← Chapters

အခန်း (၁၈၃)

Vol. 13 Ch. 183

အခန်း (၁၈၃)

Vol. 13 Ch. 183

အရှေ့ပိုင်းကုန်းမြေကြီးကို မြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ ခွဲခြားထားပြီး ကန်ကြည့်ကျောင်းတော်ကတော့ ထိုအရာနှစ်ခုကို ခွဲခြားထားသည့် အလယ်မှတ်တစ်ခု ဖြစ်နေခဲ့သည်။ မြောက်ပိုင်းကိုတော့ လူရိုင်းများဟု သတ်မှတ်နိုင်ပြီး တောင်ပိုင်းကတော့ ပို၍ ဖွံ့ဖြိုးတိုးတက်သည်ဟု သတ်မှတ်နိုင်သည် ။

တောင်ပိုင်းတွင် နေထိုင်သူများက မြောက်ပိုင်းသားများကို အလိုလို စက်ဆုပ်ရွံရှာနေကြပြီး တာ့ဆွေတိုင်းပြည်ထဲမှ နာမည်ကျော် စာသင်သားများကပင် တောင်ပိုင်းစမ်းချောင်းတိုင်းပြည်မှ စာသင်သားများထက် ပို၍ နိမ့်ကျကြောင်း ဝန်ခံခဲ့ကြသည်။ ထို့ကြောင့် တောင်ပိုင်းတွင် ရှိနေသော ကလန်များအတွက်ကတော့ မြောက်ပိုင်းတွင် ရှိနေသော ကလန်တစ်ခုနှင့် မင်္ဂလာပွဲတစ်ခု ကျင်းပရသည်မှာပင် အရှက်ရစရာ ကိစ္စတစ်ခုဟု သတ်မှတ်နိုင်သည် ။

နှစ်တစ်နှစ်၏ အဆုံးသတ်က လျင်မြန်စွာ ရောက်ရှိလာခဲ့၏။ ခြေဗလာနှင့် သက်လတ်ပိုင်းအရွယ်ရှိနေပြီး လေးထောင့်နှင့် ဘုန်းတော်ကြီးတစ်ပါးက တောင်ပိုင်းတွင် ရှိနေသော လူသူရှုပ်ထွေးနေသည့် ဈေးတစ်ခုထဲသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ သူ့လက်ထဲတွင်တော့ သပိတ်တစ်လုံးကို ကိုင်ဆောင်ထားခဲ့၏။

လမ်းဘေးတွင် ရှိနေသော ဈေးဆိုင်များအားလုံးကတော့ ကျယ်လောင်စွာ အော်ဟစ်ပြီး ဆွဲဆောင်နေကြသည်။ ဘုန်းတော်ကြီးက သစ်သားတိုင်တွင် ချည်ထားသော မျောက်ကလေးတစ်ကောင်ကို မြင်ခဲ့ရသည်။ သူက အလွန်အမင်းကို ကြောက်လန့်နေပြီး သူ၏မျက်လုံးများက အတော်လေး ကြီးမားနေခဲ့၏။

ဘုန်းတော်ကြီးက ထိုင်လိုက်ပြီး မုန့်တစ်ဝက်ကိုယူ၍ လက်ဖဝါးပေါ်သို့ တင်လိုက်သည်။ ထို့နောက် ဆာလောင်နေပုံရသော မျောက်ကလေးကို ကျွေးလိုက်၏။

သို့သော် မျောက်ကလေးကတော့ သနားကြင်နာသော ဘုန်းတော်ကြီး၏ အပြုအမူကြောင့် ကြောက်လန့်သွားပြီး စိုးရိမ်ထိတ်လန့်နေသော အမူအရာနှင့် နောက်ပြန်ဆုတ်သွားခဲ့သည်။ သို့သော် သူ့ကို ချည်ထားသော သံကြိုးက သံကြိုးကြောင့် သူက မြေပေါ်သို့ ပြန်လည်ပြုတ်ကျလာခဲ့ရ၏။ မျောက်ကလေး၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အရှိုးရာများ ပြည့်နှက်နေပြီး သူက ခွေခွေလေး တစ်ကောင်တည်း ငိုနေခဲ့သည်။

ဘုန်းတော်ကြီးက သစ်သားတိုင်အနားတွင် မုန့်တစ်ဝက်ကို ညင်သာစွာ ချထားခဲ့လိုက်ပြီး ကျန်ရှိနေသော မုန့်တစ်ဝက်ကိုတော့ မြေကြီးပေါ်တွင် အစိပ်ကလေးများအဖြစ် ဖြန့်ကျဲထားခဲ့သည်။ ထို့နောက် သူ၏သတ္ထုသပိတ်ကို ချထားလိုက်ပြီး သစ်သားတိုင်နှင့် ၃ မီတာ၊ ၄ မီတာခန့်အကွာတွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။ ထို့နောက် တစ်ယောက်တည်း ကျမ်းစာရွတ်ဖတ်နေခဲ့၏။ သူက ရောက်သည့်နေရာတိုင်းတွင် လေ့ကျင့်နိုင်ပြီး လမ်းလျှောက်နေရင်းဖြစ်စေ၊ ထိုင်နေရင်းဖြစ်စေ လေ့ကျင့်နိုင်သည်။

