← Chapters

အပြစ်ကင်းသူနှင့် သောက်ကျင့်ပုတ်သူ

Vol. 123 Ch. 1595

အပြစ်ကင်းသူနှင့် သောက်ကျင့်ပုတ်သူ

Vol. 123 Ch. 1595

“ဒါပေမဲ့ ဒါကို လုပ်နိုင်တဲ့သူက ငါတစ်ယောက်တည်း မဟုတ်ဘူး”

ကောင်းကင်နတ်အရှင်ရုံက သေခြင်ရှင်ခြင်းစာအုပ်ကို သူ့အနားသို့ အနည်းငယ် တွန်းပို့လိုက်ရင်း ဆက်ပြောသည်။ “မင်းလည်း ဒါကို လုပ်နိုင်တယ် ကောင်းကင်နတ်အရှင်မူ…” သူက နူးညံ့ညင်သာသော လေသံဖြင့် ပြောသည်။ “မင်းက တစ်ချိန်တုန်းက ယိုတုသားတော် ဖြစ်ခဲ့တာဆိုတော့ သေခြင်းရှင်ခြင်းစာအုပ်ရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်တယ်…. ဒီစွမ်းအားကို ထိန်းချုပ်နိုင်တဲ့အပြင် မရေမတွက်နိုင်တဲ့ သက်ရှိတွေရဲ့ သေခြင်းရှင်ခြင်းကိုလည်း ဆုံးဖြတ်ပေးနိုင်တယ်”

“ကျွန်တော်လည်း အဲ့ဒီလိုလုပ်နိုင်တာလား” ချင်မူ့အကြည့်က ရွှေရောင်စာရွက်အပေါ်သို့ ကျရောက်သွားသည်။

သေခြင်းရှင်ခြင်းစာအုပ်မှာ ရိုးရှင်းသော ရွှေရောင်စာရွက်တစ်ရွက်သာ ဖြစ်၏။ ၎င်းက မည်သည့်ပြစ်ချက်၊ မည်သည့်အမှတ်အသားမှ မပါရှိဘဲ စားပွဲခုံပေါ်တွင် တင်လျက်ပင်။

“မင်း ယိုတုမဟာတာအိုကို အသက်သွင်းပြီး ဒီစွမ်းအားကို ထိန်းချုပ်လို့ရတယ်”

ချင်မူလည်း တခဏ တုံ့ဆိုင်းနေပြီးနောက် လက်ဖဝါး ဖြန့်ကာ ယိုတိုမဟာတာအိုကို အသက်သွင်းလိုက်သည်။ သူ၏လက်ဖဝါးသည် မြေအောက်ဘုံအရှင်သခင်၏ သေခြင်းရှင်ခြင်းစာအုပ်ပေါ်သို့ တင်လိုက်၏။

ထိုစဉ်မှာပဲ သူက လန့်ဖြတ်သွားသော ယုန်တစ်ကောင်အလား လက်ဖဝါးကို ဆတ်ခနဲ ပြန်ရုတ်ကာ သေခြင်းရှင်ခြင်းစာအုပ်အား ကြောက်လန့်တကြား ကြည့်လိုက်သည်။

သူ၏လက်ဖဝါး မြေအောက်ဘုံအရှင်သခင်၏ သေခြင်းရှင်ခြင်းစာအုပ်ပေါ်သို့ ကျရောက်သွားသည့်အချိန်တွင် သေခြင်းရှင်ခြင်းစာအုပ်၏ ထိန်းချုပ်မှုအောက်ရှိ တစ်လောကလုံးမှ မရေမတွက်နိုင်သော သက်ရှိသတ္တဝါများနှင့် နတ်ဘုရားများကို တွေ့မြင်ခဲ့ရသည်။

သူ ယိုတုမဟာတာအိုကို အသက်သွင်းလိုက်သည်နှင့် ကမ္ဘာလောကအားလုံးရှိ သက်ရှိသတ္တဝါများနှင့် နတ်ဘုရားတို့၏ သေခြင်းရှင်ခြင်းနှင့် ကံကြမ္မာအား ထိန်းချုပ်နိုင်သည်အား အာရုံခံလိုက်မိသည်။

ချင်မူက ကျောက်တုံးစားပွဲကို ပတ်လျှောက်ရင်း စားပွဲပေါ်ရှိ သေခြင်းရှင်ခြင်းစာအုပ်အား တစ်ချက်တစ်ချက် လှမ်းကြည့်နေသည်။ သူ၏ မျက်လုံးထဲတွင် ဉာဏ်နီဉာဏ်နက်များသော မိစ္ဆာသဘာဝတို့ တရိပ်ရိပ် ဖြတ်ပြေးနေကြ၏။

သေခြင်းရှင်ခြင်းစာအုပ်တွင် သာမန်ထက် ပို၍ အားကောင်းပြီး မမြင်ရနိုင်သည့် မိစ္ဆာစွမ်းအားတို့ ကိန်းဝပ်နေသယောငသ်ပင်။ အသံများက သူ၏နားထဲတွင် တီးတိုးပြောနေကြပြီး ရွှေရောင်စာရွက်ကို ကောက်မ,ကာ သက်ရှိတို့၏ သေခြင်းရှင်ခြင်းအား ထိန်းချုပ်ရန် ဆွဲဆောင်ဖျားယောင်းနေကြသည်။

