← Chapters

အခန်း (၁၈၇)

Vol. 13 Ch. 187

အခန်း (၁၈၇)

Vol. 13 Ch. 187

ချန်းပင်အန်းနှင့် ကလေးနှစ်ယောက်က တောင်ကုန်းပေါ်မှာ ဆင်းလာပြီးနောက် မြို့ငယ်လေးထဲသို့ ဝင်ရောက်လာခဲ့သည်။ လော်ပိုတောင်နှင့် ဝါးအဆောက်အဦး၏ ကြီးကျယ်ခမ်းနားမှုကို မြင်တွေ့ခဲ့ရပြီးနောက် ဤမြို့ငယ်လေး၏ နယ်မြေခံ ဓလေ့ထုံးတမ်းများကို လိုက်နာခြင်းကလည်း ဆိုးရွားသော အကြံတစ်ခု မဟုတ်ကြောင်း စိမ်းပြာဝတ်ကောင်လေးက ခံစားမိလာခဲ့သည်။

တစ်ချိန်တည်းတွင် သူ့အိမ်ကို တမ်းတလွမ်းဆွတ်နေရသော ခံစားမှုကလည်း နည်းနည်းချင်းဆီ ပျောက်ကွယ်လာခဲ့၏။ သူက အပြုံးနှင့် မေးလိုက်သည်။

"ဆရာ…

ကျွန်တော်တို့က ဘယ်ကို ဆက်သွားကြမှာလဲ။ ရွှံ့ပုလင်းလမ်းကြားထဲမှာရှိတဲ့ ဆရာ့ရဲ့အိမ်ကိုလား…။ ဆရာ…ကျွန်တော်တို့က ရွှံ့ပုလင်းလမ်းကြားကြီး တစ်ခုလုံးကို ဘာလို့မဝယ်ရတာလဲ။ တကယ်လို့ ဆရာ့ဆီမှာ ငွေနည်းနေတယ်ဆိုရင်တောင် ကိစ္စမရှိဘူး။ ကျွန်တော့်မှာ ရှိတယ်။ ကျွန်တော့်မှာ ငွေတွေ အများကြီးရှိတယ်လို့တော့ မပြောရဲပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုတွေက ရွှေငွေအနေနဲ့ တွက်ချက်လိုက်မယ်ဆိုရင် တော်တော်လေး ပမာဏများတယ်။ ဆရာက အဲဒီအရာတွေကို မြွေကျောက်တုံးတွေနဲ့ပဲ ကျွန်တော့်ကို အလဲအလှယ် လုပ်ပေးလို့ရတယ်။ သာမန်ကျောက်တုံးတွေဆိုရင်တောင် အဆင်ပြေတယ်လေ…"

ချန်းပင်အန်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

"ရွှံ့ပုလင်းလမ်းကြားတစ်ခုလုံးကို ဝယ်တော့ရော ဘာထူးမှာလဲ။ ဒါက ငွေဖြုန်းတာ သက်သက်ပဲလေ…"

စိမ်းပြာဝတ်ကောင်လေးကတော့ အရှုံးကို လက်ခံရန် အနည်းငယ် တွေဝေနေခဲ့သည်။ သို့သော် သူက ချန်းပင်အန်းကို ပြန်မပြောရဲခဲ့ပေ။ မည်သို့ဖြစ်စေကာမူ သူ၏တွက်ချက်မှုနှင့် အကောက်ကြံမှုများက အလွန်အမင်းကို ထူးခြားပြီး ပြည့်စုံသည်ဟု ခံစားမိခဲ့သည်။ သူက အပိုမြွေကျောက်တုံးတချို့ကို ရယူရန်အတွက် ထိုအရာများကို လုပ်နေခြင်းမဟုတ်ပေလော။

စိမ်းပြာဝတ်ကောင်လေးက ပြန်ပြောစရာစကားလုံးမရှိတော့ကြောင်း မြင်လိုက်ရသည့်အခါ ပန်းရောင်ဝတ် ကလေးမလေးက အနည်းငယ်ဝမ်းသာသွားသလို ခံစားခဲ့ရသည်။ သူမ၏ စိတ်တွင်လည်း သူမ၏ ကိုယ်ပိုင်တွက်ချက်မှုနှင့် အစီအစဉ်များ ရှိနေခဲ့၏။

သူတို့က ရွှံ့ပုလင်းလမ်းကြားထဲသို့ ရောက်လာသည့်အချိန်တွင် သူမက သူ့ဆရာ၏အိမ်ကို သန့်ရှင်းရေးလုပ်ပေးရန် စဉ်းစားထားခဲ့သည်။ သူတို့က နဂါးနှုတ်ခမ်းမွေးမြစ်နှင့် စမ်းချောင်းအစပ်သို့ ရောက်လာသည့်အချိန်တွင် ချန်းပင်အန်းက စမ်းချောင်းနှင့် ပတ်သက်သော ပုံပြင်တချို့ကို ကလေးနှစ်ယောက်သိအောင် ပြောပြခဲ့သည်။

စိမ်းပြာဝတ်ကောင်လေးကတော့ ထိုပုံပြင်များကို နားထောင်နေရင်း တစ်စုံတစ်ခုကို စဉ်းစားနေပုံရ၏။ သူက ဒေါသထွက်နေသော အမူအရာနှင့် မြစ်ထဲရှိ တစ်နေရာကို စိုက်ကြည့်လိုက်သည်။ သူက စကားတစ်ခွန်းမျှ မပြောဘဲ ချက်ချင်း မြစ်ထဲသို့ ခုန်ဆင်းသွားခဲ့၏။

