အခန်း (၁၈၆)
Vol. 13 Ch. 186
လော်ပိုတောင်ကို မြင်လိုက်ရပြီးနောက် ချန်းပင်အန်းက အိမ်ပြန်ရန် ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။ သူက လမ်းလျှောက်ကျင့်စဉ်နှင့် မတ်တပ်ကျင့်စဉ်တို့ကိုလည်း ဂရုစိုက်နိုင်ခြင်း မရှိတော့ချေ။ သူက အိမ်သို့ပြန်ရောက်လာသည့်အချိန်တွင် စိုးရိမ်မှုတစ်ခုမှ ခံစားခဲ့ရခြင်း မရှိချေ။ ထိုအစား သူက မြို့ငယ်လေးဆီသို့ ပြေးသွားရန်သာ အာရုံစိုက်နေခဲ့သည်။ သူ၏ပြေးလွှားမှုကြောင့် သူ၏ဝါးခြင်းထောင်လေးထဲတွင် တစ်ဝက်ကျော် နေရာယူထားသော မြေအိတ်ကလေးများကလည်း လှုပ်ရှားနေကြ၏။
စိမ်းပြာဝတ်ကောင်လေးနှင့် ပန်းရောင်ဝတ်ကလေးမလေးတို့ကလည်း သူ့နောက်မှ အလျင်အမြန် ပြေးလိုက်လာခဲ့ကြသည်။ ကောင်လေးက ပတ်ပတ်လည်သို့ လှည့်ကြည့်နေသည်။ အမှန်အတိုင်းပြောရလျှင် ကလေးနှစ်ယောက်က တာ့လီအင်ပါယာ လုံချွမ်တိုင်းပြည်၏အနားသို့ ရောက်လာပြီးနောက် လေထဲတွင် ရှိနေသော စွမ်းအားပမာဏက ထူးထူးခြားခြားကို များပြားကြောင်း သတိထားမိကြသည်။
ထိုအရာက သူတို့၏ ခန္ဓာကိုယ်ထဲသို့ အလွန်သက်တောင့်သက်သာရှိသော ခံစားမှုတစ်ခု တိုးဝင်လာသလို ခံစားမှုမျိုး ဖြစ်သည်။ ရေမြွေတစ်ကောင်ဖြစ်သော စိမ်းပြာဝတ်ကောင်လေးကတော့ ခေါင်းကို မော့ထားပြီး အဝေးတွင်ရှိနေသော တောင်မြင့်ကြီးကို ကြည့်နေမိသည်။ သူက စားစရာများ ပြည့်နေသော စားပွဲဝိုင်းတစ်ခုကို ကြည့်နေရသလို ပါးစပ်ကလည်း လှုပ်ရှားနေခဲ့၏။
လွန်ခဲ့သော အချိန်အနည်းငယ်ခန့်တွင် အနီရောင်တိမ်တိုက်များနှင့် ရေစက်ကလေးများကို စားသုံးခြင်းက ရေနဂါးများနှင့် တခြားသောမျိုးနွယ်များအတွက် အနိမ့်ဆုံးအဆင့် ကျင့်ကြံမှုတစ်ခုဟု စိမ်းပြာဝတ်ကောင်လေးက မှတ်ချက်ပေးခဲ့ဖူးသည်။ ထိုကဲ့သို့ ကျင့်ကြံခြင်းက အလွန်အမင်းကို နှေးကွေး၏။
တောင်တန်းများ၏အုတ်မြစ်နှင့် မြစ်ချောင်းများ၏ ကံကြမ္မာကို ဝါးမြိုမှသာ သူတို့၏ကျင့်ကြံမှုက အဆပေါင်းများစွာ တိုးတက်လာနိုင်၏။ သို့သော် စွမ်းအား အလွန်များပြားလွန်းလှသော နာမည်ကျော်တောင်တန်းများကို အစွမ်းထက်သော အင်အားစုများ သို့မဟုတ် တိုင်းပြည်များ ပိုင်ဆိုင်ထားကြသည်။ သူတို့က ထိုတောင်တန်းများကို သူတို့၏ တားမြစ်နယ်မြေများအဖြစ် သတ်မှတ်ထားကြပြီး တိုင်းပြည်များကလည်း ထိုတောင်တန်းများပေါ်တွင် တောင်တန်းနတ်ဘုရား ကျောင်းဆောင်များ တည်ဆောက်ပေးထားကြသည်။
စိမ်းပြာဝတ်ကောင်လေးက အစွမ်းထက်သော်လည်း ထိုတောင်တန်းများကို အလျင်စလို တိုက်ခိုက်ရဲခြင်း မရှိသေးပေ။ ထိုအရာက တာအိုကို ထိန်းသိမ်းခြင်းနှင့် ထာဝရရှင်သန်ခြင်းကို ရရှိရန် အရေးပါသော အချက်တစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် ထိုအခြေအနေမျိုးနှင့် ပတ်သတ်လာသည့်အချိန်တွင် မိသားစု မိတ်ဆွေမရှိ မရှိဟုပင် ပြောဆိုခဲ့ကြခြင်းဖြစ်သည်။ အထူးသဖြင့် သရဲတစ္ဆေများ၊ ဝိညာဉ်များနှင့် မကောင်းဆိုးဝါးများအတွက် ဖြစ်၏။
စိမ်းပြာဝတ်ကောင်လေးနှင့် ယှဉ်လိုက်မည်ဆိုလျှင် ပန်းရောင်ဝတ်ကလေးမလေးကတော့ သိုသိုသိပ်သိပ်နှင့် တည်ငြိမ်သည်။ အဘယ်ကြောင့်ဆိုသော် မီးစပါးအုံးမြွေက ငယ်ငယ်လေးကတည်းက ကွန်ဖြူးရှပ်ကျမ်းစာများထဲတွင် နေထိုင်ခဲ့ရခြင်းကြောင့်ဖြစ်သည်။ သူတို့က ရေနဂါးမျိုးစိတ်များဖြစ်ကြသော်လည်း သူတို့၏ တာအိုအကူအညီများက လုံးဝကိုကွဲပြားသည်။
လော်ပိုတောင်၏ တောင်ခြေသို့ ရောက်လာသည့်အချိန်တွင် ချန်းပင်အန်းက အရှိန်လျှော့လိုက်သည်။ အလွန်ကောင်းမွန်သော သူ၏မျက်လုံးကြောင့် တောင်ပေါ်ရှိ နေရာတိုင်းတွင် ဖုန်မှုန့်များ ပြည့်နှက်နေသည်ကို သတိထားမိခဲ့သည်။ ထိုအရာကိုမြင်သည့်အခါ ချန်းပင်အန်းက အနည်းငယ် စိုးရိမ်သွားခဲ့မိ၏။
ပုံမှန်အားဖြင့်ပြောရလျှင် ဆရာရွမ်က သူ့ကိုယ်စား လော်ပိုတောင်ကို စောင့်ရှောက်ပေးရမည်ဖြစ်သည်။ ထို့ကြောင့် မထင်မှတ်ထားသောကိစ္စများ ဖြစ်စရာမရှိချေ။ သွားစားပွဲတောင်၏ တောင်ထိပ်သခင် ဝေ့ပိုကလည်း လော်ပိုတောင်ပေါ်တွင် သူ့အတွက် ဝါးအဆောက်အဦးတစ်ခု တည်ဆောက်ပေးမည်ဟု ကတိပေးထားခဲ့သည်။
သို့သော် ထိုအရာက အဆောင်အဦးငယ်လေးတစ်ခုသာဖြစ်သည့်အတွက် ပြီးဆုံးသွားခဲ့သည်မှာ ကြာလောက်ပါပြီ။ ထို့နောက် ဝေ့ပိုက သူ့အိမ်သို့ ပြန်သွားမည်ဖြစ်၏။ မည်သို့ဖြစ်စေကာမူ သူက ဤနေရာတွင် အချိန်ကြာမြင့်စွာ နေလိမ့်မည် မဟုတ်ချေ။ ထို့သို့ဆိုလျှင် ဘာကြောင့် လော်ပိုတောင်ပေါ်တွင် တည်ဆောက်နေသည့်နေရာများစွာ ရှိနေရသေးသနည်း။
