အဆတစ်ရာ
Vol. 7 Ch. 102
ထို ‘ဖောက်ခွဲခြင်း’ ဟူသည့် အစိမ်းနုရောင် ဝိညာဉ်စွမ်းအင်စာလုံးသည် အလျှင်မြန်ပင် မိုးစက်မုန်းထံ စီးဝင်သွားပြီးနောက် မိုးစက်မုန်တိုင်းသည် ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပေါ်သွားခဲ့သည်။
“အား..”
ဟေးချုံးသည် ထိုပေါက်ကွဲမှုကြောင့် အဝေးတစ်နေရာဆီသို့ လွင့်စင်သွားရ၏။ ထို့နောက်တွင် သူသည် သွေးတစ်လုတ် အန်လိုက်ရသည်။ ထိုပေါက်ကွဲအားသည် သူသာ နတ်အင်ပါယာအဆင့်တွင်ရှိနေပါက မပြောပလောက်သော်လည်း နတ်ဘုရားတစ်ပိုင်းအဆင့်နှင့် ခံနိုင်ရည်မရှိပေ။ သို့သော် ဒဏ်ရာအပြင်းအထန်တော့ မရခဲ့ချေ။
“ဒါက..”
ရှင်းဝေ့ကျန်းသည် ချုးယွီဟွာ၏ တိုက်ခိုက်မှုကြောင် မှင်သတ်နေရသည်။ သူမ၏ ဆန်းကြယ်လှသည့် တိုက်ခိုက်ရေးနည်းစနစ်နှင့် ဟေးချုံးအား တိုက်ခိုက်ပုံသည် အထက်တန်းဆန်လွန်းနေ၏။
“ဒီအမျိုးသမီးရဲ့ ပုံစံက နူးနူးညံ့ပုံစံလေး၊ ပြီးတော့ သူမရဲ့ တိုက်ခိုက်တဲ့နည်းစနစ်ကလဲ သိမ်မွှေ့လွန်းတယ်၊ ဒါပေမဲ့ ထွက်ပေါ်လာတဲ့ နည်းစနစ်တွေက ကြောက်စရာကောင်းလွန်းနေတယ်”
ချီမင်ယောင်သည် ထိုက်ဟုန်ကျွင်းကို တီးတိုးပြောဆိုလိုက်သည်။ ချီယင်းအိမ်တော်သခင်မလေး၏ ကြောက်စရာကောင်းသည့် စွမ်းအင်များကို အချိန်တိုအတွင်း ရရှိပြီး ထုတ်သုံးနိုင်သည့်အပေါ် ထိုက်ဟုန်ကျွင်းလည်း အံ့ဩနေသည်။
ကောင်းကင်ထက်ရှိ ချုးယွီဟွာသည် စွမ်းအင်များအလွန်အကျွံထုတ်သုံးမှုကြောင့် ကြိုးပျက်သွားသည့် အရုပ်ကဲ့သို့ မြေပြင်ဆီသို့ ကျဆင်းလာသည်။ ထိုအချိန်တွင်ဟွမ်းသည် ကောင်းကင်ထက်သို့ အသာယာ ခုန်တက်သွားကာ ချုးယွီဟွာကို ပွေ့ဖက်လိုက်ပြီးနောက် မြေပြင်သို့ အသာအယာ ဆင်းလာခဲ့သည်။
ချုးယွီဟွာသည် သူမ၏ မျက်နှာလေးသည် ဖြုဖျော့နေပြီး သတိမေ့မြောသွားခဲ့၏။ ထို့ကြောင့် သူ၏ဝိညာဥ်စွမ်းအင်များကို ချုးယွီဟွာထံ စီးဆင်းစေလိုက်သည်။ ထိုအချိန်မှသာ သူမသည် သတိပြန်မရသေးသော်လည်း သူမ၏ နူးညံ့သိမ်မွှေ့သည့် မျက်နှာလေးသည် သွေးရောင်ပြန်လွှမ်းလာသည်။ လက်ရှိ သူမ၏ ပုံစံသည် ပင်ပန်းလွန်း၍ အိပ်ပျော်သွားသည့်အလားပင်။
ထို့ကြောင့် ဟွမ်းသည် ချုးယွီဟွာ၏ နဖူးကို တို့ထိလိုက်ပြီးနောက် သူမသည် ထိုနေရာမှ ပျောက်ကွယ်သွား၏။
“ခင်ဗျားမှာ ကန့်ကွက်စရာရှိသေးလား”
ဟွမ်းသည် ရှင်းဝေ့ကျန်းကို ကြည့်ကာမေးလိုက်၏။
ရှင်းဝေ့ကျန်းသည် အတော်စဉ်းစားရကြပ်သွားလေသည်။ ချုးယွီဟွာသည် နတ်ဘုရားတစ်ပိုင်းနီးနီး စွမ်းအားရှိနေ၏။ သာမန်သူတော်စဉ်တစ်ယောက်သာဆိုလျှင် မည်သို့အဆင့်ဖိနိပ်ခံရသည်ဖြစ်စေ ဟေးချုံးကို ယခုကဲ့သို့ ဖိအားပေးနိုင်မည်မဟုတ်ပေ။
“ကျုပ်မကန့်ကွက်တော့ဘူး..”
