← Chapters

အဆိပ်အတောက်များ

Vol. 7 Ch. 104

အဆိပ်အတောက်များ

Vol. 7 Ch. 104

“စီနီယာ..၊ မိန်းကလေးချုး အဆင်ပြေသွားပြီလား”

ထိုက်ဟုန်ကျွင်းသည် ဟွမ်းနှင့် ချုးယွီဟွာတို့ ဗဟိုခန်းမ အတွင်းမှ ထွက်လာသည့်အချိန်တွင် မေးလိုက်၏။ သူသည် ဟွမ်းတို့အား စောင့်နေခဲ့ခြင်းဖြစ်သည်။

“ဟုတ်ကဲ့ အဆင်ပြေသွားပါပြီ၊ နတ်အင်ပါယာထိုက်”

ချုးယွီဟွာသည် ယဉ်‌ယဉ်ကျေးကျေးနှင့် ဖြေလိုက်၏။

“စီနီယာ၊ ပြိုင်ပွဲစဖို့ ပထမအဆင့်ပြိုင်ပွဲစဖို့ ငါးရက်လောက်ပဲလိုတော့တယ်၊ ဒါပေမဲ့ စီနီယာရဲ့ တပည့်တွေက ပထမအဆင့်ကို ပါဝင်စရာမလိုလို့ ဒုတိယအဆင့်ပြိုင်ပွဲနေ့မှ လာရောက်လို့ရပါတယ်”

ထိုက်ဟုန်ကျွင်းသည် ဟွမ်းကို သေချာရှင်းပြလိုက်သည်။ ဟွမ်းအနေနှင့် ပထမအဆင့်ပြိုင်ပွဲကို စိတ်မဝင်စားသည်မှန်း သိရှိသောကြောင့်ပင်။ သူတို့ နေရာလွတ်နယ်မြေတွင် ရှိနေခဲ့သည်မှာ ဆယ်ရက်ဝန်းကျင်ခန့်ကြာသွားပြီဖြစ်သည်။

“ရောင်းရင်းဟွမ်း ကျုပ်တို့ ပြိုင်ပွဲနေ့မှ ဆုံကြမယ်”

ရှင်းဝေ့ကျန်းသည် ပြုံးရွှင်စွာနှုတ်ဆက်လိုက်သည်။ ထို့နောက်တွင် ဗဟိုခန်းမမှ ထွက်လာခဲ့ချိန်တွင် ဟွမ်းသည် ထိုက်ဟုန်ကျွင်းကို ကျောက်စိမ်းပြားတစ်ခုပေးအပ်လိုက်သည်။ ထိုကျောက်စိမ်းပြားသည် နဂါးစိမ်းသလင်းကျောက်နှင့် ဟွမ်းသည် စီမံပြုလုပ်ထားသည် အရာဖြစ်သည်။

“ဒါက မင်းရဲ့ အသက်အန္တရာယ်နဲ့ တွေ့ကြုံရတဲ့အခါ တစ်ကြိမ်ကာကွယ်မှုပေးနိုင်တယ်”

“ကျေးဇူးတင်ပါတယ် စီနီယာ”

ထိုက်ဟုန်ကျွင်းသည် စိတ်လှုပ်ရှားစွာဖြင့် ထိုကျောက်စိမ်းပြားကို လက်ခံလိုက်သည်။ ထိုကျောက်စိမ်းပြားသည် အလွန်ပင် အစွမ်းထက်မည်ဟု ယုံကြည်နေ၏။ ထို့နောက် ထိုက်ဟုန်ကျွင်းသည် ဂရုတစိုက်နှင့် နှုတ်ဆက်လိုက်သည်။

“ကလေးတွေကို ပစ်ထားခဲ့တာ ရက်အတော်ကြာပြီ၊ အိမ်တော်ကို သွားကြမယ်”

ဟွမ်းသည် ချုးယွီဟွာ၏ နူးညံ့သည့်လက်ကလေးကို ကိုင်လိုက်ကာ ဟွမ်းယွီအိမ်တော်သို့ ချက်ချင်းပြန်ရန် ဆုံးဖြတ်လိုက်သည်။

“ဝုန်း..”