အနက်ရောင်စပါးအုံးမြွေက သူ၏မူလပုံစံကိုပြန်ပြောင်းပြီး လော်ပိုတောင်ပေါ်တွင် ရှိနေသော လူများကို စတင်စားသုံးနေခြင်းပေလော။ ထို့ကြောင့် တိုင်းပြည်ရုံးတော်က ဒေါသထွက်ပြီး သူ့ကို လိုက်လံတိုက်ခိုက်ရန် တောင်တန်းပေါ်သို့ လူများစေလွှတ်လိုက်ခြင်းပေလော။
ချန်းပင်အန်းက စိမ်းပြာဝတ်ကောင်လေးကို သူ့၏မူလပုံသဏ္ဍန်ပြန်ပြောင်းရန် ပြောလိုက်သည်။ ထိုသို့ဆိုလျှင် သူတို့က တောင်ပေါ်သို့ လျင်မြန်စွာ တက်လှမ်းသွားနိုင်မည်ဖြစ်၏။
သို့သော် သူက မကြာသေးခင်ကမှ စာအုပ်တစ်အုပ်ထဲတွင် ဖတ်မိထားသော အရာတစ်ခုကို အမှတ်ရသွားခဲ့သည်။ မထင်မှတ်ထားသော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် လူတစ်ယောက်က စိတ်မလှုပ်ရှားသင့်ကြောင်း သင်ကြားပေးထားသော စကားစုတစ်ခုဖြစ်သည်။
ထိုစကားစုကို လှပစွာ ရေးသားထားခြင်းဖြစ်ပြီး အကြိမ်အနည်းငယ် ပြန်လည်ရွတ်ဖတ်ကြည့်လိုက်သည့်အချိန်တွင် ချန်းပင်အန်းက အနည်းငယ် ပိုကောင်းသွားသလို ခံစားလိုက်ရသည်။ အမှန်အတိုင်းပြောရလျှင် ထိုအရာက ဝါးပြားလေးတစ်ခုပေါ်တွင် ရေးထိုးရန် ရွေးချယ်ထားသော စာသားတစ်ခုလည်း ဖြစ်သည်။
ချန်းပင်အန်းက ပင့်သက်ရှိုက်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ တစ်ချိန်တည်းတွင် သူက တစ်ယောက်တည်း တီးတိုးပြောလိုက်၏။
“စိတ်မလှုပ်ရှားနဲ့၊ အလျင်စလိုမလုပ်နဲ့။ ဒါ စာအုပ်တွေက ငါ့ကို သင်ကြားပေးနေတာပဲ။ ဒါက ကြွေထည်တစ်ခု ဖန်တီးတဲ့ အခြေအနေနဲ့ အလားသဏ္ဍာန်လည်း အတူတူပဲ…”
သူက တောင်ပေါ်သို့ တက်တော့မည့်အချိန်တွင် သူ့မျက်စိရှေ့၌ ဝေဝါးနေသော အရိပ်တစ်ခု ပေါ်လာခဲ့သည်။ နောက်ဆုံး ထိုအရိပ်က တည်ငြိမ်သွားသည့်အချိန်တွင် သူ့ရှေ့တွင် ရင်းနှီးသော လူတစ်ယောက် ရောက်နေကြောင်း ချန်းပင်အန်းက နားလည်သွားခဲ့သည်။
“ဝေ့ပို…”
သူက ချက်ချင်း လှမ်းခေါ်လိုက်သည်။
ပန်းရောင်ဝတ် ကလေးမလေးကလည်း အလွန်အံ့ဩသွားခဲ့၏။ သူမက အလွန်အမင်းကို အံ့ဩသလို ခံစားနေခဲ့ရသည်။ လူငယ်လေး ချွေးချန်း ပြီးသွားလျှင် ထိုအရာက သူမ၏ဘဝတွင် ဒုတိယအကြိမ်မြောက် မြင်တွေ့ခဲ့ရသော နတ်ဘုရား သို့မဟုတ် အင်မော်တယ်တစ်ယောက်ဖြစ်သည်။ ထိုလူက အလွန်အမင်းကို ချောမောခန့်ညား၏။ သို့သော် သူမက ကြောက်လန့်သွားသလို ခံစားလိုက်ရပြီး ချန်းပင်အန်း၏နောက်တွင် ပုန်းနေခဲ့သည်။
စိမ်းပြာဝတ်ကောင်လေးက လှုပ်ရှားသွားခဲ့ပြီး နေရာတွင် ရပ်သွားခဲ့၏။ ထို့နောက် သူက ရန်လိုနေသော အငွေ့အသက်တစ်ခုနှင့် ပြန်လှည့်လာပြီး မေးလိုက်သည်။
“ဆရာ …
ဒီလူက ဆရာ့ရဲ့ပိုင်နက်ကို ခိုးယူဖို့ကြိုးစားနေတာလား…”
“သေချာပေါက်မဟုတ်ဘူး…”
ချန်းပင်အန်းက ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်သည်။
သွားစားပွဲတောင်တွင် ရှိနေသည့်အချိန်ကနှင့် ယှဉ်လိုက်လျှင် ပို၍ လွတ်လပ်ပေါ့ပါးနေသော တောင်ထိပ်သခင်ကို သူက ကြည့်နေခဲ့သည်။ သူက စိတ်ဝင်တစား မေးလိုက်၏။
“ခင်ဗျားက ဘာလို့လော်ပိုတောင်မှာ ရှိနေရသေးတာလဲ။ တောင်တန်းနတ်ဘုရားတွေ၊ မြစ်နတ်ဘုရားတွေက သူတို့ပိုင်နက်ထဲကနေ အချိန်အကြာကြီးထွက်သွားတာ အခြေအနေမဆိုးဘူးလား…”
ဝေ့ပိုက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“တော်တော်လေးကို တိုက်ဆိုင်တာပဲ။ အခု ငါက ပိယွင်တောင်ကို ရောက်လာပြီ။ ဒါကြောင့် ငါက မင်းရဲ့ အိမ်နီးချင်းအသစ်ဖြစ်သွားပြီ။ ချန်းပင်အန်း … နောက်ပိုင်းကျရင် ကျေးဇူးပြုပြီး ငါ့ကို စောင့်ရှောက်ပါဦး…”
ထိုစကားကို ပြောလိုက်ပြီးနောက် တစ်ချိန်တုန်းက နတ်ဘုရားရေတိုင်းပြည်၏ မြောက်ပိုင်းတောင်တွင် တရားဝင်နတ်ဘုရားတစ်ပါးဖြစ်ခဲ့သော သူက တာ့လီအင်ပါယာ၏ မြောက်ပိုင်းတောင်ထိပ်တွင် အဆင့်မြင့် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။ သူက လက်နှစ်ဖက်ဆုပ်ပြီး ချန်းပင်အန်းကို ဦးညွတ်၍ စနောက်လိုက်၏။
ထိုဦးညွတ်မှုကို လက်မခံသင့်ကြောင်း ချန်းပင်အန်းက ခံစားမိနေခဲ့၏။ ထို့ကြောင့် သူက ချက်ချင်းပင် ဘေးသို့ရှောင်လိုက်သည်။ သူက အပြုံးနှင့် မေးလိုက်၏။
“ဝါးအဆောက်အဦးက ပြီးသွားပြီလား…”
ဝေ့ပိုက ခါးကို မတ်မတ်ပြန်ဆန့်လိုက်ပြီး ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