သူက ကြောက်စရာကောင်းသော အစစ်အမှန်ပုံစံကို ပြောင်းလဲသွားခဲ့ခြင်း မရှိသော်လည်း ရေကို ထိန်းချုပ်နိုင်သော သူ၏စွမ်းရည်က အတော်လေးကို ထူးချွန်သည်ဟု သတ်မှတ်နိုင်သည်။ သူက ရေမျက်နှာပြင်ကို လက်သီးနှင့် တစ်ချက်ထိုးလိုက်သည့်အချိန်တိုင်း ရေတွင်းအသစ်တစ်ခု တူးလိုက်သလိုဖြစ်နေသည်။

မြစ်ထဲတွင် အလွန်ကြီးမားပြီး ကြောက်စရာကောင်းသော ဝဲကတော့ကြီးများ ပေါ်လာခဲ့သည်။ မူလတုန်းက တည်ငြိမ်နေသောမြစ်က ချက်ချင်းပင် လှုပ်ရှားပြင်းထန်လာခဲ့၏။ စိမ်းပြာဝတ်ကောင်လေးက မြေပြင်ပေါ်တွင် လမ်းလျှောက်နေရသည့်အလား မြစ်ပေါ်ကို ဖြတ်၍ လျှောက်သွားခဲ့သည်။ သူက မြစ်အောက်ခြေတွင် ပုန်းအောင်းနေသော တစ်စုံတစ်ခုကို ရှာဖွေနေပုံရ၏။

သူ လမ်းလျှောက်နေသည့်အချိန်တွင် အော်ပြောလိုက်သည်။

"မျက်မမြင်ပုစွန်တွေနဲ့ ဂဏန်းစစ်သူကြီးတွေ…

မင်းတို့က ငါ့ရဲ့အလှပဂေးလေးကို ဖုံးကွယ်ထားရဲသေးတာလား…"

ချန်းပင်အန်းက သူ့ကို တားဆီးခဲ့ခြင်း မရှိချေ။ ပထမဆုံး စိမ်းပြာဝတ်ကောင်လေးက ရုတ်တရက် ခုန်သွားခဲ့ခြင်း ဖြစ်သည့်အတွက် ချန်းပင်အန်းက သူ့ကို တားရန် အချိန်မရှိခဲ့ပေ။ ဒုတိယတစ်ချက်ကတော့ သူက လီပေါင်ဖျင်နှင့်အတူ မြို့ငယ်လေးထဲမှ ထွက်မသွားခင် မြစ်ကမ်းဘေး၌ လမ်းလျှောက်ကျင့်စဉ် လေ့ကျင့်နေသည့်အချိန်၌ တစ်စုံတစ်ယောက်က သူ့ကိုကြည့်နေသလို အမှန်တကယ် ခံစားခဲ့ရသည်။

ထိုအရာက သက်တောင့်သက်သာမရှိဘဲ ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုဖြစ်၏။ ထို့ကြောင့် သူ၏ကျောရိုးထဲတွင် အေးစိမ့်သွားသလို ခံစားခဲ့ရသည်။ သို့သော် ထိုအချိန်တွင် ချန်းပင်အန်းက သူ၏လက်သီးကျင့်စဉ်ကို စတင်လေ့ကျင့်နေခြင်းသာ ဖြစ်သည့်အတွက် နောက်ကွယ်တွင် ရှိနေသော အကြောင်းပြချက်ကို စုံစမ်းရဲခြင်းမရှိချေ။ သူက ထိုအရာနှင့် ဝေးဝေးနေရန်သာ ရွေးချယ်ခဲ့သည်။

စိမ်းပြာဝတ်ကောင်လေးက ကြမ်းတမ်းခက်ထန်သောဒေါသကို နောက်တစ်ကြိမ် ထုတ်ဖော်ပြသလိုက်ကြောင်း မြင်သည့်အခါ ပန်းရောင်ဝတ် ကလေးမလေးက အနည်းငယ် ခေါင်းကိုက်သွားသလို ခံစားလိုက်ရသည်။

သူမက ချန်းပင်အန်းကို တိတ်တဆိတ် သတိပေးလိုက်၏။

"ဆရာ…

တာ့လီအင်ပါယာရဲ့ နန်းတွင်းက နဂါးနှုတ်ခမ်းမွေးမြစ်မှာ မြစ်နတ်ဘုရား တစ်ယောက်ယောက်များ နေရာချထားပေးသေးလား။ ဥပမာအနေနဲ့ပြောရရင် မြစ်အစောင့် ဒါမှမဟုတ် ပိုပြီးအဆင့်မြင့်တဲ့ မြစ်နတ်ဘုရားတစ်ယောက်ပေါ့။ ကျွန်မတို့က ဒီလောက်ထိလုပ်ဖို့ မသင့်ဘူး။ စာအုပ်တွေထဲက စကားအရ တစ်ခါတစ်ရံ တာဝန်ရှိတဲ့ အရာရှိတွေက တိုင်းပြည်မှတ်တမ်းထက် ပိုပြီးတော့အရေးပါတယ်။ စာအုပ်တွေကတော့ အဝေးမှာရှိတဲ့ ဆွေမျိုးထက်တောင် ပိုပြီးတော့ကောင်းတဲ့ အိမ်နီးချင်းတစ်ယောက်လို့ ပြောကြတယ်…"

