အခန်း (၁၉၄)
Vol. 13 Ch. 194
အဘိုးအိုက သက်လတ်ပိုင်းအရွယ် လူကြီး၏ ခံစားချက်များကို အလေးမထားခဲ့ပေ။ သူက အစားအစာများကို ဆက်၍ စားနေပြီး ဤကမ္ဘာကြီးထဲတွင် မည်သူ့ကိုမျှ ဂရုမစိုက်သည့်အလား ကျယ်လောင်စွာ ဝါးစားနေခဲ့သည်။
သူက လှေမိန်းမပျိုလေး၏ ပေါင်ပေါ်သို့ လက်တစ်ဖက်တင်လိုက်ပြီး အပြုံးနှင့် မေးလိုက်၏။
“မိန်းမလှလေး…
မင်းက အစွမ်းထက်တဲ့ ဖိနှိပ်ခြင်းကျောင်းဆောင်ဆိုတာကို ကြားခဲ့ဖူးလား…”
လှေမိန်းမပျိုလေးက ခေါင်းခါပြလိုက်သည်။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ…"
အဘိုးအိုက လှေသမားလေး၏ လုံးဝန်းသော တင်ပါးကို လက်နှင့် အသာအယာပုတ်ပြီး ပြောလိုက်၏။
"ဒါဆိုရင်တော့ ဟောဒီအစ်ကိုကြီးက ရှင်းပြရမှာပေါ့။ ငါတို့ကမ္ဘာကြီးထဲမှာ အမည်မသိ လူတချို့ တည်ဆောက်ထားတဲ့ အရမ်းအဆင့်အတန်းမြင့်တဲ့ ကံကြမ္မာကျောင်းဆောင် (၉) ခု ရှိတယ်။ အဲဒီကျောင်းဆောင်တွေက မတူညီတဲ့နေရာ (၉) ခုမှာ ဖြန့်ဝေထားတယ်။ သူတို့တွေကတော့ တောင်တန်း ဖိနှိပ်ကျောင်းဆောင်၊ တိုင်းပြည် ဖိနှိပ်ကျောင်းဆောင်၊ ပင်လယ် ဖိနှိပ်ကျောင်းဆောင်၊ နတ်ဆိုး ဖိနှိပ်ကျောင်းဆောင်၊ ဝိညာဉ် ဖိနှိပ်ကျောင်းဆောင်၊ အင်မော်တယ် ဖိနှိပ်ကျောင်းဆောင်၊ ဓား ဖိနှိပ်ကျောင်းဆောင်နဲ့ နဂါး ဖိနှိပ်ကျောင်းဆောင်တို့ပဲ။ အဲဒီကျောင်းဆောင်(၈)ခုက တိမ်တိုက်ထဲမှာ မြင့်မားစွာ ရှိနေတယ်။ ပြီးတော့ သူတို့တွေက ကောင်းကင်ကိုတောင် ထိလုမတတ်ဖြစ်နေတဲ့ အရမ်းကြီးကျယ်တဲ့ တည်ဆောက်မှုကြီးတွေပဲ။ ဒါပေမယ့် သူတို့နာမည်မှာတော့ စကားလုံး (၂) ခုပဲ ပါတယ်။ နောက်ဆုံးကျောင်းဆောင်မှာတော့ စကားလုံး (၃) ခု ပါတယ်။ အဲဒါကတော့ အရမ်းကို ထူးဆန်းတယ်…။ ပြီးတော့ အဲဒီအရာကို …”
သက်လတ်ပိုင်းအရွယ်လူကြီးက တူကို အားနှင့် ပစ်ချလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
"တော်လောက်ပြီ ချောင်ကျိ။ မင်းက ခုထိ မပြီးသေးဘူးလား…"
တူကို အားနှင့် ပစ်ချလိုက်သည့်အချိန်တွင် အလှဆင်လှေပေါ်၌ ရှိနေသော လှေသမားများအားလုံးက ထူးဆန်းသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ သူတို့၏အသက်ရှုသံက သက်ရောက်ခဲ့ခြင်းမရှိသလို သူတို့၏လှုပ်ရှားမှုများကလည်း သက်ရောက်ခဲ့ခြင်း မရှိချေ။ သို့သော် သူတို့က ရှေ့တွင် ထိုင်နေသော ဧည့်သည်နှစ်ယောက်ကို မမြင်ရတော့သလို ဖြစ်သွားခဲ့သည်။
"ငါတို့က ဒီနေရာကို ရောက်နေမှတော့ ငါတို့ရဲ့အဆင့်အတန်းတွေ ပေါ်သွားမှာကို စိုးရိမ်နေဖို့ မလိုတော့ဘူး။ မင်း ရှဲ့ရှစ်က လီကျူးသုခဘုံက လူတစ်ယောက်ပဲ။ ဒါကြောင့် တကယ်လို့ မင်းက မင်းရဲ့အဆင့်အတန်းကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်လိုက်မယ်ဆိုရင်တောင် ပိုပြီးတော့ သံသယဝင်စရာ ကောင်းသွားလိမ့်မယ်။ ဒီတော့ မင်းက ဘာကိုမှ ဖုံးကွယ်မထားဘဲ ငါနဲ့အတူ မြို့ငယ်လေးထဲကို လှည့်ပြီး သွားလာသင့်တယ်….”
