← Chapters

အခန်း (၁၉၃)

Vol. 13 Ch. 193

အခန်း (၁၉၃)

Vol. 13 Ch. 193

ယခင်တုန်းက ချီကျင့်ချွန်က သစ်ခါးပင် သစ်ကိုင်းလေးတစ်ခုကို ယူပြီး သစ်သားဓားတစ်ခု ဖန်တီး၍ လီပေါင်ဖျင်ကို လျှို့ဝှက်စွာ ပေးခဲ့သည်။ ထို့နောက် သူက ထိုဓားကို ချန်းပင်အန်း၏ ဝါးခြင်းတောင်းလေးထဲသို့ ထည့်ပေးခဲ့သည်။ ထိုသစ်သားဓားထဲတွင် အမည်မသိသော အမွှေးတိုင်ဝိညာဉ်တစ်ကောင် နေထိုင်နေခဲ့သည်။

သို့သော် ဆောင်းဦးကျူပင်တည်းခိုဆောင်နှင့် ကျိလန် ချောင်ကလန်၏ စံအိမ်ထဲတွင် တစ်ကြိမ်ပေါ်လာခဲ့ပြီးနောက် အလွန်ကြောက်လန့်တတ်သော အမွှေးတိုင်မိန်းမပျိုက နောက်တစ်ကြိမ် ပြန်ပေါ်မလာတော့ပေ။ ချန်းပင်အန်းကလည်း ပုံမှန်အတိုင်းသာ သွားလာနေခဲ့ပြီး ထိုအရာကို အတင်းအကြပ် လုပ်ဆောင်ရန် ကြိုးစားခဲ့ခြင်းလည်း မရှိချေ။

ညမှောင်လာသည့်အချိန်တွင် အဘိုးအိုက ယန်မိသားစု ဆေးဆိုင်ထဲတွင် သူ၏ ဆေးတံကြီးကို ကိုင်ပြီး မီးခိုးငွေ့များကို မှုတ်ထုတ်နေခဲ့သည်။ သူက မျက်မှောင်ကြုတ်လိုက်မိ၏။

လေထဲကို ဆုပ်ကိုင်သလို လုပ်ဆောင်လိုက်ပြီးနောက် အမွှေးတိုင်မိန်းမပျိုက လေထဲမှနေ၍ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့၏။

“ချီကျင့်ချွန်က မင်းကို ဖုံးကွယ်ထားဖို့အတွက် တော်တော်လေး ကြိုးစားအားထုတ်ခဲ့တယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ…”

အဘိုးကြီးယန်က အေးစက်စွာ မေးလိုက်၏။

အမွှေးတိုင်မိန်းမပျိုက ကြောက်လန့်စွာ မတ်တပ်ရပ်လိုက်ပြီး သူမက ထိုအဘိုးအိုကို အလွန်အမင်း ကြောက်ရွံ့နေသလို ထင်ရသည်။ သူမက အင်္ကျီစကို လက်နှစ်ဖက်နှင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး နှုတ်ခမ်းလေးများက အနည်းငယ်လှုပ်ရှား၍ စကားပြောလိုက်သည်။

အဘိုးကြီးယန်က ပို၍နားထောင်လာရလေလေ ပို၍ မျက်မှောင်ကြုတ်မိလေလေ ဖြစ်သည်။ အချိန်တော်တော်ကြာ စဉ်းစားလိုက်ပြီး နောက်ဆုံးတွင်တော့ သူက ပြောလိုက်၏။

“ငါလက်ခံတယ်…”

သူက ထိုဆေးတံကြီးကို မြေပြင်နှင့် ရိုက်လိုက်ရာ ကျောင်းဆောင်ငယ်လေးတစ်ခု ပေါ်လာပြီး အမွှေးတိုင်မိန်းမပျိုဆီသို့ ရောက်သွားခဲ့သည်။

အမွှေးတိုင်မိန်းမပျိုက ဝမ်းသာသွားခဲ့ပြီး ကျောင်းဆောင်ငယ်လေးထဲသို့ ခုန်ဝင်ရန် ပြင်ဆင်လိုက်၏။ သို့သော် သူမက ရုတ်တရက် မော့ကြည့်ပြီး တစ်စုံတစ်ခုကို ပြောချင်နေသလို ထင်မှတ်ရသည်။

အဘိုးကြီးယန်၏ အမူအရာက အေးစက်နေခဲ့၏။ သူက ပြောလိုက်သည်။

“အရာအားလုံးကို သိနေတာက အကောင်းဆုံးပဲ။ ဒါပေမဲ့ တကယ်လို့ မင်းက ရည်မှန်းချက် မပြည့်နိုင်ဘူးဆိုရင်တော့ ဘာမှမသိတာ အကောင်းဆုံးပဲ။ ဒီလိုဆိုမှပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသက်ရှင်နိုင်လိမ့်မယ်…”

အမွှေးတိုင်မိန်းမပျိုက အနည်းငယ် တွေဝေနေပုံရသည်။ အနည်းဆုံးတော့ သူမက ရွှံ့ပုလင်းလမ်းကြားထဲသို့ သွားပြီး ထိုလူငယ်လေးကို နှုတ်ဆက်စကား ပြောချင်ခဲ့၏။

