မြေအောက်ဘုံအရှင်သခင်ကို သတ်ဖို့ အဆင့်ဘယ်နှဆင့် လိုသလဲ
Vol. 123 Ch. 1593
ကောင်းကင်နတ်အရှင်ဟွေ့၏ အရှိန်အဝါကား ကောင်းကင်နတ်အရှင်ယွင်၏ ရှေ့မှောက်၌ အနည်းငယ်မျှပင် အားနည်းမနေပေ။ နဂါးဟန်ခေတ်၏ ကောင်းကင်နတ်အရှင်ကိုးပါးအနက် ကောင်းကင်နတ်အရှင်ဟွေ့သည် ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာကို တီထွင်ဖွင့်လှစ်ကာ လေးယောက်မြောက် ကောင်းကင်နတ်အရှင် ဖြစ်လာခဲ့၏။
သူ၏ပါရမီကလည်း အလွန်တရာ မြင့်မားသည်။ ထိုသို့မဟုတ်ပါက ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာကို ဖွင့်လှစ်ခြင်းဖြင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်တွင် မှတ်တမ်းတင်ထားနိုင်မည် မဟုတ်ပေ။
ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာ ဆိုသည်ကား ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးထားသည့် ကောင်းကင်ရတနာတစ်ခု ဖြစ်၏။ ဤကောင်းကင်ရတနာက ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ၊ ခုနစ်စဉ်ကြယ်တို့အပြင် သေခြင်းရှင်ခြင်းကောင်းကင်ရတနာ အပေါ်တွင်လည်း သက်ရောက်မှု ရှိသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကောင်းကင်ရတနာကျင့်စဉ်စနစ်အား တိုးတက်စေခဲ့ပြီး ကောင်းကင်နတ်အရှင်ယွင်၏ ကောင်းကင်တံတား ကောင်းကင်ရတနာမှ စတင်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သော်လည်း ကောင်းကင်နတ်အရှင်ဟွေ့၏ ရတနာအပေါ်မူ အပြောင်းအလဲ သိပ်မရှိခဲ့ချေ။
ဤအချက်ကို ကြည့်ခြင်းဖြင့် ကောင်းကင်နတ်အရှင်ဟွေ့၏ ပါရမီမှာ ထူးကဲမြင့်မားကြောင်း သိနိုင်ပေသည်။
သို့စေကာမူ ကောင်းကင်နတ်အရှင်ယွင်သည် ဟွေ့၏ ကြောက်မက်ဖွယ်ရာ တာအိုအင်အားကို မခံစားမိသည့်အလားပင်။ ကောင်းကင်နတ်အရှင်ဟွေ့၏ မှော်စွမ်းအင်က ပြိုင်ဖက်ကင်းအောင် သိပ်သည်းအားကောင်းနေပြီး ကောင်းကင်နတ်အရှင်ယွင်၏ ရုပ်ခန္ဓာထက် များစွာ အားကောင်းသည်။ သို့သော် ကောင်းကင်နတ်အရှင်ယွင်မှာ တည်ငြိမ်အေးဆေးလျက်ပင်။ ကောင်းကင်နတ်အရှင်ဟွေ့ကို ကြည့်နေသော သူ၏ မျက်ဝန်းများထဲတွင် သနားကရုဏာသက်နေသော အရိပ်အယောင်များပင် ထင်ဟပ်နေသည်။
“ဟွေ့၊ မင်း ငါ့ကို သတ်ဖို့ ကြံနေတာလား”
ကောင်းကင်နတ်အရှင်ယွင်က အပြုံးမဟုတ်သော အပြုံးဖြင့် မေးလိုက်သည်။ “ဒီတစ်ကြိမ် ငါ့ကို သတ်ရင် မျက်ရည်တွေ ထိန်းထားစရာ မလိုတော့ဘူးမလား”
ကောင်းကင်နတ်အရှင်ဟွေ့သည် ယုတ်မာကောက်ကျစ်နေသည့် အသံဖြင့် ဖြေ၏။ “အတိတ်တုန်းက မင်းက ငါ့တာအိုမိတ်ဆွေ ဖြစ်တဲ့အတွက် မင်းကို သတ်ရတဲ့အခါ မျက်ရည်ကျခဲ့တယ်… အခုတော့ မင်းရဲ့ သရုပ်မှန်အစစ်ကို သိရပြီ… မင်းက ချင်ယဲ့နဲ့ ချင်မူလို ကောက်ကျစ်တဲ့ ခွေးကောင်တစ်ကောင်ပဲ”
