အခန်း (၁၉၂)
Vol. 13 Ch. 192
ချောင်ကျွင်းက ပစ္စည်းပုံကြီးကို ကြည့်နေမိခဲ့သည်။ သူတို့က ဝင်္ကပါထဲတွင် ရပ်နေကြသော ချပ်ဝတ်အင်္ကျီ ဝတ်ထားသည့် ခြေလျင်တပ်ဖွဲ့များကဲ့သို့ ဖြစ်နေပြီး သူတို့၏ စစ်သူကြီး လီကျိရှန်ကို ပြတ်သားစွာ ခုခံပေးနေကြသည်။
ခဏကြာပြီးနောက် သူက ထိုအရာများနှင့် ပတ်သတ်ပြီး ထူးခြားသည့်အရာတစ်ခုကို သတိထားမိခဲ့၏။ သူက လေးလေးစားစားနှင့် ပြောလိုက်သည်။
“မင်းက ကျားထိုးစွမ်းရည်လည်း သေချာပေါက် အရမ်းကောင်းမယ်ထင်တယ်။ ပြီးတော့ မင်းက သဘာဝကျောင်းတော်ရဲ့ တွက်ချက်ရေးနည်းလမ်းတွေကိုလည်း သေချာပေါက် ကျွမ်းကျင်လိမ့်မယ်…”
လီကျိရှန်က အဆင့်(၆) ချီကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် သူက သင်ကြားမှု(၃)သွယ်၏ တည်ထောင်သူ (၃)ယောက်ထဲမှ တစ်ယောက်၏ လူဝင်စား မဟုတ်သ၍ ထိုမျှ များပြားသော ပစ္စည်းများကို ထိန်းချုပ်နိုင်ရန် လုံးဝမဖြစ်နိုင်ပေ။
သို့သော် စိမ်းပြာဝတ် လူငယ်စာသင်သားလေးကတော့ တခြားတစ်ခုကို အသုံးပြုနေကြောင်း ရှင်းလင်းနေသည်။ ထိုအရာက ပို၍အဆင်ပြေသော နည်းလမ်းတစ်ခုလည်း ဖြစ်၏။
သူက ဓားတို တိုက်ခိုက်မှုကို ခုခံလိုက်သည့် အချိန်တိုင်း ထိုဓား၏ လမ်းကြောင်းနှင့် ပစ်မှတ်ကို အကြမ်းဖျင်း တွက်ချက်နိုင်ပါလိမ့်မည်။ ထို့ကြောင့် သူ၏စွမ်းအားများကို နွေဦးသစ်ရွက် ၊ ဆောင်းဦးလေပြေနှင့် တခြားပစ္စည်းများကို လေထဲတွင် ထိန်းသိမ်းထားခြင်းကလွဲလျှင် စွမ်းအားအနည်းငယ်ကိုသာ အာရုံစိုက်ရန် လိုအပ်သည်။
ထိုတိုက်ပွဲက မြို့တစ်မြို့၏ ခုခံမှုကဲ့သို့ ဖြစ်နေခဲ့၏။ ချောင်ကျွင်းက အစွမ်းထက်သော တိုက်ခိုက်သူ တစ်ယောက်ဖြစ်သော်လည်း လက်ရှိအချိန်တွင် သူ့ဆီ၌ ရဲမက်အလုံအလောက် မရှိခဲ့ချေ။ ရလဒ်အနေနှင့် သူက မြို့၏တစ်နေရာတည်းကိုသာ အာရုံစိုက်၍ တိုက်ခိုက်နိုင်သည်။
ထိုအချိန်တွင် လီကျိရှန်က နံရံတစ်ဖက်ဆီတွင် ရဲမက်အများအပြား ရှိနေသလို ထင်မှတ်ရသော်လည်း အမှန်အတိုင်းပြောရရင်တော့ စောင့်ကြပ်နေသော နံရံ(၃)ခုပေါ်ရှိ ရဲမက်များကို အသုံးပြု၍ မရနိုင်ပေ။ သူက ချောင်ကျွင်း၏ နောက်ထပ်ပစ်မှတ်ကို တိတိကျကျ တွက်ချက်ခန့်မှန်းရန်သာ လိုအပ်သည်။ ထိုသို့ဆိုလျှင် သူက လူငယ်ဓားသမား၏ တိုက်ခိုက်မှုကို ခုခံနိုင်မည်ဖြစ်သည်။
စိတ်ထဲတွင် ထိုအတွေးမျိုး ပေါ်လာခဲ့သည့်အတွက် ချောင်ကျွင်း၏ အဖြူရောင်ဓားလေးက တိုက်ပွဲထဲမှ ပြန်ဆုတ်လာပြီး သူ့အနားကို ပြန်ရောက်လာခဲ့သည်။
ချောင်ကျွင်းက ထိုအရာကို ငုံ့ကြည့်လိုက်ရာ ဓားထိပ်ဖျားနှင့် ဓားသွားက အနည်းငယ် အသံထွက်နေကြောင်း တွေ့လိုက်ရသည်။ ထိုအရာက သူထင်ထားသည့်ထက် ပို၍ ပျက်စီးသွားပုံရ၏။ အကြိမ်ပေါင်း (၁၀၀)ခန့် တိုက်ခိုက်ခဲ့ပြီးနောက် ငါးဖြူလေး၏ ဓားဆန္ဒများက အနည်းငယ် မြင့်တက်လာခဲ့သည်။ အဆုံးတွင်တော့ သူလည်း အကျိုးအမြတ်ရှိသော အလဲအလှယ်တစ်ခု ဖြစ်ခဲ့သည်။
လက်ရှိအချိန်တွင် ချောင်ကျွင်းက အနည်းငယ် ရှုပ်ထွေးနေသလို ခံစားနေခဲ့ရ၏။ တာ့လီအင်ပါယာ၏ ဘုရင်ကြီးက ချီကျင့်ချွန်အတွက်နှင့် လမ်းစဉ်(၃)သွယ်မှ လျှို့ဝှက်အင်အားစုများကို ရင်ဆိုင်ရဲခြင်း မရှိချေ။ သို့သော် သူက ချောင်ကလန်နှင့် ပြဿနာကိုတော့ သေချာပေါက် ဝင်ပါလာနိုင်၏။ မည်သို့ဖြစ်စေကာမူ ချောင်ကလန်က တခြားကုန်းမြေကြီးပေါ်တွင် အုတ်မြစ်ချပြီး တည်ထောင်ထားခဲ့ခြင်းဖြစ်သည်။ သူက အထက်ဘုံ (၅)ဆင့်ကို တက်လှမ်းရန် မျှော်လင့်ချက်ရှိနေသော နယ်မြေခံ ချီကျင့်ကြံသူတစ်ယောက်အတွက် သေချာပေါက် ဝင်ပါလာပါလိမ့်မည်။
ထိုအရာက ချောင်ကျွင်းအတွက် ရှားရှားပါးပါး တွေဝေမှုတစ်ခု ဖြစ်သည်။ သူက ငါးဖြူလေးကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး တခြားဓား၏ လက်ကိုင်ပေါ်သို့ လက်တင်လိုက်သည်။ ထိုဓား၏ နာမည်က မင်ချီဖြစ်သည်။
သူက ဒေါသထွက်ချင်ယောင်ဆောင်ပြီး ပြောလိုက်၏။
“မင်းက ဒီလောက်တောင် အရည်အချင်းရှိနေမှတော့ ငကြောက်တစ်ယောက်လို အကာအကွယ်အောက်မှာ ပုန်းမနေနဲ့လေ…”
လီကျိရှန်က အပြုံးနှင့် တုံ့ပြန်လိုက်သည်။
“မင်းမှာရော ငကြောက်တစ်ယောက်လို အကာအကွယ်နောက်မှာ ပုန်းအောင်းနေနိုင်တဲ့ အရည်အချင်းရှိရဲ့လား…”
