တိမ်လွှာလေစီးကြောင်း နန်းတော်။
Vol. 34 Ch. 402
“ ဖြန်း ... ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှေ့လှမ်းတက်သဖြင့် ထျန်ကျန့်က သံသယနှင့် မော့ကြည့်လိုက်ရာ ကြီးမားသော လက်ဖဝါးကြီး တစ်ဖက်ကို မြင်လိုက်ရပြီး ပါးပြင်တစ်ဖက် ပူထူ သွားတော့သည်။
“ ဒါ ... ။ ”
လူအုပ်ကြီး၏ မယုံနိုင်ဖွယ်ရာ အကြည့်များအောက်တွင် ထျန်ကျန့်ခန္ဓာကိုယ် သုံးပတ်လည်သွား၏။
မျက်နှာတစ်ခြမ်း ချက်ချင်း ရောင်ကိုင်းလာသည်။ ပါးစပ်နှင့်နှာခေါင်းတို့မှ သွေးများစီးကျလျက် မြေပြင်ပေါ်သို့ လဲကျသွား၏။
“ သခင်ငယ် ... ။ ”
အဖြူရောင်ဝတ်ရုံဝတ် အဖိုးအိုသည် ထိတ်လန့်တုန်လှုပ်သွားကာ လက်ဖျားခြေဖျား အေးစက်လာသည်။ ကူညီချင်သော်လည်း သူ မလှုပ်ဝံ့ချေ။
သူ့သခင်ငယ်သည် မြို့တော်ရှိ နာမည်ကြီး လူရှုပ်လူပွေတစ်ဦးဖြစ်၏။ မိသားစု စွမ်းအားကို အားကိုးပြီး နှစ်များအတွင်း အမျိုးသမီးများစွာ အပေါ် အနိုင်ကျင့်ခဲ့သည်။
သို့သော် သူသည် အလွန်ထက်မြက်၏။ အခြေအမြစ်မရှိသော အမျိုးသမီးများထံသာ ပစ်မှတ်ထားခဲ့သည်။
ယင်းကြောင့် ပြဿနာတစ်ခုခု ဖြစ်စေခဲ့လျှင်ပင် သူ့မိသားစုမှ လွယ်လွယ်ကူကူ ပြေလည်အောင် ဖြေရှင်းပေးနိုင်၏။
ယနေ့တွင်မူ သခင်ငယ်သည် သံမဏိ တံတိုင်းတစ်ခုကို ကန်မိသွားပုံပေပင်။ လူအများ အမြင်တွင် ပိုင်ဝမ်ချင်းသည် စိတ်ဝင်စားစရာ ကောင်းနေတော့၏။
“ အကြီးအကဲရွှေ ... မင်းလူမှားပြီး ရိုက်ခိုင်းနေတာလား ... တကယ်ဆို ဒီမိစ္ဆာမကို ရိုက်နှက်ပြီး ဆွဲထုတ်ရမှာ မဟုတ်လား။ ”
ထျန်ကျန့်က မြေပြင်ပေါ်မှ ကုန်းရုန်းထရပ်ကာ ပိုင်ဝမ်ချင်းထံ လက်ညိုး ထိုးလိုက်သည်။ သူ့အသွင်သည် ယုံကြည်ပုံ မရသေးချေ။
“ အားတင်၊ သူ့ခြေထောက်နှစ်ချောင်းကို ရိုက်ချိုးပြီး ပြန်ပို့ပေးလိုက် ... ။ ”
“ ဟုတ်ကဲ့ပါ အကြီးအကဲ ... ။ ”
“ ဒီနေ့ဖြစ်ရပ်အပေါ် မကျေနပ်ရင် ငါ့ဆီလာခဲ့လို့ ... ထျန်မိသားစုခေါင်းဆောင်ကို ပြောလိုက်ပါ ... သားတစ်ယောက်ကို ဘယ်လိုပြုမူ နေထိုင်ရမလဲဆိုတာ လမ်းညွှန်ဖို့ မသိရင် ငါသူ့ကိုသင်ပေးနိုင်တယ်။ ”
“ နားလည်ပါပြီ။ ”
“ မိန်းကလေးပိုင် ငါတို့သွားလို့ရပါပြီ။ ”
“ ဟုတ်ကဲ့ ... ။ ”
ဧည့်ခန်းအတွင်းရှိလူတိုင်း တုန်လှုပ်ခြောက်ခြားသွားကာ ဦးရေပြားများ တဆတ်ဆတ် တုန်ရင်လာခဲ့၏။
အကြီးအကဲရွှေသည် ထျန်ကျန့်ကို လွယ်လွယ်လွှတ်ထားမည် မဟုတ်ကြောင်း ရှင်းနေချေပြီ။
သူ့စကားအရ ဤကိစ္စတွင် ထျန်မိသားစု ခေါင်းဆောင်ကိုယ်တိုင် လာရောက်တောင်းပန် စေလိုနေခဲ့၏။
“ အား ... အကြီးအကဲရွှေ ... ငါမှားပါတယ် ငါ့ကိုတစ်ကြိမ်လောက်ခွင့်လွှတ်ပေးပါ ... ငါမှား အား ... ။ ”
နောက်ပါးထံမှ ထျန်ကျန့်၏ အသည်းခိုက်အောင်နာကျင်သော အော်သံကြီး ထွက်ပေါ်လာသဖြင့် ပိုင်ဝမ်ချင်းတစ်ယောက် ငဲ့စောင်းကြည့်လိုက်သည်။
သခင်ပေးသော နဂါးစာကလေး ကျောက်စိမ်းဆွဲသီးသည် အမှန်တကယ်ပင် အစွမ်းထက်ချေ၏။ မယုံနိုင်စရာပေပင်။
ထိုအချိန်တွင်။
“ ငါ့ဧည့်သည်တော်နှစ်ယောက် ရှေ့မှာ ဧကရာဇ်တားမြစ်နယ်မြေကို မြင်နေရပြီ ဒါက မဟာရှရဲ့ နတ်တောင်လို့ ခေါ်တဲ့ ကောင်းကင်တောင်တန်းကြီးပဲ ...
