#အသင်္ချေဓားများပြန်လာခြင်း၊ ရှေးဟောင်းရွှေဓားအိမ်#
Vol. 77 Ch. 1088
ဓားများက ပြသရန်အတွက်မဟုတ်သလို လူတွေမြင်ရရန်အတွက် ထားရှိခြင်းလည်းမဟုတ်ပါ။
၎င်းတို့၏ပန်းတိုင်က စစ်မြေပြင်ပင်။ ဒါက တခြားသူများနှင့် တိုက်ပွဲဖြစ်သည်။ ၎င်းတို့က လုံး၀မပျက်စီးသွားသရွေ့ တိတ်ဆိတ်စွာ နေ၍မရပေ။
ဓားသင်္ချိုင်းက ဓားကျိုးအားလုံး ဆန္ဒမရှိစွာ ဟစ်ကြွေးနေရသည့်အကြောင်းရင်းက ၎င်းတို့ကို သုံးခဲ့သောလူက သေဆုံးခဲ့ရသဖြင့် ရန်သူကို နောက်ထပ်သတ်ဖြတ်ကာ သွေးမသောက်နိုင်တော့သည့်အတွက်ကြောင့်ပင်။
ယဲ့ချိုးပိုင်၏စကားလုံးများက တောင်ကုန်းထိပ်က ဓားမှလွဲ၍ တခြားဓားအားလုံးကို တုန်ခါစေသည်။
၎င်းတို့က ဒီမြေဆီလွှာထဲကနေ ဖောက်ထွက်လာတော့မည့်အလားပင် ထင်ရသည်။
ဓားဆန္ဒက ကောင်းကင်ပေါ်ပစ်၀င်သွားပြီး ဓားသင်္ချိုင်းတစ်ခုလုံးကို လွှမ်းခြုံပစ်သည်။
လူတိုင်း အံ့ဩသင့်တကြီး လှမ်းကြည့်ကြသည်။
ယဲ့ချိုးပိုင်ဘာလုပ်ခဲ့လို့လဲ၊ သူစကားတစ်ခွန်းပဲ ပြောခဲ့တာမလား!
သို့စေကာမူ ဒါကသာမန်လူများ တွေးတောသည့်ပုံစံသာ။
ဒီနေရာတွင်ရှိနေသောသူများက သေမျိုးများမဟုတ်ကြပါ။ သူတို့က ဂိုဏ်းကြီးအသီးသီးက ပါရမီရှင်များဖြစ်ကြသည်။
ယဲ့ချိုးပိုင် ဒီဓားကျိုးများကို ပဲ့တင်ထပ်စေခဲ့တယ်ဆိုတာကို သူတို့ပြောနိုင်သည်။
တုယွန်ခေါင်းငုံ့ကာ တစ်ချက်ကြည့်လိုက်စဉ် သူလည်း အနည်းငယ်အံ့ဩသင့်သွား၏။
အကယ်၍ သုံးနေသောဓားတစ်လက်သာ ဆိုပါက သူတို့ကဲ့သို့ ပါရမီရှင်ဓားသမားများအဖို့ ပဲ့တင်ထပ်အောင် လုပ်ရန်ဟူသည် မခက်ခဲပါ။
သို့သော် သူတို့က ဒီဓားကျိုးများနှင့် တစ်ခါမှ ထိတွေ့ခဲ့ခြင်းမရှိချေ။
ဒါ့အပြင် အရင်ဓားကျိုးများသခင်၏ စွမ်းအားကလည်း သူတို့ထက် အများကြီးပိုအားကောင်းသည်။
ဒီအချက်နှစ်ချက်ကြောင့်ပင် ဒီဓားကျိုးများကို ပဲ့တင်ထပ်အောင်လုပ်ခြင်းဟူသည် ကောင်းကင်ဘုံသို့ တက်လှမ်းသကဲ့သို့ပင် ခက်ခဲသည်။
သို့စေကာမူ ဒီဓားကျိုးများ၏ အသိအမှတ်ပြုမှုကို ရရှိခြင်းက ဘာများအသုံး၀င်လေသနည်း။
တုယွန်အနည်းငယ်မျက်မှောင်ကြုတ်ရင်း သူ့အကြည့်ကို တောင်ကုန်းထိပ်က ဓားကျိုးပေါ်သို့ ပြန်လည်ပို့ဆောင်လိုက်၏။
လူသားများနှင့် ဓားများကြားတွင် ကွာခြားချက်များရှိသည်။