အလွန်ကြောက်လန့်နေသော မျောက်ကလေးက အမှန်တကယ် ဆာလောင်နေပုံရ၏။ ဘုန်းတော်ကြီး ထိုင်ချလိုက်ပြီးနောက် သူက အချိန်တော်တော်ကြာ ကြောက်လန့်နေသော အမူအရာနှင့် စိုက်ကြည့်နေပြီး နောက်ဆုံးတွင်တော့ မြေပေါ်တွင် ကျနေသော မုန့်တစ်ခုကို အားတင်း၍ ကောက်ယူလိုက်သည်။

ထို့နောက် မူလနေရာသို့ ပြန်ပြေးသွားပြီး မုန့်ကို လျှင်မြန်စွာ စားသုံးလိုက်သည်။ ဘုန်းတော်ကြီးက သူ လုပ်နေသည့်အရာကို အလေးမထားကြောင်း သတိထားမိသည့်အခါ သူက ပို၍ပင် သတ္တိရှိလာခဲ့သည်။ ထို့ကြောင့် နောက်ထပ်မုန့်တစ်ခုကို လျင်မြန်စွာ ဝါးမျိုလိုက်ပြီး အကြိမ်ကြိမ် လုပ်ဆောင်နေခဲ့၏။

ရုတ်တရက်ဆိုသလို သတ္ထုသပိတ်ထဲတွင် ရေတစ်ချို့ ရှိနေကြောင်း မျောက်ကလေးက သတိထားမိသွားသည်။ ထို့ကြောင့် သူက ရေသောက်ရန်အတွက် သပိတ်အနားသို့ ကပ်လာခဲ့၏။ ဆောင်းရာသီ ဖြစ်နေသော်လည်း သပိတ်ထဲ၌ ရှိနေသောရေက အနည်းငယ် နွေးနေသေးသည်။

ဗိုက်ပြည့်သွားသည့်အချိန်တွင် မျောက်ကလေးက ပို၍ကျေနပ်သွားခဲ့ပြီး ဘုန်းတော်ကြီးအပေါ် အကြောက်အလန့် နည်းပါးသွားခဲ့သည်။ သူက မျက်လုံးကြီးများနှင့် ဘုန်းတော်ကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး ထိုဘုန်းတော်ကြီးက ဘာကြောင့် သူ့အပေါ် သနားကြင်နာကြောင်း စဉ်းစားနေပုံရသည်။

ကျမ်းစာရွတ်ဖတ်မှု ပြီးဆုံးသွားသည့်အချိန်တွင် ဘုန်းတော်ကြီးက မျက်လုံးဖွင့်လိုက်ပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ ထိုအခါ မျောက်ကလေးက ချက်ချင်း အကာအကွယ်ယူ၍ နောက်ပြန်ဆုတ်သွားခဲ့၏။

သို့သော် ဘုန်းတော်ကြီးကတော့ သတ္ထုသပိတ်ကို ကောက်ယူပြီး ဖြည်းညင်းစွာ ထွက်ခွာသွားခဲ့သည်။ မျောက်ကလေးက သစ်သားတိုင်၏နောက်တွင် ခေါင်းကို ကွယ်နေပြီး လူအုပ်ကြီးထဲသို့ ပျောက်ကွယ်သွားသော ဘုန်းတော်ကြီးကို စိုက်ကြည့်နေခဲ့၏။ပထမဆုံးအကြိမ်အဖြစ် သူက မျက်နှာကို လက်နှင့် ကုတ်နေမိသည်။

ခြေဗလာနှင့် ဘုန်းတော်ကြီးက ခေါင်းငုံ့ပြီး လူအုပ်ကြီးထဲသို့ တိုးဝင်သွားခဲ့၏။ သူက လမ်းသွားလမ်းလာ တစ်ယောက်၏ပုခုံးကို တိုက်မိသည်ကိုပင် ခေါင်းမော့ကြည့်ရန် ဆန္ဒမရှိခဲ့ပေ။ ထိုအစား သူက ရင်ဘတ်ရှေ့တွင် ညာဘက်လက်ကို တင်ထားပြီး ဗုဒ္ဓကို အရိုအသေပြုသလို ပုံစံမျိုး လုပ်ဆောင်ထားသည်။ ထို့နောက် ရှေ့ကိုဆက်၍ သွားနေရင်း အနည်းငယ် ခေါင်းငုံ့နေခဲ့၏။

ဆံပင်များကို စည်းနှောင်ပြီး အဝတ်အစားများ စုတ်ပြဲနေသော အရူးတစ်ယောက်က ဈေးထဲတွင် ဒယိမ်းဒယိုင်နှင့် လျှောက်နေခဲ့သည်။ သူက ကလေးတစ်ယောက်ကို တွေ့ခဲ့ရသည့်အချိန်တိုင်း သူတို့က ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲနွမ်းပါးသည်ဖြစ်စေ သူတို့စောင့်ရှောက်သူများအနားသို့ ကပ်သွားပြီး သူတို့အားလုံးကို တူညီသော မေးခွန်းတစ်ခု မေးတတ်သည်။

ဈေးထဲတွင် ရှိနေသော လူအများစုကတော့ ထိုအရာနှင့် ရင်းနှီးနေပြီးသားဖြစ်၏။ သူတို့က ခြေလှမ်းကို မြန်လိုက်ကြပြီး သူတို့၏ကလေးကို အဝေးသို့ ခေါ်ဆောင်သွားတတ်ကြသည်။ ရံဖန်ရံခါ လူတချို့က အဘိုးအို၏ အမူအရာကို လှောင်ပြောင်နေကြပြီး တဒေါသကြီးသော လူငယ်တချို့ကတော့ သူ့ကို မောင်းထုတ်တတ်ကြသည်။