ချန်းပင်အန်းက သူမ၏မေးခွန်းကြောင့် သေချာစဉ်းစားကြည့်နေခဲ့သည်။ သူက ပတ်ပတ်လည်ကို စိုက်ကြည့်ပြီး သေချာစဉ်းစား၍ ပြောလိုက်၏။

"တကယ်လို့ မြစ်နတ်ဘုရား တစ်ယောက်ရှိမယ်ဆိုရင် မြစ်နတ်ဘုရား ကျောင်းဆောင်တစ်ခု ရှိသင့်တယ်မဟုတ်လား။ ဒါပေမဲ့ လမ်းတစ်လျှောက်မှာ ဘာမှမတွေ့ရဘူး…"

ချန်းပင်အန်းက စိတ်ထဲတွင် တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။ အလျင်လို အနှေးဖြစ်ဟူသော စကားလုံးကိုလည်း သူက အမှတ်ရသွားခဲ့၏။ ထိုအရာက လက်ရှိ သူ၏နောက်ကျောတွင် ရှိနေသော ဝါးခြမ်းတောင်းလေးထဲရှိ ဝါးပြားလေးတစ်ခုပေါ်တွင် သူကိုယ်တိုင် ရေးသားထားခြင်း ဖြစ်၏။

ထိုအရာ ခေါင်းထဲတွင် ပေါ်လာသည့်အတွက် သူက ဦးတည်ချက်မရှိ စစ်ဆေးနေခြင်းကို လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။ သူက တဖြည်းဖြည်း ဒေါသထွက်လာသော စိမ်းပြာဝတ်ကောင်လေးကို လှည့်ကြည့်ပြီး အော်ခေါ်လိုက်၏။

"ပြန်လာခဲ့တော့…"

အဝေးတွင် ရှိနေသော မြစ်ရေပြင်ပေါ်တွင် စိမ်းပြာဝတ်ကောင်လေးက သူ၏အင်္ကျီလက်ကို လှုပ်ရှားလိုက်ရာ သူ၏အင်မော်တယ်ရတနာများ ထွက်လာခဲ့သည်။ သူက အားရပါးရရယ်ပြီး ပြောလိုက်၏။

"ဆရာ…

ကျွန်တော့်ကို ခဏလောက်ပဲအချိန်ပေးပါ။ နည်းနည်းလေးပဲ။ ကျွန်တော်က အဲဒီငါးရှဉ့်ကို ဖမ်းမိတော့မယ်။ ငါနဲ့ ရေထဲမှာ ပြိုင်ပြီးတော့ တိုက်ခိုက်ချင်နေတာလား။ တော်တော်ဆိုးပါလား။ မင်းဆီမှာ ဒီလောက်ရတနာတွေ အများကြီးရှိနေတယ်။ ဒီအင်မော်တယ်ရတနာတွေက တော်တော်လေး ကောင်းပါတယ်။ ဒါပေမဲ့ ငါက ရေထဲမှာ တိုက်ခိုက်တဲ့အချိန် ပြိုင်ဘက်ကင်းခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားတာတော့ မင်းအတွက် ကံဆိုးတာပဲ…"

"ကပ်စေးနည်းမကြီး…

ခင်ဗျားရဲ့အရည်အချင်းက အရမ်းအားနည်းလွန်းတယ်။ ဟား.. ဟား .. ဟား ..ဟား ကျုပ်က ခင်ဗျားကို ဖမ်းပြီး ကျုပ်ဆရာရဲ့ အိပ်ယာထဲကို ပစ်ထည့်လိုက်မယ်ဆိုရင် ကျုပ်က နောက်ထပ်မြွေကျောက်တုံးတစ်တုံးတောင် ရနိုင်တယ်…"

စိမ်းပြာဝတ်ကောင်လေးက မြစ်ထဲတွင် ရှိနေသော ရေသတ္တဝါနှင့် အပြန်အလှန် တိုက်ခိုက်နေခဲ့သည်။ သူတို့နှစ်ယောက်လုံးက အင်မော်တယ်ရတနာများ၏အစွမ်းကို အသုံးပြုနေကြသည့်အတွက် နဂါးနှုတ်ခမ်းမွေးမြစ်၏ အပေါ်ဘက်တွင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာနေခဲ့သည်။ ထိုစိမ်းပြာဝတ်ကောင်လေးက သူ့ပြိုင်ဘက်ကို ဆော့ကစားလိုခြင်းကြောင့်သာမဟုတ်လျှင် အလွန်အစွမ်းထက်သော ခန္ဓာကိုယ်နှင့် အံ့ဩစရာကောင်းသော သူ၏ကျင့်ကြံမှုအရ သူက အစစ်အမှန် ပုံသဏ္ဌာန်မပြောင်းလဲဘဲ ပြိုင်ဘက်ကို ဆိုးဆိုးရွားရွားဒဏ်ရာရအောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။

ခဏကြာပြီးနောက် စိမ်းပြာဝတ်ကောင်လေးက ပြန်လှည့်လာပြီး လက်ထဲတွင် ဆံပင်မွေးလက်တစ်ဆုပ်ကို ကိုင်၍ ချန်းပင်အန်းဆီသို့ ပြန်ပြေးလာခဲ့သည်။ သူက ချန်းပင်အန်းနှင့် ပန်းရောင်ဝတ်ကလေးမလေးတို့ ရှိနေသော မြစ်ကမ်းစပ်သို့ ပြန်ရောက်လာသည့်အချိန်တွင် ထိုဆံပင်ကို လွှတ်ပေးလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

"ဆရာ…

အဲဒီမိန်းမက တော်တော်လေးလှတယ်။ သူ့ရဲ့တင်ပါးတွေဆိုရင် လုံးဝန်းပြီး အိစက်နေတာပဲ။ အမှန်အတိုင်းပြောရရင် သူ့ရဲ့တင်ပါးတွေက ဒီအရူးမလေးရဲ့ နှစ်ဆလောက်တောင် ရှိတယ်။ ဆရာက သူ့ကို အစေခံအဖြစ် မလိုချင်ဘူးလား.."

