← Chapters

ကောက်ကျစ်မှု

Vol. 7 Ch. 105

ကောက်ကျစ်မှု

Vol. 7 Ch. 105

“ငါလဲ ခွင့်မလွှတ်နိုင်ဘူး၊ ဒါပေမဲ့ အဲ့ဒီလို အဆိပ်အတောက်တွေက တစ်နည်းမဟုတ်တစ်နည်းနဲ့ ကြုံတွေ့နေရမှာပဲ၊ လောလောဆယ်မှာ သူတို့ကိုရောင်းချခွင့်ပေးလိုက်မယ်၊ ပြီးတော့ ငါတို့ရဲ့ ထုတ်လုပ်မှုကို ရပ်နားထားမယ်၊ အဲ့ဒါဆိုရင် သူတို့လို နာမည်ရှိပြီးသား လူ့အမှိုက်တွေက ငါတို့ရဲ့ ဆေးလုံးတွေကို ကြော်ငြာထားပြီးသားဖြစ်သွားလိမ့်မယ်၊ ဒါပေမဲ့ သူတို့မှာ ဆက်ရောင်းစရာ ဆေးလုံးမရှိတော့ရင် ဖောက်သည်တွေက မေးမြန်းစုံစမ်းမှုတွေ လုပ်လာမှာပဲလေ၊ ဒါကြောင့် အဲ့ဒီအချိန်အတွင်း ငါတို့က ဗဟိုမြို့တော်မှာ နာမည်တစ်ခုရအောင်တည်ဆောက်ထားကြမယ်”

လုရှင်းယန်သည် ခေါင်းယမ်းကာ အသေအချာရှင်းပြလိုက်သည်။ ထိုကဲ့သို့ လူ့အမှိုက်များသည် မည်သည်မှ အားစိုက်ထုတ်ခြင်းမရှိပဲ သလင်းကျောက်များကို အချောင်ရလျှင် မည်သည့်အရာကိုမျှဂရုစိုက်မည်မဟုတ်ပေ။ ထိုသို့လူများသည် နတ်ဘုရားလောကကြီးတွင် ပေါများလှ၏။ သူတို့သည် ယခုမှ ဗဟိုမြို့တော်ကို ရောက်ခါစ လူသစ်လေးများဖြစ်ကြသည်။ ထို့ကြောင့် နှစ်ဖက်အချင်းများလျှင် မြို့တော်ရှိလူများသည် နာမည်ရှိပြီးသား အဖွဲ့အစည်းဘက်မှ ရပ်တည်ကြမည်ဖြစ်သည်။

ဟွမ်းမပါလျှင်တောင် သူတို့လူငယ်အုပ်စုလေး၏ လက်ရှိစွမ်းအားနှင့်ဆိုလျှင် ဗဟိုမြို့တော်တွင် ရပ်တည်ရန်မခက်ခဲပေ။ သို့သော် သူတို့သည် ဤမြို့တော်တွင် အခြေချနေထိုင်ကြမည် မဟုတ်သောကြောင့် အလုပ်ရှုပ် မခံချင်တော့ပေ။ ထို့ကြာင့် ထိုကိစ္စများဖြစ်ပျက်ပြီးသည့်နောက်တွင် သူတို့သည် ဟွမ်းယွီအိမ်တော်တွင်သာ တိတ်တဆိတ် နေထိုင်ခဲ့ကြသည်။ သို့သော် တစ်ရက်တွင် ဟွမ်းယွီအိမ်တော်အား ဧည့်သည်တစ်ဦးရောက်ရှိလာခဲ့သည်။

“ဒုတိယအစ်ကို ဟိုင်ချင်းကုန်သည်အဖွဲ့ကလူ ကျုပ်တို့အိမ်တော်ရှေ့ရောက်နေတယ်”

လျှိုမင်ယွမ်သည် လုရှင်းယန်ထံ သတင်းပို့လိုက်သည်။

“နှင်ထုတ်လိုက်..”

