ကမ္ဘာပေါ်တွင် နတ်ဘုရားဟူ၍ မရှိနိုင်တော့
Vol. 123 Ch. 1594
ချင်မူမှာ ကောင်းကင်နတ်အရှင်လင်၏ စကားကြောင့် ကြောင်သွားတော့သည်။
သူသည် လမ်းတစ်လျှောက်တွင် မြေအောက်ဘုံအရှင်သခင်အား သတ်ဖြတ်ရန်နှင့် ကောင်းကင်နတ်အရှင်ရှု၊ နတ်ဧကရာဇ်လန်ရွှမ်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့ကိုလည်း ရှင်းပစ်နိုင်ရန် မရေမတွက်နိုင်သော နည်းလမ်းများစွာ စဉ်းစားခဲ့၏။ ယိုတု၏ ထိန်းချုပ်မှုအောက်တွင် မြေအောက်ဘုံအရှင်သခင် ပြန်လည်တိုက်ခိုက်လာနိုင်ခြေနှင့် ဤတိုက်ပွဲအား ကောင်းကင်နတ်အရှင်ရုံ ကိုင်တွယ်နိုင်မည့် ပုံစံကိုလည်း တွေးနေခဲ့သည်။
အလွန်တရာ အရေးကြီးသော ပုဂ္ဂိုလ်တစ်ယောက်ကိုပါ ထည့်သွင်းစဉ်းစားခဲ့သည်။ ထိုက်ချူပင်။
ထိုက်ချူသာ မူလသရုပ်မှန်ကို ပြန်လည်ရရှိပါက သူ့အစီအစဉ်ကို ထွင်းဖောက်မြင်ပြီး နှော့င်ယှက်နိုင်လာမည် မဟုတ်လော။
ထိုမျှသာမက သခင်လေးသုံးနှင့် သခင်လေးလေးတို့ သဘောတူညီချက် လုပ်ထားသည်ကိုလည်း ထည့်သွင်းစဉ်းစားခဲ့သည်။ တစ်နည်းဆိုရလျှင် သခင်လေးနှစ်ယောက်၏ အကြံအစည်များသည် တစ်သားတည်း ဖြစ်သွားခဲ့ချေပြီ။
သခင်လေးသုံး၏ နတ်ကောင်းကင်ခန်းမ ထောင်ချောက်နှင့် သခင်လေးလေးတို့၏ ဘိုးဘေးနန်းတော် သွေးယဇ်ပူဇော်မှုသည် တစ်ပြိုင်နက်တည်းနီးပါး ဖြစ်ပွားနေကြ၏။ သခင်လေးနှစ်ယောက်ကား တစ်ယောက်ကိုတစ်ယောက် ဆန့်ကျင်တိုက်ခိုက်နေခြင်း မရှိတော့ပေ။
မြေအောက်ဘုံအရှင်သခင်ကို တိုက်ခိုက်မည့် တိုက်ပွဲတွင် သူတို့နှစ်ယောက်၏ အစီအစဉ်များက မည်သို့ ရှိလာနိုင်သနည်း။
သူတို့သည် ထိုက်ချူနှင့် ကောင်းကင်နတ်အရှင်ဟောင်အား အကျိုးအမြတ် မည်မျှပေးခဲ့သနည်း။
ထိုအကျိုးအမြတ်များက သူ၊ ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကျန်သူများအပေါ် မည်မျှ အန္တရာယ်ပေးလာနိုင်သနည်း။
ချင်မူက ရှုံးနိမ့်နိုင်သည့် ဖြစ်နိုင်ချေကိုပါ တွေးခဲ့သည်။ မြေအောက်ဘုံအရှင်သခင်ကို သတ်ဖြတ်မည့်အစီအစဉ် မအောင်မြင်ခဲ့လျှင် ဆုံးရှုံးမှုအနည်းဆုံး ဖြစ်အောင် ကိစ္စများကို မည်သို့ကိုင်တွယ်ရမည်နည်း။
သူသာ မြေအောက်ဘုံအရှင်သခင်ကို အောင်မြင်စွာ သတ်နိုင်ပါက ယိုတုကို မည်သို့ ကာကွယ်ရမည်နည်း။
မသတ်နိုင်ပါကလည်း တန်ပြန်အစီအစဉ်တစ်ခုကို ပြန်လည်တွေးထားရပေလိမ့်မည်။