ပန်းရောင်ဝတ် ကလေးမလေးကတော့ ရှက်ရွံ့မှုနှင့် ဒေါသကြောင့် မျက်နှာလေးက နီရဲနေခဲ့သည်။ ထိုလူငယ်လေး၏ ခြေထောက်ဘေးနားတွင် ရှိနေသော မြစ်ရေပြင်ပေါ်တွင် ဖြူဖျော့ဖျော့ ဦးခေါင်းတစ်လုံးနှင့် လည်ပင်းတစ်ခု ပေါ်လာခဲ့၏။ ထိုအရာက အလွန်သနားစရာကောင်းသော ရုပ်ရည်ရှိနေသည့် မိန်းကလေး ရင်နတ်ဘုရားတစ်ပါးဖြစ်၏။ အလွန်ရှည်လျားလှသော သူမ၏ဆံပင်များက မြစ်ရေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ ထိုအရာက ရေလှိုင်းလေးများနှင့်အတူ နိမ့်ချည်မြင့်ချည် လှုပ်ရှားနေခဲ့၏။

သူမက ချန်းပင်အန်းကို မြင်တွေ့သွားခဲ့ပြီးနောက် ထိုလူငယ်လေးက အနည်းငယ်ပို၍ အရပ်ရှည်လာကြောင်း ခံစားမိခဲ့သည်။ သို့သော် သူ့ပုံစံက ယခင်တုန်းကအတိုင်း ဆင်းရဲနွမ်းပါးနေဆဲသာ ဖြစ်၏။ သို့သော် သူက အလွန်အစွမ်းထက်သော နောက်လိုက်တစ်ယောက်ကို ရခဲ့သည်။

အမျိုးသမီး၏မျက်လုံးများက မည်းမှောင်နေပြီး မျက်နှာလည်း ပျက်နေခဲ့၏။ သူမက ရှုပ်ထွေးနေသော အတွေးများကို လျင်မြန်စွာ ဖယ်ရှားလိုက်သည်။ သူမက ခေါင်းငုံ့ပြီး တအိအိ ရှိုက်ငို၍ ပြောလိုက်၏။

"ကျွန်မက နဂါးနှုတ်ခမ်းမွေးစမ်းချောင်းမှာ အသစ်ခန့်အပ်ထားတဲ့ မြစ်နတ်ဘုရားမပါ။ ဒါကြောင့် စည်းမျဉ်းစည်းကမ်းအရ ကျွန်မက မြစ်ထဲမှာ ရှိနေတဲ့ လူတိုင်းကို စစ်ဆေးဖို့ တာဝန်ရှိပါတယ်။ ဒါက ကျွန်မရဲ့တာဝန်ပါ။ ဒါကြောင့် ကျွန်မက မရည်ရွယ်ဘဲ သခင်လေးကို အပြစ်ပြုမိခဲ့တယ်ဆိုရင် ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ။ ကျေးဇူးပြုပြီး ကျွန်မရဲ့လုပ်ရပ်တွေကို ဗွေမယူပါနဲ့…"

ချန်းပင်အန်းက စိမ်းပြာဝတ်ကောင်လေးကို မြစ်ထဲမှ ထွက်လာရန် အလျင်အမြန် ပြောလိုက်သည်။ ထို့နောက် သူက မရင်းနှီးသော မြစ်နတ်ဘုရားမကို လက်နှစ်ဖက်ဆုပ်ပြီး တောင်းပန်သလို ပြောလိုက်၏။

"မဟုတ်ပါဘူး။ ကျွန်တော်တို့ကသာ မြစ်နတ်ဘုရားမကို ရန်စမိခဲ့တာပါ။ ကျွန်တော်က ချန်းပင်အန်းပါ။ လုံချွမ်းတိုင်းပြည်ရဲ့ နယ်မြေခံတစ်ယောက်ပါပဲ။ မြစ်နတ်ဘုရားမက ဘယ်နေရာက လာခဲ့လဲဆိုတာ သိခွင့်ရှိမလား…"

မြစ်နတ်ဘုရားမ၏ မျက်လုံးထဲတွင် ထူးဆန်းသော အမူအရာတစ်ခုပေါ်လာခဲ့သည်။ သို့သော် သူမက ထိတ်လန့်နေသော အမူအရာနှင့် လျင်မြန်စွာ ပြန်ဖြေလိုက်၏။

"ကျွန်မက မြစ်နတ်ဘုရားတစ်ယောက်ဖြစ်နေမှတော့ ကျွန်မရဲ့အတိတ်ကို ဖြတ်တောက်ပစ်လိုက်ပါပြီ။ ဗုဒ္ဓဘုန်းတော်ကြီးတွေက သူတို့ရဲ့ဘွဲ့တော်ကို မပြောသလို ၊ တာအိုသခင်တွေက သူတို့ရဲ့အသက်ကို မပြောသလိုမျိုးပါပဲ။ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်မရဲ့အတိတ်ကို မမေးပါနဲ့ သခင်လေး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက တခြားသူတွေကို ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိတဲ့အပြင် နဂါးနှုတ်ခမ်းမွေးမြစ်ရဲ့ ကံကြမ္မာကို စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်…"

