မြေအောက်ဘုံအရှင်သခင်အဖြစ် တင်မြှောက်ခြင်း
Vol. 123 Ch. 1596
ကောင်းကင်နတ်အရှင်ရုံ၏ သောက်ကျင့်ယုတ်သော စိတ်ဓာတ်ပိုင်ရှင် ဟူသည့် စကားကြောင့် ချင်မူမှာ အောင့်သက်သက်ဖြင့် မကျေမနပ် အသံပြုလိုက်သော်လည်း မငြင်းပေ။
သူနှင့် ချင်ဖုန်းကျင့်သည် ယခင်က လူတစ်ယောက်တည်းအဖြစ် ပေါင်းစည်းနေခဲ့ကြ၏။ သို့သော် ချင်ဖုန်းကျင့်က ဆောလျင်စွာ မွေးဖွားခဲ့ပြီး ယိုတု၏ မိစ္ဆာသဘာဝမှ ဖြစ်တည်လာသော အသိစိတ်အလျဉ်ပင်။ မိစ္ဆာအဖြစ် မွေးဖွားခဲ့သည့်အပြင် ယိုတုတွင် နာမည်အကြီးဆုံး မိစ္ဆာဘုရင်လည်း ဖြစ်လာခဲ့သည်။ မရေမတွက်နိုင်သော ယိုတုမိစ္ဆာဘုရင်များပင်လျှင် သူ၏နာမည်ကို ကြားသည်နှင့် ကြောက်ဒူးတုန် ကြောက်ချီးပန်းကြရ၏။
ချင်မူကတော့ မြေအောက်ဘုံအရှင်သခင် ချင်ဖုန်းကျင့်အား ချိတ်ပိတ်ခဲ့ပြီးနောက် ချင်ဖုန်းကျင့်၏ ခန္ဓာကိုယ်ထဲတွင် ဖြစ်တည်လာခဲ့သော ဒုတိယမြောက် အသိစိတ်အလျဉ်ဖြစ်သည်။
ချင်ဖုန်းကျင့်သည် ယိုတုမိစ္ဆာချီ၊ မိစ္ဆာလမ်းစဉ်နှင့် မိစ္ဆာသဘာဝတို့ ဝင်စားထားသည့် မိစ္ဆာမှန်း အားလုံးသိကြ၏။ သူက သေသူများထံမှ ပေါက်ဖွားလာသည့် မကောင်းသော အကြံအစည်တို့အား သူ၏ ခန္ဓာကိုယ်ထဲတွင် စုဆောင်းထားသည့်အတွက် စွမ်းအား ကြီးမား၍ ရက်စက်သည်မှာ မထူးဆန်းလှချေ။
မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နယ်စားမင်းတို့သည် ယခင်က ထိုသို့တွေးခဲ့မိသလို ချင်မူမှာလည်း အလားတူပင်။
ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်က ချင်မူ ချင်ဖုန်းကျင့်အား သန့်စင်၍ အစစ်အမှန်ယိုတုသားတော် ဖြစ်လာစေရန်ပင် ကူညီပေးလိုခဲ့ကြသည်။
ချင်ဖုန်းကျင့်၏ ရက်စက်ကြမ်းကြုတ်မှုမှာ အလိုအလျောက် တုံ့ပြန်မှုတစ်ခုသာ ဖြစ်ကြောင်း ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့ နောက်မှသိခဲ့ကြရသည်။ သူ၏နှလုံးသားသည် ကလေးတစ်ယောက်သဖွယ် ဖြူစင်နေဆဲဖြစ်ကာ မည်သည့်ကောက်ကျစ်စဉ်းလဲမှုမှ ကိန်းဝပ်မနေပေ။
ထိုအစား သူတို့ အထင်ကြီးခဲ့မိသည့် ဒုတိယမြောက် အသိစိတ်အလျဉ် ချင်မူကသာ မြေခွေးလို အကျင့်၊ မြေပွေးလို အဆိပ်မျိုးနှင့် အလွန်တရာ အန္တရာယ်များသော လူသား ဖြစ်နေခဲ့၏။ သူက ရက်စက်ကြမ်းကြုတ်သည့်အပြင် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းလည်း အားနည်းပေသည်။
