← Chapters

အခန်း (၁၈၈)

Vol. 13 Ch. 188

အခန်း (၁၈၈)

Vol. 13 Ch. 188

စိမ်းပြာရောင်ဝတ် ကောင်လေးက တင်ပျဉ်ခွေထိုင်နေပြီး စိတ်ပေါ့ပါးနေသယောင် ဟန်ဆောင်နေခဲ့သည်။ သူက ခနဲ့သလို ပြောလိုက်၏။

“အရူးမလေး နင်က တော်တော်ကြောက်တာပဲ၊ သနားဖို့ကောင်းလိုက်တာ…”

“နင်လည်း ဘာမှ ပိုပြီးထူးနေတာမှ မဟုတ်တာ…”

ပန်းရောင်ဝတ် ကလေးမလေးက ပြန်ဖြေလိုက်သည်။

စိမ်းပြာရောင်ဝတ် ကောင်လေးက လက်ပိုက်ထားပြီး အလွန်တည်ငြိမ်သော အမူအရာနှင့် ပြန်ဖြေလိုက်၏။

“ငါက ရန်သူကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ငါ့ရဲ့အားနည်းချက်တွေကို ပြသနေတာ။ နင်က ဘာနားလည်လို့လဲ…”

ထိုအချိန်တွင် ပန်းရောင်ဝတ် ကလေးမလေးက သူတို့ဆီကို လျှောက်လာသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ သူမက လေးစားသမှုနှင့် အလျင်အမြန် မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်၏။

“တွေ့ရတာ ဝမ်းသာပါတယ် ဦးလေး။ ကျွန်မက သခင်လေး ချန်းပင်အန်းရဲ့ အစေခံမလေးပါ…”

သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်ပြလိုက်ပြီး အနားတွင် ရှိနေသော ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်သည်။ သူက ရွှံ့အိမ်လေးကိုကြည့်ပြီး အနည်းငယ် မကျေမနပ်ဖြစ်နေပုံရ၏။

စိမ်းပြာရောင်ဝတ်ကောင်လေးက သူ့ကို ခဏကြာ စိုက်ကြည့်နေသော်လည်း ထူးခြားသည့်အရာ တစ်ခုမျှ သတိမထားမိခဲ့ပေ။ ထို့ကြောင့် သူက ပန်းပဲဆိုင်ထဲတွင် အလုပ်လုပ်နေသော သာမန်အလုပ်သမားတစ်ယောက်ဟုသာ ကောက်ချက်ချမိခဲ့သည်။

“ဒီမှာ... မင်းက ဘာတွေကြည့်နေတာလဲ။ ငါ သတိပေးထားမယ်။ ရွမ်ရှို့က ငါ့ဆရာရဲ့ ချစ်သူပဲ။ ဒါကြောင့် မဟုတ်တဲ့အတွေးတွေ လျှောက်ပြီး မတွေးမိစေနဲ့။ မဟုတ်ရင် ငါက လက်သီးတစ်ချက်တည်းနဲ့ မင်းကို သတ်ပစ်မယ်။ ထားလိုက်ပါတော့။ ဆရာက ငါ့ကို လူကောင်းတစ်ယောက်လုပ်ဖို့ အမြဲတမ်းတိုက်တွန်းနေတာ။ ဒီတော့ မင်းက ကံကောင်းသွားတယ်လို့ သတ်မှတ်နိုင်တယ်။ ငါက မင်းကို မသေမရှင်ဖြစ်အောင်ပဲ ဖျက်ဆီးပစ်မှာ…”

ထိုလူ၏ မျက်နှာပေါ်တွင် ရှိနေသော မကျေမနပ်အမူအရာက ပို၍ နက်ရှိုင်းလာခဲ့သည်။ သို့သော် သူက စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

စိမ်းပြာရောင်ဝတ် ကောင်လေးက တစ်စုံတစ်ခုကို ဖမ်းဆုပ်မိသွားသလို ခံစားခဲ့ရ၏။ သို့သော် စိတ်ညစ်စရာကောင်းသော ကလေးမလေး ရှိနေသည့်အတွက် သူက ရှေ့ကို အနည်းငယ် တိုးသွားပြီး သက်လတ်ပိုင်းအရွယ်လူကြီးကို လှည့်ကြည့်လိုက်သည်။

“ခင်ဗျားက ကျွန်တော့်ဆရာရဲ့ ဖူးစာဖက်အပေါ် တကယ်ပဲ ခံစားချက်ရှိနေတာလား။ ခင်ဗျားက အသက်ဘယ်လောက်တောင် ရှိနေပြီလဲ။ ခင်ဗျားက အလေးအနက် ထားသင့်တယ်။ ကျုပ်က နှစ်ပေါင်းများစွာ လှည့်ပတ်ပြီး ခရီးသွားလာနေတာ။ ခင်ဗျားလို ညစ်ပတ်ပြီး အရှက်မရှိတဲ့ လူတစ်ယောက်ကို လုံးဝ မမြင်ဖူးဘူး။ ဒီကိုလာခဲ့။ ကျုပ်တို့ တိုက်ခိုက်ကြမယ်။ ခင်ဗျားက ပိုပြီး အသက်ကြီးတော့ ခင်ဗျားကို အရင်ဆုံးတိုက်ခိုက်ခွင့်ပေးမယ်…”

ရွှံ့အိမ်လေးထဲသို့ ဝင်ရောက်ခဲ့သည့်အချိန်တွင် တစ်ဝက်သာ ကျန်တော့သော ချန်းပင်အန်း၏ ဝါးခြင်းတောင်းလေးက ရွမ်ရှို့နှင့်အတူ ထွက်ထွက်လာသည့်အချိန်တွင် ပစ္စည်းများ ပြည့်နှက်လာခဲ့ပြန်သည်။

သက်လတ်ပိုင်းလူကြီးကို မြင်သည့်အခါ ချန်းပင်အန်းက တလေးတစား နှုတ်ဆက်လိုက်ပြီး သူ့ကို ဆရာရွှမ်ဟု ခေါ်ခဲ့၏။ သို့သော် ထိုလူကတော့ လုံးဝ လျစ်လျူရှုထားခဲ့သည်။ ထိုအချိန်တွင် ရွမ်ရှို့က ပြုံးလိုက်ပြီး အဖေ ဟု ခေါ်လိုက်၏။

ထိုအချိန်ကျမှသာ သက်လတ်ပိုင်းလူကြီးက အသိအမှတ်ပြုသယောင် ခေါင်းညိတ်ပြခဲ့၏။

“အဖေ ဟုတ်လား…”

စိမ်းပြာဝတ်ကောင်လေးက ခေါင်းပေါ်ကို မိုးကြိုးပစ်ချသလို ခံစားလိုက်ရသည်။

သူက စဉ်းစားနေခြင်း မရှိဘဲ ချက်ချင်း ခုန်ထလိုက်ပြီး သက်လတ်ပိုင်းရွယ်လူကြီး၏ ရှေ့သို့ ပြေးလာခဲ့သည်။ ထို့နောက် ဒူးထောက်အရိုအသေပေးပြီး ပြောလိုက်၏။

“သူတော်စင်...

ကျေးဇူးပြုပြီး ကျွန်တော် ဒူးထောက်ပြီး တောင်းပန်တာကို လက်ခံပေးပါ..”

