← Chapters

အခန်း (၁၉၅)

Vol. 13 Ch. 195

အခန်း (၁၉၅)

Vol. 13 Ch. 195

ချန်းပင်အန်း သတိလစ်သွားပြီးနောက် စိမ်းပြာဝတ်ကောင်လေးက ပန်းရောင်ဝတ် ကလေးမလေး၏ တံတောင်စစ်ကို လွှတ်ပေးလိုက်ပြီး သူတို့က ဒုတိယထပ်၏ လှေကားထစ်ပေါ်တွင် မတ်တပ်ရပ်လိုက်ကြသည်။

ကလေးမလေးက အပေါ်ထပ်သို့ ပြေးတက်သွားခဲ့ပြီး သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေခဲ့၏။ သူမက ထိန်းချုပ်၍ မရနိုင်စွာ ငိုယိုနေခဲ့ပြီး ချန်းပင်အန်း၏ သွေးကြောကို စစ်ဆေး၍ သူ၏စိတ်ဝိညာဉ်ကို သေချာကြည့်ခဲ့သည်။

သူမက ပြန်လှည့်လာပြီး တအိအိ ငိုရှိုက်နေခဲ့၏။

“ဘာလို့ နင် ငါ့ကို တားခဲ့ရတာလဲ။ နင်က ကျေးဇူးမသိတတ်တဲ့ကောင်၊ သွေးအေးတဲ့ကောင်ပဲ။ တကယ်လို့ ဆရာသာ သေသွားမယ်ဆိုရင် ငါ နင်နဲ့ သူသေကိုယ်သေ တိုက်ခိုက်မယ်…”

စိမ်းပြာဝတ်ကောင်လေးက အေးစက်ပြီး ခံစားချက်ကင်းမဲ့နေသယောင် ထင်မှတ်ရသည်။ သူက ပြောလိုက်၏။

“ငါ နင့်ကို အရူးမလေးလို့ခေါ်တယ်။ ဒါပေမဲ့ နင်ကတော့ အခုထိ ဝန်မခံချင်သေးဘူး။ တကယ်လို့ နင်သာ မထင်မှတ်ထားဘဲ ချန်းပင်အန်းရဲ့ ချီလှည့်ပတ်မှုကို မဆင်မခြင် နှောင့်ယှက်လိုက်မယ်ဆိုရင် သူက ဓားချီစွမ်းအင်တွေရဲ့ ရန်သူအဖြစ် သတ်မှတ်ခံရလိမ့်မယ်…”

“အဲဒီအချိန်ကျရင် သူက မသေမရှင်ဖြစ်သွားမဲ့အပြင် ချန်းပင်အန်းရဲ့ တာအိုအကူအညီကလည်း သိသိသာသာ ပျက်စီးသွားရလိမ့်မယ်။ အမှန်အတိုင်း ပြောရရင် နင်က သူ့ကို သတ်မိမလိုတောင် ဖြစ်လိမ့်မယ်။ ဒါက အရမ်းကောင်းတဲ့ အခွင့်အရေးတစ်ခုပဲ။ ဒါပေမဲ့ နင်ကတော့ ဒုက္ခကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်တယ်…”

ပန်းရောင်ဝတ် ကလေးမလေးက နှလုံးသားကွဲကြေနေသော အမူအရာနှင့် ငိုယိုနေရင်း တိုးတိုးပြောလိုက်သည်။

“ဆရာ့ရဲ့တစ်ကိုယ်လုံးမှာ သွေးတွေ ပေနေပြီ။ ဆရာက သေခါနီးနေပြီလေ။ အခု နင်က ပျော်နိုင်ပြီလား။ ငါက မယုံဘူး။ နင်က ဆရာ့ရဲ့ မြွေကျောက်တုံးတွေကို လိုချင်နေတယ်ဆိုတာ ငါ သိတယ်။ ဆရာက နင့်ကို လုံးဝ အိမ်ခေါ်မသွားသင့်ဘူး။ နင်က တော်တော်လေးကို ကျေးဇူးတရားမဲ့ပြီး အသိတရားမရှိတာပဲ။ ဆရာကတော့ ငါတို့အပေါ် အရမ်းကောင်းတယ်။ ဒါပေမဲ့ နင်ကတော့…”

စိမ်းပြာဝတ်ကောင်လေးက အနည်းငယ်ခုန်လိုက်ရာ အစိမ်းရောင်ဝါးလက်ရမ်းပေါ်တွင် ထိုင်ပြီး အောက်ကို ခုန်ချ၍ ပြောလိုက်သည်။

“ချန်းပင်အန်း သေတာရှင်တာက နင့်အပေါ် မူတည်နေတာ မဟုတ်ဘူး။ နင့်ရဲ့ကျင့်စဉ် အဆင့်လေးနဲ့ နင်က ဘာသိလို့လဲ…”

ကလေးမလေး၏ ငိုရှိုက်သံက တဖြည်းဖြည်း တိုးသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ချန်းပင်အန်း၏ ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားနေသော ချီစွမ်းအားအမျှင်နှစ်ခု၏ ပြောင်းလဲမှုကို တွေ့ခဲ့ရခြင်းကြောင့်ဖြစ်သည်။ ပထမတွင်တော့ သူတို့က ပြင်းထန်ပြီး ကြောက်စရာကောင်းသော်လည်း တဖြည်းဖြည်းနှင့် အစီအစဉ်ကျပြီး တည်ငြိမ်လာခဲ့သည်။