ဟေးချုံးသည် လွင့်စင်သွားရနေရမှာ အမောတကောရောက်ရှိလာပြီး ပြောလိုက်သည်။ သူသည် ထိုမိန်းကလေး၏ စွမ်းရည်ကို ကိုယ်တိုင် ခံစားခဲ့ရပြီးဖြစ်၏။ ထို့ကြောင့် ကန့်ကွက်ရန် မစဉ်းစားတော့ပေ။ ထို့အပြင် သူသည်ဟွမ်းကို အတော်ပင် ထိတ်လန့်နေပြီဖြစ်သည်။
ဟေးချုံး၏ စကားကြောင့်ဟွမ်းသည် လက်ဝှေ့ယမ်းလိုက်ရာ ဟေးချုံးသည် မူလ ကျင့်ကြံမှုအဆင့်ကို ပြန်လည်ရောက်ရှိသွား၏။ သို့သော် သူကုန်ဆုံးထားရသည့် ဝိညာဉ်စွမ်းအင်များကို ပြန်မလည် မပြည့်ဝသေးပေ။ ထို့အပြင် ပေါက်ကွဲမှုကြောင့် ရရှိထားသည့် ဒဏ်ရာများလည်း မသက်သာသေးချေ။ သို့သော် ထိုအရာသည် နတ်အင်ပါယာ တစ်ပါးအတွက် ပြသနာ မဟုတ်ချေ။
“နတ်အင်ပါယာဟေးချုံးတောင်သဘောတူညီမှတော့ ကျုပ်တို့လဲ မကန့်ကွက်တော့ပါဘူး”
ရှင်းဝေ့ကျန်းလည်း သဘောတူလိုက်သည်။ ထိုက်ဟုန်ကျွင်းနှင့် ချီမင်ယောင်သည် အစောကတည်းက မငြင်းဆန်ခဲ့ပေ။ ထို့ကြောင့် သဘောတူကြောင်းထုတ် ပြောလိုက်၏။
“ကျုပ်ဒီနေရာအတွက် တန်ရာတန်ကြေးပေးမှာပါ၊ အဲ့ဒီအချိန်တံခါးကို အသုံးပြုတဲ့အချိန်ရောက်ရင် အဆတစ်ရာနီးပါးတိုးမြင့်အောင်လုပ်ပေးမယ်”
ဟွမ်းသည် ထိုအချိန်တံခါးအကြောင်း ကြားသိရပြီးကတည်းက စဉ်းစားထားခဲ့ခြင်းဖြစ်သည်။
အင်ပါယာလေးပါးသည် အံ့ဩမှင်သတ်သွားကြသည်။ သူတို့သည် ထိုသို့ ဖြစ်ချင်ခဲ့သော်လည်း မဖြစ်နိုင်ဟုသာ တွေးထင်ခဲ့ကြသည်။ အကယ်၍ ဖြစ်နိုင်ခဲ့လျှင်တောင် ပြန်လည်ပေးဆပ်ရမည့် တန်ဖိုးမှာ သူတို့ မတွေးရဲကြပေ။
“ရောင်းရင်းဟွမ်း၊ တကယ်ပြောတာလား”
ရှင်းဝေ့ကျန်းသည် ယုံကြည်ရခက်ခဲနေသည့် လေသံနှင့် မေးလိုက်၏။ အချိန်တံခါးကို မူလထက် နှစ်အနည်းတိုးမြင့်စီးဆင်းစေလျင်တောင် များပြားလွန်းသည် အရင်းအမြစ်များသုံးရန်လိုအပ်သည်။ ဗဟိုနယ်မြေကဲ့သို့ နယ်မြေကြီးတစ်ခုပင် ထိုတန်ကြေးကို မတက်နိုင်ချေ။ သို့သော် ဟွမ်းသည် ထိုသို့လုပ်ဆောင် ပေးမည်ဟုပြောသည့်အပေါ် အလွန်ပင် စိတ်လှုပ်ရှားနေသည်။
ဟွမ်းသည် ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။
“ဒီကရောင်းရင်း စောစောကပြောခဲ့သင့်တယ်”
ဟေးချုံး၏ အမူယာသည် ခါးသက်နေ၏။ ထို့ကြောင့် ထိုက်ဟုန်ကျွင်းသည် ဝင်ပြောလိုက်သည်။
“နတ်အင်ပါယာဟေးချုံးက စီနီယာပြောနေတဲ့အချိန် ဖြတ်ပြောပြီး ပြသနာရှာခဲ့တာလေ”
ဟေးချုံး “...”