တော်ဝင်မြစ်မှ ရေမြွေလေးက အလွန်အမင်းကို ပြတ်သားသည်။ သူက သူတော်စင်ကို အကြိမ်ကြိမ် ဦးညွှတ်နေခဲ့၏။ သို့သော် သူ့စိတ်ထဲတွင် မသက်မသာ ခံစားနေရပြီး တစ်ယောက်တည်း ကြုံးဝါးနေမိခဲ့သည်။

‘ခင်ဗျားက အရမ်းအစွမ်းထက်တဲ့ စစ်ကျောင်းသူတော်စင်တစ်ယောက်ပဲ။ ဒါကြောင့် အနည်းဆုံးတော့ သူတော်စင်တစ်ယောက်ရဲ့ အငွေ့အသက်မျိုး သယ်ဆောင်ထားသင့်တယ် မဟုတ်လား။ ခင်ဗျားက တောင်ထိပ်ပေါ်မှာ နေနဲ့ လရဲ့ အနှစ်သာရတွေကို အသက်ရှူနေသင့်တယ်။ ဒါမှမဟုတ် ခင်ဗျားက ကြီးကျယ်ခမ်းနားတဲ့ မြစ်တစ်မြစ်ရဲ့အပေါ်မှာ မိုးကြိုးလက်သီးတွေကို ထိုးနေသင့်တယ်..’

‘ဒါပေမဲ့ ခင်ဗျားကတော့ ကျုပ်အနားမှာ ပါးစပ်ပိတ်ပြီး သစ်သားတုံးတစ်ခုလို လာထိုင်နေတာလား။ ဒီကမ္ဘာကြီးထဲမှာ ခင်ဗျားက ဘာတွေကစားချင်နေတာလဲ။ ခင်ဗျားက ဖုန်းရွှယ်ကျောင်းဆောင်က အဆင့်(၁၁) ချီကျင့်ကြံသူတစ်ယောက်ပဲ။ ခင်ဗျားက လီကျူးသုခဘုံကို စောင့်ရှောက်နေရတဲ့ စစ်ကျောင်းသူတော်စင်တစ်ယောက်ပဲ…’

‘အဲဒီအပြင် ခင်ဗျားက အရှေ့ပိုင်းကုန်းမြေကြီးတစ်ခုလုံးမှာ နာမည်ကျော်ကြားတဲ့ ပန်းပဲဖိုတစ်ခုလည်း ပိုင်ဆိုင်ထားသေးတယ်။ တကယ်လို့ ခင်ဗျားက နဖူးပေါ်မှာ ရွှမ်ချုံဆိုတဲ့ စကားလုံးကို ရေးမထားဘူးဆိုရင်လည်း ထားလိုက်တော့။ ခင်ဗျားက ဘာလို့ ဒီလိုသာမန်ပုံစံပဲ ရှိနေရတာလဲ။ သေချာစဉ်းစားကြည့်မယ်ဆိုရင် အနည်းဆုံးတော့ ခင်ဗျားက နဂါးတွေ ၊ ကျားတွေလို ကြောက်မက်ဖွယ်ရာ အငွေ့အသက်တွေနဲ့ လမ်းလျှောက်နေသင့်တယ် မဟုတ်လား။ အနည်းဆုံးတော့ ခင်ဗျားက တောင်တန်းတွေ မြစ်တွေလို တည်ငြိမ်အေးချမ်းတဲ့ အငွေ့အသက်မျိုးနဲ့ ထိုင်နေသင့်တယ် မဟုတ်လား…’

(၃)ကြိမ် ဒူးထောက်ပြီး (၉)ကြိမ် အရိုအသေပေးလိုက်ပြီးနောက် မျက်စိမမြင်သလို ခံစားခဲ့ရသော စိမ်းပြာဝတ်ကောင်လေးက မတ်တပ်မရပ်ရဲသေးပေ။ သူက သေခြင်းတရားကို ကြိုတင်စောင့်ဆိုင်းနေသလို ထင်မှတ်ရသည်။ သို့သော် သူ့မျက်နှာပေါ်တွင် အကြောက်တရားများ ပြည့်နှက်နေပြီး ပါးပေါ်မှာ မျက်ရည်စများ စီးကျနေခဲ့၏။

သူက ချန်းပင်အန်းကို ခိုးကြည့်လိုက်ပြီး သူ့ဆရာက သူ့အတွက် စကားပြောပေးရန် မျှော်လင့်နေခဲ့သည်။ ယခုတစ်ကြိမ်တော့ သူက မြစ်ထဲသို့ ခုန်ဆင်းပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေချင်သလိုပင် အမှန်တကယ် ခံစားနေခဲ့ရ၏။

ထိုကောင်လေး၏ ထူးဆန်းသော အပြုအမူကြောင့် ရွမ်ရှို့က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ မည်သည့်အရာများ ဖြစ်နေကြောင်း သူမက မသိခဲ့ချေ။ သူမက ထိုကိစ္စကိုလည်း မေးမြန်းရန် ဆန္ဒမရှိချေ။

သူမက သက်လတ်ပိုင်းအရွယ် လူကြီးကိုကြည့်ပြီး ပြောလိုက်၏။

“အဖေ…

သမီးက ချန်းပင်အန်းနဲ့အတူ မြို့ထဲကို သွားလိုက်ဦးမယ်…”

နေ့တစ်ဝက်ခန့် မှန်ကန်သော စကားလုံးကို ရှာဖွေလိုက်ပြီးနောက် ရွှမ်ချုံက ပြောလိုက်သည်။

“ဓားလုပ်ဖို့ စောစောပြန်လာခဲ့…”

“အဖေ... အခုအချိန်က ဒါးထုလုပ်ဖို့... ဓားဖန်တီးဖို့ အကောင်းဆုံးအချိန် မဟုတ်ဘူးလေ။ အဲဒီလို မဟုတ်ဘူးလား…”

ရွမ်ရှို့က မေးလိုက်သည်။

ရွှမ်ချုံက မတ်တပ်ရပ်ပြီး ပြန်ဖြေလိုက်၏။

“အဖေပြောတဲ့စကားက အတည်ပဲ။ နောက်ထပ်မေးခွန်းတွေ ထပ်မမေးနဲ့…”

“ကောင်းပါပြီ အဖေ…”

ရွမ်ရှို့က ပြန်ဖြေလိုက်သည်။

ရွှမ်ချုံ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည့်အချိန်မှသာ စိမ်းပြာရောင်ကောင်လေးက အမြန်မတ်တပ်ရပ်လိုက်သည်။ သူ၏ ခြေထောက်နှစ်ဖက်က အားနည်းနေပြီး သူ၏ မျက်နှာပေါ်မှနေ၍ မျက်ရည်စများ၊ ချွေးများ စီးကျလာနေခဲ့၏။ သူ့ခေါင်းထဲတွင်လည်း အကြောက်တရားများ ပြည့်နှက်နေသေးသည်။

သူက တိုးတိုးလေး ရယ်လိုက်၏။

“ဒုက္ခဘေးကနေ အသက်ရှင်လာတဲ့သူတွေက နောက်ပိုင်းမှာ ကံကောင်းမှုတွေပဲ ကြုံတွေ့ရလိမ့်မယ်…”

သူတို့(၄)ယောက်က ထူးခြားဆန်းကြယ်သော လျှို့ဝှက်ချက်များစွာ ရှိနေသည့် ပန်းပဲဆိုင်ထဲမှ လမ်းလျှောက်လာခဲ့ကြသည်။ သူတို့က နှစ်ထောင်ပေါင်းများစွာ မြစ်ကြီးကို ဖြတ်ကျော်ထားသော ကျောက်တုံးတံတားကို ဖြတ်လာကြသည့်အချိန်တွင် ချန်းပင်အန်းက အစိမ်းဝတ်မိန်းကလေးကို ပြန်လှည့်ပြီး ကျေးဇူးတင်စကား ပြောလိုက်၏။

ရွမ်ရှို့က အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“နင်က အရမ်းအားနာနေတာပဲ…”