ချင်မူမှာ မိစ္ဆာလမ်းစဉ်ကို သိမြင်နားလည်ပြီး သူ၏ခန္ဓာကိုယ်ထဲရှိ မိစ္ဆာချီနှင့် မိစ္ဆာသဘာဝတို့ကို သတိထားမိသည့်အခါ ချင်ဖုန်းကျင့်ကဲ့သို့ အပြစ်ကင်းစင်သော စိတ်ဓာတ်အား ထိန်းသိမ်းမထားနိုင်ပေ။ ထိုအစား ပို၍ပင် အန္တရာယ်များကာ ထိန်းချုပ်မရနိုင်အေအာင် ဖြစ်လာ၏။ သူ၏ အန္တရာယ်က ချင်ဖုန်းကျင့်ထက်ပင် များစွာမြင့်မားလေသည်။
ထိုအချိန်တုန်းက ချင်ဖုန်းကျင့်၏ ယိုတုသားတော်အဆင့်အတန်းအား လုချင်သူ များစွာရှိသည်။ ယိုတု၏ မိစ္ဆာဘုရင်လေးပါး၊ ကောင်းကင်ယင်သားတော်နှင့် ကောင်းကင်နတ်ဘုံမှ နတ်ဘုရားမိစ္ဆာတို့အားလုံးသည် ယိုတု၏ မိစ္ဆာသဘာဝနှင့် တွေ့ကြုံကြသည့်အခါ ချင်မူ့ထက်ပင် ပို၍ဆိုးဝါးခဲ့ကြ၏။
ယိုတုသားတော်ရာထူးအတွက် တိုက်ပွဲမှာ ယခင်ကတည်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့မှာ ဖြစ်ရပ်မှန်ကို သိရှိသွားသည်နှင့် ချင်မူ ချင်ဖုန်းကျင့်အား သန့်စင်နိုင်အောင် ကူညီပေးရန် စိတ်ကူးထဲပင် မရှိတော့ပေ။ ထိုအစား ချင်မူ ချင်ဖုန်းကျင့်၏ ကြင်နာတတ်သော စိတ်သဘောထားကို သိရှိရန် တမင်တကာ သော်လည်းကောင်း မတော်တဆ သော်လည်းကောင်း လမ်းပြပေးခဲ့ကြ၏။ ချင်ဖုန်းကျင့်ကိုလည်း စည်းမျဉ်းများ သိတတ်အောင် လမ်းပြပေးခဲ့ကြသည်။
“အစ်ကိုကြီး၊ ဒီသေခြင်းရှင်ခြင်းစာအုပ်ရဲ့ စွမ်းအားကို မခံစားမိဘူးလား”
ချင်မူက မေးလိုက်၏။ “သေခြင်းရှင်ခြင်းစာအုပ်ထဲမှာ ဘာကို မြင်ရလဲ”
“ဒါက သေခြင်းရှင်ခြင်းစာအုပ်လား”
ချင်ဖုန်းကုန်းက သေခြင်းရှင်ခြင်းစာအုပ်ကို ဟိုလှန် သည်လှန် ကြည့်နေသည်။ “ဒါနဲ့ ဆက်သွယ်နေတဲ့ မရေမတွက်နိုင်တဲ့ သက်ရှိသတ္တဝါတွေကိုပဲ မြင်ခဲ့ရတာလေ … သူတို့ရဲ့ ဝိညာဉ်တွေကနေ ထွက်ပေါ်နေတဲ့ အသက်ဓာတ်တွေ ၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနဲ့ ဒေါသတွေအပြင် သူတို့ရဲ့ ရုပ်ခန္ဓာအပြောင်းအလဲတွေကိုရောပဲ မြင်တယ်... အရသာရှိတဲ့ နတ်ဘုရားမိစ္ဆာတွေလည်း ရှိသေးတယ်”
ချင်မူက စိတ်ရှည်လက်ရှည် မေးလိုက်သည်။ “အစ်ကိုကြီး သူတို့ကို ထိန်းချုပ်ပြီး စားမပစ်ချင်ဘူးလား”
ကောင်းကင်နတ်အရှင်ရုံမှာ ကြက်သီးမွေးညှင်းများ ထသွားသည်။
ချင်ဖုန်းကျင့်က ခေါင်းတဗြင်းဗြင်း ကုတ်လိုက်၏။ “ဘာလို့ အဲ့လိုလုပ်ရမှာတုန်းဟ … ငါနဲ့ မြေအောက်ဘုံအရှင်လေးစာချုပ်ကို ချုပ်လိုက်ရုံပဲဟာ… သူတို့ အမှားလုပ်မှ စားသင့်တာပေါ့… တစ်ခါတည်းနဲ့ အများကြီး စားလိုက်ရင် တစ်ပိုးနင့်ကုန်မှာပေါ့ကွ မင်းဟာကလည်း ...”
