ဒူးထောက် ... ။
Vol. 34 Ch. 397
ကျန်းလီသည် သူတို့ကိုကျောခိုင်းပြီး ကြယ်ရောင်စုံကောင်းကင်ထံ မော့ကြည့်နေ သော်လည်း ဤမြင်ကွင်းကြောင့် မျက်ခုံးပင့်ကာ ခေါင်းလိုက်သည်။ ဂရုမစိုက်တော့ချေ။
စင်စစ်သော်ကား နိုင်ငံငယ်လေးမှ တစ်စုံတစ်ယောက်သည် ကောင်းကင်ဓားဂိုဏ်း ကဲ့သို့ စစ်မှန်သောအင်အားစုကို အသိအမှတ် မပြုနိုင်သည်မှာ သဘာဝပေပင်။
ရေတွင်းထဲက ဖားတစ်ကောင်အတွက် အမြင်သည် အကန့်အသတ်ရှိ၏။ တစ်ဖက်တွင် စုရီ၏ပေါ့ပေါ့ပါးပါး အသွင်ကြောင့် ချူဟမ်ခုန်မှ နှလုံးခုန်နှုန်း မြန်သွားသည်။
“ တာအိုစု မင်းကို မိတ်ဆက်ပေးမယ် ... ။ ”
ကျန့်လီနှင့် ထောင်ယွင်ချီတို့သည် ရိုးရှင်းသော လူမဟုတ်သဖြင့် ပေါ့ပေါ့ဆဆ မဆက်ဆံသင့်ကြောင်း သတိပေးရန် ပြင်လိုက်သည်။
“ ငါ စိတ်မဝင်စားဘူး။ ”
စုရီက ငြင်းဆန်၏။ ချူဟမ်ခုန်ခမျာ အမူအရာ အနည်းငယ်ပြောင်းသွားပြီး အဆုံး၌ သက်ပြင်းချလျက် ဝိုင်ပုလင်းကို တစ်ငုံ သောက်ချလိုက်သည်။
အဆုံးတွင် အနည်းငယ် ရဲရင့်လာပြီး၊
“ တာအိုစု၊ ငါ့ကို အပြစ်မတင်ပါနဲ့ သူတို့တွေက ကောင်းကင်ဓားဂိုဏ်းရဲ့ အတွင်း တပည့်တွေပါ ငါတို့ကို ခေါင်းဆောင်လာတဲ့ အမျိုးသမီးက အမာခံတပည့် ကျန့်လီပဲ။ ”
ဤအမည်တစ်ခုတည်းသည်ပင် မိုးပြာတိုက်ကြီးရှိ ကျင့်ကြံသူများအတွက် ကြီးမားသော ဖိအားဖြစ်စေသည်။
စုရီသည် ဓားဂိုဏ်း၏ အမာခံတပည့် တစ်ယောက်၏ အဆင့်အတန်းကို နားလည်နိုင် မည်ဟု ယုံကြည်၏။ သို့သော် ဤသည်မှာ သူ့အမြင် ဖြစ်သည်။ စုရီမှ သက်ပြင်းချပြီး၊
“ မင်းမှာ သံမဏိလိုမာကျောပြီး ... မာနကြီးတတ်တဲ့ ဓားနှလုံးသား ရှိခဲ့ဖူးတယ် မင်းငါနဲ့ တိုက်တုန်းကတောင် ...
.... ကျရှုံးမှာကို မကြောက်ဘဲ အသက်နဲ့ သေခြင်းဆီ ဦးတည်တယ် ဒါဆိုအခု မင်းဘာလို့ ဒီလိုကြောက်နေရတာလဲ။ ”
-ဟု ပြန်၍မေးမြန်းလိုက်သည်။
ဤလူသည် ထိုအချိန်က သူ့အတွက် အာရုံစိုက်ထိုက်သူဟု ယူဆခဲ့မိသည့် ဓားသမား ဖြစ်သည်။
“ ငါ ... ။ ”
စုရီစကားကို ချူဟမ်ခုန်ခမျာ ပြန်မဖြေနိုင်ချေ။ အချိန်အတော်ကြာပြီးနောက် သူက သက်ပြင်းချကာ၊
“ တာအိုစု၊ အခုချိန်ထိတောင် မင်း နားမလည်ဘူးလား မဟာရှနဲ့ ယှဉ်မယ်ဆိုရင် အရင်က ငါတို့ရှင်သန်ခဲ့တဲ့ဒေသကြီးက ရေတွင်းနဲ့ တူပါတယ်၊ ...