ချောင်ကျွင်းဆီတွင် ပြန်ပြောစရာစကားလုံး မရှိတော့ပေ။ သူက ကုန်းမြေကြီးထဲတွင် အစွမ်းထက်ဆုံး ဓားအင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်သည့် ပါရမီရှင် ဓားသမားတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သူ လျှောက်လှမ်းခဲ့သော လမ်းက အလွန်ခက်ခဲကြမ်းတမ်းပြီး အလွန်ပြင်းထန်သော သတ်ဖြတ်စွမ်းအားများ ဖြစ်နေခဲ့သည်။
ထို့ကြောင့် သူက လီကျိရှန်ကဲ့သို့ ခုခံရေးစွမ်းအားများကို လေ့ကျင့်ရန် အချိန်မရှိသလို စိတ်ဝင်စားခြင်းလည်း မရှိချေ။ သူက မည်မျှပင် တိုက်ခိုက်ပြီး လှောင်ပြောင်နေစေကာမူ စာသင်သားလူငယ်က တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ သူက အလွန်ထူးဆန်းပြီး အံ့သြစရာကောင်းသော အသုံးအဆောင်ပုံကြီးကိုသာ အားကိုးပြီး သူ့ကိုယ်သူ ခုခံကာကွယ်နေခဲ့သည်။ သူက တိုက်ခိုက်ရန် ခေါင်းမာမာနှင့် ငြင်းဆန်နေခဲ့၏။
ဓားကျင့်ကြံသူများက အပေါ့စားမြင်းတပ်ဖွဲ့တစ်ခုနှင့် တူသည်ဟု လူတစ်ယောက်က ပြောခဲ့ဖူးသည်။ သူတို့က သွက်လက်ပေါ့ပါးပြီး လေလှိုင်းများကဲ့သို့ လျင်မြန်ကြ၏။ ဓားပျံများကတော့ ဒူးလေးများကဲ့သို့ ဖြစ်နေပြီး သူတို့က အနီးကပ်တိုက်ပွဲများနှင့် တိုက်ပွဲငယ်လေးများတွင် အသုံးပြုနိုင်ကြသည်။ တစ်ခါတရံ သူတို့က သူသေကိုယ်သေ တိုက်ပွဲမျိုးတွင် အသုံးပြုတတ်ကြ၏။
အထက်ဘုံ (၅)ဆင့်တွင်ရှိသော မြေပြင်ဓားအင်မော်တယ်တစ်ယောက်၏ အဖျက်စွမ်းအားက တိုက်ပွဲကွင်းပြင်ထဲတွင် ကြီးမားသော ဒူးလေးများကို ယှဉ်နိုင်သည်။ သူတို့က မြို့နံရံပေါ်တွင် ရိုးရှင်းစွာ ထိုင်နေလိုက်ရုံနှင့် ရန်သူတပ်ဖွဲ့များကို ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ပေးနိုင်သည်။
ထိုအချိန်တွင် စစ်ကျောင်းကျင့်ကြံသူများကတော့ လေးလံသော မြင်းတပ်ဖွဲ့နှင့် နှိုင်းယှဉ်နိုင်သည်။ အကယ်၍ သူတို့ကသာ သူတို့၏အစွမ်းနှင့် အငွေ့အသက်ကို အမြင့်ဆုံးအထိ မြှင့်တင်နိုင်ကြမည်ဆိုလျှင် ရန်သူထဲသို့ တိုးဝင်သွားသော မြင်းလှည်းကြီးများကဲ့သို့ ဖြစ်လာပါလိမ့်မည်။ သူတို့က အလွန်အစွမ်းထက်သော ခုခံနိုင်စွမ်းများ ပိုင်ဆိုင်ထားပြီး ရန်သူ၏ ဝင်္ကပါများကို ချိုးဖျက်ရာတွင် ပြိုင်ဘက်ကင်းဖြစ်ကြသည်။
တာအိုကို နားမလည်နိုင်သော သိုင်းပညာရှင်များကတော့ တိုက်ခိုက်စွမ်းရည် အနည်းငယ်သာ ပိုင်ဆိုင်ထားသော ခြေလျင်တပ်ဖွဲ့နှင့် နှိုင်းယှဉ်နိုင်သည်။ အဆင့်(၈) သိုင်းပညာရှင်တစ်ယောက်ဖြစ်သော အဝေးမြင်အဆင့် သိုင်းသခင်တစ်ယောက်ကပင် ချီကျင့်ကြံသူများထက် အဆပေါင်းများစွာ ပို၍နိမ့်ကျနေသေးသည်။
ထိုအဆင့်တွင် ရှိသော သိုင်းသခင်များက လေပေါ်တွင် လမ်းလျှောက်နိုင်ကြသော်လည်း အကယ်၍ သူတို့၏ရန်သူနှင့် အနီးကပ် တိုက်ခိုက်နေစဉ် အနိုင်မရနိုင်လျှင် အချိန်ကြာလာသည်နှင့်အမျှ သူတို့က ဆိုးကျိုးများသာ ခံစားကြရပါလိမ့်မည်။ ရန်သူ၏အကွာအဝေးက ပို၍ဝေးကွာသွားသည်နှင့်အမျှ သူတို့က ပြဿနာတက်လာနိုင်၏။
ချောင်ကျွင်းက တိတ်ဆိတ်သွားကြောင်း လီကျိရှန်က သတိထားမိခဲ့သည့်အချိန်တွင် လက်တစ်ဖက်ကို မြှောက်ပြီး ညင်သာစွာ လှုပ်ရှားလိုက်သည်။ ထို့ကြောင့် သူ့ရှေ့တွင် ရှိနေသော နွေဦးမိုးကြိုးနှင့် ဆောင်းဦးလေပြေများက ဘေးသို့ရောက်သွားပြီး သူ့မြင်ကွင်းထဲတွင် ပြန့်နှံ့သွားခဲ့၏။
“မင်းရဲ့ဓားက အကြောင်းပြချက်တွေ ၊ သဘောတရားတွေ မလုံလောက်သေးဘူး ထင်တယ်…”
သူက ပြောလိုက်၏။ ပြောရမည်ဆိုလျှင် သူက ချောင်ကျွင်း၏ တခြားဓားတစ်လက်ဖြစ်သော မင်ချီဆီမှ အကြောင်းအကျိုး၊ သဘောတရားများကို နားထောင်ရန် ဆန္ဒရှိသည်။
ချောင်ကျွင်းက သူ၏ပါးနှစ်ဖက်ကို လက်နှင့် အသာအယာ နှိပ်ပြီး ပြန်ဖြေလိုက်၏။
“မင်းက ဒီလိုပုံစံမျိုးနှင့် စကားပြောနေတယ်။ ဒါပေမယ့် မင်းက မှန်ကန်တဲ့အရာကို လုပ်ခဲ့တယ်ဆိုတာတော့ ငါ ဝန်ခံပါတယ်။ ငါက မင်းအတွက် အကြံပေးစရာ တစ်ခု ရှိတယ်။ မင်းက အဲဒါကို ခဏတော့ စဉ်းစားနိုင်တယ်။ ငါတို့က ကိုယ့်ရဲ့ သေရေးရှင်ရေးကို အချင်းချင်းပဲ တာဝန်ယူပြီး သူသေကိုယ်သေ တိုက်ပွဲတစ်ခု တိုက်ခိုက်ရင် မကောင်းဘူးလား။ ဒါက ငါတို့ကလန် ငါတို့တိုင်းပြည်နဲ့ ဘာမှမဆိုင်ဘူး။ မင်းဘယ်လိုသဘောရလဲ။ မင်းရဲ့အသက်ကို အလောင်းအစားလုပ်ရဲလား…”
လီကျိရှန်က ခေါင်းခါပြီး ပြောလိုက်သည်။
“ငါက တိုက်ခိုက်စွမ်းရည်နှင့် ပတ်သက်လာရင် အရည်အချင်းမရှိဘူးလို့ မင်းက ပြောထားပြီးသားပဲ။ ပြောရမယ်ဆိုရင် ဒီတစ်ချိန်လုံး မင်းကပဲ အသာစီးရနေခဲ့တာ..”