အဘိုးကြီးယန်က သူ၏ဆေးတံကြီးကို မြှောက်လိုက်ပြီး မီးခိုးငွေ့များကို တိမ်တိုက်များကဲ့သို့ မှုတ်ထုတ်လိုက်သည်။

“အရမ်းဉာဏ်ကောင်းတဲ့ လူတစ်ယောက်ဆိုမှတော့ မင်းရဲ့ဉာဏ်ကောင်းတာတွေ အားလုံးကို ဖုံးကွယ်ထားရမယ်။ ဒီကောင်လေးက ဘာကိုမှ မစဉ်းစားဘူးလို့ မင်းက ထင်နေတာလား။ လက်သီးသိုင်းကို လေ့ကျင့်နေတဲ့အပြင် သူက ရူးရူးမိုက်မိုက်နဲ့ သနားကြင်နာတတ်ပြီး စေတနာတွေ အရမ်းကောင်းတာကိုပဲ မင်းက သိထားတာလား။ မင်းက သူ့နောက်ကို အချိန်အကြာကြီး လိုက်ခဲ့ရတယ်။ မင်းကမှ တကယ့်အရူးပဲ။ ဒါပေမဲ့ သူကတော့ အရူးမဟုတ်ဘူး…”

အမွှေးတိုင်မိန်းမပျိုက အနည်းငယ် စိတ်ပျက်သွားမိခဲ့သည်။ သို့သော် သူမက ကျောင်းဆောင်ငယ်လေးထဲသို့ ချက်ချင်း လျှောက်သွားခဲ့၏။ ကျောင်းဆောင်လေးထဲတွင် ရပ်နေချိန်တွင် သူမက အလွန်ကြီးမားသော အိုးကြီးထဲကို ရောက်သွားသော ရေစက်ငယ်လေး တစ်ခုကဲ့သို့ ဖြစ်သွားခဲ့သည်။

ကျောင်းဆောင်၏ မြင့်မားသော နံရံများပေါ်တွင် မတူညီသော အရောင်မျိုးစုံ ရှိနေသည့် နာမည်ပေါင်းများစွာ တောက်ပနေသည်။ အမွှေးတိုင်မိန်းမပျို၏ အပေါ်ဘက်တွင်တော့ ပင်လယ်ကြီးတစ်ခုနှင့် တောက်ပသော ကြယ်များ ရှိနေခဲ့၏။

အဘိုးကြီးယန်က သူ၏ဆေးတံကြီးကို သိမ်းလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်လိုက်သည်။ သူက အနည်းငယ် ခါးကုန်းလိုက်ပြီး ဆေးဆိုင်ထဲမှ ထွက်၍ မြို့ငယ်လေးထဲမှ ထွက်သွားခဲ့၏။ သူက သက်ပြင်းချပြီး ကျောက်တုံးတံတားဆီသို့ လမ်းလျှောက်သွားခဲ့သည်။

သူ့မျက်လုံးထဲတွင်တော့ ဝမ်းနည်းနေသော အမူအရာနှင့် ဇဝေဇဝါဖြစ်နေသော အမူအရာများ ပြည့်နှက်နေခဲ့၏။ ကျောက်တုံးတံတားကို ဖြည်းညင်းစွာ ဖြတ်လာပြီးနောက် သူက နဂါးနှုတ်ခမ်းမွေးမြစ် ကမ်းစပ်အတိုင်း လမ်းလျှောက်လာပြီး ပန်းပဲဆိုင်၏ အပြင်ဘက်ကို ရောက်လာခဲ့သည်။ သူက အတွင်းထဲသို့ ဝင်မသွားခဲ့ဘဲ မြစ်ကြောင်းအတိုင်း မြစ်ဘေးတွင်သာ ဆက်၍ လမ်းလျှောက်နေခဲ့သည်။

မြစ်နတ်ဘုရားမက အသံတိုးတိုးနှင့်အတူ မြစ်အောက်ခြေမှနေ၍ ချက်ချင်းကူးခတ်လာခဲ့သည်။ သူမ၏ စိတ်ဝိညာဉ်က လှုပ်ရှားနေခဲ့ပြီး အနည်းငယ် မူးဝေနေသလို ခံစားနေရသည်။

အဘိုးကြီးယန်ဖြစ်ကြောင်း နားလည်သွားပြီးနောက် သူမက အပြုံးနှင့် ပြောလိုက်၏။

“အင်မော်တယ်က ထူးခြားတဲ့ စွမ်းရည်တွေကို အသုံးပြုဖို့ မလိုပါဘူး။ ကျွန်မကို ခေါ်လိုက်တာနဲ့ ကျွန်မက ချက်ချင်းတက်လာမှာပါ…”

“နဂါးနှုတ်ခမ်းမွေးမြစ်ရဲ့ အရင်းအမြစ်နေရာကို အခုချက်ချင်းသွားလိုက်…”

အဘိုးကြီးယန်က ခံစားချက်ကင်းမဲ့စွာ အမိန့်ပေးလိုက်သည်။

“ပြီးတော့ နင့်ရဲ့နတ်ဘုရားခန္ဓာကိုယ် တစ်ဝက်ကို မြစ်ထဲမှာ ဖျက်စီးလိုက်ပြီး မြစ်ရဲ့ယင်စွမ်းအားတွေကို တိုးမြှင့်ဖို့အတွက် ရွမ်ချုံကို ကူညီပေးလိုက်…”