ချင်မူသည် သူ လမ်းကြောင်းမှန် မရောက်သေးမှန်း သိသဖြင့် ဆက်လက် သွေးထိုးလိုက်သည်။ “အစ်ကိုကြီး သေခြင်းရှင်ခြင်းစာအုပ်ကို ထိန်းချုပ်လိုက်တာနဲ့ အဲဒီသက်ရှိသတ္တဝါတွေရဲ့ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်ပြီ… အစ်ကိုကြီး စိတ်ထဲ ဘဝင်မကျတဲ့သူမှန်သမျှကို သေခိုင်းလို့ ရတယ်… ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့နည်းနဲ့ သေခိုင်းလို့ရတာနော်… အစ်ကိုကြီး သေစေချင်တဲ့ အရေအတွက်အတိုင်း ကြိုက်သလောက် သေခိုင်းလို့ရတာ”
ကောင်းကင်နတ်အရှင်ယွင်က ချင်မူ့ခါးကို တို့ကာ ခပ်တိုးတိုး မေးသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်း သူ့ကို သေခြင်းရှင်ခြင်းစာအုပ်ကို နားလည်အောင် လုပ်ပေးနေတာလား… မင်းလို ဖြစ်အောင် လုပ်နေတာလားကွ”
ချင်မူလည်း အသိစိတ်ပြန်လည်လာပြီး ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။
ချင်ဖုန်းကျင့်က သေခြင်းရှင်ခြင်းစာအုပ်ကို လှန်ကြည့်ပြီးနောက် ဘေးသို့ လွတ်ပစ်လိုက်ပြန်၏။ သူက ခေါင်းရမ်းလျက် ပြောသည်။ “အဲဒီငတုံးလေးတွေက သူတို့ဘာသူတို့ သေကြောင်းကြံနေကြတာလေ… ညီဆိုးလေးလိုပဲ… ဒါကြီးကိုတောင် မလိုအပ်ဘူး… ဒါက မြေအောက်ဘုံအရှင်သခင် ဖင်သုတ်တဲ့စာရွက် မဟုတ်ဘဲနဲ့ ခြေသုတ်၀တ်များလား… နံစော်ပြီး မာတောင့်နေတာပဲ”
ဤတစ်ကြိမ်တွင် ကောင်းကင်နတ်အရှင်လင်ပင်လျှင် အံ့အားသင့်နေမိသည်။ သူမက ရုတ်တရက် ထပြောသည်။ “မြေအောက်ဘုံအရှင်သခင်လေးက တကယ်ကို သေခြင်းရှင်ခြင်းစာအုပ်အပေါ် ထိန်းချုပ်ဖို့ အသင့်တော်ဆုံးသူပဲ”
ချင်မူနှင့် ကောင်းကင်နတ်အရှင်ရုံတို့ကလည်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြသည်။ ချင်ဖုန်းကျင့်သည် ယိုတု၏မိစ္ဆာသဘာဝ ဖြစ်သောကြောင့် သေခြင်းရှင်ခြင်းစာအုပ်သည် သူ့အား ထိန်းချုပ်နိုင်ခြင်း မရှိသလို ညှို့ယူနိုင်ခြင်းလည်း မရှိပေ။ အခြားတစ်ဖက်တွင် သူသည် သေခြင်းရှင်ခြင်းစာအုပ်၏စွမ်းအားကို ထုတ်လွှတ်နိုင်ပြီး တစ်ချိန်တည်းမှာပင် သူ၏နှလုံးသားကလည်း ပြိုင်ဘက်ကင်းအောင် စင်ကြယ်နေ၏။ ဤသည်က ကောင်းကင်နတ်အရှင်ရုံနှင့် ချင်မူထက် များစွာကောင်းမွန်လေသည်။
ကောင်းကင်နတ်အရှင်ရုံက လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး သေခြင်းရှင်ခြင်းစာအုပ်ကို ကောက်ယူကာ ချင်ဖုန်းကျင့်အား ပေးလိုက်သည်။ သူက ဦးညွှတ်အရိုအသေပေး၍ ပြောလိုက်တော့သည်။ “မြေအောက်ဘုံအရှင်သခင်ရာထူးကို ယူလိုက်ပါတော့”
သူ၏နှလုံးသားထဲတွင် ခံစားချက်များ ပြည့်နှက်နေ၏။ ယနေ့သည် သမိုင်းကြောင်းထဲတွင် မှတ်တမ်းတင်ကျန်ရစ်ခဲ့မည့် နေ့ရက်တစ်ရက် ဖြစ်လာလိမ့်မည်။ မြေအောက်ဘုံအရှင်သခင်အဟောင်းနေရာကို မြေအောက်ဘုံအရှင်သခင်အသစ်က အစားထိုး နေရာယူပေတော့မည်။