ထိုအရာက တောင်တန်းနှင့် မြစ်များ ပေါင်းဆုံသကဲ့သို့ ဖြစ်နေခဲ့၏။ အစတွင် ထိုအရာနှစ်ခုက အချင်းချင်း တိုက်ခိုက်နေကြပြီး လှိုင်းလုံးကြီးများ ထွက်ပေါ်လာစေသော်လည်း ကြောက်စရာကောင်းသော သဘာဝက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တည်ငြိမ်အေးချမ်းသည့် အခြေအနေကို ပြောင်းလဲသွားနိုင်၏။ အလားတူစွာပင် နာကျင်မှုများကြောင့် ပြင်းပြင်းထန်ထန် လှုပ်ရှားနေသော ချန်းပင်အန်း၏ စိတ်ဝိညာဉ်က စတင်အနည်ထိုင်လာခဲ့၏။

သူ၏ နာနာကျင်ကျင်အော်သံများကလည်း တိုးတိုး ညည်းညူသံများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ချန်းပင်အန်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး နီကျင့်ကျင့် မျက်နှာလေးပေါ်တွင် လှုပ်ရှားနေသော အမူအရာက ဖြည်းညင်းစွာ လျော့ကျသွားပြီး ပုံမှန်ပြန်ဖြစ်လာခဲ့သည်။ အဆုံးတွင်တော့ ထိုကောင်လေးက လူတစ်ယောက်၏ ရင်ခွင်ထဲတွင် အိပ်စက်နေသော ကလေးငယ်လေးတစ်ယောက်ကဲ့သို့ ဖြစ်လာခဲ့၏။

ပန်းရောင်ဝတ် ကလေးမလေးက အလွန်ဝမ်းသာသွားခဲ့ပြီး သူမ၏မျက်နှာပေါ်တွင် မျက်ရည်စများ ပြည့်နှက်နေခဲ့သည်။ သူမက စိမ်းပြာဝတ်ကောင်လေးကို ပြန်လှည့်ကြည့်လိုက်ပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။

“ဆရာ အဆင်ပြေသွားပြီ။ သူက အမှန်တကယ် အိပ်ပျော်သွားရုံလေးပဲ…”

စိမ်းပြာဝတ်ကောင်လေးက မျက်ခုံးပင့်ကြည့်လိုက်၏။ သူက မတ်တပ်ရပ်လိုက်ပြီး လက်ရမ်းကို လမ်းကြောင်းအဖြစ် ပြောင်းလဲ၍ စတင်လှည့်ပတ်နေခဲ့သည်။

ချန်းပင်အန်း သတိလစ်သွားပြီးနောက် ပန်းရောင်ဝတ် ကလေးမလေးက အရာအားလုံး ဆုံးရှုံးသွားသလို ဖြစ်နေခဲ့သည်။ သူမက စိမ်းပြာဝတ်ကောင်လေးကို လှည့်ကြည့်ပြီး မေးလိုက်၏။

“အခု ငါတို့က ဘာလုပ်သင့်လဲ…”

စိမ်းပြာဝတ်ကောင်လေးက တိတ်ဆိတ်နေပြီး လက်ရမ်းအတိုင်း ရှေ့နှင့်နောက် လျှောက်နေခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် သူလည်း အခြေအနေပေါ် နားလည်မှုများက ဝေဝါးနေသေးသည်။ ထို့ကြောင့် သူက ဘာလုပ်သင့်လဲ ဟူသည့်အရာကို ကောက်ချက်မကျရဲပေ။

သူက ချန်းပင်အန်း၏ မြွေကျောက်တုံးများကို အမှန်တကယ် တပ်မက်နေသော်လည်း သူက လူတစ်ယောက်၏ကံဆိုးမှုကို အခွင့်ကောင်းယူပြီး သူတို့ ပြုတ်ကျချိန်တွင် နင်းချေသည့် လူစားမျိုးပေလော။ ထိုအရာက သူ့ကို အရှက်ခွဲခြင်းသာ ဖြစ်သည်။

ထိုအရာက သူ့လို တော်ဝင်မြစ်မှ မဟာမြစ်နတ်ဘုရား၏ ညီအစ်ကိုကောင်း တစ်ယောက်ကို အရှက်ခွဲလိုက်ခြင်းဖြစ်၏။ သူက ချန်းပင်အန်း သတိလစ်နေသည့် အချိန်တွင် သူ၏မြွေကျောက်တုံးများကို ခိုးယူပြီး ထွက်ပြေးရမည့်အစား ပွင့်ပွင့်လင်းလင်း တိုက်ခိုက်၍သာ လိုချင်သည်။

ကျင့်ကြံမှုစကားနှင့် ပြောရမည်ဆိုလျှင် လူတစ်ယောက်က တရားမျှတမှုနှင့် ကိုယ်ကျင့်တရားရှိရန် လိုအပ်၏။ ထိုအရာက လူတိုင်းလိုက်နာရမည့် စည်းမျဉ်းတစ်ခုလည်း ဖြစ်သည်။ တော်ဝင်မြစ်၏ မဟာမြစ်နတ်ဘုရားက အလွန်မှတ်သားဖွယ်ကောင်းသော မှတ်ချက်တစ်ခုကို ပြောခဲ့သည်။