ချင်မူမှာ အသက်လု၍ ရှူလာရသည်။ သူ၏ တာအိုနှလုံးသားထဲရှိ မိစ္ဆာသဘာဝသည် သေခြင်းရှင်ခြင်းစာအုပ်နှင့် ထိတွေ့သွားတိုင်း အမြဲရုန်းကြွလာတတ်၏။

သူ သေခြင်းရှင်ခြင်းစာအုပ်ကို ထိန်းချုပ်ထားသရွေ့ တစ်လောကလုံးတွင် ကြောက်မက်ဖွယ်ရာအကောင်းဆုံး စွမ်းအားကို ပိုင်ဆိုင်ထားမည် မဟုတ်လော။

အားလုံး၏ သေခြင်းရှင်ခြင်းကောင်းကင်ရတနာများကိုလည်း တိုက်ရိုက် ဖယ်ရှားပစ်နိုင်သည်။ ထိုအခါ နတ်ဘုရားတစ်ပိုင်းများနှင့် ကမ္ဘာခေတ်နှောင်းသတ္တဝါ အားလုံး၏ သက်တမ်းတို့ကား အကန့်အသတ် ရှိလာလိမ့်မည်။ သူတို့ နတ်ဘုရားအဆင့်အထိ ကျင့်ကြံလျှင်တောင်မှ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ မနာကျန်းခြင်းနှင့် သေဆုံးခြင်းတို့ကို တွေ့ကြုံခံစားရမည် ဖြစ်သည်။

သူ ထိုသို့လုပ်လိုက်ပါက လက်ရှိကောင်းကင်နတ်ဘုံအား အတော်လေး အထိနာသွားစေပေလိမ့်မည်။

ကောင်းကင်နတ်ဘုံသည် နတ်ဘုရားမိစ္ဆာများ စုဝေးနေသောနေရာ မဟုတ်လော။

ထိုနတ်ဘုရားမိစ္ဆာများတွင် နှစ်ပေါင်းရှည်ကြာသော ရည်ရွယ်ချက်များ ရှိကြပြီး ကောင်းကင်မြေကြီးနှင့် တန်းတူနီးပါး ကြာရှည်စွာ နေထိုင်ခဲ့ကြပြီးချေပြီ။ သူတို့က ကောင်းကင်နတ်ဘုံကို ထိန်းချုပ်ပြီး စကြဝဠာကြီးအား သိမ်းပိုက်ကာ နောက်မှ မွေးဖွားလာသူများ တွန်းလှန်မပုန်ကန်နိုင်အောင် တားဆီးပိတ်ပင်ထားကြသည်။ တကယ်တမ်းတွင် သူတို့သည် အကျိုးစီးပွားတို့အား ကာကွယ်နေကြခြင်းသာ ဖြစ်၏။

ကောင်းကင်နတ်အရှင်ဆယ်ပါးက ထိုနတ်ဘုရားမိစ္ဆာများကို ကိုယ်စားပြုသည်။

ထိုနတ်ဘုရားမိစ္ဆာများသာ ထာဝရ မရှင်သန်နိုင်တော့လျှင် သူတို့၏အစုအဝေးသည် ပြိုလဲကာ ဖရိုဖရဲဖြစ်သွားပေလိမ့်မည်။

ဤသည်က ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် ဖန်ဆင်းခြင်းလမ်းစဉ်တွင် ကျွမ်းကျင်ကြသော အင်အားကြီးသိုင်းပညာရှင်များကိုတော့ ခြိမ်းခြောက်ကောင်း ခြိမ်းခြောက်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် ကောင်းကင်နတ်ဘုံ၏ အင်အားကတော့ အတော်လေး လျော့ကျသွားမည်မှာ မုချဧကန်ပင်။

သေခြင်းရှင်ခြင်းစာအုပ်ကို လက်ကိုင်ထားသည့် ချင်မူသည် ထိုပုဂ္ဂိုလ်တို့၏ သက်တမ်းများကို အလိုရှိသလို ခြယ်လှယ်နိုင်လိမ့်မည်။ လက်ကလေးတစ်ချက် ခါလိုက်ရုံဖြင့်ပင် ထိုသူအားလုံးကို သေဆုံးသွားစေနိုင်၏။

ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများကိုပင် ခြိမ်းခြောက်၍ သူ့လက်အောက်၌ အညံ့ခံလာအောင် စွမ်း‌ဆောင်နိုင်ပေသည်။

ချင်မူပင် မသိလိုက်ဘဲ သူ၏ချီစွမ်းအင်တို့သည် သူ ၏ကောင်းကင်နန်းဆောင်များကို မည်းမှောင်လာစေပြီး ကောင်းကင်ရတနာနယ်ပယ်တစ်ခုလုံးကို အမှောင်ထု ဖုံးလွမ်းသွားစေသည့် အနက်ရောင်မိစ္ဆာချီများအဖြစ် ပြောင်းလဲကုန်၏။

‌ပို၍ ကြောက်မက်ဖွယ်ကောင်းသည်က သူ၏ကောင်းကင်ရတနာထဲရှိ လောကသစ်ပင်သည်လည်း အနက်ရောင်သစ်ပင်ကြီးအဖြစ် ပြောင်းလဲသွားခြင်းပင်။ ကြောက်မက်ဖွယ်စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် သူ၏မဟာတာအိုအားလုံးသည် အနက်ရောင် ဖြစ်ကုန်ကြချေပြီ။

