← Chapters

မြေအောက်ဘုံအရှင်သခင်၏ အမွေ

Vol. 123 Ch. 1597

မြေအောက်ဘုံအရှင်သခင်၏ အမွေ

Vol. 123 Ch. 1597

ချင်ဖုန်းကျင့်၏ မျက်ရည်စက်များသည် သေခြင်းရှင်ခြင်းစာအုပ်ပေါ်သို့ တပေါက်ပေါက် ကျနေ၏။ ရွှေရောင်စာအုပ်က ထွန်းလင်းတောက်ပနေသောကြောင့် မျက်ရည်စက်များကို ရွှေရောင်ဟပ်နေတော့သည်။

တဖြည်းဖြည်း မျက်ရည်စက်များဆီမှ အလင်းရောင်တို့မှာ သုံးမြှောင့်ဖန်တုံးကို ဖြတ်သွားသကဲ့သို့ အရပ်လေးမျက်နှာသို့ အလင်းရောင်ယိုင်ကာ တရိပ်ရိပ် ဖြာဆင်းနေလေသည်။

ချင်ဖုန်းကျင့်သည် ဒေါသအမျက်ထွက်လာ၏။ သူက သေခြင်းရှင်ခြင်းစာအုပ်ကို လွှင့်ပစ်လိုက်သည်။

“ဒီစာရွက်စုတ်ကို ငါက ဘာလုပ်ရမှာလဲ… ငါ့ရဲ့ အစ်ကိုကြီး မြေအောက်ဘုံအရှင်သခင်ကိုပဲ ပြန်ပေးကြ”

သေခြင်းရှင်ခြင်းစာအုပ်မှာ လေပေါ်သို့ မြောက်တက်သွားသည်နှင့် ကြီးမားကျယ်ပြန့်လာပြီး တဖြည်းဖြည်း ကြီးထွားလာ၏။ တခဏအတွင်း ရွှေရောင်အလင်းလွှာက သူ၏ ငယ်ထိပ်အပေါ် လွှမ်းခြုံသွားချေပြီ။

ရွှေရောင်အလင်းလွှာက ဆက်လက်ကျယ်ပြန့်နေသည်

ဤအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ရှုကား ကောင်းကင်နတ်မြစ်မှတစ်ဆင့် ယိုတုသို့ ရောက်လာခဲ့၏။ သူမ ခေါင်းမော့ကြည့်လိုက်သည့်အခါ မြေအောက်ဘုံအရှင်သခင်၏ ဦးခေါင်းထိပ်မှ ရွှေရောင်အလင်းလွှာတစ်ခု ကျယ်ပြန့်ထွက်ပေါ်လာနေသည်ကို တွေ့လိုက်ရသည်။ အလင်းလွှာသည် ပိုပို၍ကြီးမားလာသည်နှင့်အမျှ နောက်ဆုံးတွင် အမှောင်ထုထဲရှိ မရေမတွက်နိုင်သော ကမ္ဘာလောကတို့အား လွှမ်းခြုံသွားတော့သည်။

ဝုန်း

ယိုတုမြစ်မှာလည်း ရွှေရောင်အလင်းလွှာကြောင့် ပိုင်းဖြတ်ခံလိုက်ရပြီး ယိုတုမြစ်ရေများက ရွှေရောင်အလင်းလွှာဆီသို့ တဝေါဝေါ ဝင်ရောက်စီးဆင်းသွားတော့သည်။

ကောင်းကင်နတ်အရှင်ရှုမှာ ဇဝေဇဝါဖြစ်နေမိသည်။ ယိုတုသည် စကြ၀ဠာတစ်ခုလုံးနီးပါး ကြီးမားကျယ်ပြန့်၏။ သေဆုံးသည့်နေရာရှိသရွေ့ ယိုတုရှိပေလိမ့်မည်။ ဘိုးဘေးနန်းတော်ပင်လျှင် ယိုတုနှင့် ထပ်နေသည်။

ယိုတု ပေါ်ထွက်မလာနိုင်အောင် ဖုံးအုပ်ထားနိုင်သည့် နေရာအချို့သာ ရှိသည်။ ဥပမာအားဖြင့် ရွှမ်တု၊ ကောင်းကင်ယင်ကမ္ဘာ၊ ကောင်းကင်နတ်ဘုံတို့ပင်။