“မင်းက တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ပြီး မင်းရဲ့အစစ်အမှန်စွမ်းအားကို တာ့လီအင်ပါယာ သိအောင်ပြလိုက်တာက ပိုပြီးတော့ ကောင်းဦးမယ်။ ဒါဆိုရင် မင်းက မြေပြင်ဓားအင်မော်တယ်တစ်ယောက် အထင်သေးခံရတာကိုလည်း ကာကွယ်နိုင်တယ်…"
ထိုစကားကို ပြောလိုက်ပြီးနောက် ချောင်ကျိက ရှဲ့ရှစ်ကို ကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"ပြောကြတာကတော့ ပြည့်စုံကျူပင်ကုန်းမြေကြီးမှာရှိတဲ့ ရှဲ့ရှစ်က အမှန်တရားဆန်ပြီး ရိုးသားတယ်လို့ ပြောကြတယ်။ အမှန်အတိုင်းပြောရရင် မင်းကို ကောင်းကင်ကြီးပေါ်မှာ ရှိနေတဲ့ နေမင်းကြီးနဲ့တောင် နှိုင်းယှဉ်တတ်ကြတယ်။ မင်းက မင်းရဲ့မသိစိတ်ကို ဆန့်ကျင်ပြီး ဘာမှမလုပ်တတ်ဘူး။ နောက်ဆုံးမှာတော့ ဒီတစ်ကြိမ် မင်းရဲ့အသိစိတ်ကို ဆန့်ကျင်တော့မှာလား…"
ချောင်ကျိက ရှေ့ကို အနည်းငယ် ခါးကုန်းလိုက်ပြီး တူကို ယူ၍ ပန်းကန်များထဲတွင် ရှိနေသော ပန်းရောင်အရွက်တစ်ခုကို ကောက်ယူလိုက်သည်။ သူက ထိုအရွက်ကြော်ကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ဆက်ပြောလိုက်၏။
"ဒါက တန်ဖိုးမရှိတဲ့ ကြွေထည်အပိုင်းအစလေးတစ်ခုပဲ မဟုတ်လား။ တကယ်လို့ မင်းသာ ပါးစပ်ဟပြီး ခေါင်းညိတ်လိုက်မယ်ဆိုရင် ငါက ဒီပြဿနာကို ဖြေရှင်းဖို့ မင်းကို ကူညီပေးနိုင်တယ်…"
"ရှဲ့ရှစ်...
ငါက ဒါကို ပြောတဲ့အတွက် ငါ့ကို အပြစ်မတင်ပါနဲ့။ ဒါပေမယ့် ငါတို့တွေက ဒီလောက်အဆင့်မြင့်တဲ့ အခြေအနေမျိုးကို ရောက်နေပြီ။ ဒါပေမယ့် မင်းကတော့ တခြားလူရဲ့ နှာခေါင်းပေါက်နဲ့ အသက်ရှူနေတုန်းပဲ။ မင်းက ဝမ်းနည်းသလို မခံစားရဘူးလား…"
သက်လတ်ပိုင်းအရွယ်လူကြီးက ခနဲ့သလို ပြောလိုက်သည်။
"မင်းက ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိမှာ မကြောက်ဘူးလား။ မင်းရဲ့အသက်ကြွေထည်ကို ဝယ်သွားတဲ့သူက ဂရုဏာတရားရှိပြီး စကားပြောရတာ လွယ်လို့လား…"
ချောင်ကျိက အံ့ဩသွားသော အမူအရာနှင့် ပြောလိုက်သည်။
"ဪ... ဒါကတော့ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ အဘိုးကြီးရှဲ့… ကြည့်ရတာ မင်းက နောက်ဆုံးသတင်းကို မကြားရသေးဘူး ထင်တယ်။ ငါ့ရဲ့ မျိုးဆက်တွေထဲက တစ်ယောက်က သန့်စင်ကွန်ဖြူးရှပ် ချန်းကလန်ရဲ့ မျိုးဆက်တစ်ယောက်နဲ့ တိုက်ရိုက်တိုက်ခိုက်ခဲ့တာကို မကြားသေးဘူးလား။ ချန်းကလန်က တွက်ချက်ပေးဖို့အတွက် လုကလန်က အစွမ်းထက်ပညာရှင်တစ်ယောက်ကို တောင်းဆိုခဲ့တယ်။ ဘာဖြစ်မလဲဆိုတာ မှန်းကြည့်ပါလား…”
“စကားလုံးကြီး (၈) ခု။ ချောမောခန့်ညားတဲ့ ယောကျ်ားနဲ့ လှပတဲ့ မိန်းမ။ ကောင်းကင်ပေါ်မှာ လိုက်ဖက်ညီတဲ့ စုံတွဲ…။ ငါက ဘာကိုမှ အတင်းအကျပ် လုပ်နေတာ မဟုတ်ဘူး။ ဒါက ငါတို့ကုန်းမြေကြီးထဲမှာ တော်တော်ကြီးတဲ့ သတင်းတစ်ခုပဲ…"
ရှဲ့ရှစ်က အေးစက်စွာ ရယ်ပြီး ပြောလိုက်သည်။
"မင်းက ဒီအရာနဲ့ပတ်သက်ပြီး မရှက်ဘူးဆိုရင်လည်း ထားလိုက်တော့။ ဒါပေမယ့် မင်းက ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့ ထင်နေရတာလဲ။ မင်းကို ဘယ်သူက အဲဒီလို မျက်နှာပေးခဲ့လို့လဲ…"
ချောင်ကျိက အလွန်အရေထူလှသည်။ သူက ပြန်ပြောလိုက်၏။
"ငါက ဘာကြောင့် ရှက်ရမှာလဲ။ ငါ့ရဲ့မျိုးဆက်က သူ့ရဲ့စွမ်းရည်ကို အားကိုးပြီး မိန်းမတစ်ယောက်ရဖို့အတွက် လှည့်စားခဲ့တာ။ သူ့ရဲ့ ဘိုးဘေးတစ်ယောက်ဖြစ်မှတော့ ငါက ဝမ်းမသာသင့်ဘူးလား…"
ရှဲ့ရှစ်က လက်ပိုက်လိုက်ပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ပြောစမ်းပါဦး။ မင်းက ငါ့ကို ဘာလို့ ဒီနေရာဆီ ခေါ်လိုက်တာလဲ။ တကယ်လို့ အဲဒီကြွေထည်နဲ့ ပတ်သက်နေမယ်ဆိုရင်တော့ မင်းက ဘာမှပြောဖို့မလိုတော့ဘူး။ ငါက ဘာမှလည်း သဘောတူမှာ မဟုတ်ဘူး။ ဒါက ငါ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်တဲ့အတွက် ငါကိုယ်တိုင်ပဲ ဖြေရှင်းမယ်။ ပြီးတော့ ငါက မင်းကိုလည်း မယုံဘူး.."