သူ၏အရှိန်အဝါက ပေါက်ကွဲထွက်လာကာ တျန်းချိကျွင်း၏ စံအိမ်တစ်ခုလုံးကို အမှောင်ကျသွားစေသည်။ ထိုမျှသာမက အမှောင်ထုသည် မြေအောက်ဘုံအရှင်သခင်၏ ဦးချိုထဲသို့ ချက်ချင်း ကျူးကျော်သွားပြီး စီးဆင်းနေသော ချော်ရည်ပူမြစ်အား လောင်ကျွမ်းနေခြင်း ရပ်တန့်သွားစေ၍ ယိုတုမြစ်ကိုပင် အေးခဲသွားစေ၏။

ကောင်းကင်နတ်အရှင်လင် မျက်မှောင်ကြုတ်သွားပြီး စကားပြောတော့မည့်အချိန်တွင် ကောင်းကင်နတ်အရှင်ရုံက လက်ကာပြ၍ သူမအား တားသည်။

ကောင်းကင်နတ်အရှင်လင်မှာ အံ့အားသင့်စွာဖြင့် သူ့ကို ကြည့်၏။ ကောင်းကင်နတ်အရှင်ရုံက ခေါင်းခါပြသည်။

ချင်မူ့ပတ်ပတ်လည်ရှိ မိစ္ဆာသဘာဝတို့သည် ပို၍ပြင်းထန်လာသည်နှင့်အမျှ အမှောင်ထုကြီးက ပိုပို၍ ကျယ်ပြန့်စွာ လွှမ်းခြုံလာသည်။ ၎င်းက ပြိုင်ဘက်ကင်းအောင် ကြီးမားသော မြေအောက်ဘုံအရှင်သခင်၏ ဦးချိုကြီးကိုပင်လျှင် လုံးဝ အုပ်မိုးသွားတော့သည်။

ချင်မူ၏ မျက်နှာမှာလည်း မည်းမှောင်နေပြီး သူ၏မျက်လုံးများက မိစ္ဆာအလင်းရောင်တို့ဖြင့် တဖျတ်ဖျတ် တောက်ပနေသည်။ သိပ်သည်းသော မိစ္ဆာအလင်းရောင်တို့သည် သူ၏မျက်နှာကို တစ်ချက်တစ်ချက် လင်းသွားစေတတ်သဖြင့် သူ့အသွင်အား ပို၍ရက်စက်ကြမ်းကြုတ်နေစေသည်။

“သေခြင်းရှင်ခြင်းစာအုပ်ကို ရထားသရွေ့...”

ချင်မူ့အသံသည် မိစ္ဆာသဘာဝဖြင့် ပြည့်နှက်နေပြီး သူ၏တာအိုနှလုံးသားက ပုံပျက်လာ၏။ သူ့အနောက်ရှိ မူလဝိညာဉ်သည်လည်း ပိတ်ပိတ်ပုန်းမှောင်မည်းနေသည့် အမှောင်ထုထဲ၌ ရပ်နေသော မိစ္ဆာဘုရင်တစ်ပါးသဖွယ် တဖြည်းဖြည်း နက်မှောင်လာသည်။

“သေခြင်းရှင်ခြင်းစာအုပ်ကို ရထားသရွေ့ ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ စွမ်းအားကို တစ်ချက်တည်း ချေမှုန်းနိုင်ပြီး ကောင်းကင်နတ်ဘုံကို ဖျက်ဆီးပစ်နိုင်တယ်… အားလုံး ငါ့ခြေထောက်အောက်မှာ အညံ့ခံလာစေရမယ်”

“ဒီရွှေရောင်စာအုပ်ကို ရထားသရွေ့ ဘယ်သူမဆို ငါ့ကို ကြောက်ရွံ့မိမယ့် စွမ်းအား ငါ့မှာ ရှိလာလိမ့်မယ် … အချုပ်အနှောင်တွေ မရှိတော့ဘဲ ထင်တိုင်းကြဲနိုင်မယ့် ဘုရင် … အမှောင်ထုကမ္ဘာရဲ့ ဘုရင် ဖြစ်လာလိမ့်မယ်… မဟုတ်ဘူး… စကြဝဠာတစ်ခုလုံးရဲ့ ဘုရင် ဖြစ်လာမှာ”

သူက ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်သည်။ သူ၏မျက်နှာကြီးက ရှုံ့တွပုံပျက်နေပြီး သူ၏ လက်ချောင်းများသည် တဆတ်ဆတ် တုန်ရီနေ၏။ သူက သေခြင်းရှင်ခြင်းစာအုပ်ကို လှမ်းယူရန် ပြင်လိုက်သည်။

“တစ်လောကလုံးမှာ အရက်စက်ဆုံး အာဏာရှင် ဖြစ်လာမှာ… အနန္တကမ္ဘာလောကကြီးမှာ ဧကရာဇ်တစ်ပါး ဖြစ်လာမှာ… ငါ့နေရာက ထိုက်ချူထက်တောင် တည်မြဲလိမ့်မယ်… ငါ့နည်းလမ်းတွေက ကောင်းကင်နတ်အရှင်ဆယ်ပါးထက်တောင် ရက်စက်ကြမ်းကြုတ်လိမ့်မယ်… ဘယ်သူကမှ ငါ့ကို ခုခံရဲမှာမဟုတ်ဘူး… အားလုံး ငါ့ရဲ့ ပြိုင်ဘက်ကင်း အာဏာအောက်မှာ ပြားပြားဝပ်နေကြရလိမ့်မယ်… ကောင်းကင်နတ်အရှင်ဆယ်ပါးတောင် ငါ့ကို အာခံနိုင်မှာမဟုတ်ဘူး”