“ငါက အပြင်ဘက်ကမ္ဘာကြီးကို သွားလာပြီးမှပဲ တချို့အရာတွေကို သိခွင့်ရခဲ့တယ်။ ဒါကြောင့် ငါက ဘယ်အရာကို လုပ်နေလဲဆိုတာ နားလည်ပါတယ်…”

ချန်းပင်အန်းက လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။

“နင်က ငါ့ကို ချီးကျူးနေတာလား…”

ရွမ်ရှို့က အပြုံးနှင့် မေးလိုက်၏။

“ဟုတ်တယ်…”

ချန်းပင်အန်းက တောက်ပသော အပြုံးနှင့် ပြန်ဖြေလိုက်၏။

ရွမ်ရှို့က လူငယ်လေးကို ခဏကြာ စိုက်ကြည့်နေပြီး မြို့ငယ်လေးကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမက တခြားသူများကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေနိုင်သော စကားတစ်ခွန်း ပြောခဲ့၏။

“နင်က မပြောင်းလဲသေးတာ တကယ်ကောင်းတယ်…”

သူတော်စင်ရွှမ်ချုံကသာ ထိုစကားလုံး၏ နောက်ကွယ်တွင် ရှိနေသော ပို၍လေးနက်သည့် အဓိပ္ပာယ်ကို နားလည်နိုင်လောက်သည်။ မူလသူတော်စင် ချီကျင့်ချွန်က အရာအားလုံးကို သိနေခဲ့၏။ အဘိုးအိုတချို့ကပင် သဲလွန်စတချို့ကို ဝိုးတဝါး သတိထားမိနိုင်သည်။ သို့သော် သူတို့တစ်ယောက်မျှ စကားမပြောခဲ့ကြပေ။

ရွမ်ရှို့က ငယ်ငယ်လေးကတည်းကစပြီး အလွန်အံ့ဩစရာကောင်းသော ပါရမီ ပိုင်ဆိုင်ထားခဲ့သည်။ သူမက နှစ်ပေါင်းတစ်ထောင်တွင် တစ်ယောက်သာ ကြုံတွေ့ရသည့် ပါရမီရှင်မျိုးဟုပင် ဆိုနိုင်၏။ သူမက သာမန်ကျင့်ကြံရေးပါရမီရှင်များ ယှဉ်ပြိုင်နိုင်သော မိန်းကလေးတစ်ယောက် မဟုတ်ချေ။ အမှန်အတိုင်းပြောရလျှင် သူမက အလွန်ပါရမီရှိလွန်းလှသည့်အတွက် ရွှမ်ချုံက ကိုယ်ပိုင်အင်အားစုတစ်ခု တည်ထောင်ပြီး ဖုန်းရွှယ်ကျောင်းဆောင်ထဲမှ ထွက်လာခဲ့ရခြင်း ဖြစ်သည်။

သူ့သမီးအတွက်ကြောင့် သူက လီကျူးသုခဘုံကို ရောက်လာရန် ရွေးချယ်ခဲ့ပြီး ဤကဲ့သို့ ဆိုးရွားသောဘဝတွင် နေထိုင်ရန် ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်။ ဤနေရာတွင် သူ့သမီး၏ ပါရမီများကို ဖုံးကွယ်ထားနိုင်သော ဤကမ္ဘာမြေကြီး၏ လျှို့ဝှက်ဆန်းကြယ်သည့်စွမ်းရည်များကို အခွင့်ကောင်းယူ၍ တားမြစ်ထားခဲ့ရသည်။ ပို၍တိတိကျကျပြောရမည်ဆိုလျှင် သူ့သမီးက သစ်တောထဲတွင် အလွန်မြင့်မားသော သစ်ပင်ကြီးတစ်ခု ဖြစ်မလာခင် လေမုန်တိုင်းများကြောင့် အမြစ်ကျွတ်သွားခြင်းကို ကာကွယ်လိုခြင်း ဖြစ်သည်။

မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲနိုင်သော လက်ပတ်ရှိနေသည့် ရွမ်ရှို့က ရိုးရှင်းသော မီးနတ်ဘုရားခခန္ဓာကိုယ်ပိုင်ရှင်ထက် အဆပေါင်းများစွာ သာလွန်နေသည်။ အမှန်အတိုင်း ပြောရလျှင် သူမ မြင်နေရသော ကမ္ဘာကြီးက တခြားသူများ မြင်နေရသော ကမ္ဘာကြီးနှင့် အဆပေါင်းများစွာ ကွာခြားသည်။

သူမက လူတစ်ယောက်၏ စိတ်ထဲတွင် ရှိနေသော ကောင်းခြင်းဆိုးခြင်းကို တိုက်ရိုက်မြင်နိုင်ပြီး ထိုကံကြမ္မာနှင့် သဘာဝတရားကိုလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ သူမက လူတစ်ယောက်၏ကံကြမ္မာ အတက်အကျကိုလည်း မြင်နိုင်၏။ ရွမ်ရှို့၏ မျက်လုံးထဲတွင် ကမ္ဘာကြီးက မတူညီသော အရောင်ပေါင်းစုံနှင့် ပြည့်နှက်နေသည်။

ထိုအရာကြောင့် သူမ၏ တာအိုခရီးလမ်းက သာမန်ထက် ပို၍ ခက်ခဲကြမ်းတမ်းလာပါလိမ့်မည်။ သူမက တာအိုကို နားလည်လာသည်နှင့် သူမ၏ မဟာတာအိုလမ်းကြောင်းပေါ်ရှိအောင်မြင်မှုများ ၊ ကြီးကျယ်ခမ်းနားသည့် သဘာဝကလည်း တွက်ချက်ကြည့်၍ပင် မရနိုင်ပေ။

ထို့ကြောင့် ရွမ်ရှို့က စမ်းချောင်းအတိုင်း လျှောက်လာသော ချန်းပင်အန်းကို ပထမဆုံး မြင်လိုက်ရသည့်အချိန်တွင် နောက်ဆုတ်သွားခြင်း မရှိသလို ပျောက်ကွယ်သွားခဲ့ခြင်းလည်း မရှိချေ။ သူမက ချန်းပင်အန်း၏ စိတ်ထဲတွင် ရှိနေသော သန့်စင်မှုကို မြင်နိုင်၏။ လီကျူးသုခဘုံတစ်ခုလုံးတွင် လူသားများ၏သဘာဝက အပေါ်ယံသာဖြစ်ပြီး ချန်းပင်အန်း တစ်ယောက်တည်းကသာ မှန်အသစ်တစ်ချပ်ကဲ့သို့ အစက်အပြောက်မရှိသော စိတ်အခြေအနေကို ပိုင်ဆိုင်ထားခဲ့သည်။

ထို့ကြောင့်လည်း ရွမ်ရှို့က သူ့ကို သဘောကျနေရခြင်း ဖြစ်၏။ ထို့ကြောင့်လည်း သူမက သူ၏စိတ်ရေကန်ထဲတွင် ရှိနေသော လှုပ်ရှားမှုလှိုင်းများကို တိတ်တဆိတ် စောင့်ကြည့်နေပြီး သူ၏ခံစားမှုများကို တိတ်တဆိတ် ခံစားကြည့်နေခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း မုန့်စားရသည်ကို သဘောကျသော မိန်းမပျိုအတွက်တော့ ချန်းပင်အန်းက အရသာအရှိဆုံး စားစရာတစ်ခုကဲ့သို့ ဖြစ်နေသည်။ သူမက ထိုစားစရာကို အလွန်သဘောကျသည့်အတွက် စားရန်ပင် တွန့်ဆုတ်နေခဲ့ရ၏။