ချင်ဖုန်းကျင့်က သေခြင်းရှင်ခြင်းစာအုပ်ကို သူ့လက်ထဲသို့ ပြန်ထိုးထည့်ပေးသည်။ သူက အနည်းငယ် ထိတ်လန့်နေသော မျက်နှာအမူအရာဖြင့် ပြောသည်။ “ညီလေး၊ အရေးကြီးကိစ္စ ရှိလို့ ငါ့ကို ခေါ်လာတယ်ထင်တာ… တခြားကိစ္စ မရှိရင် ငါ ပြန်တော့မယ်”
သူက ထိုသို့ပြောပြီးနောက် ရေကြီးသုတ်ပျာ ထွက်ခွာသွားသည်။ ကောင်းကင်နတ်အရှင်ရုံက သူ့ကို အလျင်အမြန် လှမ်းဆွဲကာ ပြော၏။ “မင်း ထွက်သွားလို့ မရဘူး… ဒီနေ့က မြေအောက်ဘုံအရှင်သခင်ရာထူးကို ဆက်ခံရမယ့်နေ့ပဲ… သေခြင်းရှင်ခြင်းစာအုပ်ရဲ့ မိစ္ဆာသဘာဝကို မင်းပဲ ထိန်းချုပ်နိုင်တာ.. မင်း ထွက်သွားမယ်ဆိုရင် မြေအောက်ဘုံအရှင်သခင် နောက်တစ်ယောက်ကို ဘယ်နေရာမှာ သွားရှာရမှာလဲကွ”
ချင်ဖုန်းကျင့်က သူ့လက်ထဲမှ ရုန်းထွက်ကာ စက္ကူလှေဆီသို့ တန်းနေအောင် ပြေးသွားတော့သည်။
ကောင်းကင်နတ်အရှင်ရုံလည်း ချက်ချင်း လိုက်ဖမ်းသည့်အခါ ချင်ဖုန်းကျင့်သည် သူ၏ခန္ဓာကိုယ်ကို ချုံ့လျက် စက္ကူလှေပေါ်သို့ တက်ရန် ကြိုးစားနေကြောင်း တွေ့လိုက်ရ၏။
ကောင်းကင်နတ်အရှင်ရုံက ရှေ့သို့ ပြေးတက်သွားပြီး သေခြင်းရှင်ခြင်းစာအုပ်ကို ကိုင်ကာ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “မြေအောက်ဘုံအရှင်သခင်ရာထူးကို လက်ခံပေးပါ”
“ငါ မလိုချင်ပါဘူးဆို…”
ချင်ဖုန်းကျင့်က လက်ကို လွှဲရမ်းလိုက်ရာ သေခြင်းရှင်ခြင်းစာအုပ်မှာ လွင့်ထွက်သွားတော့သည်။ သူက ချင်မူ့ကို ကြောက်လန့်တကြား ကြည့်ကာ လှမ်းအော်လိုက်၏။ “ညီလေး၊ ငါ့ကို မြန်မြန် အိမ်လိုက်ပို့ပေးပါတော့… ငါ ဘယ်လိုပြန်ရမလဲ မသိဘူး… ဒီသေခြင်းရှင်ခြင်းစာအုပ်ကြီးကိုလည်း မလိုချင်ဘူး… အဝေးဆုံးကို ယူသွားစမ်းပါ...”
သူ့မှာ ခန္ဓာကိုယ်ကို ချုံ့လိုက်သော်လည်း စက္ကူလှေထက် များစွာကြီးမားနေသေး၏။ သူက စက္ကူလှေပေါ်တွင် ကို့ယို့ကားယား ရပ်နေပြီး မည်သို့အသက်သွင်းရမည်လဲ မသိချေ။
ချင်မူကလည်း သွားမကူ။
သေခြင်းရှင်ခြင်းစာအုပ်က ပြန်လည်ပျံသန်းလာပြီး ကောင်းကင်နတ်အရှင်ရုံက ကိုင်ထားလိုက်သည်။ ချင်ဖုန်းကျင့်မှာ စာအုပ် သူ့အနား ရောက်လာသဖြင့် ကြောက်လန့်တကြား ကြည့်နေ၏။ သူက အားခနဲ အော်ဟစ်လိုက်ပြီးနောက် လှေပေါ်မှ ခုန်ဆင်းကာ ထွက်ပြေးတော့သည်။
ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်က ပျံသန်းလာ၏။ ၎င်းက ကြီးမားကျယ်ပြန့်လာပြီး လက်မြှောက်ကာ ချင်ဖုန်းကျင့်အား ပြန်ဆွဲခေါ်လိုက်သည်။
ကောင်းကင်နတ်အရှင်ရုံ မူလဝိညာဉ်သည် တစ်လောကလုံးတွင် အကြီးမားဆုံး မူလဝိညာဉ်ဖြစ်သည်။ ၎င်းက မြေအောက်ဘုံအရှင်သခင်တစ်ပါးအလား ကြီးမားကျယ်ပြန့်လေသည်။ ချင်ဖုန်းကျင့်၏ ခွန်အားက အလွန်တရာ မြင့်မားသော်လည်း သူ့အောက်တော့ နိမ့်ကျနေသေး၏။
