#ချန်ရှင်း၏တိုက်ခိုက်မှုများ၊ ဓားသင်္ချိုင်းအထက်#
Vol. 77 Ch. 1086
ပိုင်ကောင်းကျွင်း နတ်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကို မရောက်သေးသည့် တစ်စုံတစ်ယောက်ကို ရင်ဆိုင်ရာ၌ သူ့ကိုယ်သူ ဒီအတိုင်းအတာအထိ တွန်းအားပေးရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ့၏ဝှက်ဖဲဖြစ်သော လျှို့ဝှက်နည်းစနစ်ကိုပင် သူသုံးခဲ့ရသည်။
သူ့၏ကြောက်စရာကောင်းသည့် ကိုယ်ခန္ဓာကို ကိုင်တွယ်ရင်း ပိုင်ကောင်းကျွင်းအံကြိတ်ကာ ရှောင်ဟိုင်အား ကြည့်လိုက်၏။
"ငါမင်းကို လျှော့တွက်မိတာပဲ၊ ငါပြန်ကောင်းလာတဲ့အခါကျရင် မင်းကို ထပ်လာရှာမယ်"
ထို့နောက် ပိုင်ကောင်းကျွင်း၏ကိုယ်ခန္ဓာက ထိုနေရာမှာတင် ပျောက်ကွယ်သွား၏။
မုဖူရှန်း မူလက အနာဂတ်ပြဿာနာများ မကျန်ရှိနေစေရန်အတွက် ပိုင်ကောင်းကျွင်းကို သတ်ပစ်ချင်သည်။ သို့သော် ဒီနေရာတွင် နတ်သခင်အဆင့်ဂိုဏ်းများမှ လူအများအပြားရှိမည်ဖြစ်လေရာ လက်ရှိအချိန်၌ သူဒါကို သည်းခံမျိုသိပ်ထားရုံသာ တတ်နိုင်သည်။
တခြားတစ်ဘက်တွင် စုန့်ရှောင်နှင့် ရှန်းချောင်ယွမ်တို့၏ တိုက်ပွဲက အဆုံးမသတ်သေးပါ။
သို့စေကာမူ ပိုင်ကောင်းကျွင်း အနိုင်ယူခြင်းခံရတာကို မြင်ရသောအခါ ရှန်းချောင်ယွမ်တွင် နောက်ဆုတ်ရန်အတွက် ရည်ရွယ်ချက်ရှိနေလေပြီ။
သို့သော် ဒီစိတ္တဇစုန့်ရှောင်က သူ့ကို ထွက်သွားခွင့်ပေးရန် ဆန္ဒမရှိပေ။ လက်သီးချက်တိုင်းနှင့် ကန်ချက်တိုင်းက အတော်လေး မြန်ဆန်သည်။ ရှန်းချောင်ယွမ် ခုခံပြီး နောက်ဆုတ်ချင်သည့် အကြိမ်တိုင်း စုန့်ရှောင်၏ တိုက်ချက်များက သူ့အပေါ် ထပ်ဆင့်ကျရောက်လာသည်။
"မင်းထွက်သွားချင်တာလား" ရှန်းချောင်ယွမ်၏ ရည်ရွယ်ချက်များကို မြင်နိုင်သည့်အလား စုန့်ရှောင်ပြုံးသည်။
"ငါတို့တိုက်ခိုက်နေတာကို မင်းဘယ်လိုလုပ် ထွက်သွားလို့ရမှာလဲ၊ ငါတို့စပြီး တိုက်ခိုက်နေတယ်ဆိုမှတော့ ငါတို့နှလုံးသားက ကျေနပ်ရောင့်ရဲတဲ့အထိ တိုက်ခိုက်ပြီး အနိုင်ရသူကို ဆုံးဖြတ်ရမှာပေါ့"
ရှန်းချောင်ယွမ်၏ အမူအရာက အလွန်အမင်း ကြည့်ရဆိုးနေသည်။
"စုန့်ရှောင်၊ သူ့အတွက်နဲ့ မင်းငါတို့နဲ့ လုံးလုံးလျားလျား ရန်သူဖြစ်လာချင်တာလား"
"ဒီလိုအကျိုးအမြတ်ဖလှယ်မှုက ထိုက်တန်တယ်လို့ မင်းထင်လား၊ သူမင်းတို့အတွက် ဘာယူလာပေးနိုင်လို့လဲ"