တုံ့ပြန်မှုက မည်သို့ဖြစ်စေကာမူ အဘိုးအိုကတော့ ထူးဆန်းသော မေးခွန်းကိုသာ အကြိမ်ကြိမ် ဆက်၍ မေးနေခဲ့၏။

“မင်းရဲ့ကလေးကို ခုထိ နာမည်မပေးရသေးဘူးလား…”

အဘိုးအိုနှင့် အလွန်ရင်းနှီးနေသော လူငယ်တစ်ဖွဲ့က သူ့လမ်းကြောင်းတွင် ရပ်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က အပြုံးနှင့် ပြောလိုက်၏။

“ကျွန်တော့်မိသားစုထဲမှာ အခုထိ နာမည်မပေးရသေးတဲ့ ကလေးတစ်ယောက်ရှိတယ်။ ခင်ဗျားက ဘာလုပ်ချင်လို့လဲ…”

ထိုစကားကို ကြားသည့်အခါ အဘိုးအိုက အလွန်အမင်းကို ဝမ်းသာသွားခဲ့သည့်အတွက် အားရပါးရ ရယ်ပြီး ပြောလိုက်၏။

“ငါက အဲဒီကလေးကို နာမည်ပေးမယ်။ ငါက ဒီတစ်ကြိမ် နာမည်ကောင်းတစ်ခု ပေးနိုင်မှာ သေချာတယ်…”

“ကျုပ်ရဲ့ဖင်ကိုသာ သွားပြီးတော့ နာမည်ပေးလိုက်…”

လူငယ်က အဘိုးအို၏ဗိုက်ကို ခြေထောက်နှင့် ကန်လိုက်သည့်အတွက် သူလည်း မြေပေါ်သို့ လဲကျသွားခဲ့သည်။ သူက ဗိုက်ကို လက်နှင့်ကိုင်ပြီး နာနာကျင်ကျင်နှင့် လူးလှိမ့်နေခဲ့၏။

သပိတ်ကိုင်ထားသော ဘုန်းတော်ကြီးက သူ့အနားတွင် ထိုင်ပြီး အဘိုးအိုကို ပြန်ထူပေးရန် ကူညီလိုက်သည်။ လူငယ်များကတော့ အံကြိတ်ပြီး ထွက်ခွာသွားခဲ့ကြ၏။

သူ့ကို ထူရန် ကူညီပေးလိုက်ပြီးနောက် အဘိုးအိုက ဘုန်းတော်ကြီး၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး မလေးမစား အမူအရာနှင့် မေးခွန်းတစ်ခု မေးလိုက်သည်။

“မင်းရဲ့ကလေးမှာရော နာမည်တစ်ခု ရှိပြီလား…”

ဘုန်းတော်ကြီးက အဘိုးအိုကို ကြည့်ပြီး ခေါင်းခါလိုက်မိသည်။ ထို့နောက် အဘိုးအို၏ အဝတ်အစားပေါ်တွင် ရှိနေသော ဖုန်မှုန့်များကို ခါပေးလိုက်ပြီး ရှေ့ကို ဆက်၍ ထွက်သွားခဲ့၏။

ထိုအချိန်တွင် အဘိုးအိုကတော့ ဈေးထဲ၌ အရူးတစ်ယောက်ကဲ့သို့ ဆက်၍ လုပ်ဆောင်နေပြီး သူ၏လုပ်ရပ်ကြောင့် အထင်သေးမှု၊ စက်ဆုပ်ရွံရှာမှုများကို ခံစားနေခဲ့ရသည်။

နေမင်းကြီးက တဖြည်းဖြည်း မြင့်တက်လာသည့်အချိန်တွင် ဘုန်းတော်ကြီးက စားစရာ အလှူခံခဲ့သည်။ သို့သော် (၇)အိမ်ခန့် အလှူခံလိုက်ပြီးနောက် သူက ရပ်လိုက်၏။ သူ၊ သူ၏ သတ္ထုသပိတ်အောက်ခြေတွင် စားစရာ အနည်းငယ်လေးသာ ရှိနေသည်။

ဘုန်းတော်ကြီးက မြောက်ဘက်မှနေ၍ မြို့ထဲသို့ ဝင်လာပြီး တောင်ပိုင်းမှနေ၍ မြို့ထဲမှ ထွက်ခွာသွားခဲ့သည်။ ထိုလမ်းတစ်လျှောက်တွင် သူက လူပေါင်းများစွာကို တွေ့ခဲ့ရ၏။ သူက ပိုးကောင်လေးတစ်ကောင်ကို တွေ့လိုက်ရသည့်အချိန်တိုင်း သူတို့ကို ကောက်ယူပြီး လမ်းဘေးတွင် ချထားပေးတတ်သည်။ ထိုသို့ဆိုလျှင် သူတို့ကို နင်းချေခံရမည် မဟုတ်တော့ချေ။

စွန့်ပစ်ထားသော အလွန်ရှေးကျသည့် ကျောင်းဆောင်တစ်ခုကို ရောက်လာသည့်အချိန်တွင် ဘုန်းတော်ကြီးက တံခါးအပြင်ဘက်၌ ဦးချပြီး အတွင်းထဲသို့ ဖြည်းညင်းစွာ ဝင်သွားခဲ့၏။

ကျောင်းဆောင်၏ အပြင်ဘက် တံစက်မြိတ်အောက်သို့ လျှောက်လာသည့်အချိန်တွင် ဘုန်းတော်ကြီးက သပိတ်ထဲ၌ ရှိနေသော စားစရာများကို ဘုန်းပေးခဲ့သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်ပြီး ဆက်လက်လေ့ကျင့်နေခဲ့၏။