ချောင်ကျိက မျက်လုံးမှိတ်ပြီး ပြောလိုက်သည်။
"တကယ့်ကို ကုန်းမြေကြီးတစ်ခုလုံး နာမည်ကျော်ကြားတဲ့ သူရဲကောင်း ရှဲ့ရှစ်ဆိုတဲ့ အတိုင်းပါပဲ။ ကြီးကျယ်ခမ်းနားပြီး အမှန်တရားဆန်တဲ့ မင်းရဲ့အငွေ့အသက်တွေက နေမင်းကြီးထက်တောင် ပိုပြီးတော့ တောက်ပနေသေးတယ်။ ငါက ငါ့မျက်လုံးကို အလျင်အမြန် ပိတ်ဖို့ လိုအပ်နေပြီ။ မဟုတ်ရင် ငါက ဒီအလင်းရောင်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး…"
သူ၏ လက်ကောက်ဝတ်တွင် ရှိနေသော အစိမ်းရောင်ကြိုးလေးက နောက်တစ်ကြိမ် ပေါ်လာခဲ့သည်။
ချောင်ကျိက မြေပြင်ဓားအင်မော်တယ်များထဲတွင် ထူးချွန်မှုမရှိကြောင်း တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီးထဲတွင် ရှိနေသော လူတိုင်းက သိနေကြသည်။ သို့သော် အင်မော်တယ်လက်နက်တစ်ခုဖြစ်သော သူ့ဓားက ကုန်းမြေကြီးထဲတွင် ထိပ်ဆုံး (၁၀) ယောက်ထဲ စာရင်းဝင်ရန် လုံလောက်အောင် အစွမ်းထက်သည်။
အမှန်အတိုင်းပြောရလျှင် ချောင်ကျိ၏ လက်ကောက်ဝတ်တွင် ရစ်ပတ်နေသည်မှာ စွမ်းအားများ အပြည့်နှင့် စီးဆင်းနေသော မြစ်ရေများ ဖြစ်သည်။ ထိုမြစ်ရေက ချောင်ကျိ၏ ဓားလည်းဖြစ်၏။ ထိုအရာက လျှို့ဝှက်ချက်တစ်ခု မဟုတ်ချေ။ ထိုအရာက တခြားကုန်းမြေကြီးမှ သတင်းတစ်ခုဖြစ်သည်ကိုပင် ရှဲ့ရှစ်က ကြားဖူးထားသည်မှာ ကြာခဲ့ပါပြီ။
ထိုသို့ဆိုရာတွင် သူက မေးလိုက်သေး၏။
"မင်းက တိုက်ခိုက်ပြီးမှပဲ ပါးစပ်ပိတ်မှာလား…"
ချောင်ကျိက ဆက်၍ စားသောက်နေခဲ့သည်။ သူက ခေါင်းကို လက်နှင့် ပုတ်ပြီး ပြောလိုက်၏။
"တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီးထဲမှာရှိတဲ့ လူတွေက ပြောကြတယ်။ ငါ့ရဲ့ စိတ်နေစိတ်ထားက မသေချာသလို ထူးဆန်းတယ်တဲ့ ။ ရှဲ့ရှစ်... မင်းက ငါ့လိုလူတစ်ယောက်နဲ့ ပေါင်းဖို့ အရမ်းခက်တယ်လို့ ခံစားနေရတာလား…"
ရှဲ့ရှစ်က မျက်လုံးမှိတ်လိုက်ပြီး အနားယူနေခဲ့သည်။ အလှဆင်လှေပေါ်သို့ ဧည့်သည်တစ်ယောက် တက်လာပြီး အလုပ်လုပ်ရန် သဘောတူလိုက်သည့်အချိန်တိုင်း လှေမိန်းမပျိုလေး တစ်ယောက်က လှေဦးတွင် ချိတ်ထားသော မီးအိမ်လေးကို ဖယ်ရှားရသည်။ ထိုအရာက အလှဆင်လှေပေါ်တွင် လူပြည့်နေပြီး နောက်ထပ်ဧည့်သည် လက်မခံကြောင်း အချက်ပြလိုက်ခြင်းလည်း ဖြစ်၏။