ချင်ဖုန်းကျင့်မှာ ခြေဦးတည့်ရာ ပြေးလွှားနေသော်လည်း မလွတ်မြောက်နိုင်ပေ။ သူ၏ မျက်နှာထက်တွင် အကြောက်တရားတို့က ပိုပို၍ကြီးစိုးလာ၏။ ရုတ်တရက် သူက လှည့်၍ မြေအောက်ဘုံအရှင်သခင်၏ မျက်လုံးသုံးလုံးထဲမှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သူ့တွင်လည်း မျက်လုံးသုံးလုံး ရှိ၏။ ဤအခိုက်အတန့်တွင် သူ၏မျက်လုံးသုံးလုံးထဲရှိ လိပ်ပြာသဏ္ဍာန်အရိပ်က ဖြာထွက်လာကာ မျက်ရည်များစီးကျလာသည်။
“မြေအောက်ဘုံအရှင်သခင်”
ချင်ဖုန်းကျင့်သည် အသည်းအသန် အော်ဟစ်လိုက်၏။ “ဟေ့ကောင်ကြီး… ထတော့ဗျ… ပြေးတော့”
သူက မြေအောက်ဘုံအရှင်သခင်ဆီသို့ ကြိုးစားပမ်းစား ပြေးသွားနေပြီး အာခေါင်ခြစ်အော်လိုက်၏။ “ပြေးတော့ဗျ ဟေ့လူကြီးရ…. သူတို့က ခင်ဗျားကို သတ်ချင်နေကြတာ”
ကောင်းကင်နတ်အရှင်ရုံက သူ့အနောက်မှ လိုက်ဖမ်း၍ လမ်းပိတ်ကာထားသည်။ ချင်ဖုန်းကျင့်က ဘယ်ညာရှောင်တိမ်းနေပြီး ရုတ်တရက် ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်လက်ဖဝါးထဲသို့ ပြေး၀င်သွားသည်။ ထို့နောက် သူက မြေအောက်ဘုံအရှင်သခင်၏ တတိယမျက်လုံးဆီသို့ ဆက်လက်ပြေး၀င်သွား၏။ “ပြေးတော့ပါဆို ဖက်တီးပုပ်ကြီးရ… ငါ့ရဲ့ ညီဆိုးလေးက ခင်ဗျားကို လာသတ်တော့မှာ…”
ချင်မူနှင့် ကောင်းကင်နတ်အရှင်လင်တို့လည်း သူ့နောက် လိုက်လာကြပြီး ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်က သူ့ကို နောက်တစ်ကြိမ် တားဆီးလိုက်ပြန်သည်။ မူလဝိညာဉ်၏ လက်ချောင်းငါးချောင်းက လှောင်အိမ်တစ်လုံးအဖြစ် ပြောင်းလဲသွား၏။
ချင်ဖုန်းကျင့်က လက်ချောင်းများကို အဆက်မပြတ် ထုရိုက်နေသော်လည်း ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်သည် မှော်စွမ်းအင်ကို အသက်သွင်းကာ သူ့ကို ဆက်လက်ချုပ်နှောင်ထား၏။ သို့ထိတိုင် သူ၏လက်ချောင်းများမှာ တစ်ချောင်းပြီးတစ်ချောင်း အချိုးခံနေရသေးသည်။
“ဟေ့ နွားကြီး… ထလို့ဟ”
ချင်ဖုန်းကျင့်က ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်လက်ချောင်းကို ဆုပ်ကိုင်၍ အားကုန်သုံးကာ လှုပ်ရမ်းနေရင်း မြေအောက်ဘုံအရှင်သခင်ကို လှမ်းအော်နေ၏။ “မြန်မြန်ထတော့လို့…. သောက်ကျင့်မကောင်းတဲ့ ငါ့ညီလေးက ခင်ဗျားကို သတ်တော့မှာ… ကျုပ် ခံစားနေရတယ်…”
မြေအောက်ဘုံအရှင်သခင်မှာ ယိုတု၏ အလယ်တွင် ကြီးမားကျယ်ပြန့်စွာ နေရာယူထားဆဲ ဖြစ်သည်။ သူ့ဦးခေါင်းပေါ်ရှိ ဦးချိုနှစ်ချောင်းက မားမားမတ်မတ် ထောင်နေပြီး ချော်ရည်ပူမြစ်က ဆက်လက်စီးဆင်းလျက်ပင်။
သူ၏မျက်လုံးသုံးလုံးက ပွင့်နေပြီး ယိုတုမိစ္ဆာချီတို့က သူ၏မျက်လုံးများထဲသို့ အဆက်မပြတ် တိုး၀င်လာနေသည်။ ယိုတုမိစ္ဆာလမ်းစဉ်တို့ကလည်း သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်နေကြပြီး အနာဂတ်တွင် ဖြစ်ပေါ်လာမည့် သူသေကိုယ်သေ တိုက်ပွဲအတွက် ပြင်ဆင်နေ၏။