ညအမှောင်ထဲတွင် ရူးသွပ်နေသော အဘိုးအိုက ကျောင်းဆောင်ထဲသို့ ဒယိမ်းဒယိုင် ဝင်လာခဲ့သည်။ သူက ဘုန်းတော်ကြီးကို လှည့်မကြည့်ဘဲ ခန်းမထဲသို့ အတည့်အတိုင်း ဝင်သွားခဲ့၏။ ထို့နောက် အမှိုက်ပုံထဲတွင် လဲကျသွားခဲ့သည်။ သူက စုတ်ပြဲနေသော စောင်တစ်ထည်ကို ခြုံပြီး အိပ်ပျော်သွားခဲ့၏။

အဓိပ္ပာယ်မရှိသော ညတစ်ညက ကုန်ဆုံးသွားခဲ့ပြန်သည်။ တခြားသူများ၏ ကလေးကို နာမည်ပေးရန် အလွန်စွဲလမ်းနေသော အဘိုးအိုက နေ့ခင်းပိုင်းကျမှသာ နိုးလာခဲ့သည်။ သူ နိုးလာသည့်အချိန်တွင် ပျက်စီးနေသော ကျောင်းဆောင်ထဲမှ ချက်ချင်း ထွက်သွားပြီး မြို့ထဲကိုသွား၍ လမ်းတွင် သူနှင့် တွေ့ရသောလူတိုင်းကို တူညီသော မေးခွန်းသာ မေးမြန်းနေခဲ့သည်။

ဤတစ်ချိန်လုံးလုံး သူက ခြေဗလာနှင့် ဘုန်းတော်ကြီးကို လုံးဝ လှည့်မကြည့်ခဲ့ပေ။ ပထမတွင်တော့ ထိုအဘိုးအိုက အလွန်ထူးဆန်းသော အကျင့်စရိုက် ရှိနေသည့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ဖြစ်မည်ဟု လူတချို့က တွေးထင်ခဲ့ကြသည်။ သို့သော် သူက မည်ကဲ့သို့သော စော်ကားမှုမျိုးကိုမဆို တုံ့ပြန်နိုင်စွမ်း မရှိသည့် အဘိုးအို တစ်ယောက်ဖြစ်ကြောင်း လျင်မြန်စွာ နားလည်သွားကြ၏။ သူက အရိုက်ခံရသည့် အချိန်တိုင်း အော်ဟစ်ငိုကြွေးတတ်သည်။ ပြင်းပြင်းထန်ထန် အရိုက်ခံရလျှင် သွေးများပင် ထွက်လာတတ်၏။ အဆုံးတွင်တော့ အဘိုးအိုကို နှိမ့်ချစော်ကားတတ်သော လူငယ်လေးများက ထိုအရာကို ဖျော်ဖြေရေးတစ်ခုအဖြစ်ပင် သဘောထားလာကြသည်။

အဘိုးအိုက စွန့်ပစ်ထားသော ကျောင်းဆောင်ထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။ အနီးစပ်ဆုံး အခြေအနေတွင် ဘုန်းတော်ကြီးက နှစ်ဝက်နီးပါးခန့် တစ်ရက်ပြီးတစ်ရက် ကျောင်းဆောင်ထဲတွင် နေထိုင်ခဲ့သည်။ သူက အဘိုးအိုနှင့်အတူ စားစရာ အလှူခံရန် မြို့ထဲသို့ သွားခဲ့ပြီး တစ်ခါတစ်ရံ မြို့ထဲမှ ထွက်လာ၍ အဘိုးအိုနှင့်အတူ ကျောင်းဆောင်ထဲသို့ ပြန်လာခဲ့သည်။ သို့သော် သူတို့နှစ်ယောက်က အချင်းချင်း လုံးဝစကားမပြောခဲ့ပေ။တစ်ချိန်လုံး မျက်လုံးချင်းဆုံခြင်းပင် လုံးဝမရှိချေ။

အဘိုးအိုက ဘုန်းတော်ကြီးကို မြင်သည့်အချိန်တိုင်း သူ၏မျက်နှာပေါ်တွင် မှင်တက်သွားသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။ သူက မည်သည့်အရာကိုမျှ မမှတ်မိနိုင်ခဲ့ပေ။

ညအချိန်တွင် အလွန်ပြင်းထန်သော မိုးကြိုးမုန်တိုင်းတစ်ခု ကျဆင်းလာပြီး လေများတိုက်ခတ်နေသည့် အသံများ၊ မိုးရွာနေသည့် အသံများက အလွန်ကျယ်လောင်လွန်းလှသည့်အတွက် သူတို့နှစ်ယောက်က အချင်းချင်း ကျယ်လောင်စွာ စကားပြောနေလျှင်ပင် ကြားရလိမ့်မည် မဟုတ်ချေ။

အဘိုးအိုကတော့ အဘိုးအိုကတော့ သစ်သားနှင့် ဖန်တီးထားသော အိပ်ရာပေါ်တွင် ခွေခွေလေး အိပ်နေခဲ့သည်။ သူက မိုးခြိမ်းသံတစ်ခု ကြားရသည့်အချိန်တိုင်း ကြောက်လန့်မှုကြောင့် တုန်လှုပ်သွားခဲ့၏။ အဘိုးအိုက အိပ်ပျော်နေပုံရသော်လည်း သူက အလွန်နာကျင်ရသော မှတ်ဉာဏ်များ၊ သို့မဟုတ် အိပ်မက်ဆိုးတစ်ခု မက်နေပုံရသည်။