“ငါ့အာဏာက ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းကို ဖြတ်သန်းပြီး စကြ၀ဠာ ၁၆ စင်းကို ခြုံလွှမ်းသွားလိမ့်မယ်…. ကမ္ဘာခေတ်ဦးကို အုပ်ချုပ်ပြီး မီလော့နန်းတော် သခင်လေးခြောက်ယောက်လည်း ငါ့ခြေဖဝါးအောက်မှာ အညံ့ခံလာရလိမ့်မယ်”

သူ၏လက်ဖဝါး သေခြင်းရှင်ခြင်းစာအုပ်အား ထိတွေ့တော့မည့်အချိန်တွင် သူသည် တုံ့ခနဲ ရပ်တန့်လိုက်၏။ ချင်မူ့မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်နေသော အရိပ်အယောင်များ ပေါ်လာပြီး သူက အနောက်သို့ ဆုတ်သွားသည်။ သူ့နှုတ်မှ ဗလုံးဗထွေးအသံများ ထွက်လာတော့သည်။

“မဟုတ်ဘူး… အဲ့ဒီလိုလုပ်လို့ မဖြစ်ဘူး… အဲ့ဒီလိုလုပ်လိုက်ရင် ငါက ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ ဘာကွာတော့မှာလဲ… အဲ့ဒီရှေးဟောင်းနတ်ဘုရားတွေအတိုင်း ဖြစ်သွားမှာ … အဲ့ဒီလိုလုပ်လို့ မဖြစ်ဘူး”

မြေအောက်ဘုံအရှင်သခင်၏ ဦးချိုကို လွှမ်းမိုးထားသည့် အမှောင်ထုက ဖြည်းဖြည်းချင်း ကြဲပါးသွားပြီး တျန်းချိကျွင်းစံအိမ်တွင်လည်း အလင်းရောင်များ ပြန်လည်ဝင်ရောက်လာသည်။

ချင်မူ့မျက်နှာမှာ သူ့ခန္ဓာကိုယ်ရှိ အလင်းရောင်ကြောင့် တဖြည်းဖြည်း ပြန်လည်တောက်ပလာ၏။ သူ့ဦးခေါင်းအနောက်ရှိ ကောင်းကင်နန်းဆောင်များသည်လည်း အမှောင်ထုထဲမှ ဖြည်းဖြည်းချင်း ထွက်လာကြသည်။ သူ၏မူလဝိညာဉ်လည်း ထွက်ပေါ်လာ၏။

လောကသစ်ပင်က အမှောင်ထုထဲတွင် ရှိနေသေးသော်လည်း အမှောင်ထုသည် တစတစ ပျောက်ကွယ်သွားချေပြီ။

ချင်မူက လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်၍ သေခြင်းရှင်ခြင်းစာအုပ်အား စိုက်ကြည့်နေ၏။ သူ၏ဝတ်ရုံမှာ ရေထဲ နှစ်ချခံထားရသကဲ့သို့ ချွေးတို့ဖြင့် ရွှဲစိုနေလေသည်။

“ပြင်းထန်လိုက်တဲ့ မိစ္ဆာသဘာဝပါလား”

သူသည် မျက်လုံးမှိတ်ပြီး သေခြင်းရှင်ခြင်းစာအုပ်၏ ညှို့ယူခြင်းကို အတတ်နိုင်ဆုံး ခုခံနေသည်။ နှုတ်မှလည်း ခပ်ဖွဖွ ပြောနေသည်။ “ငါ ဒါကို မလုပ်နိုင်သလို ဘယ်သူမှလည်း လုပ်နိုင်မှာမဟုတ်ဘူး… ဒါကို လုပ်လိုက်ရင် လူသားမျိုးနွယ်အတွက် ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး”

ချင်မူမှာ သူတို့ကို ပြောနေသည့်ပုံပေါ်သော်လည်း တစ်ယောက်တည်း ရေရွတ်နေသည်နှင့် တူ၏။ “ထာဝရရှေးဟောင်းနတ်ဘုရားတစ်ပါးဆိုတာ ထာဝရအုပ်ချုပ်သူတစ်ယောက် ဖြစ်နေလိမ့်မယ်… လူသားမျိုးနွယ်နဲ့ ကမ္ဘာခေတ်နှောင်းမျိုးနွယ်တွေရဲ့ သက်တမ်းတိုတာက သဘာဝပဲ… သူတို့တတွေဟာ နှစ်ရာဂဏန်းလောက် ကြာလာရင် နတ်ဘုရားအဆင့်အထိ ကျင့်ကြံနိုင်ရင်တောင်မှ နောက်ဆုံး သေဆုံးသွားကြရတယ်... အဆင့်မြင့်မားတဲ့ အတိုက်အခိုက်စွမ်းရည်တွေကို ပိုင်ဆိုင်နိုင်ကြမှာမဟုတ်ဘူး… ဆန့်ကျင်ဘက်အနေနဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါးကတော့ မြှောက်စားချီးမြှင့်တာတွေ လုပ်ပြီး မရေမတွက်နိုင်တဲ့နောက်လိုက်တွေ စုဆောင်းနိုင်လိမ့်မယ်… လောကမှာ နတ်ဘုရားတွေ မရှိတော့ဘူးဆိုရင် ရှေးဟောင်းနတ်ဘုရားတွေ အုပ်စိုးတဲ့ခေတ်ကို ပြန်ရောက်သွားလိမ့်မယ်… ရှေးဟောင်းနတ်ဘုရားတွေရဲ့ အုပ်စိုးမှုကို မတွန်းလှန်နိုင်ခဲ့တုန်းက လူတွေ ဘယ်လောက်တောင် သေခဲ့ရသလဲ….”