ဟွမ်းတို့ပြန်မည့်အချိန်တွင် ပေါက်ကွဲသံအချို့ကို ကြားလိုက်ရ၏။ ဟွမ်းနှင့် ချုးယွီဟွာသည် ထိုနေရာသို့ အလျှင်အမြန်သွားရောက်ကြည့်ရှု့လိုက်ချိန်တွင် ဖြစ်ပျက်နေသည့် မြင်ကွင်းကို မြင်ပြီးနောက် မှင်သက်သွား၏။ မိန်းမငယ်လေးတစ်ဦးသည် ကြီးမားသည့် အနက်ရောင်တံစဉ်းကြီးနှင့် အဘိုးအို တစ်ဦးအား လိုက်လံ ခုတ်ပိုင်းနေခြင်းကို မြင်တွေ့လိုက်ရသည်။

“ရွှယ်အာက ဘာလို့စိတ်ဆိုးနေတာလဲ ဝူယောင်”

ဘေးနားတွင် ဟွမ်း၏တပည့်များ ရှိနေသောကြောင့် ချုးယွီဟွာသည် ယွဲ့ဝူယောင်ကို မေးလိုက်၏။ ထို့အပြင် လုရှင်းယန်တို့သုံးဦးသည် အခြားကျင့်ကြံသူများကို ရိုက်နှက်နေကြသည်။ ထိုအပြင် အဆောက်အဦးအချို့သည်လည်း ပျက်စီးနေ၏။

“ဒါက ဒီလိုပါ..”

ယွဲ့ဝူယောင်သည် သက်ပြင်းချကာရှင်းပြလိုက်၏။ အကြောင်းရင်းသည် ဟွမ်းနှင့်ချုးယွီဟွာ အိမ်တော်မှ ထွက်သွားပြီးသုံးရက်ကြာသည့်နောက်တွင်စတင်ခဲ့သည်။

“အစ်မကြီး ကျုပ်တို့ ဆေးလုံးတွေကို ဒီမြို့တော်မှာ ရောင်းချရင်ကောင်းမလား”

လုရှင်းယန်တို့သည် ဤရက်များအတွင်း ဆေးလုံးများစွာ ဖော်စပ်ထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ပိုလျှံနေသည့် ဆေးလုံးများကို ရောင်းချရန် အကြံတောင်းခံလိုက်၏။

“ကောင်းသားပဲ၊ သွားရောင်းကြမယ်”

ယွဲ့ဝူယောင်သည် လက်ခံလိုက်၏။ ယခုရက်ပိုင်းတွင် သူမသည်လည်း ထွေထွေထူးထူး လုပ်စရာရှိမနေချေ။ ထို့ကြောင့် သဘောတူလိုက်၏။

ထို့နောက်တွင် လုရှင်းယန်တို့သည် ရောင်းချသည့်နေရာ စုံစမ်းလိုက်ကြသည်။ ထို့ရောက်တွင် ကုန်သွယ်ရေးဌာနရှိရာ ဆိုင်တန်းများတွင် ရောင်းချ၍ ရကြောင်းသိရှိခဲ့သည်။ ထို့ကြောင့် ထိုနေရာတွင် စတင်ရောင်းချလိုက်သည်။။

“ဆိုင်ရှင် ဒီဆေးလုံးကဘယ်လိုအာနိသင်ရှိတာလဲ”

ကျင့်ကြံသူတစ်ဦးသည် ရောက်လာကာမေးမြန်းလိုက်၏။ လုရှင်းယန်သည် ဝိညာဉ်စွမ်းအင်ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံးနှင့် ပတ်သတ်သည့်အကြောင်းရာများကို ရှင်းပြလိုက်သည်။ ထိုကျင့်ကြံသူသည် အံ့ဩသွားသည်။ သို့သော်အလိမ်အညာများဖြစ်မည်ကို စိုးရိမ်ခဲ့သည်။

“ဘုန်း..”

“အား..တော်ပါတော့”

ထို့ကြောင့် လုရှင်းယန်သည် ထိုကျင့်ကြံသူကို ဝိညာဉ်စွမ်အင် အတော်များများကုန်ခမ်းသွားအောင် ရိုက်နှက်လိုက်သည်။ ထို့နောက်တွင် ထိုဆေးလုံးကို တိုက်လိုက်၏။ ထိုကျင့်ကြံသူသည် ဆေးလုံး၏ အာနိသင်ကြောင့် အလွန်ပင် အံ့ဩသွားခဲ့ရသည်။

“အကျိုးသက်ရောက်မှုက အတော်မြန်ဆန်ပြီး အရည်သွေးမြင့်လွန်းတာပဲ”

ဆေးလုံးသည် ဝိညာဉ်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးသော်လည်း ဖူးယောင်နေအောင် ရိုက်ခံရသည့် မျက်နှာကိုတော့ မသက်သာသွားစေပေ။

“ခင်ဗျားယုံပြီဆိုရင် အဆင့်မြင့်သလင်းကျောက်တစ်တုံးပေးတော့”

လုရှင်းယန်သည် ထိုဆေးလုံးဖိုးတောင်းလိုက်၏။

“မင်း..ငါ့ကိုလဲရိုက်သေးတယ်၊ ဆေးလုံးဖိုးလဲတောင်းသေးတယ်၊ မင်းကိုမင်း တရားမျှတမှုရှိတယ်လို့ထင်နေလား”

ထိုကျင့်ကြံသူသည် အလွန်ပင်ဒေါသထွက်သွားပြီး ကက်ကက်လန်အောင် ရန်တွေ့လိုက်၏။

“ဘုန်း..”