မြစ်နတ်ဘုရားမက ကြောင်သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်တစ်ဝက်ကို ဖျက်ဆီးလိုက်ရမည်လော။ အဘိုးအိုက ထိုစကားကို အေးအေးဆေးဆေး ပြောခဲ့သော်လည်း သူမ၏မဟာတာအိုလမ်းစဉ်အပေါ် ထိခိုက်မှုနှင့် နာကျင်ရမှုများက ခန့်မှန်းကြည့်၍ပင် မရနိုင်ပေ။

မြစ်နတ်ဘုရားမက ကီလိုမီတာ(၁)သောင်းခန့်အကွာတွင် ရှိနေသော တစ်နေရာကို ထွက်ပြေးချင်သလိုပင် ခံစားနေခဲ့ရ၏။ သို့သော် ထိုအရာကလည်း လုံးဝမဖြစ်နိုင်ကြောင်း သိနေခဲ့သည်။

“တကယ်လို့ မင်းက အောင်မြင်မယ်ဆိုရင် ရွမ်ချုံ ဓားဖန်တီးပြီးသွားတာနဲ့ မင်းအတွက် မြစ်နတ်ဘုရားကျောင်းဆောင်တစ်ခုတောင်းဆိုဖို့ ကူညီပေးမယ်…”

အဘိုးကြီးယန်က ထပ်ဖြည့်ပြောလိုက်သည်။

“ဒါဆိုရင် မင်းက အများဆုံးနှစ်ပေါင်း (၅၀) (၆၀) အတောအတွင်း နတ်ဘုရားခန္ဓာကိုယ်က ပြည့်ပြည့်ဝဝ ပြန်ကောင်းလာလိမ့်မယ်။ ပြီးရင်တော့ မင်းက နှစ်သိန်းပေါင်းများစွာ အမွှေးတိုင်တွေ၊ ကိုးကွယ်ယုံကြည်မှုတွေကို ရလိမ့်မယ်။ ဒါက ရေရှည်အကျိုးအမြတ်တစ်ခုပဲ။ မင်းက ပေးဆပ်ရတာထက် ပိုပြီးတော့များတဲ့ အကျိုးအမြတ်တွေကို သေချာပေါက်ရလိမ့်မယ်…”

“ကျွန်မရဲ့ နတ်ဘုရားခန္ဓာကိုယ်တစ်ဝက်ကို ဖျက်ဆီးပစ်ရတာက အရမ်းကို နာကျင်ရလိမ့်မယ်။ ကျွန်မက နာကျင်ရမှာ ကြောက်တယ်…”

မြစ်နတ်ဘုရားမက တွေဝေစွာ ပြောလိုက်သည်။ သူမ၏အသံက အလွန်တိတ်ဆိတ်နေသည့်အတွက် ကြားသာရုံလေးသာ ရှိသည်။

အဘိုးအိုက စကားတစ်ခွန်းမျှ မပြောခဲ့ဘဲ လှုပ်ရှားနေသော နဂါးနှုတ်ခမ်းမွေးမြစ်၏ မျက်နှာပြင်ကို ရိုးရှင်းစွာ စိုက်ကြည့်နေခဲ့သည်။

“အင်မော်တယ် … ကျွန်မက ငြင်းဆန်လို့ရမလား…”

မြစ်နတ်ဘုရားမက သေချာဂရုစိုက်၍ မေးလိုက်သည်။

“သေချာပေါက် ရပါတယ်…”

အဘိုးကြီးယန်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။

မြစ်နတ်ဘုရားမက ဝမ်းသာသွားခဲ့သော်လည်း တစ်ချိန်တည်းတွင် အလွန်အမင်း အံ့ဩသွားသလို ခံစားခဲ့ရသည်။ မည်သည့်အချိန်တွင် ထိုအင်မော်တယ်က နားလည်ပြီး ကျိုးကြောင်းဆီလျော်မှုရှိလာရသနည်း။

အဘိုးကြီးယန်က အေးစက်စွာ ပြုံးပြီး ဆက်ပြောလိုက်သည်။

“တကယ်လို့ ငါက မင်းရဲ့ နတ်ဘုရားခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်မယ်ဆိုရင်တော့ အကျိုးသက်ရောက်မှုက ပိုပြီးတော့ ကောင်းလိမ့်မယ်။ စိတ်မပူပါနဲ့။ မင်းရဲ့စိတ်ဝိညာဉ်က ဒီနေ့ည ပျောက်ကွယ်ပြီးသွားရင် ငါက နောက်ပိုင်း မင်းရဲ့မျိုးဆက်တွေကို သေချာပေါက် လျော်ကြေးပေးလိုက်ပါ့မယ်…”

မြစ်နတ်ဘုရားမက အနည်းငယ် စိတ်ဓာတ်ကျနေသလို ခံစားလိုက်ရသည်။ ထိုပြဿနာများကို ခဏကြာ စဉ်းစားနေခဲ့ပြီးနောက် သူမက တုန်ယင်နေသော အသံနှင့် မေးလိုက်၏။

“အင်မော်တယ် …

အဲဒီလျော်ကြေးတွေအားလုံး ကျွန်မရဲ့မြေးလေးဆီကို ပေးလို့ရနိုင်မလား…”

သူမဆီတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ ထိုအင်မော်တယ်က သူမ၏ မြေးလေး မာခူရွှမ်အပေါ် ဆက်ဆံသည်မှာ တခြားလူများနှင့် အနည်းငယ် ကွဲပြားနေကြောင်း သူမက သိနေခဲ့သည်။

သို့သော် အဘိုးကြီးယန်က ခေါင်းခါပြီး ငြင်းဆန်လိုက်၏။

“မရဘူး…”

မြစ်နတ်ဘုရားမ၏ အမူအရာက လှုပ်ရှားသွားခဲ့ပြီး သူမက သနားစဖွယ်အသံနှင့် ပြောလိုက်သည်။

“ဒါဆိုလည်း ကျွန်မက နဂါးနှုတ်ခမ်းမွေးမြစ်ရဲ့ အရင်းအမြစ်ကို သွားလိုက်ပါ့မယ်…”

အဘိုးကြီးယန်က စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ မြစ်နတ်ဘုရားမက အံကြိတ်ပြီး အထက်ပိုင်းကို ကူးသွားခဲ့သည်။ ထူးခြားမှု မရှိတော့သော ကျောက်တုံးတံတားကို ဖြတ်ကျော်သွားခဲ့ပြီးနောက် သူမက အနက်ပိုင်းထဲသို့ တိုက်ရိုက် ဦးတည်သွားခဲ့၏။

ရွမ်ချုံက မြစ်ကမ်းစပ်ကို လျှောက်လာပြီး အဘိုးအို၏ ဘေးတွင် ရပ်လိုက်သည်။

“ကျုပ်က အဲဒီမိန်းကလေးအတွက် ဓားတစ်လက်ကို အောင်အောင်မြင်မြင် ဖန်တီးနိုင်တာပဲဖြစ်ဖြစ် မဖန်တီးနိုင်တာပဲဖြစ်ဖြစ် ကျုပ်ကတော့ ဘာမှ မစိုးရိမ်ဘူး။ ကျုပ်က ခင်ဗျားနဲ့ အပေးအယူ လုပ်ဖို့လည်း ရည်ရွယ်ချက်မရှိဘူး…”

သူက ပြောလိုက်သည်။

“ဒီအပေးအယူရဲ့ အဓိကအချက်က အဲဒီမိန်းကလေးအတွက် ဓားဖန်တီးတာနဲ့ ဘာမှမဆိုင်ဘူး…”

အဘိုးကြီးယန်က ခေါင်းခါပြီး ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ငါက မင်း သမီးရဲ့ အစစ်အမှန် အဆင့်အတန်းကို နှစ်ပေါင်း (၃၀) ဖုံးကွယ်ဖို့ ကူညီပေးနိုင်တယ်။ အဓိက အပေးအယူကတော့ မင်းက အဲဒီဓားကို မြန်နိုင်သမျှ မြန်မြန်ဖန်တီးဖို့ပဲ။ ဒါက ငါ တောင်းဆိုတဲ့ အပေးအယူပဲ…”

ရွမ်ချုံက မှင်တက်မိသွားခဲ့ပြီး အပြုံးနှင့် မေးလိုက်သည်။

“အစစ်အမှန် အဆင့်အတန်းလား…”

“ရွမ်ချုံ …

မင်းက ရိုးရိုးရှင်းရှင်း ခေါင်းညိတ်ခေါင်းခါ လုပ်လိုက်လို့ရတယ်…”

အဘိုးအိုက တည်ငြိမ်စွာ ပြောလိုက်သည်။

ရွမ်ချုံက အနည်းငယ် လှုပ်ရှားသွားခဲ့သော်လည်း ခေါင်းညိတ်ပြီး အဘိုးကြီးယန်၏ တောင်းဆိုမှုကို သဘောတူခဲ့သည်။

အဘိုးအိုက အပြုံးနှင့် ပြောလိုက်၏။

“မင်းက အနာဂတ်အတွက် စဉ်းစားကြည့်လိုက်မယ်ဆိုရင် ဒါက တန်တယ်ဆိုတာ နားလည်သွားပါလိမ့်မယ်…”

ရွမ်ချုံက ထူးဆန်းသော မေးခွန်းတစ်ခု မေးလိုက်သည်။

“ဒါဆိုရင် ဘယ်အရာက မတန်တာလဲ…”

“ရွမ်ချုံ …

တခြားသူ့ရဲ့ စကားကို ခိုးနားထောင်တာက ကောင်းတဲ့အကျင့်မဟုတ်ဘူး…”

အဘိုးကြီးယန်က ပြုံးလိုက်သည်။

“ခင်ဗျားရယ်၊ လီကလန်က အကြီးဆုံးမြေးရယ် ၊ ဝေ့ပိုရယ် ကျုပ်က ခင်ဗျားတို့ (၃)ယောက်ကို သေချာစောင့်ကြည့်နေတယ်…”

ရွမ်ချုံက ထူးဆန်းစွာ ဝန်ခံလိုက်သည်။

အဘိုးအိုက ခေါင်းညိတ်လိုက်ပြီးမှ ခေါင်းခါပြီး ပြောလိုက်သည်။

“မင်းက ငါနဲ့ လီကျိရှန်ရဲ့ အခြေအနေကို ပြောင်းလိုက်တာ ပိုပြီးတော့ ကောင်းမယ်..”