မြေအောက်ဘုံအရှင်သခင်ကို သတ်ဖြတ်ရမည့် အခြေအနေမှာ ရှုပ်ထွေးလွန်းသည်သာမက ... ချင်မူအနေဖြင့် တွေ့ကြုံဖူးသော အခြေအနေလည်း မဟုတ်သည့်အတွက် ဦးနှောက်ခြောက်အောင် တွေးခဲ့ရသည်။
သို့သော် အရေးကြီးဆုံးအချက်ကို မေ့သွားခဲ့လေသည်။ မြေအောက်ဘုံအရှင်သခင်ကို သတ်ဖြတ်ရခြင်းက မခက်သည်လည်း ဖြစ်နိုင်သည်။ ကောင်းကင်နတ်အရှင်လင်အား မြေအောက်ဘုံအရှင်သခင်အရှေ့၌ ဖြတ်လျှောက်နိုင်စေလျှင် ကောင်းကင်နတ်အရှင်လင်သည် မြေအောက်ဘုံအရှင်သခင်ကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်ပေလိမ့်မည်။
ယခင်တုန်းက ကောင်းကင်နတ်အရှင်ယွဲ့သည် ကောင်းကင်နတ်အရှင်လင်ကို မဟာဧကရာဇ်၏ အနောက်သို့ ပို့ပေးခဲ့ရာ လင်က မဟာဧကရာဇ်အား တစ်ချက်တည်း သတ်နိုင်ခဲ့သည်။ မြေအောက်ဘုံအရှင်သခင်က မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအရာတွင် မဟာဧကရာဇ်အောက် နိမ့်ကျသည်ဖြစ်ရာ ကောင်းကင်နတ်အရှင်လင်အနေဖြင့် မြေအောက်ဘုံအရှင်သခင်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်နိုင်သရွေ့ ပွဲချင်းပြီး ကိစ္စဖြတ်ပေးရန် မခက်ပေ။
‘အတွေးများပြီး အရိုးရှင်းဆုံး နည်းလမ်းကို မေ့သွားခဲ့တာပဲ’
ချင်မူက ကောင်းကင်နတ်အရှင်ရုံနောက်မှ တျန်းချိကျွင်းစံအိမ်ထဲ လိုက်ဝင်သွားရင်း စိတ်ထဲ၌ တွေးနေသည်။ ‘ဒါပေမဲ့ ကောင်းကင်နတ်ရှင်အလင် မြေအောက်ဘုံအရှင်သခင်ကို သတ်တာက ရိုးရှင်းတယ်…. သေကြေပျက်စီးမှုတွေ အနည်းဆုံး ဖြစ်အောင်နဲ့ ယိုတု ကောင်းကင်နတ်ဘုံလက်ထဲ ရောက်မသွားအောင် အသေးစိတ်ကျတဲ့ ဗျူဟာတွေ လိုအပ်တယ်”
တျန်းချိကျွင်းစံအိမ်ထဲ ရောက်သည့်အခါ ချင်မူသည် ကောင်းကင်နတ်အရှင်ရုံ၏ အမေကို မတွေ့ရသောကြောင့် အံ့အားသင့်စွာ မေးလိုက်သည်။ ကောင်းကင်နတ်အရှင်ရုံက သူတို့နှစ်ယောက်အတွက် လက်ဖက်ရည်ကြမ်း ငှဲ့ပေးပြီးနောက် တည်ငြိမ်အေးဆေးသော လေသံဖြင့် ဖြေလေသည်။ “အမေက လူပြန်ဝင်စားဖို့ ထွက်သွားပြီ”
ချင်မူမှာ အံ့သြမှင်သက်စွာဖြင့် သူ့ကို လေးနက်စွာ စိုက်ကြည့်နေသည်။
ကောင်းကင်နတ်အရှင်ရုံက ပြောသည်။ “ယိုတုတိုက်ပွဲမှာ သူ့ကို ကာကွယ်ပေးဖို့ ခက်တယ်လေ… အမေ ဒီနေရာမှာ ဆက်နေရင် ငါ့အနေနဲ့ အာရုံခွဲပြီး သူ့ကို ကာကွယ်ပေးရမှာမလို့ လူပြန်ဝင်စားဖို့ လွှတ်လိုက်တာပဲ”
ချင်မူမှာ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် သတ်ပြင်းချလိုက်သည်။ “ခင်ဗျား တကယ် လုပ်နိုင်ခဲ့တယ်ပေါ့”