စုန့်ရှောင်ပြုံးသည်။
"ငါအရင်ကပြောပြီးပြီ၊ ဟောင်တျန်းနတ်ဂိုဏ်းက ဘယ်ဂိုဏ်းကိုမှမကြောက်ဘူး၊ တချိန်တည်းမှာပဲ ဒါက အထက်ပုဂ္ဂိုလ်တွေရဲ့ ဆုံးဖြတ်ချက်မို့လို့ ငါပြောင်းလဲပစ်နိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး၊ ငါလုပ်ဖို့လိုတာက နတ်သခင်ရဲ့အမိန့်တွေကို နားထောင်ဖို့ပဲ၊ ဒါ့အပြင် မင်းတို့လို သူတော်ကောင်းယောင်ဆောင်ထားတဲ့ ကြောင်သူတော်တွေထက် သူတို့နဲ့ ဆက်ဆံရတာက ပိုပြီး သက်တောင့်သက်သာရှိတယ်"
ဒါကိုကြားသောအခါ ရှန်းချောင်ယွမ်၏ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်ကွေးညွတ်သွားပြီး နှာမှုတ်သည်။
"ဟမ်၊ ဟောင်တျန်းနတ်ဂိုဏ်းက ဘယ်တုန်းက ဂျူနီယာအုပ်စုလေးတစ်စုရဲ့ ခွေးတစ်ကောင်ဖြစ်လာတာလဲ"
စုန့်ရှောင်ပြုံးလိုက်သော်လည်း သူ့အပြုံးက အေးစက်မှုနှင့် ပြည့်နှက်နေလေပြီ။
"မင်းဒီလိုပြောတဲ့အတွက်ကြောင့်ပဲ မင်းငါ့ကို မင်းကိုသတ်ဖို့ အကြောင်းရင်းတစ်ခု ပေးလိုက်တာပဲ"
"မင်းကလား"
"ဒါပေါ့"
"ဒါဆိုနောက်တစ်ကြိမ်အတွက်ပဲ သိမ်းဆည်းထားလိုက်တော့" ရှန်းချောင်ယွမ်လက်ထဲက လှံက စတင်တုန်ခါလာသည်။ ထို့နောက် သက်တန့်ရှည်ကြီးတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးတစ်နေရာသို့ ပစ်လွှတ်သွား၏။ လှံလက်ကိုင်ကို ကိုင်ထားသည့် ရှန်းချောင်ယွမ်မှာ ထိုနေရာ၌ပင် ပျောက်ကွယ်သွားသည်။
ဒီမြင်ကွင်းကိုမြင်သည့်အပေါ် စုန့်ရှောင် အံ့ဩသင့်ခြင်းမရှိပါ။
သူတို့က နတ်သခင်အဆင့်ဂိုဏ်းအသီးသီးက လျှို့ဝှက်ထားသည့် ပါရမီရှင်များဖြစ်သည်။ သူတို့၏ခွန်အားက ပြိုင်ဘက်ကင်းသည်။
သူတို့သာ တကယ်တိုက်ခိုက်ပါက အနည်းငယ်ခြားနားချက်တစ်ခုရှိနိုင်သည်။ သို့စေကာမူ တစ်ဖက်လူက ထွက်ပြေးလိုပါက သူထိန်းချုပ်ထား၍မရပေ။
တခြားတစ်ဘက်တွင် ရှောင်ဟိုင်၏ ရက်စက်ခြင်းအော်ရာက လုံး၀ပေါက်ကွဲသွားခဲ့ပြီး သာမန်နည်းလမ်းများက မဖိနှိပ်ထားနိုင်သည့် အဆင့်တစ်ခုအထိပင် ရောက်လာခဲ့သည်။
ရှောင်ဟိုင်၏မျက်လုံးများက နီရဲနေပြီး ပတ်၀န်းကျင်က မြေကြီးကို ဆက်လက်တိုက်ခိုက်နေသည်။
"ဒီလိုမဖြစ်သင့်ဘူး" ဒီမြင်ကွင်းကို မြင်သောအခါ ဟုန်ရင်ပြောလာသည်။
"ကြည့်ရတာ အနာဂတ်မှာ ရန်လိုမှုကို ချေဖျက်ပစ်ဖို့အတွက် ဆက်လက်တိုက်ခိုက်နေရမယ့်ပုံပဲ"
ရုတ်တရက် နင်းချန်ရှင်းပြုံးကာ ထရပ်သည်။