“ကျင့်ကြံရေးကမ္ဘာကြီးထဲမှာ လူတစ်ယောက်က ကိုယ်ကျင့်တရားတွေ ၊ တရားမျှတမှုတွေကို အလွန်အကျွံလိုက်နာနေလို့ မရဘူး။ ဒါပေမဲ့ နည်းနည်းလေးလောက်တော့ လိုက်နာဖို့တော့ လိုတယ်။ တကယ်လို့ လူတစ်ယောက်ကသာ အဲဒီအရာတွေကို လုံးဝ စွန့်လွှတ်လိုက်မယ်ဆိုရင် သူတို့က နောက်ဆုံး အစစ်အမှန်နဂါးနှင့် မကွဲပြားတဲ့ ကံကြမ္မာမျိုးကို ခံစားရမှာပဲ။ ဒီလိုလူမျိုးတွေက ကျင့်ကြံရေးကမ္ဘာကြီးထဲမှာ တဖြည်းဖြည်း သေဆုံးသွားရလိမ့်မယ်..”

ကောင်လေး၏ ရင်ထဲ၌ လှုပ်ရှားသွားခဲ့ချိန်တွင် သူ့ရှေ့တွင် အရိပ်တစ်ခု ပေါ်လာခဲ့သည်။ ကြည့်လိုက်သည့်အချိန်တွင် အဖြူဝတ်နတ်ဘုရားက သူ့ဘေးတွင် ရပ်နေပြီး အပြုံးနှင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရ၏။ ထိုနတ်ဘုရားက သူ့ကို ငုံ့ကြည့်နေခဲ့သည်။

ဝေ့ပိုက စိမ်းပြာဝတ်ကောင်လေးကို အပြုံးနှင့် ပြောလိုက်၏။

“ရေမြွေလေး မင်းက မင်းရဲ့သခင်ကို သတ်ဖို့ မစဉ်းစားတဲ့အတွက် ငါ တော်တော်အံ့ဩမိတယ်…”

စိမ်းပြာဝတ်ကောင်လေးက ထိုသူ၏ ချောမောခန့်ညားသော ရုပ်ရည်ကို သည်းခံနိုင်ခြင်း မရှိပေ။ သူတို့နှစ်ယောက်က အချင်းချင်း တိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိနေသလို ထင်မှတ်ရ၏။ အထူးသဖြင့် ယခု ဝေ့ပိုက သူ့ကို ငုံ့ကြည့်နေပြီး လှောင်ပြောင်သရော်သည့်အသံနှင့် စကားပြောနေခြင်းဖြစ်၏။

ကောင်လေးက မနေနိုင်ဘဲ ကျိန်ဆဲလိုက်သည်။

“ကျုပ် အရင်တုန်းက ခင်ဗျားအမေကို အဲဒီလိုမလုပ်ခဲ့မိတဲ့အတွက် နောင်တရတယ်..”

ဝေ့ပိုက အင်္ကျီလက်ကို သိမ်မွေ့စွာ လှုပ်ရှားလိုက်ပြီး လက်ရမ်းပေါ်မှ လှပစွာ ခုန်ချသွားခဲ့သည်။ ထိုသို့ လုပ်ဆောင်နေစဉ် သူက ကောင်လေး၏ ခေါင်းကို ညင်သာစွာပုတ်ပြီး ရယ်လိုက်၏။

“မင်းက တော်တော်ရယ်ရတာပဲ…”

ထိုအရာက သာမန်ပုတ်လိုက်သလိုသာ ဖြစ်သော်လည်း ထိုကောင်လေး၏ ခြေထောက်များက တွန်းပို့ခံလိုက်ရပြီး သူက လက်ရမ်းပေါ်မှ ပြုတ်ကျသွားခဲ့သည်။ သူက နာနာကျင်ကျင် အော်ဟစ်လိုက်ရ၏။ အကယ်၍ တစ်ခြားနေရာတွင်သာဆိုလျှင် လူငယ်လေး ပြုတ်ကျမှုကြောင့် သံတောင်ကြီးတစ်ခုကပင် ပျက်စီးသွားနိုင်သည်။ သို့သော် ထိုဝါးအဆောက်အဦးကတော့ အမှန်တကယ်ကို ကြံ့ခိုင်လှသည်။

ဝေ့ပိုက ချန်းပင်အန်း၏ ဘေးတွင် ထိုင်လိုက်ပြီး လူငယ်လေး၏ လက်ကောက်ဝတ်ပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။ သူ၏သွေးခုန်နှုန်းက တည်ငြိမ်အေးချမ်း၏။ ထိုအရာက ကောင်းသောလက္ခဏာတစ်ခု ဖြစ်သည်။

“အင်မော်တယ်ဝေ့…

အပြင်ဘက်မှာ တော်တော်လေးအေးနေပြီ။ ကျွန်မက ဆရာ့ကို အခန်းထဲ သယ်သွားသင့်လား…”