‘ငါဘာကြောင့် ဒီလိုသောက်ရူးထပြီး ပြသနာရှာခဲ့မိပါလိမ့်’
ဟေးချုံးသည် ဟွမ်းပြန်လည်ပေးအပ်သည့် တန်ဖိုးကိုသာ အစောကတည်းကသိခဲ့လျှင် ထိုသို့ပြသနာရှာခဲ့မည်မဟုတ်ချေ။ အချိန်စီးဆင်းမှု ဆယ်ဆ နှင့် အဆတစ်ရာသည် အလွန်ပင် ကြီးမားသည့် ကွာခြားချက်ဖြစ်သည်။ ထိုသို့အခွင့်အရေးကို လက်လွှတ်ရလောက်သည်အထိ မည်သူမျှရူးသွပ်မနေချေ။
“ခင်ဗျားတို့ နယ်မြေလေးခုက ပါရမီအရှိဆုံးလူငယ်တစ်ဦးစီကို တိုက်ရိုက်ဝင်ခိုင်းလိုက်”
ဟွမ်းသည် အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်၏။ မဟုတ်လျှင် ပါရမီရှင်များပြားသည့် ဗဟိုကုန်မြေက ဝင်ခွင့်များစွာရရှိသွားနိုင်သည်။ အခြားနယ်မြေများအတွက် မမျှတပေ။
ထို့ကြောင့် နတ်အင်ပါယာလေးပါးသည် ညှိနှိုင်းပြီးနောက် သီးခြားဝင်ခွင့်အတွက် နေရာလေးခုသာ ကျန်ရှိခဲ့သည်။ တိုက်ရိုက်ဝင်ခွင့်စာရင်းတွင် ချုးယွီဟွာနှင့် ယွဲ့ဝူယောင်ပါဝင်ခဲ့သည်။ ဗဟိုနယ်မြေအတွက် ရှင်းဝမ်ကျဲ၊ လင်းယွမ်နယ်မြေအတွက် ရှောင်ထျန်း၊ မိစ္ဆာနယ်မြေအတွက် ချီလင်းယီနှင့် မြောက်ပိုင်းနယ်မြေအတွက် ကျီရှောင်းရှောင်း တို့ကို အသီးသီး တိုက်ရိုက်ဝင်ခွင့်ပေးအပ်လိုက်သည်။ ထိုလေးဦးသည် သူတို့၏ နယ်မြေတွင် ထိပ်ဆုံးပါရမီရှင်များဖြစ်ကြသည်။
ထို့နောက်တွင် ပြိုင်ပွဲကျင်းပမည့်ပုံကို ဆက်လက် ဆွေးနွေးခဲ့ကြသည်။ ထိုလူငယ်များတွင် သူတော်စင်အဆင့် အထွတ်အထိပ်များ ပါဝင်နေသောကြောင့် စစ်ထုတ်လိုက်သည့်အခါတွင် ဟွမ်း၏တပည့်သုံးဦးအပါအဝင် လေးယောက်တိတိရှိနေခဲ့သည်။
ထို့ကြောင့် ကျန်သည့်အောက်အဆင့် အယောက်သုံးဆယ်ကို ပထမအဆင့်ပြိုင်ပွဲပြုလုပ်ပြီး လေးဦးရွေးထုတ်မည်ဖြစ်သည်။ ဒုတိယအဆင့်တွင် ထိုလေးဦးနှင့် သူတော်စင်အထွတ်ထိပ်လေးဦးတို့ကို မဲနှိုက်ရွေးချယ်ကာ ယှဉ်ပြိုင်ခိုင်းမည်၏။ ဒုတိယအဆင့်မှ အနိုင်ရရှိသူလေးဦးသည် လျှို့ဝှက်ဆန်းကြယ်အချိန်တံခါးသို့ဝင်ရောက်ရမည်ဖြစ်သည်။ ထိုပြိုင်ပွဲသည် သူတော်စင်အထွတ်ထိပ်အောက်အဆင့် ပြိုင်ပွဲဝင်များ အတွက် မမျှတပေ။ သို့သော် သန်မာသည့်သူကိုသာ ဦးစားပေးသည့် လောကကြီးဖြစ်သည်။