သူ၏ အသတ်အဖြတ်အရှိန်အဝါများက တဟုန်ထိုး ထွက်ပေါ်လာပြီး မျက်နှာဖုံးအောက်ရှိ မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်တို့ ပေါ်လွင်လာတော့သည်။ “မင်းက ချင်ယဲ့တို့ထက်တောင် အန္တရာယ် ရှိသေးတယ်… သူတို့က တုံးပေမယ့် မင်းက ဉာဏ်ကောင်းတယ်… မင်းဆိုတဲ့ကောင်က ငါ ကြိုးစားဖန်တီးခဲ့တဲ့ အခြေအနေကို ဖျက်ဆီးပစ်ပြီး ငါတို့ လူသားတွေအပေါ် ထာဝရ ဒုက္ခရောက်စေလိမ့်မယ်… မင်း အခုလို အသက်ပြန်ရှင်လာတာကို ငါ လက်ပိုက်ကြည့်မနေနိုင်ဘူး”
ကောင်းကင်နတ်အရှင်ယွင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ မျက်လုံးထဲရှိ သနားကရုဏာသက်နေသည့် အရိပ်အယောင်က ပို၍ ထင်ရှားလာတော့သည်။ “ဟွေ့၊ မင်း နည်းနည်းလေးတောင် မသိချင်ဘူးလား… ငါ ဘာလို့ ဒီလမ်းအတိုင်း လာခဲ့တာလဲ… ဘယ်သူက ငါ ဒီကို လာမယ့်အကြောင်း မင်းကို ပြောခဲ့လဲဆိုတာလေ”
သူ၏အနောက်ရှိ ရွာလူကြီးမှာလည်း အနည်းငယ် ကြောင်အသွားသည်။
သူသည်လည်း ဤကိစ္စနှင့် ပတ်သက်၍ အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိ၏။
ကောင်းကင်နတ်အရှင်ယွင် ဘိုးဘေးနန်းတော်သို့ လာရောက်မည့် အကြောင်းအား သိထားသူငါးယောက်သာ ရှိသည်။ ချင်မူ၊ ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် သူကိုယ်တိုင်ပင် ဖြစ်၏။
သို့သော် ကောင်းကင်နတ်အရှင်ဟွေ့သည် ကောင်းကင်နတ်အရှင်ယွင် ဘိုးဘေးနန်းတော်သို့ လာရောက်မည့်အကြောင်းအား ကြိုသိနေသည့်အလား သူတို့ သွားရာလမ်းတွင် စောင့်နေခဲ့သည်။
ကောင်းကင်နတ်အရှင်ယွင်က သူ့ကိုယ်သူ သစ္စာဖောက်မည်မဟုတ်သလို ချင်မူ၊ ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ရွာလူကြီးကလည်း သူ့အပေါ်် သစ္စာဖောက်လိမ့်မည်မဟုတ်ပေ။
ထိုသို့ဆိုပါက ကောင်းကင်နတ်အရှင်ယွင် ဤနေရာသို့ လာမည်ကို ကောင်းကင်နတ်အရှင်ဟွေ့ မည်သို့သိသွားခဲ့သနည်း။
“မင်း ဒီကိုရောက်လာတာ အဲဒီပုဂ္ဂိုလ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာရှိတဲ့ မင်းရဲ့ လူဝင်စားဆီကို ငါ ဘိုးဘေးနန်းတော်ဆီ သွားဖို့ ဒီကနေ ဖြတ်သွားမယ့် အကြောင်း တမင်ပြောခဲ့လို့ပဲ”
ကောင်းကင်နတ်အရှင်ယွင်က မှင်သေသေ ဆက်ပြောသည်။ “သူ့ရဲ့ရည်ရွယ်ချက်က မင်းကို သုံးပြီး ငါ့ကိုသတ်ဖြတ်ဖို့မဟုတ်ဘူး… မင်း ငါ့ရဲ့ ရုပ်ခန္ဓာကို သတ်ဖြတ်လိုက်ရင်တောင်မှ ငါ မသေဘူးဆိုတာ သူ သိထားတယ်… ငါက မဟာဧကရာဇ်ထက်တောင် ပြီးပြည့်စုံတဲ့ မဟာခြုံလွှမ်းကောင်းကင်ဘုံကို ကျင့်ကြံထားပြီးပြီလေ… သူ့ရဲ့ရည်ရွယ်ချက်က မင်း ဘယ်လိုလူလဲဆိုတာ ငါ သိစေဖို့ပဲ”
သူက သရော်နေသည့် အမူအရာဖြင့် အေးဆေးစွာ ပြောလိုက်၏။ “အဲ့ဒီလူက မင်း မုန်းတဲ့ ကောင်းကင်နတ်အရှင်မူပဲ… မင်း သူ့ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ… သူက ငါ နောက်တစ်ယောက်လို့တောင် ပြောရမယ်… သူက ဒီလောကကြီးအပေါ် အုပ်စိုးမယ့် ပုဂ္ဂိုလ်ပဲ … ဒီသတင်းကို မင်းဆီ တမင် ပြောပြခဲ့တာ….ပထမဦးဆုံးအနေနဲ့ ငါ မင်းရဲ့ စိတ်ရင်းမှန်ကို သိသွားပြီး မင်းအပေါ် လက်လျှော့သွားအောင်ပေါ့… ဒုတိယအနေနဲ့ကတော့ မင်းကို မျှားခေါ်လိုက်တာပဲ…. မင်းရဲ့ တာအိုနှလုံးသားကို ဖျက်စီးချင်ခဲ့တဲ့အပြင် ဒီအခွင့်အရေးကို သုံးပြီး မင်းကို သတ်ပစ်ချင်တာ…”