ချောင်ကျိက သူ၏ တူနှစ်ချောင်းကို ဝှေ့ယမ်းပြီး ဆက်ပြောလိုက်သည်။
"မင်းက မှားတယ်။ အရမ်းမှားတယ်။ ဒီကမ္ဘာကြီးထဲမှာ ပေါင်းဖို့ အခက်ဆုံးလူတွေက ရှဲ့ရှစ်ဆိုတဲ့ မင်းလို လူမျိုးတွေပဲ။ မင်းလို လူမျိုးတွေနဲ့ ရင်ထဲကအတိုင်း စကားပြောဖို့ အရမ်းခက်လွန်းတယ်…"
ရှဲ့ရှစ်က မျက်လုံးမဖွင့်ဘဲ ပြောလိုက်သည်။
"ငါ့ရဲ့စိတ်ရှည်မှုက ကန့်သတ်ချက် ရှိတယ်…"
ချောင်ကျိက မျက်ခုံးပင့်၍ ပြောလိုက်၏။
"ကောင်းပြီလေ။ ဒါဆိုရင်တော့ လိုရင်းကိုပဲ ပြောကြမယ်။ လူတစ်ယောက်က တာ့လီအင်ပါယာရဲ့ စုန့်ကလန် တိုးတက်လာတာကို မမြင်ချင်ဘူး။ မင်း ရှဲ့ရှစ်ကတော့ ကတိတစ်ခု ပေးထားခဲ့တဲ့အတွက် ရွေးချယ်စရာ မရှိတော့ဘဲ ဒီနေရာကို ထွက်လာရတယ်။ အမှန်အတိုင်းပြောရရင် ဒီအတွက်ကြောင့် မင်းက ကျောက်စက်ပန်းဆွဲတောင်ကို သွားဖို့ ခရီးကတောင် နှောင့်နှေးသွားရတယ်…"
“သန့်စင်ကွန်ဖြူးရှပ် ချန်းကလန်က ကျင့်ကြံခြင်း၏ သဘာဝကို မလိုက်နာတာ ကံဆိုးတာပဲ။ ဒီအတွက်ကြောင့် သူတို့က တာ့လီအင်ပါယာပေါ် ဆိုးရွားတဲ့ ထင်မြင်ချက်တစ်ခု ရှိနေတယ်။ ဒါပေမယ့် အခုအချိန် ဘယ်လိုအကြောင်းပြချက်မျိုးကြောင့်ပဲဖြစ်ဖြစ် သူတို့ရဲ့စိတ်က ပြောင်းသွားနိုင်တယ်..”
“ဒါက ငါ ဂရုစိုက်တဲ့အရာတစ်ခုလည်း မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သန့်စင်ကွန်ဖြူးရှပ် ချန်းကလန်က လုံဝေတိုင်းပြည် ချန်းကလန်ဆိုတဲ့ နာမည်ကို သုံးပြီး မြို့ငယ်လေးထဲမှာ သီးသန့်ကျောင်းတစ်ခု တည်ဆောက်နေတယ်။ ဒါပေမယ့် သူတို့က ငါ့ကိုတော့ ဒီနေရာဆီလွှတ်ပြီး ခရီးရှည်ကြီးတစ်ခု သွားခိုင်းနေတယ်။ ဒီခရီးက ငါ့ရဲ့မျိုးဆက်အတွက် ချန်းကလန်ကို လက်ဆောင်ပေးတယ်လို့ သတ်မှတ်နိုင်တယ်။ ငါ့ရဲ့တာဝန်ကတော့ မင်းကို တားဆီးဖို့ပဲ။ ငါက အသေးစိတ် ဘယ်လိုလုပ်ရမလဲဆိုတာ မသိပေမယ့် ငါ ဒီကို ရောက်နေမှတော့ မင်းကို ဆက်ပြီးတော့ စောင့်ကြည့်ရမယ်.."