ထိုအချိန်တွင် သူက လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးက တင်းကြပ်၍ တစ်ယောက်တည်း စကားတစ်ခွန်းကို အကြိမ်ကြိမ် ရေရွတ်နေခဲ့သည်။

“အဘိုးက မင်းကို မကောင်းတဲ့ နာမည်တစ်ခု ပေးခဲ့မိတယ် မြေးလေး။ အဘိုးက မင်းကို ဖျက်စီးခဲ့မိတာပဲ…”

သူ၏ မျက်နှာပေါ်တွင် မျက်ရည်စများ မကျန်တော့ပေ။ သို့သော် သူ၏ဒုက္ခများက ပို၍ပင် ဆိုးရွားလွန်းလှသည်။

မိုးခြိမ်းသံများက တဖြည်းဖြည်း နည်းပါးလာသော်လည်း မိုးများကတော့ သည်းထန်စွာ ရွာသွန်းနေသေး၏။ အဘိုးအို အိပ်နေရင်း ပြောသော စကားလုံးများကလည်း ပျောက်ကွယ်သွားခဲ့သည်။

သို့သော် အဘိုးအိုက အိပ်ပျော်တော့မည့် အခြေအနေသို့ ရောက်သည့်အချိန်တွင် ဘုန်းတော်ကြီးက သူ၏လက်ချောင်းလေးများကို ရုတ်တရက် လှုပ်ရှားလိုက်ပြီး တံခါးခေါက်သည့် ပုံသဏ္ဍန်မျိုး လုပ်ဆောင်လိုက်သည်။ ထိုအချိန်တွင် သစ်သား ငါးလေးတစ်ကောင်က ကျောင်းဆောင်တစ်ခုလုံးကို တိုက်မိသွားသလို အသံတစ်ခု ထွက်လာခဲ့၏။ ထိုအသံက အလွန်သည်းထန်သော မုန်တိုင်းကြီးကို ကျော်၍ပင် ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။

အဘိုးအိုက လှုပ်ရှားသွားခဲ့ပြီး မတ်မတ်ထိုင်၍ သူ၏ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်နေခဲ့၏။ သူ၏မျက်နှာပေါ်တွင် မှင်တက်နေသော အမူအရာတစ်ခု ပေါ်လာပြီး စိတ်သက်သာရာ ရသွားခဲ့သည်။ ထို့နောက် သူက သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သူက မတ်တပ်ရပ်လိုက်ပြီး ခန်းမထဲမှ ထွက်သွားခဲ့၏။

သူ့ဆီတွင် သနားစရာကောင်းသော ရုပ်ရည်ရှိနေသော်လည်း သူက အလွန်ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုနှင့်အတူ လျှောက်သွားခဲ့သည်။ သူ့ပုံစံက တောင်တန်းပေါ်မှ ဆင်းလာသော ကျားတစ်ကောင်၊ သို့မဟုတ် မြစ်ထဲတွင် ခိုအောင်းနေသော နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

သို့သော် အလွန်ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု ရှိနေသော်လည်း သူ့ခန္ဓာကိုယ်ကတော့ အလွန်အားနည်းနေသေး၏။ သူက စာရွက်တစ်ရွက်ကဲ့သို့ ဖြစ်နေခဲ့၏။ ကျောင်းဆောင်ထဲမှ ထွက်လာပြီးနောက် သူက ညကောင်းကင်ကြီးကို တစ်ချက်မော့ကြည့်လိုက်ပြီး မျက်လုံးထဲတွင် ဝမ်းနည်းပူဆွေးမှုများ ရှိနေသည်။

“ခံစားချက်တွေကို မစွန့်လွှတ်နိုင်တဲ့သူတွေက နာကျင်မှုကို ခံစားရမှာပဲ…”

ဘုန်းတော်ကြီးက သိမ်မွေ့ညင်သာစွာ ပြောလိုက်သည်။

အဘိုးအိုက ကောင်းကင်ကြီးပေါ်ကို ဆက်လက်မော့ကြည့်နေပြီး ပြောလိုက်၏။ “နာကျင်မှုဆိုတာ မရှိဘူး။ ငါက ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်ချင်နေတာ။ ခံစားချက်ကင်းမဲ့တဲ့ အင်မော်တယ်တွေက လူတိုင်းထက် ပိုပြီးတော့ ထူးခြားတယ်လို့ ငါ့ကို ပြောနေတာလား။ သူတို့ဂရုစိုက်တာက သူတို့ရဲ့ရှင်သန်မှုပဲ။ သူတို့က တခြားသူတွေ အားလုံးထက် ပိုပြီးတော့ သာလွန်တဲ့ အချက်ကိုပဲ ဂရုစိုက်တယ်…”

“သူတို့က လူသားတွေဆိုတာကိုတောင် မမှတ်မိနိုင်တော့ဘူး။ တကယ်လို့ သာမန်လူတစ်ယောက်က သူတို့ရဲ့အုတ်မြစ်ကို မေ့လျော့သွားမယ်ဆိုရင် သူတို့ကို ကောင်းကင်ဘုံက အပြစ်ပေးလိမ့်မယ်။ ဒါပေမယ့် အင်မော်တယ်တစ်ယောက် ဆိုတာကတော့ သူတို့ရဲ့အုတ်မြစ်ကို မေ့လျော့သွားနိုင်တဲ့ လူတစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ တကယ်ရယ်စရာကောင်းတဲ့ အရာတစ်ခုပဲ…”