“အကုန်ပြီးသွားပြီ။ ငါက ဘယ်နေရာကိုမှ ဖြတ်မထားခဲ့ဘူးလို့ ကတိပေးတယ်။ အဲဒါက လော်ပိုတောင်ပေါ်မှာရှိတယ်။ မင်းတို့ သွားကြည့်ပါလား။ နဂိုတုန်းကတော့ ငါက အဆောက်အဦးဆောက်ဖို့အတွက် ဖုန်းရွှေအကောင်းဆုံးနေရာကို ရွေးချယ်ဖို့ စဉ်းစားထားတာ။ ဒါပေမဲ့ အဲဒီနေရာကို လော်ပိုတောင်ရဲ့ တောင်တန်းနတ်ဘုရားကျောင်းဆောင်က ယူသွားပြီ။ ဒါကြောင့် ငါက တခြားနေရာတစ်ခုကိုပဲ ရွေးခဲ့ရတယ်။ ဒါပေမဲ့ အဲဒါလည်း တော်တော်ကောင်းတဲ့ နေရာတစ်ခု ဖြစ်နေတုန်းပါပဲ။ အဲဒီမှာရှိတဲ့ မြင်ကွင်းတွေက အရမ်းကောင်းပြီး မြင်ကွင်းကျယ် ရှုခင်းတွေကလည်း အရမ်းလှတယ်။ အရင်နှစ်မှာ ငါက အလုပ်များများ မများများ အဲဒီနေရာကို အမြဲတမ်းသွားခဲ့တာပဲ။ နောက်ပိုင်း ငါက အသုံးမဝင်တော့ရင်လည်း ငါ့ကိုတော့ မောင်းမထုတ်နဲ့။ အဆင်ပြေရဲ့လား…”
ဝေ့ပိုက ချောမောခန့်ညားသည့်အပြင် သူက အလွန်သဘောကောင်းသည်ဟု ပန်းရောင်ဝတ်ကလေးမလေးက ခံစားမိနေခဲ့သည်။ လက်ရှိအချိန်တွင် ပန်းရောင်ဝတ် ကလေးမလေးက အနည်းငယ်ဂုဏ်ယူသွားခဲ့၏။ သူမ၏ဆရာက အမှန်တကယ်ကို ထူးခြားလှသည်။ မည်သို့ဖြစ်စေကာမူ သူ့မိတ်ဆွေများအားလုံးက အလွန်အမင်းကို ထူးခြားပြီး သဘောထားလည်း ကောင်းကြ၏။
စိမ်းပြာဝတ်ကောင်လေးကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အနည်းငယ် လျော့ကျသွားသလို ခံစားလိုက်ရသည်။ သတိပေးထားခြင်းမရှိဘဲ ဝေ့ပိုက ရုတ်တရက် ပါးစပ်ဟပြီး ကောင်လေးကို ကိုက်ရန် ဟန်ဆောင်လိုက်သည်။ ထို့ကြောင့် သူလည်း နောက်ကို ကြောက်လန့်တကြား ပြန်ဆုတ်သွားခဲ့ရ၏။
ဝေ့ပိုက အားရပါးရရယ်ပြီး ပြောလိုက်သည်။
“တောင်တန်းထဲမှာရှိနေတဲ့ အနက်ရောင်စပါးအုံးမြွေနဲ့ဆိုရင် ငါတို့လော်ပိုတောင်က တော်တော်လေးကို စည်ကားလာတော့မှာပဲ…”
“လော်ပိုတောင်က ခင်ဗျားရဲ့တောင်မှ မဟုတ်တာ…”
ချန်းပင်အန်းက ခပ်တည်တည်အမူအရာနှင့် ပြင်ဆင်ပေးလိုက်သည်။
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ မင်း ချန်းပင်အန်းက ပိုင်ရှင်ပါ။ ငါက ဧည့်သည်တစ်ယောက်ပါပဲ။ အခု ဝမ်းသာသွားပြီလား….”
ဝေ့ပိုက ရယ်ချင်နေသောအမူအရာနှင့် မေးလိုက်သည်။
သူတို့(၄)ယောက်က တောင်ပေါ်သို့ စတင်တက်လှမ်းလာခဲ့ကြ၏။ သူတို့ လမ်းလျှောက်လာသည့်အချိန်တွင် ဝေ့ပိုက ချန်းပင်အန်းကို လက်ရှိအခြေအနေနှင့် ပတ်သတ်ပြီး ရှင်းပြလိုက်သည်။
“မြို့ငယ်လေးရဲ့အနောက်ဘက်မှာရှိတဲ့ တောင်တန်းတွေ အားလုံးမှာလည်း အခု ပိုင်ရှင်တွေ ရှိနေကြပြီ။ သူတို့ရဲ့တည်ဆောက်မှုတွေကလည်း စနေကြပြီ။ လူတိုင်းက သူတို့ရဲ့တောင်တန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အလုပ်များနေတယ်။ တောင်တက်လမ်းတွေခင်းနေတဲ့အပြင် သူတို့တွေက အဆောက်အဦးတွေ၊ စံအိမ်မျိုးစုံကိုလည်း တည်ဆောက်နေကြတယ်…”
“လော်ပိုတောင်လို တောင်တန်းနတ်ဘုရားကျောင်းဆောင်ရှိနေတဲ့ တောင်တန်းတွေကတော့ ပိုပြီးတော့တောင် အလုပ်များတယ်။ တာ့လီအင်ပါယာရဲ့ အလုပ်သမားရေးရာဌာနက တည်ဆောက်ရေးလုပ်ငန်းတွေကို ငွေကြေးချထားပေးဖို့ တာဝန်ယူရတယ်။ သူတို့က လုတိုင်းပြည်က အကျဉ်းသားတွေ ၊ ဒုက္ခသည် တစ်သောင်းအပြင် လုံချွမ်တိုင်းပြည်ရဲ့နယ်မြေခံအရာရှိနှင့် တိုင်းပြည်ရုံးတော်က တောင်တန်းတွေထဲမှာရှိတဲ့ တည်ဆောက်မှုတွေကို အကူအညီပေးဖို့ အလုပ်သမားတွေ အများကြီးကို ငှားရမ်းကြတယ်။ ကြည့်ရတာတော့ သူတို့က ဒီကမ္ဘာမြေပေါ်မှာ သုခဘုံတစ်ခုကို ဖန်တီးလို့ မပြီးမချင်း ရပ်ကြမှာ မဟုတ်ဘူး…။ ဒါက အရင်းအမြစ်တွေ၊ လူသားစွမ်းအားတွေကို နည်းနည်းတော့ ဖြုန်းတီးသလိုဖြစ်နေတယ်…”
ဝေ့ပိုက သူတို့၏ရှေ့တွင် ညစ်ပတ်နေသော တောင်တက်လမ်းကို လက်ညှိုးထိုးပြပြီး ဆက်ပြောလိုက်သည်။
“နောက်ပိုင်း ဒီလမ်းကြောင်းမှာ အပြင်ဘက်နှင့် ဆက်သွယ်ထားတဲ့ ကျောက်ပြားတွေခင်းကြလိမ့်မယ်။ ဒါက ဖုလုလမ်းကြားနှင့် မက်မွန်ပွင့်လမ်းကြားထဲမှာရှိတဲ့ အပြာရောင်ကျောက်ပြားတွေထက် ပိုပြီးတော့ အရည်အသွေးကောင်းတယ်…”
“ကျွန်တော်က ဒီအတွက် ငွေကြေးမပေးရဘူး မဟုတ်လား…”
ချန်းပင်အန်းက ဂရုစိုက်၍ မေးလိုက်သည်။
ဝေ့ပိုက အပြုံးနှင့် ကောင်းကင်ကြီးပေါ်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
“မင်းကသာ ကောင်းကင်ပေါ်မှာ တံတားတစ်ခုတည်ဆောက်ပြီး လော်ပိုတောင်နှင့် တခြားတောင်တွေကို ဆက်သွယ်ဖို့ စိတ်ကူးမရှိဘူးဆိုရင် ကြေးပြားတစ်ပြားမှ ပေးစရာမလိုဘူး…”
“ဒါဆိုရင် တစ်ယောက်ယောက်က အဲဒီလိုလုပ်နေတယ်လို့ ပြောနေတာလား…”
ချန်းပင်အန်းက ထိတ်လန့်အံ့ဩစွာ မေးလိုက်မိသည်။
“ဟုတ်တယ်လေ…”
ဝေ့ပိုက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်၏။