ကောင်းကင်နတ်အရှင်ဟွေ့၏ သူငယ်အိမ်များ ကျုံ့၀င်သွားသည်။
သူ၏ လူဝင်စားသည် အမှတ်မထင်ဘဲ သတင်းရခဲ့သောကြောင့် ကောင်းကင်နတ်အရှင်ယွင်၏ လမ်းကို ပိတ်နိုင်ခဲ့ခြင်းဖြစ်သည်။ သတင်းရသည်နှင့် ချက်ချင်းပင် လာရောက်ခဲ့၏။
ကောင်းကင်နတ်အရှင်ယွင်က ပြုံးလျက် ပြော၏။ “ကောင်းကင်နတ်အရှင်မူက ကိစ္စတွေကို ကိုင်တွယ်တဲ့အခါမှာ ငါ့ရဲ့ ရက်စက်တတ်တဲ့ အကျင့်စရိုက်နဲ့ အသတ်အဖြတ်အရှိန်အဝါကို ပိုင်ဆိုင်ထားတယ်… ငါသာဆိုရင် မင်းရဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေ မင်းကို သစ္စာဖောက်သွားတဲ့အကြောင်း သိခွင့်ပေးမှာ မဟုတ်ဘူး… ဒါပေမဲ့ သူကတော့ မတူဘူး… မင်း ဒီနေရာကို သေချာပေါက် လာမယ်ဆိုတာကို ခန့်မှန်းခဲ့တယ်… ရှု၊ ရှေးဟောင်းနတ်ဘုရားဘုရင်နဲ့ တခြားကောင်းကင်နတ်အရှင်တွေက ယိုတုဆီ သွားကြပြီလေ… သူက မင်းရဲ့ တာအိုနှလုံးသား ပြိုကွဲသွားတဲ့အထိ ရိုက်နှက်ပြီး ပူဆွေးသောကတွေ မင်းရဲ့ နှလုံးသားထဲမှာ ပြည့်သွားအောင် လုပ်ချင်နေတာ”
ရုတ်တရက် တောင်ကြားထဲရှိ တာအိုမီးတောက်များက ဟုန်းခနဲ ထတောက်ကာ ကောင်းကင်နတ်အရှင်ဟွေ့၏ ဦးခေါင်းနောက်တွင် တာအိုမီးတောက်အလွှာများအဖြစ် ဖွဲ့တည်သွားသည်။
ကောင်းကင်နတ်အရှင်ဟွေ့က ပျာယာခတ်သွားသည့်အလား ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ကြည့်နေသည်။ သူသာ ဤနေရာသို့ မျှားခေါ်ခံလိုက်ရပါက ချင်မူသည် သူ့ကို သတ်ဖြတ်ရန် နည်းလမ်းမျိုးစုံ ချန်ရစ်ထားပေလိမ့်မည်။
ချင်မူသည် ဤအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်၌ တာအိုသစ်ပင်တစ်ပင် ထင်ဟပ်လာသည်ကို ကောင်းကင်နတ်အရှင်ဟွေ့ တွေ့လိုက်ရသည်။ ထိုတာအိုသစ်ပင်က အန္တိမဟင်းလင်းပြင်တွင် အမြစ်တွယ်ထား၏။ လူရိပ်တစ်ခုက သစ်ပင်အောက်တွင် ပြိုင်ဘက်ကင်းသော ဓားတစ်လက်သဖွယ် ရပ်နေသည်။ ကောင်းကင်နှင့် မြေကြီးကို ဓားအိမ်အဖြစ် အသုံးပြုလျှင်တောင်မှ ထိုလူ၏ ချွန်ထက်နေသာ ဓားသဘာဝကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
ခိုင်ဧကရာဇ် ချင်ယဲ့။
ခိုင်ဧကရာဇ်ချင်ယဲ့က ကောင်းကင်နတ်အရှင်ယွင်အား တစ်ချိန်လုံး ကာကွယ်ပေးနေခဲ့ခြင်းဖြစ်သည်။
ကောင်းကင်နတ်အရှင်ယွင်မှာ ကောင်းကင်နတ်အရှင်ဟွေ့၏ လှုပ်ရှားမှုတိုင်းအား ကြည့်ရင်း ပို၍စိတ်ပျက်လာမိသည်။ သူက ခေါင်းရမ်းလိုက်လေသည်။ “ဟွေ့၊ မင်းက တိုက်ခိုက်ရဲတဲ့ဟွေ့ မဟုတ်တော့ဘူး… ကောင်းကင်နတ်အရှင်ချင်ကို တွေ့တဲ့အချိန်မှာ မင်းရဲ့နှလုံးသားထဲမှာ အကြောက်တရား ပေါ်လာခဲ့တယ်… အရင်က ကောင်းကင်နတ်အရှင်မူကို တွေ့ရင်တောင်မှ မင်းဟာ သူသေကိုယ်သေ တိုက်ခိုက်ရဲတုန်းပဲ… ခေါင်းကနေ သွေးကျတဲ့အထိ အရိုက်ခံထားရရင်တောင်မှ ဆက်ပြီး တိုက်ခိုက်နေမှာပဲ…. အခုတော့ မင်းရဲ့တာအိုနှလုံးသားက ကောင်းကင်နတ်အရှင်ချင်လောက် မနက်ရှိုင်း မခိုင်မာတော့ဘူး … မင်း ကောင်းကင်နတ်အရှင်မူကို အနိုင်မယူနိုင်တာလည်း အံ့သြစရာ မရှိဘူး… မင်း ကောင်းကင်နတ်အရှင်ဟောင်ကိုလည်း အနိုင်မယူနိုင်ဘူး”
