အခန်း (၁၈၅)
Vol. 13 Ch. 185
ချန်းပင်အန်းက နေ့စဉ်နေ့တိုင်း လမ်းလျှောက်ကျင့်စဉ်ကို တစ်ယောက်တည်း လေ့ကျင့်နေပြီး ဘဝကြီးကို ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်နေခဲ့ရသည်။ ထိုအရာတွင်သာမက သူက စိမ်းပြာဝတ်ကောင်လေးကို သူနှင့် တိုက်ခိုက်ရန် တောင်းဆိုခဲ့သည့်အတွက် သူ၏သိုင်းပညာအရည်အချင်းက ဆက်လက်မြင့်တက်လာနိုင်သည်။
ယခုတော့ သူက စိမ်းပြာဝတ်ကောင်လေး၏ လက်သီးတစ်ချက်ကြောင့် နှင်းတောထဲသို့ လွင့်သွားခဲ့ပြီး မြင်ကွင်းထဲမှပင် လုံးဝပျောက်ကွယ်သွားခဲ့ရ၏။ သို့သော် ချန်းပင်အန်း၏ သိုင်းပညာအဆင့်ကတော့ တိုးတက်လာခြင်းမရှိခဲ့ဘဲ သနားစရာကောင်းသော အဆင့်(၂)တွင်သာ ဆက်လက်ရှိနေခဲ့သည်။
ချန်းပင်အန်း၏ကံဆိုးမှုအပေါ် ဝမ်းနည်းသလို ခံစားနေရခြင်း သို့မဟုတ် သူ၏ပါရမီနည်းပါးမှုအပေါ် ဒေါသထွက်သလို ခံစားနေရသည့်အတွက် စိမ်းပြာဝတ်ကောင်လေးက အကြိမ်အနည်းငယ် လက်သီးနှင့် ပြင်းပြင်းထန်ထန် ထိုးခဲ့ရာ သူ့ဆရာက ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ အဝေးကို လွင့်သွားခဲ့သည်။
ချန်းပင်အန်းက အချိန်အတော်ကြာ ရုန်းကန်ပြီးမှသာ မတ်တပ်ရပ်နိုင်ခဲ့၏။ ထိုသို့ဖြစ်သည့်အချိန်တွင် ပန်းရောင်ဝတ် ကလေးမလေးက ဆက်ပြီး မကြည့်နိုင်တော့သည့်အတွက် တစ်ဖက်ကို လှည့်သွားခဲ့ရသည်။
ထိုကဲ့သို့သော အခြေအနေမျိုးနှင့် သူတို့က ချန်းပင်အန်း၏ မွေးရပ်မြေသို့ ပြန်လာခဲ့သည့် ခရီးစဉ်အတောအတွင်း ယခုနှစ်၏ ပထမဆုံးနှင်းကျမှုကို ကြုံတွေ့ခဲ့ရသည်။ နောက်ဆုံးတွင်တော့ သူတို့က မြေပုံပေါ်တွင် လေလှိုင်းကျက်သရေမြို့ဟု အမှတ်အသား ပြုထားသော မြို့တစ်မြို့ကို ရောက်လာခဲ့သည်။
ချန်းပင်အန်းက သူ့မွေးရပ်မြေ၏ အနောက်ဘက်တွင် ရှိနေသော တောင်တန်းများဆီသို့ ဦးတည်နေသော လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းကြောင့် သူတို့က ပန်းထိုးမြစ်၊ ဖယောင်းတိုင်နီမြို့နှင့် သွားစားပွဲတောင်တို့ကို နောက်တစ်ကြိမ် ဖြတ်သွားရန် မလိုတော့ပေ။
ချန်းပင်အန်းက ပို၍မရင်းနှီးသော မနေရာများကို သွားရောက်လည်ပတ်ချင်နေခဲ့သည်။ စာအုပ်အနည်းငယ်ဖတ်ရှုရန်၊ စာလုံး(၁)ထောင်ကျော်သင်ယူရန်၊ မီတာ(၁)သောင်း လမ်းလျှောက်ရန်နှင့် လက်သီးသိုင်းကို အကြိမ်တစ်သန်းလေ့ကျင့်ရန် … ထိုအရာက လက်ရှိချန်းပင်အန်း၏ ရည်မှန်းချက်လည်းဖြစ်သည်။ နေ့တစ်နေ့၏ အဆုံးသတ်တွင် သူက ထိုရည်မှန်းချက်ပြည့်ရန် ခြေတစ်လှမ်း နီးကပ်လာပြီဟု သတ်မှတ်နိုင်၏။