“အဲဒါက အင်အားစုတစ်ခု နှစ်ခုတည်းတောင် မဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် မြောက်ဘက်မှာရှိတဲ့ တောင်တန်းတွေ တော်တော်များများက တံတားတွေနဲ့ ဆက်သွယ်ထားကြတယ်။ အင်အားစုတော်တော်များများက သူတို့ရဲ့ဧည့်သည်အကြီးအကဲတွေကို စေလွှတ်ပြီး အင်မော်တယ်စံအိမ် တည်ဆောက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ ချီကျင့်ကြံသူတွေကို ငွေကြေးအမြောက်အမြားပေးပြီး ငှားရမ်းကြတယ်…”
“အဲဒီတံတားတည်ဆောက်မှုကလည်း စတင်နေကြပြီ။ သူတို့ထဲက တစ်ခုကတော့ ရိုးရှင်းတဲ့ သံကြိုးတံတားတောင် မဟုတ်ဘဲ ကျောက်တုံးတံတားတစ်ခု ဆောက်နေတာ။ အဲဒီကျောက်တုံးတွေက ရေကန်ထဲကနေ တူးလာတယ်လို့ ငါကြားတယ်။ ဒီလိုတံတားမျိုး တည်ဆောက်ဖို့ ကုန်ကျစရိတ်ကလည်း အနည်းဆုံးတော့ ငွေစတစ်သန်းလောက် ရှိမယ်…”
“ဒါပေမဲ့ အဲဒီတံတားက သေချာပေါက် အရမ်းလှမှာပဲ။ အဲဒီတံတားပေါ်ကနေ လမ်းလျှောက်သွားမယ်ဆိုရင် တိမ်တိုက်တွေထဲကနေ သွားနေရသလို ခံစားရလိမ့်မယ်။ အပေါ်ကနေ ကြည့်လိုက်တာနဲ့ အင်မော်တယ်တစ်ယောက်က တိမ်တိုက်တွေထဲကို ငေးကြည့်နေရသလို ခံစားမှုမျိုးခံစားရလိမ့်မယ်။ ငါတောင် အဲဒီခံစားမှုမျိုးကို သဘောကျတယ်…”
“သူတို့က အဲဒီလောက်တောင်ချမ်းသာကြတာလား…”
ချန်းပင်အန်းက အံ့ဩနေသော အမူအရာနှင့်ပြောလိုက်သည်။
“တကယ်လို့ မင်းကသာ တိမ်တိုက်နီတောင် ဒါမှမဟုတ် အင်မော်တယ်မြက်ပင်တောင်ကို ရောင်းဖို့ဆန္ဒရှိတယ်ဆိုရင် မင်းလည်း တခဏအတွင်း ချမ်းသာသွားမှာပဲလေ။ အဲဒီအချိန်ကျရင် မင်းက ဒီလိုမျိုး ဆင်းဆင်းရဲရဲ နေဖို့မလိုတော့ဘူး…”
ဝေ့ပိုက အပြုံးနှင့်ပြောလိုက်သည်။
“ခင်ဗျားက ဘာတွေပြောနေတာလဲ။ ကျွန်တော်က အဲဒီလိုအသုံးမဝင်တဲ့အရာတွေကို ဘာလို့လိုအပ်မှာလဲ။ အဲဒီတောင်တွေကသာ အရာအားလုံးရဲ့ အနှစ်ပဲလေ…”
ချန်းပင်အန်းက ပြန်ပြောလိုက်သည်။
ဝေ့ပိုက အားရပါးရ ရယ်လိုက်၏။ သနားစရာကောင်းသော ချန်းပင်အန်းကတော့ ယခုအချိန်ထိ သနားစရာကောင်းနေဆဲသာ ဖြစ်သည်။ သူ၏ကျင့်ကြံမှုကလည်း သိုင်းပညာအဆင့်(၂)သာ ရှိနေသေးသည်။ သူက မြက်ဖိနပ်တစ်စုံနှင့် ခရီးသွားလာခဲ့ပြီး ယခင်တုန်းကအတိုင်း လူငယ်လေးတစ်ယောက်သာ ဖြစ်နေသေး၏။
စိမ်းပြာဝတ်ကောင်လေးကတော့ ဝေ့ပိုအပေါ် အတော်လေးကို မကျေမနပ်ဖြစ်နေမိသည်။ အမှန်အတိုင်းပြောရလျှင် သူက ဝေ့ပိုကို အနောက်ဘက်မှ ခြေထောက်နှင့် ကန်ချင်နေခဲ့သည်။ အကယ်၍ သူက မြေပေါ်သို့ မျက်နှာနှင့် ကျသွားလျှင် အကောင်းဆုံးဖြစ်၏။
သူတို့က တောင်ပေါ်သို့ တက်သွားသည့်အချိန်တွင် လုတိုင်းပြည်မှ အကျဉ်းသားများနှင့် ဒုက္ခသည်များစွာကို တွေ့ခဲ့ရသည်။ တချို့က အသက်ကြီးပြီး တချို့က အသက်ငယ်သည်။ တချို့က သန်စွမ်းကျန်းမာပြီး တချို့က မိန်မပျိုများဖြစ်ကြ၏။ သို့သော် အများစုကတော့ စုတ်ပြတ်ပြီး ပင်ပန်းနေကြပုံပေါ်သည်။
တာ့လီအင်ပါယာမှ ကြီးကြပ်သူ ရဲမက်များက နန်းတွင်း နန်းတွင်းမှ အမိန့်တစ်ခုကို လက်ခံ အမိန့်တစ်ခုကို ရထားပုံရသည်။ ထို့ကြောင့် သူတို့က တိုင်းပြည်ပျောက်ဆုံးနေသော ထိုလူများကို ပို၍ အခက်တွေ့အောင် ရည်ရွယ်ချက်ရှိရှိ မလုပ်ကြပေ။ အသက်ကြီးရင့်သူများ ၊ မောပန်းမှုကြောင့် သတိလစ်သွားသူများကို သူတို့၏မိတ်ဆွေများ၊ မိသားစုများက ကူညီပြီး မီးဖိုတစ်ခုအနားသို့ ခေါ်လာခဲ့ကြသည်။ ထိုနေရာတွင် သူတို့က စားစရာနှင့် ရေနွေးများ တိုက်ကျွေးကြ၏။
“အခြေအနေတွေကတော့ အမြဲတမ်း အဲဒီလိုကောင်းနေမှာမဟုတ်ဘူး…”
ဝေ့ပိုက တည်ငြိမ်စွာပြောလိုက်သည်။
“တကယ်လို့ ငါတို့ကသာ အေးခဲပြီး သေသွားတဲ့ အကျဉ်းသားတွေ၊ လဲကျပြီး သေသွားတဲ့အကျဉ်းသားတွေ ၊ အရိုက်ခံရပြီး သေသွားတဲ့အကျဉ်းသားတွေ၊ အရှက်ခွဲခံရတဲ့ ကံကြမ္မာကနေ လွတ်မြောက်ဖို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ အကျဉ်းသားတွေ အကြောင်းပြောရမယ်ဆိုရင် လုကလန်က နှစ်လအတောအတွင်း အကျဉ်းသား(၆၀၀)ကျော် သေသွားခဲ့ရတယ်။ အဲဒါတွေ ဖြစ်ပြီးသွားတော့ လုံချွမ်တိုင်းပြည်ရဲ့ စီရင်စုကြီးကြပ်သူဖြစ်သွားတဲ့ ဝူယွမ်က သူ့ရဲ့ရာထူးကိုစွန့်စားပြီး နန်းတွင်းထဲကို စာတစ်စောင် ရေးခဲ့တယ်။ အဲဒီအချိန်ကျမှပဲ အကျဉ်းသားတွေ၊ ဒုက္ခသည်တွေရဲ့သေဆုံးမှုက သိသိသာသာ လျော့ကျသွားခဲ့တာ…”
“စီရင်စုကြီးကြပ်သူလား…”
ချန်းပင်အန်းက ဇဝေဇဝါဖြစ်နေသော အမူအရာနှင့် မေးလိုက်သည်။
ဝေ့ပိုက လေထဲကို တစ်ပတ်လှည့်ပြပြီး လက်ညှိုးထိုးပြလိုက်သည်။
“လီကျူးသုခဘုံက ပတ်ပတ်လည် ကီလိုမီတာ (၅၀၀)ကျော်ရှိတယ်။ အခုအနီးအနားမှာရှိတဲ့ပြည်နယ်တွေ ၊ စီရင်စုတွေကလည်း ဒီအရာရဲ့ အပြင်ဘက်နယ်မြေကို ထိန်းချုပ်ထားရတယ်။ သူတို့အားလုံးက နန်းတွင်းကိုသစ္စာခံပြီး မိတ်ဆွေတွေဆီကနေ အကူအညီတောင်းချင်နေကြတယ်။ ဒါကြောင့် သူတို့တွေက အစွန်အဖျားကနေ အကူအညီနည်းနည်းလောက်တော့ ရတာပေါ့။ လုံချွမ်တိုင်းပြည်က တိုင်းပြည်တစ်ခုအနေနဲ့ ရှိနေမယ်ဆိုရင်တောင် သူ့ရဲ့ပိုင်နက်ကို ပြည့်ပြည့်ဝဝ ထိန်းချုပ်ဖို့ မဖြစ်နိုင်သေးဘူး။ အမှန်အတိုင်းပြောရရင် ဒါက စီရင်စုတစ်ခုဖြစ်သွားမယ် ဆိုရင်တောင် ထိန်းသိမ်းထားဖို့ တော်တော်လေး ခက်နေသေးတယ်…”
