသည် အနက်ရောင်ကောင်းကင်အောက်တွင် ရောက်ရှိနေပြီး သူတို့၏ ပတ်ပတ်လည်တွင်လည်း မည်သည့်အရာမျှ မရှိသည့်အလား ကွင်းပြင်ကြီးတစ်ခုအဖြစ်တည်ရှိနေသည်။ ဗဟိုခန်းမ အတွင်းမှ စားပွဲခုံနှင့် ထိုင်ခုံသာ ဤနေရာတွင် မပါခဲ့ပါက သူတို့သည် မြေပြင်ပေါ်တွင် ထိုင်နေရမည်ဖြစ်သည်။

“စီနီယာအစ်ကို ဒါဘယ်လိုနေရာမျိုးလဲ”

ချုးယွီဟွာ အသက်ရှုမဝသလို ခံစားနေရပြီးနောက် မေးလိုက်သည်။

“ဒါကျုပ်ရဲ့ နေရာလွတ်နယ်မြေတစ်ခုပဲ၊ ဒါပေမဲ့ ပြုပြင်ဖို့ အချိန်မရှိတာနဲ့ ဒီတိုင်းဖြစ်သွားတာလေ”

“စီနီယာအစ်ကို နေရာလွတ်နယ်မြေဆိုတာဘာလဲ”

“ထျန်းယွမ်ကုန်းမြေနဲ့ သဘောတရားချင်း ဆင်တူတယ်၊ ဒါပေမဲ့ ဒီနေရာက ဝိညာဉ်စွမ်းအင် မရှိသလောက်နည်းပါးနေသေးတယ်၊ သေသေချာချာပြုပြင်လိုက်ရင်တော့ တတိယတန်းစား ကုန်းမြေတစ်ခုဖြစ်သွားနိုင်တယ်၊ ထျန်းယွမ်ကုန်းမြေထက် အများကြီးသာလွန်တဲ့ နေရာတစ်ခုဖြစ်လာနိုင်ချေတော့ရှိတယ်”

ချုးယွီဟွာ၏ နှုတ်ခမ်းပါးလေးများ ပွင့်ဟသွားခဲ့၏။ သူမသည် ဟွမ်းအနားတွင် ရှိနေသည်မှာ ငါးနှစ်နီးပါးရှိတော့မည်သော်လည်း သူမကြုံတွေ့ရသမျှသည် တစ်ခုထက်တစ်ခုက ပို၍ဆန်းကြယ်နေသည်။

“တကယ်အံ့ဩစရာကောင်းတာပဲ၊ ကျုပ်ဘဝတစ်လျှောက်လုံးမှာ ဒီလို ဆန်းကြယ်တဲ့ အရာမျိုး ကြုံတွေ့လိမ့်မယ်လို့ မထင်ထားဘူး”

ရှင်းဝေ့ကျန်းသည် ဤနေရာတွင် ဘာမျှမရှိသော်လည်း သူတို့သည် အခြားကုန်းမြေတစ်ခုကို ရောက်ရှိနေခြင်းက အံ့ဩစရာကောင်းပေသည်။ ထို့နောက် ဆက်မေးလိုက်၏။

“ရောင်းရင်း ကျုပ်တို့ကို ဘာကြောင့် ဒီကုန်းမြေကိုခေါ်လာခဲ့တာလဲ”

“ယွီဟွာကို အဲ့ဒီ အနက်ကောင်နဲ့ တိုက်ခိုက်ခိုင်းမလို့”

ထိုစကားကို ကြားပြီးနောက် အားလုံးသည် မည်သို့ပြောရမည်မှန်းမသိတော့ချေ။ နတ်ဘုရားတစ်ပိုင်းအဆင့်တပည့်က နတ်ဘုရင်တစ်ပါးကို တိုက်ခိုက်ပြီးပြီ။ အခု သူတော်စင် အထွတ်ထိပ် မိန်းကလေးတစ်ဦးက နတ်အင်ပါယာကို တိုက်ခိုက်ဦးမည်လား။

“ငါ့နာမည်ဟေးချုံးကွ အနက်ကောင်မဟုတ်ဘူး၊ ဒီမိန်းကလေးကို ငါနဲ့တိုက်ခိုက် ခိုင်းမလို့ဟုတ်လား၊ ဘယ်လိုဟာသမျိုးလဲ”

ဟေးချုံးသည် ဒေါသတကြီးအော်ဟစ်လိုက်၏။ နတ်အင်ပါယာတစ်ပါးကို ဒီလိုနှိမ့်ချနေသည်ကို သည်းမခံနိုင်တော့ချေ။

“ခရက်..”

ဟေးချုံး၏ စကားဆုံးသည်နှင့် ဖန်ထည်တစ်ခု ကွဲကြေသွားသည့်အလား အသံတစ်ခုထွက်ပေါ်လာသည်။

All Chapters