သူက ကောင်းကင်နတ်အရှင်ဟွေ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “မင်းက လူသားကောင်းကင်နတ်အရှင်တစ်ပါးပဲ…. ကောင်းကင်နတ်အရှင်ဟောင်က မင်းကို စိတ်ချထားမယ် ထင်လို့လား… ငါ ကောင်းကင်နတ်အရှင်ဟောင်ကို တစ်ခါတွေ့ခဲ့ဖူးတယ်… သူက ငါ့ကြောင့် ထိတ်လန့်သွားခဲ့ဖူးတယ် … ငါ အသက်ပြန်ရှင်လာတာကို သူ သိသွားပြီဆိုတော့ မင်းကို သတိမထားဘဲ နေပါ့မလား”
ကောင်းကင်နတ်အရှင်ဟွေ့မှာ အနည်းငယ် ချောက်ချားလာသည်။
ကောင်းကင်နတ်အရှင်ယွင်သည် ကျယ်လောင်စွာ ဆက်ပြော၏။ “ညီတော်ဟောင်၊ ရောက်နေပြီဆိုမှတော့ ဘာလို့ ပုန်းနေသေးတာလဲ… မင်းက ကောင်းကင်မဟာမိတ်အဖွဲ့ကို ချုပ်ကိုင်ပြီး တစ်လောကလုံးမှာ အင်အားအကြီးမားဆုံးပုဂ္ဂိုလ် ဖြစ်နေပြီလေ… အရှက်ရစရာကောင်းအောင် ဒီလို ပုန်းနေဦးမှာလား”
သူ၏စကား မဆုံးသေးသည့်အချိန်မှာပင် မဟာခြုံလွှမ်းကောင်းကင်ဘုံနောက်တစ်ဘုံ ပေါ်လာသည်။ တာအိုသစ်သီးသည် မဟာခြုံလွှမ်းကောင်းကင်ဘုံတွင် အမြစ်တွယ်နေပြီး တာအိုပန်းပွင့်များက အပြည့်အ ဝပွင့်လန်းနေကြ၏။ ကောင်းကင်နတ်အရှင်ဟောင်က တာအိုသစ်ပင်အောက်တွင် ရပ်နေသည်။
မဟာခြုံလွှမ်းကောင်းကင်ဘုံနှစ်ခုက တစ်ခုနှင့်တစ်ခု ရောင်ပြန်ဟပ်နေကြ၏။
ကောင်းကင်နတ်အရှင်ဟောင်က ရယ်မောလျက် တုံ့ပြန်သည်။ “နောင်တော်ယွင်၊ ခင်ဗျားက ကျုပ်အကြောင်း အားလုံးထက် ပိုသိတာပဲ”
ကောင်းကင်နတ်အရှင်ယွင်သည် ပြုံးလိုက်၏။ “မင်းနဲ့ ငါ နှစ်ပေါင်းသုံးသိန်းတောင် တိုက်ခိုက်ခဲ့ကြတာလေ… တစ်ယောက်ကို တစ်ယောက် ကောင်းကောင်းသိပြီးသားပါ”
“ဒါပေမဲ့ ခင်ဗျား ကျုပ်ကို အနိုင်မယူနိုင်ဘူး”
ကောင်းကင်နတ်အရှင်ဟောင်က အေးအေးလူလူ ပြော၏။ “အခု ကျုပ်ရောက်လာပြီဆိုတော့ ချင်ယဲ့ကို အနိုင်ယူနိုင်တယ်… ကောင်းကင်နတ်အရှင်ဟွေ့ လှုပ်ရှားလိုက်သရွေ့ ခင်ဗျား သေချာပေါက် သေလိမ့်မယ်… ချင်ယဲ့တောင် ဒီနေ့ သေရင် သေရမှာ… ယွင်၊ ခင်ဗျားရဲ့ အတိတ်ဘဝမှာ ကျုပ်ကို အနိုင်မယူနိုင်ခဲ့သလို ဒီဘဝလည်း အတူတူပဲ”
“အဲ့လိုလား”
ကောင်းကင်နတ်အရှင်ယွင်သည် ပြုံးလျက်ပင်။ “ငါ မင်းကို အနိုင်မယူနိုင်ပါဘူး… ကောင်းကင်နတ်အရှင်မူကလည်း အနိုင်ယူနိုင်မှာ မဟုတ်ဘူး.. သူက ငါ့လောက် မရက်စက်ပေမယ့် ငါ့ထက်တော့ စေ့စပ်တယ်… ခိုင်ဧကရာဇ်တစ်ယောက်ပဲ ရောက်လာတာလို့ မင်းတို့ သိထားတာလား”
ကောင်းကင်နတ်အရှင်ဟောင်၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။ သူက မဟာခြုံလွှမ်းကောင်းကင်ဘုံတွင် ရပ်ကာ အောက်သို့ ငုံ့ကြည့်လိုက်၏။ ထို့နောက် အင်္ကျီလက်စကို မတင်ကာ ကောင်းကင်နတ်အရှင်ဟွေ့အား ပင့်တင်လိုက်သည်။ သူသည် ကောင်းကင်နတ်အရှင်ဟွေ့ကို ခေါ်ပြီး အစအနပင် မကျန်အောင် ပျောက်ကွယ်သွားချေပြီ။
“သူ ငါ့ကို တွေ့သွားတယ်”
ကောင်းကင်နတ်အရှင်ယွဲ့က နေရာဟင်းလင်းပြင်အတွင်းပိုင်းထဲမှ လျှောက်ထွက်လာပြီး မကျေနပ်စွာ ပြောသည်။ “ခိုင်ဧကရာဇ်ပြောတာ မှန်နေတဲ့ပုံပဲ… ငါ့ရဲ့ နေရာဟင်းလင်းပြင် ကောင်းကင်နတ်သိုင်းက မပြီးပြည့်စုံတော့ဘူး… ကောင်းကင်နတ်အရှင်ဟောင်က ငါ့ရဲ့ တာအို၊ မန္တန်နဲ့ စွမ်းဆောင်ရည်တွေကို ထွင်းဖောက်မြင်နိုင်နေပြီ”