... ငါတို့က ရေတွင်းထဲက ဖားတွေပဲ အဲဒီတုန်းက ငါတို့ဘယ်လောက်ပဲ ဘဝင်မြင့် နေပါစေ ... ငါတို့ရဲ့အလားအလာက အကန့်အသတ်ရှိတယ် ...
... ဒါပေမယ့် အခုတော့ ငါနဲ့စစ်မှန်တဲ့ ကျွမ်ကျင်သူတွေကြား ကွာဟချက်ကို နားလည် လာပါပြီ ငါအရင်ကလို ဥာဏ်ပညာကင်းမဲ့ပြီး မိုက်ရူးရဲဆန်တော့မှာမဟုတ်ဘူး။ ”
ဤသို့ပြောကြားပြီးနောက် ဝိုင်ပုလင်း ကောက်ယူလျက် စိတ်ဓာတ်ကျနေဟန်ဖြင့် မော့သောက်ချလိုက်သည်။
မဟာရှသည် အမှန်တကယ်ပင် ထူးချွန်ထက်မြက်သူများနှင့် အစွမ်းထက်သူများ စုစည်းရာအရပ်ဖြစ်၏။ ဤကမ္ဘာကြီး မည်မျှ ကျယ်ပြောသည်ကို ထိုစဉ်က မသိခဲ့ချေ။
“ ကွာဟချက်ကိုသိတာ မဆိုးပါဘူး ... ဒါပေမယ့် ဓားနှလုံးသားက ဖုန်တက်သွားရင် ပြန်ရဖို့ အရမ်းခက်လိမ့်မယ် ... ။ ”
စုရီက သူ့ကိုကြည့်ကာ သတိပေးသည်။ ဓားသမား၏ နှလုံးသားဟူသည် အဘယ်နည်း။ ဓားသမားဟူသည် အဘယ်နည်း။
အသက်နှင့်သေခြင်းကို မကြောက်ဘဲ စွန့်စားဝံ့သောအကြင်သူသည် ဓားသမားဖြစ်၏။ ဓားနှလုံးသားသည် ခိုင်မာသောဆန္ဒပေပင်။
စိတ်ရှည်သည်းခံခြင်းသည် အတိုင်းအတာတစ်ခုအထိသာ ရှိသင့်ချေပြီ။ အချိန်ကြာလာသည်နှင့်အမျှ ခံနိုင်ရည်ရှိလာကာ အလျှော့ပေးနေဦးမည်ဆိုသော် မာနများ ပျောက်ကွယ်သွားမည်ဖြစ်၏။
ထိုအချိန်တွင် အကြင်သူသည် လူအုပ်အတွင်းသာမန်အဖြစ် ပျောက်ကွယ်သွား ပေမည်။ ချူဟမ်ခုန်သည် ထိုသို့သော လက္ခဏာများ ပြနေချေပြီ။
သူ့အမူအရာနှင့် ထိုအပြုအမူများတွင် ဝမ်းနည်းကြေကွဲပြီး အုံ့မှိုင်းနေသောလေထုကို မြင်နိုင်၏။ သို့သော် ချူဟမ်ခုန်သည် နားမလည် သေးချေ။ သက်ပြင်းချလျက် စုရီကို ကြည့်ကာ၊
“ အမှန်အတိုင်းပြောရလျှင် ... ငါ အခု ကောင်းကင်ဓားဂိုဏ်းရဲ့ ပြင်ပတပည့် ဖြစ်နေပြီ ဂိုဏ်းရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်သေးပါဘူး။ ”
-ဟု ပြောကြားလိုက်သည်။
စုရီက စကားပြောရန် ပျင်းရိလာသည်။ ချူဟမ်ခုန်သည် သူ့လမ်းကို ရွေးချယ်ခဲ့ပြီးဖြစ် သောကြောင့် ဝင်ရောက်စွက်ဖက်ပေးရန် နည်းလမ်းမရှိတော့ချေ။
“ တာအိုစု ... ၊ မင်းအခု ဘာလုပ်မယ် စိတ်ကူးထားလဲ။ ”
စုရီကခေါင်းယမ်းပြီး ဝိုင်ဆက် သောက်နေလိုက်သည်။ ချူဟမ်ခုန်က ခဏမျှ တုံ့ဆိုင်းသွားကာ၊
“ မင်း ဘယ်ဂိုဏ်းထဲ ဝင်ပြီးပြီလဲ။ ”
-ဟု ထပ်မေးသည်။
စုရီမှ ခေါင်းခါပြန်သည်။
“ ဒါဆို သုံးလနေရင် ... ကောင်းကင် ဓားဂိုဏ်းက တပည့်စုဆောင်းဖို့ တံခါးဖွင့်လာတဲ့ အခါ မင်းပါဝင်သင့်တယ် ... မင်းရဲ့ ...
