ယိုတုစစ်ပွဲ
Vol. 123 Ch. 1598
လက်ဝါးကြီးက သေခြင်းရှင်ခြင်းစာအုပ်အား ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်ရာ စာအုပ်ကိုပင် တစစီ မွစာကြဲသွားစေနိုင်သည်။ ကောင်းကင်နတ်အရှင်ရုံက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူ့အနောက်ရှိ မူလဝိညာဉ်မှ ထုတ်လွတ်နေသည့် မီးတောက်များကြောင့် သူသည် မီးလောင်ကျွမ်းနေသည့် အလား ဖြစ်နေ၏။
ယိုတုအပြင်တွင် ကောင်းကင်နတ်အရှင်ရှုမှာ ဒေါသူပုန်ထနေသည်။ သူမအနောက်တွင် ကောင်းကင်နန်းဆောင်များ ပေါ်လာ၍ ကောင်းကင်နတ်ဘုံကို ဖွဲ့တည်လိုက်ပြီး ကောင်းကင်နန်းဆောင် စုစုပေါင်း ၂၆ ဆောင်က ကောင်းကင်နတ်ဘုံကို ကာကွယ်ပေးထားသည်။ သူမသည် သေခြင်းရှင်ခြင်းစာအုပ်၏ သခင်ရွေးချယ်မှုအား ဟန့်တားနှောင့်ယှက်၍ တံဆိပ်အမှတ်အသားအား ဖျက်စီးပစ်ချင်နေ၏။
သူမစိတ်ထဲတွင် အတွေးတစ်ခုတည်းကသာ ကြီးစိုးနေသည်။
သေခြင်းရှင်ခြင်းစာအုပ်၏ ပိုင်ရှင်က သူမသာ ဖြစ်လာရမည်။
သို့သော် သေခြင်းရှင်ခြင်းစာအုပ်တွင် မည်သည့်အမှတ်အသားမှ မရှိသည်ကိုတော့ သူမ မသိပေ။ ယိုတုမဟာတာအိုသည် ၎င်း၏ အရှင်သခင်ကို အလိုအလျောက် ရွေးချယ်ခြင်း ဖြစ်သည့်အတွက် ရတနာကို ထိန်းချုပ်သော ထိုပုဂ္ဂိုလ်အနေဖြင့် မည်သည့်တံဆိပ်ခတ်နှိပ်မှုမှ ထားရှိရန် မလိုပေ။
သေခြင်းရှင်ခြင်းစာအုပ်မှ ရွေးချယ်သော အရှင်သခင်သာ ဆိုပါက မည်သည့်အမှတ်အသားမှ မလိုအပ်ဘဲ သေခြင်းရှင်ခြင်းစာအုပ်ကို အသက်သွင်း၍ ရနိုင်ပေသည်။ သေခြင်းရှင်ခြင်းစာအုပ်၏ အရှင်သခင်ကို ရွေးချယ်ခြင်းက ကောင်းကင်နတ်အရှင်ရုံ သေခြင်းရှင်ခြင်းစာအုပ်ကို အသုံးပြု၍ ချင်မူနှင့် ချင်ဖုန်းကျင့်အား စမ်းသပ်ခဲ့သည့်အတိုင်းပင်။
ချင်မူသည် မိစ္ဆာသဘာဝကို ခုခံကာကွယ်နိုင်သဖြင့် သေခြင်းရှင်ခြင်းစာအုပ်၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို အသက်သွင်းနိုင်ပေသည်။
ချင်ဖုန်းကျင့်ကမူ မိစ္ဆာသဘာဝနှင့် သေခြင်းရှင်ခြင်းစာအုပ်၏ သက်ရောက်မှုကို လုံးဝမခံစားခဲ့ရပေ။ ထို့ကြောင့် သေခြင်းရှင်ခြင်းစာအုပ်က သူ့ကို အရှင်သခင်အဖြစ် ရွေးချယ်ခဲ့၏။ သူ့အနေဖြင့် သေခြင်းရှင်ခြင်းစာအုပ်၏ စွမ်းအားအလုံးစုံကို အသက်သွင်းနိုင်သည်။
သို့သော် ကောင်းကင်နတ်အရှင်ရှုမှာ ဤအကြောင်းကို မသိသောကြောင့် ရတနာအား လုယူရန် ကြိုးစားနေတော့သည်။ သူမ၏ အားကောင်းသော မှော်စွမ်းအင်ဖြင့် သေခြင်းရှင်ခြင်းစာအုပ်အား လုယူနိုင်လျှင်တောင်မှ ကံကောင်းမည်လား၊ ကံဆိုးမိုးမှောင်ကျမည်လား မပြောနိုင်သည်ကိုလည်း သူမ မသိပေ။
သူမအနေဖြင့် သေခြင်းရှင်ခြင်းစာအုပ်ကို ထိန်းချုပ်နိုင်မည့်အစား စာအုပ်၏ မိစ္ဆာသဘာဝကြောင့် သက်ရောက်ခံရကာ မိစ္ဆာတစ်ကောင် ဖြစ်ကောင်း ဖြစ်လာနိုင်သည်။