ရှဲ့ရှစ်က မျက်လုံးမဖွင့်သေးပေ။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး မေးလိုက်၏။
"မင်းက ငါ့ကို တားနိုင်မှာ သေချာရဲ့လား…"
နောက်ဆုံးတွင်တော့ ချောင်ကျိက စားသောက်ဖွယ်ရာအားလုံးကို စားပြီးသွားသည့်အတွက် တူနှစ်ချောင်းကို ပြန်ချလိုက်သည်။ သူက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
"ငါက မင်းကို အနိုင်ရမရတော့ မသေချာဘူး။ ဒါပေမယ့် မင်းကို သေချာပေါက် တားနိုင်မယ်ဆိုတာတော့ ပြောနိုင်တယ်…"
ရှဲ့ရှစ်က ရုတ်တရက် မျက်လုံးဖွင့်ပြီး လှည့်ကြည့်လိုက်သည်။
နောက်ကျောတွင် သို့မဟုတ် ခါးတွင် ဓားတစ်ချောင်းမရှိသော လူငယ်ဓားသမား တစ်ယောက် ရှိသည်။ ထိုအစား သူ့ဓားက သူ့ ရှေ့တည့်တည့်တွင် ရှိနေပြီး ထိုလူငယ်က ဒူးတစ်ဖက်ကို ကြမ်းပြင်တွင် ထောက်ထားခဲ့၏။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေပြီး ရှဲ့ရှစ်ကို စိုက်ကြည့်နေခဲ့သည်။
ထိုလူက ‘လှပသောရေ၊ အဆင့်မြင့်သော လေလှိုင်း’ဟူသော ဆိုင်းဘုတ်ရှိနေသည့် သရဲမ၏ စံအိမ်ရှေ့တွင် ပေါ်လာခဲ့သော လူငယ်လည်း ဖြစ်သည်။ သူ့ဓားကို ဓားအိမ်ထဲမှ တစ်လက်မခန့် ဆွဲထုတ်လိုက်ရုံနှင့် သူက အလွန်သေးငယ်သော တောင်တန်းတစ်ခုကို ဆင့်ခေါ်နိုင်ပြီး မြေပြင်ဓားအင်မော်တယ် ဝေ့ကျင်း၏ ကြောက်စရာကောင်းသော ဓားသိုင်းကွက်ကို တားဆီးနိုင်ခဲ့သည်။
ထိုလူက အိုက်လျန်ကို တွေ့ခဲ့ပြီး ဖယောင်းတိုင်နီမြို့ထဲတွင် သူနှင့်အတူ အရက်သောက်ခဲ့သည်။ ပန်းထိုးမြစ်ပေါ်တွင် လှေပေါ်၌ သွားလာနေစဉ် အတောအတွင်း သူက ချန်ပင်အန်းကိုလည်း နှုတ်ဆက်ခဲ့သေး၏။ ထိုအချိန်တွင် ချန်ပင်အန်းက သူ့ဘဝတွင် ပထမဆုံးအကြိမ် လက်သီးဆုပ်၍ နှုတ်ဆက်ခဲ့ခြင်း ဖြစ်ပုံရသည်။ အဆုံးတွင်တော့ သူက သွားစားပွဲတောင်ပေါ်မှ ဝေ့ပိုကို သူ၏ လက်ဟောင်းငယ်သား လျှိုယုနှင့်အတူ လုံချွမ်းတိုင်းပြည်ထဲသို့ ခေါ်ဆောင်လာခဲ့သည်။
မိန်းကလေးချူး၏ စံအိမ်ရှေ့တွင် ရပ်နေခဲ့သည့်အချိန်၌ နတ်ဘုရားစင်မြင့် ဝေ့ကျင်းကပင် သူ့ကို မိုအတွေးအခေါ်ဂိုဏ်းမှ လူဟု ခေါ်ခဲ့သည်။
…………..
ချန်းပင်အန်းက ထိုနေရာတွင် ထိုင်နေပြီး သစ်သားဓားကို အချိန်တော်တော်ကြာ စိုက်ကြည့်နေခဲ့သည်။ အဆုံးတွင်တော့ မည်သို့ဖြစ်စေကာမူ သူ့စိတ်ကို တည်ငြိမ်အောင် မထားနိုင်တော့ပေ။ စာဖတ်ခြင်းကလည်း အသုံးမဝင်သလို စာရေးလေ့ကျင့်ခြင်းကလည်း အသုံးမဝင်ပေ။ လမ်းလျှောက်ကျင့်စဉ်နှင့် မတ်တတ်ကျင့်စဉ်တို့ကပင် အလုပ်မဖြစ်ခဲ့ပေ။
ထို့ကြောင့် ချန်းပင်အန်းက သူ၏ ဝါးခြင်းထောင်လေးကို ယူပြီး သစ်သားဓားကို ထည့်၍ သူ့အိမ်ထဲမှ ထွက်လာခဲ့၏။ သူက လော်ပိုတောင်သို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။ သူက ဝါးအဆောက်အဦး၏ရှေ့တွင် ပေါ်လာသည့်အချိန်၌ စိမ်းပြာဝတ်ကောင်လေးနှင့် ပန်းရောင်ဝတ်ကလေးမလေးတို့ နှစ်ယောက်လုံးက အလွန်အံ့ဩနေကြသည်။
ချန်းပင်အန်းက ဒုတိယထပ်သို့ တက်သွားပြီးနောက် စိတ်က ချက်ချင်းပင် တည်ငြိမ်အေးချမ်းသွားခဲ့သည်။
ပန်းရောင်ဝတ် ကလေးမလေးက သူ့နောက်မှ လိုက်သွားချင်နေသော်လည်း စိမ်းပြာဝတ်ကောင်လေးက သူမ၏ ပုခုံးကို ကိုင်၍ တီးတိုးပြောလိုက်၏။