သူအားအကောင်းဆုံးဓားကိုသာ လိုချင်သည်။ ထို့ကြောင့် ယဲ့ချိုးပိုင် ဒီဓားကျိုးများကို ပဲ့တင်ထပ်အောင် လုပ်နိုင်ခဲ့လျှင်ပင် သူနှင့်ဘာမှမဆိုင်ပါ။
ဓားကျိုးများက တုန်ယင်နေသော်လည်း မြေကြီးထဲကနေ မထွက်လာကြပေ။
သို့သော် ဒီဓားကျိုးများကို ပဲ့တင်ထပ်အောင် လုပ်ပြီးနောက်တွင် ယဲ့ချိုးပိုင် ၎င်းတို့၏ အတွေးတစ်ချို့ကို ခံစားနိုင်လေပြီ။
အကယ်၍ ၎င်းတို့သာ တောင်ကုန်းထိပ်က ဓားကျိုး၏ ခွင့်ပြုချက်ကို မရနိုင်ပါက ထိုဓားကျိုးများက ဒီဓားသင်္ချိုင်းကနေ ထွက်သွားနိုင်မည်မဟုတ်။
ဒါက ဓားတစ်လက်နှင့်မတူသော်လည်း ဒီဓားကျိုးများက တောင်ကုန်းထိပ်က ဓားကျိုးကနေတဆင့် ဆင့်ကဲပြောင်းလဲလာခဲ့ကြခြင်းပင်။
ဒါကိုတွေးမိသောအခါ ယဲ့ချိုးပိုင် တောင်ကုန်းထိပ်သို့ တစ်လှမ်းချင်းလျှောက်သွားသည်။
သူဓားကျိုးအနည်းငယ်ကို ဖြတ်ကျော်သွားတိုင်း ဓားကျိုးများက ၎င်းတို့၏ဘုရင်ကို ကြိုဆိုနေကြသည့်အလား အရူးအမူး စတင်တုန်ခါကြသည်။
တောင်ကုန်းထိပ်ကို ရောက်လာသောအခါ တုယွန် ယဲ့ချိုးပိုင်ကို စိုက်ကြည့်သည်။
"ဒီဓားက ယဉ်းပါးအောင်လုပ်ဖို့ အရမ်းခက်တယ်"
ယဲ့ချိုးပိုင် တုယွန်ကိုလှမ်းပင်မကြည့်ဘဲ ယင်းအစား သူ့လက်ကို ရွှေရောင်ဓားလက်ကိုင်ပေါ်၌ တိုက်ရိုက်တင်လိုက်ပြီး ရွှေရောင်ဓားပုံစံကွက်များက ဓားချီအမျှင်စများကို သူ့လက်ဖဝါးကနေ ထိုးဖောက်ခွင့်ပေးထားပြီး တင်းတင်းကိုင်ထားသည်။
"ဓားဆိုတာ ယဉ်ပါးအောင် မလုပ်ရဘူး၊ ဒါက မင်းကိုအသိအမှတ်ပြုမှပဲ မင်းနဲ့အတူ ယူဆောင်သွားနိုင်မယ်" ယဲ့ချိုးပိုင် လက်ဖဝါးထဲက နာကျင်မှုကို မခံစားရသည့်အလား ထူးမခြားနားစွာပြောသည်။
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဓားပိုင်နက်က အသက်၀င်သွားသည်။
ဓားပိုင်နက်၏ ဝန်းရံမှုအောက်တွင် ဓားနတ်ဘုရားဆန္ဒကို ယဲ့ချိုးပိုင် ရွှေဓားကျိုးပေါ်သို့ သွန်ထည့်လိုက်၏။
တုယွန်တစ်ခုခုပြောချင်သော်လည်း ဓားပိုင်နက်အောက်သို့ ရောက်သွားစောအခါ သူ့အမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
သူ့ကိုယ်ထဲက ဓားတာအိုနှင့် ဓားဆန္ဒက ဒီတဒင်္ဂမှာပင် ဖိနှိပ်ခံလိုက်ရပုံရသည်။