စာသင်သားလူငယ်က သူ၏အစစ်အမှန်အရည်အချင်းကို ပြောပြလိုက်ရသည့်အတွက် ပြဿနာမရှိလှပေ။
“မင်းက ရိုးသားတာလား ဒါမှမဟုတ် ရူးမိုက်တာလား…”
ချောင်ကျွင်းက စိတ်ပျက်လက်ပျက်နှင့် မေးလိုက်သည်။
စာသင်သားလူငယ်ကိုကြည့်ပြီး သူက တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီးထဲရှိ အံ့သြစရာအကောင်းဆုံး စာသင်သားတစ်ယောက်ကို အမှတ်ရသွားခဲ့သည်။ သူက သန့်စင်ကွန်ဖြူးရှပ် ချန်းကလန်၏ လက်ရှိကလန်ခေါင်းဆောင်လည်း ဖြစ်သည်။ သတင်းများအရ စာဖတ်ခြင်းမှနေ၍ အလွန်များပြားသော အသိအမြင်များ ရခဲ့သော အဘိုးအိုက သူ၏အင်္ကျီလက်ထဲတွင် သိမ်မွေ့သော လေလှိုင်းများကို ဖုံးကွယ်ထားခဲ့သည်။ ထိုအရာတွင်သာမက သူ၏ပုခုံးတစ်ဖက်ပေါ်တွင် တောက်ပသော လမင်းကြီးနှင့် တခြားပုခုံးတစ်ဖက်ပေါ်တွင် အနီရောင် နေမင်းကြီးကို သယ်ဆောင်ထားနေသေးသည်။
ချောင်ကျွင်းက ထိုအတွေးများကို ဖယ်ရှားလိုက်ချိန်တွင် ရွှံ့ပုလင်းလမ်းကြားထဲရှိ အိမ်အိုကြီး၏ အမိုးပေါ်တွင် ရပ်နေသော အနီရောင်မြေခွေးလေး တစ်ကောင်ကို တွေ့လိုက်ရသည်။
ထိုမြေခွေးက ချောင်ကျွင်းကိုကြည့်ပြီး ပြောလိုက်၏။
“မင်းက အလွန်အကျွံတွေ မလုပ်ဖို့ ဘိုးဘေးက ငါ့ကိုပြောခိုင်းလိုက်တယ်။ တကယ်လို့ မင်းကို ရွမ်ချုံက သတ်လိုက်မယ်ဆိုရင်တောင် သူကတော့ ဒီနေရာမှာ နေရာတစ်ခုရှာပြီး မင်းကိုမြှုပ်ပေးလိမ့်မယ်။ ဒါဆို မင်းကတော့ မင်းရဲ့ဘိုးဘေးနယ်မြေမှာ မြှုပ်နိုင်ခဲ့တယ်လို့ သတ်မှတ်နိုင်တာပေါ့…”
ချောင်ကျွင်း၏ မျက်နှာပေါ်တွင် အထင်သေးသော အမူအရာတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။
“ဘယ်လို … မင်းက အဲဒါကို နောက်တစ်ကြိမ် ထပ်ပြောနိုင်မလား…”
မြေခွေးငယ်လေးက လည်ချောင်းရှင်းလိုက်ပြီး သန့်စင်သော အခြေအနေမှ ကြောက်စရာကောင်းသော မကောင်းဆိုးဝါးတစ်ကောင်၏ အမူအရာသို့ ပြောင်းလဲသွားသည်။ သူက ရှေ့ခြေသည်းများကို ထုတ်ပြီး ကျိန်ဆဲလိုက်၏။
“အဲဒီအဘိုးကြီးချောင်ကျိက ငါ့ကိုပြောလိုက်တယ်။ သူ့ရဲ့မြေးစုတ်လေးက မြန်မြန်လုပ်ပြီး ရပ်တန့်ရမယ်လို့ ပြောလိုက်တယ်။ တကယ်လို့ ပန်းပဲဆရာရွမ်ချုံကို တကယ်လို့ မင်းက ပန်းပဲဆရာ ရွမ်ချုံကို စိတ်ရှုပ်အောင်လုပ်မိပြီး သူက အသားစတွေအဖြစ် မင်းကို တိုက်ခိုက်လိုက်မယ်ဆိုရင်လည်း မင်းကိုယ်စား သူက လက်တုံ့ပြန်ပေးမှာ မဟုတ်ဘူး…”
“သူ့မှာ မျိုးဆက်တွေ ရာပေါင်းများစွာ ရှိတယ်။ ဒါကြောင့် မင်းကိုကူညီဖို့ အချိန်မရှိဘူး။ မင်းက အခုချိန်ထိ မိန်းမမရသေးတာ ရှက်စရာကောင်းတယ်လို့ သူက ပြောခဲ့တယ်။ မဟုတ်ရင် သူက ဒါတွေအားလုံးကို လာပြောခိုင်းမှာ မဟုတ်ဘူး။ မင်းက သေသွားရင် အကောင်းဆုံးပဲလို့ ပြောတယ်။ ဒါဆိုရင် မင်းက မိန်းမယူဖို့အခွင့်အရေးကို ရှာဖွေနိုင်တယ်…”
ချောင်ကျွင်း၏ အမူအရာက တည်ငြိမ်နေပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။
“အဲဒါကမှ ဟုတ်သေးတယ်။ ဒါကမှ အဲဒီအဘိုးကြီးရဲ့ လေသံအစစ်ပဲ…”
လီကျိရှန်က ထိုကိစ္စများကို ဂရုမစိုက်ခဲ့ပေ။ သူက ပြောလိုက်၏။
“တကယ်လို့ ငါတို့က မတိုက်ခိုက်ဘူးဆိုရင်တော့ ကျေးဇူးပြုပြီး ဘေးဖယ်ပေးပါ။ ငါတို့က ဆက်သွားချင်တယ်…”
“ဟုတ်ပြီ ဟုတ်ပြီ။ ငါတို့ ထပ်ပြီးတော့ မတိုက်ခိုက်တော့ဘူး။ ငါက မင်းကို မသတ်နိုင်သလို မင်းကလည်း ငါ့ကို မသတ်နိုင်ဘူး။ ပျင်းဖို့ကောင်းလိုက်တာ..”
ချောင်ကျွင်းက အပြုံးနှင့် ဆက်ပြောလိုက်သည်။
“ငါက သူတော်စင်ကို သွားတွေ့ပြီး အရိုအသေပေးဖို့ ပန်းပဲဆိုင်ကို သွားတော့မယ်..”
