← Chapters

သွေးဇီးကွက် ... ။

Vol. 34 Ch. 398

သွေးဇီးကွက် ... ။

Vol. 34 Ch. 398

ထောင်ယွင်ချီသည် ကူထျန်ယိမ်းထက် သာလွန်အားကောင်းသော အထက်တန်းစား ဖြစ်သည်။

သူ့နောက်ခံနှင့် ကျင့်ကြံမှုသည် အတွင်းတပည့်များကြားတွင် သန်မာသူအဖြစ် ဆိုနိုင်သည်။ ထူးချွန်ချေ၏။

ယခုမူ ခြေလှမ်းတစ်လှမ်းဖြင့် နတ်ဆိုးမျောက်ဝံသည် အပိုင်းပိုင်း ပေါက်ကွဲ သွားခဲ့သည်။ ထိုသို့ကြီးစိုးသော မြင်ကွင်းသည် ချူဟမ်ခုန်ကို မူးဝေသွားစေသည်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... အစ်ကိုထောင်ရဲ့ ခွန်အားက အတွင်းတပည့် အသန်မာဆုံး ငါးယောက်အဆင့်ဝင်ပါတယ်။ ”

ကောင်းကင်ဓားဂိုဏ်းမှ လူတိုင်း ထိတ်လန့်ကုန်သည်။ စုရီကို ကြည့်သောအခါ အမူအရာများ မကြုံစဖူးလေးနက်လာ၏။

ယခင်က သူတို့ကိုယ်သူတို့ အထင်ကြီးခဲ့ကြပြီး ဝေးလံခေါင်သီသော နိုင်ငံငယ်မှ လူငယ်အပေါ် မျက်လုံးထဲ မထားရှိခဲ့ချေ။

ကောင်းကင်နှင့်မြေကြီး၏ ကြီးမားမှုကို မသိနားမလည်ဘဲ မိုက်မဲနေသည်ဟု ယူဆထား ကြသည်။

ထိုအချိန်တွင် စုရီသည် လက်နှစ်ဖက် နောက်ပို့ကာ မြေပြင်၌ဒူးထောက်နေသော ထောင်ယွင်ချီကို ငုံ့ကြည့်လျက်၊

“ မင်းလို လူတစ်ယောက်အပေါ် သတ်ရမှာတောင် အရမ်းပျင်းဖို့ ကောင်းတယ်။ ”

-ဟု ရှုံ့ချလိုက်သည်။

ထို့နောက် အခြားလူများထံ မော့ကြည့်လိုက်သည်။ လူတိုင်း တုန်လှုပ်စွာ သူ့အကြည့်ကို ရှောင်၏။

ကျန့်လီသာလျှင် ငြိမ်သက်စွာ ပြန်စိုက်ကြည့်ခဲ့သည်။ သူမ၏ မာနကြီးသည့် ထိုအသွင်ကြောင့်၊

“ မင်းနှစ်ကြိမ်တိုင်တိုင် လှုပ်ရှားဖို့ အရိပ်အယောင်တွေပြခဲ့ပေမယ့် နောက်ဆုံးမှာ သည်းခံနိုင်တုန်းပဲ။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

ကျန့်လီတစ်ယောက် မျက်နှာ အနည်းငယ်ပြောင်းသွားပြီး၊

“ ဒါကို မင်းဘယ်လိုလုပ် သတိထားမိလဲ တာအိုမိတ်ဆွေ။ ”

“ ကောင်းကင်က လူသတ်ချင်ရင် ကြယ်တွေပျောက်လာပြီး မည်းမှောင်သွားတယ် မြေကြီးက လူသတ်ချင်ရင် နဂါးနဲ့ မြွေတွေကို အသိုက်ထဲကနေ ထုတ်ပေးတယ် ...

... လူတွေမှာတော့ လူသတ်ချင်စိတ်တွေ ပြည့်လာတဲ့အခါ ကမ္ဘာကြီးကို ဇောက်ထိုးဖြစ် သွားစေလိမ့်မယ် ... မင်းရဲ့ချီကို သန့်စင်တာ မပြီးသေးဘူး ...