ချန်းပင်အန်း ထွက်သွားပြီးနောက် အလွန်ရှည်လျားလှသော ခရီးရှည်ကြီး အတောအတွင်း သူ့စိတ်က ပြောင်းလဲသွားပြီး သူ၏စိတ်ရေကန်ပေါ်တွင် တိမ်ဖုံးသွားမှာကို သူမက အလွန်အမင်း စိုးရိမ်နေခဲ့သည်။ သူ၏နှလုံးသားက ရှုပ်ထွေးလာပြီး မသန့်စင်တော့ဘဲ ဖြစ်လာမှာကို သူမက စိုးရိမ်နေခဲ့၏။ သူ့ဆီတွင် ဆိုးရွားသော အကျင့်များ၊ မကောင်းသော ကံကြမ္မာများ ရောယှက်လာမှာကိုလည်း သူမက စိုးရိမ်နေခဲ့သည်။

ယခုကြည့်ရသည်မှာ ချန်းပင်အန်းက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ သို့သော် သူက သန့်စင်နေဆဲသာ ဖြစ်၏။ ရွမ်ရှို့က အလွန်အမင်းကို စိတ်သက်သာရာ ရသွားသလို ခံစားခဲ့ရသည်။ တစ်ချိန်တည်းတွင် သူမက ချန်းပင်အန်းကို ပို၍ပင် သဘောကျလာခဲ့၏။

“နင်က ဘာလို့အဲဒီလိုမျိုး ကြည့်နေတာလဲ။ သူက ငါ့ကို သေချာပေါက် စိတ်ပျက်အောင်မလုပ်ဘူးဆိုတာ ငါသိတယ်…”

သူတို့က ရွှံ့ပုလင်းလမ်းကြားထဲသို့ လမ်းလျှောက်လာကြပြီး ကျဉ်းမြောင်း၍ အနည်းငယ် မှောင်မည်းနေသော လမ်းကြားလေးထဲသို့ ဝင်ရောက်လာခဲ့သည်။ စိမ်းပြာဝတ်ကောင်လေးက စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း သူ့ဆရာက ဤသို့ပျက်စီးနေသော လမ်းကြားလေးထဲတွင် ကြီးပြင်းလာခဲ့ကြောင်း မြင်လိုက်ရသည့်အချိန်တွင် အတော်လေး အံ့ဩနေခဲ့သေးသည်။

ရွမ်ရှို့က သော့ခလောက်ကို ဖွင့်လိုက်ပြီး ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်သည်။ အိမ်တံခါးကို ဖွင့်လိုက်ပြီးနောက် သူမက သော့(၃)ချောင်းကို ချန်းပင်အန်းဆီသို့ ပေးလိုက်၏။ တစ်ချောင်းက သူ့အိမ်အတွက်ဖြစ်ပြီး တခြားသော့နှစ်ချောင်းကတော့ လျှိုရှန်းယန်နှင့် စုန့်ကျိရှင်းတို့ အိမ်သော့များ ဖြစ်ကြသည်။

ချန်းပင်အန်းက ထိုသော့များကို ယူလိုက်ပြီး ခြံဝင်းထဲသို့ ဝင်လာခဲ့၏။ သူက သူ့ရှေ့တွင် ရင်းနှီးနေသော အိမ်ငယ်လေးကို ငေးကြည့်နေမိခဲ့သည်။ ထိုအိမ်ငယ်လေးက အလွန်သန့်ရှင်းသပ်ရပ်နေပြီး ပြတင်းပေါက်ပေါ်တွင် အလွန်လှပသော ပန်းအိုးငယ်လေးတစ်ခုပင် ရှိနေခဲ့သည်။

ဆောင်းရာသီဖြစ်သော်လည်း ထိုပန်းအိုးလေးက စိမ်းလန်းနေသေး၏။ ကြည့်ရသည်မှာ အတော်လေးကို ပျော်ရွှင်သွားသလို ခံစားရနိုင်သည်။

ချန်းပင်အန်းက စကားပြောတော့မည့်အချိန်တွင် ရွမ်ရှို့က အပြုံးနှင့် ပြောလိုက်၏။

“ငါ့ကို နောက်တစ်ကြိမ် ကျေးဇူးတင်တယ်ဆိုတဲ့စကား မပြောနဲ့တော့…”

ချန်းပင်အန်းက အနည်းငယ် အိုးတိုးအမ်းတမ်းဖြစ်သွားသလို ခံစားလိုက်ရသည်။ သူက ကြမ်းပြင်ပေါ်တွင် သူ၏ဝါးခြင်းတောင်းလေးကို ချလိုက်ပြီးနောက် ပစ္စည်းများကို စားပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက် ထိုင်ပြီး ခြင်းတောင်း၏ ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးကို ကြည့်ရှုခံစားနေခဲ့၏။

အဆုံးတွင်တော့ သူက ဝါးပြားလေးတစ်ခုကို ယူပြီး ရွမ်ရှို့ကို ပေးလိုက်သည်။သူက ရှက်ရွံ့နေသော အပြုံးနှင့် ပြောလိုက်၏။

“ငါက နင့်ကို ဘာပေးရမလဲဆိုတာ မသိဘူး။ အပြင်ဘက်မြို့တွေမှာ အရသာရှိတဲ့ စားစရာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ငါက အဲဒါကို ခြင်းထဲထည့်လာမယ်ဆိုရင် စားစရာတွေ ပျက်စီးသွားမှာ စိုးရိမ်ခဲ့တယ်။ ပြီးတော့ အဲဒီအရာတွေက အကြာကြီးထားလို့ မကောင်းဘူးလေ။ ငါက ဘာမှစဉ်းစားလို့မရတော့ နင့်အတွက် ဒီတစ်ခုကို လုပ်ထားတယ်။ ကျေးဇူးပြုပြီး ဒါကို မကြိုက်ဘဲ မနေပါနဲ့…”

ရွမ်ရှို့က ခဏကြာ လှုပ်ရှားသွားခဲ့ပြီး လက်တစ်ဝါးအရွယ်အစားခန့် ကြီးမားသော အစိမ်းရောင် ဝါးပြားလေးကို လက်ခံလိုက်သည်။ ထိုဝါးပြားလေးကို ကိုင်ကြည့်လိုက်သည့်အချိန်တွင် အေးချမ်းမှုကို ခံစားမိခဲ့၏။

သူမက သေချာငုံ့ကြည့်လိုက်သည့်အချိန်တွင် ထိုဝါးပြားလေးပေါ်၌ စကားလုံး အနည်းငယ် ရေးထိုးထားကြောင်း တွေ့လိုက်ရသည်။

“ဘယ်လောက်ပဲ ဝေးကွာပါစေ ပြန်လည်ဆုံစည်းနိုင်တယ်…”

ထိုစကားလုံးများက သပ်သပ်ရပ်ရပ် ရှိနေပြီး သေချာဂရုတစိုက် ထွင်းထုထားကြောင်း သိသာနေသည်။ ရွမ်ရှို့ကတော့ ပို၍ပင် ကျေနပ်သွားခဲ့ပြီး မျက်လုံးလေးများပင် လှုပ်ရှားနေခဲ့သည်။ သူမက လက်ချောင်းလေးများနှင့် ထိုစကားလုံးများကို ပေါ့ပေါ့ပါးပါးလေး ပွတ်သပ်ကြည့်နေခဲ့၏။

သူမက ခေါင်းငုံ့ပြီး ပြောလိုက်သည်။

“ငါ ဒါကို အရမ်းသဘောကျပါတယ်…”

ထိုစကားကိုကြားသည့်အခါ စိမ်းပြာရောင် ဝတ်ကောင်လေးက အနည်းငယ် ရူးသွပ်သွားသလို ခံစားခဲ့ရသည်။