“ငါက သိပ်ကို တစ်ကိုယ်ကောင်းဆန်တယ်…. သံယောဇဉ်အတွက်နဲ့ အမေ့ကို ငါနဲ့အတူ ယိုတုမှာ နှစ်တစ်သန်းကြာအောင် ချုပ်နှောင်ထားခဲ့မိတာလေ… အခု လွှတ်ပေးဖို့ အချိန်ရောက်ပြီ”
ကောင်းကင်နတ်အရှင်ရုံ၏ ခန္ဓာကိုယ်သည် တုန်ရီနေပြီး သူ၏လေသံမှာ အနည်းငယ် ခါးသီးနေသည်။ ထို့နောက် သူ့ကိုယ်သူ ပြန်လည်တည်ငြိမ်စေလိုက်၏။ “သူ လူပြန်ဝင်စားပြီးရင် အတိတ်ဘဝရဲ့ မှတ်ဉာဏ်တွေ ပျောက်သွားပြီး င့ါလို သားတစ်ယောက်ကို မှတ်မိတော့မှာ မဟုတ်ဘူး… သူ့ရဲ့ ကိုယ်ပိုင်ဘဝနဲ့ အနာဂတ်ရှိတဲ့ သာမန်အမျိုးသမီးတစ်ယောက် ဖြစ်လာလိမ့်မယ်… ငါ သူ့ကို သွားတွေ့ခဲ့ဖူးတယ်… အတော်လေး အဆင်ပြေနေပါတယ် … ငါ့ကိုတော့ မမှတ်မိတော့ဘူး”
ချင်မူက စိတ်ခံစားချက်များဖြင့် သက်ပြင်းချလိုက်ပြီး မည်သို့ပြောရမည်မှန်း မသိတော့ချေ။ သူက ပုခုံးကိုသာ လှမ်းပုတ်ပေးလိုက်သည်။
ကောင်းကင်နတ်အရှင်ရုံက မရဏတမန်တော်ကိုယ်ပွားတို့အား ပြန်လည်ရုတ်သိမ်းလိုက်သဖြင့် လူငယ်အသွင် ပြန်ဖြစ်လာသည်။ သူသည် တစ္ဆေမျက်နှာဖုံး ဝတ်ထားသည့် အနေအေး. တိတ်ဆိတ်သော လူငယ်လေး ပြန်ဖြစ်သွားသည့်အလား ထင်ရ၏။
သူ၏ ချိပ်ပိတ်ထားသောနှလုံးသားတွင် သူ၏မိခင်ကသာ အပြည့်အဝနေရာယူထားသည်။ သူ၏မိခင်သည် သူ ရှေ့ဆက်လျှောက်နိုင်ရန် အားပေးခဲ့ပြီး ယခုအချိန်အထိ ရှင်သန်နိုင်ရန် ထောက်ပံ့ပေးခဲ့သူပင်။
ခြွင်းချက်အနေဖြင့် သူ့နှလုံးသားထဲတွင် နေရာယူနိုင်သူ ပုဂ္ဂိုလ်အချို့လည်း ရှိသေးသည်။
ပထမဦးဆုံးပုဂ္ဂိုလ်က နဂါးသွဲ့ရေကန်တွေ့ဆုံပွဲတွင် သေဆုံးသွားခဲ့သော ကောင်းကင်နတ်အရှင်ယွီ ဖြစ်သည်။ ကောင်းကင်နတ်အရှင်ယွီက သူ၏ အစ်ကိုကြီးအနေဖြင့် အားပေးခဲ့သည်။ သူ၏မိခင် သေဆုံးသွားပြီးနောက် ကောင်းကင်နတ်အရှင်ယွီက သူ၏ နှလုံးသားထဲတွင် နေရာယူ၍ ပျော်ရွှင်အောင် အားဖြစ်ပေးခဲ့သောကြောင့် သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို ဖွင့်လှစ်နိုင်ခဲ့သည်အထိ အောင်မြင်ခဲ့လေသည်။
ဒုတိယပုဂ္ဂိုလ်ကတော့ ချင်မူပင်။
ချင်မူသည် ကောင်းကင်နတ်ဘုံကို စော်ကား၍ ကောင်းကင်နတ်အရှင်ယွီအတွက် ကလဲ့စားချေပေးခဲ့သည်။ သခင်မယွမ်မုနှင့် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူတို့ကိုလည်း ပညာပေးခဲ့သဖြင့် သူ၏လေးစားမှုကို ရရှိခဲ့၏။ ချင်မူက ကောင်းကင်နတ်အရှင်ယွီ၏ ရုပ်ခန္ဓာကို ခိုးယူကာ နှစ်တစ်သန်းကြာပြီးလျှင် ကောင်းကင်နတ်အရှင်ယွီကို ပြန်လည်အသက်သွင်းပေးမည်ဟုလည်း ကတိပေးခဲ့သည်။ ဤကတိကြောင့် ကောင်းကင်နတ်အရှင်ရုံသည် ယိုတုတွင် နှစ်တစ်သန်းကြာ နေထိုင်ခဲ့ခြင်း ဖြစ်၏။ သူ၏ကတိသည် နှစ်သောင်းပေါင်းများစွာ အဖိုးတန်သော ကတိတစ်ခု ဖြစ်လေသည်။