"ကျွန်တော်ကြိုးစားကြည့်မယ်ဆိုရင်ရော"
ဒါကိုမြင်သော် ဟုန်ရင်ဘာတစ်ခုမှ မပြောတော့ဘဲ နောက်ဆုတ်လိုက်သည်။
လူတိုင်း နင်းချန်ရှင်းကို ကြည့်လိုက်ကြ၏။
နင်းချန်ရှင်း ရှောင်ဟိုင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
နင်းချန်ရှင်း၏ပုံရိပ်က တဖြည်းဖြည်း ရှောင်ဟိုင့်မျက်လုံးထဲ ၀င်သွားသောအခါ ချက်ချင်းဆိုသလို တုံ့ဆိုင်းမနေဘဲ ရှောင်ဟိုင် နင်းချန်ရှင်းအား အော်ဟစ်လိုက်၏။
ပြင်းထန်သောသွေးဆန္ဒနှင့်အတူ ရှောင်ဟိုင် လက်သီးဆုပ်ပြီး နင်းချန်ရှင်းကို အလွန်အမင်းကြောက်စရာကောင်းသော အော်ရာတစ်ခုဖြင့် ထိုးနှက်သည်။
နင်းချန်ရှင်းနောက်မဆုတ်ပေ။ သူ့လက်ထဲတွင် စာအုပ်တစ်အုပ်ပေါ်လာခဲ့သည်။
လေပြေလေညင်းတစ်ချက် တိုက်ခတ်သွားပြီး စာအုပ်စာမျက်နှာအနည်းငယ်က လေကြောင့် လှန်ဖျပ်ခံလိုက်ရသည်။
"ငါ့နှလုံးသားက ကောင်းကင်ပြိုကျမယ်ဆိုရင်တောင် ရေခဲလိုတည်ငြိမ်တယ်၊ အသင်္ချေပြောင်းလဲမှုတွေက ငါ့စိတ်နဲ့ ဝိဉာဉ်ကို တည်ငြိမ်စေလိမ့်မယ်" နင်းချန်ရှင်း တည်ငြိမ်စွာပြောသည်။
ပေါ့ပါးသော လေအမျှင်စများက ရှောင်ဟိုင်ထံ စတင်တိုက်ခတ်သွား၏။
ဒီညင်သာသိမ်မွေ့ပုံရသောလေက ရှောင်ဟိုင်၏ ပြေးလွှားလာနေသည့်ပုံရိပ်ကို ရပ်သွားစေသည်။
လေအမျှင်စများက ရှောင်ဟိုင်၏ အစိတ်အပိုင်းတိုင်းအား အတင်းဆွဲထားပုံရသည်။
လူတိုင်းအနည်းငယ် ထိတ်လန့်သွားကြသည်။
စုန့်ရှောင်မျက်မှောင်ကြုတ်သည်။ သူ အားအပြည့်သုံးမည်ဆိုလျှင်ပင် ရှောင်ဟိုင်၏ လက်သီးချက်ကြောင့် အတင်းနောက်ဆုတ်သွားရပေလိမ့်မည်။
သို့စေကာမူ ဒီပညာရှင်၌ ဘာအော်ရာမှ မရှိပါ။ သူကသာမန် နင်းချန်ရှင်းသာဖြစ်ပြီး ရှောင်ဟိုင်ကို ရပ်တန့်ပစ်ရန်အတွက် စာသားနှစ်ကြောင်းကိုသာ သုံးခဲ့သည်။
ရှောင်ဟိုင်မခံမရပ်နိုင်ဖြစ်နေသည်။ သွေးဆန္ဒက ဆက်လက်ထိုးထွက်နေပြီး သူ့ကိုယ်ခန္ဓာက ဆန့်လာသည်။ သူ့နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်ပေါ်ရှိ သွေးကြောကလည်း ပိုပို၍ သိသာထင်ရှားလာသည်။ ၎င်း၏ရုန်းကန်မှုအတိုင်းအတာကလည်း ကြီးမားလာခဲ့သည်။
ပေါ့ပါးသောလေက ချိုးဖျက်ခံရတော့မည့်ပုံပေါ်နေသည်။
ဒီမြင်ကွင်းကိုမြင်သော် နင်းချန်ရှင်း၏ အမူအရာက ပြောင်းလဲမသွားဘဲ လက်ထဲက စာရွက်ကို လှန်ဖျပ်ရင်း နူးညံ့စွာ ပြောသည်။
