← Chapters

ငါ ... မင်းရဲ့မိတ်ဆွေမဟုတ်ဘူး။

Vol. 34 Ch. 499

ငါ ... မင်းရဲ့မိတ်ဆွေမဟုတ်ဘူး။

Vol. 34 Ch. 499

“ သခင်၊ အဲဒီလူသေပြီလား။ ”

မြင့်မားသော တောင်များနှင့် မတ်စောက်သော ချောက်ကမ်းပါးများကြားတွင် ရွှေလိပ်ကြီးတစ်ကောင် တရွေ့ရွေ့တွားသွား နေခဲ့သည်။

စုရီက ကြိမ်ကုလားထိုင်ဖြင့် ၎င်း၏ကျောပေါ်တွင် စီးနင်းနေလျက်၊

“ ဒီလူက ... ကောက်ကျစ်ပြီး သတိကြီးလွန်းတယ် ငါ့မှာတားဖို့နည်းလမ်းတွေ ရှိပေမယ့် အများကြီးအားထုတ်ရလိမ့်မယ် မထိုက်တန်ဘူး။ ”

-ဟု တုန့်ပြန်လိုက်သည်။

“ မထိုက်တန်ဘူးလား။ ”

ပိုင်ဝမ်ချင်းက သက်ပြင်းချလိုက်၏။ အခြားသူများသာဆိုသော် ရန်သူကို သတ်ရန် နည်းလမ်းပေါင်းစုံ အသုံးပြုပေလိမ့်မည်။

သခင်အတွက်မူ မတူချေ။ ဝိညာဉ်တာအိုနယ်ပယ်မှ တစ်စုံတစ်ယောက်ကို သတ်ရန်ပင် မထိုက်တန်ဟုဆိုနေ၏။

ဤမိုးပြာတိုက်ကြီးတွင် ထိုစကားမျိုး ပြောဝံ့သူသည် သခင်တစ်ယောက်တည်းသာ ရှိပေလိမ့်မည်။

“ ဟီးဟီး ... ၊ ဒါဆို ... ဒီကောင်က လီမြောင်ဟုန်ထက် ဉာဏ်ကောင်းတာပေါ့ သခင်လက်ကနေ ရှင်သန်နိုင်တာမို့ ...

... တစ်သက်လုံး သူ ကြွားလုံး ထုတ်နေတော့မှာ သေချာတယ် သူထပ်လာ ဝံ့တော့မယ် မထင်ဘူး။ ”

ယွမ်ဟမ်က ရယ်မောလျက် ပြောကြားလိုက်သည်။ ထိုစကားသည် စုရီ၏ ယခင်ဘဝကို ပြန်သတိရလာစေ၏။

ထိုစဉ်က နတ်ဆိုးဧကရာဇ်တစ်ပါးသည် ဧကရာဇ်ဆယ်ပါးကျော်နှင့်အတူ သူ့ကို ဝိုင်းရံ တိုက်ခဲ့ဖူးသည်။

ရလဒ်အနေဖြင့် ထိုနတ်ဆိုးဧကရာဇ် တစ်ပါးတည်းသာ ထွက်ပြေး လွတ်မြောက်သွား ချေပြီ။ ကျန်ဧကရာဇ်များအားလုံး အသတ်ခံရ၏။ ဤသည်မှာ ဧကရာဇ်များအတွက် ကြီးစွာသော အရှက်ရစရာပေပင်။

သို့သော် နတ်ဆိုးဧကရာဇ်သည် မျက်နှာပြောင်တိုက်လွန်းပြီး၊

“ စုရွှမ်ကြွယ်က ကောလာဟလတွေ လောက်တောင် မသန်မာပါဘူး ငါတို့ဧကရာဇ် တစ်ဒါဇင်ကျော်က သူ့ကိုသတ်ဖို့ ကြိုးစားခဲ့ တာတောင် ... သူငါ့ကို မသတ်နိုင်ခဲ့ဘူး။ ”

-ဟု ကြွေးကြော်ခဲ့သည်။

ထိုစကားများသည် အရိုင်းမြေကိုးပါး၌ အင်အားစုအချင်းချင်း ရယ်မောဖွယ် စကားဝိုင်း ဖွဲ့စရာတစ်ခု ဖြစ်ခဲ့ဖူး၏။