သူက ခြေထောက်ထဲသိ့ု အားထည့်လိုက်ပြီး ကောင်းကင်ပေါ်သို့ တိုက်ရိုက်ပျံသန်းသွားခဲ့သည်။ ထို့နောက် သူက မြစ်ကမ်းအတိုင်း ပန်းပဲဆိုင်ဆီသို့ လျင်မြန်စွာ ဆင်းသက်လာခဲ့၏။ လုံချွမ်တိုင်းပြည်ထဲတွင် ပျံသန်းခြင်းက တရားမဝင်ကြောင်း တားမြစ်ထားခြင်း မဟုတ်ပေလော။ ချောင်ကျွင်းကတော့ စည်းမျဉ်းကို နှစ်ကြိမ်တိတိပင် ချိုးဖောက်ခဲ့သည်။
ထိုရလဒ်ကြောင့် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။
ချောင်ကျွင်းက ဥက္ကာခဲတစ်ခုကဲ့သို့ နောက်ကို ချက်ချင်းလွင့်သွားခဲ့သည်။ အဆုံးတွင်တော့ သူက ခက်ခက်ခဲခဲ ရုန်းကန်ပြီး မတ်တပ်ရပ်နိုင်ခဲ့၏။ သို့သော် သူက ကီလိုမီတာ ရာပေါင်းများစွာအထိ လွင့်သွားခဲ့သည်။ သူက တိမ်တိုက်ပင်လယ်ကြီးထဲတွင် အကြိမ်ပေါင်းများစွာ လည်ပတ်နေခဲ့၏။
သူက ပြန်ထိုင်လိုက်ပြီးနောက် သွေးအန်လိုက်သည်။ သူ့မျက်နှာက စာရွက်ဖြူ တစ်ရွက်ကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်နေသော်လည်း ဒေါသများ၊ စိတ်ဓာတ်ကျမှုများ မရှိခဲ့ပေ။
ထိုအစား အပြုံးနှင့် ပြောလိုက်၏။
“ဟုတ်တယ်။ ဖုန်းရွှယ်ကျောင်းဆောင်က ကျင့်ကြံသူတွေ တစ်ယောက်မှ သဘောမကောင်းဘူး။ နတ်ဘုရားစင်မြင့်က ဝေ့ကျင်းကရော ငါ့ကို အံ့သြသွားအောင် လုပ်နိုင်မလား မပြောတတ်ဘူး…”
အနီရောင်မြေခွေးလေးက ချောင်ကျွင်း၏ပတ်ပတ်လည်တွင် ပျံသန်းနေခဲ့သည်။ သူကတော့ ချောင်ကျွင်း၏ကံဆိုးမှုပေါ် အလွန်ဝမ်းသာနေပုံရ၏။
“မင်းက နာကျင်စရာရလဒ်မျိုးကို ခံစားရပြီ မဟုတ်လား…”
“ဒါပေမဲ့ ငါက မသေသေးသလို ဘာမှလည်း မဖြစ်ဘူးလေ…”
ချောင်ကျွင်းက ပြုံးလိုက်သည်။
မြေခွေးလေးက လျှာထုတ်ပြီး ပြောလိုက်၏။
“မင်းကလည်း ချောင်ကျိလိုပဲ အားနည်းသူကို အနိုင်ကျင့်ပြီး အစွမ်းထက်တဲ့သူကိုတော့ ကြောက်တာပဲ…”
“ဒါဆို ငါက အစွမ်းထက်တဲ့သူကို အနိုင်ကျင့်ပြီး အားနည်းတဲ့သူကို ကြောက်ရမှာလား။ မင်းက ရူးနေတာလား…”
ချောင်ကျွင်းက ပြောလိုက်သည်။
မြေခွေးလေးကတော့ ထိုအရာကို အလေးမထားခဲ့ပေ။ သူက လက်သည်းကို မေးစေ့နားသို့ မြှောက်လိုက်ပြီး မြို့ငယ်လေးဆီကို လှမ်းကြည့်လိုက်သည်။
“မင်းမရခဲ့တဲ့ ထူးဆန်းတဲ့ဓားက ဘာကြီးလဲ…”
ချောင်ကျွင်းက မျက်နှာပျက်ပျက်နှင့် ပြန်ဖြေလိုက်သည်။
“မင်းက အခုချိန် ဒီကိစ္စကို မေးရဲတဲ့ မျက်နှာ ရှိသေးတာလား။ တကယ်လို့ အဲဒီအရာကြောင့်သာ မဟုတ်ရင် ငါက သူ့ကိုသတ်ပြီး ရတနာကိုလုယူတယ်။ အများဆုံး ငါက အဲဒီကောင်လေးနှင့် တရားမျှတမှုရှိရှိ အပေးအယူလုပ်လို့ရတယ်..”
အနီရောင် အနီရောင်မြေခွေးလေးက ခပ်တည်တည်အမူအရာနှင့် သတိပေးလိုက်သည်။
“လူတွေက သူတို့ရဲ့နှလုံးသားအတိုင်းပဲ နေထိုင်သင့်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အပြင်ဘက်ကမ္ဘာကြီးထဲမှာ သွားလာနေတဲ့ မင်းကတော့ လုံချွမ်တိုင်းပြည်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီးတော့ ထိန်းသိမ်းထားရမယ်…”
“တစ်ခုကွာခြားသွားတာက ဒီနေရာမှာ အဆင့်(၁၁) စစ်ကျောင်းသူတော်စင် တစ်ယောက်ရှိနေတယ်။ ဒါပေမဲ့ မင်းရဲ့နောက်မှာရော အဆင့်(၁၁) ဓားအင်မော်တယ် တစ်ယောက် ရှိနေတယ် မဟုတ်လား။ သူတို့ထဲက တစ်ယောက်က မြေပြင်အသာစီး အသာစီးရထားပြီး တစ်ယောက်ကတော့ အစွမ်းထက်တဲ့ နတ်ဘုရားလက်နက်ကို ပိုင်ဆိုင်ထားတယ်။ သူတို့နှစ်ယောက်လုံးက အစွမ်းထက်ဆုံး ချီကျင့်ကြံသူတွေပဲ။ ဒါပေမဲ့ သူတို့က မျှပါတယ်။ တကယ်လို့ မင်းသာ သူတို့ရဲ့တိုက်ပွဲကို မြင်တွေ့ခွင့်ရမယ်ဆိုရင် အခွင့်အရေး ရကောင်းရနိုင်တယ် မဟုတ်လား။ ဒါကြောင့် မင်းက ဒီကိစ္စမှာ ဘာမှမဆုံးရှုံးပါဘူး…”
ချောင်ကျွင်းက အေးစက်စွာပြုံးပြီး ပြန်ဖြေလိုက်သည်။