ထိုအခိုက်အတန့်တွင် မြေအောက်ဘုံအရှင်သခင်မှာ ယိုတုမဟာတာအိုစိတ်ဆန္ဒ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေချေပြီ။ အတိတ်တုန်းက ကောင်းကင်နယ်စားမင်းကဲ့သို့ပင်။
မြေအောက်ဘုံအရှင်သခင်သည် ချင်ဖုန်းကျင့်၏ အော်သံကို ကြားနေရသော်လည်း ယိုတုမဟာတာအိုကတော့ မကြားနိုင်ပေ။
ချင်ဖုန်းကျင့်မှာ ကောင်းကင်နတ်အရှင်ရုံ၏ ထိန်းချုပ်မှုအောက်မှ ရုန်းမထွက်နိုင်သောကြောင့် ကလေးတစ်ယောက်အလား အော်ဟစ်ငိုယိုလျက် မြေအောက်ဘုံအရှင်သခင်အား နိုးထရန် ပြောနေသည်။
သူ့မှာ ပြောပြမတတ်နိုင်အောင် ကြောက်ရွံ့နေ၏။
သူ၏ တာအိုနှလုံးသားမှာ သန့်စင်သည့်အလျောက် ယိုတုမဟာတာအိုအပေါ် သူ၏ သိမြင်နားလည်မှုမှာလည်း အလွန်တရာ နက်နဲသည်။ ကောင်းကင်နတ်အရှင်ရုံ ချင်မူနှင့် ကောင်းကင်နတ်အရှင်လင်တို့၏ မြေအောက်ဘုံအရှင်သခင်အပေါ် အသတ်အဖြတ်စိတ်ဆန္ဒကို အာရုံခံမိသလို သူလည်း ပြတ်ပြတ်သားသား သတိထားမိနေ၏။
ကောင်းကင်နတ်အရှင်ရုံ သေခြင်းရှင်ခြင်းစာအုပ်ကို ကိုင်၍ သူ့အား မြေအောက်ဘုံအရှင်သခင်ရာထူး ပေးခဲ့တုန်းက မြေအောက်အောက်ဘုံအရှင်သခင်၏ သေနေ့ကို သိရှိခဲ့ရသည်။
ဤဧရာမပုဂ္ဂိုလ်ကြီးသည် နှစ်ပေါင်းများစွာ အစားစားနိုင်သည်ဟု သူ ပြောခဲ့သော်လည်း မြေအောက်ဘုံအရှင်သခင် သေမည်ကို သိရှိခဲ့ရသည့်အခါတွင် သူ၏နှလုံးသားထဲတွင် ပြောပြမတတ်အောင် ဝမ်းနည်းလာသည် မြေအောက်ဘုံအရှင်သခင်အား အလဟဿ သေဆုံးမသွားလိုချေ။
သူသည် ယိုတုမဟာတာအိုနှင့် အလွန်တရာနီးစပ်နေသော်လည်း မြေအောက်ဘုံအရှင်သခင်၏ အသိစိတ်အလျဉ်မှာ ယိုတုမဟာတာအိုအသိစိတ်အလျဉ်ဖြင့် အစားထိုးခံထားရသည့်အကြောင်း မည်သူမှ သူ့ကို မပြောခဲ့ပေ။ သို့ထိတိုင် သူ့မှာ အာရုံခံမိသောကြောင့် မြေအောက်ဘုံအရှင်သခင်အား အော်နှိုးနေခဲ့ခြင်း ဖြစ်သည်။
မည်သူမှ သူ၏ခံစားချက်များကို မြေအောက်ဘုံအရှင်သခင်လောက် နားလည်မပေးနိုင်ပေ။ မြေအောက်ဘုံအရှင်သခင်သည် သူ့အတွက် ဖခင်တစ်ဦးကဲ့သို့၊ အစ်ကိုတစ်ဦးကဲ့သို့ ဖြစ်ပြီး လေးစားအားကိုးရသူတစ်ဦး ဖြစ်၏။
ချင်မူ့ဦးခေါင်းနောက်တွင် ဘဝပြန်ဝင်စားခြင်း မဟာတာအိုက ဆက်လက်လှည့်ပတ်ကာ ယိုတုမဟာတာအို၏ အာရုံတို့ကို ခုခံကာကွယ်နေသည်။ သူတို့က ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်ကို ဖောက်ထွက်၍ မြေအောက်ဘုံအရှင်သခင်၏ တတိယမျက်လုံးဆီသို့ လျှောက်နေကြသည်။
ချင်ဖုန်းကျင့်က သူတို့နောက်ကျောကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေရင်း အော်ဟစ်နေသည်။ “ဟေ့ နွားကြီး… မြန်မြန်ထပါတော့ဆိုနေ … ညီလေး၊ ညီလေး… ငါ မင်းရဲ့ ညီလေး လုပ်မယ်လေ… မင်းက အစ်ကိုကြီးလုပ်… မသွားပါနဲ့ကွာ…”
“အစ်ကိုကြီး၊ ရင့်ကျက်ရမယ့်အချိန် ရောက်ပြီ” ချင်မူက ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်ထဲရှိ ကလေးကြီးဆီသို့ ပြန်လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
