အခန်း (၁၉၀)
Vol. 13 Ch. 190
ချန်းပင်အန်းက ရွှံ့ပုလင်းလမ်းကြားထဲတွင် ရှိနေသော သူ့အိမ်သို့ ပြန်ရောက်လာသည့်အချိန်တွင် ပန်းရောင်ဝတ် ကလေးမလေးက တံမြက်စည်းတစ်ချောင်းကို ကိုင်ပြီး ခြံဝန်းထဲတွင် လှည်းကျင်းနေကြောင်း မြင်လိုက်ရသည်။
ထိုအချိန်တွင် စိမ်းပြာဝတ် ကောင်လေးကတော့ ပါးစပ်ဟပြီး ရေအိုးနှင့် ရေသောက်နေခဲ့သည်။ သူက ရေမျက်နှာပြင်နှင့် မျက်နှာချင်းဆိုင်နေခဲ့၏။ သူ့ပါးစပ်နှင့် ရေအိုးကြားထဲတွင် မီတာဝက်ခန့် အကွာအဝေး ရှိနေသည်။ သို့သော် ရေအိုးထဲမှ စီးကျလာသော ရေများက သူ့ပါးစပ်ထဲသို့ တည့်တည့် ရောက်သွားသေး၏။ ထိုအရာက ရေတွင်းထဲမှ ရေနဂါးတစ်ကောင် ရေကို စုပ်ယူနေသလိုမျိုး ဖြစ်သည်။
ချန်းပင်အန်းက တံခါးဘောင်တွင် ထိုင်လိုက်သည်။ သူက အတွေးပင်လယ် မျောနေကြောင်း ပန်းရောင်ဝတ် ကလေးမလေးက သတိထားမိခဲ့၏။ ထို့ကြောင့် သူမက သူ့ကို နှောင့်ယှက်ရန် စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
အမှန်အတိုင်း ပြောရလျှင် ခြံဝန်းက ရွမ်ရှို့၏ အကူအညီကြောင့် အစက်အပြောက်ပင် မရှိအောင် ရှင်းလင်းနေခဲ့သည်။ သို့သော် ပန်းရောင်ဝတ် ကလေးမလေးက ကူညီပေးရန် တစ်စုံတစ်ခု မလုပ်ရလျှင် အနည်းငယ် မသက်မသာ ခံစားရပါလိမ့်မည်။ သူမက သူမ၏ဆရာ ရက်ရက်ရောရော ပေးခဲ့သော မြွေကျောက်တုံးနှင့် မထိုက်တန်သလို ခံစားရနိုင်၏။
ချန်းပင်အန်းကတော့ အဝေးတွင် ရှိနေသော နေရာတချို့ကို စဉ်းစားမိနေပြီး စုန့်ကျိရှင်းနှင့် ပတ်သက်၍ ချွေးတုံရှန်း ပြောခဲ့သော မှတ်ချက်များကို ရုတ်တရက် စဉ်းစားမိသွားခဲ့သည်။ သူက မတ်တပ်ရပ်လိုက်ပြီး မြို့ငယ်လေးထဲမှ ထွက်သွားခဲ့သည့် အချိန်တွင် စုန့်ကျိရှင်း သူ့ခြံဝန်းထဲသို့ တိတ်တဆိတ် ပစ်ထည့်ပေးခဲ့သော သော့တွဲတစ်တွဲကို ယူလိုက်သည်။
ထို့နောက် တစ်ဖက်ခြံသို့ သွားခဲ့ပြီး တံခါးကို ဖွင့်လိုက်၏။ သူက စုန့်ကျိရှင်း၏ အိမ်ထဲသို့ ရောက်လာပြီးနောက် စာကြည့်စားပွဲပေါ်တွင် တင်ထားသော စာအုပ်(၃)အုပ်ကို တွေ့လိုက်ရသည်။ ထိုစာအုပ်များကတော့ ‘ကလေးများအတွက် ဘဝအခြေခံစည်းမျဉ်းများ’ ၊ ‘ရိုးရာနှင့် ဂီတ’၊ ‘စာရေးသူ မှတ်တမ်း’ဟူသော စာအုပ်များ ဖြစ်သည်။
ချန်းပင်အန်းက ထိုင်ခုံတစ်လုံးကို ဆွဲယူလိုက်ပြီး ‘ကလေးများအတွက် ဘဝအခြေခံစည်းမျဉ်းများ’ဟူသော စာအုပ်ကို စလှန်ကြည့်လိုက်သည်။ ချန်းပင်အန်းက တာ့ဆွေတိုင်းပြည်မှ နေ၍ မြို့ငယ်လေးသို့ ပြန်လာခဲ့သည့် အချိန်အတောအတွင်း ချွေးတုံရှန်းက ကွန်ဖြူးရှပ်ကျမ်းစာများကို မကြာခဏ ရွတ်ဖတ်ခဲ့သည်။
ထိုကျမ်းစာများကို ခဏကြာ နားထောင်ခဲ့ပြီးနောက် ‘ကလေးများအတွက် ဘဝအခြေခံစည်းမျဉ်းများ’ဟူသော စာအုပ်က ရိုးရှင်းမှု မရှိကြောင်း တွေ့ခဲ့ရ၏။ အကယ်၍ ထိုစာအုပ်၏ ခေါင်းစဉ်တစ်ခုတည်းကိုသာ ကြည့်မည်ဆိုလျှင်တော့ ထိုအရာက အလွန်နိမ့်ကျသော စည်းကမ်းများ အကြောင်းကိုသာ ပြောပြထားခြင်း ဖြစ်မည်ဟု ခံစားမိပါလိမ့်မည်။
သို့သော် ချွေးတုံရှန်းနှင့် စကားပြောဆိုခဲ့သည့် အတောအတွင်း သာမန်ကျောင်းလေးထဲတွင် သင်ကြားနေသော ဆရာများကပင် ကလေးများအတွက် မှတ်စုစာအုပ်ဖြစ်သော ‘ကလေးများအတွက် ဘဝအခြေခံစည်းမျဉ်းများ’ဟူသော စာအုပ်ကို မသုံးကြပေ။ ကွန်ဖြူးရှပ်ကျမ်းစာများကို ထိုမျှ ရိုးရှင်းပြီး နားလည်နိုင်သော အခြေအနေနှင့် ရှင်းပြနိုင်သည့်လူက ဆရာချီ တစ်ဦးတည်းသာ ရှိသည်။ ထို့ကြောင့် ထိုစာအုပ်က နားလည်ရန် အလွန်ခက်ခဲသည်ဟု လီပေါင်ဖျင်အဖွဲ့က လုံးဝမခံစားခဲ့ကြရပေ။
ချန်းပင်အန်းက ထိုစာအုပ်(၃)အုပ်ကို သူနှင့်အတူ အိမ်သို့ ယူသွားရန် အစီအစဉ်မရှိခဲ့ပေ။ ‘ကလေးများအတွက် ဘဝအခြေခံစည်းမျဉ်းများ’ဟူသော စာအုပ်မှ စာများကို ဖတ်ရှုခဲ့ပြီးနောက် သူ၏ အသိဉာဏ်နှင့် ပညာနိမ့်ပါးမှုကြောင့် အခြေခံ နားလည်မှုပင် မရနိုင်သလို ခံစားနေခဲ့ရသည်။ အကယ်၍ သူက ဦးနှောက်ကို အလုပ်ပေးရန် ကြိုးစားလိုက်မည်ဆိုလျှင်ပင် သူ့ကိုယ်တိုင် ရှုပ်ထွေးပြီး ခေါင်းကိုက်သွားခြင်းသာ ရလာပါလိမ့်မည်။
သူက မြူခိုးများ၊ တိမ်တိုက်များ ဖုံးလွှမ်းနေပြီး ရပ်စရာ လုံခြုံသည့် နေရာမရှိသလို ခံစားနေခဲ့ရ၏။ ထို့ကြောင့် ချန်းပင်အန်းလည်း ရွေးချယ်စရာ မရှိတော့ဘဲ ထိုစာအုပ်ကို ပြန်ချထားခဲ့ရသည်။
သူက သူ၏အင်္ကျီလက်ထဲမှ ငွေရောင်ဓားငယ်လေးကို ထုတ်ပြီး လက်ထဲတွင် ညင်သာစွာ ကိုင်ထားလိုက်သည်။ ထို့နောက် သူ့အိမ်တံခါးဘောင်တွင် ထိုင်နေသကဲ့သို့ ထိုင်ကြည့်ခဲ့၏။ သူက ကျောက်တုံးတံတားကို နှစ်ကြိမ်တိတိ ဖြတ်ကျော်သွားခဲ့သော်လည်း ထိုဓားငယ်လေးဆီမှ မည်သည့်ခံစားမှုမျှ မရခဲ့ပေ။ ထိုအရာက စစ်ဆေး၍ မရနိုင်သော ခံစားမှုတစ်ခု ဖြစ်သည်။