... ကမ္ဘာကြီးတစ်ခုလုံး ဘယ်လိုပဲ ပြောင်းလဲနေပါစေ ဒီတောင်ကြီးဟာ ထာဝရ တည်မြဲနေလိမ့်မယ် ငါတို့မြို့တော်ထက် သက်တမ်းပိုရှည်တယ်။ ”
ရထားလုံး မောင်းနှင်နေသည့် အဖိုးအိုက မိတ်ဆက်ပေးလေသည်။ စုရီမှ ကုလားကာကို လှစ်ဟကာ တောင်တန်းကြီးထံ စူးစမ်း၏။
တောင်ထိပ်တွင် တိမ်နှင့်ခရမ်းရောင် အခိုးအငွေ့များ ဖုံးလွှမ်းနေပြီး သာယာလှသော လေထုသည် တောင်ကြီးတစ်ခုလုံးကို သိုင်းခြုံထားလေသည်။
တောင်တန်းတစ်လျှောက် မြူများနှင့် အဆောက်အအုံများစွာကို ခပ်ဝါးဝါးမြင်နိုင် ချေ၏။
ကောင်းကင်တောင်သည် ပေသုံးထောင် မြင့်ပြီး နဂါးကဲ့သို့ခမ်းနားကာ ကောင်းကင်ပေါ် ပျံတက်နေသည်။
ဧကရာဇ်နန်းတော်ကို တောင်စောင်းတွင် တည်ဆောက်ထားပြီး တောင်ထိပ်၌ ဧကရာဇ်ရှ နေထိုင်၏။
တောင်ခြေရင်းတွင် အစောင့်များက ဧရိယာတဝိုက် တင်းကြပ်စွာစောင့်ကြပ်နေကာ ကန့်သတ်နယ်မြေအဖြစ် သတိပေးထားသည်။
“ တောင်ကြီးတစ်ခုလုံး ခရမ်းရောင် တိမ်တွေနဲ့ ပြည့်နှက်နေတယ် နဂါးစွမ်းအင်တွေ ထုံမွှန်းပြီး ... မြို့တော်အောက်ခြေက နဂါးသွေးလွှတ်ကြောနဲ့ ချိတ်ဆက်ထားတယ်။ ”
ခဏမျှ စူးစမ်းကြည့်ပြီးနောက် စုရီက ကုလားကာကို ဖြည်းညှင်းစွာ ဖြည်လျှော့ချ လိုက်သည်။
အရိုင်းမြေကိုးပါး၌ပင် ဤတောင်ကို ကျင့်ကြံရန် ထိပ်တန်းရတနာဒေသကြီးအဖြစ် သတ်မှတ်နိုင်၏။
ထို့နောက်ရထားလုံးသည် ကန်သတ်နယ်မြေရှေ့မှ ဖြတ်ကျော်လာပြီး မီးငှက်လမ်းသွယ်ထဲ ချိုးဝင်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် နေရာအနှံ့ စည်ကားနေသော မြင်ကွင်းများနှင့် ရောင်စုံ ပန်းပွင့်လေများကို မြင်နိုင်၏။
“ ချွင် ... ။ ”
ရုတ်တရက် မိခင်နှင့်ကလေး ခေါင်းလောင်းထံမှ တုန့်ပြန်သံကို ကြားလိုက်ရ သဖြင့် စုရီကထုတ်ယူကြည့်လိုက်သည်။