ကောင်းကင်နတ်အရှင်လင်က ဝင်ပြောသည်။ “ကောင်းကင်မဟာမိတ်ကို ထူထောင်ခဲ့တဲ့ ရည်ရွယ်ချက်က ရှေးဟောင်းနတ်ဘုရားတွေရဲ့ အုပ်ချုပ်မှုကို တွန်းလှန်ဖို့ပဲ”

ချင်မူက လေပူတစ်ချက် မှုတ်ထုတ်၍ မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ၏အကြည့်က ယခင်ကကဲ့သို့ ပြန်လည်တောက်ပနေချေပြီ။ “လူသားမျိုးနွယ်ရဲ့ သက်တမ်းက အကန့်အသတ် ရှိတယ်…. နတ်ဘုရားတစ်ပိုင်းတွေရဲ့ သက်တမ်းက လူသားတွေထက် ရှည်တယ်… ရှေးဟောင်းဘုရားတွေ မရှိရင်တောင် လူသားတွေအနေနဲ့ သက်တမ်းအကန့်အသတ် ရှိတဲ့အတွက် အရှုံးကနေ အနိုင်ရနိုင်ဖို့ ခက်ခဲလိမ့်မယ်… ကောင်းကင်နတ်အရှင်ရုံ၊ ခင်ဗျားက သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို ဖွင့်ခဲ့ပြီး ကောင်းကင်နတ်သိုင်းပညာရှင်တွေရဲ့ သက်တမ်းကို နှစ်ပေါင်းရှစ်ရာအထိ တိုးမြှင့်ပေးနိုင်ခဲ့တယ်… ကောင်းကင်နတ်အရှင်ယွီက သူ့ရဲ့ကောင်းကင်နန်းဆောင်ကို ဖွင့်ခဲ့ပြီး အကန့်အသတ်မရှိတဲ့ သက်တမ်း ပိုင်ဆိုင်စေခဲ့တယ်… ဒါကြောင့် လူသားမျိုးနွယ် တိုးတက်လာခဲ့တာပဲ”

သူက ခေါင်းရမ်းလိုက်သည်။ “အားလုံးရဲ့ သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို ဖျက်စီးပစ်လိုက်ရင် တိုးတက်မယ့်အစား နောက်ကို တစ်လှမ်းဆုတ်လိုက်သလိုပဲ ဖြစ်သွားမှာ… သေမျိုးတွေဟာ ကျင့်ကြံပြီး နတ်ဘုရားဖြစ်လာနိုင်တဲ့အတွက် ဇွဲရှိရှိ ကျင့်ကြံပြီး အဆင့်တက်ဖို့ ကြိုးစားနေကြတာပဲ… အဲဒီလို ရည်ရွယ်ချက် မရှိတော့ဘူးဆိုရင် ကျင့်ကြံချင်တဲ့စိတ်တွေ ပျောက်ကုန်ကြလိမ့်မယ် .... ဒါကြီးက မလိုအပ်ဘူး”

ကောင်းကင်နတ်အရှင်ရုံက သေခြင်းရှင်ခြင်းစာအုပ်ကို ကြည့်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်း မြေအောက်ဘုံအရှင်သခင်ရဲ့ စမ်းသပ်ချက်ကို အောင်မြင်သွားပြီ… မင်း သေခြင်းရှင်ခြင်းစာအုပ်ရဲ့ မိစ္ဆာသဘာဝ ကျူးကျော်လာတာကို ခုခံနိုင်ခဲ့တယ်…ဆိုတော့ မြေအောက်ဘုံအရှင်သခင်ရဲ့ စွမ်းအားကို အမွေယူပြီး မြေအောက်ဘုံအရှင်သခင်အသစ် ဖြစ်လာလို့ရပြီ… မင်းရဲ့တာအိုနှလုံးသားက အင်မတန် ခိုင်မာတဲ့အတွက် ဒီစွမ်းအားကို အပြည့်အဝ အသုံးချနိုင်လိမ့်မယ်”

ချင်မူ မြေအောက်ဘုံအရှင်သခင်၏ သေခြင်ရှင်ခြင်းစာအုပ်ကို ကြည့်လိုက်မိသည်။ ဤသေခြင်းရှင်ခြင်းစာအုပ်မှာ အလွန်တရာ ကောင်းမွန်သော အသတ်အဖြတ်လက်နက်တစ်လက် ဖြစ်သည်။ သို့သော် သူက ခေါင်းရမ်း၏။ “ကျွန်တော် ဒီတစ်ကြိမ် သေခြင်းရှင်ခြင်းစာအုပ်ရဲ့ မိစ္ဆာသဘာဝကို ခုခံလိုက်နိုင်ပေမယ့် နောက်တစ်ကြိမ် ခုခံနိုင်ဖို့ကတော့ မသေချာဘူး… အမှန်တကယ်တော့ သေခြင်းရှင်ခြင်းစာအုပ်မှာ အရှင်သခင် ရှိနေပြီးပြီ… အဲ့ဒီပုဂ္ဂိုလ်က ကျွန်တော် မဟုတ်ဘူး”