ယဲ့ချိုးပိုင်က ဒီဓားပိုင်နက်ထဲတွင် အကြွင်းမဲ့အရှင်သခင်တစ်ဦးအလားပင်။ သူ့နယ်ပယ်က ဘယ်လောက်ပဲမြင့်နေပါစေ သူနာခံစွာနှင့် အညံ့ခံရုံသာ တတ်နိုင်သည်။
ယဲ့ချိုးပိုင် ရွှေဓားကျိုးကို တည့်တည့်စိုက်ကြည့်ပြီး ထူးမခြားနားစွာပြောသည်။
"ငါဘာတွေးနေမလဲဆိုတာ မင်းလည်းသိမှာပါ"
"ငါအရည်အချင်းပြည့်မီတယ်လို့ မင်းထင်ရင် ငါနဲ့အတူလာခဲ့လိုက်"
"ငါအရည်အချင်းမရှိဘူးလို့ထင်ရင်တော့.... ဒီအတွက်တော့ ငါအရည်အချင်းမပြည့်မီဘူးလို့ မထင်ပါဘူး"
နောက်ဆုံးစကားလုံးကို ပြောသောအခါ ယဲ့ချိုးပိုင်၏ အမူအရာက ပုံမှန်မဟုတ်စွာပင် ခိုင်မာနေသည်။
ဒါက သူ့ဓားတာအိုထဲက ခိုင်မာသော ယုံကြည်မှုပင်။
ဘန်း......!
ဒီအခိုက်အတန့်မှာပင် ရွှေရောင်ဓားကျိုးက စတင်တုန်ခါလာပုံရသည်။
တုယွန်၏မျက်လုံးများက ပြူးကျယ်သွား၏။
ဖြစ်နိုင်တာက.....!
ပထမအကြိမ်ရှိလာပါက ဒုတိယအကြိမ်ဆိုတာ ရှိလာမည်သာ။
ရွှေဓားကျိုးရှိ ရွှေချည်မျှင်များက တင်မံစတင်တုန်ခါလာကြပြန်သည်။
တုန်ခါမှုတိုင်း၏ ကြိမ်နှုန်းနှင့် အတိုင်းအတာက အရင်ကထက် ပို၍ပင် ကြီးမားလာသည်။
ရွှေဓားကျိုး တုန်ခါပြီးနောက်တွင် ဓားသင်္ချိုင်းထဲက ဓားကျိုးအားလုံးကလည်း တစ်ချိန်တည်းမှာပင် စတင်တုန်ခါလာကြ၏။ ခမ်းနားကြီးကျယ်သည့် ဓားချီအမျှင်စများက ကောင်းကင်ပေါ် ထိုးတက်သွား၏။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်ပြုံးလိုက်သည်။ သူလက်ကိုအနည်းငယ် မြှောက်လိုက်စဉ် ရွှေဓားကျိုးက မြေကြီးထဲကနေ ခွဲထွက်လာသည်။
ရွှေဓားကျိုးကို ဆွဲထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဓားသင်္ချိုင်းတစ်ခုလုံးက တုန်ခါလာပြီး ဓားကျိုးများက တစ်ချိန်တည်းတွင် ပစ်လွှတ်သွားကြသည်။
ဒီရွှေဓားကျိုးက ယဲ့ချိုးပိုင် အနီးတစ်ဝိုက်တွင် ဆက်တိုက်လည်ပတ်နေကြ၏။
ဒါကဓားကျိုးတစ်လက် ဖြစ်နေသည့်တိုင် ဓားဟိန်းသံက ရှေးဟောင်းစစ်မြေပြင်အတွင်း မြည်ဟီးနေသည်။
တုယွန်ဒီမြင်ကွင်းကိုကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်သည်။ ထို့နောက် ပခုံးတွန့်ကာ အောက်ဆင်းသွားလေတော့သည်။
ဓားသင်္ချိုင်းထဲက မထွက်သွားသေးခင် တုယွန်လှည့်လာပြီး ယဲ့ချိုးပိုင်အား ကြည့်ရင်း ရေရွတ်သည်။