သို့သော် ဓားဝိညာဉ်က ရာစုနှစ်တစ်ခုနီးပါးခန့် အမှန်တကယ် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ချန်းပင်အန်းက နားလည်နေခဲ့သည်။ သူက နဂါးခေါင်းဖြတ်စင်မြင့် တစ်ဝက်ကို အသုံးပြု၍ ဓားသွားကို ထက်မြက်လာရန် ကြိုးစားမည် ဖြစ်သည်။
နဂါးခေါင်းဖြတ်စင်မြင့်က (၃)ပိုင်း ကွဲသွားခဲ့ပြီး ရွမ်ချုံ၊ ဖုန်ရွှယ်ကျောင်းဆောင်နှင့် စစ်တောင်တန်းတို့က ခွဲယူထားကြသည်။ သို့သော် ဓားဝိညာဉ်ကတော့ ထိုအရာကို ခေါင်းမာမာနှင့် ဆက်လုပ်ရန် ဆန္ဒရှိနေသေးသည်။ ထိုအရာက ပြဿနာရှိမရှိကိုတော့ ချန်းပင်အန်းလည်း မသိချေ။ သူက ဝင်ရောက်နှောင့်ယှက်ပိုင်ခွင့်လည်း မရှိပေ။
လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်တွင် နှင်းများ ကျဆင်းနေသည့် အချိန်အတောအတွင်း ချန်းပင်အန်းက သူ့အိမ်ရှေ့တွင် သတိလစ်နေသော မိန်းမပျိုတစ်ယောက်ကို ကယ်တင်ခဲ့သည်။ သို့သော် အဆုံးတွင်တော့ သူမက စုန့်ကျိရှင်း၏ အစေခံမလေးသာ ဖြစ်လာခဲ့၏။ သူမက ဝမ်ကျူးဟူသော နာမည်မှနေ၍ ကျစ်ကွေးဟူသော နာမည်သို့ ပြောင်းလဲခဲ့သည်။ သိပ်မကြာခင် သူမက တာ့လီအင်ပါယာ၏ မင်းသားတစ်ယောက် ဖြစ်နေသော စုန့်ကျိရှင်းနှင့်အတူ မြို့တော်သို့ လိုက်သွားခဲ့သည်။
မီးဖိုကြီးကြပ်သူ အရာရှိက အမိုးတံတားပေါ်တွင် ရေးသားထားသော ‘မြင့်တက်လာသော လေလှိုင်း၊ ဖျက်စီးနိုင်သော ရေလှိုင်း’ဟူသော စာသား၊ အဆုံးမဲ့ နဂါးသံကြိုးရေတွင်း ၊သစ်ရွက်တစ်ခုချင်းဆီတိုင်းတွင် ဘိုးဘေးကောင်းချီးများ ရှိနေသော သစ်ခါးပင်ကြီး၊ အင်မော်တယ်အုတ်ဂူ၊ ကြွေထည်တောင်တန်း။
ထိုအရာများက မြို့ငယ်လေးထဲတွင် အင်အားကြီးမားပြီး အစွမ်းထက်သူများကို ဖိနှိပ်နိုင်ခြင်း မရှိချေ။ အခြေအနေက လုံးဝကို ရှုပ်ထွေးနေခဲ့၏။ ထို့ကြောင့်လည်း ဤမြို့ငယ်လေးက မည်မျှကြီးကျယ်ခမ်းနားကြောင်း တစ်နေ့နေ့တွင် သူက နားလည်လာလိမ့်မည်ဟု အဘိုးကြီးယန်က ပြောခဲ့ဖူးသည်။
ချန်းပင်အန်းက ဆေးဆိုင်ထဲတွင် ရှိနေသော အဘိုးအိုအကြောင်း စဉ်းစားမိသည့်အချိန်တွင် သူ၏မျက်နှာပေါ်၌ စိတ်ဓာတ်ကျနေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက လေပူများကို ညင်သာစွာ မှုတ်ထုတ်လိုက်ပြီးနောက် သူ့လက်ထဲတွင် ရှိနေသော ငွေရောင်ဓားငယ်လေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။
သူက မတ်တပ်ရပ်လိုက်ပြီးနောက် ထိုဓားငယ်လေးကို သူ၏အင်္ကျီအိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး စုန့်ကျိရှင်း စွန့်ပစ်ထားခဲ့သော အိမ်ထဲမှ ထွက်လာခဲ့၏။ သူ့အိမ်သို့ ပြန်ရောက်လာသည့်အချိန်တွင် သူက လျှိုရှန်းယန်အိမ်၏ သော့တွဲများကို ပန်းရောင်ဝတ် ကလေးမလေး၏ လက်ထဲသို့ ပေးလိုက်သည်။ သူက ထိုနေရာသို့ သွားရန် ကလေး(၂)ယောက်ကို ပြောခဲ့၏။ မည်သို့ဖြစ်စေကာမူ ရွှံ့ပုလင်းလမ်းကြားထဲတွင် ရှိနေသော သူ့အိမ်က အလွန်သေးငယ်နေသည်။
စိမ်းပြာဝတ် ကောင်လေးကတော့ ယခုအချိန်အထိ ရေသောက်ရသည်မှာ ဗိုက်မပြည့်သေးပေ။ ထို့ကြောင့် သူက ဒေါသထွက်နေသော အမူအရာနှင့် မတ်တပ်ရပ်လိုက်ပြီး ရေသောက်ခြင်းကို ရပ်တန့်လိုက်သည်။
သို့သော် သူက ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး မေးလိုက်၏။
"ဆရာ…
ကျွန်တော့်ကို ငါးတစ်ကောင်အစား သာမန်မြွေကျောက်တုံးတစ်တုံး ပေးလို့မရဘူးလား။ ကျွန်တော်က အဖိုးတန်ပုလင်းတွေအတွက် ပြောတာပါ။ ဆရာက ရွမ်ရှို့နှင့် အရမ်းရင်းနှီးမှတော့ အဲဒီတိမ်တိုက်နီပုလင်းလေးနဲ့ တခြားဆန်းကြယ်တဲ့ ပုလင်းတွေကို လက်ဆောင်အဖြစ် ပေးလို့ရတယ်လေ။ ဆရာ… လောကကြီးထဲမှာ နှစ်ပေါင်း(၁၀၀)လောက် သွားလာခဲ့ရတဲ့ အတွေ့အကြုံအရ ဒီကမ္ဘာကြီးထဲမှာရှိတဲ့ မိန်းကလေးတွေအားလုံးက ဘယ်လောက်အဆင့်မြင့်မြင့် ဒီလိုအလှအပလေးတွေကို အရမ်းသဘောကျတယ်။ ဒီပုလင်းလေးတွေက အဲဒီဝါးပြားထက် ပိုပြီးတော့ကောင်းတယ် မဟုတ်ဘူးလား…"
သူက အပြုံးနှင့် ဆက်ပြောလိုက်သည်။
"ဆရာက အဲဒီအဖိုးတန်ပုလင်းလေးတွေကို မပေးချင်လို့လား။ ဆရာက အဲဒီအရာတွေ၊ ရွမ်ရှို့ကို ပေးဖို့ ဆန္ဒမရှိလို့လား။ ဒါဆိုရင်တော့ ကျွန်တော်က အတင့်ရဲပြီး သတိပေးချင်တယ်။ ရွမ်ရှို့က စစ်ကျောင်းသူတော်စင်ရဲ့ တစ်ဦးတည်းသော သမီးလေ။ ဒါကြောင့် သူ့ကို အဲဒီလို ပုလင်းလေး(၁)သောင်းလောက် ပေးလိုက်မယ်ဆိုရင်တောင် အဆင်ပြေတယ်…"
ချန်းပင်အန်းက ပန်းရောင်ဝတ် ကလေးမလေးကို ကူညီပြီး စာအုပ်သေတ္တာငယ်လေး ယူပေးလိုက်သည်။
"ဆရာရွှမ်က ငါ့ကို မကြိုက်ဘူးဆိုတာ မင်းက မသိဘူးလား…"
သူက ပြန်မေးလိုက်၏။
စိမ်းပြာဝတ်ကောင်လေးက သူ ကြုံတွေ့ခဲ့ရသော အခြေအနေကို သေချာဂရုတစိုက် ပြန်လည်စဉ်းစားနေခဲ့၏။ စကားမပြောဘဲ မျက်နှာပျက်နေသော သူတော်စင်က ချန်းပင်အန်းအပေါ် အမှန်တကယ်လည်း အေးစက်နေသည်။