သူမအနောက်တွင် ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာကို ထိန်းချုပ်ထားသည်။ သူ၏ ဧရာမမျက်နှာကြီးက ကောင်းကင်ကို ဖုံးအုပ်ထားပြီး ယိုတုထဲသို့ အချိန်မရွေး ကျူးကျော်ဝင်ရောက်ရန် အဆင်သင့်ဖြစ်နေသည်။
ယိုတုကို ကျူးကျော်ဝင်ရောက်ခြင်းက သူ့အတွက် လွယ်ကူသော ကိစ္စတော့ မဟုတ်ပေ။ ရွှမ်တု၏ ကောင်းကင်တာအိုနှင့် ယိုတု၏ မဟာတာအိုတို့မှာ တစ်ခုနှင့်တစ်ခု ဆန့်ကျင်သည် မဟုတ်လော။ ရွှမ်တုမှ ထွက်ခွာလာခြင်းက ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာကို အားနည်းစေပြီး ကောင်းကင်တာအို၏စွမ်းအားကို လျော့ကျစေလိမ့်မည်။
သို့သော် ကောင်းကင်နတ်အရှင်ရှု ယိုတုမဟာတာအိုကို စုပ်ယူပြီး ယိုတုအား ထိန်းချုပ်နိုင်ပါက ယိုတုကို ကျူးကျော်ရခြင်းကား ပို၍လွယ်ကူပေလိမ့်မည်။
ဤအခိုက်အတန့်တွင် ရှေးဟောင်းနတ်ဘုရားဘုရင်မှာ မျက်မှောင်ကြုတ်နေ၏။ သူကိုယ်တိုင်လည်း မြေအောက်ဘုံအရှင်သခင် သေဆုံးသွားသည့်အချက်ကို လက်မခံနိုင်သေးပေ။
“ဘာကြောင့် မြေအောက်ဘုံအရှင်သခင်က တိတ်တိတ်လေး သေသွားရတာလဲ”
ရွှမ်တုတိုက်ပွဲတုန်းက ကောင်းကင်နယ်စားမင်းကို သတ်ဖြတ်ရသည်မှာ အလွန်အမင်း ခက်ခဲခဲ့သည်မဟုတ်ပါလော။
ထိုတိုက်ပွဲအတွက် ကောင်းကင်နတ်အရှင်ဆယ်ပါးစလုံး ပူးပေါင်းခဲ့ကြသည်။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားကပင် ကူညီပေးခဲ့၏။ သို့သော် ကောင်းကင်နယ်စားမင်းကို သတ်ဖြတ်နိုင်ရန် အတော်လေး အားထုတ်ခဲ့ရသေးသည်။ ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်များစွာ သေဆုံးခဲ့ရပြီး ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ကောင်းကင်နတ်အရှင်အတော်များများလည်း ဒဏ်ရာရခဲ့ကြသည်။ ထိုမျှပေးဆပ်ပြီးမှသာ ကောင်းကင်နယ်စားမင်း သတ်ဖြတ်ခံခဲ့ရလေသည်။
ယခုတွင် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်များမှာ အစွမ်းအစ တိုးတက်လာပြီဖြစ်သော်လည်း ကောင်းကင်နယ်စားမင်းကဲ့သို့ အရှိန်အဝါကြီးမားသော မြေအောက်ဘုံအရှင်သခင်ကို သတ်ဖြတ်ရန် လွယ်ကူလိမ့်မည်မဟုတ်ပေ။ ခွန်အားမှတဆင့် တာအိုရရှိပြီးသော ကောင်းကင်နတ်အရှင်ဟောင်နှင့် ထိုက်ချူတို့ မလှုပ်ရှားသရွေ့ လွယ်ကူမည်မဟုတ်။
ထိုမျှသာမက ကောင်းကင်နတ်အရှင်ဟောင်သည် မြေအောက်ဘုံအရှင်သခင်ကိုသာ သတ်ဖြတ်လိုခြင်းမဟုတ်၊ ခိုင်ဧကရာဇ်ချင်ယဲ့၊ ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကျန်သူများကိုလည်း ပစ်မှတ်ထားသေးသည်။
သို့သော် မြေအောက်ဘုံအရှင်သခင်မှာ ဤအတိုင်း သေဆုံးသွားသဖြင့် ရှေးဟောင်းနတ်ဘုရားဘုရင်မှာ အံ့ဩနေမိတော့သည်။