ခရမ်းရောင်ခေါင်းလောင်းသည် ပုံမှန်မဟုတ်သော အတက်အကျလှိုင်းများဖြင့် တုန်ခါလျက် သူ့အဖော်ကို ခံစားနေရသကဲ့သို့ တိုးညှင်းစွာ မြည်သံပြုနေ၏။
“ ဟမ့် ... ဒီနားမှာ ယွီရှစ်ချန် ရှိနေတာလား။ ”
စုရီ အံ့သြသွားလေသည်။ ရထားလုံးကို မြို့အနှံ့နာရီပေါင်းများစွာ စီးနင်းရှာဖွေနေခဲ့ကြ သော်လည်း ကောချင်ကို မတွေ့ခဲ့ချေ။ ထိုအစား ယွီရှစ်ချန် အရိပ်အယောင်ကို ခံစားလိုက်ရ၏။
“ ရထားကို ရပ်လိုက်။ ”
စုရီ ချက်ခြင်းထရပ်ပြီး လှမ်းထွက် လာခဲ့သည်။ ပထမဆုံး သူ မြင်လိုက်ရသည်မှာ ပေတစ်ထောင်ကျော် မြင့်မားသော ကျောက်စိမ်းမျှော်စင်ကြီးဖြစ်၏။
တံစက်မြိတ်များတွင် ချိတ်ဆွဲထားသော မီးပုံးများတွင် အဝတ်အစားဗလာကျင်းနေသည့် အမျိုးသမီးပုံများ ရေးဆွဲထားသည်။
ညအချိန်အခါရောက်ပြီ ဖြစ်သဖြင့် ရထားလုံးများနှင့် ဧည့်သည်တော်များစွာက မျှော်စင်ထဲ ဝင်ရောက်နေခဲ့ကြ၏။
“ သခင်လေးတို့ ဒီနေ့ မင်းတို့မြို့အနှံ့ လှည့်လည်ပြီးပြီမို့ အနားယူချင်နေတာလား ဒါဆိုစောစောကသာ ပြောခဲ့ရင် ... ငါဒီကို တိုက်ရိုက်ခေါ်လာပါတယ်။ ”
ရထားလုံးမောင်းသမားက အပြုံးနှင့် ယောက်ျားအချင်းချင်း နားလည်သည်ဟူသော အဓိပ္ပါယ်မျိုး ပြောကြားလာလေသည်။
စုရီက မျက်မှောင်ကြုတ်လိုက်၏။ ဤသည်မှာ အပျော်မယ်ဂေဟာ ဖြစ်လေသည်။ ယွီရှစ်ချန်ကဲ့သို့သော တစ်စုံတစ်ယောက်သည် အဘယ့်ကြောင့် ရောက်ရှိနေရသနည်း။
ရထားမောင်းသမား၏ မျက်လုံးများသည် တောင့်တမှုဖြင့်တောက်ပပြီး တွေဝေနေသော စုရီထံပြုံးကြည့်လိုက်၏။
“ မဟာရှရဲ့ အပျော်မယ်တွေထဲမှာ ဒီမျှော်စင်က အကောင်းဆုံးဆိုတာ သံသယဝင် နေစရာမလိုပါဘူး အထဲမှာ အစေခံတွေတောင် ဘယ်လောက်အထိ ရင်သပ်ရှုမောဖွယ် ကောင်းလဲဆိုတာ ဝင်သွားရင် သိလိမ့်မယ် ...