တတိယမြောက်ပုဂ္ဂိုလ်က မြေအောက်ဘုံအရှင်သခင်ပင်။
အပေါ်ယံကြည့်ပါက မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နတ်အရှင်ရုံတို့သည် ဧကရာဇ်နှင့် အတိုင်ပင်ခံ ဆက်ဆံရေးသာ ရှိကြသည်။ မြေအောက်ဘုံအရှင်သခင်က ယိုတု၏ အရှင်သခင် ဖြစ်ပြီး ကောင်းကင်နတ်အရှင်ရုံသည် ယိုတု၏ အတိုင်ပင်ခံအမတ်ကြီးသဖွယ် အဆင့်အတန်းရှိသော တျန်းချိကျွင် ဖြစ်၏။ တစ်ချိန်တည်းမှာပင် သူကား တစ်လောကလုံးမှ သေသူများကို လက်ခံကြိုဆိုရသော မရဏတမန်တော်လည်း ဖြစ်ချေသည်။
မြေအောက်ဘုံအရှင်သခင်တွင် လက်အောက်ငယ်သားတစ်ယောက်သာ ရှိသည်။ ထိုသူက ကောင်းကင်နတ်အရှင်ရုံပင်။ သူတစ်ယောက်တည်းသာ ကိစ္စရပ်များအားလုံးကို ကိုင်တွယ်ဖြေရှင်းရသဖြင့် မည်မျှခက်ကြောင်း သိနိုင်ပေသည်။
သို့သော် အမှန်တွင်တော့ ကောင်းကင်နတ်အရှင်ရုံနှင့် မြေအောက်ဘုံအရှင်သခင်တို့မှာ မိတ်ဆွေများ ဖြစ်ကြ၏။
သူတို့နှစ်ဦးလုံးမှာ ဆင်တူလွန်းသည်။ နှစ်ယောက်လုံးသည် မိသားစုသံယောဇဉ်တို့ဖြင့် ချည်နှောင်ခံထားရ၏။ မြေအောက်ဘုံအရှင်သခင်မှာ ကောင်းကင်နတ်အရှင်ရှုနှင့် သားအဖဆက်ဆံရေးကြောင်း ချုပ်နှောင်ခံထားရပြီး ကောင်းကင်နတ်အရှင်ရုံကတော့ သူ၏မိခင်အပေါ် သံယောဇဉ်ကြောင့် ချုပ်နှောင်ခံထားရခြင်း ဖြစ်သည်။
သူတို့နှစ်ယောက်အနေဖြင့် ပြောစရာ တူညီသည့် အကြောင်းအရာများစွာ ရှိကြသည်။ ရင်ဘတ်ချင်းနီးသောကြောင့် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိကြသည်။
သူတို့နှစ်ယောက်လုံးမှာ တစ်ကိုယ်တည်းနေတတ်သူများဖြစ်ကြသော်လည်း တစ်ယောက်၏ စိတ်ရင်းအမှန်ကို တွေ့မြင်နိုင်ကြပြီး တစ်ယောက်ကို တစ်ယောက် အားပေးကြ၏။
ရွှမ်တုတိုက်ပွဲတွင် ကောင်းကင်နတ်အရှင်ရုံက ချင်မူ့အတွက် သူ၏မိခင်အပေါ် ထားသော သံယောဇဉ်အချုပ်အနှောင်များမှ ရုန်းထွက်ကာ ချင်မူနှင့်အတူ အသက်ပေးတိုက်ခိုက်ရန် ရွှမ်တုသို့ လိုက်လာခဲ့သည်။
ယိုတုတိုက်ပွဲတွင် ကောင်းကင်နတ်အရှင်ရုံသည် သူ၏မိခင်အား လူပြန်၀င်စားစေပြီး သူနှင့်ပက်သက်သည့် မှတ်ဉာဏ်များကိုလည်း မေ့ပျောက်စေခဲ့၏။