ကောင်းကင်နတ်အရှင်ယွင်သည် ပြုံးလျက် နှစ်သိမ့်လိုက်၏။ “နင် နေရာဟင်းလင်းပြင်တာအိုကို အမြင့်ဆုံးအထိ သိမြင်နားလည်နိုင်ရင် တာအိုသစ်ပင် ပေါက်လာနိုင်တဲ့အပြင် တာအိုပန်းပွင့်နဲ့ တာအိုသစ်သီးတွေလည်း ရလာမှာပါ.. အဲ့ဒီအခါကျ ကောင်းကင်နတ်အရှင်ဟောင် မင်းကို ထွင်းဖောက်မြင်ရနိုင်မှာ မဟုတ်တော့ဘူး”
ကောင်းကင်နတ်အရှင်ယွဲ့က သူ့ဘေးသို့ ရောက်လာသည်။ “တာအိုကျင့်စဉ်စနစ်နဲ့ ခွန်အားကနေတစ်ဆင့် တာအိုရတာက တာအိုရနိုင်မယ့် သမာရိုးကျ နည်းလမ်းတွေ မဟုတ်ဘူးလို့ လင်က ပြောတယ်…. တာအိုရဖို့ တာအိုကျင့်စဉ်စနစ်ကို ကျင့်ကြံစရာမလိုဘူးတဲ့… သူ လေ့လာပြီးရင် ငါ့ကို ပြန်လွှဲပြောင်းပေးလိမ့်မယ်”
ကောင်းကင်နတ်အရှင်ယွင်မှာ မျက်နှာကြီး မည်းမှောင်သွားပြီး ခေါင်းရမ်းလိုက်သည်။ “နင်လည်း သူ့စကား နားထောင်တာပဲလား… လင်က ဉာဏ်ကောင်းတယ်ဆိုပေမယ့် သူ့ရည်ရွယ်ချက် အောင်မြင်ဖို့ဆို နှစ်တစ်သန်းအထိ တစ်ယောက်တည်း ဖြတ်သန်းပြီး မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကိုတောင် ဖန်တီးခဲ့တာနော်…. ဒီတစ်ကြိမ် သမာရိုးကျလမ်းစဉ်ကို ဖန်တီးပြီးတဲ့အခါကျ နှစ်တွေ ဘယ်လောက်တောင်ကြာဦးမှာလဲ ဘယ်သူ သိမှာလဲ… နင် စောင့်နိုင်ပေမယ့် လူသားမျိုးနွယ်ကတော့ မစောင့်နိုင်ဘူး”
ကောင်းကင်နတ်အရှင်ယွင်လည်း အတိတ်ကို ပြန်လည်သတိရသွားပြီး ကောင်းကင်နတ်အရှင်လင် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းအား လေ့လာခဲ့သည်ကို ပြန်တွေးကာ သဘောပေါက်သွားသည်။ ထို့ကြောင့် ဤအကြံကို လက်လျှော့၍ ပြုံးလိုက်သည်။ “ဒါဆို တာအိုကျင့်စဉ်စနစ်ကိုပဲ ကြိုးကြိုးစားစား လေ့လာရမှာပေါ့”
သူမသည် တစ်လျှောက်လုံး ကောင်းကင်နတ်အရှင်ယွင်၏ အနောက်မှ လိုက်၍ ထောက်ပံ့, ပံ့ပိုးပေးခဲ့သည်။ နောက်ပိုင်းတွင် ကောင်းကင်နတ်အရှင်လင်အနောက်မှ လိုက်၍ ထောက်ပံ့ပေးခဲ့လေသည်။ သူတို့နှစ်ယောက်ပြောစကားအား နားထောင်သော ညီမငယ်လေးသာ ဖြစ်ကာ အကြံပေးသည့်အတိုင်းသာ လုပ်ဆောင်တတ်၏။
ကောင်းကင်နတ်အရှင်ယွင်က ခိုင်ဧကရာဇ်အား ဦးညွှတ်အရိုအသေ ပေး၍ ကျေးဇူးတင်လိုက်သည်။
ခိုင်ဧကရာဇ်ကလည်း ပြန်လည် ဦးညွှတ်အရိုအသေပေးလိုက်၏။ “ခင်ဗျား ရုပ်ခန္ဓာကို ပြန်အသုံးမပြုနိုင်တဲ့အချိန်အထိ ဘိုးဘေးနန်းတော်မှာ လပိုင်းလောက် နေပြီး ကာကွယ်ပေးဖို့ ကောင်းကင်နတ်အရှင်မူက အကူအညီတောင်းထားပါတယ်”
ကောင်းကင်နတ်အရှင်ယွင်က ရုတ်တရက် သဘောပေါက်သွားပြီး လက်ခုပ်တီးကာ ပြုံးလိုက်သည်။ “ငါ နားလည်ပြီ … သူ ဘာလို့ ဒီလိုလုပ်လဲဆိုတာ သိပြီ …”
“သူက မင်းကို အသုံးချပြီး ကောင်းကင်နတ်အရှင်ဟောင်ကို အချိန်ဆွဲနေတာ... အဲဒီအချိန်အတွင်း မြေအောက်ဘုံအရှင်သခင်ကို သွားသတ်လိမ့်မယ် … မင်းက ဘိုးဘေးနန်းတော်ထဲမှာဆိုတော့ ကောင်းကင်နတ်ဘုံကို ပြာကျတဲ့အထိ မတိုက်ခိုက်အောင် ကာကွယ်ဖို့ ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်ဘုံမှာပဲ နေရလိမ့်မယ်”
