သင်္ကေတရေးဆွဲခြင်း
Vol. 7 Ch. 100
“မဖြစ်နိုင်ဘူး... မင်း ဘာလုပ်လိုက်တာလဲ”
ဟေးချုံးသည် အလွန်ပင်တုန်လှုပ်သွား၏။ အကြောင်းမှာ သူ၏ ကျင့်ကြံမှု အဆင့်သည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ကျဆင်းသွားခြင်းကြောင့်ပင်။ ရှင်းဝေ့ကျန်းတို့သည်လည်း ထိတ်လန့်သွားကြ၏။ နတ်အင်ပါယာတစ်ပါးအား ကျင့်ကြံမှု ကျဆင်းသွားအောင် လုပ်နိုင်သည့်သူမတွေ့ဖူးခဲ့ချေ။ သို့သော် ဟွမ်းသည် မည်သို့မျှ အားမစိုက်ထုတ်လိုက်ရသည့်အလားပင်။ သူတို့၏စိတ်တွက် မယုံကြည်နိုင်မှုများနှင့်သာပြည့်နှက်နေကြသည်။
“မစိုးရိမ်နဲ့၊ ခင်ဗျားအဆင့်ကို ခေတ္တဖိနိပ်လိုက်ရုံသက်သက်ပဲ၊ ပြီးရင် မူလအတိုင်းပြန်ဖြစ်လိမ့်မယ်၊ အဲ့မတိုင်ခင် ယွီဟွာနဲ့ တိုက်ခိုက်လိုက်”
ဟွမ်းသည် အေးဆေးစွာပြောလိုက်၏။ ဟေးချုံးသည် မည်သို့မျှ မတုန့်ပြန်နိုင်တော့ချေ။ သူ၏ စိတ်အတွင်း အလွန်ပင် တုန်လှုပ်နေသည်။
‘ဒီလူ ဘယ်လိုအဆင့်အတန်းမှာလဲဟ’
ထို့နောက်ချုးယွီဟွာသည် ဟေးချုံးကို ကြည့်နေလိုက်သည်။ ထို့နောက်ဟေးချုံးသည် သူ၏ပါးစပ်သရမ်းမှုကြောင့် သူပါးပင်သူရိုက်ချင်စိတ်ပေါက်သွားသည်။ သူတော်စင်အဆင့်မိန်းကလေးနှင့် တိုက်ခိုက်ရမည်ဟူသည့်ခံစားချက်ကြောင့်ပင်။ သူ့အတွက် အလွန်စော်ကားရာကျလွန်းသည်။ သို့သော် သူသည် ဟွမ်းကို ထပ်မံ အတွန့်မတက်ရဲတော့ချေ။ နောက်ထပ် အတွန့်တက်လိုက်လျှင် သူ့အသက်တောင်ကျန်ပါဦးမလားဟု တွေးမိလိုက်သည်။ ဟွမ်း၏ လုပ်ဆောင်မှုကို အတော်ပင် ဖြုံသွားခဲ့သည်။ ထို့နောက် မတက်သာသည့် ပုံစံနှင့် ထလာ တိုက်ခိုက်ရန်ပြန်လိုက်သည်။ ဘယ်လိုပင်ဖြစ်ဖြစ် သူသည် နတ်ဘုရားတစ်ပိုင်းအဆင့် တွင်ရှိနေသေး၏။ သူတော်စင်အဆင့် မိန်းကလေးကို ရှုံးနှိမ့်စရာအကြောင်းမရှိပေ။ သူသည် နှစ်ထောင်ပေါင်းများစွာ ရှင်သန်ခဲ့သည့် နတ်အင်ပါယာတစ်ပါးဖြစ်သည်။
‘ဒီလူရဲ့ အင်အားက ဘယ်လိုမှကို မှန်းဆလို့မရဘူး’
ရှင်းဝေ့ကျန်းသည့် သူတပည့်ရိုက်နှက်ခံခဲ့ရသည့်တုန်းက မည်သို့မျှ ပြန်၍မတုန့်ပြန်ခဲ့ခြင်းသည် သူ၏မှန်ကန်သည့် ဆုံးဖြတ်ချက်ဟုပင်တွေးမိသွား၏။
“အဲ့ဒီလူက ဒီလောက်ထိကြောက်စရာကောင်းတဲ့ လုပ်နိုင်စွမ်းရှိမယ်လို့ မထင်ထားဘူး”
ချီမင်ယောင်သည် ထိုက်ဟုန်ကျွင်းကို တီးတိုးပြောလိုက်၏။
“ကျုပ်တို့ ဘယ်လိုမှ မခန့်မှန်းနိုင်တဲ့အဆင့်ပဲ”