“ငါ မင်းကို မုန်းတယ်”
ချင်ဖုန်းကျင့်က သူ့ကို လှမ်းအော်ပြီး ကြေကွဲဆို့နင့်စွာ ပြော၏။ “မင်း နွားကြီးကို ထိရင် ငါ တစ်သက်လုံး မင်းကို မုန်းနေမှာ ပြန်လာခဲ့”
ချင်မူနှင့် ကောင်းကင်နတ်အရှင်လင်က မြေအောက်ဘုံအရှင်သခင်၏ တတိယမျက်လုံးထဲ ၀င်ရောက်သွားပြီး မျက်လုံးထဲရှိ နတ်အလင်းတန်းတို့ဖြင့် လွှမ်းခြုံခံရကာ ပျောက်ကွယ်သွားတော့သည်။
ချင်မူတို့ ပျောက်သွားသည်နှင့် ချင်ဖုန်းကျင့်မှာ မြေပေါ် လဲကျသွားပြီး တရှုံ့ရှုံ့ ငိုနေတော့သည်။ ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်က သေခြင်းရှင်ခြင်းစာအုပ်ကို ယူလာသည်။
သူက သေခြင်းရှင်ခြင်းစာအုပ်ကို လက်နှစ်ဖက်လုံးဖြင့် ကိုင်၍ ချင်ဖုန်းကျင့်ဆီသို့ လျှောက်လာ၏။
ချင်ဖုန်းကျင့်၏ မျက်လုံးသုံးလုံးတွင် မျက်ရည်များအပြင် အကြောက်တရားတို့ ပြည့်နှက်နေပြီး သူထံ လျှောက်လာနေသော ကောင်းကင်နတ်အရှင်ရုံကို ကြည့်နေသည်။ သူက အတင်းရုန်းကန်ကာ တတွင်တွင် ခေါင်းခါနေသည်။ “ငါ မလိုချင်ဘူး… ငါ့ကို မပေးနဲ့… ငါ့ကို လာပေးရင် သက်သေလိုက်မှာ… မလိုချင်ဘူး…”
ကောင်းကင်နတ်အရှင်ရုံက သူ့အရှေ့သို့ လျှောက်လာကာ သေခြင်းရှင်ခြင်းစာအုပ်ကို ခေါင်းပေါ်မြှောက်တင်လိုက်သည်။
“မလိုချင်ဘူးလို့…. ဝေးဝေးကို ယူသွား”
ချင်ဖုန်းကျင့်က ကောင်းကင်နတ်အရှင်ရုံနှင့် သေခြင်းရှင်ခြင်းစာအုပ်ကို ရိုက်ထုတ်လိုက်သည်။ ဝုန်းခနဲ အသံနှင့်အတူ ကောင်းကင်နတ်အရှင်ရုံမှာ မူလဝိညာဉ်၏ လက်ချောင်းအား ဝင်တိုက်မိသွား၏။
ကောင်းကင်နတ်အရှင်ရုံ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ သူ၏မူလဝိညာဉ်က သန်မာသော်လည်း ရုပ်ခန္ဓာကတော့ ထိုသို့မဟုတ်ပေ။
ကောင်းကင်နတ်အရှင်ရုံက ချင်ဖုန်းကျင့်ဆီသို့ တစ်လှမ်းချင်း ပြန်လျှောက်လာပြီး သေခြင်းရှင်ခြင်းစာအုပ်ကို ခေါင်းပေါ်မြှောက်တင်လိုက်ပြန်သည်။
ချင်ဖုန်းကျင့်က သူ့ကို နောက်တစ်ကြိမ် ရိုက်ထုတ်လိုက်သော်လည်း သူက သေခြင်းရှင်ခြင်းစာအုပ်ကို ကိုင်ထား၍ ထပ်မံလျှောက်လာပြန်၏။
ယိုတုမြေအောက်ဘုံအရှင်သခင်၏ တတိယမျက်လုံးထဲတွင် ချင်မူနှင့် ကောင်းကင်နတ်အရှင်လင်တို့သည် အထွတ်အမြတ်ခန်းမဆီသို့ သွားနေကြ၏။ ယိုတုမဟာတာအိုဖြင့် ထိန်းချုပ်ခံထားရသော မြေအောက်ဘုံအရှင်သခင် မူလဝိညာဉ်က ထိုနေရာတွင် ရပ်နေသည်။
ချင်မူ့ဦးခေါင်းနောက်တွင် ဘဝပြန်ဝင်စားခြင်းမဟာတာအိုက လှည်းဘီးတစ်ခုပမာ လှည့်ပတ်လျက် ကောင်းကင်နတ်အရှင်လင်ကို ကာကွယ်ပေးထားသည်။
ကောင်းကင်နတ်အရှင်လင်က ရှေ့သို့တစ်လှမ်း တက်လိုက်ပြီး မြေအောက်ဘုံအရှင်သခင်၏ မူလဝိညာဉ်ရှေ့သို့ ရောက်သွားချေပြီ။
ချင်မူက မရေမတွက်နိုင်သော အသက်များအပေါ် ထိန်းချုပ်ထားသည့် နတ်ဘုရားကို မော့ကြည့်လိုက်သည်။ သူ၏အသံက သြရှစွာ ဟိန်းထွက်လာ၏။