ဤအခိုက်အတန့်တွင် ရွှေရောင်အလင်းလွှာကား ဖော်ပြ၍မရနိုင်သော အမြန်နှုန်းဖြင့် ပြန့်ကားလာပြီး ကမ္ဘာလောကတို့အပေါ် လွှမ်းခြုံကာ ၎င်းတို့နှင့် ယိုတုအကြားရှိ ဆက်နွှယ်နေမှုကို ဖြတ်တောက်လိုက်ချေပြီ။

“မြေအောက်ဘုံအရှင်သခင် ရူးသွားပြီလား”

ကောင်းကင်နတ်အရှင်ရှု၏ မျက်လုံးများက လင်းလက်တောက်ပသွား၏။ “တစ်လောကလုံးမှာ ရှိတဲ့ သတ္တဝါတွေကို သူနဲ့အတူ ဆွဲချသွားတော့မလို့လား… တင်ထားတဲ့အတိုင်း ရူးပြီး လျှောက်သတ်ဖြတ်နေတာပဲ… ဒါပေမဲ့လည်း အဲဒါကပဲ မိစ္ဆာတာအိုပိုင်ရှင် မြေအောက်ဘုံအရှင်သခင်ပဲလေ”

မိစ္ဆာချီတို့သည် သူမ၏ပတ်ပတ်လည်တွင် တလိပ်လိပ် ထကြွလာကာ ယိုတုမြစ်တစ်ခုလုံးကို မည်းမှောင်သွားစေသည်။ သူမက ပြုံးလိုက်၏။ “ရှင်က အမြဲတမ်း ဘက်မလိုက်ဘဲ တရားမျှတချင်ယောင်ဆောင်ပြီး ရည်မှန်းချက်တွေ မရှိသလို နေနေခဲ့တယ်… ဒါပေမဲ့ ကျွန်မက ရှင့်သမီးလေ… မိစ္ဆာတာအိုဆိုတာ ဘာလဲ မသိဘဲ နေပါ့မလား…. အခုတော့ ရှင့်ရဲ့ သရုပ်မှန် ပေါ်လာပြီပေါ့”

သူမ၏အနောက်ရှိ နေရာဟင်းလင်းပြင်တွင် အက်ကွဲကြောင်း ပေါ်လာပြီး ကောင်းကင်နယ်စားမင်း၏ ဧရာမမျက်နှာကြီးက တိုးထွက်လာသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နယ်စားမင်း၏ မျက်ခုံးနှစ်ဖက်ကြားတွင် ရပ်နေ၏။ ရွှမ်တု၏ နတ်ဘုရားချီနှင့် ယိုတုမိစ္ဆာချီတို့က ထိတိုက်သွားပြီး တစ်ခုကိုတစ်ခု တိုက်ခိုက်ကာ ကောင်းကင်နယ်စားမင်း၏ ပတ်ပတ်လည်တွင် မီးတောက်များ ထွက်ပေါ်လာစေ၏။ ၎င်းတို့က ကောင်းကင်အထိ တောက်လောင်သွားကြသည်။

“ကောင်းကင်နတ်အရှင်ရှု၊ မြေအောက်ဘုံအရှင်သခင်က သတ္တဝါတွေကို သတ်ချင်နေတယ် … သူ သတ္တဝါတွေကိုအကုန် သတ်ပစ်လိုက်ရင် ကျုပ်တို့က ဘယ်သူ့ကို အုပ်ချုပ်ရတော့မှာလဲ” ရှေးဟောင်းနတ်ဘုရားဘုရင်က အာကျယ်အာကျယ်ဖြင့် ပြောသည်။

“သူ သတ်ပါစေ”

ကောင်းကင်နတ်အရှင်ရှုက အင်္ကျီလက်စကို လွှဲရမ်းလိုက်ရင်း နှာခေါင်းရှုံ့လိုက်သည်။ “သူ ပိုသတ်လေလေ ကျွန်မတို့အတွက် လွယ်ကူလေလေပဲ… သတ္တဝါတွေကို သတ်တာမပြောနဲ့ ကမ္ဘာလောကတွေမှန်သမျှ ဖျက်ဆီးလိုက်တော့ရော ဘာဖြစ်သေးလဲ…. သူ သေဘေးကနေ လွတ်နိုင်မှာမှ မဟုတ်တာ”