‘သူက မျက်စိမမြင်တာလား။ ဒါမှမဟုတ် သူက ဆရာ့ရဲ့ တောက်ပတဲ့ အနာဂတ်ကို မမြင်နိုင်တာလား…’
"ဒေါသမထွက်ပါနဲ့ဆရာ။ ဒီကိစ္စကြောင့် ဆရာ့ရဲ့ကျန်းမာရေး ထိခိုက်ဖို့ မတန်ပါဘူး…"
စိမ်းပြာဝတ်ကောင်လေးက တရားမျှတမှုအတွက် ချန်းပင်အန်းကို ကာကွယ်ပေးချင်ခဲ့သည်။ သို့သော် ရွမ်ချုံက ဤမြို့ငယ်လေးကို ထိန်းချုပ်နေသူ ဖြစ်ကြောင်း ရုတ်ချည်းပင် အမှတ်ရသွားခဲ့၏။ ထို့ကြောင့် ဤနယ်မြေထဲတွင် သူက ပလ္လင်ပေါ်၌ ထိုင်နေသော ဘုရင်တစ်ပါးကဲ့သို့ ဖြစ်နေပြီး အရာအားလုံးကို သိမြင်နိုင်၏။ ထို့ကြောင့် သူက ခန့်မှန်း၍ မရနိုင်သော အစွမ်းမျိုးစုံနှင့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်မျိုးစုံကို ပိုင်ဆိုင်ထားနိုင်သည်။
စိမ်းပြာဝတ်ကောင်လေးက သူ့ကိုယ်သူ လက်ဝါးနှင့်ရိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို ဗွေမယူပါနဲ့။ သူတော်စင်က မကြားချင်ယောင်ဆောင်ပေးပါ။ တကယ်လို့ ကြားခဲ့တယ်ဆိုရင်တောင် ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်မပေးပါနဲ့…"
စိမ်းပြာဝတ်ကောင်လေးက နောက်တစ်ကြိမ် မော့ကြည့်ပြီး မေးလိုက်သည်။
"ဒါပေမဲ့ အဲဒီပုလင်းလေးတွေကို ရွမ်ရှို့ဆီ ပေးတာက သူတော်စင်ကြိုက်မကြိုက်နဲ့ ဘာများ သက်ဆိုင်လို့လဲ…”
“တကယ်လို့ ငါက အဲဒီပုလင်းလေးတွေကို လက်ဆောင်အနေနဲ့ ပေးလိုက်မယ်ဆိုရင် ငါက သူ့ကို အကုန်လုံး ပေးပစ်မှာပဲ…"
ချန်းပင်အန်းက ရှင်းပြလိုက်သည်။
"ဒါပေမဲ့ ရွမ်ရှို့ကသာ အဲဒီလောက်များတဲ့ ပုလင်းတွေကို အိမ်ပြန်သယ်သွားမယ်ဆိုရင် ဆရာရွမ်က သေချာပေါက် တွေ့သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် သူက ငါ့ကို ပိုပြီးတော့တောင် သဘောကျမှာ မဟုတ်တော့ဘူး။ အမှန်အတိုင်းပြောရရင် ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့တောင် သူက အထင်မှားသွားနိုင်တယ်။ တကယ်လို့ ဒီကိစ္စကြောင့် ရွမ်ရှို့နှင့် သူ့အဖေက ပြဿနာဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ဒါက မကောင်းဘူးလေ…"
ပန်းရောင်ဝတ် ကလေးမလေးက ရုတ်တရက် နားလည်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဆရာက တကယ်ကို သေချာစဉ်းစားပေးတတ်တာပဲ…"
စိမ်းပြာဝတ် ကောင်လေး၏ မျက်နှာပေါ်တွင် မှင်တက်နေသော အမူအရာတစ်ခု ပေါ်လာသည်။
“ဆရာ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ ဘာလို့များ တွေးရတာလဲ.။ ဆရာနဲ့ ရွမ်ရှို့ရဲ့ ပတ်သက်မှုမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိတာကို ရှင်းရှင်းလင်းလင်း မသိနိုင်ဘူးလား…”
“မင်းက ဘယ်လိုစကားတွေ ပြောနေတာလဲ”
ချန်းပင်အန်းက စိမ်းပြာဝတ် ကောင်လေး၏ ခေါင်းကို လက်နှင့် ရိုက်လိုက်ပြီး သူ့ကို အိမ်ထဲမှ အပြင်သို့ တွန်းထုတ်လိုက်သည်။
သူ၏အရှိန်ကြောင့် စိမ်းပြာဝတ်ကောင်လေးက ခြံဝန်းထဲမှ ပြေးထွက်သွားခဲ့ပြီး ရှေ့တံခါးဆီသို့ ရောက်သွားခဲ့၏။ ထို့နောက် သူက ပြန်လှည့်လာပြီး အပြုံးနှင့် ပြောလိုက်သည်။
"ဆရာက ကျွန်တော့်ကို တိတ်တဆိတ် သတ်ပစ်ဖို့ စဉ်းစားနေတာ မဟုတ်ဘူးမလား./ ကျွန်တော်က အခုကစပြီး ပါးစပ်ပိတ်ထားဖို့ ကတိပေးတယ်။ ကျွန်တော်က ပုလင်းအဖုံးထက်တောင် ပိုပြီးတော့ တင်းတင်းကျပ်ကျပ် ပိတ်ထားဦးမယ်…"
ချန်းပင်အန်းက နဖူးကို လက်နှင့် ရိုက်လိုက်သည်။ သူကတော့ ဒုတိယတစ်ကြိမ် အရှက်ရသလို ခံစားခဲ့ရ၏။
ပန်းရောင်ဝတ် ကလေးမလေးက ရွှံ့ပုလင်းလမ်းကြားထဲမှ ခြံဝန်းများကို လှည့်လှန်ကြည့်ခဲ့သည်။ သူမကတော့ နောက်တစ်ကြိမ် မျက်စိပွင့်သွားသလို ခံစားခဲ့ရ၏။
ပထမဆုံးအကြိမ်တွင် သူမက လုံချွမ်တိုင်းပြည်ထဲ၌ အလွန်များပြားသော ချီစွမ်းအားများကို ခံစားခဲ့ရသည်။ ဒုတိယတစ်ကြိမ်ကတော့ သူမက လော်ပိုတောင်၏ ထူးခြားဆန်းကြယ်မှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်း ဖြစ်၏။ တတိယတစ်ကြိမ်ကတော့ သူမက အလွန်ချောမောခန့်ညားသော ဝေ့ပိုကို မြင်တွေ့ခဲ့ရသည့် အချိန်တွင် ဖြစ်သည်။
စတုတ္ထအကြိမ်ကတော့ သူမက တောင်တန်းနှင့် မြစ်၏ ကံကြမ္မာကို စုပ်ယူနိုင်သော လှပသည့် ဝါးအဆောက်အအုံထဲသို့ လျှောက်ဝင်လာသည့်အချိန်တွင် ဖြစ်သည်။ ယခုက ပဉ္စမမြောက်အချိန် ဖြစ်၏။
ကလေးမလေးက မှေးမှိန်နေသော လမ်းကြားလေးထဲတွင် ရပ်နေသည့် စာသင်သားတစ်ယောက်ကို မြင်လိုက်ရသည်။ ယခု သူက မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာသော နေမင်းကြီးကဲ့သို့ ထင်မှတ်ရ၏။
စိမ်းပြာဝတ်ကောင်လေးက အပြုံးနှင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ အရူးမလေး…"