“မြေအောက်ဘုံအရှင်သခင်ကို သတ်မှာတဲ့လား”
ခိုင်ဧကရာဇ်မှာ အံ့အားသင့်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။ “အဲ့ဒါက သူပဲလေ… ဒါပေမဲ့ သူ့ခွန်အားနဲ့ ကောင်းကင်နတ်အရှင်ရှုနဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်တို့ကို ရင်ဆိုင်ပြီး မြေအောက်ဘုံအရှင်သခင်ကို သတ်နိုင်ပါ့မလား”
သူက ဓားတာအိုမဟာခြုံလွှမ်းကောင်းကင်ဘုံမှ ဆင်းသက်လာပြီး ကောင်းကင်နတ်အရှင်ယွင်၏ ဘေးသို့ ရောက်လာသည်။ ရွာလူကြီးမှာ ကောင်းကင်နတ်အရှင်သုံးပါးကို တစ်ပြိုင်တည်း တွေ့မြင်နေရသဖြင့် အနည်းငယ် ဖိအားများလာတော့သည်။ သူက တခဏတွေးတောပြီးနောက် ပြောလိုက်လေသည်။ “ကောင်းကင်နတ်အရှင်မူ ငယ်ငယ်တုန်းက ကြက်နဂါး လိုက်ဆိတ်တာ ခံရတာ သိလားဗျ”
ကောင်းကင်နတ်အရှင်နှစ်ပါးနှင့် ရွာလူကြီး၏ ကာကွယ်ပေးမှုဖြင့် ကောင်းကင်နတ်အရှင်ယွင်သည် အနက်ရောင်တောင်တန်းဆီသို့ ရောက်လာခဲ့၏။ အနက်ရောင်တောင်တန်းထဲက လောကသစ်ပင်ကို အဝေးမှ တွေ့မြင်လိုက်ရသည့်အခါ အနည်းငယ် အံ့အားသင့်မိသွားသည်။ “ဒီသစ်ပင်က ကမ္ဘာဦးသစ်ပင်ထက်တောင် ကြီးသေးတာပဲ… ဒါပေမဲ့ အပင်ပေါက်လေးပဲ ရှိနေသေးတယ် … ဆက်ပြီး ကြီးထွားဦးမှာ… အရွယ် ရောက်လာတဲ့အခါကျ ဘယ်လောက်တောင် ကြီးနေမှာလဲ”
သူတို့ အနက်ရောင်တောင်တန်းသို့ ဝင်ရောက်တော့မည့်အချိန်တွင် ကောင်းကင်နတ်အရှင်ယွင်မှာ ရုတ်တရက် မှင်သက်သွားသည်။ အမျိုးသမီးတစ်ဦးသည် သူတို့ကို စောင့်နေသည့်အလား အနက်ရောင်တောင်တန်းထဲတွင် ရပ်နေကြောင်း တွေ့လိုက်ရ၏။
ကောင်းကင်နတ်အရှင်ယွဲ့မှာ ရင်ထဲ ဒိန်းခနဲ ခုန်သွားသည်။ သူမက အလျင်အမြန် ပြော၏။ “ငါ အရင်သွားကြည့်လိုက်မယ်” ထိုသို့ပြောပြီးနောက် သူမမှာ အစအနပင် မကျန်အောင် ပျောက်ကွယ်သွားတော့သည်။
ခိုင်ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် အနက်ရောင်တောင်တန်းထဲသို့ ဝင်သွားသည်။ “တာအိုမိတ်ဆွေစု၊ ဓားသိုင်း ဖလှယ်ကြစို့လား”
ရွာလူကြီးလည်း စိတ်အားထက်သန်စွာဖြင့် နောက်မှ ခပ်သွက်သွက် လိုက်သွားတော့သည်။
ကောင်းကင်နတ်အရှင်ယွင်က ရှေ့သို့ ဆက်လျှောက်သွားပြီး အမျိုးသမီးဘေးသို့ ရောက်လာ၏။
လန်ဝူ
လန်ဝူသည် လှည့်ကြည့်လာ၏။ သူမ၏ အကြည့်က ကြည်လင်ပြတ်သား၍ အပြစ်ကင်းစင်နေဆဲပင်။
ကောင်းကင်နတ်အရှင်ယွင်မှာ အနည်းငယ် ငေးမိသွားသော်လည်း ပြန်လည်စိတ်ထိန်းလိုက်သည်။
ဟိုးလွန်ခဲ့သည့် နှစ်များတုန်းက သူ့အနောက် လိုက်လာခဲ့သည့် ဖန်ဆင်းရှင်မိန်းမငယ်လေးသည်ပင် အရွယ်ရောက်လာခဲ့ချေပြီ။ ဤလောကတွင် သူမထက် လှသူ မည်သူမှ မရှိသော်လည်း သူမ၏မျက်ဝန်းများက အသက်ကင်းမဲ့နေသည်။
သူမသည် ခံစားချက်ကင်းမဲ့သည့် လမ်းအား ဆက်လျှောက်နေသည်နှင့်အမျှ သူမ၏ခံစားချက်များမှာ နှလုံးသား၏ အနက်ဆုံးအပိုင်းထဲတွင် မြှုပ်နှံခံထားရ၏။ ၎င်းတို့အား ဖွင့်လှစ်ပေးရန် မလွယ်လှပေ။
ကောင်းကင်နတ်အရှင်ယွင်က သူမကို နှုတ်ဆက်လိုက်သည်။ “မိန်းကလေးလန်ဝူ..”