"နင်က အရူးလား။ ဆရာက ခံစားချက်မကောင်းဘူးဆိုတာ မမြင်ဘူးလား…"
ပန်းရောင်ဝတ် ကလေးမလေးက အနည်းငယ် အံ့ဩသွားခဲ့သည်။ စိမ်းပြာဝတ် ကောင်လေးက သူမကို ခေါ်လာပြီး ပထမထပ်တွင် ရှိနေသော ဝါးထိုင်ခုံငယ်လေးပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ ထို့နောက် သူက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
"ဆရာ့ရဲ့ စိတ်နေစိတ်ထားကို ထည့်သွင်းစဉ်းစားကြည့်လိုက်မယ်ဆိုရင် သူ့ကို ဒီလိုမမူမမှန်တဲ့ ခံစားချက်မျိုး ဖြစ်သွားအောင် လုပ်နိုင်တာ အခြေအနေ (၂) မျိုးပဲ ရှိတယ်…"
ပန်းရောင်ဝတ်ကလေးမလေးက သူ့စကားကို သေချာအာရုံစိုက်၍ နားထောင်နေခဲ့သည်။
စိမ်းပြာဝတ်ကောင်လေးက လက်ညှိုးတစ်ချောင်းထောင်ပြပြီး ပြောလိုက်၏။ "ပထမဆုံး အမျိုးအစားကတော့ ငွေကြေးဆုံးရှုံးလိုက်ရတာပဲ။ တော်တော်များတဲ့ ပမာဏကို ဆုံးရှုံးလိုက်ရတာ…"
ပန်းရောင်ဝတ် ကလေးမလေးက ထိုအချက်ကို သဘောတူသည်။
စိမ်းပြာဝတ်ကောင်လေးက အပြုံးနှင့် ဆက်ပြောလိုက်၏။
"ဒုတိယအချက်ကတော့ တကယ်လို့ ဆရာက ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရတာပဲ။ ဥပမာအနေနဲ့ပြောရရင် အိပ်ရာထဲမှာ တစ်ယောက်တည်း လဲှနေချိန် သူက ရွမ်ရှို့ဆီကို သွားပြီး သူ့ကို ချစ်ခွင့်ပန်ဖို့ အတွေးတွေ ရုတ်တရက် ပေါ်လာတာမျိုး ဖြစ်နိုင်တယ်။ ဒါပေမယ့် သူ့ကို ရွမ်ရှို့က ငြင်းဆန်လိုက်တာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူကြိုက်တဲ့ မိန်းကလေး တစ်ယောက်ကို တွေ့တဲ့အချိန်မှာ သူ့ရဲ့ကံတရားကို စမ်းသပ်ကြည့်ဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်။ သူက အဲဒီမိန်းကလေးကို နမ်းချင်တာ ဒါမှမဟုတ် သူ့ကို ဖက်ဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်။ အဆုံးမှာတော့ သူ့ကို ရွမ်ရှို့က ပါးရိုက်လိုက်တာ ဒါမှမဟုတ် တဏှာရူးလို့ ခေါ်လိုက်တာ ဖြစ်နိုင်တယ်။ ဒါကြောင့် ဆရာက ဒေါသထွက်နေပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ဖို့အတွက် ဝါးအဆောက်အဦးဆီကို လာတာ.."
ပန်းရောင်ဝတ်ကလေးမလေးက လက်မခံဘဲ ပြန်ပြောလိုက်၏။
"ဆရာက အဲဒီလို လူမျိုး မဟုတ်ဘူး…"
စိမ်းပြာဝတ်ကောင်လေးက သက်ပြင်းချပြီး ပြောလိုက်၏။
"နင်က ငါတို့ယောကျ်ားတွေကို နားမလည်ပါဘူး…"
ချန်းပင်အန်းက ဝါးအဆောက်အဦး၏ ဒုတိယထပ်တွင် တင်ပျဉ်ခွေထိုင်ပြီး လေသာဆောင်မှနေ၍ အဝေးကို ငေးကြည့်နေခဲ့သည်။ သစ်သားဓားလေးက သူ၏ ဒူးပေါ်တွင် ရှိနေခဲ့၏။
သူက ငွေရောင်ဓားလေးကို ထုတ်ယူပြီး ထိုအရာကို ငုံ့ကြည့်လိုက်သည်။ ရွှံ့ပုလင်းလမ်းကြားလေးထဲတွင် ထူးထူးခြားခြား လှုပ်ရှားခဲ့သည်နှင့် ယှဉ်လိုက်မည်ဆိုလျှင် ယခုတော့ ထိုဓားလေးက အသက်မရှိသော အရာတစ်ခုကဲ့သို့ ဖြစ်နေသေး၏။
ဘာကြောင့်မှန်း မသိသော်လည်း ချန်းပင်အန်းက အလွန်တည်ငြိမ်အေးချမ်းသော အခြေအနေကို ရောက်သွားခဲ့သည်။ အမှန်အတိုင်းပြောရလျှင် သူက လက်သီးသိုင်း လေ့ကျင့်ခဲ့သည့်အချိန်ကထက်ပင် သူ့စိတ်က ပို၍ တည်ငြိမ်အေးချမ်းနေခဲ့၏။
ချန်းပင်အန်းက နောက်တစ်ကြိမ် မော့ကြည့်လိုက်ပြီး ဓားငယ်လေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်၍ တည်ငြိမ်စွာ ပြောလိုက်၏။