မြို့ငယ်လေးသို့ အပြန်ခရီးလမ်းအတောအတွင်း ချန်းပင်အန်းက နေ့စဉ်နေ့တိုင်း အလွန်အလုပ်များနေခဲ့၏။ သူက အခက်အခဲများစွာကိုလည်း ကြုံတွေ့ခဲ့ရသည်။ လီပေါင်ဖျင်တို့နှင့်အတူ တာ့ဆွေတိုင်းပြည်ထဲသို့ သွားခဲ့သောခရီးလမ်းနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်ကို အားဖြည့်ရန် လက်သီးသိုင်းကို ပို၍အချိန်ပေးပြီး လေ့ကျင့်နိုင်သည့်အပြင် သူ၏စိတ်ဝိညာဉ်ကို သန့်စင်ရန်အတွက် ချီစွမ်းအားများကိုလည်း လှည့်ပတ်နိုင်သည်။
တစ်စက်စက်ကျဆင်းလာသော ရေစက်များကပင် ကျောက်တုံးတစ်တုံးကို ဖျက်ဆီးပစ်နိုင်သည့်အတွက် နေ့စဉ်နေ့တိုင်း သူ၏ကြိုးစားအားထုတ်မှုများက နည်းနည်းချင်းဆီ တိုးတက်မှုကို ဖြစ်ပေါ်လာစေခဲ့သည်။ ချန်းပင်အန်းက အချိန်ဖြုန်းနေသည်ဟုသာ စိမ်းပြာဝတ်ကောင်လေးက ခံစားမိနေခဲ့၏။
သို့သော် သူ၏ကြိုးစားအားထုတ်မှုများက တဖြည်းဖြည်း အကျိုးအမြတ်များ ရှိလာကြောင်း ချန်းပင်အန်းကတော့ ရှင်းရှင်းလင်းလင်း ခံစားမိနေခဲ့သည်။ ရွှံ့ပုလင်းလမ်းကြားထဲမှ ကောင်လေးက သူ၏ကြိုးစားအားထုတ်မှုကြောင့် နေ့စဉ်နေ့တိုင်း ကြေးပြားအနည်းငယ် ရယူခဲ့ရသလို ခံစားခဲ့ရခြင်းဖြစ်သည်။
တဖြည်းဖြည်းနှင့် သူ၏စုဆောင်းမှုများက ပို၍ပို၍ တည်ငြိမ်လာခဲ့၏။ အပြင်လူများကတော့ ထိုအရာကို အချည်းနှီးဟုသာ ထင်မှတ်ထားသော်လည်း ချန်းပင်အန်းကတော့ ပို၍ဝမ်းသာနေသလို ခံစားမိနေခဲ့၏။
သူတို့က လေလှိုင်းကျက်သရေမြို့ထဲတွင် ရှိနေသော ဈေးထဲသို့ ရောက်လာခဲ့သည့်အချိန်တွင် ယခုနှစ်၏ နောက်ဆုံးလအနည်းငယ်ကို ရောက်နေပြီဖြစ်သည်။ ထိုမြို့က တာ့လီအင်ပါယာထဲတွင် ရှိနေသော တခြားမြို့များနှင့် ကွဲပြားသည်။ ဤမြို့လေးထဲတွင် စာအုပ်နှင့်ပတ်သက်၍ ပို၍ စိတ်ဝင်စားကြပုံရ၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် စာအုပ်ဆိုင် ပို၍များပြားစွာ ရှိနေခဲ့သည်။
သို့သော် ထိုစာအုပ်ဆိုင်များတွင် တန်ဖိုးရှိပြီး ရှားပါးသော စာအုပ်များတော့ မရှိချေ။ သူတို့ဆီတွင် ရှိနေသော စာအုပ်အများစုက ဈေးပေါပြီး အလွယ်တကူ ကူးယူနိုင်သော စာအုပ်များ၊ စာလုံးပေါင်းလွဲချော်နေသော စာအုပ်များသာ ဖြစ်ကြသည်။
စိမ်းပြာဝတ် ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့နှစ်ယောက်လုံးက အလွန်အဆင့်အတန်း မြင့်ကြ၏။ စိမ်းပြာဝတ်ကောင်လေးက အလွန်အဆင့်အတန်းမြင့်ပြီး တန်ဖိုးရှိသောအရာ အများအပြားလည်း ပိုင်ဆိုင်ထားသည်။ ပန်းရောင်ဝတ်ကလေးမလေးကတော့ ငယ်ငယ်လေးကတည်းက ကွန်ဖြူးရှပ်ကျမ်းစာများကို ဖတ်ရှုခဲ့ဖူးသည်။