“နှစ်ပေါင်း တစ်ထောင် ကြာပြီးရင်လား ဒါမှမဟုတ် နှစ်ပေါင်း တစ်သောင်းကြာပြီးသွားရင်လား…”

ရွမ်ချုံက အပြုံးနှင့် မေးလိုက်သည်။

အဘိုးအိုကတော့ ဘာစကားမျှ ထပ်မပြောခဲ့ပေ။ အတွေးတစ်ရာကျောင်းများ၏ ကြားထဲတွင် အလွန်ပြင်းထန်သော တိုက်ပွဲများ တိုက်ခိုက်ခဲ့သည့် အချိန်ကာလအတွင်း ယှဉ်ပြိုင်မှု ကြီးမားပြီး ကြောက်စရာကောင်းသော ပညာရှင်များ၊ သူရဲကောင်းများ၊ အလွန်ထူးချွန်ထက်မြက်သော ပါရမီရှင်များနှင့် ထူးခြားသော အကြောင်းအရာများစွာက မိုးရွာပြီးနောက် မျှစ်စို့များ ပေါက်လာသကဲ့သို့ တစ်ခုပြီးတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာခဲ့ကြသည်။ အချိန်တိုလေးအတွင်း ကမ္ဘာကြီးက လုံးဝကို ပြောင်းလဲသွားခဲ့၏။

အဘိုးအိုကတော့ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော မြင်ကွင်းများကို တစ်ကြိမ်ထက်မက မြင်တွေ့ဖူးသည်။ အဆုံးသတ်တွင်တော့ ရွမ်ချုံက စစ်ကျောင်း သူတော်စင် တစ်ယောက် ဖြစ်ပြီး သဘာဝသူတော်စင်တစ်ယောက် မဟုတ်ချေ။

သူက အနာဂတ်အတွက် ကြိုတင်စီစဉ်ထားခဲ့သည်။ ဥပမာအနေနှင့် ပြောရလျှင် သူ့သမီး ရွမ်ရှို့၏ တိုးတက်မှုနှင့်ပတ်သက်ပြီး ထိန်းသိမ်းထားသော အရာများဖြစ်၏။ သို့သော် ထိုအရာများက ရှေ့ကို ကြိုမရောက်နိုင်သေးပေ။

အဘိုးကြီးယန်က ရုတ်တရက်ပြောလိုက်၏။

“သေချာပေါက် အဲဒါက မထိုက်တန်ပါဘူး။ သာမန် လူနှစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို စုဆောင်းရတာက ဘာအတွက်လဲ။ ပေးဆပ်ရတဲ့ တန်ကြေးကလည်း မနည်းဘူး။ ဒါပေမဲ့ အဲဒါက မာခူရွှမ်သာဆိုရင်တော့ တခြားအကြောင်းအရာတစ်ခုအဖြစ် ပြောင်းသွားလိမ့်မယ်…”

ရွမ်ချုံက အပြုံးနှင့် မေးလိုက်သည်။

“ဆရာကြီး…

ဆရာကြီးက ချန်းပင်အန်းအပေါ် လုံးဝအကောင်းမြင်စိတ်မရှိဘူး မဟုတ်လား..”

“တစ်ယောက်ယောက်ကသာ သူ့အပေါ် အကောင်းမြင်စိတ်ရှိနေသ၍ ငါက အဆင်ပြေပါတယ်…”

အဘိုးကြီးယန်က ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေလိုက်သည်။

……………..

မြောက်ပိုင်းသို့သွားသော တရားဝင်လမ်းမကြီး ပြန်ဖွင့်လိုက်သည့်အတွက်ကြောင့် ဖယောင်းတိုင်နီမြို့က ယခင်တုန်းကထက်ပင် ပို၍ စည်ကားနေခဲ့သည်။ ညအချိန်တွင် အစိမ်းရောင်ကန့်လန့်ကာများ ရှိနေသော အလှဆင်လှေတစ်စင်းက ရေလက်ကြားမှနေ၍ ထွက်လာပြီး မြို့ထဲသို့ လှော်ခတ်လာခဲ့သည်။

ဖယောင်းတိုင်နီမြို့ထဲတွင် နှစ်ခုခွဲသွားသော မြစ်ထဲသို့ ရောက်လာပြီးနောက် အလှဆင်လှေက ဧည့်သည်တစ်ယောက်ကို ချက်ချင်း လက်ခံခဲ့သည်။ ထိုအရာက ပိုးဖဲဝတ်ရုံ ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်နှင့် ဖျင်ကြမ်းအင်္ကျီ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်၏။ သူတို့က ပန်းပွင့်အရက်သောက်ရန် ထွက်လာသော ချမ်းသာသည့် သူဌေးနှင့် သူ၏ အိမ်တော်ထိန်းတို့ကဲ့သို့ ထင်ရသည်။

အလယ်အလတ် အရွယ်အစားရှိသော ထိုအလှဆင်လှေပေါ်တွင် လှေမိန်းမပျို (၅)ယောက်ရှိသည်။ နှစ်ယောက်က လှေလှော်နေပြီး နှစ်ယောက်ကတော့ တူရိယာများ တူရိယာများ တီးခတ်၍ အရက်ငှဲ့ပေးနေသည်။ ကျန်ရှိနေသော လှေမိန်းမပျိုလေးကတော့ သူတို့အားလုံးထဲတွင် အလှဆုံးဖြစ်ပြီး သူမက အဘိုးအို၏ဘေးတွင် ထိုင်၍ သူ့ကို ရိုရိုကျိုးကျိုး ဧည့်ခံနေခဲ့သည်။