ရှေးဟောင်းနတ်ဘုရားဘုရင်က မျက်မှောင်ကြုတ်သွားသည်။

ကောင်းကင်နတ်အရှင်ရှုက အေးစက်စွာ ဆက်ပြော၏။ “ကျွန်မတို့ ကောင်းကင်ဘုံတွေနဲ့ သတ္တဝါတွေကို ပြန်ဖန်တီးပြီး အမိန့်နာခံတဲ့ သတ္တဝါတွေနဲ့ နတ်ဘုရားတွေကို ပြန်ဖန်တီးလို့ရတာပဲလေ”

ရုတ်တရက် သူမ၏ပါးပြင်တွင် မျက်ရည်များ စိုစွတ်လာ၏။ မျက်ရည်တို့က သူမ၏ပါးပြင်မှ စီးကျ၍ လေထဲသို့ မြောလွင့်ကာ မိစ္ဆာမီးတောက်များအဖြစ် တောင်လောင်နေကြသည်။

“ငါ ဘာလို့ ငိုနေတာလဲ”

ကောင်းကင်နတ်အရှင်ရှုက ရေရွတ်လိုက်သည်။ “ငါ့ဘဝမှာ တစ်ခါပဲ ငိုဖူးတယ်… ဘာမှ မသိတတ်တဲ့ ငယ်ငယ်တုန်းက‌လေ… အဲဒီ့ကစပြီး မငိုခဲ့တော့တာ…”

သူမက လေထဲတွင် လွင့်မျောနေသာ မိစ္ဆာမီးမျက်ရည်များကို ကြည့်ရင်း ငေးငိုင်နေသည်။ စိတ်ထဲတွင်လည်း ထင့်လာတော့သည်။

ထိုအခိုက်အတန့်တွင် ယိုတုတစ်ခုလုံးကို လွှမ်းမိုးထားသည့် ရွှေအလင်းလွှာ၊ သေခြင်းရှင်ခြင်းစာအုပ်၏ မျက်နှာပြင်ပေါ်တွင် နာမည်တစ်ခု ပေါ်လွင်လာသည်။

“တု”

ကောင်းကင်နတ်အရှင်ရှုက ထိုနာမည်ကို ဇဝေဇဝါကြည့်ရင်း ရေရွတ်လိုက်မိသည်။ “တုဆိုတာ ဘယ်သူတုန်း”

သေခြင်းရှင်ခြင်းစာအုပ်ပေါ်ရှိ “တု” ဆိုသော စကားလုံးမှာ ဖြည်းဖြည်းချင်း မှေးမှိန်သွားပြီးနောက် ပုံရိပ်တစ်ခု ပေါ်လာ၏။ ၎င်းက အလွန်တရာ ရှေးကျပြီး ခက်ထန်ကြမ်းတမ်းသော ခေတ်တစ်ခေတ် ဖြစ်သည်။ ကမ္ဘာဦးခေတ်တွင် နေထိုင်ခဲ့ကြသည့် ဧရာမလူသားကြီးများအား တွေ့မြင်လာရသည်။ ထိုသူများသည် ဖန်ဆင်းရှင်တို့၏ ဘိုးဘေးများဖြစ်ကြ၏။ ထိုအချိန်တုန်းက သူတို့သည် ဖန်ဆင်းရှင်များ ဖြစ်မလာကြသေးပေ။

ဧရာမလူရိုင်းကြီးများသည် ဘိုးဘေးနန်းတော်၏ မြေထုပေါ်တွင် နေထိုင်ကြ၏။ သူတို့မှာ အသိဉာဏ်နိမ့်ပါးကြသည့်အလျောက် သေခြင်းတရား ဆိုသောအရာကို မသိကြပေ။

တစ်နေ့တွင် “တု” ဆိုသော ဧရာမလူရိုင်းကြီးတစ်ယောက် သေဆုံးသွားခဲ့၏။

ထိုအခါ ခက်ခဲကြမ်းတမ်းသော ကမ္ဘာဦးခေတ်ရှိ ဧရာမလူရိုင်းကြီးများသည် သေခြင်းတရားကို သိလာကြ၏။ သူတို့က သေဆုံးသွားသော ဧရာမလူရိုင်းကြီးကို ဝိုင်းဝန်းကာ ကိုးကွယ်ပူဇော်နေကြသည်။ မီးပုံများက မှောင်မည်းနေသော ကောင်းကင်ကို ထွန်းလင်းတောက်ပနေစေပြီး မြေကြီးအား အရည်ပျော်ကျသွားစေသည်။ ကျောက်တုံးနှင့် ရွှံ့နွံတို့လည်း အရည်ပျော်ကျလာရင်း ကျောက်ရည်ပူများ ဖြစ်ကုန်ကြသည်။