ချန်းပင်အန်းက နားလည်စွာ ခေါင်းညိတ်ပြလိုက်သည်။ တာ့ဆွေတိုင်းပြည်ကို အသွားအပြန်လုပ်ခဲ့ပြီးနောက် ယခု သူက မတူညီသောတိုင်းပြည်များ ၊ ပြည်နယ်များ ၊ စီရင်စုများနှင့် နိုင်ငံငယ်များ၏ အရွယ်အစားကို ကောင်းကောင်းကြီး နားလည်နေခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူက ထိုနယ်မြေများတွင် ကိုယ်တိုင်ခရီးသွားလာခဲ့ပြီး အရွယ်အစားများစွာကိုလည်း တွေ့ကြုံခဲ့သည်။
“သွားစားပွဲတောင်က အနက်ရောင်စပါးအုံးမြွေက ဒီကိုရောက်လာပြီး ပြဿနာမရှာခဲ့ဘူး မဟုတ်လား…”
သူက မေးလိုက်သည်။
ဝေ့ပိုက ခေါင်းခါပြီး ပြန်ဖြေလိုက်၏။
“သူက တစ်ချိန်လုံး လော်ပိုတောင်မှာပဲ အေးအေးဆေးဆေး လေ့ကျင့်နေတယ်။ ဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ်ဘူး။ သူက ရေသောက်သွားတဲ့အချိန် လူတွေနဲ့ တွေ့ရရင်တောင် လူတွေက သူ့ကို တွေ့တာ ရိုးနေပြီ။ အမှန်အတိုင်းပြောရရင် ရဲတင်းတဲ့လူငယ်တစ်ချို့က သူ့ကို အဝေးကနေ ကျောက်တုံးတွေနဲ့တောင် ပစ်ကြတယ်။ ဒါပေမယ့် အနက်ရောင်စပါးအုံးမြွေကတော့ အဲဒီအရာကို သည်းခံနိုင်ကြတာပဲ…”
ချန်းပင်အန်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“ဒါက မဟုတ်သေးဘူး။ ကျွန်တော်က ဒီကိစ္စကို ရှင်းလင်းဖို့ တစ်ယောက်ယောက်နဲ့ စကားပြောဖို့ လိုအပ်တယ်။ ဝေ့ပို… ဒီနယ်မြေကို တာဝန်ယူရတဲ့ တစ်ယောက်ယောက်နဲ့သိလား။ ကျွန်တော်က ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်ကို သေချာစကားပြောဖို့လိုအပ်တယ်။ တခြားလူတွေက ဒီလိုမျိုးစော်ကားနေတယ်ဆိုတာလည်း အဆင်မပြေဘူး…”
“ဘယ်လို… သူတို့က တခြားသူတွေကို ဘယ်လိုစော်ကားတာလဲ။ ဒါက အသိဉာဏ်ရှိနေတဲ့ တောင်တန်းစပါးအုံးမြွေတစ်ကောင်လေ…”
ဝေ့ပိုက ပြုံးလိုက်မိသည်။
ထို့နောက် သူက စနောက်ပြီး ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် စပါးအုံးမြွေရဲ့အရေခွံက ထူတယ်လေ။ ဒီတော့ တစ်ယောက်ယောက်က သူ့ကို ဓားနဲ့ခုတ်မယ်ဆိုရင်တောင် နာကျင်မှုကို ခံစားရမှာ မဟုတ်ဘူး။ ချန်းပင်အန်း… ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှကြီးကြီးကျယ်ကျယ်လုပ်ဖို့ မလိုပါဘူး။ တကယ်လို့ ငါထင်တာမမှားရင် မင်းက နဂိုကတည်းက အဲဒီအနက်ရောင်စပါးအုံးမြွေအပေါ် ခံစားချက်ကောင်း မရှိဘူးမဟုတ်လား။ ဘာလို့လော်ပိုတောင်ကိုပြန်လာပြီးမှ ချက်ချင်း သူ့ဘက်မှာ ရပ်တည်ပေးရတာလဲ..”
“တကယ်လို့ အနက်ရောင်စပါးအုံးမြွေက တခြားသူတွေကို အရင်ဆုံး တိုက်ခိုက်မယ်ဆိုရင် လော်ပိုတောင်ကို ပြန်ရောက်လာတာနဲ့ ကျွန်တော်က သူ့ကိုသတ်ဖို့ လူတစ်ယောက်ကို ချက်ချင်း တောင်းဆိုခဲ့မှာပဲ။ တကယ်လို့ ကျွန်တော်က အဲဒီအတွက် ငွေကြေးပေးရမယ်ဆိုရင်တောင် လုပ်ဖို့ဆန္ဒရှိတယ်..”
ချန်းပင်အန်းက ပြန်ဖြေလိုက်သည်။
ထို့နောက် လူငယ်လေးက ခေါင်းခါပြီး ဆက်ပြောလိုက်၏။
“ဒါပေမယ့် အနက်ရောင်စပါးအုံးမြွေက လော်ပိုတောင်ထဲမှာ နေသည်ဖြစ်စေ မနေသည်ဖြစ်စေ ဒီကိစ္စက မတူတော့ဘူး။ ဘယ်နေရာကိုပဲသွားသွား အနက်ရောင်စပါးအုံးမြွေက တောင်တန်းထဲကို စိတ်ကြိုက်ဝင်နိုင်ထွက်နိုင်တယ်။ ဒါပေမယ့် တခြားသူတွေက အကြောင်းပြချက်မရှိဘဲ သူ့ကို ရည်ရွယ်ချက်ရှိရှိရန်စဖို့ ကြိုးစားနေတယ်။ ဒါက ရယ်စရာ မကောင်းသလို ပျော်စရာလည်း မကောင်းဘူး။ အဲဒါက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်နေသလိုမျိုးပဲ…။ တကယ်လို့ ကျွန်တော်သာ အဲဒီလိုအလုပ်မျိုးကို လုပ်ရဲတယ်ဆိုရင် တောင်တန်းတွေထဲမှာ သေဆုံးသွားတာ အကြိမ်(၁၀၀)လောက် ရှိနေလောက်ပြီ…”
“ဒါက အဓိပ္ပါယ်ရှိတယ်…”
ဝေ့ပိုက အပြုံးနှင့် ပြောလိုက်သည်။
“ငါက ဒီကိစ္စကို ကူညီဖြေရှင်းပေးမယ်။ ငါက ဒီတောင်တန်းကို တာဝန်ယူရတဲ့သူတွေနဲ့ ရင်းနှီးတယ်…”
ပုခုံးပေါ်တွင် ဝါးစာအုပ်သေတ္တာလေးကို လွယ်ထားသော ပန်းရောင်ဝတ် ကလေးမလေးဆီတွင် စိတ်ဝင်စားမှုများ ပြည့်နှက်နေခဲ့သည်။ ထိုအရာက အလွန်ကြီးမားသော တောင်မြင့်ကြီးတစ်လုံးဖြစ်၏။ သူတို့က အချိန်တော်ကြာ လမ်းလျှောက်လာခဲ့သည်ကိုပင် တောင်တစ်ဝက်ကိုမရောက်သေးပေ။ ထိုထိုတောင်ကို သူမ၏ဆရာ အမှန်တကယ်ပိုင်ဆိုင်ခြင်း ဖြစ်သည်။ သူမ၏ဆရာက သူတို့ကိုမလိမ်ခဲ့ပေ။ သူက အမှန်တကယ်ကို အလွန်ချမ်းသာနေ၏။