အဘိုးအိုက အားရပါးရရယ်ပြီး ကြမ်းတမ်းသော လူကြီးကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“ဘယ်လိုလဲ အဘိုးကြီးရှဲ့..၊ ပိုးဖဲဝတ်ရုံ ဝတ်ထားတဲ့သူတွေက ဗုဒ္ဓလို ရွှေရောင်ဝတ်စုံကို အားကိုးနေတဲ့သူတွေလိုပဲ တဲ့။ ဒီစကားလုံးက မမှားဘူး မဟုတ်လား…”

သက်လတ်ပိုင်းအရွယ်လူကြီးက လှေမိန်းမပျိုလေးဆီမှ အရက်တစ်ခွက်ကို ယူလိုက်ပြီးနောက် သူမကို ကျေးဇူးတင်စကားပြောလိုက်ပြီး အဘိုးအိုကို လှည့်ကြည့်၍ ပြောလိုက်သည်။

“ငါ့ကို တစ်ချိန်လုံး အဘိုးကြီးရှဲ့လို့ ခေါ်နေတာကို ရပ်လိုက်ပါ။ ငါတို့က အချင်းချင်း ရင်းနှီးတာလည်း မဟုတ်ဘူး…”

အဘိုးအိုက အရှက်မရှိသော လူတစ်ယောက်ဖြစ်၏။ သူက လှေမိန်းမပျိုလေးဆီမှ အရက်ခွက်ကို ယူလိုက်သည့်အချိန်တွင် သူမ၏နောက်ကျောကို လက်နှင့် ပွတ်သပ်လိုက်သည်။ သူက ပင်ပန်းနွမ်းနယ်နေသော မိန်းမပျိုကို စားတော့ဝါးတော့မတတ် စိုက်ကြည့်ရန်လည်း မမေ့ခဲ့ပေ။

ထိုအရာကို လှေမိန်းမပျိုလေးကတော့ အလွန်စက်ဆုပ်ရွံရှာနေခဲ့သည်။ သို့သော် သူမက အားတင်း၍သာ ပြုံးထားရ၏။

အဘိုးအိုက ထိုအရာကို ဂရုမစိုက်ခဲ့ပေ။ သူက အရက်ခွက်ကို ရိုးရှင်းစွာ ကိုင်လိုက်၏။

“မင်းက ငါနဲ့ မရင်းနှီးပါဘူး။ ဒါပေမဲ့ ငါကတော့ မင်းကို အရမ်းရင်းနှီးတယ်။ မင်းရဲ့နာမည်က အရှေ့မြောက်ပိုင်းကနေ တောင်ပိုင်းအထိ ပျံ့နှံ့နေတာ။ ငါက မိတ်ဆွေဟောင်းတွေနဲ့ မင်းအကြောင်းကို ပြောလိုက်တဲ့အချိန်တိုင်း ငါတို့က မွေးရပ်မြေတစ်ခုတည်းကနေ ရောက်လာတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ မင်းနဲ့ မိတ်ဆက်ပေးဖို့ ငါ့ကို သူတို့အားလုံးက တောင်းပန်နေကြတာ။ တကယ်လို့ သူတို့က မင်းလို သူရဲကောင်းတစ်ယောက်ကို မတွေ့နိုင်ခဲ့ရင် ဘဝတစ်လျှောက်လုံး နောင်တရလိမ့်မယ်လို့တောင် ပြောကြတယ်…”

သက်လတ်ပိုင်းအရွယ်လူကြီးက မျက်မှောင်ကြုတ်လိုက်သော်လည်း သူက ခေါင်းငုံ့ပြီး အရက်ကိုသာ ဆက်သောက်နေခဲ့၏။

အဘိုးအိုဆီတွင် နှုတ်ခမ်းမွှေးနှစ်ဖက်ရှိနေပြီး ယခုတော့ သူက ခေါင်းငုံ့၍ တင်ပျဉ်ခွေထိုင်နေခဲ့သည်။ သူက မြစ်ကမ်းဘေးတွင် စည်ကားနေသော ညမြင်ကွင်းများကို ငေးကြည့်နေခဲ့၏။

သူက လက်တစ်ဖက်နှင့် အရက်ခွက်ကို လှုပ်ရှားလိုက်ပြီး တခြားလက်တစ်ဖက်နှင့် သူ၏ မုတ်ဆိတ်မွှေးကို သပ်နေခဲ့သည်။ သူ့ကို မည်သူက စိုက်ကြည့်နေစေကာမူ သူကတော့ စိတ်မဝင်စားပေ။ သူက ဒူးနှင့် လှေမိန်းမပျိုလေး၏ နောက်ကျောကို တမင်ရည်ရွယ်ချက်ရှိရှိ ထိနေသည့်အချက်ကတော့ ပိုပြီးတော့ ဆိုးဝါးနေသေးသည်။