“ချောင်ကျိရဲ့ အကျင့်စရိုက်အရ တကယ်လို့ ငါကသာ သူ့ကို အခွင့်ကောင်း ယူရဲမယ်ဆိုရင် သူကလည်း ငါ့အပေါ် သေချာပေါက် အခွင့်အရေး ပြန်ယူမှာပဲ…”
အနီရောင်မြေခွေးလေးက စကားတစ်လုံးကိုသာ ထပ်၍ပြောလိုက်သည်။
“ဒါဆိုလည်း နောက်ပိုင်း မင်းက မိန်းမရှာပေါ့။ ဘာတွေ ကြောက်နေရမှာလဲ…”
ချောင်ကျွင်းက ပြန်မဖြေခဲ့ပေ။ သူက မြေခွေးလေးကို ကြည့်နေသည့်အချိန်တွင် သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ရှိနေခဲ့၏။ လူငယ်ဓားသမား၏ အပြုံးက အနည်းငယ်လေးပင် လှုပ်ရှားသွားခြင်းမရှိချေ။
မြေခွေးက အံ့ဩချင်ယောင်ဆောင်လိုက်ပြီး ပြောလိုက်၏။
“မင်းက ဒီတစ်ကြိမ် တကယ်ဒေါသထွက်သွားတာလား။ နှစ်ပေါင်း(၁၀၀)လောက် နေချင်သလို နေပြီးသွားတဲ့အချိန် မင်းဆီမှာ လေးနက်လာတဲ့ အခိုက်အတန့်လည်း ရှိနေသေးတာလား…”
ချောင်ကျွင်းက ပြုံးရုံလေးပြုံးပြီး ပြန်ဖြေလိုက်သည်။
“ပျင်းနေတဲ့အချိန်မှာ ခြင်တွေ ယင်တွေကို ရှင်းပစ်ရမယ့်အစား ငါက အားလုံးကို ရှင်းပစ်ရမယ်လို့ ရုတ်တရက် ခံစားမိလိုက်တယ်…”
ထို့နောက် သူက ဓားဖြူလေးကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ရာ တောက်ပသော ဓားအလင်းတန်းတစ်ခု ထွက်လာခဲ့သည်။ အနီရောင်မြေခွေးလေး၏ ဦးခေါင်းက လေထဲသို့ လွင့်သွားခဲ့၏။ သို့သော် သွေးတစ်စက်မျှ ထွက်မလာခဲ့ပေ။
ထို့ပြင် ထိုခေါင်းက ဆက်၍ စကားပြောနေခဲ့၏။
“မင်းရဲ့ဓားက လိပ်တစ်ကောင်လို အရမ်းနှေးနေသေးတာပဲ။ ဒါနဲ့များ မင်းကိုယ်မင်း ဓားပါရမီရှင်တစ်ယောက်လို့ ပြောနိုင်သေးတာလား။ ရှက်စရာပဲ…”
ခေါင်းမရှိတော့သော မြေခွေးလေး၏ ခန္ဓာကိုယ်က အမိုးပေါ်တွင် လှုပ်ရှားနေပြီး သူ၏အမြီးကိုလည်း လှုပ်ရှားနေခဲ့သည်။ သူကတော့ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် ထိုးဖောက်နေသော ဓားကို လုံးဝ လျစ်လျူရှုထားခဲ့၏။
ထိုအချိန်တွင် ခေါင်းပြတ်က ကောင်းကင်ကြီးပေါ်သို့ ပျံသန်းသွားပြီး ဆက်၍ လှောင်ပြောင်နေခဲ့၏။
“မင်းက အဲဒါတွေနဲ့ ငါ့ကို ကလိထိုးဖို့ ကြိုးစားနေတာလား…”
ဓားအလင်းရောင်က လေထဲတွင် ပေါက်ကွဲသွားခဲ့ပြီး အဖြူရောင်အလင်းတန်းအဖြစ် ပတ်ပတ်လည်သို့ ရောက်သွားခဲ့၏။ ထိုမြေခွေးလေး၏ ခန္ဓာကိုယ်က အပိုင်းအစ (၁၇)ခု၊ (၁၈)ခုခန့် ပြောင်းလဲသွားပြီး သူ့ခေါင်းက (၈)ပိုင်းခန့် ပျက်စီးသွားခဲ့သည်။ သို့သော် ခဏကြာသည့်အချိန်တွင် အနီရောင်မြေခွေးလေးက ချက်ချင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ထိုဖြစ်စဉ်က အကြိမ်ကြိမ်အခါခါ ဖြစ်နေခဲ့၏။
အဆုံးတွင်တော့ ချောင်ကျွင်းက သက်ပြင်းချပြီး သူ့ဓားကို ပြန်သိမ်းလိုက်သည်။ မြေခွေးလေးက သူ့လည်ပင်းကို လှုပ်ရှားလိုက်ပြီး ချောင်ကျွင်း၏အနားသို့ လျှောက်လာ၍ ထိုင်ချလိုက်သည်။
“သခင်လေး အခု မင်းက ဘယ်လောက်အစွမ်းထက်လဲဆိုတာ သိပြီလား…”
ချောင်ကျွင်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဒါက အဓိပ္ပာယ်ရှိတယ်။ ငါ မင်းစကားကို နားထောင်မယ်…”
“ဒီလိုဆိုမှတော့ မင်းက မိန်းမရပြီးသွားရင် ငါ့ကို မင်းမိန်းမ ပေးရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက မိန်းမတစ်ယောက်လေ၊ ငါလည်း မိန်းမတစ်ယောက်ပဲ။ ဒီတော့ ဘယ်သူက ဘယ်သူ့ကို အခွင့်ကောင်းယူမယ်ဆိုတာ ပြောဖို့ခက်တယ်…”
အနီရောင်မြေခွေးလေးက နောက်တစ်ကြိမ် ပြဿနာရှာပြီး ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀)လောက်တုန်းက နံပါတ်(၁)ဓားပါရမီရှင်က ဒီနေ့တော့ စကားကို အလွယ်တကူ နားထောင်တာပါလား…”
ထိုလူငယ်လေး ချောင်ကျွင်းက အသက်(၁၀၀)ကျော်နေပြီ ဖြစ်သည်။ သူက အဝေးကို ငေးကြည့်နေပြီး အနီရောင်မြေခွေးလေး၏ လှောင်ပြောင်သရော်မှုများကိုတော့ လုံးဝ လျစ်လျူရှုထားခဲ့၏။
………..