ယွဲ့ဝူယောင်သည် အေးစက်စက်လေသံနှင့် ပြောလိုက်၏။ သို့သော် ထိုလူသည် ဖော်ရွေလွန်းသည့် အပြုံးလေးနှင့် အတင်း ဝင်ရောက်လာကာ နှုတ်ဆက်လိုက်သည်။

“လူငယ်လေးတို့ ကျုပ်စကားကို ခနနားထောင်ပေးပါဦး၊ ကျုပ်နာမည် လွီထင်းပါ၊ ကျုပ်က ဟိုင်ချင်းကုန်သည်အဖွဲ့ရဲ့ အကြီးအကဲချုပ်လို့ ပြောလို့ရပါတယ်”

“ဘာကိစ္စလဲ”

လုရှင်းယန်သည် မျက်မှောင်ကြုတ်ကာမေးလိုက်၏။ သူသည် ထိုလူ့အား တစ်စက်မျှပင် အမြင်မကြည်ချေ။

“ကျုပ်က လူငယ်လေးတို့ရဲ့ ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံးနဲ့ ပတ်သတ်ပြီး ဆွေးနွေးစရာရှိလို့ပါ”

လွီထင်းသည် အပြုံးမပျက်ပြောလိုက်၏။

“ကျုပ်တို့ဘက်က ဆွေးနွေးစရာမရှိဘူး၊ ခင်ဗျားပြန်တော့”

ပိုင်ကျန့်ယွီသည် ဟိုင်ချင်းကုန်သည် အဖွဲ့နှင့် ပြောဆိုဆက်ဆံခြင်း မပြုလုပ်ချင်ပေ။

“ကျုပ်စကားကို အရင်ဆုံးအောင် နားထောင်ပါဦး၊ ကျုပ်တို့ ဟိုင်ချင်းကုန်သည် အဖွဲ့အစည်းက လူငယ်လေးတို့ရဲ့ ဆေးလုံးကို တင်သွင်းပြီး နှစ်ဦးနှစ်ဖက်ပြေလည်မဲ့ စီးပွားရေးလုပ်ချင်လို့ပါ”

လွီထင်းသည် အကြောင်းရင်းကို ပြောလိုက်၏။ လုရှင်းယန်တို့ ဆေးလုံးရောင်းချသည်ကို ရပ်တန့်လိုက်ခြင်းသည် ထိုအဖွဲ့အစည်းအတွက် အတော်ပင် သက်ရောက်သွားဟန်ရှိသည်။ ပုံမှန်ဆိုလျှင်တော့ သူတို့သည် ထိုသို့ အသေးအမွှားဆေးလုံးများ ရောင်းချခြင်း ရပ်တန့်သွားလျှင်လည်း ဂရုစိုက်မည်မဟုတ်ပေ။ သို့သော် ဈေးကွက်အတွင်းတွင် ထိုဆေးလုံး၏ ရောင်းအားသည် လွန်စွာ မြင့်တက်ခဲ့ပြီး ဆေးလုံးများ ပြတ်လပ်သွားသည်အထိ ဝယ်ယူမှု များပြားခဲ့သည်။

လုရှင်းယန်တို့ ရောင်းစဉ်အခါက သေးငယ်သည့် ဆိုင်ငယ်တစ်ခုဖြစ်သောကြောင့် ထင်သလောက်ရောင်းအားမများခဲ့ချေ။ သူတို့၏ ရောင်းချမှုများသည် ထိုအဖွဲ့အစည်း၏ ပိပိရိရိဝယ်ယူခဲ့သောနည်းလမ်းကြောင့်ပင်။ ထို့နောက် လက်တံရှည်သည့် ဟိုင်ချင်းအဖွဲ့အစည်းသည် ထိုဆေးလုံးကြောင့်ပင် အကျိုးမြတ်များစွာရရှိခဲ့သည်။ သို့သော်ထပ်မံဝယ်ယူ၍ မရတော့ချေ။ ထိုအချင်းအရာကသူတို့အား အကြပ်ရိုက်စေခဲ့သည်။ ထို့ကြောင့် လုရှင်းယန်တို့ နေထိုင်ရာအိမ်တော်ကို စုံစမ်းကာ လာရောက်ညှိနှိုင်းခြင်းဖြစ်သည်။

“မလုပ်ဘူး..”