သူသည် အစက သေခြင်းရှင်ခြင်းစာအုပ်ကို ခိုးယူ၍ ရွှင်ပျော်ပျော်ကျေးရွာနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ ပြည်သူပြည်သားများ၏ နာမည်များကို ဖျက်ပစ်ရန် ရည်ရွယ်ထားခဲ့၏။ ထိုနည်းဖြင့်ဆိုပါက ကောင်းကင်နတ်ဘုံ ယိုတုကို သိမ်းပိုက်နိုင်ခဲ့လျှင်တောင်မှ လူသားမျိုးနွယ်ကို မျိုးသုဉ်းအောင် ဖျက်ဆီးနိုင်လိမ့်မည်မဟုတ်ပေ။

ယခုတွင် သူက သေခြင်းရှင်ခြင်းစာအုပ်အပေါ် ထိန်းချုပ်နိုင်သူ မဟုတ်မှန်း သိလိုက်ရလေပြီ။

'သေခြင်းရှင်ခြင်းစာအုပ်ရဲ့ စွမ်းအားက ပြင်းထန်ပြီး များပြားလွန်းတယ်… စစ်မှန်တဲ့ မြေအောက်ဘုံအရှင်သခင်တစ်ယောက်လက်ထဲ ရောက်မှ ဖြစ်မယ်’

ချင်မူ့က သေခြင်းရှင်ခြင်းစာအုပ်ဆီမှ ခက်ခက်ခဲခဲ အကြည့်လွှဲလိုက်သည်။ “ကျွန်တော်က စစ်မှန်တဲ့ မြေအောက်ဘုံအရှင်သခင်တစ်ယောက် မဟုတ်ဘူး… ကျွန်တော် သေခြင်းရှင်ခြင်းစာအုပ်ရဲ့ စွမ်းအားကို ထိန်းချုပ်လိုက်ရင် တုံးအတဲ့အရာတစ်ခုခု လုပ်မိမှာ စိုးရိမ်ရတယ်”

သူ၏အသံက အနည်းငယ် အက်ကွဲနေဆဲပင်။ “ကောင်းကင်နတ်ဘုံလက်ထဲလည်း သေခြင်းရှင်ခြင်းစာအုပ် ဘယ်တော့မှ ရောက်သွားလို့မဖြစ်ဘူး… ကောင်းကင်နတ်အရှင်ရုံ၊ မြေအောက်ဘုံအရှင်သခင် သေခြင်းရှင်ခြင်းစာအုပ်ကို တာဝန်ယူဖို့ ခင်ဗျားကို ရွေးချယ်ခဲ့တာ အကြောင်းအရင်း ရှိပါလိမ့်မယ်”

ကောင်းကင်နတ်အရှင်ရုံ၏ အကြည့်က သေခြင်းရှင်ခြင်းစာအုပ်ဆီသို့ ကျရောက်သွားသည်။ တစ်ခဏကြာသော် သူက ၎င်းကို သိမ်းဆည်းလိုက်၏။ “ငါလည်း သေခြင်းရှင်ခြင်းစာအုပ်ရဲ့ အရှင်သခင် မဟုတ်ဘူး… မြေအောက်ဘုံအရှင်သခင် ငါ့ကို သေခြင်းရှင်ခြင်းစာအုပ် ပေးခဲ့တုန်းက ငါက သူ့နေရာ ဆက်ခံနိုင်မယ့်သူလို့ ထင်ခဲ့တာ… ဒါပေမဲ့ ငါလည်း သေခြင်းရှင်ခြင်းစာအုပ်ရဲ့ မိစ္ဆာသဘာဝ မကျူးကျော်လာအောင် ခုခံနေခဲ့တာ နှစ်တစ်သန်းကြာခဲ့ပြီ… အဲဒီအချိန်တုန်းက မိစ္ဆာသဘာဝကို ခုခံနိုင်ဖို့ ကူညီပေးခဲ့တဲ့သူက မြေအောက်ဘုံအရှင်သခင်ပဲ… မြေအောက်ဘုံအရှင်သခင် သေဆုံးသွားခဲ့ရင်…”

သူက ဆက်မပြောတော့ပေ။

မြေအောက်ဘုံအရှင်သခင် သေဆုံးသွားခဲ့ပါက သူ သေခြင်းရှင်ခြင်းစာအုပ်၏ မိစ္ဆာသဘာဝကို ခုခံနိုင်အောင် ကူညီပေးမည့်သူ မရှိတော့ပေ။ မိစ္ဆာသဘာဝဖြင့် ထိန်းချုပ်ခံထားရသည့် ကောင်းကင်နတ်အရှင်ရုံက မည်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။

“သေခြင်းရှင်ခြင်းစာအုပ်ကို ဖျက်စီးလိုက်ရင်ရော”

ကောင်းကင်နတ်အရှင်လင်က ပြောသည်။ “ဒီမိစ္ဆာရတနာကို ဖျက်စီးလိုက်ရုံပဲလေ”