သူတို့ အချိန်အတော်ကြာအောင် ပြင်ဆင်ခဲ့ရသည်များက သဲထဲရေသွန် ဖြစ်သွားခဲ့ပြီလော။
မည်သူက မြေအောက်ဘုံအရှင်သခင်ကို သတ်ဖြတ်ခဲ့သနည်း။ အဘယ်ကြောင့် မြေအောက်ဘုံအရှင်သခင်က ဤမျှ တိတ်ဆိတ်စွာ သေဆုံးသွားခဲ့ရပါသနည်း။
“ကောင်းကင်နတ်အရှင်ရှုရဲ့ အိပ်မက်က မြေအောက်ဘုံအရှင်သခင်ကို သတ်ဖြတ်ပြီး မြေအောက်ဘုံအရှင်သခင် ဖြစ်လာဖို့ပဲ… ဒီလိုအခြေအနေမျိုးမှာ စိတ်မထိန်းနိုင်တာ အံ့သြစရာမရှိဘူး” ရှေးဟောင်းနတ်ဘုရားဘုရင်က တွေးနေသည်။
ရုတ်တရက် ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်က မြောက်တက်လာ၍ သေခြင်းရှင်ခြင်းစာအုပ်ကို ဖောက်ထွက်သွားပြီး ကောင်းကင်နတ်အရှင်ရှုအား ကြိုဆိုလိုက်သည်။
ရှေးဟောင်းနတ်ဘုရားဘုရင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ မရေမတွက်နိုင်သော ကြယ်တာရာများက မှောင်မိုက်နေသော ယိုတုအထက် ကောင်းကင်တွင် စုဝေးလာ၏။ တောက်ပထွန်းလင်းနေသော နဂါးငွေ့တန်းကြီးက ကောင်းကင်တွင် ထွက်ပေါ်လာ၍ ယိုတု၏အမှောင်ထုကို လွင့်ပျယ်သွားစေသည်။ ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာက ဆင်းသက်လာပြီး ကောင်းကင်နတ်အရှင်ရုံကို လမ်းပိတ်လိုက်ချေပြီ။
“တျန်းချိကျွင်း … မြေအောက်ဘုံအရှင်သခင်ကို သတ်လိုက်တာ ခင်ဗျားလား”
ရှေးဟောင်းနတ်ဘုရားဘုရင်က ချီးကျူးလိုက်သည်။ “မြေအောက်ဘုံအရှင်သခင်က ကိုယ့်ကို အန္တရာယ်ပေးမယ့် ကျားကိုမှ မွေးခဲ့မိတာပဲ… သူ့ရဲ့ သမီး ကောင်းကင်နတ်အရှင်ရှု လက်ထဲမှာ မသေခဲ့ဘဲ ခင်ဗျားရဲ့ လက်ထဲမှာ သေခဲ့ရတဲ့အတွက် အံ့ဩမိတယ်… ခင်ဗျားရဲ့ ပြတ်သားတဲ့စိတ်ကို လေးစားမိပါတယ်… အခု ကောင်းကင်နတ်အရှင်ရာထူးတွေလည်း လွတ်နေတာပဲမလား… ကောင်းကင်နတ်အရှင်ဟောင်က အဲဒီနေရာတွေကို ဖြည့်ဖို့ စောင့်နေတာ… ခင်ဗျား ကောင်းကင်နတ်ဘုံဆီမှာပဲ အညံ့ခံလိုက်တော့ပါလား”
ကောင်းကင်နတ်အရှင်ရုံသည် မိစ္ဆာလမ်းစဉ်၏ အရှင်သခင် ဖြစ်ပြီး ရှေးဟောင်းနတ်ဘုရားဘုရင်ကတော့ ရွှမ်တုကောင်းကင်လမ်းစဉ်၏ အရှင်သခင်ဖြစ်သည်။ ရွှမ်တုနှင့် ယိုတုမှာ ကိုက်ညီမှုမရှိသလို မဟာတာအိုနှစ်ခုသည်လည်း ဆန့်ကျင်၏။
တာအိုနှစ်ခု ထိတွေ့သွားသည်နှင့် နှစ်ယောက်လုံးသည် ကမ္ဘာမကြေမည့် ရန်သူတော်ကြီးအား တွေ့ဆုံလိုက်ရသလို ခံစားမိသွားသည်။ သူတို့၏ခန္ဓာကိုယ်ထဲရှိ မဟာတာအိုတို့က ဆူပွက်လာပြီး တာအိုသံများ ဟိန်းထွက်လာ၏။ ၎င်းတို့က သူတို့၏ ရန်သူကို ဖယ်ရှားရှင်းလင်း၍ တာအိုအား ဖျက်ဆီးရန် နှိုးဆော်နေကြသည်။
“ကောင်းကင်နတ်အရှင်ရုံ၊ ခင်ဗျားမှာ အသန်မာဆုံး မူလဝိညာဉ် ရှိပေမယ့် ခင်ဗျားရဲ့ စွမ်းဆောင်ရည်တွေကတော့ ခေတ်နောက်ကျနေပြီ”