ချော်ရည်ပူများက နဂါးငွေ့တန်းတစ်လျှောက် စီးဆင်းသွား၏။ ဧရာမလူရိုင်းကြီးများက ‘တု’၏ အလောင်းကို ပူဇော်ရင်း သူတို့အပေါ် သေခြင်းတရား မဆိုက်ကပ်လာအောင် ဆုတောင်းနေကြသည်။

သူတို့သည် ဖောင်တစ်ခု ဆောက်၍ “တု” အား နဂါးငွေ့တန်းအပေါ် တင်လိုက်သည်။ တု၏အလောင်းနှင့် ဖောင် ချော်ရည်ပူမြစ်၏ စီးဆင်းရာအတိုင်း နဂါး‌ငွေ့တန်းတလျှောက် ‌မြောပါသွားသည်ကို ကြည့်နေခဲ့ကြ၏။

နဂါးငွေ့တန်းသည် ဆက်လက်စီးဆင်းနေပြီး တစ်လောကလုံးရှိ မဟာတာအိုတို့မှာ ဖြည်းဖြည်းချင်း ပြောင်းလဲလာကြ၏။ နဂါးငွေ့တန်းက ‌မည်းမှောင်လာပြီး မှော်စွမ်းအင်တို့ဖြင့် ပြည့်နှက်လာသည်။ ထို့ကြောင့် ဧရာမလူရိုင်းကြီးများမှာ သေခြင်းတရားကို ပိုပို၍ ကြောက်လာကြတော့သည်။

ဝုန်း…

ချော်ရည်ပူမြစ်က ဖြစ်တည်နေသည့် ကမ္ဘာတစ်စင်းထဲသို့ ရုတ်တရက် နိမ့်ဆင်းသွားသည်။ တု၏ ဖောင်က လောင်ကျွမ်းသွားသဖြင့် အလောင်းကိုလည်း မီးစွဲလောင်လာသည်။ ချော်ရည်ပူတို့က သူ၏ အလောင်းကို လှည့်ပတ်ရင်း ဦးချိုကြီးနှစ်ခု ဖြစ်တည်လာစေသည်။

သူ၏ ရုပ်ခန္ဓာမှာ ချော်ရည်ပူတို့ဖြင့် အစားထိုးခံလိုက်ရပြီး သူ၏ဝိညာဉ်သည် လောင်ကျွမ်းပြာကျသွား၏။ ယိုတုမဟာတာအိုက သူ၏ ကျန်ရစ်သော ဝိညာဉ်နှင့် ပေါင်းစည်းသွားကာ ဝိညာဉ်အသစ်သုံးခုကို ဖန်တီးလိုက်သည်။

သူ၏ခန္ဓာကိုယ်မှာ ယိုတုမဟာတာအိုစွမ်းအားဖြင့် ပြည့်နှက်လာပြီး ပိုပို၍ကြီးမားလာသည်။ ယိုတုသည်လည်း တဖြည်းဖြည်း ကျယ်ပြန့်လာ၏။

မိစ္ဆာတာအိုတို့က သူ့ကို ကျွဲချို၊ ကျားမျက်နှာနှင့် လူသားခန္ဓာကိုယ်ရှိသည့် နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားစေသည်။ ကောင်းကင်နတ်မြစ်ကလည်း တသွင်သွင် စီးဆင်းလျက် ယိုတုမြစ်အဖြစ် ပြောင်းလဲကာ သူ၏လက်ထဲရှိ ကြာပွတ်တစ်လက်အဖြစ် ဖြစ်တည်သွားသည်။

ယိုတုက သူ့ကို တာအိုမှ မွေးဖွားလာသော နတ်ဘုရားတစ်ပါး၊ သေခြင်းတရားကို ခြယ်လှယ်သော နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲစေခဲ့ချေပြီ။ ဤသို့ဖြင့် သူသည် ယိုတုစိတ်ဆန္ဒအားလုံးကို လက်ခံရရှိပြီး ယိုတုကမ္ဘာအပေါ် စတင်အုပ်ချုပ်တော့၏။