“တာအိုနောင်တော်၊ ဒီနေ့က ခင်ဗျား အဆင့်တက်မယ့်နေ့ပဲ… ခင်ဗျားရဲ့ မူလဝိညာဉ် အက်ကွဲပြီး ဝိညာဉ်သုံးခု ပျောက်ကွယ်သွားလိမ့်မယ်… ခင်ဗျားသေပြီးတဲ့နောက်မှာ ကျွန်တော် ရှိသမျှစွမ်းအား အကုန်သုံးပြီး ယင်ဝိညာဉ်သုံးခုနဲ့ ယန်ဝိညာဉ်ခုနစ်ခု ဖန်တီးပေးပြီး အားချိုအဖြစ် လူပြန်ဝင်စားနိုင်အောင် လုပ်ပေးမယ်”
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်လက်ဖဝါးထဲတွင် ကောင်းကင်နတ်အရှင်ရုံက မြေပေါ်တွင် ဒူးတစ်ဖက်ထောက်ထားပြီး သေခြင်းရှင်ခြင်းစာအုပ်ကို မြှောက်ထားသည်။
“ချင်ဖုန်းကျင့်၊ မင်း ဒီနေ့ကစပြီး ယိုတုအမှောင်လောကရဲ့ ဘုရင် ဖြစ်လာရမယ်”
“မင်းဟာ ယိုတုရဲ့ အရှင်သခင် ဖြစ်လာပြီး သေဆုံးသူတို့ကမ္ဘာအပေါ် ခြယ်လှယ်လို့ ယိုတုကို ပိုင်နက်အဖြစ် သိမ်းပိုက်ပြီး ဝိညာဉ်စစ်တပ်ကို တည်ဆောက်ရမယ်”
“မရေမတွက်နိုင်တဲ့ ကောင်းကင်ဘုံတွေရဲ့ ပရလောကအပေါ် မင်းဟာ ထိန်းချုပ်ထားတဲ့အတွက် သက်ရှိသတ္တဝါတွေအနေနဲ့ မွေးဖွားလာတဲ့အချိန်မှာ မင်းနဲ့ စာချုပ် ချုပ်ဆိုရလိမ့်မယ်”
“မင်းက သေခြင်းတရားကို အုပ်စိုးပြီး မကောင်းမှုကို အပြစ်ပေးရမယ်… ကောင်းကျိုး ဆောင်ရွက်ပြီး မျက်နှာမလိုက်ရဘူး”
“သက်ရှိကမ္ဘာမှာ တရားမျှတမှု မရှိပေမယ့် သေဆုံးသူတို့ကမ္ဘာမှာတော့ တရားမျှတမှု ရှိရမယ်.. မင်း သတ္တဝါတွေအားလုံးအတွဥ် တရားမျှတမှု ဆောင်ကျဥ်းပေးရမယ်”
“ယိုတုရဲ့ ချော်ရည်ပူက မင်းရဲ့သွေးတွေ ဖြစ်လာပြီး မရဏဘုံတွေဟာ မင်းရဲ့ ဦးချိုတွေ ဖြစ်လာလိမ့်မယ်… ဒီစကြ၀ဠာရဲ့ ကောင်းကင်နတ်မြစ်က ယိုတုထဲ စီးဆင်းလိမ့်မယ်... အဲ့ဒါက မကောင်းမှုတွေကို နှင်ထုတ်မယ့် မင်းရဲ့ကြာပွတ် ဖြစ်လာလိမ့်မယ်”
ချင်ဖုန်းကျင့်၏ခန္ဓာကိုယ်မှာ တုန်ရီနေပြီး စိတ်ပျက်အားငယ်စွာဖြင့် မြေပေါ်တွင် ဒူးထောက်နေသည်။
ဤအခိုက်အတန့်တွင် သူ့ကို စောင့်ရှောက်ပေးခဲ့သည့် ပုဂ္ဂိုလ်ကား သေဆုံးသွားခဲ့ချေပြီ။ သူ့ကို အဖေတစ်ယောက်၊ အစ်ကိုတစ်ယောက်ပမာ သင်ကြားစောင့်ရှောက်ပေးခဲ့သည့် မြေအောက်ဘုံအရှင်သခင်မှာ ဝိညာဉ်ဆုံးရှုံးလိုက်ရလေပြီ။
ယိုတုသည် ချက်ချင်း ၀ရုန်းသုံးကားဖြစ်လာပြီး မြေအောက်ဘုံအရှင်သခင် ရုပ်ခန္ဓာ၏ တတိယမြောက်မျက်လုံးဆီမှ ပြိုင်ဘက်ကင်း ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ ယိုတုတစ်ခုလုံးကို ထွန်းလင်းတောက်ပသွားစေသည်။
မြေအောက်ဘုံအရှင်သခင်ကား ချင်မူနှင့်ကောင်းကင်နတ်အရှင်လင်တို့၏ လက်ချက်ဖြင့် သေဆုံးပျောက်ကွယ်သွားပြီဖြစ်၏။
ယိုတုမဟာတာအိုမှာလည်း ပြိုလဲ၍ ပျောက်ကွယ်လာသည်။
ကောင်းကင်နတ်အရှင်ရုံက သေခြင်းရှင်ခြင်းစာအုပ်ကို သူ့လက်ထဲသို့ ထည့်လိုက်၏။
“ဒီနေ့ကစပြီး မင်းဟာ ယိုတုရဲ့….”
“မြေအောက်ဘုံအရှင်သခင်ပဲ”