ထို့ကြောင့် ချန်းပင်အန်းက ထိုစာအုပ်ဆိုင်အများစုကို ရှောင်သွားခဲ့ပြီး ကိစ္စရပ်တစ်ခုကိုသာ အလေးအနက်ထားခဲ့သည်။ သူက စာအုပ်စင်ပေါ်တွင် နေရာအတော်လေး ယူဆောင်ထားသော ‘ကျောက်စိမ်းတောင်ထိပ်ပေါ်တွင် နှင်းများလောင်ကျွမ်းခြင်း’ဟူသည့် (၁၂)အုပ်တွဲစာအုပ်ကို အလွန်စိတ်ဝင်စားနေခဲ့၏။
သို့သော် သူ၏ဝါးခြင်းတောင်းလေးက အလွန်သေးငယ်နေသည့်အတွက် ထိုစာအုပ်တွဲကြီးကို သယ်ဆောင်ရန် မလုံလောက်ပေ။ ထို့ပြင် ထိုစာအုပ်တွဲကြီးက ဝယ်ယူရန် အလွန်ဈေးများလှသည်။ ထို့ကြောင့် ချန်းပင်အန်းက စာရေးဆရာ ချမ်းရွှေတုံရေးသားထားသော ‘သိမ်မွေ့စွာ လှုပ်ရှားနေသည့်သံဓား’ဟူသော စာအုပ်တစ်အုပ်ကိုသာ ဝယ်ယူခဲ့သည်။
စာအုပ်ဆိုင် ပိုင်ရှင်အိုကြီးက ချန်းပင်အန်း၏အကြိုက်ကို ချီးကျူးနေခဲ့သည်။ ထိုစာအုပ်က ခုံရုံးဝါတိုင်းပြည်၏ ယခင်လက်ထောက်အမတ်ကြီး ရေးသားထားခဲ့သော စာအုပ်တစ်အုပ်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ထိုအရာကို ဝယ်ယူလိုက်ခြင်းက အကျိုးအမြတ်များစွာ ရနိုင်၏။ ချမ်းရွှေတုံက သိပ်မကြာခင် တောင်တန်းများထဲမှ ထွက်ခွာပြီး တာ့လီအင်ပါယာ၏ ကျောင်းတော်အသစ်တွင် လက်ထောက်တောင်ထိပ်သခင် ဖြစ်လာတော့မည်ဖြစ်သည်။
ညရောက်သည့် အချိန်တွင် ချန်းပင်အန်းက ဈေးပေါသော တည်းခိုဆောင်တစ်ခုကို ရွေးချယ်ပြီး တစ်နေ့တာလုံး ရရှိခဲ့သည့် အကျိုးအမြတ်များကို ပြန်လည်ခံစားကြည့်နေခဲ့၏။ သူက အနီးအနားတွင် အခန်းတစ်ခန်းကို ငှားယူခဲ့ပြီး ပန်းရောင်ဝတ် ကလေးမလေးကို တစ်ယောက်တည်း အခန်းတစ်ခန်းပေးခဲ့သည်။
ချန်းပင်အန်းနှင့်အတူ အခန်းထဲသို့ ဝင်လာပြီးနောက် စိမ်းပြာဝတ်ကောင်လေးက နှာခေါင်းရှုံ့၍ မျက်မှောင်ကြုတ်လိုက်မိသည်။ သူက အခန်းထဲမှ ရနံ့များကို ဖယ်ရှားရန် လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအရာက မည်သို့လုပ်ဆောင်စေကာမူ ပျောက်မသွားနိုင်သော ရနံ့တစ်ခုဖြစ်သည်။ သို့သော် ရေမြွေဖြစ်သည့် စိမ်းပြာဝတ်ကောင်လေးကတော့ ထိုရနံ့များကို ပြတင်းပေါက်မှ ဖယ်ရှားပစ်နိုင်ခဲ့၏။
တံခါးပိတ်လိုက်ပြီးနောက် ချန်းပင်အန်းက တာ့လီအင်ပါယာ၏ တောင်ပိုင်းမြေပုံကို စားပွဲပေါ်တွင် နေရာချလိုက်သည်။ ထိုမြေပုံကို အရာရှိများ၊ ရုံးတော်များကသာ ပိုင်ဆိုင်ကြပြီး ထိုကဲ့သို့ မြေပုံတစ်ခုကို သာမန်လူတစ်ယောက် ပိုင်ဆိုင်ထားခြင်းက အပြစ်ကြီးတစ်ခု ကျူးလွန်ထားခြင်းဖြစ်သည်။
ချန်းပင်အန်းက လေလှိုင်းကျက်သရေမြို့နှင့် လုံချွမ်တိုင်းပြည်၏ ကြားထဲတွင် ရှိနေသော ကီလိုမီတာ(၃၀၀)ခန့်ကို သေချာအာရုံစိုက်နေသည်။ ကီလိုမီတာ(၃၀၀)၏ တစ်ဝက်ခန့်ထိ တရားဝင်လမ်းမကြီး ရှိနေပြီး ထိုအရာက ကုန်သည်များ ခရီးသွားလာရ လွယ်ကူစေရန် ဖန်တီးထားခြင်းဖြစ်သည်။ တခြားတစ်ဝက်ကတော့ လှုပ်ရှားတည်ငြိမ်မြစ်ကို ဖြတ်သွားရသည့် ရေလမ်းကြောင်းတစ်ခုဖြစ်၏။ ထိုအရာကတော့ သွားလာရန် အတော်လေးခက်ခဲသည်။