လန်ဝူက ချာခနဲ လှည့်၍ ထွက်သွားတော့သည်။
ကောင်းကင်နတ်အရှင်ယွင်မှာ ကြောင်အစွာဖြင့် သူမ ထွက်သွားသည်ကို ကြည့်နေမိသည်။
“ကျွန်မ မမေ့နိုင်သေးဘူး”
လန်ဝူ၏ အသိစိတ်အလျဉ်က အဝေးမှ ပျံ့လွင့်လာသည်။ “ရှင့်ကို မြင်လိုက်ရတော့ အတိတ်တုန်းက ကျွန်မ မြိုသိပ်ထားတဲ့ ခံစားချက်တွေ ထွက်ပေါ်လာတယ်… ကျွန်မရဲ့ မျိုးနွယ်ဝင်တွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတာကို ပြန်သတိရလာတယ်… ယွင် ၊ကျွန်မ ရှင့်ကို ဘယ်တော့မှ ထပ်မတွေ့ဘူး”
ကောင်းကင်နတ်အရှင်ယွင်မှာ လစ်ဟာ ဆုံးရှုံးလိုက်ရသော ခံစားချက်ဖြင့် အနက်ရောင်တောင်တန်းထဲသို့ ဝင်လာသည်။
သူ လောကသစ်ပင်ဆီ ရောက်လာသည့်အခါ ရွာလူကြီးက လန်ယွီတျန်းထံ ခေါ်သွားပေး၏။ ကောင်းကင်နတ်အရှင်ယွင်သည် လောကသစ်ပင်အောက်၌ တာအိုသိမြင်နားလည်နေသော လူငယ်ကို မြင်လျှင် ဆွံ့အသွားသည်။ သူသည် ထိုနေရာတွင် မလှုပ်မယှက်ဘဲ အချိန်အတော်ကြာ ရပ်နေမိ၏။
လန်ယွီတျန်းက မော့ကြည့်လိုက်ရာ သူ့ကို မြင်သွားသည်။ သူလည်း အနည်းငယ်အံ့သြသွားပြီးနောက် ပြုံးလိုက်၏။ “ကျွန်တော် ခင်ဗျားကို မြင်ဖူးသလိုပဲ… ကျွန်တော်တို့ အရင်က သိလား… ဘိုးဘိုးရွာလူကြီးက ခင်ဗျားကို ကျွန်တော့်တပည့်အဖြစ် လက်ခံပြီး အချိန်တစ်ခုလောက် သင်ပြပေးရမယ်လို့ ပြောတယ်”
“အစ်ကိုကြီး” ကောင်းကင်နတ်အရှင်ယွင်သည် ရှေ့သို့ တက်၍ ရင်ဘတ်ရှေ့၌ လက်နှစ်ဖက် ယှက်ကာ ဦးညွှတ်ရိုအသေပေးလိုက်၏။ သူ၏ မျက်ရည်များက မြေပြင်ပေါ်သို့ တစ်ပေါက်ပေါက် စီးကျနေလေသည်။
ထိုအချိန်တွင်
ရွှေသင်္ဘောသည် ယိုတုသို့ ရွက်လွှင့်လာပြီး မြေအောက်ဘုံအရှင်သခင်၏ ဦးချိုထဲရှိ တျန်းချိကျွင်းစံအိမ်သို့ ရောက်လာ၏။
သူ သင်္ဘောကို မရပ်နိုင်ခင်မှာပင် တျန်းချိကျွင်းစံအိမ်တော်မှ ပြင်းထန်အေးစက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ဝုန်းခနဲ အသံကြီးနှင့်အတူ ကောင်းကင်နတ်အရှင်ရုံ၏ ပြိုင်ဘက်ကင်းမူလဝိညာဉ်က တျန်းချိကျွင်းစံအိမ်မှ ဖောက်ထွက်ကာ လက်ဆန့်တန်း၍ သင်္ဘောအပေါ်ရှိ ချင်မူ့ကို လှမ်းဆွဲလိုက်သည်။
“ကောင်းကင်နတ်အရှင်ရုံ၊ ကျွန်တော်ပါ… မတိုက်ပါနဲ့” ချင်မူက ချက်ချင်း အော်ပြော၏။
ကောင်းကင်နတ်အရှင်ရုံ၏ လက်ဖဝါးကြီးက ရွှေသင်္ဘောပေါ်တွင် ရပ်တန့်သွားပြီး သူ၏ အကြည့်က ကျရောက်လာသည်။ သူက အေးစက်စွာ ပြောသည််။ “မင်းဆီကနေ မြေအောက်ဘုံအရှင်သခင်ကို သတ်ဖြတ်ချင်တဲ့ စိတ်ဆန္ဒတွေ ခံစားနေရတယ်”
“မဖြစ်နိုင်တာဗျာ”