“အား..ပေးမယ်၊ ပေးပါ့မယ်”

ထိုကျင့်ကြံသူသည် ငိုစရာမျက်ရည်ပင်မရှိတော့ချေ။ ထပ်မံအရိုက်မခံချင်သောကြောင့် ဆေးလုံးဖိုးပေးလိုက်ရသည်။ သို့သော် ထိုဆေးလုံးသည် အင်မတန်ကောင်းသည်ဟု ဝန်ခံရပေမည်။ ထို့ကြောင့် ထိုကျင့်ကြံသူသည် နောက်ထပ်ငါးလုံးဝယ်ယူသွားခဲ့သည်။

“ကျေးဇူးတင်ပါတယ်၊ ခင်ဗျားက ပထမဆုံးဖောက်သည်မို့ ဆေးလုံး တစ်လုံးစာလျော့ပေးလိုက်မယ်”

ထိုကျင့်ကြံသူ “...”

‘ဒီလိုဆို ဘာလို့ ထပ်ရိုက်နေခဲ့တာတုန်း’

နောက်ရက်များတွင် ထိုကျင့်ကြံသူ၏ ညွှန်ပြမှုကြောင့် လုရှင်းယန်တို့ဆေးလုံးအရောင်းဆိုင်သည် အင်မတန်ပင် ဖောက်သည်များ များပြားလာခဲ့သည်။ ထို့ကြောင့် သူတို့သည် အိမ်တော်သို့ မပြန်တော့ပဲ ဆိုင်အတွင်းတွင်ဆေးများဖော်စပ်ကာ ယွဲ့ဝူယောင်နှင့် မော့ရွှယ်အာသည် အရောင်းပိုင်းကိုတာဝန်ယူခဲ့ကြသည်။ ထိုနေ့မှစ၍ အလှလေးနှစ်ဦး ရောင်းနေသည့် ဆေးဆိုင်ဖြစ်သောကြောင့် အားပေးသူများ များပြားလာခဲ့သည်။

သို့သော် ဆေးလုံးဝယ်ယူသူများထက် ယွဲ့ဝူယောင်နှင့် မော့ရွှယ်အာ အနားသို့ ချဉ်ကပ်သူများက ပို၍များပြားလာခဲ့သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ထိုကဲ့သို့သူများကို လုရှင်းယန်ဦးစီး၍ ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်တို့သည် ရိုက်နှက်ဆုံးမမှုများစတင်လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် သူတို့တွင် အလုပ်တစ်ခုပိုလာခဲ့ရသည်။

“ဆေးဆိုင်ပိုင်ရှင်..ခင်ဗျားတို့ ဧည့်သည်တွေကိုရိုက်နှက်တာ အရေးမကြီးဘူး၊ ခင်ဗျားတို့ရိုက်နှက်လိုက်လို့ ကျုပ်တို့ ဆိုင်တွေဘက်ကို ဧည့်သည်တွေ လွင့်ထွက်လာပြီး ကျုပ်တို့ဆိုင်တွေ ပျက်စီးကုန်ပြီ၊ အဲ့ဒီအတွက် ပြန်လည်ပြင်ဆင်ခကို ခင်ဗျားတို့တာဝန်ယူရမယ်”

အနီးနားရှိ ဆိုင်ပိုင်ရှင်များသည် သူတို့၏ဆိုင်များ ပျက်စီးမှုအတွက် မကျေမချမ်းနှင့် လျှော်ကြေးတောင်းကြလေသည်။

“ကျုပ်..”