“ သခင် ... ၊ ခုနစ်ရက်အတွင်း ငါတို့တော်ဝင်မြို့တော်ကို ရောက်လိမ့်မယ် မင်းမှာ ဘာအစီအစဉ်ရှိလဲ။ ”

“ အရင်ဆုံးမြို့ကို ပတ်ကြည့်ပြီး မိုးပြာတိုက်ကြီးရဲ အသည်းနှလုံး ဘယ်လောက် ခမ်းနားလဲ ခံစားကြရအောင်။ ”

စုရီက ချက်ချင်း ပြန်ဖြေသည်။ ထို့နောက်တစ်စုံတစ်ရာကို သတိရလာကာ၊

“ မင်းမှာ ပုံမှန်မဟုတ်တဲ့ ခံစားချက်တွေရှိလာရင် ငါ့ကိုပြောပါ။ ”

-ဟု မှာကြားလိုက်၏။

“ ဆရာ၊ စိတ်မပူပါနဲ့ ကောချင်သာ တော်ဝင်မြို့တော်မှာရှိနေသရွေ့ ရှာတွေ့ဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်။ ”

စုရီက ခေါင်းညိတ်၏။ ထို့နောက် ဟွာရှင်းဖန်ကို သတိရလာသည်။ သူမသည် ရှေးကျသော မျိုးနွယ်စုမှ ဆင်းသက်လာသူ ဖြစ်ပြီး မျိုးရိုးသည် နဂါးငှက်ဖြစ်၏။

ထိုတံဆိပ်ကို သူ့ထံပေးအပ်ကာ ဆေးအိုးကိုးပါးမြို့တော်သို့ ရောက်ရှိခဲ့ပါက တိမ်မြူမျှော်စင်ထံ သွားရောက်ရန် မှာကြားထားသည်။

“ ဆေးအိုးကိုးပါး မြို့တော် ... မင်းငါ့ကို စိတ်မပျက်စေရဘူးလို့ မျှော်လင့်ပါတယ် ... ။ ”

ပြုံးလျက် ရေရွတ်ကာ မျက်ဝန်းများ မှတ်ချလိုက်တော့သည်။ မိုးပြာတိုက်ကြီး၏ တစ်ခုတည်းသော နဂါးသွေးပြန်ကြောသည် ထိုအရပ်၌ရှိ၏။

ထို့ကြောင့် ကျင့်ကြံသူများအတွက် သန့်ရှင်းသောမြေအဖြစ် တင်စားကြလေသည်။ ယွီရှစ်ချန်ကဲ့သို့သော ပါရမီရှင်များ၊ ဟွာချင်းဖန် ကဲ့သို့သော ရှေးဟောင်းမျိုးနွယ်စုများ၊ အခြားသော ကျွမ်းကျင်သူများ စုရုံးတည်ရှိရာ အရပ်ဖြစ်သည်။

နဂါးနှင့်ကျားများသာ နေထိုင်သော ဒေသကြီးဖြစ်သဖြင့် သက်ဝင်လွန်းနေမည်ကို သံသယဖြစ်စရာမရှိချေ။

ငါးရက်အကြာတွင် စုရီနှင့်အဖွဲ့သည် တောင်တန်းကြီးကိုဖြတ်ကျော်ကာ မြို့တော် တစ်ခုကောက်ကြောင်းပုံ မြင်လာရသည်။

နေဝင်ရီတရောအချိန်ဖြစ်သဖြင့် ကောင်ကင်၌ ဆည်းဆာမှင်ရောင်စုံအလင်းများ တောက်လောင်နေသည်။

မြို့ရိုးသည် အဆုံးမရှိ ရစ်ပတ်နေသော နဂါးတစ်ကောင်နှင့်တူပြီး တိမ်တိုက်များသည် ကောင်းကင်အထက်တွင် ရစ်သိုင်းနေ၏။

မြို့ရိုးနံရံများသည် ရွှေရောင်များ တောက်ပြောင်နေကာ ခမ်းနားထည်ဝါလှသော ရောင်ဝါကို ထုတ်လွှတ်ထားသည်။

ဤသည်မှာ မိုးပြာတိုက်ကြီးရှိ ကျင့်ကြံသူတိုင်းတောင့်တသော မြို့တော်ကြီး ဖြစ်၏။ သုခဘုံအဖြစ် ချီးကျူးခံရသည်။