“ငါ မဖျက်စီးနိုင်ဘူး”

ကောင်းကင်နတ်အရှင်ရုံက ခေါင်းရမ်းသည်။ “သေခြင်းရှင်ခြင်းစာအုပ်ဆိုတာ ယိုတုမဟာတာအို ၆၄ ခု ပေါင်းစည်းခြင်းကနေ ဖွဲ့တည်လာတဲ့ ရတနာတစ်ပါးပဲ…. ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအို ၆၄ ခုကို မဖျက်ဆီးနိုင်သရွေ့ ဖျက်ဆီးဖို့မဖြစ်နိုင်ဘူး”

ကောင်းကင်နတ်အရှင်လင်မှာလည်း တိတ်ဆိတ်သွားသည်။ သူမအနေဖြင့် ယိုတု၏ မဟာတာအို ၆၄ ခုကို ဖျက်ဆီးရန် မဖြစ်နိုင်ပေ။

“မင်း မြေအောက်ဘုံအရှင်သခင်ကို သတ်ပြီးသွားရင် ငါ သေခြင်းရှင်ခြင်းစာအုပ်ရဲ့ ထိန်းချုပ်တာ ခံရကောင်း ခံရနိုင်တယ်”

ကောင်းကင်နတ်အရှင်ရုံက ပြောသည်။ “အဲဒီလို ဖြစ်လာခဲ့ရင် ငါ့ကို ကောင်းကင်နတ်ဘုံက ကောင်းကင်နတ်အရှင်တွေနဲ့ တိုက်ပွဲမှာ သေဆုံးခွင့်ပေးပါ”

ချင်မူက မျက်မှောင်ကြုတ်နေပြီးနောက် ရုတ်တရက် ပြုံးကာ ထရပ်လိုက်သည်။ “ဒီနေရာမှာ ခဏစောင့်ပေးကြပါ… သိပ်မကြာခင် ပြန်လာခဲ့ပါမယ်”

သူက ဖြတ်ခနဲ ထွက်ခွာသွားပြီးနောက် ရုတ်တရက် ပြုံးလျက် ပြန်ရောက်လာပြန်၏။ “စက္ကူလှေ ခဏလောက် ငှားလိုက်ပါဦး”

သူသည် ကောင်းကင်နတ်အရှင်ရုံ၏ အဖြေကိုပင် မစောင့်ဘဲ စက္ကူလှေပေါ် တက်ကာ ထွက်ခွာသွားတော့သည်။

ကောင်းကင်နတ်အရှင်လင်က စားပွဲပေါ်ရှိ သေခြင်းရှင်ခြင်းစာအုပ်ကို ကြည့်ကာ မေးသည်။ “ငါရော မိစ္ဆာသဘာဝ ထိန်းချုပ်တာ ခံရမှာလား”

ကောင်းကင်နတ်အရှင်ရုံက ခေါင်းရမ်းသည်။ “မင်းက ယိုတုရဲ့ မဟာတာအိုကို နားမလည်တဲ့အတွက် ဒီသေခြင်းရှင်ခြင်းစာအုပ်ရဲ့ စွမ်းအားကို အသက်မသွင်းနိုင်ဘူး…. သေခြင်းရှင်ခြင်းစာအုပ်က ယိုတုမဟာတာအိုကို နားလည်တဲ့သူလက်ထဲရောက်မှ စွမ်းအားအစစ် ထွက်ပေါ်လာတာ”

ကောင်းကင်နတ်အရှင်လင်က မည်သည့်စကားမှ မပြောတော့ဘဲ တိတ်ဆိတ်စွာ စောင့်နေသည်။

အချိန်အတော်ကြာပြီးနောက် ကောင်းကင်နတ်အရှင်ရုံက ပြော၏။ “လင်၊ မင်းနဲ့ စကားပြောရတာ သိပ်ကို သက်တောင့်သက်သာ ရှိတာပဲ”

ကောင်းကင်နတ်အရှင်လင်က တုံ့ပြန်သည်။ “အင်း နင်နဲ့ စကားပြောရတာ လေကုန်သက်သာတယ်”

မကြာမီ စက္ကူလှေသည် ပျံသန်းလာ၏။ စက္ကူလှေပေါ်တွင် ဧရာမဦးခေါင်းကြီးဖြင့် ကလေးကြီးတစ်ယောက် လိုက်ပါလာသည်။ သူ့မှာ လှေပေါ်တွင် ဆံအောင် ခြေထောက်ကို ကျုံ့ထားလျက် ပါလာခြင်း ဖြစ်၏။

ချင်မူ လှေကို ရပ်လိုက်သည့်အခါ ကလေးကြီးက ခုန်ဆင်းလိုက်သည်။ တျန်းချိကျွင်းစံအိမ်တစ်အိမ်လုံး တသိမ့်သိမ့် တုန်သွားတော့သည်။

“အစ်ကိုကြီး…. ဖြည်းဖြည်းလုပ်ပါဗျ” ချင်မူက မျက်နှာတည်တည်ဖြင့် သတိပေးလိုက်သည်။

ချင်ဖုန်းကျင့်သည် ပတ်ဝန်းကျင်အား စပ်စုကြည့်ပြီးနောက် တခွီးခွီး ရယ်လိုက်၏။ “မြေအောက်ဘုံအရှင်သခင်က တော်တော်ကြီးတာပဲနော် … အများကြီးစားနိုင်တယ် ဖြစ်မယ်”