လှေမိန်းမပျိုလေးကတော့ ယောကျ်ားနှင့် မိန်းမများ ပူးကပ်နေသည့် အခြေအနေကို မြင်တွေ့ရသည်မှာ အသားကျနေပြီးသား ဖြစ်သော်လည်း သူမက တိတ်ဆိတ်သော သက်လတ်ပိုင်းအရွယ်လူကြီးအစား ထိုအဘိုးအို၏ အနားတွင် ထိုင်ရန် ရွေးချယ်မိသည့်အတွက် နောင်တရနေလေသည်။

အဘိုးအိုက သူ၏မုတ်ဆိတ်ကို လက်နှင့် ပွတ်နေသည့်အချိန်တွင် သူ၏ အင်္ကျီလက်ထဲမှနေ၍ အစိမ်းရောင် လက်ပတ်တစ်ခု ပေါ်လာခဲ့သည်။ ထိုအရာကို မြင်သည့်အချိန်တွင် အလှဆင်လှေပေါ်၌ ရှိနေသော လှေမိန်းမပျိုလေးက အနည်းငယ် စိတ်ပျက်သွားမိခဲ့သည်။

အကယ်၍ ထိုလက်ပတ်ကို ကလေးငယ်တစ်ယောက်က ဝတ်ဆင်ထားမည်ဆိုလျှင်တော့ အတော်လေး ချစ်စရာကောင်းပြီး လှပသည်ဟု ထင်မှတ်ရပါလိမ့်မည်။ အဘိုးအိုတစ်ယောက်၏ လက်ကောက်ဝတ်တွင်တော့ ထိုအရာက ထူးဆန်းနေခဲ့၏။

အဘိုးအိုက သူ့အကြည့်ကို ချက်ချင်း ရုတ်သိမ်းလိုက်ပြီး သူ့အနားတွင် ထိုင်နေသော မိန်းမလှလေးကို မေးလိုက်သည်။

“မင်းတို့လိုစီးပွားရှာတဲ့ မိန်းကလေးတွေက ‘တောင်တန်းတွေ ပင်လယ်တွေလို ထာဝရ’ ဆိုတဲ့ စကားလုံးကို ယုံကြည်ကြလား…”

ထိုလှေမိန်းမပျိုလေးက လှုပ်ရှားသွားသည့်အပြင် တခြားသော လှေမိန်းမပျိုများကလည်း မည်သို့ပြန်ဖြေရမှန်း မသိခဲ့ပေ။ သူတို့က အချင်းချင်း ကြည့်လိုက်ကြပြီး အဘိုးအိုက မည်သည့်အရာကို သိချင်နေကြောင်း နားမလည်နိုင်ကြပေ။

အဘိုးအိုက အားရပါးရရယ်လိုက်ပြီး မျက်နှာချင်းဆိုင်တွင် ထိုင်နေသော သက်လတ်ပိုင်းအရွယ်လူကြီးကို လက်ညှိုးထိုး၍ ပြောလိုက်၏။

“သူ့ကို ကြည့်လိုက်စမ်း။ ဒါက တော်တော်လေး အသုံးဝင်တယ်။ သူက အရမ်းအံ့ဩစရာကောင်းတဲ့ တောင်ထိပ်သခင်တစ်ယောက်ပဲ။ သူက တောင်တန်းတွေ အများကြီးကို စောင့်ရှောက်ရတယ်။ သူက တောင်တန်းတွေနဲ့ ပင်လယ်တွေလို ထာဝရရှိနေနိုင်တယ်။ ဒီနေရာမှာတော့ တောင်တန်းတွေရဲ့ အကြောင်းကိုပဲ ပြောသင့်တာပေါ့…”

သက်လတ်ပိုင်းအရွယ်လူကြီးက မျက်မှောင်ကြုတ်လိုက်မိသော်လည်း တိတ်ဆိတ်နေခဲ့သည်။ သူကတော့ အရက်ကိုသာ အေးအေးဆေးဆေး ဆက်သောက်နေခဲ့၏။

ထို့နောက် အဘိုးအိုက သူ့ကိုယ်သူ လက်ညှိုးထိုးပြီး ပြောလိုက်သည်။

“အမှန်အတိုင်းပြောရရင် ငါ့ကို ကြည့်တာကလည်း အသုံးဝင်တယ်။ ဒီကမ္ဘာကြီးထဲမှာ အရမ်းကို မြင့်မားတဲ့ အဆောက်အအုံတစ်ခုရှိတယ်။ အဲဒီအဆောက်အအုံရဲ့ နာမည်ကလည်း အရမ်းကို အံ့ဩဖို့ကောင်းတယ်။ အဲဒါကတော့ ပင်လယ်ဖိနှိပ်ကျောင်းဆောင်လို့ ကျောင်းဆောင်လို့ခေါ်တယ်။ အဲဒါက ပင်လယ်ကြီးရဲ့ အနားမှာ ရှိတယ်။ ငါ့ရဲ့အိမ်ကတော့ အဲဒီကျောင်းဆောင်အနားမှာပဲ …”

နောက်ဆုံးတွင်တော့ သက်လတ်ပိုင်းအရွယ်လူကြီးက ထိုအရာကို ဆက်၍ သည်းမခံနိုင်တော့ပေ။ သူက မကျေမနပ်ဖြစ်နေသော အမူအရာနှင့် ပြောလိုက်၏။

“ချောင်မျိုးရိုးလူကြီး …

ခင်ဗျားက ဘာကိစ္စ ဒီအကြောင်းတွေကို ပြောနေရတာလဲ…”