ချင်မူ့နဖူးတွင် ချွေးစို့သွားသည်။ “ကျွန်တော်က ဘာလို့ မြေအောက်ဘုံအရှင်သခင်ကို သတ်ချင်ရမှာလဲဗျ” သူက တအံ့တဩ ပြောလိုက်သည်။ “ခင်ဗျား မှားပြီး အာရုံခံမိတာ ဖြစ်ပါမယ်… ကျွန်တော် အရင်တစ်ခေါက် လာခဲ့တုန်းကတောင် ယိုတုမဟာတာအိုက ကျွန်တော့်အပေါ် ဘာမှမလုပ်ဘူး…. ဆိုတော့ ယိုတုမဟာတာအိုက အတိတ်ကို မေ့ဖျောက်ပေးပြီး ကျွန်တော် မြေအောက်ဘုံအရှင်သခင် အချုပ်အနှောင်ကနေ လွတ်မြောက်အောင် လာကူညီတာ သိနေတာ ဖြစ်ရမယ်ဗျ.. ကဲပါ မြန်မြန် လက်ရုတ်လိုက်ပါတော့”
ကောင်းကင်နတ်အရှင်ရုံက မယုံသင်္ကာမျက်နှာထားဖြင့် ဂရုတစိုက် အာရုံခံနေသည်။ သူသည် ချင်မူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မြေအောက်ဘုံအရှင်သခင်အပေါ် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒတို့ကို အာရုံခံမိနေသေး၏။
ကောင်းကင်နတ်အရှင်ရုံကား သူ့ကိုယ်သူ ယိုတုမဟာတာအိုထဲတွင် မြှုပ်နှံထားခဲ့သောကြောင့် တာအိုအဆင့်က မြင့်မားလေသည်။ ကောင်းကင်နတ်အရှင်ရှုနှင့် မြေအောက်ဘုံအရှင်သခင်တို့အောက်ပင် မနိမ့်ကျဘဲ ပို၍မြင့်မားလေရာ အလွန်တရာ အာရုံခံနိုင်သည်။
“ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူက မြေအောက်ဘုံအရှင်သခင်ကို ဘာလို့ သတ်ချင်ရမှာလဲ… ငါ မှားပြီး အာရုံခံမိတာ ဖြစ်မယ်”
ကောင်းကင်နတ်အရှင်ရုံက သူ၏မူလဝိညာဉ်ကို ပြန်လည်ရုတ်သိမ်းလိုက်သဖြင့် ချင်မူက နဖူးမှ ချွေးကို သုတ်လိုက်သည်။ သူက ပြုံးလျက် ပြော၏။ “ကောင်းကင်နတ်အရှင်ရုံ၊ ကျွန်တော် မိတ်ဆွေဟောင်းတစ်ယောက် ခေါ်လာခဲ့တယ်… ကောင်းကင်နတ်အရှင်လင်က ကျွန်တော်နဲ့အတူ ပါလာတယ်”
ကောင်းကင်နတ်အရှင်ရုံက ရင်ထဲတွင် ပြင်းထန်စွာ လှုပ်ခတ်သွားကာ သင်္ဘောဆီသို့ လှမ်းကြည့်လိုက်သည်။ ချင်မူက အေးဆေးစွာ မေးလိုက်လေသည်။ “ဒါနဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ သေခြင်းရှင်ခြင်းစာအုပ်က ခင်ဗျားလက်ထဲမှာနော်.. ဟုတ်တယ်မလား”
ကောင်းကင်နတ်အရှင်ရုံက ခေါင်းညိတ်သည်။
ချင်မူက စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်ပြီး ကျယ်လောင်စွာ ရယ်မောကာ စံအိမ်ထဲ ဝင်သွားတော့သည်။ “မမကြီးလင်၊ လာဗျ”
ကောင်းကင်နတ်အရှင်လင်က သူ့ဘေးသို့ ရောက်လာပြီး သူမ၏အသိစိတ်အလျဉ်က လှိုင်းထသွား၏။ “နင် သေခြင်းရှင်ခြင်းစာအုပ်ကို ရပြီလား”
ချင်မူက ခေါင်းညိတ်သည်။ “ကျွန်တော် ရသွားပြီ… ပြဿနာတစ်ခုပဲ ကျန်တော့တယ်.. မြေအောက်ဘုံအရှင်သခင်ကို သတ်ဖို့ အဆင့်ဘယ်နှဆင့် လိုအပ်လဲ… ဘယ်လို ပြင်ဆင်ရမလဲ”
“နှစ်ဆင့်ပဲ”
ကောင်းကင်နတ်အရှင်လင်က အသိစိတ်အလျဉ် ပို့လွှတ်လိုက်၏။ “မြေအောက်ဘုံအရှင်သခင် ဘေးကို သွားပြီး သတ်လိုက်တော့”