... ဒါကြောင့် မင်းလှုပ်ရှားချင်တဲ့အခါ မင်းရဲ့ချီဟာ အစွမ်းကုန်ဆန့်ထားတဲ့ လေးကြိုး တစ်ချောင်းလိုတုန်ခါလာတယ် ငါဘယ်လိုများ သတိမထားမိဘဲ နေနိုင်မှာလဲ။ ”

စုရီ၏ မှတ်ချက်ကြောင့် ကျန့်လီခမျာ စကားပြန်မပြောနိုင်ချေ။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်၊

“ မင်းမျက်လုံးကောင်းတယ် ... ငါကျန့်လီသဘောကျတယ်။ ”

-ဟု ဝန်ခံလိုက်သည်။

မျိုးဆက်သစ်များကြား ဒဏ္ဍာရီတစ်ဦး ဖြစ်သည့် ကောင်းကင်ဓားဂိုဏ်း၏ ပုလဲသည် စုရီပြသသောခွန်အားနှင့် အမြင်အာရုံကြောင့် တုန်လှုပ်သွားသည်မှာ ထင်ရှားချေ၏။

“ ဒါဆို ဒီနေ့အဖြစ်အပျက်ကို ဘယ်လို ဖြေရှင်းသင့်တယ်လို့ မင်းထင်လဲ။ ”

စုရီက ထိုအချင်းအရာများကို စိတ်မဝင်စားချေ။ တိုက်ရိုက် မေးမြန်းလိုက်၏။ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ငွေရောင် ဝတ်စုံဝတ်လူငယ်နှင့် ဒူးထောက်နေသော လူငယ်ထံ ကျန့်လီမှ ငုံ့ကြည့်သည်။

“ ငါတို့တွေ အမှားလုပ်မိခဲ့တာတော့ အမှန်ပါပဲ သူတို့ကိုယ်စား တောင်းပန်ပါတယ် စိတ်မဆိုးပါနဲ့။ ”

ထိုတုန့်ပြန်မှုကြောင့် ထောင်ယွင်ချီနှင့် ကျန်သူများမှာ မယုံနိုင်လောက်အောင် ဖြစ်ကုန် ကြလေသည်။ ကျန့်လီသည် တစ်ဖက်လူအပေါ် အနိုင်ယူရန် မသေချာ၍ပင်လော။

သို့သော် တစ်ဖက်တွင် စုရီက ကျေနပ်လောက်သော အဖြေမျိုး မဟုတ်သဖြင့် ခေါင်းရမ်းပြ၏။

“ တကယ်တော့ ဒီလိုပြဿနာမျိုးကို မင်းအနေနဲ့ ရပ်တန့်နိုင်ပါတယ် ဒါပေမယ့် မင်း မလုပ်ခဲ့ဘူး ... ငါ့လို နိုင်ငံငယ်လေးက လူက မတတ်နိုင်ဘူးလို့ ထင်နေခဲ့တာမဟုတ်လား။ ”

“ မှန်တဘ် ... အရင်က တကယ် ငါသိချင်နေခဲ့တာပဲ မင်းလိုလူက ယုံကြည်မှု ဘယ်ကရလဲဆိုတာကို ...

... မင်းမှာ အခုလို အရည်အချင်းမရှိရင် ငါတောင်းပန်မှာ မဟုတ်ဘူး ... ဒီလောကကြီးရဲ့ အလုပ်လုပ်ပုံက ဒီလိုပဲမဟုတ်လား။ ”

ထိုအဖြေကြောင့် စုရီက ပြုံးသည်။

“ ဒါဆို ... အခုမင်းရဲ့တောင်းပန်မှုကို ငါလက်ခံမယ်ထင်လား။ ”

ဤတစ်ကြိမ်တွင် ကျန်းလီတစ်ယောက် အချိန်အကြာကြီး တွေဝေသွား၏။ တုန့်ပြန်ရန် ဆိုသည်ထက် တစ်စုံတစ်ရာ စဉ်းစားနေဟန် ပေပင်။ ထို့နောက် ချူဟမ်ခုန်ထံ ကြည့်ကာ၊