တာ့ဆွေတိုင်းပြည်သို့ သွားခဲ့သော ချန်းပင်အန်း၏ခရီးလမ်းနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ထိုကီလိုမီတာ(၃၀၀)ခန့်က ခြေလှမ်းအနည်းငယ်ထက် မပိုခဲ့ပေ။
ညစာစားပြီးနောက် ချန်းပင်အန်းက မတ်တပ်ကျင့်စဉ်ကို ဆက်လက်လေ့ကျင့်နေခဲ့၏။ မကြာခဏဆိုသလို သူက မိန်းမပျိုတစ်ယောက်၏ ကျိန်ဆဲသံနှင့် တည်းခိုဆောင်ပိုင်ရှင်၏ တောင်းပန်သံများကို ကြားနေရသည်။
မြို့ငယ်လေးထဲတွင် ရှိနေသော ရွှံ့ပုလင်းလမ်းကြားနှင့် တရုတ်ဇီးသီးပွင့်လမ်းကြားတို့ကရော ထိုသို့မဟုတ်ပေသလော။ သို့သော် ထိုအချိန်တွင် ကုစန့်၏အမေက လမ်းကြားလေးထဲ၌ နေထိုင်ခဲ့ပြီး အလွန်ရိုင်းစိုင်းသော အဘွားမာလည်း မသေသေးပေ။ ကျောင်းသားငယ်လေးများ ကျမ်းစာရွတ်ဖတ်နေသည့်အသံကလည်း ကျောင်းငယ်လေးထဲမှနေ၍ နေ့စဉ်နေ့တိုင်း ညီညာစွာ ထွက်ပေါ်လာတတ်သည်။
ချန်းပင်အန်း နောက်တစ်ကြိမ် ပြန်သွားခဲ့သည့်အချိန်တွင် ရှေးဟောင်းသစ်ခါးပင်အိုကြီးက ပျောက်ကွယ်သွားသည်။ တံခါးစောင့်က ပျောက်ကွယ်သွားပြီး နှစ်သစ်ကူး ရောက်လာသည့်အချိန်တွင် အိမ်နီးချင်း၏ အိမ်ရှေ့တံခါးပေါ်၌ နှစ်သစ်ကူး စာရွက်အသစ်များ ပေါ်မလာတော့ပေ။
ချန်းပင်အန်းက လမ်းလျှောက်ကျင့်စဉ် ပြီးဆုံးသွားသည့်အချိန်၌ သက်ပြင်းချလိုက်မိသည်။ သူက ပြတင်းပေါက်ဆီသို့လျှောက်သွားပြီး အိတ်ကပ်ငယ်လေးထဲမှနေ၍ ငွေရောင်ဓားလေးကို ယူလိုက်သည်။ အထူးသဖြင့် ထိုအရာကို သူ၏အင်္ကျီလက်အတွင်းထဲတွင် ချည်နှောင်ထားခြင်းဖြစ်၏။ သူက လက်ထဲတွင် ထိုဓားလေးကို သေချာဂရုတစိုက် ကိုင်ကြည့်နေခဲ့သည်။
"မင်းက သေချင်နေတာပဲ…"
စိမ်းပြာဝတ်ကောင်လေးက ရုတ်တရက် အော်လိုက်သည်။
ထိုအသံကြားသည့်အတွက် ချန်းပင်အန်းက ပြန်လှည့်ကြည့်လိုက်ရာ စိမ်းပြာဝတ်ကောင်လေးက လက်ချောင်းလေးနှစ်ခုကြားထဲတွင် မီးခိုးရောင်အမျှင်လေးတစ်ခုကို ကိုင်ထားကြောင်း မြင်လိုက်ရသည်။ သူက ထိုလက်ချောင်းလေးများကို ဖိချေလိုက်သည့်အချိန်တွင် ထိုမီးခိုးရောင်အငွေ့လေးက ဖြည်းညင်းစွာ ပျောက်ကွယ်လာခဲ့၏။ ဒေါသတကြီး အော်သံတစ်ခုကို အော်သံတစ်ခုကိုလည်း ကြားလိုက်ရသည်။
ချန်းပင်အန်းက ရှုပ်ထွေးနေသည်ကို မြင်လိုက်ရသည့်အခါ စိမ်းပြာဝတ်ကောင်လေးက ဝမ်းသာအားရ ရှင်းပြလိုက်သည်။
"ဆရာ…
ကျွန်တော်က ဒီရိုင်းစိုင်းတဲ့ဝိညာဉ်လေးကို ဖျက်ဆီးလိုက်ပြီ။ သူက ဆရာ့ရဲ့ ပိုင်နက်ထဲမှာတောင် လှည့်ပတ်ပြီး သွားလာနေရဲတယ်။ သူက သေချင်နေတာပဲ..”