ရှေးဟောင်းနတ်ဘုရားဘုရင်က ဟိန်းဟောက်လျက် ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာကို အသက်သွင်းလိုက်သည်။ မရေမတွက်နိုင်သော ကြယ်တာရာများက ကောင်းကင်နယ်စားမင်း၏ရုပ်ခန္ဓာနှင့် ပေါင်းစည်းသွားကြ၏။ ကောင်းကင်နယ်စားမင်း၏ ဦးခေါင်းအနောက်ရှိ ကောင်းကင်နန်းဆောင် ၃၅ ဆောင်က မဟာကောင်းကင်နတ်ဘုံကို ဖွဲ့တည်လိုက်သည်။ သူ၏မှော်စွမ်းအင်များမှာ အားကောင်းလွန်းလှသဖြင့် အထွတ်အထိပ်အခြေအနေရှိ ကောင်းကင်နယ်စားမင်းကိုပင် ယှဉ်ပြိုင်နိုင်လေသည်။
“မဟာကောင်းကင်နတ်ဘုံရဲ့ အတိုက်အခိုက်စွမ်းရည်အစစ်က ဘာလဲ ခင်များသိအောင် ကျုပ်ပြပေးမယ်”
ကောင်းကင်နယ်စားမင်း၏ တိုက်ကွက် ကျဆင်းလာသည့်အခါ ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်မှာ အနောက်သို့ ယိုင်သွားသည်။ သူ၏မူလဝိညာဉ်မှာ ရှေးဟောင်းနတ်ဘုရားများ ဖြစ်သည့် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့အောက် မနိမ့်ကျသော်လည်း ရုပ်ခန္ဓာကတော့ များစွာနိမ့်ကျသည်။
ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်၏ မှော်စွမ်းအင်ကြောင့် သူ၏ မူလဝိညာဉ်ပင်လျှင် ခံနိုင်ရည်မရှိ ဖြစ်သွားခဲ့ရ၏။
အထူးသဖြင့် ရှေးဟောင်းနတ်ဘုရားဘုရင်က ဘိုးဘေးနန်းတော်တွင် အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး ပလ္လင်ခန်းမ ၃၀ အထိ ကျင့်ကြံနိုင်ခဲ့သောကြောင့် သူ့အနေဖြင့် ခုခံရန် ပို၍ပင် အင်အားမဲ့နေတော့သည်။
ကောင်းကင်နတ်အရှင်ရုံသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ အသိဉာဏ်ပညာများစွာကို ရယူနိုင်ခဲ့သည့်တိုင် ရှေးဟောင်းနတ်ဘုရားဘုရင်၏ လူဝင်စားမှာလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ရှိနေသည်မဟုတ်လော။ ကောင်းကင်နတ်သိုင်းအရာတွင် ရှေးဟောင်းနတ်ဘုရားဘုရင်အနေဖြင့် သူ့အောက်များစွာ နိမ့်ကျမနေပေ။
ဤအခိုက်အတန့်တွင် မြေအောက်ဘုံအရှင်သခင်မှာ သေဆုံးသွားပြီ ဖြစ်သောကြောင့် ယိုတုမဟာတာအိုမှာလည်း အားနည်းလာနေ၏။ အရှင်သခင်အသစ်ကို ရွေးချယ်ရမည် ဖြစ်သောကြောင့် သူ၏ နယ်မြေဖြစ်သော ယိုတုတွင်လည်း အားသာမှု ရှိမနေပေ။
ကောင်းကင်နတ်အရှင်ရှုသည် ရှေးဟောင်းနတ်ဘုရားဘုရင်၏ အကူအညီကြောင့် ခွန်အားအကုန် ထုတ်လိုက်နိုင်၍ သေခြင်းရှင်ခြင်းစာအုပ်၏ စွမ်းအားကို ဖိနှိပ်နိုင်လိုက်သည်။ သေခြင်းရှင်ခြင်းစာအုပ်မှာ ပိုပို၍သေးငယ်သွားပြီး မကြာမီ မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိသွား၏။
သူမ သေခြင်းရှင်ခြင်းစာအုပ်အား သူမလက်ထဲသို့ ထည့်လိုက်တော့မည်အချိန်တွင် ဗျပ်စောင်းသံတစ်ချက် ကြားလိုက်ရသည်။ အသံနှင့်အတူ သူမနှင့် သေခြင်းရှင်ခြင်းစာအုပ်ကြားရှိ နေရာဟင်းလင်းပြင်မှာ ပိုပို၍ဝေးကွာသွားလေသည်။