"အဆုံးမဲ့ ဟင်းလင်းပြင်က အစွန်းမရှိဘူး၊ တိတ်ဆိတ်မှုက လုံခြုံစေတယ်"
"ကြည်လင်တဲ့ နှလုံးသားက ရေနဲ့တူသလို ရေကလည်း နှလုံးသားဖြစ်တယ်"
"လေပြေလေညင်းမရှိဘူး၊ ဆူပူအုံကြွမှုမရှိဘူး"
"သီးခြားဝါးပင်က တစ်ကိုယ်တည်းထိုင်ပြီး ဗျပ်စောင်းကို တီးခတ်နေတယ်"
နင်းချန်ရှင်းပိုပြောလေလေ၊ သူ့အသံက ပိုကျယ်လာလေလေပင်။ နတ်အလင်းဖြူတစ်ခုက သူ့၀န်းကျင်၌ စတင်တောက်ပလာသည်။
ဒီနတ်အလင်းဖြူက တဖြည်းဖြည်း ရှောင်ဟိုင်ကို လွှမ်းခြုံသွား၏။
အံ့ဩသင့်ဖွယ်ကောင်းစွာပင် ရှောင်ဟိုင်၏ မျက်လုံးများက ဒီတဒင်္ဂလေးတွင် အဓိကရုဏ်းဖြစ်နေတာရပ်သွားပြီး သူ့၀န်းကျင်က သွေးနှင့်သွေးအော်ရာကလည်း ဒီရေပမာ ဝေဝါးသွားသည်။
ဒါကိုမြင်သောအခါမှသာ လူတိုင်းစိတ်သက်သာရာရသွားကြသည်။
ကျိချန်းယောင်၊ ကျန်းချင်းလန်နှင့် ကျင်းဝူကျင်းတို့ နင်းချန်ရှင်းကို အံ့ဩသင့်တကြီး ကြည့်လိုက်မိကြသည်။
ဒီကာလအတောအတွင်း နင်းချန်ရှင်း မည်သည့်ကျင့်ကြံခြင်းကိုမှ မထုတ်ပြခဲ့သော်လည်း နိယာမစွမ်းအားနှင့်တူသည့် စွမ်းအားတစ်ခုကို ဖော်ထုတ်ခဲ့သည်။
တုယွန် အနည်းငယ်မျက်ခုံးပင့်လိုက်ပြီး အတွေးနက်စွာပြောသည်။
"ကွန်ဖြူးရှပ်တာအိုနည်းစနစ်လား၊ ဒါက ထူးဆန်းတယ်၊ လူတွေက ဒါကိုနောက်ထပ်မယုံကြတော့တာမို့ ဒီတာအိုတွေကို ဘယ်သူမှ မကျင့်ကြံကြဘူး၊ ဒါပေမယ့် အမွေဆက်ခံသူတစ်ယောက် တကယ်ရှိနေတာပဲ"
ကွန်ဖြူးရှပ်တာအိုက ရှေးခေတ်က အတော်လေးကျော်ကြားသည်။
သို့စေကာမူ အမွေအနှစ်ပျောက်ကွယ်သွားပြီးနောက် ဒီကျင့်ကြံခြင်းနည်းစနစ်က ပုံဖော်ကြည့်ရန်အတွက် အတော်လေးခက်ခဲသွားခဲ့သည်။ ရလဒ်အဖြစ် နောက်ပိုင်းမျိုးဆက်များက ကွန်ဖြူးရှပ်တာအိုနည်းစနစ်ကို ဖြည်းဖြည်းချင်း လက်လျှော့သွားခဲ့ကြသည်။
တဖြည်းဖြည်းနှင့် ဒီနည်းစနစ်က မျိုးသုဉ်းပျောက်ကွယ်သွားတော့မည့် အချိန်အခါကိုပင် ရောက်လာခဲ့သည်။
အမွေးတိုင်တစ်တိုင်စာခန့် အချိန်ကုန်လွန်သွားပြီးနောက် ရှောင်ဟိုင်လုံး၀တည်ငြိမ်သွားပြီး သူ့၀န်းကျင်က ရက်စက်ခြင်းအော်ရာကလည်း လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။
နင်းချန်ရှင်း လက်ထဲကစာအုပ်ကို သိမ်းဆည်းပြီး နောက်ကျောက စာအုပ်ခြင်းထဲ ပြန်ထည့်လိုက်သည်။
ရှောင်ဟိုင်ခေါင်းကုတ်ရင်းပြောသည်။
"ကျွန်တော်အားလုံးကို ဒုက္ခဖြစ်စေမိပြီ...."