"အတိတ်က ငါဓားကို ကိရိယာတခုအဖြစ် အမြဲမှတ်ယူခဲ့တယ်၊ မင်းငါ့ကို သင်ခန်းစာတစ်ခု ပေးလိုက်ပြီ"
"ဒီလိုဆိုရင်တော့ ငါမင်းကို ကျေးဇူးကြွေးတစ်ခုတင်နေတယ်လို့ မှတ်ယူလိုက်ပါမယ်"
ထို့နောက် တုယွန်နောက်လှည့်မကြည့်ဘဲ ထွက်သွားလေတော့သည်။
ဒီအချိန်တွင် ယဲ့ချိုးပိုင် ရွှေဓားကျိုးကို ကြည့်လိုက်၏။ သူ့၀န်းကျင်က ထောင်ချီသော ဓားကျိုးများက ဓားတာအို၏ နိယာမစွမ်းအားအမျှင်စများအဖြစ် အမှန်တကယ် ပြောင်းလဲသွားကြပြီး ရွှေဓားကျိုးပေါ်က ကွက်လပ်များကို စတင်ဖြည့်စွက်ကြသည်။
ကွက်လပ်များကို ဖြည့်ပြီးနောက်တွင် ယဲ့ချိုးပိုင်၏အသိစိတ်က ရွှေဓားပေါ်မှ အော်ရာအမျှင်စတစ်ခုကြောင့် ရုတ်တရက် ဗလာကျင်းနေသည့် ကမ္ဘာတစ်ခုထဲသို့ ဆွဲသွင်းခံလိုက်ရသည်။
ထိုနေရာ၌ အော်ရာလည်း မရှိသလို နိယာမစွမ်းအားလည်း မရှိသဖြင့် အရာရာတိုင်းက လုပ်ကြံဖန်တီးထားသည့်အလား ထင်ရသည်။
ယဲ့ချိုးပိုင်ရှေ့တွင် သူ့ကိုပြုံးလျက် ကြည့်နေသည့် အဖြူ၀တ်လူတစ်ယောက်သာ ရှိသည်။
ယဲ့ချိုးပိုင် ဒီ၀တ်စုံဖြူလူကိုမှတ်မိသည်။
ဓားကျိုး၏မှတ်ဉာဏ်ထဲတွင် သူက မိစ္ဆာလူကို တိုက်ခိုက်ရန်အတွက် သူ့အသက်ဓာတ်နှင့် ဓားတစ်သောင်းအားလုံးကို အသုံးပြုခဲ့သောသူဖြစ်သည်။
"ကြည့်ရတာ ငရဲနတ်ဆိုးနယ်မြေအကြောင်း မင်းသိထားပုံပဲ" ၀တ်စုံဖြူလူက ယဲ့ချိုးပိုင်အား ပြုံးပြသည်။
"ဒီလိုဆိုမှတော့ ငါမင်းကို အများကြီး မိတ်ဆက်ပေးမနေတော့ဘူး"
"ငါမင်းကို တစ်ခုပဲပြောမယ်" ဒီနေရာတွင် ၀တ်စုံဖြူလူ၏ အမူအရာက အလွန်အမင်း လေးနက်သွားပြီး လေးနက်စွာပြောသည်။
"ငရဲနတ်ဆိုးနယ်မြေက လူတွေက အရမ်းအစွမ်းထက်တယ်၊ ခွန်အားနဲ့ နယ်ပယ်မှာတင်မဟုတ်ဘဲ သူတို့ရဲ့ စိတ်ဓာတ်ရေးရာ မဟာဗျူဟာတွေကလည်း အရမ်းကြောက်စရာကောင်းတယ်"
"အရင်က သေမျိုးကမ္ဘာ ရှုံးနိမ့်သွားရတဲ့ အဓိကအကြောင်းရင်းက နတ်ဆိုးနယ်မြေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြစ်ပြီး အတွင်းပိုင်းတည်ဆောက်ပုံတွေကို တဖြည်းဖြည်း ပြိုလဲပျက်စီးသွားစေခဲ့တယ်၊ ဒါက သေမျိုးကမ္ဘာ ရှုံးနိမ့်ရတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုပဲ"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ဒီလိုဆိုရင် သေမျိုးကမ္ဘာမှာ ငရဲနတ်ဆိုးနယ်မြေက ချန်ထားခဲ့တဲ့ လက်ကိုင်တုတ်တွေ ရှိနိုင်သေးတယ်ပေါ့"