ပန်းရောင်ဝတ် ကလေးမလေးက အသံတိုးတိုးနှင့် မေးလိုက်သည်။

ဝေ့ပိုက အပြုံးနှင့် ပြန်ဖြေလိုက်၏။

“မင်းက ရေနဂါးတွေနဲ့ ပတ်သက်နေတဲ့ မီးစပါးအုံးမြွေတစ်ကောင်ပဲ။ မင်းက အပူဒဏ်နဲ့ အအေးဒဏ်ကို ခံနိုင်ရည်ရှိတဲ့ မွေးရာပါစွမ်းရည်မျိုး ရှိတယ်။ ဒါကြောင့် မင်းက ဒီဝါးအဆောက်အဦးရဲ့ ထူးခြားတဲ့ အကျိုးအာနိသင်တွေကို ပြည့်ပြည့်ဝဝ ခံစားမိမှာ မဟုတ်ဘူး။ ဒီအဆောက်အဦးက ဆောင်းရာသီမှာနွေးပြီး နွေရာသီမှာ အေးတယ်။ အမှန်အတိုင်းပြောရလျှင် သာမန် လူတစ်ယောက်က နှင်းမုန်တိုင်း ကျနေတဲ့အချိန် ဒီဝါးအဆောက်အဦးထဲမှာ တစ်ကိုယ်လုံးချွတ်ပြီးနေမယ်ဆိုရင်တောင် အေးခဲတဲ့ဒဏ်ကို ခံရမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းရဲ့ဆရာကို ဒီမှာပဲ အိပ်ခိုင်းလိုက်ပါ။ သူ့ကို မလှုပ်ရှားတာက အကောင်းဆုံးရွေးချယ်မှုပဲ…”

ပန်းရောင်ဝတ်ကလေးမလေးက သက်ပြင်းချလိုက်မိသည်။ သူမက ဝေ့ပိုကို ကျေးဇူးတင်စွာ ဦးညွှတ်လိုက်၏။

ဝေ့ပိုကတော့ ထိုအရာကို စဉ်းစားနေခဲ့ခြင်းမရှိဘဲ အပြုံးနှင့် မေးလိုက်သည်။

“ချန်းပင်အန်းက အဝတ်အစားအသစ်တစ်စုံ ယူလာခဲ့သေးလား…”

ပန်းရောင်ဝတ် ကလေးမလေးက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။

“ဆရာက ဒီမှာ အချိန်အကြာကြီးနေဖို့ အစီအစဉ်မရှိဘူးထင်တယ်။ ဒါကြောင့် သူ့ရဲ့ ဝါးခြင်းတောင်းထဲမှာ အဝတ်အစားတစ်ခုမှ မရှိဘူး…”

ဝေ့ပိုက မျက်မှောင်ကြုတ်လိုက်ပြီး ချန်းပင်အန်း၏ အဝတ်အစားများကို ကြည့်လိုက်သည်။ သူတို့က သွေးများစိုရွှဲနေခဲ့၏။ လူငယ်လေး နိုးလာသည့်အချိန်တွင် ထိုဝတ်စုံကို ဆက်လက်ဝတ်ဆင်ထားနိုင်မည် မဟုတ်ချေ။

“မင်းတို့နှစ်ယောက်က မြို့ငယ်လေးထဲကိုသွားပြီး အဝတ်အစားတချို့ သွားဝယ်လိုက်။ ဒါမှမဟုတ် ရွှံ့ပုလင်းလမ်းကြားထဲကိုသွားပြီး အဝတ်အစားသွားယူလို့လည်းရတယ်။ မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့။ ချန်းပင်အန်းက မကြာခင် နိုးလာတော့မယ်…”

ဝေ့ပိုက အကြံပေးလိုက်သည်။

“ကောင်းပါပြီ…”

ပန်းရောင်ဝတ် ကလေးမလေးက ပြန်ဖြေလိုက်၏။ သူမက ထွက်သွားရန် ပြင်လိုက်သည်။

သို့သော် စိမ်းပြာဝတ်ကောင်လေးက နက်မှောင်နေသော မျက်လုံးများနှင့် ဝေ့ပိုကို စိုက်ကြည့်နေခဲ့သည်။

“ကျုပ်က ခင်ဗျားကို မယုံဘူး..”

ဝေ့ပိုက ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။

“ဒါဆိုလည်း မင်းက နေခဲ့နိုင်တယ်…”

စိမ်းပြာဝတ်ကောင်လေးက ပန်းရောင်ဝတ်ကလေးမလေးဆီသို့ ရွှေတုံးတစ်တုံး ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။

“ဆရာ့အတွက် အဝတ်အစားအသစ်တွေအပြင် ငါတို့နှစ်ယောက်အတွက်လည်း အဝတ်အစားအသစ်တွေ ဝယ်ခဲ့လိုက်ဦး…”

“ငါက ဘာမှမလိုဘူး….”

ပန်းရောင်ဝတ် ကလေးမလေးက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“ငါက ယဉ်ကျေးမှုအရပဲ ပြောတာလေ…”

စိမ်းပြာဝတ်ကောင်လေးက ခပ်တည်တည်အမူအရာနှင့် ပြောလိုက်၏။

ပန်းရောင်ဝတ်ကလေးမလေးက အနည်းငယ်ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူမက လေလှိုင်းတစ်ခု၏ အရှိန်နှင့် ဝါးအဆောက်အဦးထဲမှ ပြေးထွက်သွားခဲ့ပြီး တောင်ကုန်းပေါ်မှ ဆင်းသွားခဲ့သည်။

သူမ ထွက်သွားပြီးနောက် စိမ်းပြာဝတ်ကောင်လေးက လက်ရမ်းကို ကျောမှီ၍ ထိုင်နေပြီး အိပ်ပျော်နေသော ချန်းပင်အန်းကို ကြည့်နေခဲ့သည်။ သူ့ခေါင်းထဲတွင် အတွေးပေါင်းစုံ ရှိနေခဲ့၏။