စိမ်းပြာဝတ်ကောင်လေးကလည်း ချက်ချင်းပင် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့၏။ သူ၏လှုပ်ရှားမှုများက တင်းမာနေပြီး သူက နောက်ပြန်လှည့်ကြည့်လိုက်၏။ ထိုအခါ လမ်းကြားလေးထဲမှ လူငယ်ကို မြင်လိုက်ရ၏။ သို့သော် သူက တခြားမည်သည့်အရာကိုမျှ မမြင်ခဲ့ပေ။ ထို့ကြောင့် သူက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသလို ခံစားခဲ့ရ၏။ သူ့ရှေ့တွင် ရပ်နေသော စာသင်သား၏ အငွေ့အသက်က လုံးဝ ထူးခြားမှု ရှိပုံမရချေ။
ပန်းရောင်ဝတ် ကလေးမလေးက လူငယ်စာသင်သားလေးကို ကြည့်ပြီး မျက်တောင်ခတ်လိုက်သည်။ ထိုအချိန်တွင် ထိုလူငယ်၏ တောက်ပမှု ၊ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များအားလုံး တခဏအတွင်း ပျောက်ကွယ်သွားကြောင်း ကျိလန် ချောင်ကလန်၏ ကျမ်းစာ စာကြည့်တိုက်ထဲတွင် ကြီးပြင်းလာခဲ့သော မီးစပါးအုံးမြွေလေးက ခံစားမိခဲ့သည်။ သူမက မည်သို့ ကြည့်စေကာမူ သူ့ပုံစံက သာမန်လူငယ်တစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။
နောက်ဆုံးတွင်တော့ သင်ခန်းစာရသွားခဲ့သည့်အတွက် စိမ်းပြာဝတ် ကောင်လေးက ထိုလူငယ်နှင့် ပတ်သက်ပြီး ထူးခြားမှုကို မမြင်ရသော်လည်း ပေါက်ကရစကားများ မပြောတော့ပေ။ သူက မသိချင်ယောင်ဆောင်ပြီး ပြောလိုက်၏။
"လီပေါင်ဖျင်က ကျွန်တော့်ဆရာရဲ့ အကောင်းဆုံးမိတ်ဆွေပါ။ ဒါကြောင့် ကျွန်တော်က အဲဒီကလေးမလေးကို အရမ်းလေးစားတယ် ။ ဒီက မိတ်ဆွေက ဘယ်သူများလဲ…”
“အစ်ကိုလီ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ…"
ချန်းပင်အန်းက သူ၏အဆင့်အတန်းကို ချက်ချင်း ပြောပြလိုက်သည်။ စိမ်းပြာဝတ်ကောင်လေးက နောက်တစ်ကြိမ် ပြဿနာရှာမှာကို သူလည်း စိုးရိမ်နေခဲ့၏။
သူက ခြံဝန်းတံခါးဆီသို့ လျှောက်လာခဲ့သည်။
"ငါက စာရွက်အလွတ်တွေထဲမှာ ငါ့ရဲ့ကိုယ်ပိုင်နားလည်မှုတွေ၊ မေးခွန်းတွေကို ရေးထားတဲ့အကြောင်း မင်းကိုပြောဖို့ မေ့နေတာ…"
လီကျိရှန်က တောင်းပန်သလို အမူအရာနှင့် ပြန်ဖြေလိုက်၏။
“အနက်ရောင်မင်နဲ့ ရေးထားတဲ့ စကားလုံးတွေက ငါ့ရဲ့နိမ့်ကျတဲ့ နားလည်မှုတချို့ပဲ။ အနီရောင်မင်နဲ့ ရေးထားတဲ့ စကားလုံးတွေကတော့ သူတော်စင်တွေကို ငါကိုယ်တိုင် မေးမြန်းချင်နေတဲ့ မေးခွန်းတချို့ပဲ။ ငါက ဒီနေရာကို ရောက်လာတယ်ဆိုတာ မင်းက အခုအချိန်မှာ အဲဒီစာသားတွေကို စိုးရိမ်နေဖို့ မလိုအပ်ကြောင်း ပြောဖို့ပဲ။ တကယ်လို့ မင်းက အဲဒီအရာတွေကို ရှောင်ပြီးတော့ ဖတ်လိုက်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ.."
"ဒါပေမဲ့ မင်းက အဲဒီစာတွေကို ဖတ်မယ်ဆိုရင်လည်း ဘာမှစဉ်းစားမနေနဲ့။ စာအုပ်ထဲမှာ ရှိနေတဲ့ စည်းမျဉ်းတွေအပေါ် မင်းရဲ့နားလည်မှုတွေအပေါ် ငါ့ရဲ့အတွေးတွေက သေချာပေါက် သက်ရောက်မှာ မဟုတ်ပါဘူး…”
“ကျွန်တော် စိတ်ထဲမှာ မှတ်ထားပါ့မယ်…"
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
လီကျိရှန်က စိမ်းပြာဝတ်ကောင်လေးကို အပြုံးနှင့်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်၏။
“စကားတစ်ခွန်းကို ပြောချင်တိုင်း ပြောမယ့်အစား ပါးစပ်ပိတ်နေတာက ပိုပြီးတော့ကောင်းတယ်။ စကားလုံးတွေက အစွမ်းထက်တဲ့ အင်အားတွေကို သယ်ဆောင်ထားတယ်။ စကားစုပုံစံ စကားလုံးတွေ၊ စာသားပုံစံ စကားလုံးတွေနဲ့ မှတ်တမ်းပုံစံ စကားလုံးတွေ၊ မဟာတာအိုက အဲဒီစကားလုံးတွေထဲမှာ ရှိနေတယ်…”
စိမ်းပြာဝတ်ကောင်လေးက ဘယ်ကမှန်းမသိ လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်လာခဲ့သော စာသင်သားငယ်လေးကို မော့ကြည့်လိုက်မိသည်။ သူ့စိတ်ထဲတွင်တော့ ထိုစာသင်သားအပေါ် လှောင်ပြောင်သရော်နေမိသော်လည်း သူ့အတွေးကို ကျယ်လောင်စွာ မပြောခဲ့ပေ။ သူက ပါးစပ်ပိတ်နေရသည်မှာ အလွန်နာကျင်စရာ ကောင်းလှသည်။
အကယ်၍ ပန်းပဲဆိုင်ထဲတွင်သာ ဒုက္ခမရောက်ခဲ့လျှင် မေးခွန်းတစ်ခု မေးချင်နေခဲ့၏။ သူက တခြားသူများကို သင်ကြားရသည့်အပေါ် သဘောကျလျှင် ဘာကြောင့် ကွန်ဖြူးရှပ်ကျောင်းတော်တွင် သူတော်စင်တစ်ယောက် သွားမလုပ်ခဲ့ရသနည်းဟု မေးချင်နေခဲ့၏။
ထိုကောင်လေး၏အတွေးများကို တိုက်ရိုက် ကြားနေရသည့်အလား လီကျိရှန်က နွေးထွေးစွာ ပြုံး၍ စိတ်ရှည်လက်ရှည်နှင့် ရှင်းပြလိုက်သည်။
“ဗုဒ္ဓပညာရှင်တွေဆီမှာ တိုးတက်မှု သဘောတရားတစ်ခု ရှိတယ်။ တာအိုသခင်တွေဆီမှာလည်း သက်ရှိတံတားကို ဖြတ်ကျော်လျှောက်လှမ်းရတဲ့ လမ်းစဉ်တစ်ခု ရှိတယ်။ သူတို့တွေက ကောင်းကင်ဘုံကို လှေကားနဲ့တက်ဖို့ ခြေတစ်လှမ်းဆီ ကြိုးစားနေကြတယ်။ ကွန်ဖြူးရှပ်စာသင်သားတွေဖြစ်တဲ့ ငါတို့တွေကတော့ ဖြည်းဖြည်းချင်း တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်ဖို့ကို လိုက်နာရတယ်..”