"ဖြစ်နိုင်တယ်" ၀တ်စုံဖြူလူခေါင်းညိတ်သည်။
"ဒါပေမယ့် ငါသေချာအောင် လုပ်ချင်တာက ငရဲနတ်ဆိုးနယ်မြေဆင်းသက်လာတဲ့ အခါကျရင် မင်းရဲ့ဆန္ဒစွမ်းအားက ခိုင်ခံ့ပြီး တိုက်ပွဲကို ကြောက်တဲ့အတွက် မင်းအဝေးကို ထွက်မပြေးဘူးဆိုတာ အာမခံနိုင်လား၊ ပုန်ကန်ဖို့အတွက် ငရဲနတ်ဆိုးနယ်မြေက လှုံ့ဆော်သွေးထိုးပေးတာကို မင်းခံနိုင်မလား၊ မင်းရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ လိုအင်ဆန္ဒတွေအတွက် သေမျိုးကမ္ဘာရဲ့ အလုံးစုံအခြေအနေကို ဖျက်ဆီးပစ်မှာလား"
ဒါကိုကြားသော် ယဲ့ချိုးပိုင်လေးနက်စွာ ပြောသည်။
"ကျွန်တော်က ဓားသမားတစ်ယောက်ပဲ၊ ဒီတော့ တိုက်ပွဲကိုသေချာပေါက် မကြောက်ပါဘူး၊ တချိန်တည်းမှာပဲ ငရဲနတ်ဆိုးနယ်မြေက ကမ်းလှမ်းလာတဲ့ အကျိုးအမြတ်တွေကြောင့် ဆန့်ကျင်ပုန်ကန်မှာမဟုတ်ဘူး"
"သေချာတာပေါ့၊ ကျွန်တော့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လိုအင်ဆန္ဒတွေမှာ မိသားစုနဲ့ ဂိုဏ်းပါ၀င်လာမယ်ဆိုရင်တော့ သူတို့ကို ကျွန်တော်ဦးစားပေးမှာပဲ"
၀တ်စုံဖြူလူ ဒီအဖြေကို ကြားသောအခါ ပြုံးလိုက်လေသည်။
"အရမ်းကောင်းတယ်၊ ကမ္ဘာကြီးထဲမှာ သူတော်စင်ဆိုတာမရှိဘူး၊ ဘယ်သူကမှ သူတို့ဂိုဏ်းနဲ့မိသားစု ပျက်စီးသေဆုံးသွားရတာကို ရပ်ကြည့်နေမှာမဟုတ်ဘူး၊ တကယ်လို့သာ ဒီလိုဖြစ်ခဲ့ရင်လည်း အဲဒါက လူမဟုတ်လောက်ဘူး၊ စက်ယန္တရားတစ်ခုပဲဖြစ်ရမယ်"
"ဒီလိုဆိုမှတော့" ၀တ်စုံဖြူလူ လက်အစုံကို ဆန့်ထုတ်လိုက်သောအခါ ဓားအိမ်တစ်ခု ပေါ်လာခဲ့သည်။
"ဒါကရှေးဟောင်းရွှေဓားအိမ်ပဲ၊ မင်းမြင်တဲ့အတိုင်းပဲ မင်းဓားကို ဒီဓားအိမ်ထဲ သိုလှောင်ထည့်သွင်းထားနိုင်ပြီး အရေးကြီးအချိန်အခါတွေမှာ ထုတ်သုံးလို့ရတယ်"
"အခု ဒါကမင်းဟာဖြစ်သွားပြီ"
ဒီနေရာတွင် ၀တ်စုံဖြူလူက ရှေးဟောင်းရွှေဓားအိမ်ကို လက်နှစ်ဖက်နှင့် ပေးသည်။
ယဲ့ချိုးပိုင်၏အမူအရာက လေးလံနေသည်။ သူလက်နှစ်ဖက်နှင့် ဓားအိမ်ကို ယူပြီးပြောသည်။
"မစိုးရိမ်ပါနဲ့၊ စီနီယာ၊ ကျွန်တော့်လက်ထဲမှာ ရှေးဟောင်းရွှေဓားအိမ်က ဖုန်မတက်နေစေရပါဘူး"
အပိုင်း(1089) coming။