ထိုကောင်လေးက ချီးကျူးမှုကို တောင်းဆိုနေသလို ထင်မှတ်ရသည်။ သူက ပျောက်ကွယ်သွားသော မီးခိုးငွေ့များကို လက်ညှိုးထိုးပြီး ဆက်ပြောလိုက်၏။
"ဒီလိုဝိညာဉ်မျိုးက ခေါင်းအုံးဝိညာဉ်လို့ခေါ်တယ်။ သူတို့မှာ ခန္ဓာကိုယ်မရှိဘူး။ ဒါပေမဲ့ သူတို့နဲ့အတူ သယ်ဆောင်လာတဲ့လေလှိုင်းက ဒီကမ္ဘာကြီးထဲမှာ ကြောက်စရာ အကောင်းဆုံးလေလှိုင်းတွေထဲက တစ်ခုပဲ။ အဲဒီဝိညာဉ်တွေက လှည့်စားတတ်တဲ့အပြင် ပါးစပ်ကလည်း နံတယ်။ သူတို့က မိန်းကလေးတွေဆီကို သွားတဲ့အချိန်တိုင်း အဲဒီဝိညာဉ်တွေက မိန်းကလေးတွေရဲ့ စကားလုံးတွေထဲက ရိုင်းစိုင်းတဲ့လေလှိုင်းတွေကို သေသေချာချာ စုပ်ယူတတ်ကြတယ်။ ဒါကြောင့် သူတို့က မိသားစုတွေကြားထဲမှာ ပြဿနာတွေ ဖြစ်စေတာ။ အထူးသဖြင့် လင်မယားတွေကြားထဲမှာပဲ။ ဒါကို သာမန်လူတွေကတော့ ခေါင်းအုံးလေလှိုင်းလို့ခေါ်ကြတယ်။ ပြောရမယ်ဆိုရင် ပုံမှန်အားဖြင့်တော့ ဒီဝိညာဉ်တွေရဲ့ နှောင့်ယှက်မှုကြောင့် ရန်ဖြစ်ကြတာပေါ့…"
ချန်းပင်အန်းက သက်ပြင်းချပြီး အပြုံးနှင့် ပြောလိုက်သည်။
"နောက်ပိုင်း မင်းက သူတို့နဲ့တွေ့ရင် ဝေးဝေးကိုပဲ မောင်းထုတ်လိုက်ပါ။ သူတို့ကို သတ်ပစ်ဖို့မလိုဘူး…"
"ဪ၊ ဟုတ်ကဲ့ပါဆရာ…"
စိမ်းပြာဝတ်ကောင်လေးက ခေါင်းကုတ်ပြီး မေးလိုက်သည်။
"ဆရာ …
ဆရာ့ဆီမှာ ဗုဒ္ဓလို နှလုံးသားမျိုး မရှိတော့ဘူးလား။ ဘာလို့ဆရာက ဒီလိုကြောက်စရာကောင်းတဲ့ ဝိညာဉ်တွေကို တွေ့တဲ့အချိန်တိုင်း ကောင်းကင်ဘုံရဲ့ကိုယ်စား တရားမျှတမှုကို လုပ်ဆောင်မပေးရတာလဲ.."
ချန်းပင်အန်းက ရယ်ရမလား၊ ငိုရမလားပင် မသိတော့ချေ။
"ကောင်းကင်ဘုံရဲ့ကိုယ်စား လုပ်ဆောင်ပေးရမယ်ဆိုတာ ဘာပြောချင်တာလဲ။ ငါက လုံလောက်အောင် အစွမ်းမထက်သေးဘူးလေ…"
ချန်းပင်အန်းက လျင်မြန်စွာ ရပ်တန့်လိုက်ပြီး မည်သည့်စကားမျှထပ်မပြောတော့ပေ။
စိမ်းပြာဝတ်ကောင်လေးက ဘာကြောင့်မှန်း မသိသော်လည်း အနည်းငယ် စိတ်ပျက်သွားသလို ခံစားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် သူက ရိုးသားပြီး သနားကြင်နာတတ်သော သူ့ဆရာဆီမှ စည်းမျဉ်းများ၊ အကျိုးအကြောင်း သဘောတရားများကို မကြားနိုင်တော့သည့်အတွက်ဖြစ်သည်။
အတိတ်တွင်တော့ သူ့ဆရာ၏ရှင်းပြမှုများက ပျင်းစရာကောင်းပြီး စိတ်ရှုပ်စရာကောင်းသည်ဟု သူ အမြဲတမ်းတွေးမိခဲ့သည်။ စစ်ကျောင်းသူတော်စင် ကျောင်းဆောင်ထဲရှိ အဖြစ်အပျက် ပြီးဆုံးသွားခဲ့ပြီးနောက် ချန်းပင်အန်းက သူ့ကို စည်းမျဉ်းများ၊ သဘောတရားများ လုံးဝမပြောတော့ပေ။ ထိုအရာက ပို၍ပင် ပျင်းစရာကောင်းနေခဲ့၏။
စိမ်းပြာဝတ်ကောင်လေးက စားပွဲပေါ်တွင် လက်နှစ်ဖက်ပေါ်သို့ ခေါင်းအုံးပြီး အိပ်နေခဲ့သည်။ လက်ရှိအချိန်တွင် သူက အလွန်နေမကောင်း ဖြစ်နေသလို ခံစားနေရ၏။ ထိုအရာကို ခေါင်းထဲတွင် တွေးမိခဲ့သည့်အတွက် သူက စားပွဲပေါ်သို့တက်ပြီး လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်ကို လွှဲနေခဲ့သည်။ သူက အမိုးပေါ်သို့ အားရပါးရငေးကြည့်နေမိခဲ့၏။