“သက်ရှိအားလုံးက နာကျင်ရတာပဲလေ…”

ဘုန်းတော်ကြီးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ထို့နောက် အဘိုးအိုက တိတ်ဆိတ်သွားခဲ့ပြီး တင်ပျဉ်ခွေထိုင်၍ တင်းတင်းဆုပ်ထားသော လက်သီးများကို ဒူးနှစ်ဖက်ပေါ်သို့ တင်၍ ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်နေသော အသံနှင့် ရေရွတ်လိုက်သည်။

“ဒါတွေအားလုံးက ဟိုးအရင်ဘဝကလို ခံစားရတယ်…”

အဘိုးအိုက မထင်မှတ်ဘဲ အိပ်ပျော်သွားခဲ့သော်လည်း အာရုံတက်ချိန်တွင် ရုတ်တရက် နိုးထလာခဲ့၏။ သူ၏မျက်လုံးများက နောက်တစ်ကြိမ် ဝေဝါးနေပြီး သူက ရူးသွပ်နေသော အခြေအနေသာ ဆက်၍ ရှိနေခဲ့သည်။ တစ်လတိတိ ကြာခဲ့ပြီး နောက်ဆုံးတွင်တော့ အဘိုးအိုက နောက်တစ်ကြိမ် တည်ငြိမ်ခြင်းကို ပြန်ရလာခဲ့သည်။

သူ့ပုံစံက ဆောင်းရာသီ ညအချိန်တွင် ထွန်းလင်းတောက်ပနေသော လမင်းကြီးကဲ့သို့ ဖြစ်နေ၏။ သို့သော် ယခုတစ်ကြိမ်တော့ သူ၏ အငွေ့အသက်များက ယခင်တုန်းကထက် ပို၍ အားနည်းနေခဲ့သည်။ သူက သာမန်အဘိုးအိုတစ်ယောက်နှင့် ကွာခြားမှုမရှိချေ။

သူက ဘုန်းတော်ကြီး၏ဘေးဘက် တံစက်မြိတ်အောက်တွင် ရှိနေသော ဥယျာဉ်လေးထဲတွင် ထိုင်နေပြီး လုံးဝိုင်းသော လမင်းကြီးကို မော့ကြည့်၍ တစ်ယောက်တည်း ရေရွတ်လိုက်၏။

“ငါ့ရဲ့မြေးလေးက အရမ်းဉာဏ်ကောင်းတယ်။ လောကကြီးထဲမှာ ဉာဏ်အကောင်းဆုံး စာသင်သားတစ်ယောက်ပဲ။ သူက ချွေးမျိုးရိုးကို ဆက်ခံထားရတာတစ်ခုပဲ ကံဆိုးသွားတာ။ ငါက သူ့ရဲ့အဘိုးဖြစ်နေတာ သူ့အတွက် ပိုပြီးတော့ ကံဆိုးတယ်။ ကိစ္စတွေက ဒီလိုမျိုး မဖြစ်သင့်ဘူး…”

ဘုန်းတော်ကြီးက နောက်တစ်ကြိမ် တိတ်ဆိတ်နေခဲ့၏။ ဆောင်းရာသီ ရောက်လာခဲ့သည့်အတွက် နှင်းများလည်း ကျလာခဲ့သည်။ အဘိုးအိုကတော့ ကျောင်းဆောင်ကြီးထဲ၌ အိပ်နေသည့်အချိန်တွင် သွားများက ပြင်းထန်စွာ လှုပ်ရှားနေခဲ့၏။ သူ့မျက်နှာကလည်း အပြာရောင် ပြောင်းလဲနေပြီး သူက ဤဆောင်းရာသီကို မကျော်နိုင်တော့သလို ထင်မှတ်ရသည်။

ဘုန်းတော်ကြီးက လက်ထဲတွင် သပိတ်ကိုင်ပြီး ကျောင်းဆောင်ထဲသို့ ဝင်လာခဲ့၏။ သူက အဘိုးအိုကို နွေးထွေးသော မုန့်တစ်ခု ပေးလိုက်၏။ အဘိုးအိုက မှင်တက်မိနေသော အမူအရာနှင့် ထိုမုန့်ကို ယူလိုက်သည်။ ထို့နောက် မြေပေါ်သို့ ရုတ်တရက် ပစ်ပေါက်လိုက်ပြီး မျက်လုံးများက ကြည်လင်လာခဲ့သည်။

ဘုန်းတော်ကြီးက မြေပေါ်တွင် ကျသွားသော မုန့်ကို ပြန်ကောက်လိုက်ပြီးနောက် အဘိုးအိုကို နောက်တစ်ကြိမ် ကမ်းလှမ်းလိုက်သည်။

သို့သော် အဘိုးအိုက ခေါင်းခါပြီး ပြောလိုက်၏။

“ငါက ဆက်ပြီးတော့ အသက်ရှင်ချင်သေးတယ်။ ဘာလို့လဲဆိုတော့ ငါ့ရဲ့မြေးကို နောက်တစ်ကြိမ် မြင်ချင်သေးလို့ပဲ။ မဟုတ်ရင် ငါက အသေဖြောင့်မှာ မဟုတ်ဘူး။ ငါက ဒီလိုမျိုး သေသွားလို့မရဘူး။ ငါက တောင်းပန်ပါတယ်ဆိုတာ သူ့ကို ပြောချင်သေးတယ်။ ငါက သူ့အပေါ် တာဝန်မကျေခဲ့ဘူး။ ငါက ရူးသွားလို့ မရဘူး။ ငါက သတိရှိနေမှ ရမယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်တင်ပေးပါ ဘုန်းတော်ကြီး”