“တကယ်ပဲလား…”

သူတော်စင်၏ တစ်ဦးတည်းသောသမီးက စကားလုံးအနည်းငယ် ရေးထိုးထားသော ထိုဝါးပြားလေးကို အမှန်တကယ် သဘောကျခြင်းပေလော။

“ငါက လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာ အတောအတွင်း အချိန်တွေ၊ ကြိုးစားအားထုတ်မှုတွေ အားလုံးကို ဖြုန်းတီးပစ်ခဲ့မိတာလား…”

သူက အတိတ်အချိန်များကို ပြန်လည်အမှတ်ရသွားခဲ့သည်။ အစ်ကို မြစ်နတ်ဘုရားက တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက်ကို စွဲလန်းသွားခဲ့ပြီး ရတနာပေါင်းစုံကို သူမဆီသို့ လက်ဆောင်ပေးခဲ့သည်။ အမှန်အတိုင်းပြောရလျှင် အစ်ကို မြစ်နတ်ဘုရားက သူ့ဆီမှ တန်ဖိုးကြီးသော အင်မော်တယ်ရတနာများစွာကိုပင် ငှားယူခဲ့သည်။ သို့သော် ထိုမိန်းမပျိုပြုံးနေသည်ကို ရေမြွေလေးက လုံးဝ မမြင်ဖူးချေ။ တစ်ကြိမ်တစ်ခါမျှပင် မမြင်ဖူးချေ။ သူမက ရတနာများ အားလုံးကိုတော့ လက်ခံခဲ့သော်လည်း လုံးဝ အပြုံးတစ်ခုမှ မရှိခဲ့ပေ။

ချန်းပင်အန်းက ရွမ်ရှို့၏ ရှေ့တွင် သူ၏အထုပ်ကို ဖွင့်လိုက်ရာ အလွန်များပြားသော ကျောက်တုံးများ ပေါ်လာခဲ့သည်။ ကျောက်တုံးပုံကြီးကို ကြည့်လိုက်မည် ဆိုလျှင် အနည်းဆုံး ကျောက်တုံး (၈၀)မှ (၉၀)နီးပါးခန့် ရှိ၏။ ထိုကျောက်တုံးများထဲတွင် အနည်းငယ် ပို၍သေးငယ်သော အထုတ်လေးတစ်ခုလည်း ရှိသည်။

ထိုအရာကို ဖွင့်လိုက်ပြီးနောက် ပို၍များပြားသော ကျောက်တုံးများ ပေါ်လာခဲ့၏။ သို့သော် ထိုအရာကတော့ တစ်ဒါဇင်ခန့်သာ ရှိပြီး သူတို့ တစ်ခုချင်းဆီကတော့ အရောင်မျိုးစုံ အရွယ်အစားမျိုးစုံ တောက်ပနေခဲ့သည်။

ပန်းရောင်ဝတ် ကလေးမလေးက မိုးကြိုးအပစ်ခံရသလို ခံစားလိုက်ရ၏။

စိမ်းပြာဝတ် ကောင်လေး၏မျက်လုံးကလည်း ဝင်းလက် တောက်ပလာပြီး သူ့ဆီတွင် မျှော်လင့်ချက်များ ပြည့်နှက်လာခဲ့သည်။ သူက ထိုမြွေကျောက်တုံးများဆီကို ခုန်ဝင်သွားပြီး ဝါးမြိုပစ်ချင်နေသလို ခံစားနေခဲ့ရ၏။ အကယ်၍ သူသာ ထိုအရာများ အားလုံးကို ဝါးမြိုလိုက်မည်ဆိုလျှင် ဤလမ်းကြားလေးထဲမှ ထွက်သွားသည့်အချိန်၌ အထွဋ်အမြတ် ပညာရှင်တစ်ယောက် ဖြစ်နိုင်သည်။

အဆင့်(၈)ကို ရောက်ရှိရန် မပြောနှင့်။ ထိုမြွေကျောက်တုံးပုံလေးက သူ့ကို အဆင့်(၉) သို့မဟုတ် အဆင့်(၁၀)သို့ ရောက်ရန်ပင် ကူညီပေးနိုင်သည်။ သို့သော် သူက သူတော်စင်၏သမီးအနားတွင် ရပ်နေရကြောင်း အမှတ်ရသွားသည့်အချိန်တွင် စိမ်းပြာဝတ်ကောင်လေးက ထိုမြွေကျောက်တုံးလေးများ လုယူချင်စိတ်ကို ဖိနှိပ်ထားနိုင်ခဲ့သည်။

စမ်းချောင်းထဲမှ ယူလာသည့် အချိန်ကတည်းက အရောင်မပြယ်သေးသော မြွေကျောက်တုံး နှစ်ခုကို ချန်းပင်အန်းက ကောက်ယူလိုက်သည်။ တစ်ခုက သလင်းကျောက် ပုံသဏ္ဍာန်နှင့် အနီရောင် ဖြစ်နေပြီး တစ်ခုကတော့ အစိမ်းရင့်ရောင်နှင့် အလွန်လေးလံသော ပုံသဏ္ဍာန်မျိုး ရှိသည်။ သူက ထိုမြွေကျောက်တုံး နှစ်ခုကို ပန်းရောင်ဝတ် ကလေးမလေးနှင့် စိမ်းပြာဝတ် ကောင်လေးတို့ဆီသို့ တစ်လုံးဆီ ပေးလိုက်သည်။

ထိုအရာကို လုပ်ဆောင်ခဲ့ပြီးနောက် ချန်းပင်အန်းက နောက်ထပ် သာမန်မြွေကျောက်တုံး (၄)တုံးဆီ ယူပြီး တစ်ယောက်ကို (၂)တုံးဆီ ပေးလိုက်သည်။ ကလေးနှစ်ယောက်က ဤကမ္ဘာကြီးထဲတွင် တန်ဖိုးအရှိဆုံး ရတနာများကို ရလိုက်သလို ဖြစ်နေကြ၏။

ပန်းရောင်ဝတ် ကလေးမလေး၏ နောက်ကျောတွင် စာအုပ်သေတ္တာငယ်လေး ရှိနေသေးသည်။ သူမ၏ လက်ထဲတွင် ကိုင်ထားသော မြွေကျောက်တုံး (၃)တုံးကို ကြည့်ပြီး သူမက မျက်ရည်များ စီးကျလာခဲ့၏။ သူမက မျက်ရည်များကို အင်္ကျီလက်နှင့် သုတ်လိုက်သည်။

ထိုအချိန်တွင် သူ့လက်ဖဝါးပေါ်၌ ရှိနေသော မြွေကျောက်တုံးကို ကြည့်ပြီး စိမ်းပြာဝတ် ကောင်လေး၏ မျက်နှာပေါ်တွင်လည်း ရှုပ်ထွေးမှုများ ပေါ်လာခဲ့၏။

ချန်းပင်အန်းက တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားသည့်အလား သူ့နဖူးကို ပြန်ရိုက်လိုက်သည်။ သူက ပြုံးလိုက်ပြီး အရည်အသွေးမြင့်ပုံရသော နောက်ထပ် မြွေကျောက်တုံး နှစ်တုံးကို ကောက်ယူလိုက်သည်။ သူတို့က အဝါရောင် ရှိနေသော်လည်း ကျောက်စိမ်းကဲ့သို့ ချောမွေ့နေခဲ့သည်။ ယခင်တုန်းကကဲ့သို့ သူက စိမ်းပြာဝတ် ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့ကို တစ်လုံးဆီ ပေးလိုက်ပြန်သည်။