“ဒါကြောင့် ငါတို့က အရင်ဆုံး နန်းတွင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ လိုအပ်တယ်..။ ငါတို့က နောက်ပိုင်းမှာ ကွန်ဖြူးရှပ်သူတော်စင် ဖြစ်လာတာပဲဖြစ်ဖြစ် မဖြစ်လာတာပဲဖြစ်ဖြစ် ဒါက အရမ်းကို ဝေးကွာပြီး မြင့်မားတဲ့ အရာတစ်ခုပဲ။ ငါက အဲဒီအရာကို အိပ်မက်မမက်ရဲသေးဘူး…”
စိမ်းပြာဝတ်ကောင်လေးက မှင်တက်သွားခဲ့သည်။ သူ့ပုံစံက မိဘနှစ်ပါးကို ဆုံးရှုံးသွားလိုက်ရသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူက လီကျိရှန်ကို နောက်ထပ် မကြည့်ရဲတော့ပေ။ ထိုအစား ချန်းပင်အန်းကို တောင်းပန်သလို အမူအရာနှင့် လှည့်ကြည့်လိုက်၏။
သူ့ပုံစံက အတော်လေး သနားစရာကောင်းပြီး သူက အသက်ရှင်ချင်စိတ် မရှိတော့သလို ထင်ရသည်။ သူက စကားတစ်ခွန်းမျှ မပြောရဲတော့ပေ။ လုံချွမ်စီရင်စုက မည်မျှကြောက်စရာကောင်းကြောင်း သူ၏အမူအရာများက သူ့ဆရာကို ပြောပြနေခဲ့သည်။
သူ့ဘေးတွင် ရှိနေသော ဝါးထိုင်ခုံတွင် အလွယ်တကူ လာထိုင်နေသော လူတစ်ယောက်က သူတော်စင်တစ်ယောက် ဖြစ်နေပြီး ရွှံ့ပုလင်းလမ်းကြားထဲရှိ ချန်းပင်အန်း၏ အိမ်ကို လာရောက်လည်ပတ်သော လူတစ်ယောက်ကတော့ သူ့အတွေးများကိုပင် သိနိုင်သော ကွန်ဖြူးရှပ်စာသင်သားတစ်ယောက် ဖြစ်နေသည်။ သူက မည်ကဲ့သို့သော အဆင့်မြင့်လူတစ်ယောက် ဖြစ်နေသနည်း။ သို့မဟုတ် သူက စံပြပညာရှင်တစ်ယောက် ဖြစ်နေမည်လော။ နောက်တစ်ကြိမ် ဖြတ်သွားဖြတ်လာ လူတစ်ယောက်ကရော သူ့ကို လက်သီးတစ်ချက်တည်းနှင့် သတ်ပစ်နိုင်မည်လော။
ပန်းရောင်ဝတ်ကလေးမလေး၏ မျက်နှာကတော့ နီရဲနေခဲ့၏။ သူမက အားတင်းပြီး ကျယ်လောင်စွာ မေးလိုက်သည်။
“သခင်လေး…
ကျွန်မတို့က စာဖတ်တဲ့အချိန်မှာ ဘာလို့ တချို့စကားလုံးတွေကို မမှတ်မိရတာလဲ။ ကျွန်မတို့ရဲ့မျက်လုံးထဲမှာတော့ သူတို့က စာရွက်ပေါ်မှာ မလှုပ်မယှက် ရှိနေပေမဲ့ ဘာလို့ မရင်းနှီးသလို ခံစားနေရသလဲ…”
လီကျိရှန်က အနည်းငယ် အံ့ဩသွားခဲ့သည်။ သူက ချစ်စရာကောင်းသော ကလေးမလေးကို စိုက်ကြည့်လိုက်ပြီး စိတ်ထဲတွင် နားလည်သွားသော ခံစားမှုတစ်ခု ပေါ်လာသည်။ သူ့မျက်နှာပေါ်တွင် အသိအမှတ်ပြုသော အပြုံးတစ်ခုလည်း ပေါ်လာပြီး ခါးကုန်း၍ သူမကို အသံတိုးတိုးနှင့် ရှင်းပြလိုက်၏။
“ဘာလို့လဲဆိုတော့ ဒါက အချိန်ကာလတချို့ကြောင့်လေ။ တချို့စကားလုံးတွေကို သူတော်စင်တွေက တိတ်တဆိတ် ငှားရမ်းတတ်ကြတယ်…”
သူက စနောက်နေခြင်း သို့မဟုတ် အလေးအနက်ပြောခြင်း ဟုတ်မဟုတ် ပြောပြရန် ခက်ခဲသည်။
ပန်းရောင်ဝတ် ကလေးမလေးက အနည်းငယ် ဒေါသထွက်လာခဲ့၏။ သူမက စာအုပ်များ၊ ဗဟုသုတများနှင့် ပတ်သက်ရာတွင် အလွန်အမင်းကို ခေါင်းမာသည်။ သူမက လီကျိရှန်ကို အံ့ဩစရာကောင်းစွာ သင်ကြားပေးပြီး ပြောလိုက်သည်။
“သခင်လေး…
တကယ်လို့ အဖြေမှန်ကို မသိရင်လည်း ဒီလိုရောက်တတ်ရာရာအဖြေမျိုးနဲ့ မေးခွန်းကို ပြန်မဖြေသင့်ဘူး။ ဒီကမ္ဘာကြီးထဲမှာ ဒီလိုမသင့်တော်တဲ့အရာမျိုး ဘယ်လိုလုပ်ပြီး ရှိမှာလဲ…”
“သခင်လေးက သိတယ်ဆိုရင် သိတယ်လို့ ပြောပါ။ မသိဘူးဆိုရင် မသိဘူးလို့ ပြောလိုက်ပါ။ ဒါကလည်း အသိပညာပဲလေ…”
ကလေးမလေးက စကားပြောဆိုသည့်အချိန်တွင် ယုံကြည်ချက် နည်းပါးလာသည့်အတွက် သူမ၏အသံက တဖြည်းဖြည်း ပို၍ တိတ်ဆိတ်လာခဲ့သည်။ အဆုံးတွင်တော့ သူမ၏အသံက အလွန် တိတ်ဆိတ်လွန်းသည့်အတွက် ကြားရရုံသာ ရှိတော့၏။ အမှန်အတိုင်းပြောရလျှင် သူမက သူမ၏ စကားလုံးများကိုပင် မကြားရတော့ပေ။
ချန်းပင်အန်းက ကလေးမလေး၏ ခေါင်းကို အပြုံးနှင့် ပုတ်လိုက်သည်။ ထို့နောက် သူက လီကျိရှန်ကို လှည့်ကြည့်ပြီး ပြောလိုက်၏။
“ဒေါသမထွက်ပါနဲ့ အစ်ကိုလီ။ ပုံမှန်ဆိုရင် သူက ဒီလိုမျိုး မဟုတ်ဘူး…”
“မဖြစ်ပါဘူး။ ဒါက ကောင်းပါတယ်…”
လီကျိရှန်က အားရပါးရ ရယ်ပြီး ပြန်ဖြေလိုက်၏။
ချန်းပင်အန်းက တစ်နေရာသို့ သွားတော့မည်ဖြစ်ကြောင်း ကြားသည့်အခါ လီကျိရှန်ကလည်း သူ့နောက်မှလိုက်ပြီး ရွှံ့ပုလင်းလမ်းကြားထဲမှ အတူတူ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။
သူတို့က လမ်းလျှောက်လာနေရင်း ချန်းပင်အန်းက သူတို့၏ရှေ့၌ ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ထားခဲ့၏။ သူ့ပုံစံက လူငယ်ဓားသမား တစ်ယောက်ကဲ့သို့ ထင်ရသည်။ ဓားသမား၏ ဘယ်ဘက်တွင်တော့ ဓားတိုတစ်ချောင်းထက် အနည်းငယ် ပိုရှည်သော ဓားတစ်ချောင်း ရှိသည်။ သူ၏တခြားဘေးဘက်တွင်တော့ သာမန်ဓားများထက် အနည်းငယ် ပို၍ ရှည်လျားသော ဓားရှည်တစ်လက် ရှိသည်။
ဓားတိုတွင် အဖြူရောင်ဓားအိမ်ရှိနေပြီး ဓားရှည်တွင်တော့ အနက်ရောင် ဓားအိမ်တစ်ခု ရှိသည်။ လူငယ်ဓားသမားက ဘယ်ဘက်မှ ကြည့်လျှင် အနည်းငယ် မိန်းကလေးဆန်ပုံ ရသော်လည်း သူ၏ နှုတ်ခမ်းထောင့်တွင်တော့ အပြုံးတစ်ခု ရှိနေပုံရသည်။ သူ့ဆီတွင် ထိုအပြုံးက ထာဝရ ရှိနေသလို ထင်မှတ်ရ၏။