ထိုအချိန်တွင် သူက ပိုင်ရှင်မရှိသော ပင့်ကူအိမ်လေးတစ်ခုကို မြင်လိုက်ရသည်။ ထိုအရာကို အချိန်အတော်ကြာငေးကြည့်နေခဲ့ပြီးနောက် သူက စိတ်မဝင်စားတော့ဘဲ စားပွဲပေါ်သို့ ပြန်လှည့်ကြည့်လိုက်ပြန်သည်။
စောင်နှင့်အိပ်ရာခင်းများကို ရှင်းလင်းလိုက်ပြီးနောက် ပန်းရောင်ဝတ် ကလေးမလေးက သူမ၏ဆရာအတွက်လည်း ရှင်းလင်းပေးရန် ရောက်လာခဲ့သည်။ သူမ ရောက်လာသည့်အချိန်တွင် နောက်ကျောပေါ်၌ ချွေးတုံရှန်း၏ စာအုပ်သေတ္တာကို သယ်ဆောင်လာရန်လည်း မမေ့ခဲ့ချေ။
သူတို့က မြို့ငယ်လေးသို့ ပြန်လာသော ခရီးလမ်းအတောအတွင်း တောထဲတွင် မကြာခဏ စခန်းချခဲ့သော်လည်း သူမကတော့ ထိုစာအုပ်သေတ္တာလေးကို ကာကွယ်စောင့်ရှောက်ထားရန် လုံးဝမမေ့ခဲ့ချေ။ ထို့ကြောင့် သူမက ကျိလန် ချောင်ကလန်၏ ကျမ်းစာ စာကြည့်တိုက်ထဲတွင် ချွေးတုံရှန်း ပြသခဲ့သောအစွမ်းကို မည်မျှကြောက်လန့်နေကြောင်း သိသာနေသည်။
ချန်းပင်အန်းက ငွေတုံးလေးကို သိမ်းလိုက်ပြီး စားပွဲပေါ်သို့ လျှောက်လာခဲ့၏။ စိမ်းပြာဝတ်ကောင်လေးက အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီး သူ့ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။
ချန်းပင်အန်းက သူ၏ဝါးခြင်းတောင်းထဲမှနေ၍ ‘ညင်သာစွာလှုပ်ရှားသောသံဓား’ ဟူသည့် စာအုပ်ကို ထုတ်ယူလိုက်သည်။ ထိုစာအုပ်ထဲတွင် အလွန်များပြားသော မင်ရနံ့များ ပြည့်နှက်နေ၏။ ထိုအချိန်တွင် စိမ်းပြာဝတ်ကောင်လေးက လက်အောက်ငယ်သား တစ်ယောက်ကဲ့သို့ မီးအိမ်တစ်ခုကို အလျင်အမြန်ယူလာပြီး မီးထွန်းရန် ကူညီပေးခဲ့သည်။ ချန်းပင်အန်းနှင့် ကလေးနှစ်ယောက်က စားပွဲဝိုင်းဘေးတွင် ထိုင်နေကြ၏။
စိမ်းပြာဝတ်ကောင်လေးက ချန်းပင်အန်း စာဖတ်နေသည်ကို နှောင့်ယှက်ရဲခြင်းမရှိချေ။ ထို့ကြောင့်သူက ပန်းရောင်ဝတ် ကလေးမလေးကို လှည့်ကြည့်ပြီး အပြုံးနှင့် မေးလိုက်၏။
"ငါတို့က မြွေကျောက်တုံးတစ်တုံးကို စားလိုက်မယ်ဆိုရင် အလယ်ဘုံ(၅)ဆင့်ကို တက်လှမ်းနိုင်ပြီ။ နင်က စိတ်လှုပ်ရှားနေလား…"
ချန်းပင်အန်းက သူတို့၏ဘေးတွင် ထိုင်နေသည့်အတွက် ပန်းရောင်ဝတ် ကလေးမလေးက ပုံမှန်ထက်ပိုပြီး ယုံကြည်မှုရှိနေသလို ခံစားနေရသည်။
"ငါ့ရဲ့မြွေကျောက်တုံးကိုရဖို့ မစဉ်းစားနဲ့…"
သူမက ပြန်ဖြေလိုက်၏။
စိမ်းပြာဝတ်ကောင်လေးက အပြုံးနှင့်ပြောလိုက်သည်။
"မြွေကျောက်တုံးတွေမှာ အရွယ်အစားနဲ့အရည်အသွေး ကွဲပြားတယ်လို့ ဆရာ ငါ့ကို ပြောခဲ့တယ်။ အရူးမလေး … ငါတို့ရဲ့ခရီးစဉ်အတောအတွင်း နင်က ဘာမှကူညီမပေးခဲ့ဘူး။ နင်က ဘာမှလည်း အသုံးမဝင်ဘူး။ ဆရာက နင့်ကို အသေးဆုံးနဲ့ အရည်အသွေးအနိမ့်ဆုံး မြွေကျောက်တုံးတွေပဲပေးခဲ့တာ။ ငါကတော့ ဆရာ့ရဲ့လေ့ကျင့်မှုတွေကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့တယ်။ ဒါကြောင့် ငါက အကြီးဆုံးနဲ့အရည်အသွေးအကောင်းဆုံး မြွေကျောက်တုံးနှစ်တုံးတောင် ရခဲ့တယ်။ အမှန်အတိုင်းပြောရရင် ငါ့ရဲ့မြွေကျောက်တုံးက နင့်ရဲ့မြွေကျောက်တုံး(၁၀)တုံးနဲ့တောင် ညီမျှတယ်…"