ထိုစကားကို ကြားသည့်အခါ စိမ်းပြာဝတ်ကောင်လေးက ဒေါသထွက်သွားပြီး အော်ပြောလိုက်သည်။

"ဆရာက မင်းကို မျက်နှာသာပေးနေတာ။ ဒါပေမဲ့ မင်းကတော့ သူ့ရဲ့သနားကြင်နာမှုကို ငြင်းဆန်နေတာလား။ ငါ့ဆရာက အရမ်းသဘောကောင်းလို့ မင်းက ငါ့ဆရာကို လှည့်စားချင်နေတာလား…"

ချန်းပင်အန်းက ကောင်လေး၏ခေါင်းပေါ်သို့ လက်တင်လိုက်ပြီး တရားဝင်မြစ်နတ်ဘုရားမနှင့် နောက်တစ်ကြိမ် မတိုက်ခိုက်စေရန် တားဆီးထားခဲ့သည်။ ထို့နောက် သူက အမျိုးသမီးကို အပြုံးနှင့် ပြောလိုက်၏။

“ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ် မြစ်နတ်ဘုရားမ…”

မြစ်နတ်ဘုရားမက လက်ဖြူဖြူလေးကို အလျင်အမြန် ဝှေ့ယမ်းပြီး ပြောလိုက်သည်။

“ကျွန်မက သခင်လေးရဲ့ကျေးဇူးတရားကို လက်မခံရဲပါဘူး။ ကျွန်မတို့က မိတ်ဆွေတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သခင်လေးချန်းက ကျွန်မကို တောင်းပန်ဖို့ မလိုအပ်ပါဘူး။ တကယ်လို့ သခင်လေးက နောက်ပိုင်း အကူအညီလိုအပ်မယ်ဆိုရင် မြစ်ထဲကို လူလွှတ်ပြီး ပြောခိုင်းလို့ ရပါတယ်။ ကျွန်မက ကူညီနိုင်တာကို ကူညီပေးပါ့မယ်…”

ချန်းပင်အန်းက မြစ်နတ်ဘုရားမနှင့် ထိုကဲ့သို့ အိုးတိုးအမ်းတမ်း စကားဝိုင်းကို ရှေ့မဆက်ချင်တော့ချေ။ ထိုအရာက သူနှင့် လုံးဝမကိုက်ညီသလို မြစ်နတ်ဘုရားမက သူ့ကို သခင်လေးချန်း ဟု ခေါ်နေသည့်အတွက် အတော်လေး မသက်မသာ ခံစားနေရ၏။ သူက ကလေးနှစ်ယောက်နှင့်အတူ အဝေးသို့ ဆက်ထွက်သွားခဲ့သည်။

သိပ်မကြာခင် သူတို့က ပန်းပဲဆိုင်အနားသို့ ရောက်လာခဲ့သည်။ ချန်းပင်အန်းက အနည်းငယ်တွေဝေနေခဲ့၏။ သူက သူတော်စင်ရွမ်ချုံနှင့် သူ့သမီးရွမ်ရှို့တို့ကို သွား၍ နှုတ်ဆက်ရမလား ၊ ရွှံ့ပုလင်းလမ်းကြားထဲသို့ အရင်ပြန်ရမလား မသိတော့ချေ။

ထိုအမျိုးသမီးက မြစ်အစောင့်အရှောက်အဖြစ်မှနေ၍ မြစ်နတ်ဘုရားတစ်ယောက် ဖြစ်လာသော်လည်း ယခုချိန်ထိ မြစ်နတ်ဘုရားကျောင်းဆောင် မရှိသေးချေ။ သူမက မြစ်အောက်ခြေသို့ ဖြည်းညင်းစွာ ကူးခတ်လာခဲ့၏။ သူမ၏မျက်လုံးထဲတွင် ကြောက်စရာကောင်းသော အကြည့်တစ်ခု ရှိနေပြီး သူမ၏မျက်နှာပေါ်တွင်လည်း ဒေါသများ ပြည့်နှက်နေခဲ့သည်။ သူမက စိုစွတ်နေသော မြေကြီးထဲတွင် လိပ်အိုကြီးကို ခြေထောက်နှင့် နင်းလိုက်၏။ သူမက စိတ်မပြေသေးသည့်အတွက် လိပ်ခွံပျက်စီးသွားစေရန် နောက်တစ်ကြိမ် ခြေထောက်နှင့် နင်းလိုက်ပြန်သည်။ထို့နောက်တွင်မှသာ သူမက ရပ်တန့်ခဲ့၏။ သို့သော် မပြတ်သားသော မြစ်နတ်ဘုရားမက ချက်ချင်း နောင်တရလာခဲ့သည်။

လိပ်အိုကြီးက အနည်းဆုံးနှစ်ပေါင်း ၂၀၀ ခန့် အသက်ရှင်နေခဲ့သည်။ လီကျူးသုခဘုံထဲမှ စွမ်းအင်များက သစ်ပင်မျိုးစုံနှင့် ငှက်များ၊ မှော်သားရဲမျိုးစုံကို အကျိုးရှိစေခဲ့သည့်အတွက် လိပ်အိုကြီးက အသိဉာဏ်အနည်း ရှိလာခဲ့သည်။ နောက်ထပ် နှစ်ပေါင်း ၂၀၀၊ ၃၀၀ ခန့်ကြာပြီးသွားလျှင် သူမက အသိဉာဏ်ရှိသော လက်အောက်ငယ်သားတစ်ယောက် ဖြစ်လာနိုင်သည်။