ချန်းပင်အန်းက လီကျိရှန်ဆီသို့ လျင်မြန်စွာ လျှောက်သွားပြီး လေးလေးနက်နက် မေးလိုက်သည်။
“အစ်ကိုလီ၊ အဆင်ပြေရဲ့လား…”
လီကျိရှန်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“ဒါက ငါ့ရဲ့ ပထမဆုံးတိုက်ပွဲပဲ။ ငါ့ရဲ့ပြိုင်ဘက်ကတော့ ဓားသမားတစ်ယောက် ဖြစ်နေတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ငါက တော်တော်လေး စိတ်လှုပ်ရှားနေခဲ့တာ။ ဒါပေမဲ့ ရလဒ်က တော်တော်လေးကောင်းပါတယ်…”
ချန်းပင်အန်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သူ့အင်္ကျီအိတ်ထဲတွင် ရှိနေသော ငွေရောင်ဓားလေးကလည်း တည်ငြိမ်သွားခဲ့၏။ ချောင်ကျွင်း ထွက်ခွာသွားပြီးနောက် ထိုဓားလေးက ယခင်တုန်းကကဲ့သို့ ပူလောင်နေခြင်း မရှိတော့ချေ။
စိမ်းပြာဝတ်ကောင်လေးက ရုတ်တရက် ရှေ့ကိုတက်လာပြီး ချန်းပင်အန်း၏ လက်ကို လှမ်းဆွဲ၍ ပြောလိုက်သည်။
“ဒါက တော်တော်လေး ကြောက်ဖို့ကောင်းတယ်။ အရမ်းကြောက်ဖို့ကောင်းတယ်။ ကျွန်တော် ထင်ထားတာ မမှားဘူး။ လူတစ်ယောက်က ကျွန်တော့်ကို လက်သီးတစ်ချက်တည်းနဲ့တောင် ဖျက်ဆီးပစ်နိုင်တယ်။ ကျွန်တော်က မြို့ငယ်လေးထဲမှာ ဆက်နေလို့ မရနိုင်တော့ဘူး။ လုံးဝမရတော့ဘူး။ ဆရာ.. ကျွန်တော့်ကို သနားငဲ့ညှာသောအားဖြင့် လော်ပိုတောင်မှာ လေ့ကျင့်ဖို့ ခွင့်ပြုပေးမလား။ ကျွန်တော် ကတိပေးပါတယ်။ ကျွန်တော်က ဒီနေ့ကစပြီး သေသေချာချာ လေ့ကျင့်မယ်လို့ ကတိပေးပါတယ်။ ကျွန်တော်က နေ့ရောညပါ မနားဘူး။ လော်ပိုတောင်ပေါ်မှာရှိတဲ့ တိမ်တိုက်နီတွေနဲ့ ရေစက်လေးတွေကိုလည်း မဝါးမြိုပါဘူး…”
လီကျိရှန်က မနေနိုင်တော့ဘဲ ပြုံးလိုက်မိသည်။
“ချောင်ကျွင်းလို ကျင့်ကြံသူတွေက အနည်းစုလောက်ပဲ ရှိတာပါ။ ငါက မြို့ငယ်လေးထဲကနေ လုံးဝထွက်မသွားဖူးပေမဲ့ ချောင်ကျွင်းလို အဆင့်မြင့်တဲ့ ကျင့်ကြံသူတွေ နည်းနည်းပဲရှိတယ်ဆိုတာ ယုံကြည်ချက်ရှိတယ်။ မင်းတို့က ဒီလောက်စိုးရိမ်နေဖို့ မလိုပါဘူး…”
သူက အလျင်အမြန် ခေါင်းညိတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။
သို့သော် စိမ်းပြာဝတ်ကောင်လေးက လီကျိရှန်ကို လျစ်လျူရှုထားပြီး ချန်းပင်အန်းကိုသာ တောင်းပန်နေခဲ့၏။
ချန်းပင်အန်းက သူ့ခေါင်းကို တွန်းထုတ်လိုက်ပြီးနောက် လူငယ်လေးက သူ့လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။ ထို့နောက် သူက နောက်သို့ မှီချလိုက်ပြီး ချန်းပင်အန်းကို ရှေ့ဆက်လမ်းလျှောက်၍ မရစေရန် ခေါင်းမာမာနဲ့ ဆွဲထားခဲ့သည်။
“ဆရာ…ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ။ ကျွန်တော် တောင်းပန်ပါတယ်။ တကယ်လို့ ဆရာသာ ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်က သာမန်မြွေကျောက်တုံးတစ်တုံးတောင် ပြန်ပေးလို့ရတယ်။ ကျေးဇူးပြုပြီးတော့ ဆရာ… ကျွန်တော်က ကြောက်စရာကောင်းတဲ့ မြွေတစ်ကောင်ပဲဆိုတာ ဆရာ မသိလို့ပါ။ အမှန်အတိုင်းပြောရင် ကျွန်တော်က ညပိုင်း ခရီးသွားလာနေတဲ့အချိန် ကျွန်တော့်ရဲ့ခြေထောက်တွေက ပျော့အိပြီး ကြောက်တတ်တယ်…”
ချန်းပင်အန်းက အပြုံးနှင့် မှတ်ချက်ပေးလိုက်၏။
“ဟုတ်လား။ မင်းက တော်တော်အစွမ်းထက်တာမလား..”
စိမ်းပြာဝတ်ကောင်လေးက ချက်ချင်းပင် ရှက်ရွံ့သွားသော အမူအရာမျိုး ဖြစ်သွားခဲ့သည်။ သူက လက်ကာပြပြီး ပြောလိုက်၏။
“ဆရာ…
ကျွန်တော်က ဒီအတိုင်းပဲ ကိုယ့်ကိုယ်ကိုယ် မြှောက်ပင့်ပြီးတော့ ပြောနေတာပါ။ ကျေးဇူးပြုပြီး အဲဒါတွေကို မယုံပါနဲ့…”
ချန်းပင်အန်းက လက်တစ်ဖက်ကို ခေါင်းပေါ်သို့ လက်တင်ပြီး တခြားလက်တစ်ဖက် ဖြန့်၍ ပြောလိုက်သည်။
“ဒီကိုပေး…”
စိမ်းပြာဝတ်ကောင်လေးက အနည်းငယ် ရှုပ်ထွေးသွားခဲ့၏။ သူက မော့ကြည့်ပြီး ပြောလိုက်သည်။
“ဘာကြီးလဲ…”
“တကယ်လို့ လော်ပိုတောင်ကို ပြန်သွားခွင့်ပေးမယ်ဆိုရင် သာမန်မြွေကျောက်တုံးတစ်တုံး ပြန်ပေးမယ်လို့ နင် သဘောတူထားတယ်လေ..”
ပန်းရောင်ဝတ်ကလေးမလေးက သူ့ကို တစ်ချက် သတိပေးလိုက်သည်။
စိမ်းပြာဝတ်ကောင်လေးက အပြုံးနှင့် တောင်းပန်လိုက်၏။
“ဆရာ…
ဆရာက အစွမ်းထက်ပြီး ချမ်းသာတယ်လေ။ ကျေးဇူးပြုပြီး ဒီလိုမျိုး မလုပ်ပါနဲ့..”
ချန်းပင်အန်းက သူ့လက်ကို ရုပ်သိမ်းခဲ့ခြင်း မရှိချေ။ အဆုံးတွင်တော့ စိမ်းပြာဝတ်ကောင်လေးက သူ ပိုင်ဆိုင်ထားသည့်အထဲမှ အသေးဆုံး မြွေကျောက်တုံးလေးကို ယူလိုက်ပြီး ချန်းပင်အန်း၏ လက်ထဲသို့ ထည့်ပေးလိုက်ရသည်။
ချန်းပင်အန်းက ထိုမြွေကျောက်တုံးလေးကို ပန်းရောင်ဝတ် ကလေးမလေး၏ လက်ထဲသို့ ထည့်ပေးပြီး အပြုံးနှင့် ပြောလိုက်သည်။
“မင်းတို့ လော်ပိုတောင်ကို ရောက်တဲ့အချိန် တကယ်လို့ သူက အနိုင်မကျင့်ဘူးဆိုရင်တော့ ဒီကျောက်တုံးကို ဆုလာဘ်အဖြစ် သူ့ကို ပြန်ပေးနိုင်တယ်..”
ပန်းရောင်ဝတ် ကလေးမလေးက မြွေကျောက်တုံးလေးကို ဂရုတစိုက် သိမ်းလိုက်သည်။
စိမ်းပြာဝတ်ကောင်လေးက ထိုကလေးမလေး၏ တံတောင်ဆစ်ကိုကိုင်ပြီး ပြောလိုက်၏။
“လော်ပိုတောင်ကို မြန်မြန်သွားကြစို့။ ငါတို့က ဒီနေရာကနေ တတ်နိုင်သမျှ မြန်မြန်ထွက်သွားသင့်တယ်…”
သို့သော် ကောင်လေးက လှည့်ထွက်သွားပြီးနောက် ချက်ချင်းရပ်လိုက်၏။ သူက မည်သည့်စကားမျှ ပြောရန်မလိုဘဲ ပန်းရောင်ဝတ် ကလေးမလေးက မြွေကျောက်တုံးလေးကို ထုတ်ပြီး သူ့ဆီသို့ ပစ်ပေးလိုက်သည်။
မြွေကျောက်တုံးလေးကို သိမ်းလိုက်ပြီးနောက် စိမ်းပြာဝတ်ကောင်လေးက ခေါင်းညိတ်ပြီး ပြုံးလိုက်၏။
“အရူးမလေး…
နင် ပင်ပန်းနေပြီလား။ ငါက နင့်ကိုယ်စား စာအုပ်သေတ္တာကို သယ်ပေးရမလား…”
ပန်းရောင်ဝတ် ကလေးမလေးက ခေါင်းခါပြလိုက်သည်။
စိမ်းပြာဝတ်ကောင်လေးက သက်ပြင်းချပြီး ပြောလိုက်၏။
“နင်က ကြိုးစားအားထုတ်ရမယ့် ဘဝမျိုး ကံပါလာတာပဲ။ နင်က ဉာဏ်ထိုင်းပေမဲ့ တော်တော်လေးကို ကံကောင်းတယ်…”
ပန်းရောင်ဝတ်ကလေးမလေးက ပြုံးလိုက်၏။
စိမ်းပြာဝတ်ကောင်လေးက နောက်ကျောကို မတ်မတ်ဆန့်လိုက်ပြီး ရင်ဘတ်ကို ကော့၍ ကြေညာလိုက်သည်။
“သွားကြစို့၊ ရှေ့ကနေ လမ်းပြပေး။ အိမ်ပြန်ဖို့ အချိန်ရောက်ပြီ….”