ယိုတုမဟာတာအို၏ အမိန့်က သူ့အမိန့် ဖြစ်ပြီး ယိုတုမဟာတာအို၏ စိတ်ဆန္ဒက သူ၏စိတ်ဆန္ဒ ဖြစ်သည်။

သူက ယိုတုအမိန့်ဖြင့် သေဆုံးသူတို့ကမ္ဘာအပေါ် အုပ်ချုပ်ကာ ယိုတု၏ စိတ်ဆန္ဒကို အကောင်အထည်ဖော်ပေးသည်။ ၎င်းက ဘက်မလိုက်ဘဲ တရားမျှတမှုရှိ၏။

ဒုတိယမြောက်တာအိုကား ရှေးဟောင်းနတ်ဘုရားတစ်ပါးကို မွေးဖွားပေးလိုက်ပြီး မြေအောက်ဘုံအရှင်သခင် ဖြစ်တည်လာစေခဲ့ချေပြီ။

ထိုအချိန်တုန်းက ဧရာမလူရိုင်းကြီးများသည် ကောင်းကင်ကို မော့ကြည့်လိုက်ကြ၏။ ရွှမ်တုက ကောင်းကင်တွင် တည်ရှိနေသည်။

ပထမဦးဆုံး ဧရာမလူရိုင်းကြီး သေဆုံးသွားသည့်အချိန်တွင် ယိုတုက မွေးဖွားလာခဲ့သည်။

မြေအောက်ဘုံအရှင်သခင်မှာ အသက်တစ်ခု ကုန်ဆုံးသွားခြင်းကြောင့် မွေးဖွားလာသော နတ်ဘုရားတစ်ပါး ဖြစ်သည်။

ဤမြင်ကွင်းက သေခြင်းရှင်ခြင်းစာအုပ်တွင် တဖျတ်ဖျတ် ထွက်ပေါ်ပျောက်ကွယ်သွားပြီး ဒုတိယမြောက်နာမည်နှင့် တတိယမြောက်နာမည်တို့ မြင်သာလာကြ၏။ မကြာမီ မရေမတွက်နိုင်သော နာမည်တို့က သေခြင်းရှင်ခြင်းစာအုပ်တစ်ခုလုံး၌ ပြည့်နှက်လာလေသည်။ မရေမတွက်နိုင်သော မျက်နှာများက တဖျတ်ဖျတ် ပျောက်ကွယ်သွားကြ၏။

ဤသည်တို့ကား ကမ္ဘာဦးခေတ်မှစတင်၍ သေဆုံးသွားခဲ့ကြသည့် သတ္တဝါတို့၏ နာမည်များဖြစ်ကြသည်။ သေသူများက များပြားလွန်းသဖြင့် မျက်စိကိုပင် ကျိန်းစပ်သွားစေနိုင်သည်။ သူတို့ ဖတ်ရန် အချိန်ပင် မရခင် နာမည်များက ပျောက်ကွယ်သွားကြသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကောင်းကင်နတ်အရှင်ရှုတို့မှာ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ ရုတ်တရက် နာမည်အားလုံးက သေခြင်းရှင်ခြင်းစာအုပ်ထံမှ ပျောက်ကွယ်သွားပြီး နာမည်တစ်ခုတည်းသာ ကျန်ရစ်ခဲ့သည်။

ချင်ဖုန်းကျင့်

“မြေအောက်ဘုံအရှင်လေး ချင်ဖုန်းကျင့်လား”

ကောင်းကင်နတ်အရှင်ရှုမှာ ရင်ထဲတွင် တုန်လှုပ်လာသည်။ နာမည်က တဖြည်းဖြည်း ကြီးမားလာပြီး သေခြင်းရှင်ခြင်းစာအုပ်တစ်အုပ်လုံးတွင် ပြည့်နှက်သွား၏။ ထို့နောက် နာမည်က ပျောက်ကွယ်သွားပြီး ချင်ဖုန်းကျင့်၏ ငိုကြွေးနေသော ပုံရိပ် ပေါ်လွင်လာသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ရှုနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့မှာ ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်လက်ဖဝါးထဲ၌ ချင်ဖုန်းကျင့်ကို တွေ့မြင်လိုက်ရသောကြောင့် အံ့အားသင့်သွားကြသည်။ မြေအောက်ဘုံအရှင်သခင်က သူ၏အရှေ့တွင် ရှိနေသော်လည်း ဧရာမခန္ဓာကိုယ်ကြီးမှာ အက်ကွဲပြိုကျနေပြီး ခန္ဓာကိုယ်မျက်နှာပြင်ပေါ်ရှိ ဖျော်ရည်ပူများကလည်း ပွက်ပွက်ဆူနေကြ၏။ ဖျက်ဆီး၍မရနိုင်သော ချော်ရည်ပူများမှာ လျော့ရဲလာကြသည်။