လုရှင်းယန်သည် ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်၏။ လွီထင်းသည် နည်းလမ်းမျိုးစုံနှင့် ဆွဲဆောင်သော်လဲ ငြင်းပယ်မှုကိုသာ ခံလိုက်ရသည်။ သူတို့၏ ဆွေးနွေးမှုသည် နာရီဝက် ကြာသွားသော်လည်း လွီထင်းသည် အောင်မြင်စွာ မစည်းရုံးနိုင်ခဲ့ပေ။ သို့သော် လွီထင်းသည် အပြုံးမပျက် ပြန်သွားခဲ့သည်။

“ဒီလူကို ဒီလောက်ပြောဆိုလွှတ်လိုက်တာတောင် အပြုံးမပျက်ဘူး”

လျှိုမင်ယွမ်သည် မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

“အဲ့ဒီလို လူတွေက ပိုကြောက်စရာကောင်းတယ်၊ ကောက်ကျစ်မှုတွေကို မျက်နှာက အပြုံးနဲ့ ဖုံးကွယ်ထားတက်တယ်၊ နောက်ကွယ်မှာ အကြံအစည်တွေရှိနေလိမ့်မယ်”

ယွဲ့ဝူယောင်သည် ထိုလူထွက်သွားသည်ကို ကြည့်ရင်း ပြောလိုက်၏။

“ကျုပ်တို့ စောင့်ကြည့်ကြတာပေါ့၊ ဒီလူတွေ ဘာလှည့်ကွက်တွေ သုံးလာမလဲဆိုတာကို”

ပိုင်ကျန့်ယွီ၏ စူးရှနေသည့် မျက်လုံးများကို မှေးကျဉ်းရင်း ပြောလိုက်သည်။ ထိုလူရောက်လာကတည်းက ကောင်းသည့်ရည်ရွယ်ချက်မရှိသည်မှန်း သိထားကြသည်။ သို့သော် ထိုလူသည် တစ်လျှောက်လုံး မည်သည့် မကောင်းသည့် ရည်ရွယ်ချက်မျှ မထုတ်ဖော်ပြပဲ အကျိုးတူပူးပေါင်းရန်သာ ကမ်းလှမ်းခဲ့သည်။ မည်သို့ပင် မောက်မာစွာ ဆက်ဆံလိုက်သော်လည်း အပြုံးနှင့်ပင် ဖြေရှင်းသွား၏။ ထိုအရာက သူတို့အား စိတ်ရှုပ်စေသွားသည်။

“တောက်..”

“နို့နံ့တောင် မစင်သေးတဲ့ ကလေးတွေက ကြီးကျယ်လွန်းတယ်”

ဟိုင်ချင်းကုန်သည်အဖွဲ့အစည်းသို့ ပြန်ရောက်သွားသည့် လွီထင်းသည် ဒေါသထွက်ကာ ပြောလိုက်၏။ သူသည် ပြေပြေလည်လည်ညှိနှိုင်းချင်သော်လည်း ထိုလူငယ်များသည် ခေါင်းမာလွန်း၏။ သူကိုယ်တိုင် သွားရောက်ညှိနှိုင်းခဲ့ခြင်းသည် လုရှင်းယန်တို့အား မျက်နှာသာပေးထားခြင်းဖြစ်သည်။ သို့သော် ထိုကလေးများသည် ယတိပြတ် ငြင်းလိုက်လေသည်။ မည်သည့် ညှိနှိုင်းမှုမျှပင် လက်မခံခဲ့ချေ။ သူတို့ရှေ့တွင် မည်သည့် ဒေါသထွက်သည့် အမူအရာမျှ မပြသခဲ့သော်လည်း စိတ်ထဲအလွန်ပင် ဒေါသထွက်နေ၏။

“ဟွမ်းယွီ အိမ်တော်အကြောင်းစုံစမ်းခိုင်းထားတာရပြီလား”

လွီထင်းသည် ဘေးနားရှိ အကြီးကဲတစ်ဦးကိုမေးလိုက်၏။

“သူတို့အကြောင်းကို ဖော်ပြထားတဲ့ အကြောင်းအရာက နည်းပါးနေတယ်၊ ဟွမ်းယွီအိမ်တော်မှာ လူငယ်လေးဦးနဲ့ မိန်းကလေး သုံးဦးနေထိုင်ကြတယ်၊ ပြီးတော့ သူတို့က ဗဟိုမြို့ကို ရောက်လာတာမကြာသေးဘူး၊ အစကတော့ ကျုပ်က ဗဟိုကုန်းမြေပြိုင်ပွဲကို ဝင်ပြိုင်မဲ့ အခြားနယ်မြေက လူငယ်တွေလို့ ထင်ခဲ့တယ်၊ ဒါပေမဲ့ အခြားနယ်မြေက လူငယ်တွေဆိုရင် အဆင့်မြင့်အလွှာမှာ နေထိုင်ကြမှာ၊ အဲ့ဒါကြောင့် ပြိုင်ပွဲဝင်မဟုတ်ဘူးလို့ ယူဆမိတယ်၊ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေကိုလဲ သေချာဖော်ပြမထားဘူး”