အဘိုးအိုက ဘုန်းတော်ကြီး၏ လက်မောင်းကို အစွမ်းကုန်ကိုင်ပြီး ပြောလိုက်သည်။

“တကယ်လို့ ကျွန်တော်ကသာ သတိရှိနေတဲ့ အခြေအနေနဲ့ ကျွန်တော့်ရဲ့ မြေးကို တွေ့ခွင့်ရမယ်ဆိုရင် ကျွန်တော့်ဆီကနေ ဘာပဲ တောင်းဆို တောင်းဆို ရပါတယ်။ ကျွန်တော်က အခုချက်ချင်းပဲ ဘုန်းတော်ကြီးကို အရိုအသေပေးပါ့မယ်။ ကျွန်တော်က ဘုန်းတော်ကြီးရဲ့တပည့်လည်း ဖြစ်ပေးလို့ရပါတယ်။ ဘုန်းတော်ကြီးရဲ့ အစွမ်းမျိုးနဲ့ ကျွန်တော့်ကို သေချာပေါက် ကယ်တင်နိုင်မှာပါ…”

နောက်တစ်ကြိမ် သတိပြန်ဝင်လာသည့်အချိန်တွင် အဘိုးအို၏ အငွေ့အသက်များက အလွန်အားနည်းနေသည့်အတွက် ပျက်စီးနေသော သစ်သားတုံးတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ သူ၏အသက်စွမ်းအင် အငွေ့အသက်များကလည်း ပျောက်ကွယ်သွားတော့မည့် အခြေအနေမျိုး ဖြစ်လာခဲ့၏။ သူက ရှင်းလင်းပြတ်သားမှုကို ပြည့်ပြည့်ဝဝ ထိန်းသိမ်းထားနိုင်ခြင်းပင် မရှိချေ။

“မင်းက အဲဒီလို အလွန်အကျွံ စိတ်ဆန္ဒတွေကို မဖယ်ရှားနိုင်သေးဘူးလား…”

ဘုန်းတော်ကြီးက တည်ငြိမ်စွာ မေးလိုက်၏။

“လက်ရှိအချိန်မှာ မင်းက သူနဲ့တွေ့မယ်ဆိုရင်ရော ဘာတွေ ရလာနိုင်မှာလဲ..”

အဘိုးအို၏ မျက်နှာပေါ်တွင် ဝမ်းနည်းနေသော အမူအရာတစ်ခု ပေါ်လာပြီး မေးလိုက်သည်။

“ကျွန်တော်က ဘယ်လိုဖြစ်ပြီး အရာအားလုံးကို ရိုးရိုးရှင်းရှင်း ဖယ်ရှားနိုင်မှာလဲ။ ဒါက ကိုယ့်ကိုယ်ကိုယ် စိုးရိမ်နေတဲ့ အရာမျိုးမဟုတ်ဘူး။ ကျွန်တော် အသက်ရှင်နေသေးသ၍ အဲဒီအရာကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး…”

ဘုန်းတော်ကြီးက ခဏကြာ ရပ်တန့်လိုက်ပြီးနောက် အကြံပေးလိုက်၏။

“မင်းက အဲဒီအရာကို မဖယ်နိုင်ဘူးဆိုရင်တော့ သယ်ဆောင်ထားလိုက်ပေါ့…”

“ကျွန်တော်က အဲဒါကို ဘယ်လိုလုပ်ရမှာလဲ…”

အဘိုးအိုက မှင်တက်မိသွားသော အမူအရာနှင့် မေးလိုက်သည်။

“တာ့လီအင်ပါယာကို သွားပါ…”

ဘုန်းတော်ကြီးက ပြန်ဖြေလိုက်၏။

အဘိုးအိုက ခေါင်းညိတ်ပြီး ပြောလိုက်၏။

“ဟုတ်တယ်။ ကျွန်တော့်ရဲ့မြေးက တာ့လီအင်ပါယာထဲမှာ ရှိတယ်…”

ဘုန်းတော်ကြီးက ခေါင်းခါပြီး မှန်ကန်သွားအောင် ပြင်ဆင်ပေးလိုက်သည်။ “မင်းရဲ့မြေးက တာ့ဆွေတိုင်းပြည်မှာ ရှိတယ်။ ဒါပေမယ့် မင်းမြေးရဲ့ ဆရာက တာ့လီအင်ပါယာ လုံချွမ်တိုင်းပြည်မှာ ရှိတယ်…”

ထိုစကားကို ကြားသည့်အခါ အဘိုးအို၏ မျက်နှာပေါ်တွင် အလွန်ကြောက်လန့်သွားသော အမူအရာတစ်ခု ပေါ်လာခဲ့၏။ သူက နောက်သို့ ဒယိမ်းဒယိုင် ပြန်ဆုတ်လိုက်ရပြီး နံရံနှင့် ကျောမှီနေခဲ့ရသည်။ ထို့နောက် သူက ခေါင်းခါပြီး အော်ပြောလိုက်၏။

“ကျွန်တော်က စာသင်သားသူတော်စင်ကို မတွေ့ချင်ဘူး…”