နင်းချန်ရှင်းပြုံးပြီး ခေါင်းခါယမ်းသည်။
"မင်းရဲ့ရန်လိုစိတ်ကို မင်းကိုယ်ထဲမှာ အပြည့်အ၀မပေါင်းစပ်နိုင်ဘူးဆိုရင် ဒါက ညှဉ်းပန်းနှိပ်စက်မှုတစ်ခုလို ဖြစ်လာလောက်တယ်"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ကျွန်တော်နားလည်ပါတယ်၊ တခြားနည်းလမ်း တကယ်မရှိတော့ဘူးဆိုရင်တော့ ဆရာကိုရှာပြီး သူ့မှာ အဖြေတစ်ခုရှိမလားဆိုတာ ကြည့်ကြည့်ရမယ်"
တခြားတစ်ဘက်တွင် ဒီကိစ္စက အခြေခံအားဖြင့် ပြီးမြောက်သွားတာကို မြင်ပြီးနောက် ယဲ့ချိုးပိုင် လှည့်ကာ ဓားသင်္ချိုင်းကို ကြည့်လိုက်၏။
"စကြတော့မလား"
တုယွန်ခေါင်းညိတ်သည်။
"စကြရအောင်"
တခြားဘာတစ်ခုမှ ထိပ်တိုက်မရင်ဆိုင်ကြတော့ဘဲ ယဲ့ချိုးပိုင်နှင့် တုယွန်တို့ တစ်ချိန်တည်းတွင် ဓားသင်္ချိုင်းထဲသို့ ၀င်လိုက်ကြသည်။
ဒါက တခြားလျှို့ဝှက်နယ်မြေ အမွေအနှစ်မြေများနှင့် ကွဲပြားသည်။
ဒီဓားသင်္ချိုင်း၌ မည်သည့်ဖိအား သို့မဟုတ် ခြိမ်းခြောက်မှုမှမရှိပါ။
သို့စေကာမူ တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်နှင့် တုယွန်တို့ ဒီဓားကျိုးများပေါ်၌ မည်သည့်အမွေအနှစ်၏ တည်ရှိမှုကိုမှ မခံစားရချေ။
ဒါက စွန့်ပစ်ခံထားရသော ဓားသင်္ချိုင်းတစ်ခုအလား ထင်ရသည်။
သို့စေကာမူ ဓားကျိုးများကနေ ထွက်လာသည့် ငိုကြွေးသံများက အတုအယောင်မဖြစ်နိုင်ပေ။
တုယွန်ခေါင်းမော့ပြီး ဓားသင်္ချိုင်းထိပ်က ဓားကျိုးကို ကြည့်လိုက်၏။ အမြင့်ဆုံးတွင် ဓားသင်္ချိုင်း၏ ဘုရင်အလား ဓားကျိုးတစ်လက်တည်းသာရှိသည်။
ဒါကိုမြင်သော် တုယွန်ခြေမကာ လမ်းတစ်လျှောက်က ဓားကျိုးများကို လျစ်လျူရှုရင်း အမြင့်ဆုံးနေရာသို့ တည့်တည့်သွားလိုက်၏။
ယဲ့ချိုးပိုင် ထိုနေရာ၌ရပ်နေပြီး ဓားကျိုးများပေါ်တွင် လက်ချောင်းလေးများကို အသာအယာလှုပ်ရှားကာ ၀မ်းနည်းမှုများနှင့် တွေ့ကြုံခံစားခဲ့ရသည်တို့ကို ခံစားကြည့်နေသည်။
ထို့နောက် သူမျက်လုံးအစုံကို ဖြည်းဖြည်းချင်းမှိတ်ပြီး မိန်းမောတွေဝေမှုထဲ ကျဆင်းသွားလေတော့သည်။
အပိုင်း(1087) coming။