မြစ်နတ်ဘုရားမက ဝမ်းနည်းစွာ သက်ပြင်းချလိုက်မိသည်။ သူမက ငုံ့လိုက်ပြီး ပျက်စီးသွားသော လိပ်ခွံကို ကြည့်၍ ပြောလိုက်သည်။

“တကယ်လို့ မင်းက တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် အဲဒီခွေးကောင်လေး ချန်းပင်အန်းကိုပဲ အပြစ်တင်လိုက်။ သူက မင်းကို သေအောင်လုပ်လိုက်တာပဲ။ သူက အစစ်အမှန် တရားခံပဲ။ သခင်လေးချန်း ဟုတ်လား..ထွီ…မိဘတွေကို သေအောင်သတ်တဲ့ ခွေးကောင်လေး၊ ဘာလို့လမ်းခရီးမှာ မသေခဲ့ရတာလဲ။ ဘာလို့ မင်းက အသားစတွေ ဖြစ်မသွားခဲ့ရတာလဲ…”

မြစ်နတ်ဘုရားမက ရွှံ့ပုလင်းလမ်းကြားထဲမှ ကောင်လေးကို အတော်လေး မကျေမနပ် ဖြစ်နေခဲ့သည်။ သူမက မြစ်အောက်ခြေတွင် လမ်းလျှောက်နေရင်း သူ့ကို ဆက်တိုက်ကျိန်ဆဲနေခဲ့၏။ (၃)မီတာခန့် ရှည်လျားသော သူမ၏ဆံပင်များကတော့ နောက်တွင် လှပစွာ လွင့်မျောနေသည့်အတွက် သူမ၏ပုံစံက အဆင့်မြင့်မိန်းမပျိုတစ်ယောက်ကဲ့သို့ဖြစ်နေသည်။

သူမက မည်သည့်အရာကိုမျှ အလေးမထားဘဲ နဂါးနှုတ်ခမ်းမွေးမြစ်အတိုင်း အောက်ကိုဖြည်းညင်းစွာ လမ်းလျှောက်လာခဲ့သည်။ သူမ သတိပြန်ဝင်လာသည့်အချိန်တွင် သူမက နဂါးနှုတ်ခမ်းမွေးမြစ်နှင့် သံအဆောင်မြစ်တို့ ဆက်သွယ်ထားသည့်နေရာကို ရောက်လာကြောင်း နားလည်သွား၏။ သူမ၏ခြေထောက်အောက်တွင်တော့ လျင်မြန်စွာ စီးကျလာနေသော ရေတံခွန်တစ်ခု ရှိနေသည်။ သူမက ကြောက်လန့်တကြား အလျင်အမြန် ပြန်လှည့်ပြေးသွားခဲ့၏။

အရင်နှစ်တွင် လုံချွမ်တိုင်းပြည်က အလွန်အမင်းကို အလုပ်များနေခဲ့ပြီး ပတ်ပတ်လည်မှနေ၍ ဝိညာဉ်များ၊ နတ်ဆိုးပေါင်း မြောက်မြားစွာက ဤနေရာတွင် လေ့ကျင့်ပြီး စွမ်းအားအမြောက်အမြားကို စုပ်ယူနိုင်ရန် ရောက်လာခဲ့ကြသည်။ သူမကတော့ ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ဖြတ်သန်းသွားလာခွင့် တောင်း၍ စုဆောင်းထားသည့် သူမ၏ကြွယ်ဝချမ်းသာမှုများက သူမ၏မြေးလေး မာခူရွှမ်အတွက်သာဖြစ်၏။

ထို့နောက် အလွန်ရန်လိုပြီး ကြမ်းတမ်းခက်ထန်သော သံအဆောင်မြစ်၏ မြစ်နတ်ဘုရားမက လူတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ သူမ၏လက်ထဲတွင် သေဆုံးသွားခဲ့သော ကျင့်ကြံသူများ၏ အရေအတွက်က လက်နှစ်ဖက်နှင့် ရေတွက်၍ပင် မလုံလောက်ပေ။

သို့သော် ထူးဆန်းစွာပင် တာ့လီအင်ပါယာ၏နန်းတော်နှင့် လုံချွမ်တိုင်းပြည်၏ အရာရှိရုံးတို့က မြစ်နတ်ဘုရားမကို ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့ခြင်း မရှိချေ။ ထို့ကြောင့် သူမက အလွန်အမင်းကို အားကျနေခဲ့ရသည်။ တစ်ချိန်တည်းတွင် အချိန်တော်တော်ကြာခဲ့သော်လည်း ယခုအချိန်ထိ မြစ်နတ်ဘုရားကျောင်းဆောင် ဆောက်မပြီးသေးသည့်အတွက် သူမက အလွန်ဆန္ဒပြင်းပြနေခဲ့သည်။

……….