“ ဂျူနီယာချူကို ဒီကိစ္စနဲ့ပတ်သက်ပြီး ထပ်ရှိလာမှာ မဟုတ်ဘူးလို့ ... ငါကတိပေးတယ် နောင် ... ကောင်းကင်ဓားဂိုဏ်းမှာ ငါကျန့်လီ ရှိနေသရွေ့ ... သူ့ကိုဘယ်သူမှ အနိုင်ကျင့်ခွင့် မပေးဘူး ... မင်းဘယ်လိုထင်လဲ။ ”

-ဟု စုရီကို ပြန်မေးလိုက်သည်။

“ ထက်မြက်တယ်။ ”

စုရီက သက်ပြင်းချလိုက်ပြီး ‘ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ၊’-ဟု ပြောကြားလိုက်သည်။

ထို့နောက် ချူဟမ်ခုန်ကို လှည့်ကြည့်ကာ ခေါင်းညိတ်ပြလျက် ‘ဂရုစိုက်ပါ၊’ -ဟု နှုတ်ဆက် လိုက်တော့၏။

ချူဟမ်ခုန်သည်လည်း ရှုပ်ထွေးသော အမူအရာဖြင့် လက်ချောင်းများ အချင်းချင်း ဆုပ်ကိုင်ကာ၊

“ ဂရုစိုက်ပါ တာအိုစု။ ”

-ဟု ပြန်၍ နှုတ်ဆက်လိုက်သည်။

စုရီက ခေါင်းညိတ်ပြီး လက်နှစ်ဖက်နောက်ပို့လျက် အမှောင်ထဲတိုးဝင် ပျောက်ကွယ်သွားလေသည်။

ချူဟမ်ခုန်က စုရီ ပုံရိပ်ပျောက်ကွယ် သွားသည်အထိ ငေးကြည့်နေလျက်မှ၊

“ ကွာဟချက်ကို သဘောပေါက်တာ ကောင်းတယ် ဒါပေမယ့် ဓားနှလုံးသားဆိုတာ ဖုန်မှုန့်တွေနဲ့ ဖုံးလွှမ်းသွားရင် ... ပြန်ရဖို့ ခက်ခဲလိမ့်မယ် ... ။ ”

-ဟူသော စကားများကို ပြန်လည် ကြားယောင်လာခဲ့သည်။

ထိုစကားများသည် ချူဟမ်ခုန်၏ နှလုံးသားထဲတွင် အချိန်အတော်ကြာအောင် ပဲ့တင်ထပ်နေတော့မည်ဖြစ်၏။

ညသည် ပို၍မှောင်လာသည်။ ရုတ်တရက် တောင်တန်းတစ်နေရာတွင် အနက်ရောင်အရိပ် တစ်ခု ဖြည်းညှင်းစွာ ရွေ့လျားနေ၏။

ဤသည်မှာ အနက်ရောင်ဝတ်လုံနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ကာ

“ ဒီကောင်လေးက တကယ့်ကို အစွမ်းထက်တယ် ... သူဘယ်က လာတာလဲ မသိဘူး ... သူ့မှာ မယုံနိုင်လောက်စရာ နည်းလမ်းတွေ ရှိတယ်။ ”

-ဟု ညည်းတွားလိုက်သည်။

သူသည် နင်ဖုန်း၏ ကာကွယ်သူ သွေးဇီးကွက်ဖြစ်၏။ စုရီကိုအချိန်အတော်ကြာ နောက်ယောင်ခံပြီးနောက် စိတ်မသက်မသာ ဖြစ်လာခဲ့သည်။

“ မင်းဘယ်သူလဲ ... ။ ”

“ ဟမ့် ... ။ ”

အသံသည် ကျယ်လောင်ခြင်း မရှိလှသော်လည်း ကောင်းကင်နှင့် မြေကြီးကြား ပြတ်သားစွာ ပဲ့တင်ထပ်လာ၏။