ထိုအချိန်ကျမှသာ သူက မြွေကျောက်တုံး (၂)တုံး အမှန်တကယ် ပိုင်ဆိုင်ကြောင်း စိမ်းပြာဝတ်ကောင်လေးက မှတ်မိသွားခဲ့၏။ သူက အပြုံးနှင့် မြွေကျောက်တုံးများကို လက်ခံလိုက်သည်။

သို့သော် ပန်းရောင်ဝတ် ကလေးမလေးကတော့ ထိုအရာကို လက်မခံရဲပေ။ သူမက ပြောလိုက်၏။

“ဆရာ …

ကျွန်မကို အရည်အသွေးမြင့် မြွေကျောက်တုံး တစ်တုံးပဲ ပေးမယ်လို့ သဘောတူထားတာလေ…”

ချန်းပင်အန်းက သူမ၏ခေါင်းကို ပုတ်ပြီး ပြန်ဖြေလိုက်၏။

“ငါက ဘယ်သူလဲ ။ ငါက မင်းရဲ့ ဆရာ မဟုတ်လား။ ငါက မင်းနဲ့ သဘောတရားတွေ ဆွေးနွေးဖို့ လိုအပ်လို့လား။ မြန်မြန်ယူလိုက် …”

ပန်းရောင်ဝတ် ကလေးမလေးက မြွေကျောက်တုံးကို သေချာလက်ခံလိုက်သည်။ တစ်ချိန်တည်းတွင် သူမက ပို၍ပင် ပြင်းပြင်းထန်ထန် ငိုကြွေးနေမိခဲ့၏။

ကောင်လေး၏ မျက်နှာပေါ်တွင်တော့ ရှုပ်ထွေးနေသော အမူအရာတစ်ခု ရှိနေသည်။ ထိုအရာက အနည်းငယ် ဝမ်းသာမှုနှင့် ဝမ်းနည်းမှု နှစ်ခုလုံး ခံစားနေရပြီး သူက မသေမချာ အသံနှင့် မေးလိုက်သည်။

“ဆရာ …

ကျွန်တော့်ကိုရော အပို ကျောက်တုံးတစ်တုံး လက်ဆောင် မပေးနိုင်ဘူးလား…”

“တကယ်လို့ မင်းသာ နောက်ပိုင်း သူ့ကို အနိုင်မကျင့်ဘူးဆိုရင် ငါမင်းကို တစ်တုံးပေးမယ် …”

ချန်းပင်အန်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

စိမ်းပြာဝတ် ကောင်လေးက ခေါင်းညိတ်ပြီး ကတိပေးလိုက်၏။

“ကျွန်တော်က အဲဒီအရူးမလေးကို သေချာပေါက် အနိုင်မကျင့်ပါဘူး ကျွန်တော် ဒီနေ့ အဲဒီအရူးမလေးကို သေချာပေါက် အနိုင်မကျင့်ဘူး။ ဒါဆိုရင် ကျွန်တော် မနက်ဖြန် မြွေကျောက်တုံး တစ်တုံး ရနိုင်မလား ။ နောက်နေ့မှ ရလည်း ကိစ္စမရှိပါဘူး။ အနည်းဆုံးတော့ နောက်ရက်တွေမှာ ကျွန်တော့်ကို ပေးနိုင်မလား …”

“မင်းက ဘယ်လိုထင်လဲ …”

ချန်းပင်အန်းက ပြန်မေးလိုက်သည်။

စိမ်းပြာဝတ် ကောင်လေးက အံကြိတ်ပြီး ပန်းရောင်ဝတ် ကလေးမလေးကို လှည့်ကြည့်လိုက်၏။ ထို့နောက် တည်ငြိမ်သော အသံနှင့် ကတိပေးလိုက်သည်။

“အရူးမလေး …

ငါက နောက်လ နင့်ကို အနိုင်မကျင့်တော့ဘူး …”

ချန်းပင်အန်းက ဒေါသထွက်ထွက်နှင့် ပြုံးလိုက်ပြီး ကောင်လေး၏ ခေါင်းကို ရိုက်လိုက်သည် ။

“အနည်းဆုံးတော့ တစ်နှစ် အနိုင်မကျင့်ရဘူး …”

စိမ်းပြာဝတ် ကောင်လေးက ဝမ်းနည်းသွားသော အမူအရာမျိုး ဟန်ဆောင်လိုက်သည်။ အမှန်အတိုင်း ပြောရလျှင်တော့ သူက အလွန်ဝမ်းသာနေခဲ့၏။ ရေနဂါးများနှင့် ပတ်သက်နေသော မျိုးစိတ်တစ်ခုဖြစ်သည့် ရေမြွေတစ်ကောင်အတွက်တော့ တစ်နှစ်ဟူသော အချိန်က ဘာများ ထူးခြားသွားမည်နည်း။ နှစ်ပေါင်း(၁၀၀) ဟူသည်မှာပင် ကြာမြင့်လွန်းလှသော အချိန်တစ်ခု မဟုတ်ချေ။

ချန်းပင်အန်းက အရူးတစ်ယောက် မဟုတ်သည့်အတွက် ထိုကောင်လေး၏ လှည့်ကွက်များနှင့် ပတ်သက်ပြီး သိနေသည်။ မည်သို့ဖြစ်စေကာမူ မြို့ငယ်လေးဆီသို့ အပြန်လမ်းတွင် ထိုကောင်လေးနှင့် ကလေးမလေးတို့ အတူတူ လိုက်လာခဲ့သည်မှာ အဆပေါင်းများစွာ ပို၍စိတ်ဝင်စားစရာ ကောင်းသည်။ ထို့ကြောင့် ချန်းပင်အန်းက သူတို့နှစ်ယောက်လုံးကို ပို၍ ကျေးဇူးတင်နေခဲ့၏။

သူက ပြန်လှည့်လာပြီး အထုပ်နှစ်ထုပ်ကို အဝေးတွင် သိမ်းဆည်းလိုက်သည်။ ရွမ်ရှို့ကလည်း ဝါးပြားလေးကို သိမ်းဆည်းလိုက်၏။ ထို့နောက် သူတို့(၄)ယောက်က စားပွဲဝိုင်းတွင် ထိုင်လိုက်ကြသည်။

“ငါတို့က ဈေးဆိုင် နှစ်ဆိုင်ကို သွားပြီး စစ်ဆေးကြမလား …”

ရွမ်ရှို့က အကြံပေးလိုက်သည်။

ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။

“ဆိုင်ကို သွားလည်ပြီးသွားရင် ငါက ဖုလု လမ်းကြားထဲမှာရှိတဲ့ လီကလန်ရဲ့စံအိမ်ကို သွားမယ်။ ငါက လီပေါင်ဖျင်ရဲ့အစ်ကိုကြီးကို ပေးစရာတစ်ခု ရှိတယ်…”

သူက ရွှေရောင် တောင်ဖြတ်ငါး အကြောင်း ပြောနေခြင်း ဖြစ်သည်။

တံခါးကို သော့ခတ်၍ ခြံဝန်းထဲမှ ထွက်လာပြီးနောက် သူတို့က လှုပ်ရှားနေသော တောင်ဖြတ်ငါးကို သံကြိုးရေတွင်းထဲမှ ရွမ်ရှို့ ခပ်ထားသော ရေများနှင့် ပြည့်နေသည့် မြေအိုးလေးတစ်လုံးထဲသို့ ထည့်ထားခဲ့သည်။ နောက်ဆုံးတွင်တော့ တောင်ဖြတ်ငါးက အစစ်အမှန် ငါးတစ်ကောင်ကဲ့သို့ ရေထဲတွင် ကူးခတ်နိုင်ခဲ့သည်။ သူက ဝမ်းသာအားရ ကူးခတ်နေပြီး ပတ်ပတ်လည်တွင် ရေမြှုပ်လေးများ ထနေခဲ့၏။