... အရည်အချင်းက ငါ့ထက်အများကြီး သာလွန်ပါတယ် ဒီအကဲဖြတ်မှုကို မင်းပါဝင်ရင် အောင်မြင်မယ်ဆိုတာ ပြောရဲတယ်။ ”
“ ငါစိတ်မဝင်စားဘူး ... နှုတ်ဆက်ပါတယ်။ ”
စုရီသည် စကားစမြည်ဆက်ပြောရန် စိတ်မဝင်စားတော့ဘဲ ကြိမ်ကုလားထိုင်ကို သိမ်းကာ ထရပ်လိုက်သည်။
တစ်ဖက်လူသည် သူ့အပေါ် နိမ့်ချ ရှုမြင်နေ၏။ ဤကမ္ဘာကြီးတွင် တာအိုလမ်းစဉ်၌ သူ့ကိုလမ်းပြနိုင်မည့် တစ်စုံတစ်ယောက် မရှိချေ။ ရှိခဲ့လျှင်ပင် ဤမိုးပြာတိုက်ကြီးမှ မဖြစ်နိုင်သည်မှာ သေချာ၏။
ထို့နောက် လက်ကိုနောက်ပို့လိုက်ပြီး ယွမ်ဟမ်နှင့်ပိုင်ဝမ်ချင်းကို ‘သွားရအောင်’-ဟု ပြောကြားလိုက်သည်။
တစ်ဖက်တွင် ငွေရောင်ဝတ်လုံဝတ် လူငယ်တစ်ယောက်က သူတို့စကားဝိုင်းကို ခိုးနားထောင်ပြီး ခေါင်းယမ်းကာ သက်ပြင်းချသည်။
“ ဂျူနီယာချူ ... အရင်တုန်းက မင်းသူငယ်ချင်းရွေးချယ်ရာမှာ တကယ့်ကို ဂရုမစိုက်ခဲ့ဘူးလို့ ငါပြောချင်တယ် ငါ့အမြင်အရတော့ မင်းနဲ့ သူ ...
... ဆက်ဆံရေးကို ဖြတ်တောက်သင့်ပြီ အခုမင်းဟာ ကောင်းကင်တိမ်လွှာဓားဂိုဏ်းရဲ့ ပြင်ပတပည့်ဖြစ်နေပြီမို့ ဒီလိုနိုင်ငံငယ်လေးက ဖားတစ်ကောင်နဲ့ ဘယ်လိုလုပ် ပေါင်းသင်းနေဦးမှာလဲ။ ”
သူ့စကားကြောင့် ချူဟမ်ခုန်က မျက်နှာပျက်ယွင်းလျက်၊
“ အစ်ကိုကူ ... တာအိုစုဆိုတာ ငါ့သူငယ်ချင်းပါ မင်းစကားပြန်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ် ငါ့ကိုအရှက်မခွဲပါနဲ့။ ”
-ဟု တုန့်ပြန်လိုက်တော့သည်။
ငွေရောင်ဝတ်ရုံဝတ် လူငယ်က ချူဟမ်ခုန်တစ်ယောက် ဤသို့ပြန်ပြောဝံ့မည်ဟု မမျှော်လင့်ထားသောကြောင့် အံ့အားသင့် သွားလေသည်။
“ ဟမ့် ... ဂျူနီယာချူ ငါပြောတာ မှားတယ်လို့ မင်းပြောချင်နေတာလား စုမျိုးရိုးနဲ့ အဲဒီလူက မိုက်ရိုင်းပြီး ... မိုက်မဲနေတာ မင်းမမြင်ဘူးလား ...