ချန်းပင်အန်းက တစ်ရက်နှင့် တစ်ညလုံး အိပ်ပျော်နေခဲ့ပြီးမှ ပြန်လည်နိုးထလာခဲ့သည်။ သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်ပြီး အဝတ်အစားအသစ်ကို လဲလှယ်လိုက်ပြီးနောက် သူက အားအင်ပြည့်ဝပြီး တစ်ကိုယ်လုံး လန်းဆန်းနေသလို ခံစားခဲ့ရသည်။

သူက မြက်ဖိနပ်များ ဝတ်ဆင်ထားခဲ့ခြင်းမရှိဘဲ ဒုတိယထပ် လသာဆောင်တွင် ခြေဗလာနှင့် ရပ်နေခဲ့သည်။ သူ့ခြေထောက်အောက်တွင်တော့ ကျောက်တုံးများ၊ သံမဏိများကဲ့သို့ မာကျောလှသော အသားမာများ ပြည့်နှက်နေခဲ့သည်။

ချန်းပင်အန်း ငယ်ငယ်လေးကတည်းက ခြေထောက်နှင့် ကြမ်းတမ်းသော မြက်ဖိနပ်များ ပွတ်တိုက်မှုကြောင့် ထိုအသားမာများက ရလာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ထိုအသားမာများက ဆူးခက်များကြောင့် တဖြည်းဖြည်း မာကျောလာခဲ့သည်။

ချန်းပင်အန်း၏ ဆံပင်ထဲတွင် ကျောက်စိမ်းရောင်ဆံထိုးတစ်ခု ရှိနေသည်။ ထိုအရာက ချန်းပင်အန်း ကိုယ်တိုင် စကားလုံးငယ်လေး (၈)လုံးရေးသားထားသော အရာလည်း ဖြစ်၏။ သူက သစ်သားဓားကို ရင်ဘတ်ထဲတွင် ပိုက်လိုက်ပြီး တောင်ဘက်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိခဲ့သည်။

ခဏကြာထွက်သွားပြီးနောက် ဝေ့ပိုက ပြန်လာခဲ့၏။ သူနှင့်အတူ ပန်းရောင်ဝတ် ကလေးမလေးကို ပြင်ဆင်ခိုင်းထားသော ဆေးတချို့လည်း ယူလာခဲ့သည်။ ထိုဆေးက ချန်းပင်အန်း၏ စွမ်းအားများကို ပြန်ဖြည့်ရန် ကူညီပေးနိုင်၏။

သို့သော် ထိုလူငယ်လေးကတော့ အရာအားလုံးကို ကိုယ်တိုင်လုပ်ဆောင်ခြင်းနှင့်သာ အသားကျနေခဲ့သည်။ ထို့ကြောင့် သူက ဆေးကို ကိုယ်တိုင်သာသွား၍ ကြိုချင်ခဲ့သည်။ ပန်းရောင်ဝတ် ကလေးမလေးက သူ့ကို လုပ်ခွင့်မပေးခဲ့ပေ။ သို့သော် မည်သို့မျှ ပြော၍မရသည့်အတွက် သူမ၏မျက်နှာသေးသေးလေးက အနည်းငယ် မျက်မှောင်ကြုတ်နေမိခဲ့သည်။ သူမ၏အမူအရာက သနားစရာကောင်းနေပြီး သူမက ငိုတော့မည့်ပုံစံ ဖြစ်နေခဲ့သည်။ ချန်းပင်အန်းက ထိုအရာကို သည်းမခံနိုင်တော့သည့်အတွက် သူမကိုသာ ခိုင်းလိုက်ရသည်။

စိမ်းပြာဝတ်ကောင်လေးကတော့ အပြင်ကို လှည့်ပတ်သွားလာနေခဲ့ပြီး သူက သူ၏ပိုင်နက်ကို ကင်းလှည့်နေသော စစ်သူကြီး တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူက ယနေ့ တောင်ပေါ်သို့ လမ်းလျှောက်သွားခဲ့ရာ တောင်ထိပ်ပေါ်တွင် တောင်တန်းနတ်ဘုရားကျောင်းဆောင်တစ်ခု ရှိနေခဲ့သည်။ ထိုနေရာတွင် ရွှေရောင်ဦးခေါင်းနှင့် ထူးဆန်းသော တောင်ထိပ်နတ်ဘုရားတစ်ပါး ရှိနေခဲ့၏။

ထိုကျောင်းဆောင်က တည်ဆောက်နေဆဲသာဖြစ်ပြီး ပြီးဆုံးရန် အနည်းငယ်လိုနေသေး၏။ ထို့ကြောင့် ဤနယ်မြေထဲတွင် လူပေါင်းစုံရှိနေပြီး အလုပ်သမားရေးရာဌာနမှ အရာရှိများ၊ နန်းတွင်းမှ အမိန့်ရထားသည့်အတွက် ကူညီပေးရန် တာဝန်ရှိသော ကျင့်ကြံသူများနှင့် မြို့ငယ်လေးထဲမှ အလုပ်သမားများ၊ လုတိုင်းပြည်မှ အကျဉ်းသားများနှင့် ဒုက္ခသည်များ ရှိကြသည်။

ဝေ့ပိုက ချန်းပင်အန်း၏ဘေးတွင် ရပ်ပြီး အပြုံးနှင့် ပြောလိုက်သည်။

“မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ပြဿနာတွေ ဖြစ်ပြီးသွားတော့ မင်းက ဘာမှမထိခိုက်တာ ကံကောင်းသွားတယ်။ နောက်ဆုံးတော့ မင်းက အဆင့် (၃)ကို တက်လှမ်းနိုင်တော့မယ်…”

ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

“ဒါက ကျွန်တော်ထင်ထားတာထက် ပိုပြီးတော့ မြန်ပါတယ်။ နဂိုတုန်းကတော့ ကျွန်တော်က အနည်းဆုံး (၃)နှစ်ကနေ (၅)နှစ်လောက် အချိန်ပေးရမယ်လို့ တွေးထားတာ…”

“တော်တော်စကားပြောဖို့ခက်တဲ့သူပဲ။ ပျင်းဖို့ကောင်းလိုက်တာ။ နောက်မှတွေ့ကြတာပေါ့…”

ဝေ့ပိုက ရယ်ပြီး ခေါင်းကုတ်၍ အဝေးကို လျှောက်သွားခဲ့သည်။ ယခုတစ်ကြိမ်တော့ သူက ပျံသန်းသွားခဲ့ခြင်းမရှိဘဲ လှေကားထဲမှနေ၍ တစ်လှမ်းချင်းဆီ ဆင်းသွားခဲ့သည်။

ဝေ့ပို ထွက်သွားပြီးနောက် ချန်းပင်အန်းက သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး ရေရွတ်လိုက်သည်။

“မင်းက ဒါကို လက်မခံနိုင်သေးဘူးဆိုတာ ငါသိတယ်။ မင်းက ငါနဲ့အတူတူ မရှိချင်ဘူး မဟုတ်လား…”

လူငယ်လေးက အသံတိုးတိုးနှင့် ဆက်၍ ပြောလိုက်သည်။

“အဲဒီဓားသမား ချောင်ကျွင်းဆီမှာ ထူးခြားတဲ့အချက်တွေ သေချာပေါက်ရှိတယ်။ မဟုတ်ရင် မင်းက သူရှိနေတဲ့အတွက်နဲ့ ဒီလောက် စိတ်လှုပ်ရှားနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါက သာမန်ပါပဲ။ သူက အဆင့်(၈) ဒါမှမဟုတ် အဆင့်(၉)ကို ရောက်နေတဲ့ ဓားသမားတစ်ယောက်ပဲ။ သူက အရမ်းအစွမ်းထက်လွန်းတော့ ငါ့ထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်တယ်။ ဒါပေမဲ့ ဒီအရာနဲ့ပတ်သက်ပြီး ငါက ဘာလုပ်နိုင်မှာလဲ။ စာသင်သား သူတော်စင်က မင်းကို ငါ့ဆီပေးခဲ့တယ်။ ဒါကြောင့် ငါမသေခင် မင်းက ဘယ်ကိုမှ သွားလို့မရဘူး…”

ချန်းပင်အန်း၏ ရင်ဘတ်ထဲမှနေ၍ နာကျင်မှုတစ်ခု ပေါ်လာခဲ့သည်။ သူ၏လည်ချောင်းကလည်း အနည်းငယ်လှုပ်ရှားသွားပြီး သူက သွေးအန်လုမတတ် ဖြစ်သွားခဲ့သည်။ သို့သော် ချန်းပင်အန်းက အံကြိတ်ပြီး သွေးများကို မျိုချလိုက်သည်။

သူက အက်ရှရှအသံနှင့် ပြောလိုက်၏။

“ငါက ဒီကိစ္စရဲ့အမှန်တရားကို မသိပေမဲ့ မင်းက ငါ့ကို အလွယ်တကူ သတ်ပစ်နိုင်တယ်ဆိုတာ ခန့်မှန်းမိပါတယ်။ ဒါပေမဲ့ အကြောင်းပြချက်တစ်ခုကြောင့် မင်းက ငါ့ကို မသတ်နိုင်ဘူး။ ဒါကြောင့်လည်း မင်းက ငါ့ကို ဒီလိုဆိုးရွားတဲ့ အခြေအနေမျိုးရောက်အောင် လုပ်ခဲ့တာ။ ငါပြောတာ မှန်တယ်မဟုတ်လား…”

ခဏရပ်လိုက်ပြီးနောက် ချန်းပင်အန်းက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး နှာခေါင်းထဲမှ စီးကျလာသော သွေးများကို သုတ်လိုက်သည်။

“ဒါက ငါ့အတွက် စိုးရိမ်စရာမရှိပါဘူး။ ငါက သန့်ရှင်းတဲ့အဝတ်အစား နည်းနည်းလောက် ပြောင်းလဲနိုင်သေးတယ်။ ငါ့ရဲ့အစေခံမလေးကလည်း မီးစပါးအုံးမြွေတစ်ကောင်ပဲ။ ငါ့ရဲ့အဝတ်အစားတွေကို လျှော်ပြီးသွားရင် ငါက သူ့ကို ချက်ချင်း အခြောက်ခံခိုင်းလိုက်လို့ရတယ်။ တကယ်လို့ မင်းက လုပ်နိုင်တယ်ဆိုရင်တော့ ငါ့ရဲ့သွေးကြောမှတ်တွေထဲမှာ စိတ်ကြိုက်ဖျက်ဆီးလို့ရတယ်။ ဒီလိုနာကျင်မှုမျိုးက ငါ့အတွက်တော့ ပြဿနာမရှိဘူး။ ငါက (၅)နှစ်အရွယ်မှာ ကတည်းက ဒီထက်ပြင်းထန်တဲ့ နာကျင်မှုတွေကိုတောင် ကြုံဖူးပြီးသွားပြီ…”