ချော်ရည်ပူတို့က မြေအောက်ဘုံအရှင်သခင်၏ သွေးများ ဖြစ်၏။ သွေးကြောများ ပေါက်နေသကဲ့သို့ သွေးတို့က မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်မှ ပန်းထွက်နေကြချေပြီ။

ထိုမျှသာမက မြေအောက်ဘုံအရှင်သခင်၏ ဧရာမဦးချိုကြီးနှစ်ခုမှာလည်း ပြိုလဲလာကြသည်။ မရဏဘုံအား ဖန်တီးပေးထားသည့် ဦးချိုကြီးနှစ်ခုကား အရည်ပျော်ပျက်စီး၍ ကောင်းကင်ပေါ်မှ ပြုတ်ကျနေသည်။

ချင်ဖုန်းကျင့်က ပို၍ပင် ပြင်းပြင်းထန်ထန် ငိုကြွေးနေတော့၏။ သို့သော် မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်မှ စိမ့်ထွက်လာသော မိစ္ဆာလမ်းစဉ်တို့က သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်နေကြသည်။ ယိုတုမိစ္ဆာလမ်းစဉ်သည် လက်ခံရန် ခန္ဓာကိုယ်တစ်ခု တွေ့ရှိသွားသည့်အလားပင်။

“အခြေအနေ မကောင်းတော့ဘူး...”

ကောင်းကင်နတ်အရှင်ရှုက ခက်ထန်စွာ ပြောသည်။ “မြေအောက်ဘုံအရှင်သခင် သေသွားပြီ”

ယိုတုတွင် ချင်ဖုန်းကျင့်သည် သေခြင်းရှင်ခြင်းစာအုပ်အောက်တွင် အကူအညီမဲ့သော ကလေးလေးတစ်ယောက်ပမာ အသည်းအသန် အော်ဟစ်ငိုကြွေးနေ၏။

ယိုတုမဟာတာအိုက သေခြင်းရှင်ခြင်းစာအုပ်အတိုင်း လိုက်ပါလျက် မြေအောက်ဘုံအရှင်သခင်၏ ပြိုင်ဘက်ကင်းသော ခန္ဓာကိုယ်ကြီးထဲမှ ထွက်ခွာလာကြသည်။ ၎င်းတို့က ချင်ဖုန်းကျင့်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာကြသဖြင့် သူ၏ခန္ဓာကိုယ်မှာလည်း အတိတ်တုန်းက မြေအောက်ဘုံအရှင်သခင်အတိုင်း တဖြည်းဖြည်း ကြီးမားလာလေသည်။ ချော်ရည်ပူတို့က သူ၏ဦးခေါင်းထက်တွင် ဦးချိုနှစ်ခုကို ဖွဲ့တည်ပေးလိုက်သည်။

၎င်းတို့မှာ သူ အားကျနေခဲ့ရသည့် ဦးချိုများ ဖြစ်ကြ၏။ သူသည် မြေအောက်ဘုံအရှင်သခင်၏ ဦးချိုနှစ်ဖက်ကို မကြာခဏ ခိုးကြည့်တတ်၏။ သူ၏ဦးခေါင်းထက်တွင်လည်း ၎င်းကဲ့သို့ အံ့သြဖွယ်ဦးချိုများ ရှိလာရန် တိတ်တိတ်ကလေး စိတ်ကူးယဉ်ဖူးသည်။

ချင်ဖုန်းကျင့်မှာ ကောင်းကင်နတ်အရှင်ရှုကိုလည်း ခိုးကြည့်တတ်သည်။ ဦးချိုနှစ်ဖက် ပိုင်ဆိုင်ထားသော ကောင်းကင်နတ်အရှင်ရှုကို အားကျကာ သူ၏ ဦးခေါင်းထက်တွင် ဦးချိုမပေါက်သည့်အတွက် အပြစ်တင်ဖူး၏။