ထိုက်ဟုန်ကျွင်းသည် သက်ပျင်းချကာ တိုးလျသည့် လေသံနှင့်ပြောလိုက်၏။ ဖြစ်ပျက်မှုများသည် သူတို့၏ စိတ်ကူးနိုင်စွမ်းထက်များစွာကျော်လွန်နေသည်။
ချုးသည်ဟွာသည် အနည်းငယ်ကြောက်ရွံ့စိတ်ဝင်နေသည်။ သူမသည် အရင်ကတည်းက တိုက်ခိုက်ရေးတွင် အားနည်း၏။ ဟေးကျန့်နှင့် တိုက်ခိုက်ခြင်းသည် သူမ၏ နောက်ဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်သည်။ ထို့အပြင် ဤတစ်လျှောက်လုံးတွင်လည်း တိုက်ခိုက်ဖူးခဲ့သည့် အချိန်မရှိခဲ့ပေ။ သူမ၏ အမူအယာကိုမြင်သည့်အခါ ဟွမ်းသည် မည်သို့အားပေးလျင်ကောင်းမလဲဟု စဉ်းစားတွေးတောပြီးနောက် နှစ်သိမ့်စကားဆိုလိုက်၏။
“ဘာမှ စိုးရွံ့မနေနဲ့ အမှိုက်သက်သက်ပဲ”
အားလုံး “...”
‘ထျန်းယွမ်ကုန်းမြေရဲ့ နတ်အင်ပါယာတစ်ပါးဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ မျက်နှာသာပေးပါဦး’
“မိန်းကလေး စတိုက်ပါ”
ဟေးကျန့်သည် သည်ကဲ့သို့ အကြောင်းရင်းများ ဖြစ်လာမှတော့ ရင်ဆိုင်ဖို့သာ ဆုံးဖြတ်လိုက်သည်။ တိုက်ခိုက်သည့်အချိန်တွင် ထိုမိန်းကလေးသည် သူတော်စင်အဆင့် သာဖြစ်သည်မို့ အနည်းငယ် အားလျှော့တိုက်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ချုးယွီဟွာသည် ဟွာ့လင်စုတ်တံကို ဆင့်ခေါ်လိုက်သည်။ သူမ၏ ရှေ့တွင် လှပပြီး တောက်ပသည့် အရှိန်ဝါများ ထွက်ပေါ်နေသည့် စုတ်တံတစ်ချောင်း ထွက်ပေါ်လာခဲ့သည်။
‘ဒါဘယ်လိုလက်နက်မျိုးလဲ အဆောင်ရေးတဲ့စုတ်တံလား၊ သူမက အဆောင်ဖန်တီးရှင်လား၊ ဒါပေမဲ့ တိုက်ခိုက်ရေးမှာ သုံးလို့ရရဲ့လား’
ရှင်းဝေ့ကျန်း၏ စိတ်အတွင်းတွင် မေးခွန်းများနှင့် ပြည့်နှက်နေ၏။ ထျန်းယွမ်ကုန်းမြေရှိလူများတွင် သင်္ကေတရေးဆွဲ တိုက်ခိုက်ခြင်းသည် နည်းစနစ်တစ်ခုဖြစ်သည် ဟုမည်သူမျှ မသိကြချေ။ မမြင်ဖူး၊ မကြားဖူးသည့် နည်းစနစ်မျိုးဖြစ်သည်။
“နတ်အင်ပါယာဟေးချုံး ကျွန်မ စတိုက်တော့မယ်”
ချုးယွီဟွာသည် တိုက်ခိုက်ရန်စတင်မည့်အကြောင်းပြောလိုက်သည်။
“ကောင်းပြီ..”
ဟေးချုံးသည် တိုက်ခိုက်မည့်အစား ခုခံရန် ရွေးချယ်လိုက်သည်။ လက်ရှိတွင် သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်တွင်သာရှိသော်လည်း ပြိုင်ဘက်သည် သူတော်စင်အဆင့်တွင်သာ ရှိနေသည်။
“ဒီနေရာမှာ မပျံသန်းရင် ပိုကောင်းလိမ့်မယ်၊ ဝိညာဉ်စွမ်းအင်က ပါးလျှလွန်းတော့ ပျံသန်းရင် ဝိညာဉ်စွမ်းအင် အလွန်အမင်း ပိုကုန်လိမ့်မယ်”
တိုက်ခိုက်ခါနီးတွင် ထိုနှစ်ဦးအား သတိပေးလိုက်၏။
ဟေးချုံး “...”