လုရှင်းယန်တို့သည် မျက်ရည်ကျလုမတက်ပင်ဖြစ်နေ၏။ ခက်ခက်ခဲခဲနှင့် ဆေးလုံးဖော်စပ်ထားရပြီး ရောင်းချ၍ရရှိထားသည့် သလင်းကျောက်များနှင့် အနီးနားရှိဆိုင်များကို ပြင်ဆင်ပေးလိုက်ရလေသည်။ နောက်ရက်များတွင်တော့ အနည်းငယ် ငြိမ်းချမ်းသွားခဲ့၏။ ထိုသို့ ဧည့်သည်အချို့ရှိလာခဲ့လျှင်လည်း ဆိုင်အတွင်းသို့ တိတ်တဆိတ်ခေါ်ကာ ရိုက်နှက်ခဲ့ကြသည်။

“ဒုတိယအစ်ကို ကျုပ်တို့ဆေးလုံးတွေကို ဟိုင်ချင်းကုန်သည်အဖွဲ့က အဆမတန်တဲ့ဈေးနှုန်းနဲ့ ပြန်လည်ရောင်းချနေတယ်”

လျှိုမင်ယွမ်သည် ဒေါသတကြီးပြောလိုက်၏။ ဟိုင်ချင်းကုန်သည် အဖွဲ့အစည်းသည် ဗဟိုနယ်မြေ၏ ထိပ်တန်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့ကြောင့် နည်းလမ်းမျိုးစုံနှင့် လုရှင်းယန်တို့ ဆိုင်မှ ဆေးလုံးများကို ဝယ်ယူကာ ဈေးတင်ရောင်းခဲ့ကြသည်။ ထို့အပြင် ကုန်သည်အဖွဲ့အစည်းကြီးတစ်ခုဖြစ်သောကြောင့် ၎င်းတို့ထံတွင် ဝယ်ယူအားပေးသူများ များပြားလာသည်။

“ငါတို့ ရောင်းလိုက်တဲ့ဆေးလုံးတွေ ဘယ်လောက်ရှိလဲ”

လုရှင်းယန်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“ဆေးလုံးပေါင်း သုံးရာကျော်တယ်၊ ဖောက်သည်တွေဝယ်ထားတဲ့ ဆေးလုံးတစ်ရာကျော်ကို ဖယ်လိုက်ရင် အဲ့ဒီအဖွဲ့အစည်းမှာ ဆေးလုံးနှစ်ရာဝန်းကျင်ခန့်ရှိလိမ့်မယ်”

ပိုင်ကျန့်ယွီသည် တွက်ချက်ကာပြောလိုက်၏။

“အစ်မယွီဟွာ ရှိရင် ကောင်းမယ်”

လုရှင်းယန်သည် တိုးလျစွာရေရွတ်လိုက်၏။ ပိုင်ကျန့်ယွီနှင့် လုရှင်းယန်တို့သည်လည်း ထောက်ခံသည့်အလား ခေါင်းညိတ်လိုက်ကြသည်။ ထိုသို့ဖြစ်ရပ်များကို သူတို့ကဲ့သို့ အတွေ့အကြုံမရှိသည့် လူငယ်များသည် မည်သို့ ဖြေရှင်းရမည်မှန်းမသိချေ။

“ဒုတိယအစ်ကို ကျုပ်တို့ ဆိုင်ပိတ်ထားလိုက်ကြမလား၊ အစ်မယွီဟွာလာမှ တိုင်ပင်ပြီး ပြန်ဖွင့်ကြတာပေါ့၊ အဲ့ဒါဆို ဟိုင်ချင်းကုန်သည်အဖွဲ့လဲ နောက်ထပ်ဆေးဝယ်လို့ရမှာ မဟုတ်တော့ဘူး”

လျှိုမင်ယွမ်သည် ရိုးရှင်းသည့် အကြံပေးလိုက်၏။

“အဲ့လိုလုပ်တာ ကောင်းမယ်ထင်တယ်၊ ငါတို့လဲ ဒီရက်ပိုင်း ဆက်တိုက်အလုပ်လုပ်လာခဲ့ရတာပဲ၊ အနားယူကြတာပေါ့”

လုရှင်းယန်သည် လျှိုမင်ယွမ်၏ အကြံကို လက်ခံလိုက်သည်။

“ဒုတိယအစ်ကို၊ ဒီကုန်သည်အဖွဲ့ကို ဒီတိုင်းလွှတ်ထားပေးတော့မှာလား၊ ကျုပ်တို့ အပင်ပန်းခံပြီး ထုတ်လုပ်ထားရတဲ့အရာတွေကို အင်အားရှိ၊ နာမည်ရှိပြီးသားဆိုပြီး အလွယ်တကူ အချောင်လိုချင်နေတဲ့ ကောင်တွေကို ဖြေရှင်းချက်တောင်းသင့်တယ်”

ပိုင်ကျန့်ယွီသည် ဒေါသမပြေလျော့သေးချေ။

All Chapters