နတ်ဘုရင်လေးပါးသည် ထိုအချင်းရာကို သဘောတူညီမှု ရရှိသွားခဲ့ကြ၏။ ကျန်လေးဦးတွင် မည်သည့်နယ်မြေမှ ဖြစ်ဖြစ် သူတို့၏ နယ်မြေသည် ပါရမီရှင်တစ်ဦးတိုက်ရောက် ဝင်ရောက်ထားပြီးဖြစ်သည်။ ထို့ကြောင့် စိတ်သက်သာမှု ရရှိပြီးဖြစ်၏။ ထို့အပြင် ဟွမ်းထံမှ လူနှစ်ဦး တိုက်ရိုက်ပါနေသည့်အတွက် မည်သူမျှ မကျေမနပ်မဖြစ်ကြပေ။ အကြောင်းမှာ ဟွမ်းသည် လျှိုဝှက်ဆန်းကြယ်အချိန်တံခါးကို အဆတစ်ရာနီးပါးတိုးမြင့်ပေးမည်ဟု ကတိပေးထားသောကြောင့်ပင်။
“ကိစ္စပြီးပြီဆိုရင် ခင်ဗျားတို့ အရင်ထွက်သွားတော့၊ ကျုပ်က ယွီဟွာကို သွားကြည့်လိုက်ဦးမယ်”
ဟွမ်းသည် ထိုသို့ပြောပြီး လက်ဝှေ့ယမ်းလိုက်သည့် အချိန်တွင် နတ်အင်ပါယာလေးပါးသည် မူလရှိနေသည့် ဗဟိုခန်းမအတွင်း ပြန်လည်ရောက်ရှိနေကြပြီဖြစ်သည်။
“ကျုပ်တို့ မကြုံဖူးတာတွေကိုပဲ ဆက်တိုက်ကြုံနေရတာပဲ”
ရှင်းဝေ့ကျန်းသည် သက်ပျင်းချကာပြောလိုက်၏။ ဟေးချုံးလည်း ဖြစ်စဉ်ကို ပြန်တွေးရင်း သဘောတူသည့်အလားခေါင်းညိတ်လိုက်သည်။
“နတ်အင်ပါယာရှင်း ကျုပ်ကို ခွင့်ပြုဦး၊ တပည့်တွေကို ပြိုင်ပွဲအကြောင်း အသိပေးလိုက်ဦးမယ်”
ဟေးချုံးသည် နှုတ်ဆက်ကာ ထွက်သွား၏။ ချီမင်ယောင်လည်း အလားတူပင် ထွက်ခွာသွား၏။
“နတ်အင်ပါယာရှင်း၊ စီနီယာကို ကျုပ်စောင့်လိုက်ဦးမယ်”
ထိုက်ဟုန်ကျွင်းသည် ထွက်သွားရန် မလောပေ။ ပြိုင်ပွဲသည် လဝက်ခန့်လိုသေးသောကြောင့်ပင်။
“သက်တောင့်သက်သာနေပါ၊ ကျုပ်လဲ အတူစောင့်နေမယ်”
ရှင်းဝေ့ကျန်းသည် လည်း မထွက်ခွာသေးပေ။
‘ဝမ်ကျဲရဲ့ အိမ်မက်ထဲက ငါ့ကို သတ်ဖြတ်မဲ့သူက ရောင်းရင်းဟွမ်း မဟုတ်တာသေချာသွားပြီ၊ သူစွမ်းရည်နဲ့ဆိုရင် ငါ့လိုလူတောင် ဘာမှန်းမသိရပဲသေဆုံးသွားမှာ၊ ဒါပေမဲ့ အဲ့ဒီလူက ဘယ်သူများဖြစ်နိုင်မလဲ’
ရှင်းဝေ့ကျန်းသည် ဟွမ်း၏ လုပ်ရပ်နှင့် စိတ်ဓာတ်ကို တွေ့မြင်ပြီးဖြစ်သည်။ ဟွမ်းသည် သူတို့ထင်ထားသည်ထက်အားကြီး မောက်မာသော်လည်း အနိုင်ကျင့်ခြင်း မပြုလုပ်ပေ။ သူ၏ စွမ်းရည်နှင့်ဆိုလျှင် အချိန်တံခါးကို လုယူသွားလျှင်တောင် နတ်အင်ပါယာလေးပါးလုံး တားနိုင်မည်မဟုတ်ပေ။ သို့သော် ထိုကဲ့သို့ ကိစ္စမျိုးကို မလုပ်ခဲ့ပေ။ ထို့အပြင် ဟွမ်း၏ပေါ်ပေါက်လာမှုကြောင့် ရှင်းဝမ်ကျဲ၏ အိမ်မက်သည်လည်း ပြောင်းလဲသွားမည်ဟု ယုံကြည်လာသည်။ ယုံကြည်မှုထက် မျှော်လင့်မှုဟုဆိုလျှင် ပိုသင့်တော်မည်။