ပန်းပဲဆိုင်အနားတွင် ရပ်နေရင်း ချန်းပင်အန်းက နှုတ်ဆက်သင့်မသင့် စဉ်းစားဆုံးဖြတ်၍ မရနိုင်သေးပေ။ သို့သော် အဝေး၌ ရှိနေသော ကျောက်တုံးတံတားအနားတွင် အစိမ်းဝတ်မိန်းမပျိုတစ်ယောက် ရုတ်တရက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

မိန်းမပျိုကလည်း သူ့ကိုမြင်သွားခဲ့၏။ သူ ဖြစ်ကြောင်း သေချာသွားပြီးနောက် သူမက ခဏရပ်လိုက်ပြီး အနည်းငယ် ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။

ချန်းပင်အန်းကလည်း ကလေးနှစ်ယောက်နှင့်အတူ လျှောက်သွားခဲ့၏။ သူက အဝေးတွင် ရှိနေသော မိန်းကလေးကို လက်ပြပြီး ကျယ်လောင်စွာ နှုတ်ဆက်လိုက်သည်။

"ရွှမ်ရှို့…"

ရွှမ်ရှို့ကလည်း သူ့ကို ပြန်ဖြေလိုက်ပြီး သူ့ဆီကို ပြေးလာခဲ့သည်။ ခဏရပ်လိုက်ပြီးနောက် သူမက သိမ်မွေ့စွာ ပြောလိုက်သည်။

"နင်ပြန်လာပြီပဲ…"

"ဟုတ်တယ်၊ ငါပြန်လာပြီ…"

ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ သူတို့နှစ်ယောက်က တိတ်ဆိတ်သွားခဲ့၏။

စိမ်းပြာဝတ်ကောင်လေးက မျက်လုံးပြူးသွားခဲ့သည်။

"ထင်ထားတဲ့အတိုင်း ဖုန်းရွှေကျောင်းဆောင် သူတော်စင်ရွှမ်ချုံရဲ့သမီးက တော်တော်လေး လှတာပဲ။ ငါက တော်တော်လေး ရှက်ဖို့ကောင်းတယ်။ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့မရနိုင်ဘူး။ ကြည့်ရတာ သူ့ရဲ့စိတ်နေစိတ်ထားက သိပ်ပြီးတော့မကောင်းဘူးထင်တယ်။ တကယ်လို့ ငါသာ စကားပြောတာ မှားသွားမယ်ဆိုရင် ငါ့ကို လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်။ မဟုတ်ရင် ငါက သူ့ကို ဆရာကတော်လို့ သေချာပေါက် ခေါ်မိမှာပဲ…"

ပန်းရောင်ဝတ် ကလေးမလေးကတော့ စိတ်ဝင်စားမှုများ၊ လေးစားမှုများနှင့် စိုက်ကြည့်နေခဲ့သည်။ သူမ ကြီးလာသည့်အချိန်တွင် အစိမ်းဝတ်မိန်းမပျိုကဲ့သို့ သိမ်မွေ့နူးညံ့သော အလှတရားမျိုး ရှိလာချင်ခဲ့၏။

ရွှမ်ရှို့က အရင်ဆုံး တိတ်ဆိတ်မှုကို ဖြိုခွဲပြီး အပြုံးနှင့် ပြောလိုက်သည်။

"နင်က ပန်းပဲဆိုင်ထဲကို လိုက်ပြီး ရေနွေးသောက်ပါဦးလား။ ပြီးရင်တော့ ငါက နင့်ကို ရွှံ့ပုလင်းလမ်းကြားဆီ ပစ္စည်းတွေရွှေ့ဖို့ ကူညီပေးမယ်…"

ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ရွှမ်ရှို့က မြို့ငယ်လေးထဲတွင် ဖြစ်ခဲ့သော အသေးအဖွဲကိစ္စများကို ပြောပြနေခဲ့၏။ သူမက ပိုင်ရှင်မရှိသော ရွှံ့ပုလင်းလမ်းကြားထဲမှ အိမ်ကို လူလွှတ်ပြီး ပြင်ဆင်ခိုင်းခဲ့သည်။ ကုန်စုံဆိုင်နှင့် မုန့်ဆိုင်တွင် သူ၏စီးပွားရေးလုပ်ငန်းများကလည်း မထူးခြားကြောင်း သူမက ပြောခဲ့၏။

သူမက ထိုစကားကို ပြောသည့်အချိန်တွင် မျက်နှာပေါ်၌ တောင်းပန်လိုသော အမူအရာနှင့် အနည်းငယ် ရှက်ရွံ့နေသော အမူအရာတစ်ခု ရှိနေခဲ့သည်။ ချန်းပင်အန်း အဝေးသို့ ထွက်ခွာသွားသည့်အချိန်တွင် သူမက သူ့အိမ်နီးချင်း၏ အိမ်ထဲမှနေ၍ ကြက်မကြီးနှင့် ကြက်ကလေးများကို ပန်းပဲဖိုသို့ ယူလာခဲ့သည်။

သို့သော် ကြက်မကြီးနှစ်ကောင်ကတော့ သူမ ဂရုမစိုက်နိုင်ခဲ့သည့်အတွက် တောကြောင်များ စားသွားခဲ့သည်။ထိုအကြောင်းကို ပြောသည့်အချိန်တွင် ရွှမ်ရှို့က ပို၍ပင် စိတ်ပျက်နေမိခဲ့၏။

ချန်းပင်အန်းက ပြုံးနေပြီး ထိုကဲ့သို့အသေးအဖွဲကိစ္စများနှင့် ပတ်သက်၍ စိုးရိမ်မနေရန် သူမကို အလျင်အမြန် နှစ်သိမ့်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူတို့က နောက်နေ့တွင် ကြက်စွပ်ပြုတ်ချက်ရန်အတွက် ထိုကြက်တချို့ကိုပင် သတ်ပစ်ရဦးမည်ဖြစ်၏။ သူ၏ဟင်းချက်လက်ရာက သိသိသာသာ တိုးတက်လာသည့်အတွက် ထိုစွပ်ပြုတ်က သေချာပေါက် အရသာရှိနိုင်၏။