သူမနှင့် သေခြင်းရှင်ခြင်းစာအုပ်က အဆုံးမသတ်နိုင်အောင် ဝေးကွာနေသည့်အလား လှမ်းယူ၍ပင် မရနိုင်တော့ပေ။
“ကောင်းကင်နတ်အရှင်ယွဲ့”
ကောင်းကင်နတ်အရှင်ရှုက အသံလာရာသို့ ကြည့်လိုက်ရာ အမျိုးသမီးတစ်ယောက်သည် နေရာဟင်းလင်းပြင်ထဲတွင် ထိုင်နေပြီး မည်သူမှ မရှိသည့်အလား ဗျပ်စောင်းအား တီးခတ်နေကြောင်း တွေ့လိုက်ရသည်။
ကောင်းကင်နတ်အရှင်ရှုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ၏မူလဝိညာဉ်က ထွက်ပေါ်လာ၏။ သို့သော် ဗျပ်စောင်းသံက ရုတ်ခြည်း မြူးကြွသွက်လက်လာသည်။ မြူးမြုူးကြွကြွ ဗျပ်စောင်းသံနှင့်အတူ နေရာဟင်းလင်းပြင်မှာ ကျယ်လိုက်ကျုံ့လိုက် ဖြစ်လာသည်။ နေရာဟင်းလင်းပြင်အလွှာများ တစ်ခုပေါ်တစ်ခု ထပ်ကာ အရပ်လေးမျက်နှာသို့ တဖျပ်ဖျပ် ပြေးလွှားနေကြတော့၏။
ကောင်းကင်နတ်အရှင်ရှုမှာ အန္တရာယ်ကို ချက်ချင်း အာရုံခံမိလိုက်သည်။ ကောင်းကင်နတ်အရှင်ယွဲ့ဆီမှ ဗျပ်စောင်းသံက မရေမတွတ်နိုင်သော နေရာဟင်းလင်းပြင်ဓားသွားများပမာ သူမ၏မူလဝိညာဉ်အား ခုတ်ပိုင်းနေကြသည်။ သူမ၏မူလဝိညာဉ်သည် ပျက်စီးနေပြီး အစိတ်စိတ်အမွှာမွှာ အက်ကွဲပေတော့မည်။
“ဟွေ့”
ကောင်းကင်နတ်အရှင်ရှုက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူမ၏ စကားဆုံးသည်နှင့် ကောင်းကင်နတ်အရှင်ယွဲ့၏ အနောက်ရှိ နေရာဟင်းလင်းပြင်အလွှာမှာ ပုံပျက်လှိုင်းထသွားပြီး တာအိုမီးတောက်အဝိုင်းများ လှည့်ပတ်လာသည်။ ၎င်းတို့က တာအိုမီးတောက်အလွှာ ၂၈ လွှာကို ဖွဲ့တည်လိုက်ချေပြီ။ မီးအလွှာတို့သည် ဗျပ်စောင်းသံ ဖြတ်သန်းမသွားနိုင်ရန် တားဆီးပေးနေ၏။
ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်နတ်အရှင်ယွဲ့အနောက်တွင် ပေါ်လာပြီး တာအိုမီးတောက်အလွှာ ၂၈ လွှာက ဘဲဥသဏ္ဌာန် မီးတောက်လှည်းဘီးကို ဖန်တီးလျက် ကောင်းကင်နတ်အရှင်ယွဲ့အား ပိတ်လှောင်ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် ၃၅ လွှာမြောက် ဟင်းလင်းပြင်ထဲမှ လက်တစ်ဖက် ထွက်လာပြီး ကောင်းကင်နတ်အရှင်ယွဲ့အား ဆွဲခေါ်ကာ တာအိုမီးတောက်များအကြားမှ လွတ်မြောက်သွား၏။
တာအိုမီးတောက်လှည်းဘီးက ချာခနဲ လှည့်ပတ်ကာ အရာအားလုံးကို ဖျက်ဆီးလိုက်သည်။ သို့သော် ကောင်းကင်နတ်အရှင်ယွဲ့သည် လွတ်မြောက်သွားပြီဖြစ်သောကြောင့် ကောင်းကင်နတ်အရှင်ဟွေ့၏ တိုက်ကွက်ကား လွဲချော်သွားတော့၏။
ကောင်းကင်နတ်အရှင်ဟွေ့မှာ ဆတ်ခနဲ လှည့်ကြည့်လိုက်သည့်အခါ အေးတိအေးစက်အသွင်နှင့် အမျိုးသမီးတစ်ဦး သူ့အရှေ့၌ ပေါ်လာသည်ကို သတိထားမိလိုက်သည်။ သူမ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးသည် ပွင့်လာပြီး ထိုက်ချူနတ်ကျောက်တုံးအား ထုတ်ဖော်လိုက်၏။