မိုးပြာတိုက်ကြီးတွင် အမှောင်တားမြစ်စွမ်းအင်၏ တိုက်စားမှုလက်မှ လွတ်မြောက်ခဲ့သည့် တစ်ခုတည်းသော မြို့တော်ဖြစ်၏။

“ အရမ်းခမ်းနားတယ်။ ”

ယွမ်ဟမ်က အဝေးရှိ မြို့တော်ကို လှမ်းကြည့်လိုက်ရာ နတ်ပြည်နတ်နန်းအလား ထင်မှားလျက် စိတ်လှုပ်ရှားလာသည်။

“ ဆေးအိုကိုးပါးမြို့တော်က အချင်းဝက် ပေကိုးသောင်းရှိပြီး သာမန်လူတွေအတွက်တော့ မြို့အနှံ့သွားချင်ရင်တောင် ... သုံးရက်နဲ့ သုံးည ကြာနိုင်မယ်ဆိုတဲ့ ကောလဟာလတွေက ချဲ့ကားနေတာ မဟုတ်ဘူးပဲ။ ”

မြို့တော်သည် အလွန်ကျယ်ပြော ကြီးမားသောကြောင့် အဝေးမှကြည့်ရသည်မှာ မျက်စိတဆုံး ဖြစ်နေသည်။ ကောင်းကင်နှင့် မြေကြီးကိုပင် ဆက်နွယ်ပေးသည်ဟု ခံစားရချေ၏။

“ မှန်တယ် ... နောက်ဆုံးတော့ ဒီတော်ဝင်မြို့တော်မှာ နတ်ဘုရားတစ်ပါးလို အငွေ့အသက်မျိုးတွေ ရှိနေတယ်။ ”

စုရီက ဟွမ်ဟမ်စကားကို ခေါင်းညိတ်ကာ သဘောတူသည်။ ဤမြို့တော်သည် အရိုင်းမြေ ကိုးပါးရှိ မြို့တော်များကို ယှဉ်နိုင်ပေ၏။

“ သွားရအောင် ... ။ ”

နီးကပ်လာသည်နှင့်အမျှ လေထုအတွင်း ထူးခြားသော အငွေ့အသက်များကို ခံစားလာရ လေသည်။ မြို့ရိုးတစ်ခုတည်းကပင် ပေရာနှင့်ချီ မြင့်မားပြီး မြို့တံခါးကိုဖြတ်သန်းနေသော လူအများသည် အလွန်သေးငယ်နေ၏။

ကောင်းကင်မှ ပျံသန်းလာနေသော လူအများသည် မြို့တံခါးအပြင်၌ ဆင်းသက်ကာ စစ်ဆေးမှုကိုခံယူပြီး လှမ်းဝင်သွားကြသည်။

ဆိုလိုသည်မှာ ဆေးအိုးကိုးပါးမြို့တော် အထက်ကောင်းကင်ယံအတွင်း ပျံသန်းခြင်းကို တားမြစ်ထားချေပြီ။ ဤစည်းကမ်းကို ဝိညာဉ် တာအိုနယ်ပယ် ကျွမ်းကျင်သူများပင် မလွန်ဆန်ဝံ့ချေ။

အဘယ့်ကြောင့်ဆိုသော် မြို့တစ်ခွင်တွင် ဖြန့်ကျက်လွှမ်းခြုံထားသော တားမြစ်ဝင်္ကပါမှ သူတို့ကို သတ်ပစ်နိုင်သောကြောင့်ဖြစ်၏။

မြို့တံခါးအနီးတွင် မြစ်ကိုဖြတ်ကူးသော ငါးများအလား စုဝေးနေကြသည့် လူအများဖြင့် ပြည့်ကျပ်နေသည်။

အချို့သည် အဖိုးတန် ရထားလုံးများ စီးနင်းလာကြပြီး အချို့က မှော်သားရဲများကို စီးနင်းလာ၏။ မည်သို့ပင် ဆိုစေကာမူ မြို့တံခါးတွင် လမ်းဆင်းလျှောက်ရပေမည်။