ထိုစကားကို ကြားသည့်အခါ ရွှမ်ရှို့က အလွန်အမင်းကို သတိထားလာခဲ့၏။ ချန်းပင်အန်းက ထိုကြက်မများကို သေချာပေါက်သတ်၍ မရကြောင်း သူမက ပြောခဲ့၏။ သူတို့က ကောင်းကောင်းနေသည့်အတွက် သူမက ထိုကြက်များကို နာမည်ပေးထားသည်ဟုပင် ပြောခဲ့သည်။

ချန်းပင်အန်း၏မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွား၏။ ထိုအချိန်ကျမှသာ ချန်းပင်အန်းက သူ့ကို စနောက်နေကြောင်း ရွှမ်ရှို့က နားလည်သွားခဲ့သည်။

သူမက သူ့ကို သိမ်မွေ့စွာ စိုက်ကြည့်နေမိခဲ့သည်။

စိမ်းပြာဝတ်ကောင်လေးက ရုတ်တရက်နားလည်သွားခဲ့၏။ သူ့ဆရာက စကတည်းက သူ့ကို လှည့်စားနေခဲ့ခြင်းဖြစ်သည်။ ထိုမိန်းမပျိုက စိတ်သဘောထား ဆိုးသွမ်းမည်လား။ သူက အတော်လေးကို ဆုံးရှုံးသွားခဲ့ရသည်။ မည်သို့ဖြစ်စေကာမူ စိမ်းပြာဝတ်ကောင်လေးကတော့ ထိုမြွေကျောက်တုံးကို ရယူရမည်ဟု ခံစားမိနေခဲ့၏။ မဟုတ်လျှင် သူက ဒေါသကို မထိန်းနိုင်ပေ။

သေချာစီစဉ်ထားသော ပန်းပဲဆိုင်သို့ လမ်းလျှောက်လာပြီးနောက် ထိုကောင်လေးက ကြောက်လန့်မှုကြောင့် တစ်ကိုယ်လုံး ဖြူဖျော့ဖျော့ဖြစ်သွားခဲ့၏။ ထိုအချိန်တွင် ပန်းရောင်ဝတ် ကလေးမလေးကလည်း ချန်းပင်အန်း၏နောက်တွင် ပုန်းအောင်းနေခဲ့သည်။

ထိုနေရာတွင် ရေတွင်း(၇)ခုရှိနေခဲ့၏။ သူတို့က ကောင်းကင်ဘုံအောက်တွင် ရှိနေသော ကြယ်များကဲ့သို့ ၊ ကျားကွက်ခုံပေါ်တွင် ရှိနေသော ကျားစေ့များကဲ့သို့ ပြန့်ကျဲနေသည်။ ထို့ပြင် ထိုရေတွင်းတစ်ခုချင်းဆီ၏ အတွင်းထဲမှနေ၍ ဓားချီစွမ်းအင်များက ကောင်းကင်ဘုံသို့ ပျံသန်းသွားနေကြသည်။ ထိုရေတွင်းများကို ကြည့်လိုက်ရုံနှင့် ကလေးနှစ်ယောက်၏ မျက်လုံးများက နာကျင်သွားခဲ့ရ၏။ အမှန်အတိုင်းပြောရလျှင် သူတို့က မျက်ရည်များ ကျလာချင်သည့် အခြေအနေကို မနည်းထိန်းထားရပြီး သူတို့၏အစစ်အမှန်ပုံစံကို ပြောင်းလဲရန် မနည်း ဖိနှိပ်ထားခဲ့ရသည်။

စိမ်းပြာဝတ်ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့က ကြောက်လန့်တုန်လှုပ်နေကြပြီး လုံချွမ်းတိုင်းပြည်သို့ လာရောက်လည်ပတ်ရသည့် စိတ်လှုပ်ရှားမှုများ၊ စိတ်ဆန္ဒများအားလုံး ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ ယခု သူတို့၏ခေါင်းထဲ၌ ရှိနေသော အတွေးကတော့ ဤနေရာတွင် နေရာတိုင်း အန္တရာယ်များပြည့်နှက်နေသည်။ ဤနေရာက ကမ္ဘာမြေပြင်ပေါ်တွင် မိုးကြိုးရေကန်တစ်ခုဖြစ်ပြီး သူတို့လို ရေနဂါးများကို ဖိနှိပ်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်၏။

ချန်းပင်အန်းက သူတို့နှစ်ယောက်ကို မီးဖိုလေး၏ရှေ့တွင် ရှိနေသော ဝါးထိုင်ခုံပေါ်တွင် ထိုင်ရန် ပြောလိုက်သည်။ သူကတော့ ရွှမ်ရှို့နှင့်အတူ ရွှံ့အိမ်လေးထဲမှနေ၍ ပစ္စည်းတချို့ကို သယ်ဆောင်ရန် ထွက်ခွာသွားခဲ့၏။

ထိုအချိန်ကျမှသာ သူတို့လည်း အသက်ကို ဝဝရှူရဲခဲ့သည်။ သူတို့က အချင်းချင်း ကြည့်လိုက်ပြီး သူတို့၏နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ရှိနေကြောင်း နားလည်သွားခဲ့လေ၏။

Translated by Hein Htet.

All Chapters