သူ့ဗိုက်ထဲမှနေ၍ အလွန်ပြင်းထန်သော နာကျင်မှုတစ်ခု ပေါ်လာခဲ့သည်။ သူ့ဗိုက်ထဲတွင် အလွန်ပြင်းထန်သော ပင်လယ်လှိုင်းလုံးများ တိုက်ခတ်နေသလို ထင်မှတ်ရ၏။

လသာဆောင်တွင် ခြေဗလာနှင့် ရပ်နေသော ချန်းပင်အန်း၏ မျက်လုံးထဲတွင်တော့ လှုပ်ရှားမှုများ မရှိချေ။ သူက သစ်သားဓားလေးကို ရင်ဘတ်ထဲတွင် ဆက်၍ ပိုက်ထားခဲ့၏။

သို့သော် သူက အသံတုန်ရင်နေခြင်းကိုတော့ ကာကွယ်နိုင်ခြင်း မရှိသည့်အတွက် ပြောလိုက်သည်။

“တကယ်လို့ ငါက နာနာကျင်ကျင် အော်ဟစ်လိုက်မယ်ဆိုရင် နောက်ပိုင်း မင်းကို ငါ့ရဲ့ ဘိုးဘေးအဖြစ် ကိုးကွယ်လိုက်မယ်…”

ရပ်တန့်ခြင်း (၁၈)သွယ်တွင် ရပ်တန့်သည့်နေရာ (၁၈)ခုရှိနေပြီး ထိုအရာများတွင် ကျော်လွှား၍ မရနိုင်သော အတားအဆီးနှစ်ခု ရှိနေသည်။ တစ်ခုက (၆)ခုမြောက်နှင့် (၇)ခုမြောက်ကြားထဲတွင် ရှိနေပြီး တစ်ခုကတော့ (၁၂)ခုမြောက်နှင့် (၁၃)ခုမြောက်ကြားထဲတွင် ရှိနေခဲ့သည်။

မူလတုန်းက သူ၏ချီစွမ်းအင်များကို လှည့်ပတ်နေသည့်အချိန်တွင် ချန်းပင်အန်းက တခဏအတွင်း သွေးကြောအမှတ်(၆)ခုကိုသာ ဖြတ်ကျော်လှည့်ပတ်နိုင်ခဲ့၏။ သူ၏ချီစွမ်းအားများက ကန့်သတ်ချက်ကို မရောက်သေးသော်လည်း ဆက်သွားစရာ နေရာမရှိပေ။ ထို့ကြောင့် ထိုအရာက နံရံတစ်ခုကို တိုက်မိနေသလိုဖြစ်နေပြီး ရှေ့ဆက်သွား၍ မရတော့သလို ဖြစ်နေခဲ့၏။

ငွေရောင်ဓားငယ်လေးက သူ့လက်ထဲသို့ လျှို့ဝှက်ဆန်းကြယ်စွာ ပေါင်းစပ်လာပြီးနောက် (၆)ခုမြောက်နှင့် (၇)ခုမြောက်ကြားထဲတွင် ရှိနေသော အတားအဆီးက အနည်းငယ် လျော့ကျသွားပုံရသည်။ သူက (၇)ခုမြောက် နေရာကို မရောက်နိုင်သေးသော်လည်း အနည်းငယ် အဆင်ပြေလာ၏။

ထိုအရာက တံတားတစ်ခုကို မရပ်မနား တည်ဆောက်နေသော လူတစ်ယောက်နှင့် ယှဉ်နိုင်၏။ သူက တစ်ဖက်ကမ်းတွင် ရှိနေသော မြင်ကွင်းများကို ဝိုးတဝါး မြင်လာရသလို ဖြစ်နေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုမြင်ကွင်းများက တဖြည်းဖြည်းပို၍ ရှင်းလင်းလာခဲ့၏။

ထို့ပြင် သူ၏လက်သီးသိုင်းနှင့် လမ်းလျှောက်ကျင့်စဉ်ကို လေ့ကျင့်ပြီး သူ၏ခန္ဓာကိုယ်ကို မြှင့်တင်နေခြင်းနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်ထဲတွင် ဓားချီစွမ်းအင် ဖျက်ဆီးနေသည့် အကျိုးသက်ရောက်မှုက ပို၍ထင်ရှားသည်။ ထို့ကြောင့် ချန်းပင်အန်းက ခန္ဓာကိုယ်အတွင်းနှင့် အပြင် နှစ်ခုလုံးကို အတင်းအကျပ် လေ့ကျင့်နေရသလို ဖြစ်နေခဲ့သည်။

ချန်းပင်အန်းက တောင်မြင့်ကြီးတစ်လုံးကို ဖြတ်လျှောက်ရန်အတွက် လမ်းကြောင်းတစ်ခုကို ခက်ခဲကြမ်းတမ်းစွာ ဖောက်နေရသလို ဖြစ်နေခဲ့သည်။ သို့သော် လုပ်ဆောင်ရန် ပို၍ကောင်းမွန်သော နည်းလမ်းတစ်ခုမရှိသည့်အတွက် သူလည်း သစ်ပင်များ ၊ ခြုံပုတ်များကို ခုတ်လှဲပြီး ဖြည်းညင်းစွာ ရှေ့ဆက်နေရ၏။