“ ရွှပ် ... ။ ”

သွေးဇီးကွက်ခမျာ ထိတ်လန့်သွားပြီး ချက်ချင်း လှုပ်ရှားလိုက်ရာ ပေတစ်ရာအကွာသို့ ရောက်ရှိသွားတော့သည်။

“ ဘန်း ... ။ ”

မူလ သူရပ်နေသည့်နေရာတွင် ဓားအလင်းကြောင့် ကြီးမားသောလျိုမြောင်ကြီး ရုတ်တရက် ထွက်ပေါ်လာ၏။

သွေးဇီးကွက်ခမျာ ကျောရိုးတလျှောက် အေးစက်သွားပြီ အမှောင်ထဲ ပြန်ကြည့်လိုက် တော့သည်။

ကျောက်စိမ်းရောင်ဝတ်လုံကို ၀တ်ဆင်ထားသည့် လူငယ်တစ်ယောက် အဝေးက သစ်ပင်ရိပ်တွင် ရပ်နေ၏။

သူ့ရောင်ဝါသည် ဆိတ်သုဉ်းပြီး ပတ်ဝန်းကျင်နှင့် ရောနှောသွားကာ သစ်ပင်များ၊ ကျောက်ဆောင်များကြား ပျောက်ကွယ် နေခဲ့သည်။

“ စုရီ ... ။ ”

သွေးဇီးကွက်က အံ့အားသင့်လာ၏။ တစ်ဖက်လူကို နတ်အာရုံဖြင့် ခံစားကြည့်သော် လုံးဝမရှိသကဲ့သို့ ရှာမတွေ့ခဲ့ချေ။

မြင်နေရ၍သာလျှင် ရှိနေကြောင်း သိရှိခြင်းဖြစ်၏။ သွေးဇီကွက်တစ်ယောက် မျက်မှောင်ကြုတ်လိုက်သည်။

သူ၏ဖုံးကွယ်နိုင်စွမ်းသည် အမြဲဂုဏ်ယူစရာဖြစ်ပြီး အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်း၏။

သို့သော် ဤစုရီနှင့်ယှဉ်ပါက ရယ်စရာ ကောင်းပေသည်။ တစ်ဖက်လူသည် ရပ်နေရုံဖြင့် သူ့တည်ရှိမှု ပျောက်ကွယ်နေ၏။

“ မင်း ... ငါ့ကို ရှာတွေ့သွားပြီ။ ”

တုန်လှုပ်နေသော ခံစားချက်ကိုထိန်းကာ​တုန့်ပြန်လိုက်သည်။

“ မင်းရဲပုန်းအောင်းတဲ့ စွမ်းရည်က အရမ်းကောင်းပါတယ် ဒါပေမယ့် ငါ့အမြင်ကနေ မလွတ်နိုင်ဘူး။ ”

စုရီက လက်တစ်ဖက်တွင် အမှောင်နတ်ဓားကို ကိုင်လျက် အမှောင်ထဲမှ လှမ်းထွက်လာတော့သည်။

သူ ရွေ့လျားလိုက်သောအခါတွင် ကမ္ဘာကြီးနှင့် ကွဲလွဲနေသည့် ရောင်ဝါတစ်ခု ချက်ချင်းပေါ်လာ၏။

လမ်းဘေးရှိ မထင်မရှား သစ်ပင်တစ်ပင်သည် ရုတ်တရက် လူအဖြစ်သို့ ပြောင်းလဲသလိုပေပင်။ သွေးဇီးကွက်ခမျာ တုံ့ဆိုင်းနေသော အရိပ်အမြွက်များဖြင့်၊

“ ဝိညာဉ်ထင်ရှားခြင်းအဆင့်ကို လှည့်ပြီးရင်ဆိုင်ရအောင် မင်းမှာ ဝှက်ဖဲတစ်ချပ် ရှိနေတယ်မဟုတ်လား ...