'ငါတို့ မြေအောက်ဘုံအရှင်သခင်ကို သတ်မှာကို လက်ခံနိုင်ဖို့ အခက်ဆုံးသူက ကောင်းကင်နတ်အရှင်ရုံ ဖြစ်လိမ့်မယ်’
ချင်မူက စိတ်ထဲမှ တွေးနေသည်။ ‘ဒါပေမဲ့ ကောင်းကင်နတ်အရှင်ရုံ နားလည်ပေးနိုင်မှာပါ … မြေအောက်ဘုံအရှင်သခင်အားချို ပြန်ရှင်သန်လာတဲ့အခါမှာ သူ စိတ်အေးသွားပြီး နှလုံးသားထဲက ၀န်ထုပ်၀န်ပိုးတွေ ပြေလျော့သွားလိမ့်မယ်’
“မင်းတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ကနေ မြေအောက်ဘုံအရှင်သခင်ကို သတ်ချင်တဲ့ အသတ်အဖြတ်စိတ်ဆန္ဒတွေ ခံစားလို့ရနေတယ်”
ကောင်းကင်နတ်အရှင်ရုံက ချင်မူနှင့် ကောင်းကင်နတ်အရှင်လင်တို့ကို ခပ်စေ့စေ့ စိုက်ကြည့်လိုက်ပြီး ရက်စက်ခက်ထန်သော အရိပ်အယောင်တို့က သူ၏မျက်၀န်းများတွင် ဖြတ်ပြေးသွာစ၏။ သူက သူတို့နှစ်ယောက်ကို သတိပေးလိုက်သည်။ “ရူးနှမ်းနှမ်း ဘာပြဿနာမှ မရှာကြစမ်းနဲ့”
သူသည် တစ်ကိုယ်တည်း အေးဆေးနေတတ်သူ ဖြစ်သော်လည်း အခြားသူများထက် ထက်မြတ်ဉာဏ်ကောင်းသည့်အလျောက် ချင်မူ့အတွေးတို့ကို ခပ်ရေးရေး မှန်းဆနိုင်၏။
“ယိုတုမဟာတာအိုက ကျွန်တော့်ကို ရန်လိုနေလို့ ဖြစ်ပါလိမ့်မယ်… ကျွန်တော်က လူတစ်သန်းကို ပြန်အသက်သွင်းပြီး ယိုတုမဟာတာအို ဒေါသထွက်အောင် လုပ်ဖူးတယ်လေ…”
ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ဘဝပြန်၀င်စားခြင်းကောင်းကင်နတ်သိုင်းအား အသက်သွင်းလိုက်သည်။ “ဒါကြောင့် ယိုတုမဟာတာအိုက မြေအောက်ဘုံအရှင်သခင် ကျွန်တော့်ကို သတ်အောင် လှုံ့ဆော်ခဲ့တာ… ကောင်းကင်နတ်အရှင်လင်က ကျွန်တော့်အတွက် စိတ်ပူနေလို့ သတိထားနေရုံပါပဲ… သတိထားတဲ့ စိတ် လွန်ကဲသွားတော့ မြေအောက်ဘုံအရှင်သခင်အပေါ် သတ်ဖြတ်ချင်နေသလို အထင် မှားသွားတာ ဖြစ်ပါလိမ့်မယ်”
ကောင်းကင်နတ်အရှင်ရုံက ခေါင်းခါသည်။ “ငါ့အသိက မှားစရာအကြောင်း မရှိဘူး…. မင်းက ခမ်းနားတဲ့ မဟာတာအိုတစ်ခုနဲ့ မြေအောက်ဘုံအရှင်သခင်အပေါ် သတ်ဖြတ်လိုတဲ့စိတ်ကို လျှို့ဝှက်ထားနေတာ ... အဲဒီမဟာတာအိုအမျိုးအစားက ထူးကဲတယ်… မဟာတာအို ယိုတုကနေ တည်ဆောက်ထားတဲ့ မဟာတာအိုအသစ် ထင်တယ် … ဒါကြောင့် ငါ့ဆီကနေ ဖုံးကွယ်ထားလို့မရဘူး”
ချင်မူက ဘ၀ပြန်၀င်စားခြင်းမဟာတာအိုကို အသက်သွင်းလိုက်ပြီး သူ၏အသိအား ဆီးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။ “အခုရော”