နတ်ကျောက်တုံးမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်နတ်အရှင်ဟွေ့မှာ သူ့အား အဖြူရောင်အလင်းတန်းများ လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရသည်။
အလင်းရောင် ပျောက်ကွယ်သွားသည့်အချိန်တွင် သူကား လွန်ခဲ့သော နှစ်တစ်သန်းရှိ နဂါးသွဲ့ရေကန်တွေ့ဆုံပွဲသို့ ပြန်လည်ရောက်လာခဲ့ချေပြီ။ သူသည် မန့်လန်အဆောင်ထဲတွင် ရှိနေပြီး ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်ယင်သားတော်နှင့် ကောင်းကင်နတ်အရှင်ယွီတို့ကို တွေ့နေရသည်။
ကောင်းကင်ယင်သားတော်က ရုတ်တရက် ယိုတုမဟာတာအိုကို သုံး၍ တိုက်ခိုက်ကာ ကောင်းကင်နတ်အရှင်ယွီ၏ မူလဝိညာဉ်အား ချိပ်ပိတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ဟောင်၏ တိုက်ကွက်က ကောင်းကင်နတ်အရှင်ယွီအပေါ် ကျရောက်သွားသည်။
သူတို့နှစ်ဦးက အတူတူ ပူးပေါင်းပြီး မခုခံနိုင်ခဲ့သော ကောင်းကင်နတ်အရှင်ယွီအား မန့်လန်အဆောင်ထဲတွင် သတ်ဖြတ်ခဲ့ကြ၏။
ကောင်းကင်နတ်အရှင်ဟွေ့၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီလာသည်။ “အစ်ကိုကြီးယွီ… ကျွန်တော် အစ်ကိုကြီးအတွက် ကလဲ့စားချေပြီး ရန်သူကို သတ်ဖြတ်ချင်… မဟုတ်သေးဘူး… ဒါ လန်ဝူရဲ့ ပုံရိပ်ယောင်ပဲ..”
ထိုစဉ် ကောင်းကင်နတ်အရှင်ဟောင်သည် သူ့ကို တွေ့မြင်သွားသည့်အလား လှည့်ကြည့်လာသည်။ သူ၏မျက်နှာက ရုတ်တရက် တင်းမာသွားပြီး ခက်ထန်စွာ အမိန့်ပေးလိုက်၏။ “ဒူးထောက်စမ်း”
ကောင်းကင်နတ်အရှင်ဟွေ့၏ ဒူးများ ပျော့ခွေသွားပြီး မြေပေါ်သို့ ဒူးထောက်လျက်သား ကျသွားသည်။ ထို့နောက် ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံကို ကြားလိုက်ရသောကြောင့် သဘောပေါက်သွားလေသည်။ “ဒါက ပုံရိပ်ယောင်ပဲ… ဖန်ဆင်းရှင်နတ်ဘုရင်က ငါ့တာအိုနှလုံးသားကို အသိစိတ်အလျဉ်ပုံရိပ်ယောင်နဲ့ ဖျက်ဆီးချင်နေတာ…သူက ငါ့ကို အထင်သေးနေတာပဲ”
ဝုန်း…
နဂါးသွဲ့ရေကန်တစ်ခုလုံး လောင်ကျွမ်းသွားသည်။ အရာအားလုံးမှာ မီးလောင်နေသော ပန်းချီကားတစ်ချပ်ပမာ မီးလောင်တိုက်သွင်းခံလိုက်ရ၏။
ကောင်းကင်နတ်အရှင်ဟွေ့က ခုန်တက်၍ လန်ဝူအား တိုက်ခိုက်တော့မည့်အချိန်တွင် ရုတ်တရက် သူ့ပတ်ပတ်လည်ရှိ မြင်ကွင်းမှာ ပြောင်းလဲသွားပြန်သည်။ နဂါးဟန်ခေတ် ကောင်းကင်နတ်ဘုံ မီးစွဲလောင်နေသည်ကို တွေ့မြင်လိုက်ရသည်။
ကောင်းကင်နတ်အရှင်ဟောင်၊ လန်ရွှမ်၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ မင်ဖန်းယွီနှင့် ကောင်းကင်နတ်အရှင်ကုန်းတို့နှင့်အတူ ကောင်းကင်နတ်အရှင်ယွင်အား တိုက်ခိုက်နေသည့် သူ့ကိုယ်သူ ပြန်တွေ့လိုက်ရသည်။