"တကယ်လို့ ပစ္စည်းတစ်ခုက ငါ ပိုင်တာ မဟုတ်ဘူးဆိုရင်တော့ ငါက ပိုင်ရှင်ကို ရှာပြီး ပြန်ပေးမှာပါပဲ။ တကယ်လို့ ငါ ပိုင်တဲ့အရာဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ငါက ယူထားရလိမ့်မယ်။ ငါက ဘယ်ကိုမှလည်း ပေးမသွားနိုင်ဘူး။ အဲဒီအရာက ကမ္ဘာ့အဆုံးကို ထွက်ပြေးမယ်ဆိုရင်တောင် ငါက လိုက်ပြီးတော့ ပြန်ယူမှာပဲ…"
ငွေရောင်ဓားလေးက တဖြည်းဖြည်းပူနွေးလာပြီး သိပ်မကြာခင် အတော်လေးကို ပူလောင်လာခဲ့သည်။ ချန်းပင်အန်းက အံကြိတ်ပြီး လက်နှင့် ဆက်၍ ကိုင်ထားခဲ့၏။ ထိုအချိန်တွင် တခြားလက်တစ်ဖက်ကိုတော့ သူက သစ်သားဓားပေါ်သို့ တင်ထားပြီး ထိုအရာကို စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တစ်ခုအဖြစ် အသုံးချနေခဲ့၏။ အဆုံးတွင်တော့ သူက ဓားသွားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိခဲ့သည်။ သူ့လက်ကတော့ အလွန်မင်းကို နီရဲနေခဲ့၏။
ထိုအရာက အလွန်ပြင်းထန်သော နာကျင်မှုတစ်ခု ဖြစ်သည်။ ထိုနာကျင်မှုက သူ၏ စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေခဲ့၏။ ခန္ဓာကိုယ်နာကျင်မှုအပြင် ဓားငယ်လေးကြောင့် ရသော နာကျင်မှုက သူ၏ စိတ်နှင့် နှလုံးသားထဲသို့ သံရည်ပူများ လောင်းချလိုက်သကဲ့သို့ အလွန်ကြောက်စရာကောင်းလှသည်။
ရပ်တန့်ခြင်း (၁၈)သွယ်ကျင့်စဉ်က ဓားချီစွမ်းအင်များကို လှည့်ပတ်ရန် အသုံးချရသော ကျင့်စဉ်တစ်ခု ဖြစ်သည်။ ထိုအရာက အလိုလို လည်ပတ်လာခဲ့၏။ ချန်းပင်အန်း၏ သွေးကြောမှတ်များက နောက်တစ်ကြိမ် ပိတ်မိနေသည့်အတွက်ကြောင့် သူက ထိုအရာကို ဆက်၍ ကိုင်ထားနိုင်ပြီး တဖြည်းဖြည်း ပူလောင်လာသော ဓားငယ်လေး၏ အပူရှိန်ကြောင့် တစ်ကိုယ်လုံး တုန်ခါနေခဲ့သည်။
ထိုမတိုင်ခင် ချန်းပင်အန်းက (၆) ခုမြောက်နှင့် (၇) ခုမြောက်နေရာများတွင် ပိတ်မိနေခဲ့သည်။ သူက မည်မျှကြိုးစားစေကာမူ ထိုအတားအဆီးကို ဖြတ်ကျော်နိုင်ခြင်း မရှိချေ။ သူက လက်သီးသိုင်းနှင့် ကျင့်ကြံမှုကို မည်မျှလုပ်ဆောင်စေကာမူ အကျိုးမထူးခဲ့ပေ။ ထိုနည်းလမ်းများတစ်ခုမျှလည်း အသုံးမဝင်ခဲ့ပေ။ ရလဒ်အနေနှင့် သူက နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခြင်း မရှိခဲ့သည်မှာ ကြာခဲ့ပါပြီ။
နာကျင်သွားသော ခံစားမှုများ လျော့ကျစေရန်အတွက် ပြင်းပြင်းထန်ထန် လှုပ်ရှားနေသော ချန်းပင်အန်းက တခြားသော အတွေးများကို တွေးရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။
သူက ချွေးတုံရှန်း ကျယ်လောင်စွာ ရွတ်ဆိုခဲ့သော ကွန်ဖြူးရှပ်ကျမ်းစာများကို ပြန်လည်စဉ်းစားကြည့်နေခဲ့၏။ သူက လူငယ်တာအိုသခင် လုချန်း သူ့အတွက် ရေးသားပေးခဲ့သော ဆေးအညွှန်းစာရွက်ထဲမှ လက်ရေးပုံစံကို စဉ်းစားကြည့်နေခဲ့၏။ သူက ဆန်းကြယ်သောကျင့်စဉ်များစွာကို ဖျက်ဆီးပစ်နိုင်သည့် ဖုန်းရွှယ်ကျောင်းတော်မှ ဝေ့ကျင်း၏ ဓားသိုင်းကွက်ကို ပြန်လည်စဉ်းစားမိနေခဲ့သည်။ သူက ရွှံ့ပုလင်းလမ်းကြားထဲတွင် တိုက်ခိုက်ခဲ့သည့် အလွန်ထူးခြားသော တိုက်ပွဲအကြောင်းကို စဉ်းစားမိနေပြီး နွေဦးသစ်ရွက်နှင့် ဆောင်းဦးလေပြေတို့ကို တိုက်ခိုက်ခဲ့သော ဓားပျံလေးကိုလည်း တွေးကြည့်မိနေခဲ့သည်။