“အာရုံခံလို့ရသေးတယ်… ဒါပေမဲ့ တော်တော်တော့ လျော့နည်းသွားပြီ” ကောင်းကင်နတ်အရှင်ရုံက ပြော၏။
ချင်မူက အာရုံစိုက်လိုက်ပြီး တာအိုကျင့်စဉ်စနစ်၏ ၃၁ ခုမြောက် ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။
သူ၏ဦးခေါင်းနောက်တွင် ဘ၀ပြန်၀င်စားခြင်းသံသရာသည် လှည့်ပတ်လာပြီး တောက်ပလင်းလက်သော အလင်းရောင်များ ဖြိုးဖြိုးဖျပ်ဖျပ် ထွက်ပေါ်လာ၏။
ချင်မူက ထပ်မေးလိုက်သည်။ “အခုရော”
ကောင်းကင်နတ်အရှင်ရုံအနောက်ရှိ မူလဝိညာဉ်မှာ ဘ၀ပြန်၀င်စားခြင်းအလင်းရောင်ထဲတွင် လွင့်ခါသွား၏။ သို့သော် ဘ၀ပြန်၀င်စားခြင်းကောင်းကင်နတ်သိုင်း ပျောက်ကွယ်သွားသည့်အချိန်၌ပင် မြေအောက်ဘုံအရှင်သခင်အပေါ် အသတ်အဖြတ်စိတ်ဆန္ဒမှာ ပျောက်ကွယ်မသွားသေးပေ။ “သိပ်မသိသာတော့ဘူး…. မြေအောက်ဘုံအရှင်သခင် မင်းရဲ့ အသတ်အဖြတ်စိတ်ဆန္ဒကို အာရုံခံမိမှာ မဟုတ်ဘူး” ကောင်းကင်နတ်အရှင်ရုံက ပြောသည်။
ချင်မူက စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်၏။ သူ၏ ဘ၀ပြန်၀င်စားခြင်း ကောင်းကင်နတ်သိုင်းက အသက်၀င်လာ၍ ကောင်းကင်နတ်အရှင်လင်ထံ ရောက်ရှိသွားသည်။
ကောင်းကင်နတ်အရှင်ရုံ၏ မျက်၀န်းများသည် တောက်ပသွားပြီး သူက တစ်ခဏကြာပြီးနောက် ပြော၏။ “လင်ရဲ့ ခန္ဓာကိုယ်ပေါ်က အသတ်အဖြတ်စိတ်ဆန္ဒလည်း အတော်လေး လျော့ကျသွားပြီ…. အခု မင်းတို့နှစ်ယောက် မြေအောက်ဘုံအရှင်သခင်အနား ရောက်သွားရင်တောင် မြေအောက်ဘုံအရှင်သခင် မင်းတို့ကို စတိုက်ခိုက်မှာ မဟုတ်ဘူး…. မင်းတို့နှစ်ယောက် မြေအောက်ဘုံအရှင်သခင်ကို သွားသတ်လို့ရပြီ”
သူကား ချင်မူ၏ လုပ်ရပ်များမှတစ်ဆင့် သူတို့ရည်ရွက်ချက်ကို ခန့်မှန်းပြီးချေပြီ။ သူ၏အတွေးများက ရှင်းလင်းပြတ်သားနေသောကြောင့် အားကျဖွယ်ကောင်းလှ၏။
“ကျွန်တော်တို့ မြေအောက်ဘုံအရှင်သခင်ကို သတ်မှာကို သိနေတာလား” ချင်မူက သွေးတိုးစမ်းလိုက်သည်။
ကောင်းကင်နတ်အရှင်ရုံက ခေါင်းခါလိုက်၏။ “ကောင်းကင်နတ်အရှင်ဟောင်က မြေအောက်ဘုံအရှင်သခင်ကို အသုံးချပြီး မင်းကို ဖမ်းဖို့ ထောင်ချောက်ဆင်ထားတာ… ထောင်ချောက်ကနေ ရုန်းထွက်နိုင်ဖို့နဲ့ ချင်၊ ယွဲ့၊ လင်နဲ့ တခြားသူတွေ အသတ်မခံရအောင် ကာကွယ်ဖို့ မြေအောက်ဘုံအရှင်သခင်ကို သတ်မှ ရမယ်… မြေအောက်ဘုံအရှင်သခင် သေသွားတာနဲ့ ဓားစာခံ မရှိတော့မယ့်အပြင် ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ထောင်ချောက်လည်း ပျောက်ကွယ်သွားမှာပဲ…. ငါက ငတုံးမဟုတ်ပါဘူး… မင်းဆီကနေ အသတ်အဖြတ်စိတ်ဆန္ဒကို အာရုံခံမိတည်းက မင်းရည်ရွယ်ချက်ကို သိပြီးနေပြီ”