စိမ်းပြာဝတ် ကောင်လေးက သာမန် မြွေကျောက်တုံးတစ်တုံးကို ဝါးမျိုလိုက်သည်။ ထို့ကြောင့် သူက အကောင်းဆုံး အပြုအမူကို လုပ်ဆောင်ပြီး သူ့ကိုယ်သူ အကောင်းဆုံး ပြသနေခဲ့၏။ သူက မြေအိုးလေးကို သယ်ဆောင်ပေးနေပြီး သိပ်မကြာခင် သူ၏ခန္ဓာကိုယ်ပေါ်သို့ ရေများ ကျလာခဲ့သည်။

သူ၏ မျက်နှာပေါ်တွင် အလွန်အံ့ဩနေသော အမူအရာတစ်ခု ပေါ်လာပြီး ရေရွတ်လိုက်၏။

“ဒီတွင်းရေကလည်း တော်တော် ထူးခြားတာပဲ …”

ရွမ်ရှို့က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

“ဟုတ်တယ် ။ ဒါပေမယ့် သံကြိုးရေတွင်းကို အပြင်လူ တစ်ယောက်က ဝယ်သွားတာတော့ နှမြောစရာပဲ။ အဲဒီထဲက ရေတွေ ခပ်ဖို့ မပြောနဲ့ မြို့ခံတွေက လမ်းလျှောက်ပြီး အနားကို သွားလို့တောင် မရတော့ဘူး…”

သို့သော် သူမကတော့ ခြွင်းချက် ဖြစ်သည်။ ပန်းပဲဆိုင်တွင် အလွန်ကြီးမားသော အကြောက်တရားတစ်ခုကို ခံစားခဲ့ရပြီးနောက် စိမ်းပြာဝတ် ကောင်လေးက အရာအားလုံးကို စိုးရိမ်ပြီး ကြောက်လန့်နေခဲ့သည်။ သူက ပေါက်ကရ ထပ်မံ လုပ်ဆောင်ရဲခြင်း မရှိတော့ချေ။

ထိုသတင်းဆိုးကို ကြားလိုက်ရပြီးနောက် သူက ခြေဆောင့်မိမတတ် ဖြစ်သွားခဲ့၏။ သို့သော် သူလုပ်နိုင်သော အရာ မရှိချေ။ ချန်းပင်အန်းက ထိုရေတွင်းကို မဝယ်မိသည့်အတွက်ကိုသာ တစ်ယောက်တည်း ပြောနေခဲ့ရသည်။

“ငါက သူတို့နဲ့ ဆွေးနွေးပေးရမလား …”

ရွမ်ရှို့က တိုးတိုးလေး မေးလိုက်သည်။

“ချန်းပင်အန်း …

တကယ်လို့ နင်သာ ဆန္ဒရှိတယ်ဆိုရင် နင်က သံကြိုး ရေတွင်းကိုလည်း ဝယ်လို့ရတယ်..”

ချန်းပင်အန်းက အလျင်အမြန် ခေါင်းခါပြလိုက်ပြီး ပြန်ဖြေလိုက်သည်။

“မလိုပါဘူး ။ အဲဒီလိုလုပ်ဖို့ မလိုဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အခု ငါ့ဆီမှာလည်း ငွေအလုံအလောက် မရှိသေးဘူး…”

ရွမ်ရှို့က စကားပြောချင်နေသော်လည်း မည်သည့်နေရာမျှ စပြောရမှန်း မသိခဲ့ချေ။ ချန်းပင်အန်း၏ မျက်လုံးထဲရှိ ပြတ်သားမှုကို မြင်သည့်အချိန်တွင် သူမက ထိုအတွေးကို လက်လျှော့လိုက်သည်။

သူတို့က နဂါးစီးလမ်းကြား အနီးသို့ ရောက်လာသည့် အချိန်တွင် ချန်းပင်အန်းက ပြောလိုက်သည်။

“ဒီမှာ ရှစ်ချွန်ကျား လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် ရှိတယ်။ ကြည့်ရတာတော့ သူက ဒီနားမှာ ရှိတဲ့ ဆိုင်ရှင်တစ်ယောက်ရဲ့သမီး ဖြစ်မယ်ထင်တယ်…”

ရွမ်ရှို့ က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး ပြန်ဖြေလိုက်သည်။

“ငါလည်း မသိဘူး…”

အမှန်အတိုင်း ပြောရလျှင် ထိုမိန်းမပျို ဂရုမစိုက် အလေးမထားသော ကိစ္စရပ်များစွာ ရှိနေသည်။ ထိုဆိုင်၏ အစစ်အမှန်ဆိုင်ရှင်က သူတို့ဆီသို့ လာလည်ကြောင်း ကြားလိုက်ရသည့်အချိန်တွင် ကုန်စုံဆိုင်နှင့် မုန့်ဆိုင်မှ အလုပ်သမားများ ၊ ဝန်ထမ်းများက သူတို့အားလုံးကို လာရောက် ကြိုဆိုကြသည်။ သူတို့တွေ အများစုက ရိုးသားပြီး တာဝန်ယူတတ်သော မိန်းမပျိုများ ၊ အမျိုးသမီးများ ဖြစ်ကြ၏။

သို့သော် သူတို့က ချန်းပင်အန်းကို မြင်လိုက်ရသည့် အချိန်တွင် အနည်းငယ် စိတ်ပျက်သွားသလို ခံစားကြရသည်။ သူတို့က ဖြည်းညင်းစွာ လူခွဲသွားကြပြီး အလုပ် ဆက်လုပ်နေကြ၏။ သူတို့အားလုံးက ရွမ်ရှို့ကိုသာ ဆိုင်ရှင်အဖြစ် သတ်မှတ်ထားကြသည့် အတွက် ထိုမိန်းမပျိုက အနည်းငယ် ရှက်ရွံ့သွားသလို ခံစားခဲ့ရသည်။

ချန်းပင်အန်းက မုန့်ဆိုင်တွင် ခဏကြာ ထိုင်နေခဲ့ပြီး သူက ရေနွေးသောက်နေသည့် အချိန်တွင်ပင် အနည်းငယ် ရှက်ရွံ့နေသလို ခံစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူက ဘာလုပ်ရမှန်း ဘာပြောရမှန်း လုံးဝ မသိခဲ့ချေ။

ထိုအချိန်တွင် ရွမ်ရှို့ကတော့ ဆိုင်၏ အခြေအနေနှင့် ပတ်သက်ပြီး ယုံကြည်ချက်ရှိရှိ နည်းလမ်းကျကျ မေးနေခဲ့သည်။ မည်မျှ ရောင်းချရသနည်း၊ မည်မျှ အကျိုးအမြတ် ရှိသနည်း စသည့် အရာများ ဖြစ်၏။

ချန်းပင်အန်းကတော့ အလွန်လေးနက်သော ရွမ်ရှို့၏ မျက်နှာအမူအရာကို ကြည့်ပြီး ခေါင်းကုတ်နေမိခဲ့သည်။ ကြည့်ရသည်မှာ သူမကိုပေးခဲ့သော သူ့လက်ဆောင်က အနည်းငယ် ဂရုမစိုက်သလို ဖြစ်နေသည်ဟုပင် သူက စတင်ခံစားမိလာခဲ့၏။

ချန်းပင်အန်းက ဖုလုလမ်းကြားထဲသို့ မသွားခင် ရွမ်ရှို့က စိမ်းပြာဝတ် ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့ကို ကြည့်ပြီး သူတို့ကို သတိပေးခဲ့သည်။

“ဖုလုလမ်းကြားနှင့် မက်မွန်ရွက် လမ်းကြားတွေက အကြီးအကျယ် ပြောင်းလဲနေပြီ။ အပြင်လူတွေ အများကြီးလည်း ပြောင်းလာကြတယ်။ လီကလန်ကတော့ တော်တော်လေးကို ထူးခြားတဲ့ အနေအထားမှာ ရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့မျိုးနွယ်ခေါင်းဆောင်က အဆင့်(၁၀)ကို အောင်အောင်မြင်မြင် တက်လှမ်းသွားနိုင်လို့ပဲ။ တာ့လီအင်ပါယာရဲ့ အရင်ဘုရင်ပေးခဲ့တဲ့ ဆုလာဘ်စနစ်အရ လက်ရှိ ဘုရင်ကြီးက လီကလန်အပေါ် အခွင့်အရေး(၂)နေရာ ပေးအပ်ထားတယ်..”