သူက အကြောင်းအရာများစွာကို တွေးမိနေခဲ့သော်လည်း နာကျင်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိသေးပေ။ ချန်းပင်အန်း၏ လက်က သွေးများ ပေပွနေသည့်အပြင် သူ၏ကိုယ်တွင်းပေါက်များထဲမှနေ၍ သွေးများ ထိန်းချုပ်၍ မရနိုင်စွာ စီးကျလာခဲ့သည်။
သူ၏ သွေးကြောမှတ်များအားလုံး ပွင့်ထွက်လာပြီး အပေါက်များထဲမှနေ၍ သွေးများ စီးကျလာခဲ့၏။ အဆုံးတွင်တော့ သွေးစက်လေးများက များစွာသော ပုလဲလုံးလေးများကဲ့သို့ စုစည်းလာခဲ့သည်။ ထိုအရာက အလွန်ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။
ချန်းပင်အန်းက အပေါ်ယံတွင်သာ အလွန်ဆိုးရွားနေသလို ထင်မှတ်ရသော်လည်း သူ့ခန္ဓာကိုယ်ထဲတွင်တော့ ပို၍ပင် အခြေအနေဆိုးနေသေးသည်။ မြင်းတပ်ဖွဲ့တစ်ခုက သူ၏သွေးကြောများထဲတွင် ရှိနေသော သွေးကြောများထဲတွင် ဖြတ်သန်းသွားလာနေသလို ထင်မှတ်ရ၏။
အဆုံးတွင်တော့ ချန်းပင်အန်းက မိန်းကလေးတစ်ယောက်ကို တွေးမိသွားခဲ့၏။ သူ့စိတ်ထဲတွင် ပြုံးမိခဲ့သည်။ သူက စိတ်ထဲတွင်သာ ပြုံးနိုင်တော့၏။ အဘယ်ကြောင့်ဆိုသော် သူ့မျက်နှာက တောင့်တင်းနေသည့်အတွက် မပြောင်းလဲနိုင်တော့ခြင်းကြောင့် ဖြစ်သည်။
ချန်းပင်အန်းက ထိုနာကျင်မှုကို တိတ်တဆိတ် သည်းခံနေခဲ့၏။ စလာသည့်အချိန်မှ ယခုအချိန်ထိအောင် လုံးဝ မအော်ခဲ့ပေ။ သူ၏ သိစိတ်က တဖြည်းဖြည်း စတင်လျော့ကျလာပြီး အိပ်တစ်ဝက် နိုးတစ်ဝက်အခြေအနေနှင့် ချန်းပင်အန်းက နာမည်များကို တစ်ခုပြီးတစ်ခု မှတ်မိလာခဲ့သည်။
သူနှင့် ကြုံတွေ့ခဲ့ရသော လူများ၏ ပုံရိပ်များကို ပြန်မြင်လာရသည့်အလား ထိုပုံရိပ်များက သူ့ခေါင်းထဲတွင် ပို၍ ရှင်းလင်းလာခဲ့၏။ သူနှင့် မရင်းနှီးသောသူများ၏ ပုံရိပ်များကလည်း ခဏခဏပေါ်လာနေခဲ့သည်။ ထိုအထဲတွင် သူ သဘောကျသောသူများ၊ သူ လေးစားသောသူများ၊ သူ အားကျသောသူများ၊ သူ ကြောက်ရွံ့သောသူများ၊ သူ ရွံမုန်းသောသူများ၊ သူ မကြိုက်သောသူများ၊ သူ သနားသောသူများ၊ သူ မုန်းတီးသောသူများနှင့် သူ နားမလည်နိုင်သောသူများ ပါဝင်ကြသည်။
“ဒုတ်ဒုတ်... ဒုတ်ဒုတ်... ဒုတ်ဒုတ်...”
လူတစ်ယောက်က လူငယ်လေး၏ နှလုံးသားတံခါးကို ခေါက်လိုက်သလို ဖြစ်နေခဲ့သည်။ သူတို့က သူ့ဆီမှ တစ်စုံတစ်ခုကို တောင်းဆိုနေသလို ထင်မှတ်ရ၏။ သူ့ရင်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာခဲ့သည်။
သူ၏သိစိတ် သေးသေးလေးက အရှုံးကို လက်မခံဘဲ ဆက်၍ ထိန်းထားနေသည့်အချိန်တွင် လူငယ်လေးက သူ၏နှလုံးသားထဲမှ အသံနှင့်အတူ ထိုမေးခွန်းကို ပြန်ဖြေနိုင်ခဲ့သည်။ ထိုအရာက သူကိုယ်တိုင်ပင် မသိလိုက်သော အဖြေတစ်ခု ဖြစ်၏။
လူသားများ၏ အစွမ်းက ကန့်သတ်ချက် ရှိသည်။ ချန်းပင်အန်းက နာကျင်မှုကို နောက်ထပ် ခံနိုင်ရည် မရှိတော့ပေ။ သူက နောက်ပြန်လဲကျသွားခဲ့ပြီး ခေါင်းက အစိမ်းရောင်ဝါးကြမ်းခင်းပေါ်သို့ ပစ်လဲသွားခဲ့၏။
ထို့ကြောင့် သူက ယာယီသတိပြန်ဝင်လာခဲ့သည်။ သူက သူ၏ ဗိုက်ထဲတွင် ဖြစ်ပေါ်နေသော ထူးဆန်းသည့် အခြေအနေတချို့ကို ရုတ်တရက် ခံစားမိလိုက်သည်။ လူသားတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ကမ္ဘာငယ်လေးတစ်ခု ရှိသည်။ ဓားတစ်လက်၏အသံက ထိုအရာကို ဆန့်ကျင်၍ ထွက်ပေါ်လာနေခဲ့၏။
Translated by Hein Htet.