သူတို့နှစ်ဦးသည် ကောင်းကင်ပေါ်တွင်တိုက်ခိုက်ပါက ဟေးချုံးသည် ကျင့်ကြံမှုအဆင့်နှင့် တိုက်ပွဲအတွေ့ကြုံအရ လွန်စွာ အရေးသာပေမည်။ မပျံသန်းပဲ တိုက်ခိုက်မည်ဆိုလျှင် သူ၏ စွမ်းအားကို အနည်းငယ်ကန့်သတ်ခံရပေဦးမည်။ သို့သော်လည်း အများအပြား ပြောင်းလဲသွားခြင်းတော့မရှိချေ။
ရှင်းဝေ့ကျန်းတို့သည် ချုးယွီဟွာ မည်သို့ တိုက်ခိုက်မည်ကို အလွန်ပင်သိချင်နေကြသည်။ ထိုက်ဟုန်ကျွင်းသည်လည်း ထိုနည်းတူပင်။ သူသည် ထိုလက်နက်ပြုလုပ်သည်ကို အစအဆုံးမြင်တွေ့ခဲ့ရသော်လည်း မည်သို့ တိုက်ခိုက်ရသည်ကို မသိချေ။
ချုးယွီဟွာသည် ဝိညာဉ်စွမ်းအင်များကို ဟွာ့လင်စုတ်တံအတွင်း စီးဆင်းစေပြီး သူမရှေ့ရှိ လေထုတွင် ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ထိုစုတ်တံနှင့် ‘မိုး’ ဆိုသည့် စာလုံးကို ရေးဆွဲလိုက်သည်။ ထိုလေထုအတွင်းတွင် ဝိညာဉ်စွမ်းအင်နှင့် ပုံဖော်ထားသည့် ‘မိုး’ ဟူသည် စာလုံး ထွက်ပေါ်လာခဲ့သည်။ သူမ စုတ်ချက်တစ်ချက်ရေးဆွဲတိုင်း လှပလွန်းသည့် အစိမ်းနုရောင်ဝိညာဉ်စွမ်းအင်များထွက်ပေါ်လာသည်။ ထို့နောက်တွင် ထိုစာလုံးသည် မိုးစက်များစွာ အဖြစ်ပြောင်းလဲသွားသည်။ ထိုမိုးစက်များသည် အလွန်ပင် နူးညံ့နေဟန်ရသည်။
ထိုမျှနှင့် မပြီးသေးချေ။ သူမသည် ‘ဆူးသွား’ ဆိုသည့် စာလုံးကို ထပ်မံရေးဆွဲလိုက်၏။ ထိုစာလုံးသည် ဖြစ်တည်လာပြီးနောက် ထွက်ပေါ်လာသည့် မိုးစက်များနှင့် ပေါင်းစည်းသွားသည်။ ထိုနူးညံ့ဟန်ရှိသည့် မိုးစက်များသည် ဆူးချွန်များသဖွယ် ပြောင်းလဲသွားသည်။ ထို့နောက်တွင် သူမ၏စုတ်တံ ဝှေ့ယမ်းလိုက်သည့်အချိန်တွင် များပြားလှသည့် ထိုဆူးချွန်သဏ္ဌာန်မိုးစက်များသည် ဟေးချုံးထံ ဦးတည်သွား၏။ ထိုဖြစ်စဉ်သည် စက္ကန့်ပိုင်းမျှသာ ကြာခဲ့၏။
ဟေးချုံးသည် အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည် ထိုသို့ တိုက်ခိုက်သည့် ပုံစံမျိုး မမြင်ဖူးခဲ့ချေ။ အနည်းငယ် ထူးဆန်းနေသော်လည်း ချက်ချင်းပင် ကာကွယ်ရန်ပြင်လိုက်သည်။ ဟေးချုံးသည် ချက်ချင်း မြေလွှာကို စောင့်နင်းလိုက်၏။ ထို့နောက်တွင် ဆူးချွန်မိုးစက် များလာရာ လမ်းတွင် မြင်မားထူထဲသည့် မြေလွှာ တံတိုင်းတစ်ခုပေါ်ထွက်လာခဲ့သည်။
“ဝုန်း..ဝုန်း..ဝုန်း.”