“ပြောရမယ်ဆိုရင် လီကလန်ရဲ့ မျိုးဆက် နှစ်ယောက်က အရာရှိတွေ တိုက်ရိုက် ဖြစ်နိုင်ကြတယ်။ ဒါပေမယ့် ဘာကြောင့်မှန်း မသိပေမယ့် မြို့တော်မှာ ရှိတဲ့ တစ်ယောက်ကပဲ ကမ်းလှမ်းမှုကို လက်ခံပြီး အရာရှိတစ်ယောက် ဖြစ်လာတယ်။ ဖုလုလမ်းကြားထဲမှာ ရှိနေတဲ့ တစ်ယောက်ကတော့ အဲဒီကမ်းလှမ်းမှုကို ငြင်းဆန်ဖို့ ရွေးချယ်ခဲ့တယ်။ ဒီကိစ္စကြောင့် ဖုလုလမ်းကြားထဲမှာ တော်တော်လေးကို ထူးဆန်းတဲ့ အခြေအနေတစ်ရပ် ဖြစ်နေတယ် …”

ချန်းပင်အန်းက ခဏကြာ စဉ်းစားပြီး ကောင်လေးနှင့် ကလေးမလေးတို့ကို မုန့်ဆိုင်ထဲတွင် စောင့်နေရန် ပြောလိုက်သည်။ ထိုအချိန်တွင် သူကတော့ မြေအိုးလေးကို ယူပြီး ဖုလု လမ်းကြားထဲသို့ ထွက်လာခဲ့၏။ သူမက သူ့ကို လိုက်ပို့ရန် မလိုကြောင်း သူက ရွမ်ရှို့ကိုလည်း ပြောခဲ့သည် ။

မိန်းမပျိုကလည်း ခေါင်းမာနေခဲ့ခြင်း မရှိချေ။ သူမက ပန်းပဲဆိုင်သို့ ပြန်သွားခဲ့၏။ ရွမ်ရှို့က မြို့ငယ်လေးထဲမှ ထွက်သွားပြီး ကျောက်တုံးတံတားဆီသို့ လမ်းလျှောက်သွားခဲ့၏။ သူမက ထိုကျောက်တုံးတံတားကို အကြိမ်ပေါင်းများစွာ ဖြတ်ဖူးပြီးသား ဖြစ်သည်။

ယခု အမိုးတံတားကို ဖယ်ရှားလိုက်ပြီ ဖြစ်ပြီး ဓားအိုကြီးကလည်း ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့ပါပြီ။ တစ်ချို့ မျှော်လင့်ချက်ကြီးပြီး ပြဿနာ ရှာတတ်သော လူတစ်ချို့က ထိုအရာကို ရှာဖွေရန် ကြိုးစားနေပြီး သူတို့အတွက် ရေစက်ရှိသော ကံကြမ္မာတစ်ခုကို ရနိုင်ရန် မျှော်လင့်နေကြသည်။ သို့သော် သူတို့၏ ကြိုးစားအားထုတ်မှုများ အားလုံးက အချည်းနှီးသာ ဖြစ်၏။

လုံချွမ်တိုင်းပြည်ထဲတွင် ထူးဆန်းသော ဖြစ်စဉ်များ ၊ အဖြစ်အပျက်များ အဆပေါင်းများစွာ ဖြစ်ပျက်နေခဲ့၏။ ထိုအရာများက အလွန်များပြားလွန်းလှသည့်အတွက် လှည့်ကွက်များ၊ အကောက်ကြံမှုများ ပြဿနာများစွာပင် ဖြစ်နေစေခဲ့သည်။ ထို့ကြောင့် မည်သူကရော ထိုကဲ့သို့ အသေးအဖွဲ့ ကိစ္စများကို ဂရုစိုက်ကြမည်နည်း။

ကျောက်တုံး တံတားပေါ်သို့ လျှောက်လာသည့်အချိန်တွင် ရွမ်ရှို့က မနေနိုင်တော့ဘဲ ဝါးပြားလေးကို ထုတ်ပြီး လေထဲသို့ မြှောက်ကြည့်လိုက်သည်။ သူမက ထိုစကားလုံး (၆)ခုကို ကြည့်ပြီး လုံးဝ ပင်ပန်းသလို မခံစားရပေ။ အမှန်အတိုင်း ပြောရလျှင် ဝါးပြားလေး၏နောက်ကျောပေါ်၌ နောက်ထပ် စကားလုံးများ ရေးလျှင် ပိုကောင်းသည်ဟုပင် သူမက ခံစားလာခဲ့ရ၏။ ဥပမာအနေနှင့် ပြောရလျှင် ‘ရွမ်ရှို့အတွက် ချန်းပင်အန်းဆီမှ လက်ဆောင်’ ဟူသော စကားလုံး ဖြစ်သည်။

…………

မြို့ငယ်လေးထဲတွင် ချန်းပင်အန်းက ဖုလုလမ်းကြားပေါ်တွင် ခင်းထားသော အပြာရောင် ကျောက်ပြားများပေါ်သို့ နောက်တစ်ကြိမ် ရောက်လာခဲ့ရ၏။ အလွန်မြင့်မားသော အဆောက်အဦးများနှင့် ကြီးမားသော ရဲတိုက်ကြီးများက အတိတ်တုန်းက စာပို့ခဲ့သော အချိန်နှင့် ယှဉ်လိုက်မည် ဆိုလျှင် တောင်တန်းကြီးများကဲ့သို့ အလွန်ကွာခြားနေခဲ့သည်။

ချန်းပင်အန်းကတော့ သူ၏ ပတ်ဝန်းကျင်ကို အလေးမထားခဲ့ပေ။ သူက လီကလန်၏ အိမ်ရှေ့သို့ ရောက်လာသည့်အချိန်တွင် စိမ်းပြာဝတ်လူတစ်ယောက်က ထိုနေရာတွင် ရပ်ပြီး သူ့ကို ပြုံးပြနေကြောင်း တွေ့လိုက်ရသည်။

ဘာကြောင့်မှန်း မသိသော်လည်း ထိုလူငယ်လေးဆီတွင် စာအုပ်အငွေ့အသက်များ ပြည့်နှက်နေကြောင်း သူလည်း သတိထားလိုက်မိသည်။ ချန်းပင်အန်းက စာသင်ကျောင်းလေးဆီသို့ စာသွားပို့ခဲ့စဉ် ကျောင်းတံခါးဝ၌ ရပ်နေသော ဆရာချီကို မြင်တွေ့ခဲ့ရသည့်အချိန်ကို အမှတ်ရသွားခဲ့သည်။ ထိုအရာက တူညီသော အငွေ့အသက်မျိုး ဖြစ်သည်။ သူက နတ်ဘုရား တစ်ပါးကို ကြည့်နေရသလို ခံစားနေခဲ့ရ၏။

Translated by Hein Htet.

All Chapters