ပန်းရောင်ဝတ် ကလေးမလေးက ချန်းပင်အန်းကို လှည့်ကြည့်လိုက်သည်။
"သူ ပေါက်ကရပြောတာတွေကို နားမထောင်နဲ့…"
ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်ပြီး နောက်ထပ်စာရွက်တစ်ခုကို လှန်လိုက်သည်။
ပန်းရောင်ဝတ်ကလေးမလေးက သူမကို လှည့်စားရန် ကြိုးစားနေသော စိမ်းပြာဝတ်ကောင်လေးကို ကြည့်လိုက်သည်။
စိမ်းပြာဝတ်ကောင်လေးက စားပွဲကို လက်နှင့်ရိုက်ပြီး ပြောလိုက်၏။
"နင်က ဆန့်ကျင်ဖို့ ကြိုးစားနေတာလား…"
ပန်းရောင်ဝတ် ကလေးမလေးက ချန်းပင်အန်း၏အနားသို့ ပို၍တိုးကပ်သွားခဲ့သည်။ ချန်းပင်အန်းက ထိုအရာနှင့် အသားကျနေပြီဖြစ်သည့်အတွက် မီးစပါးအုံးမြွေလေးအတွက် သီးသန့် စကားပြောဆိုပေးခဲ့ခြင်းမရှိချေ။ ထိုအစား သူက တိတ်တဆိတ်ဆက်၍ စာဖတ်နေခဲ့၏။
အိုမင်းနေသော မီးအိမ်ကြီး၏ အဝါရောင်မီးမှိန်မှိန်အောက်တွင် ချန်းပင်အန်းက စာရွက်များကို တစ်ရွက်ပြီးတစ်ရွက် လှန်နေခဲ့သည်။ သူ စာဖတ်နေသည့်အချိန်တွင် သွားစားပွဲတောင်မှ ကျန်ရှိနေသော ဝါးပြားလေးတချို့နှင့် စတိုးဆိုင်မှ ဆိုင်ရှင်လက်ဆောင်ပေးခဲ့သော ကျောက်စိမ်းထွင်းဓားတို့ကို ထုတ်လိုက်သည်။ သူက အလွန်သဘောကျသော စာသားတစ်ခုကို တွေ့သည့်အချိန်တိုင်း ထိုအရာကို ဝါးပြားလေးပေါ်တွင် ထွင်းတတ်သည်။
စိမ်းပြာဝတ်ကောင်လေးကတော့ စားပွဲပေါ်သို့ မျက်နှာမှောက်နေပြီး မျက်လုံးကို လှန်ကြည့်နေခဲ့၏။ သူက ထူးဆန်းစွာ လုပ်ဆောင်နေခြင်းဖြစ်သည်။
ပန်းရောင်ဝတ် ကလေးမလေးကတော့ သူ့ကိုပြန်လှည့်မကြည့်ရဲချေ။ ထို့ကြောင့် သူမက ချန်းပင်အန်း၏အနားသို့ ကပ်သွားပြီး ဝါးပြားလေးပေါ်တွင် သူမ၏ဆရာ ထွင်းထုနေသော စာလုံးများကိုသာ စိုက်ကြည့်နေခဲ့၏။
ချန်းပင်အန်းက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။ ခဏကြာ စဉ်းစားနေပြီးနောက် သူက မေးလိုက်၏။
"လူတစ်ယောက်က ချမ်းသာလာပြီဆိုရင် လမ်းခင်း၊ တံတားဆောက်ဖို့ လိုအပ်တယ်လို့ ဒီစာအုပ်ထဲမှာ ပြောထားတယ်။ ဒါပေမဲ့ ရဲတိုက်ကြီးတွေ၊ အုတ်ဂူကြီးတွေ ဆောက်လို့တော့ မရနိုင်ဘူး…"
ထိုစကားကိုကြားသည့်အခါ စိမ်းပြာဝတ်ကောင်လေးက ရယ်လိုက်မိသည်။ သို့သော် သူက စကားတစ်ခွန်းမျှဝင်မပြောခဲ့ပေ။ သူကတော့ စိတ်ဝင်စားမှုမရှိသလို အမူအရာနှင့်သာ ဆက်၍ ရှိနေခဲ့၏။
ထိုအချိန်တွင် ပန်းရောင်ဝတ်ကလေးမလေးက ခေါင်းညိတ်ပြီး တိတ်တဆိတ် ပြန်ပြောလိုက်သည်။
"ဆရာ…
တချို့စာသင်သားတွေက အဲဒီစည်းမျဉ်းတွေကို တကယ်ပဲ လိုက်နာကြတယ်။ လူတွေက ကောင်းတဲ့အရာတွေလုပ်ပြီး ကြွယ်ဝချမ်းသာလာရင် တခြားသူတွေကို ကူညီပေးနိုင်ဖို့ သူတို့က မျှော်လင့်နေကြတယ်.."