များပြားလှသည့် ဆူးချွန်မိုးစက်များသည် ထိုမြေတံတိုင်းကို အဆက်မပြတ် ထိမှန်နေပြီး ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ ဟေးကျန့်၏ မြေလွှာ တံတိုင်းသည် အလွန်ပင်ခိုင်မာနေ၏။ သို့သော် ချုးယွီဟွာ၏ ဆူးချွန်များသည် များပြားလွန်းနေသည်။
“မိန်းကလေးချုး ထုတ်ဖော်ထားတဲ့ မိုးစက်တွေက ပျော့ပြောင်းဟန်ရှိပေမဲ့ စွမ်းအင်စီးဆင်းနှုန်းက ကြမ်းတမ်းလွန်းတယ်၊ သာမန်သူတော်စင် အဆင့်တစ်ယောက်ဆို လွယ်လွယ်နဲ့ ခုခံနိုင်မယ်မထင်ဘူး”
ရှင်းဝေ့ကျန်းသည် မှတ်ချက်ပေးလိုက်၏။ ထိုက်ဟုန်ကျွင်းသည်လည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
ခဏအကြာတွင် ဟေးကျန့်၏ မြေသားနံရံသည် အက်ကွဲလာသည်။ သို့သော် ချုးယွီဟွာ၏ ဆူးချွန်မိုးဆက်များသည် ကုန်သွားပြီဖြစ်သည်။
“သူမရဲ့ တိုက်ခိုက်မှုကို တားဆီးလိုက်နိုင်ပေမဲ့ ဘာလို့ရှုံးနိမ့်တဲ့ခံစားချက်ထွက်ပေါ်နေတာပါလိမ့်”
ဟေးကျန့်သည် သူ့ကိုယ်သူ ကြားနိုင်မည်လေသံနှင့်သာရေရွတ်လိုက်၏။ အကြောင်းရင်းသည်တော့ သူတော်စင်အဆင့်တစ်ဦး၏ တိုက်ခိုက်မှာကြောင့် သူ၏အကာအကွယ် အက်သွားခဲ့သောကြောင့်ပင်။
“မိန်းကလေး ကျုပ်ပြန်တိုက်တော့မယ်”
ဟေးချုံးသည် ချက်ချင်း အသွားနှစ်ဖက်ပါရှိသည် ပုဆိန်ကို ထုတ်ကာ ချုးယွီဟွာကို တိုက်ခိုက်လိုက်သည်။ သူသည် အလျော့ပေးပြီးပြီမို့ နောက်ထပ်အချိန်မဆွဲချင်တော့ပေ။ ချုးယွီဟွာအနားသို့ လျှင်မြန်စွာရောက်ရှိလာပြီးနောက် သူ၏ပုဆိန်ကို လွဲယမ်းကာ သူမကို ခုတ်ပိုင်းလိုက်သည်။
“အရှုံးပေးလိုက်တော့..”
သို့သော် ချုးယွီဟွာသည် ချက်ချင်းပင် ‘မိုး’ စာလုံးကို ရေးဆွဲလိုက်၏။ ထို့နောက် ‘ကာကွယ်ခြင်း’ ဆိုသည့် စာလုံးကို အလျှင်အမြန် ရေးဆွဲလိုက်သည်။ ထိုအချိန်တွက် မိုးစက်များသည် ချက်ချင်းပြန်ကျဲ သွားပြီးနောက် သူမခန္ဓာကိုယ် ပတ်ပတ်လည်တွင် မိုးရေတံတိုင်းသဖွယ် ဖြစ်တည်လာခဲ့သည်။
“ဗွမ်း..”
ဟေးချုံး၏ ပုဆိန်သည် ထိုမိုးရေ အကာအကွယ်ကြီးကို ထိခက်သွားသော်လည်း ရေကို ခုတ်ပိုင်းသည့်အလားဖြစ်တည်သွားခဲ့သည်။
ထို့နောက်တွင် ချုးယွီဟွာသည် မိုးရေ အကာအကွယ်အတွင်းမှ မိုးရည်များနှင့် ဖန်တီးထားသည့် အရုပ်များစွာကို ဖန်တီးလိုက်သည်။ ထို့နောက်တွင် ဟေးချုံးကို ဦးတည်ကာ တိုက်ခိုက်စေလိုက်သည်။ ထိုအရုပ်များသည် ဆယ်ရုပ်ခန့်ရှိပြီး လေးပေလောက်သာ မြင့်မား၏။
“သူမရဲ့ ရေးဆွဲနိုင်စွမ်းက လိုအပ်နေသေးတာပဲ၊ ဒါမှမဟုတ် သူမကိုယ်တိုင်က ကြင်နာလွန်းနေတာလား”