လျှိုရှန်းယန်၏ အိမ်သို့သွားရန် မလိုတော့သည့်အတွက် ချန်းပင်အန်းက လီကျိရှန်ကို လမ်းကြားလေး၏ ဝင်ပေါက်ဆီသို့ ပြန်ခေါ်လာခဲ့သည်။ လီကျိရှန်က ခဏရပ်လိုက်ပြီး နောက်ဆုံးတွင်တော့ ပြောလိုက်၏။
“ငါက ဒီစကားကို ပြောဖို့ အရမ်းစောချင်စောနိုင်သေးတယ်။ ဒါပေမဲ့ အဲဒီစာအုပ်တွေထဲမှာရှိတဲ့ ငါ့ရဲ့မှတ်စုလေးတွေလိုပဲ သဘောထားပါ။ မင်းက အဲဒီစာအုပ်တွေကို ဖတ်ပြီးသွားရင် အဲဒီအရာတွေနဲ့ ပတ်သက်ပြီး ဘာမှမတွေးသင့်ဘူး။ မင်းက ငါပြောတဲ့အရာတွေကိုလည်း လိုက်ပြီးတော့ မတွေးသင့်ဘူး…”
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ပြောပါ အစ်ကိုလီ…”
“မြင်းဖြူတစ်ကောင်ဆိုတာ အရင်တုန်းက မြင်းတစ်ကောင်မဟုတ်ဘူးဆိုတဲ့ ပုံပြင်တစ်ပုဒ်ကို မင်းက ကြားခဲ့ဖူးလား…”
လီကျိရှန်က တိုးတိုးလေး မေးလိုက်သည်။
ချန်းပင်အန်းက ခေါင်းကုတ်ပြီး ပြန်ပြောလိုက်၏။
“ပေါင်ဖျင်နဲ့ လီဟွိုင်တို့က တာ့ဆွေတိုင်းပြည်ကို သွားနေတဲ့အချိန် အဲဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး တစ်ကြိမ် အငြင်းအခုံဖြစ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်က ပိုပြီးတော့ နားထောင်လေလေ၊ ပိုပြီးတော့ ရှုပ်ထွေးလာလေလေပဲ…”
လီကျိရှန်က ခဏကြာ စဉ်းစားပြီး အပြုံးနှင့် ပြောလိုက်သည်။
“ဒါဆိုလည်း ဒီကိစ္စကို အရမ်းကြီး လေးလေးနက်နက် မစဉ်းစားနဲ့။ ငါက တခြားနည်းလမ်းတစ်မျိုးနဲ့ ပြောပြမယ်။ တကယ်လို့ ငါ့ဆီမှာ သဲပွင့်တစ်ပွင့်ရှိနေပြီး နောက်ထပ် သဲပွင့်တစ်ပွင့် ပေါင်းထည့်လိုက်မယ်ဆိုရင် ငါ့ဆီမှာ သဲပွင့်ဘယ်လောက်ရှိလဲ…”
“နှစ်ခုရှိသင့်တာ မဟုတ်လား…”
ချန်းပင်အန်းက ရှုပ်ထွေးစွာ ပြန်မေးလိုက်သည်။
လီကျိရှန်က အပြုံးနှင့် ပြန်ဖြေလိုက်၏။
“ဟုတ်တယ်။ ဒါဆိုရင် ငါက သဲပုံတစ်ပုံထဲကို နောက်ထပ်သဲပုံတစ်ပုံ ပေါင်းလိုက်မယ်ဆိုရင်ရော၊ ငါ့ဆီမှာ သဲပုံဘယ်လောက်ရှိလဲ…”
“တစ်ခုပဲမဟုတ်လား…”
ချန်းပင်အန်းက မသေမချာ ပြန်ဖြေလိုက်သည်။
လီကျိရှန်က ချန်းပင်အန်း၏ ပုခုံးကို ပုတ်ပြီး ရှင်းပြလိုက်သည်။
“အတိတ်တုန်းက သူတော်စင်တွေက စာရေးသားနိုင်တဲ့ ဘာသာစကားတွေကို တီထွင်ခဲ့တဲ့အချိန်မှာ လောကကြီးထဲမှာရှိတဲ့ သရဲတစ္ဆေတွေ၊ နတ်ဘုရားတွေက အရမ်းကို အံ့ဩပြီး ကြောက်လန့်သွားတဲ့အတွက် မျက်ရည်တွေတောင် ကျလာခဲ့တယ်။ ဒါက အရမ်းကိုကြီးမားတဲ့ ကောင်းကျိုးတစ်ခုပဲ…”
“ဒါပေမဲ့ မင်းက ကိစ္စတစ်ခုကိုတော့ နားလည်ထားဖို့လိုတယ်။ ရေးသားထားတဲ့ စကားလုံးတွေက လောကကြီးရဲ့ အစစ်အမှန်သဘာဝကို နားမလည်နိုင်အောင် တားဆီးထားတဲ့ အကာအကွယ်တစ်ခုအဖြစ် လုပ်ဆောင်ပေးနေတဲ့ အချိန်မျိုးတွေလည်း ရှိတတ်တယ်။ ဒါကြောင့် လူတစ်ယောက်က စာအုပ်တစ်အုပ်ကို ဖတ်တဲ့အချိန်မှာ ရှေးရိုးမဆန်သင့်သလို၊ အလွန်အကျွံအလေးထားဖို့လည်း မလိုအပ်ဘူး။ တကယ်လို့ မင်းက အတားအဆီးတစ်ခုကို တွေ့ရပြီဆိုရင် နောက်ကို တစ်လှမ်းဆုတ်ပြီးမှ အပေါ်ကို ဆက်တက်သင့်တယ် မဟုတ်လား…”
“မင်းက အပေါ်ကို တက်ဖို့ပဲ အကောင်းဆုံး ကြိုးစားသင့်တယ်။ တကယ်လို့ မင်းက တောင်ထိပ်ကို မရောက်ခဲ့ရင် သဘာဝရှုခင်းတွေကို ခံစားနိုင်တော့မှာ မဟုတ်ဘူး…”
ချန်းပင်အန်းက မှင်တက်သွားခဲ့ပြီး ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ သူက “ကလေးများအတွက် ဘဝအခြေခံစည်းမျဉ်း”ဟူသော စာအုပ်ကို ဖတ်ရှုခဲ့သည့်အချိန်ကကဲ့သို့ တူညီသော ခံစားမှုတစ်ခု ဖြစ်သည်။ သူက ရှုပ်ထွေးနေသည့်အတွက် ရှေ့ဆက်လျှောက်ရန် လမ်းကြောင်းမရှိသလို၊ နောက်ဆုတ်ရန် လမ်းကြောင်းလည်း မတွေ့ရပေ။
“ဖြည်းဖြည်းချင်းစဉ်းစားပါ၊ အလျင်လိုဖို့ မလိုဘူး…”
လီကျိရှန်က နှစ်သိမ့်လိုက်သည်။
“ကျွန်တော် နားလည်ပါပြီ…”
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။