ဟိုင်ချင်းကုန်သည်အဖွဲ့၏ အကြီးအကဲတစ်ဦးဖြစ်သူ ချီထောင်က စုံစမ်းရရှိထားသမျှကို ပြောပြလိုက်သည်။ ယွဲ့ ဝူယောင်တို့သည် ဗဟိုမြို့တော်ကို ရောက်စတွင် အကြီးအကျယ် ပြသနာရှာထားခဲ့ပြီး လူများစွာသိရှိသော်လည်း အဆင့်နိမ့်ကျင့်ကြံသူများသာ ဖြစ်ကြသည်။ ရှင်းဝေ့ကျန်းသည် ထိုကိစ္စများကို အစမဖော်ရန် သတိပေးထားပြီး ယွဲ့ဝူယောင်တို့၏ အထောက်အထားကိုလဲ ရှင်းလင်းပေးထားသည်။

ဟွမ်းက တိတ်ဆိတ်နေရာသည်ကို နှစ်သက်သောကြောင့် သူသည် ထိုသို့လုပ်ဆောင်ပေးထားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ထိုတိုက်ပွဲသည် ဗဟိုမြို့တော်ရှိ ကြီးမားသည့် အဖွဲ့အစည်းများကြားသို့ သတင်းမရောက်ရှိတော့ပေ။ အဖွဲ့အစည်းကြီးများသည်လည်း ထိုသို့ကိစ္စများကို အာရုံမစိုက်ချေ။

“ကျုပ်အဲ့ဒီက လူငယ်ငါးဦးနဲ့ တွေ့ခဲ့ပြီးပြီ၊ ကောင်လေးသုံးယောက်က သူတော်စင်ကနဦး ဖြစ်ဖို့များတယ်၊ မိန်းကလေးနှစ်ဦးကတော့ စွမ်းအင် နည်းနည်းတည်ငြိမ်တယ် သူတော်စင် အလယ်အလတ်မဟုတ်ရင် အထွတ်ထိပ်မှာပဲ”

လွီထင်းသည် လုရှင်းယန်တို့နှင့် စကားပြောချိန်တွင် သူတို့၏ ကျင့်ကြံမှုအဆင့်များကိုလည်း မသိသာအောင် စစ်ဆေးခဲ့သည်။ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်တွင်ရှိနေသူဖြစ်သည်။ သို့သော် လုရှင်းယန်တို့သည် သူတို့၏ ကျင့်ကြံမှုများ လျှော့ချထားသည်ကိုတော့ လွီထင်း မသိရှိခဲ့ချေ။ ထို့ကြောင့် ဂရုမစိုက်သည့်အလား အမိန့်ပေးလိုက်သည်။

“ဟိုင်ချင်းအိမ်တော်ကနေ သီးခြားအစီအရင်ကို ပြုလုပ်နိုင်တဲ့သူတွေကို ခေါ်လိုက် ပြီးရင် ဟွမ်းယွီအိမ်တော်ကို တိတ်တဆိတ်သွားကြမယ်”

“ဟုတ်ကဲ့ပါ..”

ချီထောင်သည် ချက်ချင်းပင် အကြောင်းကြားရန်ထွက်ခွာသွား၏။ ဟိုင်ချင်းအိမ်တော်သည် လင်းအိမ်တော်ကဲ့သို့ အိမ်တော်ကြီးတစ်ခုဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့်အလွှာတွင် နေထိုင်ခွင့်ရကြသည်။ သူတို့၏ ကုန်သည်အဖွဲ့အစည်းကိုတော့ ကျင့်ကြံသူများစည်ကားသည့် အလယ်လတ်အလွှာတွင် တည်ထောင်ထား၏။

“မင်းတို့ ဘယ်လောက်ထိ ခေါင်းမာနိုင်ဦးမလဲ ငါကြည့်ချင်သေးတယ်”

ချီထောင် ထွက်ခွာသွားပြီးနောက်တွင် လွီထင်းသည် တီးတိုးရေရွတ်ကာ သူ၏ မျက်လုံးများသည် ရက်စက်မှုများနှင့်ပြည့်နှက်လာ၏။

All Chapters