သူ၏လက်ဖဝါးက ကောင်းကင်နတ်အရှင်ယွင်၏ ရင်ဘတ်အား ဖောက်ထွက်သွား၏။ သူက မျက်ရည်များ စီးကျနေလျက် ကောင်းကင်နတ်အရှင်ယွင်အား မေးနေသည်။ “ယွင်၊ မင်း ငါ့ကို နားလည်တယ်မလား”
ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
ကောင်းကင်နတ်အရှင်ဟွေ့က ဒေါသတကြီး နှာခေါင်းရှုံ့လိုက်သည်။ သူ၏တာအိုနှလုံးသားက လောင်ကျွမ်းသွားပြီး အရာအားလုံးကို ဖျက်ဆီးနေသည်။ သို့သော် ဤပုံရိပ်ယောင် ပျောက်ကွယ်သွားသည့်အခါ သူသည် ပုံရိပ်ယောင်နောက်တစ်ခုထဲတွင် ပေါ်လာပြန်၏။
ဤပုံရိပ်ယောင်ထဲတွင် သူက မင်ဧကရာဇ်အား သွားရောက်သတ်ဖြတ်နေသည်။ လူသားမျိုးနွယ်၏ မင်ဧကရာဇ်သည် စစ်တပ်ကြီးအား ဦးဆောင်၍ ကောင်းကင်ဘုံအား တိုက်ခိုက်ခဲ့၏။ သူက ကောင်းကင်နတ်ဘုံ၏ တောင်ကောင်းကင်မုခ်၀အပြင်ဘက် ကြယ်တာရာကောင်းကင်အထိ သတ်ဖြတ်ရင်း ရောက်ရှိလာခဲ့သည်။ ကောင်းကင်နတ်အရှင်ဟွေ့က စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်၍ တိုက်ခိုက်နေသည်။ သူသည် အချိန်အတော်ကြာအောင် အနိုင်မယူနိုင်ခဲ့ချေ။
ကောင်းကင်နတ်အရှင်ဟောင် ရောက်လာသည့်အခါ ကောင်းကင်နတ်အရှင်ဟွေ့သည် ဦးညွှတ်အရိုအသေပေးပြီး ပြုံးလိုက်၏။ “ကျွန်တော်က အသုံးမ၀င်တာ မဟုတ်ပါဘူး…. ဒါပေမဲ့ ဒီမျိုးမစစ်ကောင်က သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးလို့ မရနိုင်တဲ့အထိ ကျင့်ကြံထားတာပါ…. ကျွန်တော် သူနဲ့ တိုက်ခိုက်တုန်း ကျင့်ကြံမထားတဲ့ အရာတစ်ခု ရှိနေတာ တွေ့လိုက်ရတယ်… သူ့မူလဝိညာဉ်ပါပဲ… ကျွန်တော် ကောင်းကင်ယင်သားတော်ကို ကာကွယ်ပြီး ဒီမျိုးမစစ်ကို သတ်ဖြတ်ပါ့မယ်”
ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာကြီးမှာ သုန်မှုန်နေသည်။ ပုံရိပ်ယောင်က တစ်စစီပြိုကွဲသွားပြန်သည်။
ဗျပ်စောင်းသံက သာယာနာပျော်ဖွယ်ကောင်းစွာ ပျံ့လွင့်လာပြန်သည်။
ထို့နောက် သူ ကောင်းကင်နတ်အရှင်ယွဲ့အား သတ်ဖြတ်နေပုံ၊ ခိုင်ဧကရာဇ်အား အနိုင်ယူနေပုံ၊ ကောင်းကင်နတ်မြစ်တွင် လန်ယွီတျန်းအား သတ်ဖြတ်ရန် ကြိုးစားပုံ၊ တောင်ကောင်းကင်၏ လူသားများအား ကျွန်ပြုနေပုံ စသဖြင့် ပုံရိပ်ယောင်များစွာ ပေါ်လာသည်။
ကောင်းကင်နတ်အရှင်ဟွေ့သည် ၎င်းတို့ကို မကြည့်ပေ။ ပြင်းထန်လှသော မှော်စွမ်းအင်ကို အသုံးပြု၍ ပုံရိပ်ယောင်မှန်သမျှအား ဖျက်ဆီးပစ်နေ၏။ နောက်ဆုံးတွင် လန်ဝူကို တွေ့လိုက်ရသဖြင့် မည်သည့်ရှင်းပြချက်မှ မပေးဘဲ ချက်ချင်း တိုက်ခိုက်လိုက်သည်။
သူ၏ မှော်စွမ်းအင်က လန်ဝူထက် အဆပေါင်းများစွာ ပို၍အားကောင်းသည်။ သူမသည် ခန္ဓာကိုယ် သန်မာသည့် ဖန်ဆင်းရှင်တစ်ပါး ဖြစ်သော်လည်း သူမ၏အသိစိတ်အလျဉ်ကတော့ တစ်လောကလုံးတွင် တစ်ခုတည်းသာ ရှိလေသည်။ မဟာဧကရာဇ် သေဆုံး၍ ကောင်းကင်နတ်အရှင်ကုန်းပါ သတ်ဖြတ်ခံလိုက်ရသည့်အခါ လန်ဝူ့အသိစိတ်အလျဉ်မှာ ပြိုင်ဘက်ကင်းလာခဲ့သည်။