ယခု အင်္ကျီလက်တစ်ဖက် ပျောက်ဆုံးနေသော လီကျိရှန်က ဖုလုလမ်းကြားထဲတွင် ရှိနေသော စံအိမ်ကြီးဆီသို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။ စံအိမ်ထဲတွင် ရှိနေသော အစေခံများ၊ အစောင့်များအားလုံးက သူတို့သခင်လေး၏ အိုးတိုးအမ်းတမ်း အခြေအနေကို မြင်လိုက်ရသည့်အခါ အနည်းငယ် အံ့ဩနေခဲ့ကြသည်။
သူတို့၏ သခင်လေးက အရွယ်ရောက်နေပြီဖြစ်သော်လည်း အကြီးအကဲများနှင့်အတူ ဘိုးဘေးအုတ်ဂူသို့ သွားလည်ခြင်းကလွဲလျှင် စံအိမ်ထဲမှ အပြင်ကို မထွက်တတ်ပေ။ ယခုတော့ သူက ရှားရှားပါးပါး အပြင်သို့ထွက်သွားပြီး ထိုကဲ့သို့ စိုးရိမ်စရာ အခြေအနေမျိုး ရောက်သွားခဲ့ရခြင်းပေလော။ သူက တစ်ယောက်ယောက်နှင့် တိုက်ခိုက်ခဲ့ခြင်းများ ဖြစ်နိုင်မည်လော။
လီကျိရှန်က သူ့ခြံဝန်းထဲသို့ ပြန်လာပြီး ငြိမ်သက်စွာ နေထိုင်နေကြသော တောင်ဖြတ်ငါးနှင့် ဂဏန်းတို့ကို အရင်ဆုံး စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ဝတ်စုံအသစ်လဲပြီး စာအုပ်ဖတ်ရန်အတွက် ရိုးရှင်းသော စံအိမ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ထို့နောက် သူက တံခါးပိတ်ထားသော အဆောက်အအုံတစ်ခုဆီသို့ လျှောက်သွားခဲ့၏။ သော့ကိုဖွင့်ပြီး သူ ပိုင်သော အဆောက်အအုံထဲသို့ ဝင်လိုက်ပြီးနောက် လီကျိရှန်၏ မျက်လုံးထဲတွင် မြင်လိုက်ရသည်မှာ နံရံကိုမှီပြီး တန်းစီထားသော စာအုပ်စင်များ ဖြစ်သည်။
သို့သော် ထိုစာအုပ်စင်များပေါ်တွင် ရှေးဟောင်းပစ္စည်းများ၊ ရှေးဟောင်းအသုံးအဆောင်များ မရှိခဲ့ချေ။ လုံချွမ်တိုင်းပြည်မှ တန်ဖိုးကြီး ကြေးထည်အပိုင်းအစများလည်း မရှိခဲ့ချေ။ ထိုစာအုပ်စင်များပေါ်တွင် အရွယ်အစားမျိုးစုံရှိနေသော တံဆိပ်များစွာ ပြည့်နှက်နေသည်။
ချိပ်တံဆိပ်များ ပြည့်နှက်နေသော စင်များအပြင် တစ်ခုတည်းသော အသုံးအဆောင်ကတော့ စားပွဲခုံနှင့် ထိုင်ခုံတစ်လုံးဖြစ်သည်။ စားပွဲခုံပေါ်တွင် မပြီးဆုံးသေးသော ချိပ်တံဆိပ် (၃)ခု ရှိနေသည်။ သူတို့ကို သစ်သား၊ ကျောက်စိမ်းဝါနှင့် ကြေးနီမှ အသီးသီး ထွင်းထုထားကြခြင်း ဖြစ်၏။ စားပွဲခုံပေါ်တွင် ထွင်းဓားတစ်လက် ရှိနေပြီး အဖိုးတန်ပစ္စည်းများ ရေးသားထားသော ရှေးဟောင်းစာအုပ်များစွာလည်း ရှိသည်။
လီကျိရှန်က တံခါးကို ညင်သာစွာပိတ်လိုက်ပြီး စားပွဲခုံဆီသို့ လျှောက်သွား၍ ထိုင်လိုက်၏။ ချိပ်တံဆိပ်(၃)ခုလုံးတွင် စကားလုံးတစ်ခုဆီ လိုအပ်နေသေးသည်။ ကြေးနီတံဆိပ်ထဲတွင် ‘လမ်းမှန် ပျောက်ကွယ်ခြင်း’ဟူသော စကားလုံးရှိနေပြီး ပျောက်ကွယ်နေသည်မှာ ‘သင်ကြားမှု’ဟူသော စကားလုံးဖြစ်၏။ ကျောက်စိမ်းဝါပေါ်တွင် ‘ကောင်းကင်ကြီးကြပ်ရေး သခင်’ဟူသော စကားလုံးများရှိနေပြီး ပျောက်ဆုံးနေသည်မှာ ‘ဓမ္မ’ဟူသော စကားလုံးဖြစ်၏။ သစ်သားတံဆိပ်ပေါ်တွင် ရှိနေသည့်စကားလုံးက ‘ချီ၊ ဖန်တီးခြင်း၊ သက်ရှိ’ဟူသော စကားလုံးဖြစ်ပြီး ပျောက်ဆုံးနေသည်မှာ အစပိုင်းမှ ‘စိမ်းပြာ’ဟူသော စကားလုံးဖြစ်၏။
ချိပ်တံဆိပ်များ ဖန်တီးခြင်းက အဆောင်များ ရေးဆွဲခြင်းနှင့် အတူတူသာ ဖြစ်သည်။ ထိုအရာများက တစ်ကြိမ်တည်းနှင့် ပြီးဆုံးအောင်လုပ်ရန် အရေးကြီး၏။ သို့သော် လီကျိရှန်ကတော့ ထိုစည်းမျဉ်းကို လိုက်နာခြင်း မရှိသည်မှာ သိသာနေသည်။
သူက ထွင်းဓားတစ်လက်ကို ကောက်ကိုင်ပြီး နောက်ဆုံးစကားလုံးများကို ထွင်းထုခြင်း မရှိသည့်အပြင် မျက်လုံးမှိတ်၍ စတင်စဉ်းစားနေခဲ့၏။ သူ၏အသက်ရှူသံက တည်ငြိမ်နှေးကွေးနေပြီး စမ်းချောင်းလေးတစ်ခုကဲ့သို့ ထင်မှတ်ရသည်။ ထိုအရာက အခန်းငယ်လေးတစ်ခုသာ ဖြစ်သော်လည်း မျက်လုံးနှင့် မြင်တွေ့ရသည်ထက် အဆပေါင်းများစွာ ပိုသာနေခဲ့လေ၏။
…………..
ချန်းပင်အန်းက အိမ်သို့ ပြန်လာခဲ့သည့်အချိန်တွင် စားပွဲပေါ်၌ ရှိနေသော သစ်သားဓားက အနည်းငယ် စောင်းနေကြောင်း တွေ့လိုက်ရသည်။ သူက မှင်သက်နေမိသော်လည်း တည်ငြိမ်သောအမူအရာနှင့် စားပွဲဘေးတွင် ထိုင်လိုက်လေသည်။
Translated by Hein Htet.