မြို့တံတိုင်းကို တည်ဆောက်ခဲ့သော ကျောက်တုံးကြီးများတွင် ရူရ်များရေးထွင်းကာ နေရောင်ခြည်အောက်တွင် ဝိညာဉ်စွမ်းအင် အတက်အကျလှိုင်းများ ထုတ်လွှတ်နေသည်။

အုတ်တစ်ချပ်၏ တန်ဖိုးသည် မြောက်များစွာသော ဝိညာဉ်ကျောက်တုံး များနှင့် ညီမျှ၏။

ထို့ကြောင့် မြို့တံတိုင်းတန်ဖိုးအပေါ် ဝိညာဉ်ကျောက်တုံးများဖြင့် တိုင်းတာ၍မရချေ။ စုရီက တောင်ကုန်းငယ်တစ်ခုပေါ် ဆင်းသက်ကာ မြို့ကိုကြည့်၏။

“ ကောလဟာလတွေအရ မြို့တော်တစ်ခုလုံးကို ရှေးဟောင်းတားမြစ် ဝင်္ကပါကြီးတစ်ခုနဲ့ ဖုံးအုပ်ပေးထားတယ် ... အဲဒီဝင်္ကပါကို မြို့တော်အောက်မှာရှိတဲ့ ...

... နဂါးသွေးလွှတ်ကြောနဲ့ ချိတ်ဆက်ပြီး ခွန်အားဖြည့်ပေးတယ် ... ဝင်္ကပါကို အပြည့်အဝ လည်ပတ်လိုက်ရင် ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူတောင် အသက်မရှင်နိုင်ဘူး။ ”

စုရီက ရေရွတ်လိုက်သည်။ ဤမြို့တော်၌ နတ်ဘုရားရတနာများဖြစ်သည့် ခြေသုံးချောင်း ဆေးအိုးကြီးကိုးလုံးရှိ၏။

သက်တမ်းအရ နှစ်ပေါင်း (၃၀၀၀၀) ကျော်ပြီဖြစ်ကာ ဝင်္ကပါကို ထိုနတ်ဆေးအိုးများ အပေါ် ဗဟိုပြုဖွဲ့စည်းထားသည်။

၎င်းဝင်္ကပါသည် တော်ဝင်မြို့တော်ကို အမှောင်တားမြစ်စွမ်းအင် တိုက်စားမှုအောက်မှ ဟန့်တားပေးထား၏။

ဤသည်မှာ မဟာရှမင်းဆက်၏ တော်ဝင်မိသားစုသည် မိုးပြာတိုက်ကြီးအပေါ် ခြိမ်းခြောက်နိုင်သည့် အကြောင်းရင်းလည်း ဖြစ်သည်။

သို့သော် မြို့ကို ဖုံးအုပ်ထားသည့် တားမြစ်ဝင်္ကပါ၏စွမ်းအားသည် လက်ရှိအချိန်၌ အလွန်ပါးလျနေပြီဖြစ်၏။

အမှောင်တားမြစ်စွမ်းအားသည် တာအိုဂိုဏ်းကြီးများကို ပျောက်ကွယ်သွားစေ သကဲ့သို့ ဤဝင်္ကပါအပေါ်လည်း ပျက်စီး ယိုယွင်းလာစေခဲ့သည်။

ထိုပြဿနာကို မဟာရှမင်းဆက်၏ တော်ဝင်မိသားစုသည် ဖြေရှင်းရန် နည်းလမ်း ရှိသေးပုံမရချေ။ မဟုတ်ပါက ပြင်ဆင်ပြီး ဖြစ်ပေမည်။

စုရီက လက်နှစ်ဖက်နောက်ပို့လျက် မြို့တော်ကိုငေးကြည့်ကာ ထိုသို့အတွေးပွားနေ ခဲ့စဉ်၊

“ မိတ်ဆွေလေး၊ မင်းမြို့ရိုးပေါ်က တစ်ခုခုကို မြင်နိုင်လား။ ”

-ဟု မေးမြန်းသံ ထွက်ပေါ်လာသည်။

ရုတ်တရက်အသံကြောင့် စုရီက ခေါင်းငဲ့ကြည့်လိုက်ရာ သူနှင့် မနီးမဝေးတွင် ရပ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးကို မြင်လိုက်ရ၏။