ချက်ချင်းဆိုသလိုပင် သူက အလွန်ဒေါသကြီးလာခဲ့သည်။

“တကယ်လို့ ဘုန်းတော်ကြီးက ကျွန်တော့်ကို ထိခိုက်စေချင်တယ်ဆိုရင်လည်း အခုချက်ချင်းပဲ သတ်လိုက်ပါ။ တကယ်လို့ ဘုန်းတော်ကြီးက ကျွန်တော့်ရဲ့မြေးကို ထိခိုက်စေချင်နေတယ်ဆိုရင်တော့ ကျွန်တော်က ဘုန်းတော်ကြီးရဲ့ နတ်ဘုရားခန္ဓာကိုယ်ကို လက်သီးနဲ့ ဖျက်ဆီးပစ်ရလိမ့်မယ်။ တကယ်လို့ ကျွန်တော့်ရှေ့မှာ ဗုဒ္ဓကိုယ်တိုင် ရပ်နေမယ်ဆိုရင်တောင် ကျွန်တော်ကတော့ ခွင့်လွှတ်မှာမဟုတ်ဘူး…”

အဘိုးအိုက ဒယိမ်းဒယိုင်နှင့်၊ ဒယိမ်းဒယိုင်နှင့် လမ်းလျှောက်လာရင်း ပြောလိုက်သည်။

သူ၏ အငွေ့အသက်များကလည်း အလွန်ကြောက်စရာကောင်းလွန်းလှသည့်အတွက် လီကျူးသုခဘုံထဲတွင် တိုက်ခိုက်ခဲ့သော သိုင်းပညာရှင်နှစ်ယောက်ထက် အနည်းငယ်လေးပင် လျော့ကျခြင်းမရှိချေ။ သို့သော် ထိုအငွေ့အသက်များက ခဏလေးသာ ခံခဲ့သည်။

ဘုန်းတော်ကြီး၏ အမူအရာက တည်ငြိမ်နေခဲ့၏။ သူက သူ၏သတ္ထုသပိတ်ကို ငုံ့ကြည့်လိုက်ရာ အတွင်းထဲတွင် ရှိနေသော ရေများက အနည်းငယ် လှုပ်ရှားနေကြောင်း တွေ့လိုက်ရသည်။

“ဗုဒ္ဓက ရေသပိတ်တစ်လုံးကို လေ့လာခဲ့ပြီး မြောက်များစွာသော သက်ရှိတွေကို မြင်တွေ့ခဲ့တယ်…”

“ကျွန်တော့်ကို သင်ကြားပေးဖို့ မကြိုးစားပါနဲ့ ခေါင်းတုံးကြီး…”

အဘိုးအိုက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

ဘုန်းတော်ကြီးက ပြန်လှည့်လာပြီး သူ သတ္ထုသပိတ်ကို ညင်သာစွာ မြှောက်၍ ပြောလိုက်သည်။

“မင်းရဲ့မြေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာအကောင်းဆုံးအရာကတော့ သူက နည်းနည်းလေးပဲ မြင်နိုင်တယ်။ မင်းက သူ့ရဲ့ဆရာနဲ့ စကားပြောသင့်တယ်လို့ ထင်တယ်…”

“ကျွန်တော်က ဘုန်းတော်ကြီးကို ဆက်သွားခွင့်မပေးနိုင်ဘူး..”

အဘိုးအိုက အလွန်ပြတ်သားသော အမူအရာနှင့် ပြောလိုက်သည်။

“မင်းကတော့ အမြစ်မရှိတဲ့ ဗေဒါလေးတစ်ပင်ထက် မပိုပါဘူး…”

ဘုန်းတော်ကြီးက သက်ပြင်းချလိုက်ပြီး မတ်တပ်ရပ်၍ ထွက်ခွာသွားခဲ့သည်။

အဘိုးအိုက တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ထိုအခွင့်အရေးကို အရယူ၍ လေ့ကျင့်လိုက်သည်။ထိုအခါ ညှိုးခြောက်နေသော သူ၏အရေပြားပေါ်တွင် ရွှေရောင်အလင်းတန်းလေးတစ်ခု ပေါ်လာခဲ့၏။ ထို့နောက် သူက လက်ဖဝါးပေါ်တွင် လက်သည်းနှင့် တာ့လီအင်ပါယာ ၊ လုံချွမ်တိုင်းပြည်ဟူသော နာမည်ကို ရေးသားခဲ့သည်။

တဖန် သူ့ကိုယ်သူ အကြိမ်ကြိမ် ပြောဆိုနေခဲ့၏။

“ငါက ဒီနေရာကို သွားပြီး ကြည့်ရမယ်။စကားပြောဖို့ မဟုတ်ဘူး။ ဘာမှမမေးသလို ဘာမှလည်း မလုပ်ဘူး..”

ထို့နောက် သူက ကျောင်းဆောင်ထဲသို့ ပြန်သွားပြီး အိပ်ပျော်သွားခဲ့သည်။ အပြင်ဘက်တွင်တော့ နှင်းမုန်တိုင်းကြီးက တဖြည်းဖြည်းပို၍ ပြင်းထန်လာပြီး ကျောင်းဆောင်၏ ဝင်ပေါက်ကိုပင် ရောက်လာခဲ့၏။ သို့သော် နှင်းမုန်တိုင်းကြီးက ကျောင်းဆောင်၏ ဝင်ပေါက်သို့ ရောက်လာသည့်အချိန်တွင် လုံးဝပျောက်ကွယ်သွားခဲ့လေသည်။

Translated by Hein Htet.

All Chapters