ကောင်းကင်နတ်အရှင်လင်သည်ပင် လေးစားနေသော အကြည့်များဖြင့် သူ့ကို လှမ်းကြည့်နေ၏။
ချင်မူက မေး၏။ “ကျွန်တော်တို့ကို မတားတော့ဘူးလား”
“မြေအောက်ဘုံအရှင်သခင်ကိုယ်တိုင် အားချိုအစစ် ဖြစ်လာချင်ရင် ငါ လိုက်လျောပေးရမယ်… မတားဘူး”
ကောင်းကင်နတ်အရှင်ရုံက သတိပေးသည်။ “ဒါပေမဲ့ မင်းတို့ သေချာပြင်ဆင်ထားမှရမယ်… မြေအောက်ဘုံအရှင်သခင် သေသွားပြီးရင် ယိုတုက ဘာဆက်ဖြစ်မှာလဲ”
သူ့မျက်၀န်းများထဲရှိ အရောင်အဝါတို့က ဖြည်းဖြည်းချင်း မှေးမှိန်သွားသည်။ “မြေအောက်ဘုံအရှင်သခင်ရဲ့ ရုပ်ခန္ဓာတော့ ကောင်းကင်နတ်ဘုံလက်ထဲ ရောက်သွားလို့ မဖြစ်ဘူး…. ယိုတုလည်း ကောင်းကင်နတ်ဘုံလက်ထဲ ရောက်သွားလို့မဖြစ်ဘူး…. ယိုတုမဟာတာအိုလည်း သူတို့လက်ထဲ ရောက်သွားလို့ မဖြစ်ဘူး… မြေအောက်ဘုံအရှင်သခင် သေသွားပြီးရင် မင်း ဂရုစိုက်ရမယ့် ကိစ္စတွေ ရှိတယ်… အဲ့ဒါတွေကို မင်း ထိန်းချုပ်လို့ မရဘူး…”
ချင်မူက ခေါင်းညိတ်သည်။
သူ့အနေဖြင့် အမှန်တကယ်ပင် ၎င်းတို့ကို မထိန်းချုပ်နိုင်ပေ။
အဆိုးဆုံးအရာအတွက် ပြင်ဆင်ထားရလိမ့်မည်။
သူသည် ကောင်းကင်နတ်အရှင်ဟောင်နှင့် ထိုက်ချူတို့ ဆင်ထားသော ထောင်ချောက်ထဲသို့ မရောက်ရန်နှင့် သူ၏ဘက်တော်သားများ ထိခိုက်နစ်နာမှု များများစားစား မရှိစေရန်အတွက် မြေအောက်ဘုံအရှင်သခင်ကို လာရောက်သတ်ဖြတ်ခြင်း ဖြစ်၏။ သို့သော် ဤထောင်ချောက်မှ လွတ်မြောက်နိုင်လျှင်တောင်မှ ယိုတုတိုက်ပွဲကတော့ ရှောင်လွှဲမရပေ။
သူ အသာစီးရနိုင်ရန် မြေအောက်ဘုံအရှင်သခင်အား သတ်ဖြတ်နိုင်သော်လည်း ယိုတုတိုက်ပွဲကတော့ အလွန်တရာ အရေးကြီးနေသေးသည်။
မြေအောက်ဘုံအရှင်သခင်က ယိုတုဖြစ်ပြီး သူ၏ရုပ်ခန္ဓာသည် ယိုတုနှင့် ပက်သက်သည့် အရာအားလုံးကို သယ်ဆောင်ထား၏။ ယိုတုမဟာတာအိုလည်း အပါအဝင်ပင်။ မြေအောက်ဘုံအရှင်သခင်၏ ရုပ်ခန္ဓာကို အဆုံးရှုံးခံ၍ မဖြစ်ချေ။
အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်နိုင်ရန် သေခြင်းရှင်ခြင်းစာအုပ်လည်း လက်ဝယ်၌ ရှိထားရပေလိမ့်မည်။
ထို့ကြောင့် လာရောက်ခိုးယူခြင်း ဖြစ်သည်။
“သေခြင်းရှင်ခြင်းစာအုပ်ကို မင်း ခိုးပြီးပြီမလား..”