... ပြီးတော့ ငါမင်းလမ်းမှာ အချိန်မရွေး ပေါ်လာနိုင်တယ်ဆိုတာ တွေးမိပြီး စိုးရိမ်နေတာ မဟုတ်လား။ ”

-ဟု စူးစမ်းလိုက်သည်။

“ ဟား ဟား ဟား ... ၊ မင်း အရမ်းတွေးနေမိပြီ ... ငါ့ဓားထက်ရှလာအောင် မင်းကိုသုံးချင်ရုံပါ။ ”

“ ကောင်လေး ... မင်းပြောစရာရှိရင် အဝေးကနေပြောပါ ... မဟုတ်ရင် ငါအရင် ထွက်သွားတော့မယ်။ ”

စုရီက ရယ်မောလျက်ဖြင့် သူနှင့် ပေသုံးဆယ်အကွာ ရောက်ရှိလာသောကြောင့် သွေးဇီးကွက်က ချက်ချင်း ဆုတ်ခွာလိုက်ရ၏။

“ မင်းဘာလို့ အလျင်လိုနေတာလဲ။ ”

စုရီမှ ပြုံးသည်။ သူ့မျက်ခုံးကြားတွင် အက်ကြောင်းတစ်ခုပေါ်လာပြီး ပါးလျသော အစိမ်းရောင်ဓားတစ်လက် ထွက်လာသည်။

အစိမ်းရောင်ဓားငယ်က ထွက်ပေါ်လာသည်နှင့် သွေးဇီးကွက်ထံ ချက်ချင်း ပျံသန်းသွားချေပြီ။

“ ဟမ့် ... ။ ”

အရှိန်သည် စိတ်ကူးမယဉ်နိုင် လောက်အောင် မြန်ဆန်လွန်းသဖြင့် ဝိညာဉ် ထင်ရှားခြင်းအဆင့်ရှိ သွေးဇီးကွက်ခမျာ မျက်လုံးပြူးသွား၏။

“ ဝှစ် ... ။ ”

ချက်ချင်းပင် သူ့ခန္ဓာကိုယ်သည် လေဟာနယ်လှိုင်းများအတွင်း ပျောက်ကွယ် သွားပြန်သည်။

ပေရာနှင့်ချီဝေးသော ကျောက်တုံးကြီးပေါ်တွင် ပြန်ပေါ်လာခဲ့၏။ သို့သော် မျက်မှာပြင်သည် ပြင်းစွာရှုံ့တွလျက် နာကျင်ဟန် ညည်းညူနေတော့သည်။

စုရီက သက်ပြင်းချလိုက်သည်။ လွတ်သွားပြီဖြစ်သဖြင့် လိုက်ဖမ်းရန် စိတ်မဝင်စားတော့ချေ။

ဤလူသည် လီမြောင်ဟုန်ကဲ့သို့သော ဝိညာဉ်ထင်ရှားခြင်းအဆင့်ဖြင့် ကွဲပြားသည်။ ကျင့်ကြံမှုအရ ကနဦးအဆင့်သာဖြစ်သော်လည်း ရွေ့လျားမှုနည်းစနစ်များစွာကို တတ်ကျွမ်းကာ ရောင်ဝါဖျောက်ဖျက်တတ်၏။

တိုက်ပွဲဝင်စွမ်းအားများသည် လီမြောင်ဟုန်ကို မမီချေ။ သို့သော် ထွက်ပြေး နိုင်စွမ်းသည် ပြိုင်ဘက်ကင်း၏။ သူပင် တားနိုင်မည် မဟုတ်ချေ။

“ အဟွတ် အဟွတ် ... ။ ”

တစ်ဖက်တွင် ကျောက်တုံးပေါ်ရှိ သွေးဇီးကွက်သည် ဓားကိုရှောင်နိုင်သော်လည်း ဝိညာဉ် ဒဏ်ရာရသွားသည်။

“ ဘယ်လိုတောင် အစွမ်းထက်လိုက်တဲ့ စိတ်ဝိညာဉ်တိုက်ခိုက်ရေး နည်းစနစ်လဲ ဒါက မင်းရဲ့ဝှက်ဖဲလား။ ”