... တကယ်သာ ထက်မြက်တဲ့လူဆိုရင် ငါတို့ကိုဒီလိုလျစ်လျူမရှုဝံ့ပါဘူး ... ဒီလိုလူမျိုးနဲ့ ပေါင်းသင်းရတာ မင်းရှက်သင့်တယ်။ ”
တစ်ဖက်လူ၏ အေးစက်တင်းမာသော အကြည့်သည် ချူဟမ်ခုန်အပေါ် ဖိအားနှစ်ဆ တိုးသွားစေသည်။
ပြင်ပတပည့်တစ်ဦးသည် သူ့မိတ်ဆွေအတွက် အတွင်းတပည့်အပေါ် တုန့်ပြန်နေရာ ကျန်သူများက မကျေမနပ် ဖြစ်လာတော့သည်။
ချူဟမ်ခုန်က ခေါင်းငုံ့ပြီး လက်သီးဆုပ်လိုက်ကာ နှလုံးသားအတွင်း လွန်ဆွဲမှုများ ဖြစ်ပေါ်နေခဲ့သည်။
ခဏအကြာတွင် ခေါင်းမော့လျက် ငွေရောင်ဝတ်လုံနှင့် လူငယ်၏ အကြည့်ကို ရင်ဆိုင်တော့၏။
“ အစ်ကိုကူ၊ ငါ တခြားအရာတွေကို သည်းခံနိုင်တယ် ငါ့ကို မင်းအနိုင်ကျင့်လို့ရတယ် ငါ့ကိုဂိုဏ်းထဲမှာ အစေခံတစ်ယောက်လို ဆက်ဆံလို့ရတယ် ဒါပေမယ့် ငါ့သူငယ်ချင်းကို မင်းစော်ကားလို့မရဘူး။ ”
ပြတ်သားသော ထိုလေသံနှင့် ဒေါသရောင်ဝါကြောင့် ငွေရောင်၀တ်စုံဝတ် လူငယ်ခမျာ ထိတ်လန့်သွားပြီး ခြေတစ်လှမ်း ပြန်ဆုတ်သွားခဲ့သည်။
ဤအခိုက်တွင် ချူဟမ်ခုန်သည် ချောင်ပိတ်မိနေသော ကြွက်တစ်ကောင်နှင့် တူလာ၏။ မည်းမည်းမြင်ရာ ကိုက်ပေမည်။
မလှမ်းမကမ်းတွင် ကျန့်လီက အံ့အားသင့်နေသည့် မျက်ဝန်းများဖြင့် ငဲ့စောင်း ကြည့်လိုက်သည်။ သူငယ်ချင်းလား။ ယင်းသည် ချူဟမ်ခုန်အတွက် အောက်စည်းဖြစ်ပုံရ၏။
“ ဟမ့် ... မင်းလို ပြင်ပတပည့်က ငါ့ကိုပြန်ပြောဝံ့သလား။”
ငွေရောင်ဝတ်လူငယ်သည် နောက်ဆုတ်မိသည့်အတွက် ပါးပြင်များရှက်ရွံ့ နီမြန်းလာကာ ချူဟမ်ခုန်ထံ ချက်ချင်း ပါးရိုက်လိုက်လေသည်။
ထိုအချိန်တွင် ကျန့်လီက အနည်းငယ် မျက်မှောင်ကြုတ်ကာ သည်းမခံနိုင်တော့ဘဲ လှည့်ကြည့်ကာ ဟန့်တားရန် ပြင်လိုက်၏။
“ ဝှစ် ... ။ ”
သို့သော် လက်တစ်ဖက်က ချူဟမ်ခုန်ပခုံးကိုဆွဲကိုင်ကာ ဘေးသို့ဆွဲယူသွား လေသည်။ ငွေရောင်ဝတ်လူငယ် လက်ဖဝါးမှာ လေကိုသာရိုက်မိသွား၏။
ချူဟမ်ခုန်က အံ့အားသင့်လျက် ချက်ချင်းမော့ကြည့်သည်။ စုရီ၏ချောမောသော မျက်နှာကို မြင်လိုက်ရ၏။
“ တာအိုစု၊ မင်း မသွားသေးဘူးလား။ ”
“ မင်းဒီမှာ ... ငါ့ကိုသူငယ်ချင်းလို့ ပြောနေတာကြားတယ် ဒါဆို မင်းအနိုင်ကျင့် ခံရရင် ငါဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ။ ”
စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ အစောပိုင်းအချိန်တွင် ဤလူအပေါ်အမှန်ပင် စိတ်ပျက်နေခဲ့၏။