နောက်ဆုံးတွင်တော့ အကြောင်းပြချက်များ ၊ အကျိုးသဘောတရား သဘောတရားများကို နားထောင်လိုက်ရသည့်အတွက် စိမ်းပြာဝတ်ကောင်လေးက အနည်းငယ်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ သူက ချန်းပင်အန်း၏ အကြောင်းတရားများကြောင့် နားလည်သွားခြင်းတော့ မဟုတ်ချေ။ ထိုအစား ချန်းပင်အန်းက အဖြူဝတ်တောင်ထိပ်သခင်ကို ပြန်ပြောနိုင်သည့် အချက်ကြောင့် စိတ်လှုပ်ရှားနေခဲ့ခြင်းဖြစ်၏။ အထူးသဖြင့် သူက ထိုတောင်ထိပ်သခင်၏ ကျင့်စဉ်အဆင့်ကို မမြင်ရပေ။
ချန်းပင်အန်းက အေးဆေးသော အမူအရာနှင့် မေးလိုက်သည်။
“ဝေ့ပို…
ရွမ်ရှို့ကို သိလား။ သူကနဂါးနှုတ်ခမ်းမွှေးမြစ်ရဲ့အနားမှာရှိတဲ့ ပန်းပဲပန်းပဲဆိုင်မှာနေတဲ့ မိန်းကလေးလေ…”
ဝေ့ပိုက ခဏကြာ စဉ်းစားပြီး ရုတ်တရက် နားလည်သွားခဲ့သည်။
“အော် မင်းက သူတော်စင်ရွမ်ချုံရဲ့သမီးကို ပြောနေတာပဲ။ ငါ သူ့ကို အဝေးကနေ မကြာခဏတွေ့ဖူးတယ်။ အခုတာ့လီအင်ပါယာက သူတို့ပိုင်ဆိုင်ထားတဲ့ ရှန်ရှို့တောင်ကို အတော်လေးကြိုးစားအားထုတ်ပြီး အရင်းအမြစ်တွေ ချပေးနေတယ်။ သူက မကြာခဏ အဲဒီတည်ဆောက်ရေးလုပ်ငန်းတွေကိုသွားပြီး စစ်ဆေးတယ်။ သူက ရတနာတောင်နဲ့ တိမ်တိုက်နီတောင်တို့ကိုလည်း အမြဲတမ်းသွားပြီးတော့ လည်ပတ်တယ်…”
“ဝါးအဆောက်အဦးမပြီးသေးခင် သူက လော်ပိုတောင်ကို တစ်ကြိမ်လာခဲ့ဖူးတယ်။ သူက လက်နောက်ပစ်ပြီး ဝါးအဆောက်အဦးအမိုးပေါ်မှာ အလုပ်များနေတဲ့ ငါ့ကိုကြည့်နေတာလေ။ သူကူညီပေးနိုင်တာရှိမရှိတောင် ငါ့ကိုမေးခဲ့သေးတယ်။ ဒါပေမယ့် ငါက သူ့ကို အကူအညီမတောင်းရဲပါဘူး။ ဒါကြောင့် သူက အဲဒီမှာရပ်ပြီးအချိန်အကြာကြီး ကြည့်နေခဲ့တယ်။ ငါက တော်တော်လေး အိုးတိုးအမ်းတမ်း ခံစားခဲ့ရတယ်။ အဆုံးမှာတော့ သူက တိတ်တဆိတ်ထွက်သွားခဲ့တယ်…”
ချန်းပင်အန်းက ပန်းရောင်ဝတ်ကလေးမလေးနှင့် စိမ်းပြာဝတ်ကောင်လေးတို့ကို လှည့်ကြည့်ပြီး အပြုံးနှင့်ရှင်းပြလိုက်သည်။
“ရွမ်ရှို့က ငါ့ရဲ့မိတ်ဆွေကောင်းတစ်ယောက်ပဲ။ မြို့ထဲမှာ ငါ့ရဲ့ဆိုင်နှစ်ဆိုင်ရှိတယ်။ အခုသူက အဲဒီဆိုင်တွေကို စောင့်ရှောက်ပေးထားတာ။ မင်းတို့က သူ့ကိုမြင်တဲ့အချိန်ကျရင် အစ်မရွမ်လို့ ခေါ်ဖို့ မမေ့နဲ့…”
ပန်းရောင်ဝတ်ကလေးမလေးက ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ…ဆရာ…”
သို့သော် စိမ်းပြာဝတ်ကောင်လေးကတော့ အနည်းငယ်တွေဝေနေပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
“ကျွန်တော်က အရမ်းအသက်ကြီးနေတော့ သူ့ရဲ့ဘိုးဘေးတောင် ဖြစ်နေပြီ။ ဘာလို့ သူ့ကို အစ်မလို့ခေါ်ရမှာလဲ။ ကျွန်တော်က မျိုးဆက်(၁၈)ဆက်စာလောက် သူ့ထက်ပိုပြီး ဝါစဉ်မြင့်တယ်…”
ချန်းပင်အန်းက သူ့ကိုခံစားချက်ကင်းမဲ့စွာ လှည့်ကြည့်လိုက်သည့်အတွက် စိမ်းပြာဝတ်ကောင်လေးက ရင်ဘတ်ပေါ်သို့ လက်နှစ်ဖက် တင်လိုက်မိသည်။ သူက အမှန်တရားများ ပြည့်နှက်နေသောအသံနှင့် ကြေညာလိုက်၏။
“ဆရာကတောင် ဒီလိုပြောမှတော့ ဆရာသာ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်က သူ့ကိုအမေလို့တောင် ခေါ်နိုင်ပါတယ်…”
ထိုစကားကိုကြားသည့်အခါ ချန်းပင်အန်းက ပြုံးလိုက်မိသည်။ သူကတော့ သူ့ပုံစံနှင့် ရှားရှားပါးပါးဆန့်ကျင်၍ ပြုမူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူက ချမ်းသာသော လူတစ်ယောက်ကဲ့သို့ စကားပြောပြီး ကတိပေးလိုက်သည်။
“ငါတို့ အိမ်ရောက်တဲ့အချိန်ကျရင် ငါက မင်းတို့နှစ်ယောက်လုံးကို အပို မြွေကျောက်တုံးတစ်တုံးဆီပေးမယ်…”
ပန်းရောင်ဝတ်ကလေးမလေးက အလွန်ဝမ်းသာသွားပြီး ခုန်ပေါက်နေခဲ့သည်။
“ဆရာ တကယ်လို့ ကျွန်တော်က သူ့ကိုဆရာကတော်လို့ ခေါ်မယ်ဆိုရင်ရော နောက်ထပ်မြွေကျောက်တုံးတစ်တုံး ရနိုင်မှာလား…”
စိမ်းပြာဝတ်ကောင်လေးက မှင်တက်နေသော အမူအရာနှင့် မေးလိုက်သည်။
ချန်းပင်အန်းက သူ့နဖူးကို လက်နှင့်ခေါက်ပြီး ပြောလိုက်၏။
“တကယ်လို့ အဲဒီအချိန်ကျရင် ရွမ်ရှို့ကသာ မင်းကိုသေအောင် သတ်ချင်တယ်ဆိုရင်လည်း ငါ မတားတော့ဘူး…”
စိမ်းပြာဝတ်ကောင်လေးက သေချာစဉ်းစားနေခဲ့ပြီး ဝေ့ပိုက ရွမ်ရှို့ကို သူတော်စင်ရွမ်ချုံ၏သမီးဟု ခေါ်ခဲ့ကြောင်း ရုတ်တရက် အမှတ်ရသွားခဲ့သည်။ စစ်တောင်တန်းမှ ရွမ်ချုံ၏အကျင့်စရိုက်နှင့် ပတ်သက်ပြီး ခုံရုံးဝါတိုင်းပြည်၏ တော်ဝင်မြစ်ထဲတွင် အကုန်လုံးကို ကြားခဲ့ဖူးသည်။ သူက အမှန်တကယ်ကို ကြောက်စရာကောင်းပြီး သဘောသဘောထားဆိုးသွမ်းသော လူတစ်ယောက်လည်းဖြစ်၏။ မည်သည့်သူတော်စင်ကရော တခြားသူများကို သူတို့၏ပိုင်နက်ထဲသို့ဆွဲခေါ်ပြီး သတ်ဖြတ်မည်နည်း။