ထိုအမျိုးသားက ပြုံးပြီး စူးစမ်းချင်စိတ် အရိပ်အမြွက်ဖြင့် သူ့ကို စိုက်ကြည့်နေခဲ့သည်။ ရိုးရှင်းသောဝတ်လုံဖြင့် အနက်ရောင် ဆံပင်များ အပေါ် ချည်နှောင်ထား၏။

အသက်လေးဆယ်ကျော်ခန့်ရှိကာ ကျောက်စိမ်းကဲ့သို့ နူးညံ့သော အသားအရည် ပိုင်ဆိုင်ထားချေပြီ။

လက်နှစ်ဖက်ကို နောက်ပို့လျက် စာပေပညာရှင်တစ်ယောက်ကဲ့သို့ ပြေပြစ်သော အပြုံးမျိုး ပြသထား၏။ သို့တိုင် စုရီမှ ယဉ်ကျေးခြင်း မရှိချေ။

“ မင်း ... ငါနဲ့ စကားစမြည် ပြောချင်တာလား၊ အကြံတောင်းချင်တာလား။ ”

ထိုမေးခွန်းကြောင့် အဆိုပါ လူလတ်ပိုင်းအရွယ် အမျိုးသားက အံ့အားသင့် သွားပြီး၊

“ စကားမမြည်ပြောချင်တယ် ဆိုရင်ရော ဘာဖြစ်မလဲ ... အကြံဉာဏ်တောင်းချင်တယ် ဆိုရင်‌ရော ဘာဖြစ်မလဲ။ ”

-ဟု ပြုံးပြုံးလေး ပြန်မေးသည်။

ထိုအချိန်တွင် ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းတို့သည် ဤလူလတ်ပိုင်းအရွယ် အမျိုးသား၌ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိပြုမိကာ လေးနက်လာကြ၏။

“ စကားစမြည်ပြောဖို့ဆိုရင် ... မြို့ပြင်မှာ ဒီလိုရပ်ပြီး သူစိမ်းတစ်ယောက်နဲ့ ငါအချိန်ဖြုန်း မနေချင်ဘူး ...

... ဒါမှမဟုတ် ... အကြံဉာဏ် တောင်းချင်တာမျိုးဆိုရင်တော့ တောင်းခံတဲ့ အသွင်နဲ့ မေးမယ်ပါ ... ငါစိတ်ကောင်းဝင် နေတဲ့အတွက် ငါတွေ့တာကို ပြောပြဖို့ ဝန်မလေးဘူး။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားက အနည်းငယ် အံ့သြသွားသော်လည်း ပြုံးရယ်ပြီး လက်ချောင်းများ အချင်းချင်း ယှက်ကိုင်လျက်၊

“ ပျင်းရိစရာကောင်းတဲ့ စကားစမြည်ပြောခြင်းကို မေ့ပစ်လိုက်ပါ မင်းရဲ့ အချိန်တွေကို မဖြုန်းတော့ပါဘူး မိတ်ဆွေလေး ငါ့ကို အကြံဉာဏ်လေးပေးပါဦး။ ”

-ဟု တောင်းဆိုတော့၏။

“ ငါတို့က မိတ်ဆွေတွေမဟုတ်ဘူး။ ”

သို့တိုင် စုရီမှ ယဉ်ကျေးခြင်း မရှိသေးချေ။ လူလတ်ပိုင်းအရွယ် အမျိုးသားခမျာ မျက်ခုံးပင့် သွားပြီး အဆုံးတွင် စိတ်လျော့လိုက်ကာ၊

“ တာအိုမိတ်ဆွေ ... မင်းငါ့ကို သင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”

-ဟု အသုံးအနှုန်းကို ပြောင်းလဲ ပြောကြားလိုက်သည်။

အမူအရာသည် ပို၍ ယဉ်ကျေးလာပြီး နူးညံ့သိမ်မွေ့လွန်းနေ၏။ စုရီပင် အနည်းငယ် မယုံကြည်နိုင် ဖြစ်သွားတော့သည်။

တစ်ဖက်လူ၏ အရည်အချင်းအရ သည်မျှသည်းခံကာ နှိမ့်ချဆက်ဆံလိမ့်မည်ဟု မထင်ထားခဲ့ချေ။ စိတ်ဝင်စားစရာပေပင်။

***

All Chapters