ဝိညာဉ်ထင်ရှားခြင်း အဆင့်ရှိ အခြားသောမည်သူမဆို ဤဓားကို တားဆီး နိုင်မည် မဟုတ်ကြောင်း သေချာ၏။

“ မဟုတ်ဘူး ... ဒါဟာ ပုံမှန် နည်းစနစ်တစ်ခုလို့ပဲ ယူဆနိုင်တယ် ... ငါတို့ နောက်တစ်ကြိမ်တွေ့ရင် မင်းငါ့ကို ထိပ်တိုက် ရင်ဆိုင်ရဲတဲ့ သတ္တိရှိမယ်လို့ ငါမျှော်လင့်တယ် နှုတ်ဆက်ပါတယ်။ ”

စကားဆုံးသည်နှင့် စုရီက လက်နှစ်ဖက်ကျောပို့ကာ ထွက်ခွာသွား တော့သည်။

( ဟမ့် ... သူ ဒီအတိုင်းပဲ ထွက်သွားပြီလား။ )

အမှောင်ထဲ တိုးဝင်နေသော စုရီပုံရိပ်ကို ငေးကြည့်ပြီး သွေးဇီးကွက်ခမျာ မှင်တတ်နေ၏။ ရှုပ်ထွေးခြင်း၊ အံ့ဩခြင်း၊ ကြောက်ရွံ့ခြင်းနှင့် နားမလည်နိုင်ခြင်း စသည့် ခံစားချက်များ ဝင်ရောက်လာသည်။

မူလနန်းတော်အဆင့်မှ လူငယ်သည် ဝိညာဉ်ထင်ရှားခြင်းအဆင့်ရှိ တစ်စုံတစ်ဦးကို မည်သည့် အချိန်မှစကာ ခြိမ်းခြောက် နိုင်ခဲ့သနည်း။

လွန်ခဲ့သော် အနှစ်သုံးသောင်းအချိန်၌ပင် အထူးချွန်ဆုံး ပါရမီရှင်များသည်သာ ထိုအရာကို ပြီးမြောက်နိုင်ပေမည်။

ဤလူငယ်နှင့် ယှဉ်သော် သန့်ရှင်းသော သားတော်သည် အလွန်အားနည်းနေသေး၏။ ထိုအတွေးက သူ့နှလုံးကို ကမောက်ကမ ဖြစ်လာစေသည်။

အမုန်းတရားများဖြင့် လက်စားချေရန် လာခဲ့သောခရီးစဉ်သည် ကြောက်ရွံ့မှုများစွာနှင့် ပြန်လှည့်ရချေပြီ။

( ဒါဆို ဆက်လိုက်မလား။ )

ဤမေးခွန်းအတွက် အဖြေမရှိချေ။

( ငါတို့ ထိပ်တိုက်ရင်ဆိုင်ရရင် ငါ့ရဲ့ အရည်အချင်းနဲ့ ဒီကောင်လေးဆီ ရှုံးနိမ့်သွားမှာ ကြောက်မိတယ် ... ။)

အဆုံးတွင် သက်ပြင်းချလျက်၊

“ မေ့လိုက်ပါ၊ ဒီကိစ္စကို သခင်ဆီ အကြောင်းကြားပြီး ဆုံးဖြတ်ချက် ချခွင့်ပေး လိုက်မယ်။ ”

-ဟုဆိုကာ အမှောင်ထဲ လှည့်ပြန် လာခဲ့သည်။

နှစ်ပေါင်း(၃)သောင်း အမှောင်တားမြစ် စွမ်းအင်လက်အောက်မှ လွတ်မြောက်ခဲ့သော မရဏသံတမန်သည် မူလနန်းတော်အဆင့်မှ တစ်စုံတစ်ဦးအပေါ် ကြောက်လန့်တကြား ဆုတ်ခွာခဲ့ရချေပြီ။ ရှက်စရာကောင်းလှ၏။

***

All Chapters