စိမ်းပြာဝတ်ကောင်လေးက ခြောက်ကပ်စွာရယ်ပြီး ပြောလိုက်သည်။
“ကျွန်တော်က အစ်မရွမ်ကို သေချာပေါက် တလေးတစား ဆက်ဆံပါ့မယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်က အစ်မရွမ် ဒေါသမထွက်အောင် ဒီအရူးမလေးကိုတောင် ကာကွယ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့က အန္တရာယ်တွေကို ရှောင်တိမ်းနိုင်တဲ့အပြင် ဆရာက အိုးတိုးအမ်းတမ်း အခြေအနေမရောက်အောင်လည်း ကာကွယ်နိုင်တယ်…”
ချန်းပင်အန်းက အပြုံးကို ဖိနှိပ်ရန်ကြိုးစားခဲ့သည်။ သူက သိမ်မွေ့နူးညံ့သော ရွမ်ရှို့၏ သဘာဝနှင့် ပတ်သက်ပြီး သူတို့ကို တမင်တကာမပြောခဲ့ပေ။ သူက ရှုတည်တည်အမူအရာနှင့် ခေါင်းညိတ်ပြလိုက်၏။
“မင်းတို့ သူ့ကိုမြင်တဲ့အချိန်ကျရင် လေးစားဖို့မမေ့ပါနဲ့…”
ဖုံများ ပြည့်နှက်နေသော လမ်းအတိုင်း ခဏကြာလျှောက်လှမ်းလာပြီးနောက် ဝေ့ပိုက သူတို့ကိုကျောက်ပြားများ ခင်းထားသော လမ်းကျဉ်းလေးဆီသို့ ခေါ်လာခဲ့သည်။
“ငါက ဒီလမ်းကို ယာယီခင်းထားတာ။ ဒါက စမ်းကျောင်းထဲမှာရှိတဲ့ ကျောက်ခဲလေးတွေကိုပဲ သုံးထားတာလေ။ ချန်းပင်အန်း… မင်းက နောက်ပိုင်းဆန္ဒရှိရင် ဒါကိုလဲလိုက်လို့ရတယ်…”
ဝေ့ပိုက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသော အမူအရာနှင့် ပြောလိုက်သည်။
သူတို့က ခိုင်မာပြီး သပ်ရပ်သော ကျောက်တုံးလမ်းလေးအတိုင်း လမ်းလျှောက်လာသည့်အချိန်တွင် ချန်းပင်အန်းက အပြုံးနှင့်ပြောလိုက်သည်။
“မလိုပါဘူး။ ဒါက တော်တော်လေးကောင်းနေပါပြီ…”
သူတို့က မြင်ကွင်းရှင်းသွားသည့်အချိန်တွင် သူတို့၏ရှေ့၌ နှစ်ထပ်ဝါးအဆောက်အဦးတစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာက စိမ်းလန်းစိုပြေနေပြီး အထူးသဖြင့် အတော်လေးကို ထူးခြားလှသည်။ ထိုဝါးအဆောက်အဦးပေါ်မှ အလွန်လှပသော တောင်တန်းများနှင့် မြစ်များ၏မြင်ကွင်းကိုလည်း မြင်နေရ၏။
ဝါးအဆောက်အဦး၏အောက်ထပ်တွင်တော့ ဝါးထိုင်ခုံလေးများစွာ ရှိနေသည်။ သူတို့အားလုံးကို ဝါးနှင့်သေချာဖန်တီးထားခြင်းဖြစ်၏။ ချန်းပင်အန်းက အံ့ဩမှင်တက်သွားခဲ့ပြီး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။ သူက အလွန်ထိတ်လန့်သွားသလိုလည်း ခံစားခဲ့ရ၏။
ဝေ့ပိုက သူ့အတွက် ဝါးအဆောက်အဦးတစ်ခု တည်ဆောက်ရန် ကတိပေးခဲ့သည့်အချိန်တွင် ထိုအဆောက်အဦးက သာမန်သာမန်အဆောက်အဦးတစ်ခုဟုသာ ချန်းပင်အန်းက ခံစားမိခဲ့သည်။ ထိုမျှထူးခြားလှပနေလိမ့်မည်ကို သူလည်း မထင်ထားခဲ့ပေ။
ချန်းပင်အန်းက သတိပြန်ဝင်လာပြီး တိုးတိုးလေး မေးလိုက်၏။
“ဒီအဆောက်အဦးက ကျွန်တော့်ဟာလား…”
“ဟုတ်တယ်လေ…”
ဝေ့ပိုက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
ချန်းပင်အန်းက လက်နှစ်ဖက်ဆုပ်ပြီး ပြန်ပြောလိုက်၏။
“အရမ်းကောင်းတယ်ဝေ့ပို။ နောက်ပိုင်းကျရင် လော်ပိုတောင်ကို ခင်ဗျားရဲ့အိမ်တစ်ဝက်အဖြစ် သတ်မှတ်နိုင်တယ်။ ခင်ဗျားက ဒီနေရာမှာ စိတ်ကြိုက်နေလို့ရတယ်…”
ဝေ့ပိုက အပြုံးနှင့် ပြောလိုက်၏။
“ဟုတ်လား မင်းက ဒီလောက်မြန်မြန်စိတ်ပြောင်းသွားပြီလား။ လော်ပိုတောင်က ငါတို့ပိုင်တာမဟုတ်ဘူးလို့ မင်းက အခုလေးပဲ ပြောခဲ့တာမဟုတ်လား…”
“ဝေ့ပို…
ခင်ဗျားက သွားစားပွဲတောင်ရဲ့ အစွမ်းထက်တောင်ထိပ်သခင်တစ်ယောက်လေ။ ခင်ဗျားကိုယ်တိုင်က ကျွန်တော့်ထက် အဆင့်မနိမ့်ဘူး မဟုတ်လား…”
ချန်းပင်အန်းက အပြုံးနှင့်ပြန်ပြောလိုက်သည်။
ဝေ့ပိုက ကျေနပ်စွာ ရယ်လိုက်မိ၏။ သူက လူငယ်လေးကို လက်ညှိုးထိုးပြီး မှတ်ချက်ပေးလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်းက နည်းနည်းလေး ပြောင်းလဲသွားတယ်။ ကြည့်ရတာတော့ မင်းက ဒီလောက်ခရီးရှည်ကြီးသွားပြီး ဗဟုသုတရှာဖွေတာ အချည်းနှီးမဖြစ်ခဲ့ဘူးပဲ..”
ထို့နောက် ဝေ့ပိုက လူငယ်လေးနှင့် ကလေးကလေးနှစ်ယောက်ကို ဝါးအဆောက်အဦး၏ ဒုတိယထပ်သို့ ခေါ်သွားခဲ့သည်။ ထိုနေရာတွင် အဝေးကို ငေးကြည့်နိုင်သော လသာဆောင်တစ်ခု ရှိနေခဲ့၏။ လူငယ်လေးက ကလေးနှစ်ယောက်ထက် ခေါင်းတစ်လုံး ပို၍မြင့်သော ဝေ့ပိုကိုကြည့်ပြီး သူတို့၏ဦးခေါင်းများက တောင်တန်းငယ်လေးတစ်ခုနှင့် အတော်လေးတူညီသည်ဟု ခံစားခဲ့ရသည်။
“ဆရာ…
ဒီကမြင်ကွင်းတွေက တော်တော်လေးကို ထူးခြားတာပဲ။ နောက်ပိုင်း ကျွန်မတို့က ဒီမှာနေလို့ရလား။ သေချာပေါက်ရတာပေါ့…”
“ဆရာ…
ဒီအဆောက်အဦး ကျွန်တော့်ကိုပေးပါလား။ ကျွန်တော်က သာမန်မြွေကျောက်တုံးတစ်တုံးကို လက်လျှော့လိုက်မယ်လေ။ ဘယ်လိုသဘောရလဲ..”