ကောင်းကင်နတ်အရှင်ရုံက ရုတ်တရက် မေးလေသည်။ “မင်း ငါ့ကို စံအိမ်ထဲ လိုက်ပို့တုန်းက သေခြင်းရှင်ခြင်းစာအုပ်ကို ယူသွားပြီးပြီမလား…”
ချင်မူက သက်ပြင်းချလိုက်ပြီးနောက် သေခြင်းရှင်ခြင်းစာအုပ်ကို ထုတ်လိုက်သည်။ သူက စားပွဲပေါ် တင်ကာ သူ့အရှေ့ တွန်းပို့လိုက်၏။ “ခင်ဗျားက အကြောင်းသိတဲ့သူဆိုတော့ သေခြင်းရှင်ခြင်းစာအုပ်ကို ခင်ဗျား ထိန်းချုပ်တာ အကောင်းဆုံးပဲ” သူက ပြောသည်။ “ခင်ဗျားက ကောင်းကင်နတ်အရှင်ရုံ၊ သေခြင်းရှင်ခြင်း ကောင်းကင်ရတနာကို ဖန်တီးခဲ့တဲ့ပုဂ္ဂိုလ်ပဲလေ…. ခင်ဗျားအနေနဲ့ သေခြင်းရှင်ခြင်းစာအုပ်ကို အသုံးပြုပြီး ကောင်းကင်နတ်သိုင်းတွေ အသက်သွင်းလို့ လူသားတွေရဲ့ နာမည်ကို ပယ်ဖျက်နိုင်အောင် တာဝန်ယူပေးပါ”
ကောင်းကင်နတ်အရှင်ရုံက ခေါင်းရမ်းသည်။ “ငါ မလုပ်နိုင်ဘူး”
ချင်မူမှာ အနည်းငယ် မှင်သက်သွားလေသည်။
“သေခြင်းရှင်ခြင်းစာအုပ်ကို သုံးပြီး နာမည်တွေ ဖယ်ရှားဖို့က ငါ မပြောနဲ့ မြေအောက်ဘုံအရှင်သခင်တောင် မလုပ်နိုင်ဘူး… သေခြင်းရှင်ခြင်းစာအုပ်ဆိုတာ ယိုတုမဟာတာအိုကနေ ဖွဲ့တည်ထားတဲ့ တရားမျှတမှု စာအုပ်ပဲ… ယိုတုမဟာတာအိုက သူ့ကိုယ်သူ ဘယ်တော့မှ ဆန့်ကျင်မှာမဟုတ်ဘူး… သေခြင်းရှင်ခြင်းစာအုပ်က လူသားမျိုးနွယ် ယိုတုရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်အောင် မလုပ်ပေးနိုင်ဘူး”
ချင်မူ မျက်မှောင်ကြုတ်သွားသည်။
မြေအောက်ဘုံအရှင်သခင်၏ သေခြင်းရှင်ခြင်းစာအုပ်သည် လူသားမျိုးနွယ်၏ ဘေးကင်းလုံခြုံမှုကို အာမ,မခံနိုင်ပါက ယိုတုသာ ကောင်းကင်နတ်ဘုံလက်ထဲ ရောက်သွားလျှင် လူသားမျိုးနွယ် အမှန်တကယ် မျိုးသုဥ်းပေလိမ့်မည်။
“သေခြင်းရှင်ခြင်းစာအုပ်နဲ့ လုပ်လို့ရတာ နည်းနည်းပဲ ရှိတယ်”
ကောင်းကင်နတ်အရှင်ရုံက သေခြင်းရှင်ခြင်းစာအုပ်ကို ပြန်တွန်းမပို့ပေ။ ထိုအစား စာအုပ်ပေါ်တွင် လက်တင်ကာ တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့် ပြော၏။ “အဲဒါက အားလုံးရဲ့ သေခြင်းရှင်ခြင်းကောင်းကင်ရတနာတွေကို ပယ်ဖျက်လိုက်ဖို့ပဲ”
ချင်မူ့မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး အက်ရှရှလေသံဖြင့် မေးလိုက်သည်။ “အားလုံးရဲ့ သေခြင်းရှင်ခြင်းရတနာတွေကို ပယ်ဖျက်လိုက်ရင် ဘာဖြစ်သွားမှာလဲ”
“နတ်ဘုရားတွေအားလုံးမှာ သက်တမ်းကုန်ဆုံးမယ့်ရက် ရှိလာလိမ့်မယ်” ကောင်းကင်နတ်အရှင်ရုံက ဖြေသည်။ “ဖန်ဆင်းခြင်းလမ်းစဉ်မှာ ကျွမ်းကျင်တဲ့ အင်အားကြီးသိုင်းပညာရှင်တချို့ပဲ အဆင့်တက်နိုင်လိမ့်မယ်”
ချင်မူ့နှလုံးသားမှာ တုန်ရီလာပြီး သူ၏လည်ချောင်းသည်လည်း ပိုပို၍ခြောက်သွေ့လာ၏။ သူက ဩရှစွာ မေးလိုက်ပြန်သည်။ “အကျိုးဆက်တွေကရော’’
“တစ်လောကလုံးမှာ နတ်ဘုရားတွေ ဆိတ်သုဉ်းကုန်မယ်”
ကောင်းကင်နတ်အရှင်ရုံက သူ့ကို စေ့စေ့ကြည့်ပြီးနောက် တစ်လုံးချင်း မေးလိုက်သည်။ “မင်း ငါ့ကို အဲ့ဒီလို လုပ်စေချင်သလား”