ယခုတွင်တော့ သူ လိုချင်နေသည့်အရာကို ရခဲ့လေပြီ။ မြေအောက်ဘုံအရှင်သခင်၏ အမွေကို လက်ခံရရှိခဲ့သည်သာမက ဦးချိုနှစ်ဖက်ကိုပါ ရရှိခဲ့ချေပြီ။

ထိုမျှသာမက ယိုတုမြစ်သည် သေခြင်းရှင်ခြင်းစာအုပ်ကို ဖြတ်သန်းလျက် သူ၏လက်ဖဝါးထဲသို့ ဝင်ရောက်စီးဆင်းလာ၏။ ယိုတုမြစ်သည် သူ၏လက်နက် ကြာပွတ်ဖြစ်လာသည်ကို အာရုံခံနိုင်မိသည်။

ပြိုကျနေသည့် မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်ကြီးဆီမှ ယိုတုမဟာတာအိုတို့က သူ၏ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်နေကြသည်။ သို့သော် သူ့မှာ မပျော်နိုင်ဘဲ ဝမ်းနည်းပူဆွေးနေမိသည်။

“ငါ မလိုချင်ဘူး…”

မကြာမီ ကောင်းကင်နတ်အရှင်ရုံ မူလဝိညာဉ်၏လက်ဖဝါးမှာ သူ့ကို မ,မထားနိုင်တော့ပေ။ ချင်ဖုန်းကျင့်သည် အလျင်အမြန် ကြီးထွားလာနေသဖြင့် ကောင်းကင်နတ်အရှင်ရုံအနေဖြင့် ထိန်းချုပ်၍မရနိုင်တော့။

ချင်ဖုန်းကျင့်သည် ကလေးဝဝကြီး မဟုတ်တော့ဘဲ လူငယ်တစ်ယောက် ဖြစ်လာ၏။ သို့သော် မြေအောက်ဘုံအရှင်သခင်ရုပ်ခန္ဓာ၏ ဦးချိုမှာလည်း အရင်းအထိ ပြိုလဲနေတာ ဦးခေါင်းတစ်ခေါင်းလုံး ပျောက်ကွယ်ပေတော့မည်။

ချင်မူနှင့် ကောင်းကင်နတ်အရှင်လင်တို့က မြေအောက်ဘုံအရှင်သခင်၏ တတိယမြောက်မျက်လုံးဆီမှ ထွက်လာကြပြီး ကြီးထွားနေသော ချင်ဖုန်းကျင့်အား မော့ကြည့်လိုက်သည်။

“အစ်ကိုကြီး အရွယ်ရောက်လာပြီပဲ…”

ချင်မူ့မျက်ဝန်းထဲတွင် ခံစားချက်တို့ ရှုပ်ထွေးနေကြသည်။ သူ့မှာ ရယ်မောလိုက်ချင်သော်လည်း မျက်ရည်များသာ အတားအဆီးမရှိစွာ စီးကျလာတော့သည်။ ‘ကျွန်တော် အစ်ကိုကြီးကို အပူအပင်မရှိဘဲ အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်လို လွတ်လွတ်လပ်လပ် နေစေချင်ခဲ့တာပါ … ဒါပေမဲ့ ကျွန်တော် မလုပ်နိုင်ခဲ့ဘူး… ဒီလို ဒုက္ခပင်လယ်ဝေနေတဲ့ ဘဝမှာ အစ်ကိုကြီးကို ပျော်ရွှင်အောင် မထားနိုင်တော့ဘူး…. အဲဒါကြောင့် ဒီလိုရက်စက်မှုတွေကို တွေ့ကြုံခိုင်းပြီး အမြန်အရွယ်ရောက်လာခိုင်းရတာပါ… ဒါမှ အစ်ကိုကြီးကိုယ်တိုင်နဲ့ အစ်ကိုကြီး ချစ်ရတဲ့သူတွေကို ကာကွယ်ပေးနိုင်မှာလေ’

သူက ကောင်းကင်နတ်အရှင်လင်အား ပြောသည်။ “မြေအောက်ဘုံအရှင်သခင်ရဲ့ ခန္ဓာကိုယ်က ပြိုလဲတော့မှာဆိုတော့ သူ့ခြေထောက်ဆီ ကျွန်တော်တို့ မြန်မြန်သွားရမယ်… အဲဒီမှာ မြေအောက်ဘုံအရှင်သခင်အားချို နဲ့ ကောင်းကင်နယ်စားမင်း ရှိနေတယ်”