“မပေးနိုင်ပါဘူး…”
အလွန်ဝမ်းသာနေသော အခြေအနေ၏ သက်ရောက်မှုကြောင့် သွားစားပွဲတောင်၏ တောင်ထိပ်သခင် မဟုတ်တော့သော ဝေ့ပိုကလည်း အဝေးတွင် ရှိနေသောမြင်ကွင်းများကိုကြည့်ပြီး ပြုံးနေမိသည်။
အခန်းထဲတွင် ပြည့်နှက်နေသော သစ်ခွရနံ့များက နှာခေါင်းထဲသို့ ဝင်လာသည့်အချိန်တွင် သူတို့က မွှေးရနံ့များကို ခံစားမိနေခဲ့၏။
ထို့နောက် ချန်းပင်အန်းက စိမ်းပြာဝတ်ကောင်လေးနှင့် ကလေးမလေးတို့ကို တောင်တန်းပေါ်မှခေါ်လာပြီး မြို့ငယ်လေးထဲသို့ ဦးတည်လာခဲ့သည်။ ဝေ့ပိုက အရိပ်တစ်ခုကဲ့သို့ သွားလာနေပြီး ထိုအချိန်တွင် သူတို့၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
“ဒီလိုဒီလိုပုံစံမျိုး ခိုးကြောင်ခိုးဝှက်ပဲ သွားနေတယ်။ သူက လူကောင်းတစ်ယောက်မဟုတ်ဘူး။ ဆရာ… နောက်ပိုင်းသူနဲ့သိပ်ပြီးမဆက်ဆံနဲ့။ ကျွန်တော်က ယဉ်ကျေးတဲ့ပုံစံနှင့် ပြောတာပါ…”
စိမ်းပြာဝတ်ကောင်လေးက တိတ်တဆိတ် သတိပေးလိုက်သည်။
ချန်းပင်အန်းက သူ့ကို လျစ်လျူရှုထားခဲ့၏။ ကလေးနှစ်ယောက်ကို ရင်းနှီးနေသော တောင်တက်လမ်းအတိုင်း ခေါ်လာခဲ့ပြီးနောက် တဖြည်းဖြည်းနှင့် သူတို့က အဝေးတွင် ရှိနေသော အိမ်ငယ်လေးများနှင့် မြို့လေး၏ အနောက်ဘက်ကိုမြင်လိုက်ရသည်။
ချန်းပင်အန်းက တိုးတိုးလေး သက်ပြင်းချလိုက်မိ၏။ လက်ရှိအချိန်တွင် သူတို့က သိပ်မထူးခြားသော ကျန့်ကျူးတောင်ပေါ်သို့ရောက်နေပြီဖြစ်သည်။ ထိုနေရာတွင် ချန်းပင်အန်းက သူ၏မွေးရပ်မြေမြို့လေးကို ငေးကြည့်နေပြီး သူ့အနားတွင် ရှိနေသော ကလေးနှစ်ယောက်ကိုတော့ တခြားနေရာများ လက်ညှိုးထိုးပြနေခဲ့၏။
ဥပမာအားဖြင့် သူ၏ဘိုးဘွားဘိုးဘေးနေအိမ် ရှိနေသော ရွှံ့ပုလင်းလမ်းကြား၊ ဆရာချီ စာသင်ကြားခဲ့သော စာသင်ကျောင်းလေး၊ သူ၏ဈေးဆိုင်နှစ်ခုရှိနေသော နဂါးစီးလမ်းကြား၊ သူစာပို့သွားခဲ့ရသော ဖုလုလမ်းကြားနှင့် မက်မွန်ရွက်လမ်းကြား၊ မြို့ငယ်လေး၏အပြင်ဘက်တွင် ရှိနေသော ပန်းပဲဆိုင် ၊ အရှေ့ဘက်တွင် ရှိနေသော အင်မော်တယ်အုတ်ဂူ၊ မြောက်ဘက်တွင် ရှိနေသော ကြွေထည်တောင်.. အစရှိသည့်နေရာမျိုးစုံဖြစ်သည်။
ချန်းပင်အန်း မိတ်ဆက်မပေးခဲ့သည်မှာ မူလပုံသဏ္ဌာန် ပြန်ပြောင်းသွားသော ကျောက်တုံးတံတား ဖြစ်သည်။ သူက ပန်းပဲဆိုင်ကိုမြင်သည့်အချိန်တွင် မျက်မှောင်ကြုတ်လိုက်မိ၏။ သူက ထိုအရာကို မိတ်ဆက်မပေးခဲ့သည့်အပြင် ထိုနေရာကိုလည်းမကြည့်ခဲ့ပေ။
သူက အပြင်ဘက်ကမ္ဘာကြီး၏ အန္တရာယ်ပေါင်းစုံကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် သူက ဂရုစိုက်ရမည်ဖြစ်ကြောင်း နားလည်နေခဲ့၏။ စိမ်းပြာဝတ်ကောင်လေးက ရှေ့ကိုလျှောက်သွားရင်း မေးလိုက်သည်။
“ဆရာ…
ကျွန်တော်တို့က ကုန်စုံဆိုင်နဲ့မုန့်ဆိုင်ကို အရင်ဆုံးသွားဖို့ နဂါးစီးလမ်းကြားထဲကို သွားမှာလား…”
“ငါတို့က ငါ့မိဘတွေရဲ့အုတ်ဂူကို အရင်ဆုံးသွားရမယ်…”
ချန်းပင်အန်းက တိုးတိုးလေး ပြန်ဖြေလိုက်သည်။
သူတို့(၃)ယောက်က မြို့ငယ်လေးကို ဖြတ်မသွားဘဲ မြစ်အတိုင်း အောက်ကို လျှောက်သွားခဲ့သည်။ သူတို့က ကျောက်တုံးတံတားလေးကို တိတ်တဆိတ် ဖြတ်ကျော်သွားခဲ့ပြီး အောက်ဘက်တွင်တော့ ဓားအိုကြီး မရှိတော့ချေ။ ထို့နောက် သူတို့က မီးဖိုငယ်လေးများ ပြည့်နှက်နေသော ပန်းပဲဆိုင်နှင့် မြင့်မားသော ဓားမီးဖိုများကို ဖြတ်ကျော်သွားခဲ့ကြသည်။
အဆုံးတွင်တော့ သူတို့က အုတ်ဂူငယ်လေးတစ်ခု၏ရှေ့ကို ရောက်လာခဲ့၏။ ချန်းပင်အန်းက သူ၏ဝါးခြင်းတောင်းကို ချလိုက်ပြီး သူ၏လက်သီးဆုပ်ထက်ပင် ပို၍သေးငယ်သော မြေသားအိတ်ကလေးများကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက အုတ်ဂူထဲသို့ မြေသားများ စတင်ပေါင်းထည့်လိုက်၏။
လူငယ်လေး၏မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ ပူဆွေးမှုများ မရှိပေ။ သူက မွေးရပ်မြေသို့ ပြန်လာရသည့်အတွက် ဝမ်းသာနေခြင်းလည်း မရှိချေ။ တောင်တန်းများပေါ်သို့ တက်လှမ်းခြင်း၊ မြစ်ချောင်းများကို ဖြတ်သန်းသွားလာခြင်း၊ ကီလိုမီတာ သောင်းပေါင်းများစွာ ခရီးသွားလာခဲ့ပြီးနောက် မွေးရပ်မြေသို့ ပြန်ရောက်လာသည့်အချိန်တွင် လူငယ်လေး ပထမဆုံး လုပ်ခဲ့သည့်အရာကတော့ ထိုအိတ်ရှုံ့လေးများကို ဖွင့်ပြီး သူ့မိဘများ၏အုတ်ဂူပေါ်သို့ မြေသားများ တိတ်တဆိတ် ဖြည့်ပေးနေခြင်းသာ ဖြစ်လေသည်။
Translated by Hein Htet.