သို့သော် သူ့အပေါ် သူငယ်ချင်းအဖြစ် မှတ်ယူကာ ငွေရောင်ဝတ်လူငယ်ဖြင့် ရင်ဆိုင် နေသောကြောင့် လျစ်လျူရှူထားရန် မတတ်နိုင်တော့ချေ။
မာနကို ဖြိုခွင်းခံလိုက်ရသော်လည်း အောက်စည်း ရှိနေဆဲပေပင်။ ထိုအချိန်တွင် ငွေရောင်ဝတ်လူငယ်က ဒေါသတကြီးဖြင့်၊
“ ဟား ဟား ဟား ... မင်းဘယ်လို အသက်ရှင်ရမလဲ မသိဘူးလား ... မင်းတကယ် ပြန်လာဖို့ သတ္တိတယ်။ ”
-ဟု အော်ဟစ် ကြိမ်းမောင်းလိုက်၏။
“ တာအိုစု၊ မင်းမြန်မြန်သွားပါ ... ။”
ချူဟမ်ခုန်မှ စိုးရိမ်သွားလေသည်။ ငွေရောင်ဝတ်လူငယ်သည် သူ့ကို သင်ခန်းစာ သင်ပေးလိုလျှင်ပင် ကျန့်လီရှိနေသည့်အတွက် အသက်ယူဝံ့မည်မဟုတ်ချေ။ စုရီမှာမူ အခြား အဓိပ္ပါယ်ဖြစ်သည်။
“ နောက်ကျသွားပြီ။ ”
ငွေရောင်ဝတ်လုံနှင့် လူငယ်က အေးစက်စွာ အော်ဟစ်လိုက်ပြီး အစိမ်းရောင် ဓားတစ်လက် ထုတ်ယူကာ စုရီကို ခုတ်ချလိုက်တော့၏။
ဓားအလင်းသည် အစိမ်းရောင်တောက်ပပြီး စူးရှသည်။ သစ်သားတာအိုနှင့် ဓားရည်ရွယ်ချက် ပေါင်းစည်းထားခြင်းဖြစ်၏။
“ ဝှစ် ... ။ ”
သို့သော် စုရီက အင်္ကျီလက်ကို လွှဲရမ်းလိုက်သည်။ ဝင်လာသည့် အစိမ်းရောင် ဓားအလင်းသည် လေထဲအပိုင်းပိုင်း ကွဲသွားတော့၏။
ကျန့်လီတစ်ယောက် အံ့အားသင့် သွားလေသည်။ ထောင်ယွင်ချီနှင့် အဖွဲ့မှာ မျက်မှောင်ကြုတ်သွားကြ၏။
ငွေရောင်ဝတ်လုံဝတ်လူငယ်၏ဓားကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်မှာ သံသယ ဖြစ်စရာပေပင်။ ငွေရောင်ဝတ် လူငယ်၏ အမည်မှာ ကူထျန်ယိမ်းဖြစ်သည်။
မူလနန်းတော် နှောင်းပိုင်းအဆင့်ဖြင့် သာမာန်ကျင့်ကြံသူများကို အလွယ်တကူ သတ်ပစ်နိုင်သည်။
သို့သော် ဝေးလံခေါင်သီသော နိုင်ငံငယ်လေးမှ လေလွင့်ကျင့်ကြံသူတစ်ဦးကို အနိုင်မယူနိုင်သည်မှာ အဓိပ္ပါယ်မရှိချေ။
“ ဝှစ် ... ။ ”
ကူထျန်ယိမ်းတစ်ယောက် မျက်နှာအနည်းငယ် ပြောင်းသွားပြီး ဓားကို ရှေ့သို့ထိုးသွင်းကာ လျှို့ဝှက်နည်းစနစ်တစ်ရပ် ဖော်ဆောင်လိုက်သည်။
မူလနန်းတော် နှောင်းပိုင်းအဆင့် ရောင်ဝါများဖြန့်ကျက်လျက် လေဟာနယ်ကို ကန့်သတ်ပစ်လိုက်တော့၏။
အစိမ်းရောင် ဓားအလင်းတစ်လက် လေဟာနယ်ကို ဖြတ်သန်းလာကာ စုရီအပေါ် ပြိုကျလာသည်။
ဤသည်မှာ ကူထျန်ယိမ်း၏ ဂုဏ်အယူရဆုံးသော ဓားရေးတစ်ရပ်ဖြစ်မှန်း ကျန်လူများမှ အသိအမှတ် ပြုနိုင်သည်။