သူ ထိုသို့ပြောလိုက်စဉ် ယိုတုမြစ်ကြာပွတ်သည် သူ့ထံပြေးဝင်လာပြီး သူ၏ခန္ဓာကိုယ်အား ရစ်ပတ်လိုက်၏။

ချင်မူမှာ ယိုတုမြစ်ဖြင့် တင်းတင်းကြပ်ကြပ် ချုပ်နှောင်ခံထားရပြီး ဝှီးခနဲ လှည့်ပတ်ရင်း ချင်ဖုန်းကျင့်အရှေ့သို့ ဆွဲယူခံလိုက်ရသည်။

“အစ်ကိုကြီး… ကျွန်တော်ပြောတာ နားထောင်ပါဦး”

ချင်မူ ထိုသို့ပြောလိုက်စဉ် ချင်ဖုန်းကျင့်၏ ဒေါသတကြီးဟိန်းဟောက်သံကို ကြားလိုက်ရ၏။ “အကျင့်မကောင်းတဲ့ ညီလေး…”

ဝုန်း

တောင်တန်းကြီးတစ်လုံးနှင့်တူသည့် လက်သီးတစ်ချက်က ချင်မူ့အပေါ် ကျရောက်လာကာ သူ့အား လွင့်ထွက်သွားစေသည်။ သူ အဝေးသို့ မရောက်ခင်ပင် ယိုတုမြစ်က သူ၏ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ရစ်ပတ်သွားပြန်၏။

“မင်းကို သေတဲ့အထိ ရိုက်ပစ်မယ်… မိုက်လွန်းတဲ့ ညီလေး”

ချင်ဖုန်းကျင့်က ပြေးဝင်လာပြီး ချင်မူ့ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ထိုးနှက်လိုက်ပြန်၏။

ချင်မူမှာ သွေးအန်လိုက်ရပြီး နောက်သို့ လွင့်ထွက်သွားပြန်သည်။ ထို့နောက် ချင်ဖုန်းကျင့်က ပြန်ဆွဲခေါ်လိုက်၏။

ချင်ဖုန်းကျင့်၏ ဦးချိုများသည် တဟုန်းဟုန်း လောင်ကျွမ်းနေပြီး ယိုတုမဟာတာအိုကောင်းကင်နတ်သိုင်းများ၏ စွမ်းအားက ပိုပို၍သန်မာအားကောင်းလာကြသည်။ သူသည် အရင်ကတည်းက ကောင်းကင်ယင်သားတော်အောက် နိမ့်ကျနေခဲ့ခြင်း မရှိသော်လည်း ယခုတွင် သူ၏စွမ်းဆောင်ရည်များက အဆပေါင်းများစွာ တိုးတက်လာခဲ့၏။

သူ၏လက်ဖဝါးက ထိုးချလာသဖြင့် ချင်မူက လက်မြှောက်လိုက်သည်။ ချင်မူ့လက်ဖ၀ါးလေးက သူ့လက်သီးဆုပ်ကြီးကို အသားအယာ ကာထားသည်။

“အစ်ကိုကြီး”

ချင်မူက ခေါင်းမော့လာပြီး သူ၏အသိစိတ်အလျဉ်သည် လှိုင်းထသွား၏။ “ကျွန်တော် မြေအောက်ဘုံအရှင်သခင်ကို ပြန်အသက်သွင်းပေးနိုင်တယ်”

ချင်ဖုန်းကျင့်မှာ အံ့သြဝမ်းသာသွားသည်။ ရုတ်တရက် ဝုန်းခနဲ အသံတစ်ချက် ကြားလိုက်ရပြီး ယိုတုကို လွှမ်းခြုံထားသော သေခြင်းရှင်ခြင်းစာအုပ်အား လက်သီးတစ်ချက်က ထိုးနှက်လိုက်သည်။

စွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး ယိုတုအား ဖုံးလွှမ်းထားသည့် သေခြင်းရှင်ခြင်းစာအုပ်ကို ပုံပျက်သွားစေကာ ချင်ဖုန်းကျင့်ထံ စီးဆင်းနေသည့် ယိုတုမဟာတာအိုအား ပြတ်တောက်သွားစေတော့သည်။

All Chapters