သို့သော် သူမ၏ မှော်စွမ်းအင်က ကောင်းကင်နတ်အရှင်ဟွေ့အောက် များစွာ နိမ့်ကျလေသည်။ ကောင်းကင်နတ်အရှင်ဟွေ့သည် မှော်စွမ်းအရာ၌ ကောင်းကင်နတ်အရှင်ဟောင်နှင့် ထိုက်ချူပြီးလျှင် ဒုတိယ မဟုတ်လော။
လန်ဝူမှာ ဤတိုက်ကွက်ကြောင့် မျက်နှာအကြီးအကျယ် ပျက်သွားသည်။ သူမက လက်ကို မြှောက်၍ ခုခံကာကွယ်လိုက်၏။
ဝုန်းခနဲ အသံကြီးနှင့်အတူ ကောင်းကင်နတ်အရှင်ဟွေ့၏ ချီနှင့် သွေးတို့မှာ အဆက်မပြတ် ပုံပျက်လာနေကြသည်။ ဟွေ့မှာ အံ့အားသင့်သွားလေသည်။
လန်ဝူ၏ မှော်စွမ်းအင်က သူ့အောက် များစွာ အားနည်းမနေပေ။
သူက မစဉ်းစားတော့ဘဲ တာအိုမီးတောက်များကို အဆက်မပြတ် လောင်ကျွမ်းနေစေရင်း တိုက်ခိုက်နေသည်။ သူ့ကို ရင်ဆိုင်နေသည့် နတ်ဘုရင်လန်ဝူကလည်း ကောင်းကင်နတ်သိုင်းများစွာ ထုတ်လွှတ်ထား၏။ ကောင်းကင်နတ်သိုင်းများနှင့် တာအိုနတ်သိုင်းများက အတော်လေး အံ့အားသင့်ဖွယ်ကောင်းလှသည်။
သူတို့နှစ်ယောက်လုံး ဒဏ်ရာရထား၏။ ရုတ်တရုက် ကောင်းကင်နတ်အရှင်ဟွေ့၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။ သူ့ကို တိုက်ခိုက်နေသော လန်ဝူမှာလည်း တစ်စုံတစ်ခုကို သတိရသွားသယောင်ပင်။ သူတို့နှစ်ယောက်လုံးက ပြိုင်တူ ပြောလိုက်ကြသည်။ “လေဟာနယ်တံတားရဲ့ အခန်းသုံးခန်း..”
ယိုတု၏ ၃၅ လွှာမြောက်သော ဟင်းလင်းပြင်ထဲ၌ ကောင်းကင်နတ်အရှင်ယွဲ့က ထိုင်နေသည်။ သူမက သူမ၏ လက်ချောင်းဆယ်ချောင်းကို ကြည့်ရင်း ဗျပ်စောင်းတီးနေသည်။ လန်ဝူက သူမအနောက်တွင် ရပ်နေပြီး သူမ၏အသိစိတ်အလျဉ်က မျက်ခုံးနှစ်ဖက်ကြားမှ ထွက်ပေါ်နေသည်။
ယိုတုတွင် ကောင်းကင်နတ်အရှင်ဟွေ့မှာ ကောင်းကင်နတ်အရှင်ရှုနှင့် အသေအကြေ တိုက်ခိုက်နေသည်။
မဟာလေဟာနယ်၏ တံတားအဆုံးရှိ အခန်းသုံးခန်းကို ကောင်းကင်နတ်အရှင်ယွဲ့နှင့် ဖန်ဆင်းရှင်မျိုးနွယ်ဘိုးဘေးများ တည်ဆောက်ခဲ့ခြင်း ဖြစ်၏။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုမှာ ဤနေရာ၌ တစ်ခါပိတ်မိခဲ့ဖူးပြီး သေဘေးမှ ကပ်သီးလေး လွတ်မြောက်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ဘိုးဘေးနန်းတော်အထက် ကောင်းကင်ရှိ ကောင်းကင်နတ်ဘုံတွင် ကောင်းကင်နတ်အရှင်ဟောင်သည် အံ့ဩ၍ မယုံနိုင်ဖြစ်နေသော မျက်နှာအမူအရာဖြင့် ထရပ်လိုက်သည််။ သူ၏အကြည့်က ဘိုးဘေးနန်းတော်ကို ဖောက်ထွက်သွားပြီး သူကား ကောင်းကင်နတ်ဘုံမှ ဆင်းသက်လာချေပြီ။
လောကသစ်ပင်အောက်တွင် ခိုင်ဧကရာဇ်သည် ထရပ်လိုက်ပြီး အနက်ရောင်တောင်တန်းထဲမှ ထွက်ခွာလာ၏။
သူ၏ဝတ်ရုံကား လေထဲတွင် တဖတ်ဖတ် လွင့်ခါလျက်....။