ဓားလေးက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် စိမ်းပြာဝတ်ကောင်လေးက အစစ်အမှန်ပုံစံကို ပြောင်းလဲလိုက်ပြီး တောင်တန်းများထဲတွင် လှည့်ပတ်သွားလာနေသလို ဖြစ်လာခဲ့သည်။ ထို့ကြောင့် အလွန်အမင်းကို ကြမ်းတမ်းခက်ထန်သော လမ်းကြောင်းတစ်ခု ပေါ်လာရသည်။ ထို့နောက် ချန်းပင်အန်းကတော့ ရေမြွေလေး၏ လမ်းကြောင်းအတိုင်း လိုက်သွားပြီး ထိုလမ်းကြောင်းကို ချောမွေ့အောင် လုပ်ဆောင်ရန်သာ လိုအပ်သည်။

ချန်းပင်အန်းက အခက်အခဲများကို မကြောက်ပေ။ သို့သော် ထိုအရာကို သဘောကျနေသည်ဟု ဆိုလိုခြင်းလည်း မဟုတ်ချေ။ မည်သို့ဖြစ်စေကာမူ ဤကမ္ဘာကြီးထဲတွင် ခက်ခဲကြမ်းတမ်းမှုကို သဘောကျနေသည့်လူ မည်မျှရှိနိုင်မည်နည်း။ အကယ်၍ ခက်ခဲကြမ်းတမ်းမှုကို သည်းခံခြင်းက သူ့အတွက် အကျိုးအမြတ်များ ရှိလာမည်ဆိုလျှင်တော့ ချန်းပင်အန်းက တွန့်ဆုတ်နေခြင်းမရှိဘဲ ထိုအခက်အခဲများကို ရှာဖွေမိပါလိမ့်မည်။

နှစ်ပေါင်းများစွာ တစ်ယောက်တည်းနေထိုင်ခဲ့ပြီး အခက်အခဲများစွာကို သည်းခံခဲ့ပြီးနောက် ချန်းပင်အန်းက စည်းမျဉ်းတစ်ခုကို နားလည်လာခဲ့ရသည်။ ဤကမ္ဘာကြီးထဲတွင် နေထိုင်သည့်အချိန်တိုင်း လူပေါင်းများစွာက ကိစ္စရပ်ပေါင်းများစွာကို လုပ်ဆောင်ကြရသည်။ သူတို့တွေ အတော်များများက အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ကြရ၏။ အခက်အခဲများကို သည်းခံခြင်းက အကျိုးအမြတ်တစ်ခုအတွက်သာ မဟုတ်ပေလော။ လူတစ်ယောက်က သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ ကောင်းကင်ဘုံက ချမှတ်ပေးထား၏။

ချန်းပင်အန်းကတော့ သူ၏ပိုင်ဆိုင်မှုအများစုကို ရွမ်ရှို့၏ ပန်းပဲဆိုင်ထဲတွင် ချန်ထားရန် လိုအပ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ လော်ပိုတောင်တွင် လူပေါင်းများစွာ ရှိနေသည့်အတွက် ချန်းပင်အန်းက ပစ္စည်းများကို ဤနေရာတွင် ထားသည်မှာ လုံခြုံမှုမရှိဟု ခံစားခဲ့ရ၏။

အကယ်၍ ထိုနေ့တွင် လျှိုရှန်းယန်ကြောင့်သာ မဟုတ်လျှင် ချန်းပင်အန်းက ရွှံ့ပုလင်းလမ်းကြားထဲရှိ သူ့အိမ်အပြင်ဘက်တွင် ရပ်နေလျှင်ပင် ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုကို ခံစားရပါလိမ့်မည်။ ထို့ကြောင့်လည်း စိမ်းပြာဝတ်ကောင်လေးက ထိုစကားလုံးများကို ရေရွတ်ခဲ့ခြင်းဖြစ်၏။ ကျင့်ကြံရေးကမ္ဘာကြီးထဲတွင် အန္တရာယ်များ အမှန်တကယ် ပြည့်နှက်နေခဲ့သည်။

ချန်းပင်အန်းက ဘေးဘက်သို့ လှည့်ကြည့်လိုက်ပြီး ပါးစပ်ကို လက်နှင့်ပိတ်လိုက်သည်။ သူ၏လက်ကြားထဲမှနေ၍ သွေးများ စီးကျလာနေခဲ့၏။ ချန်းပင်အန်းက သက်ပြင်းချလိုက်ပြီး လက်ဖဝါးကို ဖြန့်လိုက်ရာ သွေးများ ထွက်လာခဲ့သည်။

“ငါက တောင်ပေါ်ကို သွားပြီး ငါ့မိဘတွေအတွက် အုတ်ဂူတစ်ခု သွားဆောက်တော့မယ်။ ဒါကြောင့် ငါတို့က ခဏလောက် ပြေလည်လို့ ရနိုင်မလား…”

ချန်းပင်အန်းက ဒေါသတကြီး မေးလိုက်သည်။

ဓားငယ်လေးက သွေးကြောအမှတ်တစ်ခုဆီသို့ ဝင်ရောက်တော့မည့်အချိန်တွင် ထိုစကားကို ကြားသည့်အခါ ဖြည်းညင်းစွာ တည်ငြိမ်သွားခဲ့သည်။ သူက ချန်းပင်အန်း၏ တောင်းဆိုမှုကို သဘောတူလိုက်သလို ထင်မှတ်ရ၏။

Translated by Hein Htet

All Chapters