ထိုစကားကိုကြားသည့်အခါ ချန်းပင်အန်းက အနည်းငယ် စဉ်းစားနေခဲ့သည်။ မူလတုန်းကတော့ သူက အိမ်သို့ပြန်ရောက်လျှင် နှစ်သစ်ကူးပွဲမတိုင်ခင် သူ့မိဘများအတွက် အလွန်ကြီးကျယ်ခမ်းနားသော အုတ်ဂူတစ်ခုတည်ဆောက်ပေးရန် ငွေကြေးတချို့ကို သုံးချင်ခဲ့သည်။ ထိုသို့ဆိုလျှင် သူတို့၏အုတ်ဂူက သင့်တင့်မျှတသော အုတ်ဂူတစ်ခုဖြစ်သွားနိုင်၏။
နောက်ဆုံးတွင်တော့ စိမ်းပြာဝတ်ကောင်လေးက မနေနိုင်တော့ဘဲ ပြောလိုက်သည်။
"ဆရာ…
ဆရာက အခုထိ စာသင်သားတစ်ယောက် မဖြစ်သေးဘူးလေ။ ဘာလို့ အဲဒီစည်းမျဉ်းတွေကို လိုက်နာဖို့လ ိုအပ်မှာလဲ။ တကယ်လို့ ဆရာက အဲဒီအကြောင်းကို အမှန်တကယ် စိုးရိမ်နေတယ်ဆိုရင်တောင် တစ်ချိန်တည်းမှာပဲ လမ်းတွေဖောက်၊ တံတားတွေဆောက်ပေးဖို့လည်း ရွေးချယ်လို့ရတာပဲ။ အဲဒီအချိန်ကျလာရင် ကျွန်တော်ကိုယ်တိုင် ဆရာ့ကို ကူညီပေးနိုင်တယ်။ ဒါဆိုရင် ကျွန်တော်တို့က ငွေကြေးတွေ သုံးနိုင်တဲ့အပြင် ကောင်းတာတွေလည်း လုပ်နိုင်တယ်။ အဲဒီအရာနဲ့ပတ်သက်ပြီး ကောင်းကင်ဘုံက သေချာပေါက် အပြစ်တင်မှာမဟုတ်ဘူး…"
ချန်းပင်အန်းက ရုတ်တရက် နားလည်သွားခဲ့ပြီး သူ့ရင်ထဲတွင် ပေါ်လာသော အစိုင်အခဲက လျင်မြန်စွာ ပြေလျော့သွားခဲ့၏။ သူက စိမ်းပြာဝတ်ကောင်လေးကိုကြည့်ပြီး လက်မထောင်ပြလိုက်သည်။
"ကောင်းတယ်၊ ဒါက အရမ်းကောင်းတဲ့ ရှင်းလင်းမှုတစ်ခုပဲ…"
သူက ပျော်ရွှင်စွာ ပြောလိုက်သည်။
သူမ၏ဆရာ အလွန်ဝမ်းသာသွားသည်ကိုမြင်သည့်အခါ ပန်းရောင်ဝတ် ကလေးမလေးကလည်း အလွန်ပျော်ရွှင်သွားခဲ့သည်။
ထိုအရာကိုမြင်သည့်အခါ စိမ်းပြာဝတ်ကောင်လေးက အတော်လေး လှုပ်ရှားသွားခဲ့၏။ သူက အလျင်အမြန်ခေါင်းငုံ့လိုက်ပြီး မျက်လုံးထဲမှ မျက်ရည်များပင် စီးကျမတတ် ဖြစ်လာခဲ့သည်။
သူတို့က တရားဝင်လမ်းမအတိုင်း မြို့ငယ်လေးဆီသို့ ဆက်၍ထွက်လာကြသည်။ ထို့နောက် သူတို့က ရေလမ်းကြောင်းမှ ခရီးနှင်လာခဲ့ကြ၏။ ရက်အနည်းငယ် ကြာပြီးနောက် ချန်းပင်အန်းနှင့် ထိုကလေးနှစ်ယောက်က အဝေးတွင် အလွန်မြင့်မားသော တောင်မြင့်ကြီးတစ်ခု၏ အရိပ်ကို မြင်လိုက်ရသည်။
ချန်းပင်အန်းက မတ်တပ်ရပ်လိုက်ပြီး ဘယ်ဘက်လက်နှင့် ညာဘက်လက်ကို စိမ်းပြာဝတ်ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့၏ ခေါင်းပေါ်သို့ အသာအယာ တင်လိုက်သည်။
သူက လော်ပိုတောင်ဟုခေါ်သော တောင်မြင့်ကြီးကို လက်ညှိုးထိုးပြပြီး အပြုံးနှင့် ပြောလိုက်၏။
"ငါတို့အိမ်ရောက်ပြီ။ ငါ့ရဲ့အိမ်ပေါ့…"
Translated by Hein Htet.