ရလဒ်အနေနှင့် သူ့ပုံစံက မြွေခွေးတစ်ကောင်နှင့် တူညီနေသည်။ ယခု သူ၏ မျက်လုံးများက မှောင်မည်းနေပြီး သူ ထင်ထားသည့်ထက် ပို၍ အခြေအနေ ကောင်းသွားပုံရသော အိမ်အိုကြီးကို ငေးကြည့်နေခဲ့သည်။ ထိုလူငယ်ဓားသမားက ဝမ်းသာအံ့ဩသွားခြင်း မရှိသည့်အပြင် အနည်းငယ် မကျေမနပ်ဖြစ်နေပုံရ၏။ သူက ချန်းပင်အန်းနှင့် လီကျိရှန်တို့ကို ပြန်လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။
“ဒီအိမ်ကို ဘယ်သူပြင်လိုက်တာလဲဆိုတာ မင်းသိလား…”
သူက နွေးထွေးဖော်ရွေသော အသံနှင့် မေးလိုက်သည်။
ချန်းပင်အန်း၏ အမူအရာကတော့ ပြောင်းလဲသွားခြင်းမရှိဘဲ ပြန်ဖြေလိုက်၏။
“ဘာဖြစ်လို့လဲ။ ပျက်စီးနေတဲ့ အိမ်တစ်လုံးကို မပြင်သင့်ဘူးလား…”
လူငယ်ဓားသမားက ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်၏။
“ပြင်ဆင်တဲ့ အရည်အသွေးကို ဘေးဖယ်ထားလိုက်ဦး။ တာ့လီအင်ပါယာ လုံချွမ်တိုင်းပြည်ထဲမှာ စကားပုံတစ်ခု ရှိတယ်။ တိုင်ရွှေခေါင်းပေါ်မှာ လှုပ်ရှားနေတဲ့ သဲတွေဆိုတဲ့ စကားပုံ လေ”
လူငယ်ဓားသမားက တစ်ချိန်လုံး ပြုံးနေသော်လည်း ချန်းပင်အန်းကတော့ သတိမလွတ်ရဲပေ။ အမှန်အတိုင်း ပြောရလျှင် သူ့ရင်ထဲ၌ အေးစက်သော အငွေ့အသက်တစ်ခုကိုပင် ခံစားမိနေခဲ့၏။ သဘောကောင်းပုံရသော အပြင်လူတစ်ယောက်က အလွန်အန္တရာယ်များသည်။
လီကျိရှန်က ရှေ့သို့ ညင်သာစွာ လျှောက်လာပြီး လက်တစ်ဖက်ကို ဆန့်၍ ချန်းပင်အန်းနှင့် ကလေး(၂)ယောက်ကို သူ့နောက်တွင် ကာကွယ်ပေးခဲ့သည်။
“နောက်မှာနေ။ ဘာမှမပြောနဲ့။ ဘာမှမလုပ်နဲ့။ စောင့်ကြည့်နေခဲ့ ”
သူက တိတ်တဆိတ် ပြောလိုက်၏။
လူငယ်ဓားသမား၏မျက်နှာပေါ်ရှိ အပြုံးက ပို၍ပင် အသက်ဝင်လာခဲ့သည်။ သူက ဓားရှည်နှင့် ဓားတို၏လက်ကိုင်ပေါ်တွင် လက်နှစ်ဖက်ကို တင်လိုက်ပြီး စိမ်းပြာဝတ် လူငယ်စာသင်သား၏ နောက်တွင် ရပ်နေသော ချန်းပင်အန်းကို လှမ်းကြည့်ရန် ကြိုးစားလိုက်သည်။
အဆုံးတွင်တော့ သူက မတ်တပ်ရပ်ပြီး မေးလိုက်၏။
“တော်တော်လေး တိုက်ဆိုင်တာပဲ။ ငါက တစ်စုံတစ်ယောက်နှင့် တွေ့နေရတာလား..။ မင်းက ဘာလုပ်ချင်နေတာလဲ။ မင်းက သေချင်နေတာလား…”
လီကျိရှန်က အပြုံးနှင့် ပြောလိုက်သည်။
“ငါတို့က သင့်တော်တဲ့ ဆွေးနွေးမှုတွေ လုပ်လို့ရပါတယ်။ ဒါပေမဲ့ ဓားအိမ်ထဲက ဓားတွေကိုတော့ လက်လွတ်စပယ် မထုတ်သင့်ဘူး…”
လူငယ်ဓားသမားက ပခုံးတွန့်ပြလိုက်ပြီး အပြုံးနှင့် ပြန်ဖြေလိုက်၏။
“ဒါပေမဲ့ ငါ့ရဲ့သဘောတရားတွေက ငါ့ရဲ့ ဓားအိမ်ထဲမှာ ရှိတယ်…”
“အော်... အဲဒီလိုလား…”
လီကျိရှန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ထို့နောက် သူက သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီး နားလည်သွားခဲ့၏။
“ဒါဆိုရင် မင်းဆီမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာပဲ။ မင်းရဲ့ တကယ့်ပစ်မှတ်က ငါ မဟုတ်လား…”
လူငယ်ဓားသမားက အပြုံးနှင့် ပြန်ဖြေလိုက်၏။
“မင်းထင်သလို မရှုပ်ထွေးပါဘူး။ ငါက မင်းရဲ့နာမည်ကိုတောင် မသိဘူး။ ငါက မင်းကို မြင်မြင်ချင်း မကောင်းတဲ့ ခံစားချက်တစ်ခုပဲ ရခဲ့တာ။ မင်းက အပိုတွေ ပြောနေတာကို ကြားရတဲ့အတွက် အခု မင်းအပေါ် ပိုပြီးတော့တောင် ခံစားချက်ဆိုးသွားပြီ။ ဒါပေမဲ့ ကံတရားက ငါ့ဘက်မှာ ရှိနေတယ်။ ငါက ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်နိုင်တာပဲ။ ငါက မင်းနဲ့ အဲဒီကောင်လေးကို တစ်ချိန်တည်း သင်ခန်းစာပေးလို့ရတယ်။ ဒါက အံ့ဩစရာကောင်းတယ် မဟုတ်လား…”
လူငယ်ဓားသမားက သူ၏ဓားတိုလက်ကိုင်ပေါ်သို့ လက်တင်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ငါ ချောင်ကျွင်းက ငါ့ရဲ့ဓားနဲ့ လူသတ်ခဲပါတယ်…”
လီကျိရှန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“မင်းက ဓားအိမ်မော်တယ် ချောင်ကျိရဲ့ မျိုးဆက်တစ်ယောက်လား…”
လူငယ်ဓားသမားက သက်ပြင်းချပြီး ထိုမေးခွန်းကို ရှောင်ထွက်လိုက်သည်။
“ဘာအပိုတွေ စဉ်းစားနေတာလဲ။ မင်းက ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာချင်နေတာလဲ။ ငါ့ရဲ့အဆင့်အတန်းနဲ့ ကျင့်ကြံအဆင့်အရ ငါက သူ့ကို မကြိုက်ဘူးဆိုရင်တောင် အဲဒီကောင်လေးကို အနိုင်မကျင့်နိုင်ဘူးလား။ အများဆုံး ငါက သူ့ရဲ့သိုင်းပညာ အုတ်မြစ်ကို ဖျက်ဆီးပစ်လိုက်လို့ရတယ်…”
“ဒါပေမဲ့ မင်းကတော့ ရှေ့ထွက်လာပြီး သူရဲကောင်း လုပ်ချင်နေတယ်။ မင်းက အရမ်းကို အစွမ်းထက်တယ် ဒါမှမဟုတ် အရမ်းအားနည်းတယ်ဆိုရင်လည်း ထားလိုက်တော့။ ဒါပေမဲ့ မင်းရဲ့အစွမ်းက တော်တော်လေးကိုပဲ။ ပြီးတော့ တကယ်လို့ မင်းသာ ငါ့ကို ရှုံးသွားပြီး ငါ့ရဲ့ဒေါသတွေက အဲဒီကောင်လေးဆီကို ရောက်သွားရင် မင်းက ဘာလုပ်ဦးမှာလဲ။ မင်းက သူ့ကိုပဲ ထိခိုက်အောင် လုပ်သလို မဖြစ်ဘူးလား….”