အဘိုးအိုက အရက်ကို တစ်ငုံ သောက်လိုက်ပြီးနောက် တူတစ်စုံကို ကောက်ကိုင်၍ အသားအနည်းငယ် ယူစားလိုက်သည်။ ထို့နောက် သူက သက်လတ်ပိုင်းလူကြီးကို ပြန်လှည့်ကြည့်ပြီး ပြောလိုက်၏။

“ဘာလို့လဲဆိုတော့ သူတို့က အဲဒီအရာတွေကို တစ်ခုမှ နားမလည်လို့ပဲ။ ဒီတော့ သူတို့ကို ဒီလိုအကြောင်းမျိုးတွေ ပြောပြရတာက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ဒီလိုအကြောင်းမျိုးကို ကျင့်ကြံသူတွေဆီ ပြောပြရတာက လုံးဝ စိတ်ဝင်စားဖို့ မကောင်းဘူး…”

သက်လတ်ပိုင်းအရွယ်လူကြီး၏ မျက်နှာက မည်းမှောင်နေပြီး ခေါင်းငုံ့၍ အရက်ကို ဆက်သောက်နေခဲ့ရသည်။ ‘တောင်တန်းနှင့် ပင်လယ်များကဲ့သို့ ထာဝရရှိနေသည်’ဟူသော အရာမျိုးက သာမန်လူသားတိုင်းပြည်များနှင့် မြို့များတွင် ဆရာများ သင်ကြားပေးခဲ့သော အရာများဖြစ်၏။ ထိုအရာများက ယောကျ်ားနှင့် မိန်းမကြားထဲတွင် ရှိနေသော ချစ်ခြင်းမေတ္တာတရားကို ဖော်ညွှန်းခြင်းလည်း ဖြစ်၏။

အမှန်အတိုင်းပြောရလျှင် ထိုစကားလုံး၏ အစစ်အမှန်အဓိပ္ပါယ်ကတော့ သာမန်လူသားများ နားလည်နိုင်လိမ့်မည် မဟုတ်ချေ။ အမှန်အတိုင်းပြောရလျှင် ထိုစကားလုံးများက အင်မော်တယ် ကျင့်ကြံသူများအတွက် အထူးအရေးပါ၏။

ကျင့်ကြံသူများက တောင်တန်းနှင့် ပင်လယ်များကို သက်သေထားကြရသည်။ ထိုသက်သေများနှင့်အတူ သူတို့၏ သက်သေနှင့် ဆက်နွယ်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများကို ပိုင်ဆိုင်လာကြ၏။ ထိုသက်သေများက သာမန်လူသားကမ္ဘာကြီးထဲတွင် ရောင်းချသော သက်သေစာချုပ်များထက် ပို၍အသုံးဝင်ပြီး အကျိုးသက်ရောက်မှုရှိသည်။

တောင်တန်းများကို ရွေးချယ်သည့်အချိန်တွင် တောင်(၅) တောင်ကိုတော့ နန်းတွင်းက တရားဝင်အသိအမှတ်ပြုသည်။ လူတစ်ယောက်၏ ကျင့်စဉ်အဆင့်က ပို၍မြင့်မားလာလေလေ ပို၍မြင့်မားသော တောင်တစ်တောင်ကို လိုအပ်လေလေဖြစ်၏။

ပုံမှန်အားဖြင့် ပြောရလျှင် ထိုကဲ့သို့ ကတိသစ္စာမျိုးက တိုင်းပြည်များအချင်းချင်း မဟာမိတ်ဖွဲ့သည့်အချိန်တွင်လည်း အသုံးပြုတတ်ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုကဲ့သို့ ကတိသက်သေများက အပေးအယူကိစ္စများတွင် အတော်လေး သာမန်ဖြစ်လာခဲ့သည်။ ပင်လယ်ကြီး၏ အခေါ်အဝေါ်အရ ပြောရမည်ဆိုလျှင် သူတို့က အရေးပါမှုကို ဆုံးရှုံးသွားရပြီးဖြစ်၏။

ထို့ကြောင့်လည်း ဤကမ္ဘာကြီးထဲတွင် နောက်ဆုံးသော အစစ်အမှန်နဂါး သေဆုံးသွားခြင်း ဖြစ်သည်။ ထို့နောက် ဆန်းကြယ်ကမ္ဘာကြီးထဲတွင် ရှိနေသော ကုန်းမြေကြီး (၉)ခုရှိ ပင်လယ်နှင့် ရေကန်များက ပိုင်ရှင်မဲ့ဖြစ်လာခဲ့၏။ သာမန်တိုင်းပြည်များကတော့ ထိုရေကန်(၅)ခုနှင့် ပင်လယ်(၄)ခုကို တရားဝင် နတ်ဘုရားများ နေရာချထားပေးရန် အစွမ်းမျိုး မလုံလောက်ပေ။

နေမင်းကြီးက အရှေ့ဘက်မှ ထွက်ပေါ်လာပြီး အနောက်ဘက်သို့ ပြန်ဝင်သွားသည်။ ထိုနေမင်းကြီးက အရှေ့ပင်လယ်၏ တစ်နေရာမှ ထွက်ပေါ်လာသည်ဟုလည်း ကြားခဲ့ဖူး၏။

Translated by Hein Htet.

All Chapters