“ ခရစ် ... ။ ”
သို့သော် စုရီက ဒုတိယအကြိမ်မြောက် လက်ဝှေ့ယမ်းလိုက်ပြန်သည်။ ဓားရောင်ဝါသည် သလင်းကျောက်အလား ကွဲအက်ကာ ကူထျန်ယိမ်းကို လွင့်ထွက်သွားစေသည်။
“ ဝေါ့ ... ။ ”
လေထဲ၌ပင် သွေးအန်လျက် သွေးစွန်းနေသောအသွင်ဖြင့် မြေပြင်ပေါ် ပြတ်ကျကာ ပြန်မထနိုင်တော့ချေ။
ချူဟမ်ခုန်က ထိတ်လန့်စွာ ကြည့်သည်။ ကူထျန်ယိမ်းသည် မည်မျှ အစွမ်းထက်သည်ကို သူ ကောင်းကောင်းသိသည်။ သူ့အတွက် မျှော်ကြည့်သူမျိုး ပေပင်။
သို့သော် စုရီသည် လက်လှိုင်းဖြင့်ပင် မြေပြင်ပေါ်လှဲသိပ်နိုင်ခဲ့သည်။ တစ်ဖက်တွင် ကျန့်လီ၏ မျက်ဝန်းများ မှေးစင်းသွားသည်။
“ ဟမ့် ... မင်းတကယ် သန်မာတာပဲ ... အရင်က ငါတို့အပေါ် လျစ်လျူရှုခဲ့တာအံ့သြစရာ မဟုတ်တော့ပါဘူး ဒါပေမယ့် ငါတို့ဓားဂိုဏ်းရဲ့ အတွင်းရေးကို ... မင်းဘာလို့ ကြားဝင်ချင်နေရတာလဲ။ ”
စုရီက ပြန်မဖြေချေ။ မနှေးမမြန် ခြေလှမ်းများဖြင့် ထောင်ယွင်ချီထံ လှမ်းသွား တော့၏။ ဤအပြုအမူက ထောပ်ယွင်ချီကို မသက်မသာ ဖြစ်စေသည်။
“ မင်း ... ။ ”
ကြယ်စုစည်းခြင်းအဆင့် ရောင်ဝါများ ချက်ချင်းထုတ်ဖော်ပြီး ဖိအားကိုချေဖျက်ကာ ဟန့်တားလိုက်သည်။
သို့သော် စုရီသည် သူ့ရောင်ဝါကို မခံစားရဟန်ဖြင့် ပန်းခြံထဲ လျှောက်လှမ်းနေ သကဲ့သို့ တရွေ့ရွေ့နီးကပ်လာသည်။
ပြင်းထန်ပြီး ကြောက်စရာကောင်းသော လူသတ်ရန် ရည်ရွယ်ချက်သည်လည်း သူ့အပေါ် ဖုံးလွှမ်းလာသည်။
တုန်လှုပ်ချောက်ချားနေသည့် ခံစားချက်တစ်ခုက နှလုံးသားကို ရိုက်ခတ်ကာ သွေးနှင့်ချီ အေးခဲသွားချေပြီ။
“ မကောင်းတော့ဘူး ... ။ ”
ရောင်ဝါတိုက်ပွဲတွင် ရှုံးနိမ့်သွားချေပြီ။ တစ်ခုခု မလုပ်ဆောင်သော် တိုက်ပွဲဝင်ဆန္ဒများ ကြေမွသွားမည်ကို နားလည်လာခဲ့သည်။
“ မင်း သေလိုက်တော့ ... ။ ”
အဆုံးတွင် ရှေးဟောင်းမျောက်ဝံကြီး တစ်ကောင်ကဲ့သို့ ကောင်းကင်ပေါ် ခုန်တက်ပြီး စုရီကို လက်သီးဖြင့် ထိုးချလိုက်သည်။
ကျန့်လီက တစ်ခုခုမှားနေပြီဟု ခံစားမိသွားကာ မျက်ဝန်းများ မှေးစင်းလျက် သတိပေးရန်ပြင်သည်။ သို့သော် မလှုပ်ဖြစ်ချေ။
“ ဒူးထောက် ... ။ ”
ထိုအချိန်တွင် စုရီသည် ရှေ့တစ်လှမ်း ထပ်လှမ်းကာ အမိန့်ပေးလိုက်ရာ ထောင်ယွင်ချီ တစ်ယောက် ချက်ချင်း ဒူးထောက် ကျသွားတော့သည်။
***