ထိုစကားကို ပြောလိုက်ပြီးနောက် လူငယ်ဓားသမားက ရယ်လိုက်ရာ သွားဖြူဖြူလေးများပင် ပေါ်လာခဲ့သည်။
“ကောင်းပြီလေ။ အဓိကအချက်ကိုပဲ ပြောကြရအောင်။ အမှန်အတိုင်း ပြောရရင် ငါက အရမ်းထူးခြားတဲ့အရာတွေကို အာရုံခံနိုင်တဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ဥပမာအနေနဲ့ ပြောရရင် ဓားတစ်ချောင်းပေါ့။ ငါ့ရဲ့ဘိုးဘေးနေအိမ်ကို ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်တာနဲ့ ပတ်သက်တဲ့အရာတွေကြောင့် ငါက မင်းအပေါ် မကောင်းတဲ့ ခံစားချက်မျိုးရှိတယ်။ အဲဒါလောက်ပဲ။ ဒါပေမဲ့ မင်းက ဘာမှစိုးရိမ်ဖို့ မလိုဘူး။ ငါက အဲဒီဓားအတွက် မင်းကို အပေးအယူတစ်ခု ကမ်းလှမ်းချင်တယ်။ ငါ့ရဲ့အပေးအယူက သေချာပေါက် နိမ့်မှာ မဟုတ်ဘူး။ မင်းတို့က ဒါကို အတင်းအကျပ် အရောင်းအဝယ်လုပ်တယ်လို့ ခံစားနေတယ်ဆိုရင်လည်း ငါက ဘာမှမတတ်နိုင်ဘူး…”
“မင်းနဲ့ မတိုက်ခိုက်ခင် ငါ မင်းကို တစ်ခုလောက် မေးလို့ရမလား။ မင်းရဲ့ လက်ရှိကျင့်စဉ်အဆင့်က ဘယ်လောက်လဲ…”
လီကျိရှန်က မေးလိုက်သည်။
“ဘယ်သူကရော မတိုက်ခိုက်ခင် ဒီလိုမေးခွန်းမျိုးကို မေးလို့လဲ။ ဒါပေမဲ့ မင်းက စိတ်ဝင်စားနေမှတော့ ငါလည်း မင်းရဲ့မေးခွန်းကို အလေးမထားတော့ပါဘူး..”
လူငယ်ဓားသမားက အပြုံးနှင့် ပြန်ဖြေလိုက်၏။
သူက မျက်မှောင်ကြုတ်နေခဲ့၏။ ယခင်တုန်းက ပျော်ရွှင်စွာ စကားပြောနေသော သူ့ပုံစံနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူ၏ကျင့်စဉ်အဆင့်ကို ပြောပြသည့်အချိန်၌ သူ့ပုံစံက ပို၍ လေးနက်နေသည်။
“ဓားသမား။ အဆင့် (၈)နဲ့ အဆင့် (၉)ကြား…”
“ငါနားလည်ပြီ…”
လီကျိရှန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
ချန်းပင်အန်း၏ အင်္ကျီလက်ထဲတွင် ရှိနေသော ဓားလေးကတော့ တဖြည်းဖြည်း ပို၍ ပူလာခဲ့သည်။ လူငယ်လေးက ဘယ်ဘက်လက်ကို လက်နောက်ပစ်ထားပြီး လက်ကောက်ဝတ်ကို လှုပ်ရှား၍ ဓားလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။
…………..
ထိုအချိန်တွင် ရွမ်ချုံက နဂါးနှုတ်ခမ်းမွှေး မြစ်ကမ်းစပ်သို့ လျှောက်သွားပြီး ရေထဲသို့ လက်ထည့်၍ မြစ်ထဲတွင် ရှိနေသော ယင်စွမ်းအားများကို စမ်းသပ်လိုက်သည်။ မျက်ခုံးရှည်နှင့် လူငယ်လေးက သူ့နောက်မှ လိုက်လာခဲ့၏။
ယနေ့ ရွမ်ချုံက သူ့လက်ဖဝါးကို ရေထဲသို့ ရုတ်တရက် ထည့်လိုက်ပြီး မြစ်ကမ်းဘေးတွင် ထိုင်လိုက်သည်။
“မင်းဆီမှာ ဘိုးဘေးကောင်းတစ်ယောက် ရှိနေတာနဲ့ ငါ့ရဲ့ စည်းမျဉ်းကို ချိုးဖောက်ရဲတယ်။ တော်တော်ရိုင်းစိုင်းတာပဲ…”
ရွှံ့ပုလင်းလမ်းကြားထဲတွင် အခြေအနေတင်းမာနေသော မြင်ကွင်းတစ်ခုက မြစ်ရေပြင်ပေါ်တွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။
မျက်ခုံးရှည်နှင့် လူငယ်လေးက မတူညီသော အရှည်ရှိနေသည့် ဓားနှစ်လက် ကိုင်ထားသော လူငယ်ဓားသမားကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။
“ဆရာ… သူ့ကို ပြောနေတာလား…”
ရွမ်ချုံက ခေါင်းညိတ်ပြီး ရှင်းပြလိုက်သည်။
“သူ့ရဲ့ဘိုးဘေးတစ်ယောက်က အရှေ့ပိုင်းကုန်းမြေကြီးထဲမှ အစွမ်းထက်ဆုံး လူတွေထဲက တစ်ယောက်လို့ သတ်မှတ်နိုင်တဲ့ ဓားအင်မော်တယ်တစ်ယောက်ပဲ။ သူက မင်းရဲ့ဘိုးဘေး ရှဲ့ရှစ်နဲ့ အတူတူ ကျော်ကြားလာခဲ့တာ။ သူက ပိုပြီးကြီးမားတဲ့ ကုန်းမြေကြီးပေါ်မှာတောင် အခြေချနိုင်ပြီး ကိုယ်ပိုင်အင်အားစုတစ်ခု တည်ထောင်နိုင်တယ်။ သူက တကယ်အံ့ဩဖို့ ကောင်းပါတယ်…”
မျက်ခုံးရှည်နှင့် လူငယ်လေးက ထိုကိစ္စများကို စိတ်ဝင်စားနေခြင်း မရှိချေ။ သူက မြစ်ရေပြင်ပေါ်တွင် ရှိနေသော ပုံရိပ်ကို စိုက်ကြည့်နေပြီး မေးလိုက်၏။
“ဆရာ…
ကျွန်တော်တို့က ဘာလုပ်မှာလဲ။ ဆရာက သူ့ကို တားဆီးမှာလား…”
“တားရမှာလား။ ဘာအတွက်လဲ…”
ရွမ်ချုံက အပြုံးနှင့် ပြောလိုက်၏။
“တစ်ယောက်ယောက် ဒဏ်ရာရတဲ့အချိန်အထိ ငါ စောင့်နေမယ်။ ပြီးမှ သူ့ကို သေအောင် တိုက်ခိုက်မယ်။ ဒါက စည်းမျဉ်းပဲ…”
မျက်ခုံးရှည်နှင့် လူငယ်လေးက ထိုပြဿနာ၏ နောက်ကွယ်တွင် ရှိနေသော အကြောင်းပြချက်ကို မေးနေခဲ့သည်။ ရွမ်ချုံ၏ ရှင်းပြမှုကို ကြားသည့်အခါ သူလည်း အံ့အားသင့်စွာ ရေရွတ်လိုက်၏။
“အဲဒီချောင်ကျွင်းက တခြားလူရဲ့ ရတနာကို လိုချင်နေပြီး ဆရာ့ရဲ့ မျက်စိရှေ့အောက်မှာ အတင်းအကျပ် အရောင်းအဝယ်လုပ်ဖို့ တွန်းအားပေးရဲတာလား။ အပြင်လူတွေက ဒီလောက်တောင် မောက်မာပြီး ကျိုးကြောင်းသင့်တော်မှု မရှိတော့ဘူးလား…”
ရွမ်ချုံက ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေလိုက်၏။
“ကောင်းကင်ရတနာတွေကို ရှာဖွေဖို့အတွက် လူတစ်ယောက်က ကြွယ်ဝချမ်းသာမှုတွေနဲ့ လမ်းခွဲဖို့ လိုအပ်တယ်။ ဒါက မထူးဆန်းဘူး။ ငါတောင် နဂိုတုန်းက ဒီဓားလေးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို မစစ်ဆေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ ချောင်ကျွင်းကတော့ ဒါကို တော်တော်အလေးထားနေခဲ့တယ်။ ဒါကြောင့် ချောင်ကျွင်းက အဲဒီအရာအပေါ် ထူးခြားတဲ့ အမြင်ရှိနေတယ်လို့ ဆိုလိုတာပဲ။ ကြည့်ရတာ ဒီဓားလေးကသာ သူ့ရဲ့အစစ်အမှန်ပုံစံ ပေါ်လာရင် လောကကြီး တစ်ခုလုံးကို သေချာပေါက် လှုပ်ခတ်သွားစေလိမ့်မယ်…”
“အမှန်အတိုင်း ပြောရရင် ချောင်ကျွင်းက ထိန်းချုပ်ထားတယ်ဆိုတာ မြို့ငယ်လေးထဲမှာ ရှိနေလို့ပဲ။ တကယ်လို့ တခြားနေရာတစ်ခုမှာသာဆိုရင် သူက သူ့ရဲ့ ပစ်မှတ်ကို ချက်ချင်းသတ်ပစ်ပြီး ရတနာကို လုယူသွားမှာပဲ။ သူက အပေးအယူအနေနဲ့ ပြန်ပြီးတော့ ကမ်းလှမ်းနေမှာ မဟုတ်ဘူး…”
မျက်ခုံးရှည်နှင့် လူငယ်လေးက မကြာသေးခင်ကမှ စတင် လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ကမ္ဘာကြီးက လုံးဝနားမလည်နိုင်သလို သူလည်း ခံစားနေခဲ့ရ၏။
“ဆရာ…
ဒီလိုဆိုးသွမ်းတဲ့သူတွေက ဘယ်လိုဖြစ်ပြီး အစွမ်းထက်တဲ့ ချီကျင့်ကြံသူတွေ ဖြစ်လာရတာလဲ…”
သူက မေးလိုက်၏။
“မင်းက စာအုပ်တစ်အုပ်မှ မဖတ်ဖူးဘူး။ ဒါကြောင့် ကောင်းတယ်၊ ဆိုးတယ်ဆိုတဲ့ သဘောတရားကို ဘယ်လိုဆွေးနွေးရမှာလဲ။ မှတ်ထားပါ။ ကျင့်ကြံသူတွေက အဲဒီအရာအပေါ် အမြင်တွေ ကွဲပြားကြတယ်…”
ရွမ်ချုံက ထိုစကားကို ပြောလိုက်ပြီးနောက် မတ်တပ်ရပ်လိုက်ပြီး တခဏအတွင်း ထွက်ခွာသွားခဲ့သည်။
………..