ချင်မူက သူ့ကို တျန်းချိကျွင်းစံအိမမ်ထဲသို့ ခေါ်လာခဲ့သည်။ ချင်ဖုန်းကျင့်၏ခန္ဓာကိုယ်မှာ ကြီးမားလွန်းသဖြင့် လမ်းတလျှောက်လုံးရှိ အိမ်များ ပြိုကျကုန်ရာ အတော်လေး ဝရုန်းသုန်းကား ဖြစ်နေတော့၏။

ချင်မူက စားပွဲပေါ်ရှိ သေခြင်းရှင်ခြင်းစာအုပ်ကို လက်ညှိုးထိုးကာ ပြုံးလိုက်သည်။ “အစ်ကိုကြီး ဒီရွှေရောင်စာအုပ်ကို ကြည့်လိုက်ပါဦး…”

ချင်ဖုန်းကျင့်သည် လက်ဆန့်တန်းပြီး စာရွက်အား လက်ချောင်းနှစ်ချောင်းကြားတွင် ညှပ်ကိုင်လိုက်၏။ ချင်မူနှင့် ကောင်းကင်နတ်အရှင်ရုံမှာ ချက်ချင်း ရင်တုန်စိတ်လှုပ်ရှားလာကြသည်။ ချင်ဖုန်းကျင့်သာ မိစ္ဆာသဘာဝဖြင့် ထိန်းချုပ်ခြင်းခံရပါက သူတို့နှစ်ယောက်လုံး သူ့အား ဖိနှိပ်ရန် ချက်ချင်း လှုပ်ရှားကြရလိမ့်မည်။

ချင်ဖုန်းကျင့်သည် ယိုတုမိစ္ဆာသဘာဝဖြင့် မွေးဖွားလာခဲ့သည့်အလျောက် ပြိုင်ဘက်ကင်းအောင် ရက်စက်ကြမ်းကြုတ်၏။ သူသာ သေခြင်းရှင်ခြင်းစာအုပ်၏ လှုံ့ဆော်ခြင်း ခံရပြီး ၎င်းနှင့် ပေါင်းစည်းသွားပါက ချင်မူ မိစ္ဆာသဘာဝ၏ ထိန်းချုပ်ခြင်းခံရတုန်းကထက်ပင် ပို၍ ကြောက်စရာကောင်းလိမ့်မည်။

ချင်ဖုန်းကျင့်က သေခြင်းရှင်ခြင်းစာအုပ်ကို ခါလိုက်ရင်း ဇဝေဇဝါ ပြောလာ၏။ “ဒါက မြေအောက်ဘုံအရှင်သခင် ဖင်သုတ်တဲ့ စာရွက်ကြီးလား… မင်းတို့ ပြောနေတဲ့ပုံက ရတနာကြီးအတိုင်းပဲ…”

သူက ရွံရှာနေသောအမူအရာဖြင့် သေခြင်းရှင်ခြင်းစာအုပ်ကို ဘေးသို့ အသာလေး လွှတ်ပစ်လိုက်၏။ ချင်မူနှင့် ကောင်းကင်နတ်အရှင်ရုံမှာ ပါးစပ်အဟောင်းသားဖြစ်လျက်...။

ကောင်းကင်နတ်အရှင်ရုံက သေခြင်းရှင်ခြင်းစာအုပ်ကို အလျင်အမြန် ပြန်ကောက်၍ သူ့လက်ထဲ ထိုးထည့်ပေးလိုက်ပြန်၏။ “မြေအောက်ဘုံအရှင်လေး၊ ယိုတုမဟာတာအို သုံးပြီး ဒီစာရွက်ကို အသက်သွင်းကြည့်ပါလား”

ချင်ဖုန်းကျင့်သည် သူ့ကို ကြည့်၍ ဟက်ဟက်ပက်ပက် ရယ်လိုက်ပြန်သည်။ “မင်းက မရဏတမန်တော် ဘိုးတော်ကြီးမလား… ထူးဆန်းလိုက်တာ… ငယ်သွားတယ်နော်…”

သူက ပြောပြောဆိုဆိုဖြင့် ယိုတုမဟာတာအိုကို သုံး၍ သေခြင်းရှင်ခြင်းစာအုပ်ကို အသက်သွင်းလိုက်ရာ စာအုပ်သည် ပိုပို၍တောက်ပလာ၏။ သို့သော် ထူးဆန်းသည်က မိစ္ဆာသဘာဝမှာ ချင်ဖုန်းကျင့်အပေါ် သက်ရောက်ခြင်းမရှိပေ။ သူသည် အပြစ်ကင်း၍ ချစ်စရာကောင်းသော ဖက်တီးပုတ် ကလေးကြီးသာ ဖြစ်နေဆဲပင်။

ကောင်းကင်နတ်အရှင်ရုံမှာ သုန်မှုန်စွာဖြင့် ချင်မူ့ကို မေးလိုက်၏။ “မင်းတို့နှစ်ယောက် ကွဲသွားတုန်းက မင်း မင်းရဲ့ အပြစ်ကင်းတဲ့စိတ်ဓာတ်ကို ခွဲထုတ်ပစ်ပြီး သောက်ကျင့်မကောင်းတဲ့ စိတ်ဓာတ်ကိုပဲ ယူလာခဲ့တာလားဟေ”

All Chapters