လီကလန်၏ စံအိမ်ထဲတွင် အဘိုးအိုတစ်ယောက်က လှောင်အိမ်ထဲတွင် ရှိနေသော ငှက်တစ်ကောင်နှင့် ဆော့ကစားနေခဲ့၏။ သို့သော် သူ၏အာရုံကတော့ ဤနေရာတွင် မရှိချေ။ သူ၏မျက်နှာပေါ်တွင် စိတ်ဝင်စားနေသော အပြုံးတစ်ခု ပေါ်နေခဲ့၏။
ထိုပြဿနာကို မျှော်လင့်နေသည့်အလား သူက တီးတိုးရေရွတ်လိုက်သည်။
“မြန်မြန်တိုက်ခိုက်လိုက်။ ဒီအခွင့်အရေးကို အရယူပြီး တစ်ကြိမ်တည်းနဲ့ အဆင့်အတန်း မြင့်တက်ဖို့ အခွင့်အရေးကို သိမ်းပိုက်လိုက်။ အဲဒီအချိန်ကျရင် ဘယ်သူက မင်းကို အသိအမှတ်မပြုမှာလဲ…”
……………
ပိယွင်တောင်ထိပ်ပေါ်တွင် …
ဝေ့ပိုက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မြေပြင်အထက် (၃)မီတာခန့်အကွာတွင် လွင့်မျောနေသော တိမ်တိုက်တစ်ခုပေါ်၌ တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။ သူ့ပုံစံက အိပ်ပျော်နေပုံရသော်လည်း သူ့ခေါင်းကတော့ မကြာခဏ အောက်သို့ ငုံ့ကျနေခဲ့၏။ သူ့ပုံစံက အစာကောက်နေသော ကြက်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
တိမ်တိုက်များ၏ အောက်ဘက်တွင်တော့ ငှက်ပေါင်းများစွာနှင့် မှော်သားရဲပေါင်းများစွာ စုရုံးနေကြပြီး သူတို့အားလုံးက ရွှေနားကွင်းဝတ်ထားသော အဖြူဝတ်နတ်ဘုရား၏ အနားသို့ ကပ်သွားနိုင်စေရန် မျှော်လင့်နေကြသည်။
ထိုအချိန်တွင် လူတစ်ယောက်က တောင်ထိပ်ပေါ်တွင် အရှိန်ပြင်းစွာ ကျဆင်းလာသည့် အတွက် ငှက်များ၊ မှော်သားရဲများ ပြန့်ကျဲသွားကြ၏။
ဝေ့ပိုက မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် မျက်နှာအမူအရာက အံ့ဩသွားခဲ့သည်။ သက်လတ်ပိုင်းလူကြီးကို တွေ့လိုက်ရသည့်အခါ သူက တိမ်တိုက်ကို ဖယ်ရှားလိုက်ပြီး မြေပေါ်သို့ ဆင်းသက်လိုက်၏။
“ရှားရှားပါးပါး ဧည့်သည်ပါလား။ မင်းကို ကြိုဆိုရတာ ဝမ်းသာပါတယ်…”
“ဓားအင်မော်တယ် ချောင်ကျိက နောက်ပိုင်း ဒီနေရာကို ရောက်လာနိုင်တယ်လို့ ငါ မင်းကို သတိပေးဖို့ ရောက်လာတာ…”
ရွမ်ချုံက ရုတ်တရက် ပြောလိုက်သည်။
“အဲဒီအချိန် ရောက်လာရင် မင်းက ဘေးထွက်ပြီး ရပ်ကြည့်နေရမယ်။ မင်းက မီးလောင်ရာ လေပင့်ဖို့ မကြိုးစားနဲ့…”
ဝေ့ပိုက ရွှံ့ပုလင်းလမ်းကြားကို ကြည့်ပြီး ပြန်ဖြေလိုက်၏။
“တစ်ယောက်ယောက်က ချောင်ကျိကို တမင်ရည်ရွယ်ချက်ရှိရှိ အသုံးချပြီး မင်းနဲ့ တာ့လီအင်ပါယာကို တိုက်ခိုက်ချင်နေတာလား။ အဲဒါက တာ့ဆွေတိုင်းပြည်လား၊ ကန်ကြည့်ကျောင်းတော်လား၊ တောင်ပိုင်းစမ်းချောင်းတိုင်းပြည်လား၊ ဒါမှမဟုတ် တခြားအစွမ်းထက်တဲ့ လူတွေလား…”
ရွမ်ချုံ၏ အမူအရာက တည်ငြိမ်နေခဲ့၏။ သူ့အတွက် အရာအားလုံးက အဆင်ပြေသည်။ သူက ရောက်လာသော ပြဿနာများကို ရိုးရှင်းစွာ ရင်ဆိုင်မည်သာ ဖြစ်၏။ သို့သော် တစ်စုံတစ်ယောက်က သူ့သမီးကို ပစ်မှတ်ထားနေမှာ စိုးရိမ်နေခဲ့သည်။
ရွမ်ချုံက မြို့ငယ်လေးဆီကို လှမ်းကြည့်လိုက်သော်လည်း သူ၏အာရုံက တိုက်ပွဲတစ်ခု ဖြစ်လာတော့မည့် ရွှံ့ပုလင်းလမ်းကြားထဲတွင် မရှိချေ။ ထိုအစား သူက ယန်မိသားစု ဆေးဆိုင်ဆီသို့ စိုက်ကြည့်နေခဲ့၏။ သူက သက်ပြင်းချလိုက်မိသည်။ ထို့နောက် ရွမ်ချုံက ရောက်လာခဲ့သည့်အတိုင်း လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
“သွေးထွက်သံယိုနှင့် စိတ်ပျက်ဖို့ကောင်းတာပဲ။ ဒီလူက ကောက်ကျစ်စဉ်းလဲတယ်။ အဲဒီလူကတော့ တွက်ချက်နေတယ်။ ဒါကို အဆုံးသတ်လို့ မရနိုင်ဘူး…”
ဝေ့ပိုက တစ်ယောက်တည်း ရေရွတ်လိုက်သည်။
သူက တခဏအတွင်း နေရာမှ ပျောက်ကွယ်သွားခဲ့ပြီး လော်ပိုတောင်ထဲတွင် ရှိနေသော ဝါးအဆောက်အဦး၏ ဒုတိယထပ် လေသာဆောင်တွင် ပြန်ပေါ်လာခဲ့သည်။ သူက ထိုနေရာတွင် လှဲပြီး အိပ်စက်နေခဲ့၏။
ယခု အခြေအနေများက ပို၍ ရှင်းလင်းလာခဲ့သည်။ မြို့ငယ်လေးထဲတွင် ပုန်းကွယ်နေသော ကျားများ၊ နဂါးများ ပြည့်နှက်နေခဲ့၏။ အစွမ်းထက်ပြီး အင်အားကြီးမားသော ပညာရှင်များက အသေးအဖွဲကိစ္စလေးများကိုပင် သေချာစောင့်ကြည့်နေကြလေသည်။
Translated by Hein Htet.