... ငါတို့လို့ သာမန်လူတွေအတွက် ... ဒီလိုကုန်ကျစရိတ်မျိုးက သည်းမခံနိုင်စရာပဲ ... ရေနွေးကြမ်းတစ်ခွက်တောင် အဆင့်(၅) ဝိညာဉ်ကျောက်တုံးနဲ့ ပေးချေရလိမ့်မယ်။ ”
စုရီက ရထားလုံးမောင်းသမား စကားကို နားမထောင်တော့ဘဲ မျှော်စင်ထဲ လှမ်းဝင်လာ ခဲ့သည်။ အစေခံမိန်းကလေးတစ်ဦး လှုပ်လီလှုပ်လဲ ရောက်ရှိလာပြီး၊
“ သခင်လေး ... ဘာကူညီရမလဲ။ ”
-ဟု နှုတ်ဆက်လေသည်။
စုရီက အဆင့် (၆) ဝိညာဉ်ကျောက်တုံး တစ်လုံးထုတ်ပေးကာ၊
“ ငါဒီမှာ လူတစ်ယောက်လာရှာတာ ဘာမှမလိုအပ်ဘူး။ ”
-ဟု ပြန်ဖြေလိုက်၏။
အစေခံမိန်းကလေးက ဝိညာဉ်ကျောက်တုံးကို လက်ခံသိမ်းဆည်းလျက် ပြုံးကာ လမ်းဖယ်ပေးလေသည်။ များမကြာမီ စင်္ကြံတစ်ခုသို့ ရောက်ရှိလာ၏။
ဤနေရာတွင် လေထုသည် တိတ်ဆိတ်လွန်းကာ ရနံ့များထုံမွှန်းနေချေ၏။ မျှော်စင်၏ အထွတ်အထိပ်အရပ် ပေပင်။
လှပလွန်းသော အမျိုးသမီးတစ်ဦးက စင်္ကြံအဝင်ဝတွင်ရပ်ကာ စုရီနှင့် ယွမ်ဟမ်ကို အံ့အားသင့်စွာ မော့ကြည့်လာပြီး ဦးညွှတ် နှုတ်ဆက်လေသည်။
“ ဧည့်သည်တော်များ ဒီဒေသကို အထူးဂုဏ်သရေရှိ ဧည့်သည်တော်တွေသာ ဖြတ်သန်းခွင့်ရှိပါတယ်။ ”
-ဟု အသိပေးလာ၏။
“ ဒီစင်္ကြံရဲ့အဆုံးမှာ ဘာရှိလဲ။ ”
စုရီက မေးသည်။ အသက်ငယ်ငယ်ဖြင့် အငွေ့အသက်သည် ငြိမ်သက်နေပြီး ထူးထူး ခြားခြား ဖြစ်နေသောကြောင့် အမျိုးသမီးက လျစ်လျူရှုမဝံ့ချေ။
“ သခင်လေး၊ တိမ်လွှာလေစီးကြောင်း နန်းတော်ရှိပါတယ် ငါတို့ရဲ့ အထင်ရှားဆုံးသော ဧည့်သည်တွေသာ အထဲမှာ စားသောက်ပြီး အနားယူနိုင်ပါတယ်။ ”
“ အခု အထဲမှာ ဘယ်သူရှိလဲ။ ”
“ ခွင့်လွှတ်ပါ သခင်လေး ငါပြောခွင့်မရှိပါဘူး။ ”
စုရီက မျက်ခုံး ပင့်လိုက်သည်။
“ မေ့လိုက်ပါ ... ငါမင်းကို အခက်တွေ့စေတော့မှာ မဟုတ်ဘူး ငါ့အစား မင်းသတင်းပို့ပေးလို့ရမလား။ ”
“ မရပါဘူး ငါ့ကို နားလည်ပေးပါ။ ”
အမျိုးသမီးက အနည်းငယ် စိတ်မရှည်တော့ချေ။ လှပသော အသွင်အပြင် ကြောင့်သာ သည်းခံနေခြင်းဖြစ်၏။
စုရီက သူ့လက်ထဲတွင် မြည်သံများ ပေးနေခဲ့သော ခေါင်းလောင်းအပေါ် ငုံ့ကြည့်ပြီး အမျိုးသမီးထံ ပြန်ကြည့်၏။
အမျိုးသမီး တစ်စုံတစ်ခုကို ရိပ်မိသွားကာ၊
“ သခင်လေး ... ဒါက တေးဆိုငှက်ကလေးများ မျှော်စင်ပါ မင်းတစ်ခုခု ရူးမိုက်ချင်ရင် အကျိုးဆက်ကို ခံနိုင်မှာ မဟုတ်ဘူး။ ”
-ဟု သတိပေးလိုက်သည်။
ဤအရပ်တွင် ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူများပင် တစ်စုံတစ်ရာနှောက်ယှက် ဝံ့မည် မဟုတ်ချေ။
“ ယွမ်ဟမ် ... ဒီမှာစောင့်နေပါ။ ”
“ ဟုတ်ကဲ့ ... ။ ”
စုရီက အမျိုးသမီးကို တိုက်ရိုက် လျစ်လျူရှုကာ ဆက်လျှောက် သွားတော့၏။ ယွမ်ဟမ်က ခေါင်းညိတ်လျက် စင်္ကြံလမ်းကို ကျောပေးလျက် အပြင်ဘက်သို့ မျက်နှာမူလိုက်သည်။
သခင်သည် ဆိုးရွားသော အဖြစ်အပျက်တစ်ခုကို သတိပြုမိဖွယ်ရှိကြောင်း သူ သဘောပေါက်၏။ ထိုသို့မဟုတ်သော် ဤမျှ အတင်းအကြပ်ဝင်ရောက်လိုမည် မဟုတ်ချေ။
အမျိုးသမီးက စုရီအပေါ် ဟန့်တားလို ခဲ့သော်လည်း တည်ငြိမ်လွန်းသော ရောင်ဝါက သူမကို ကြောက်စိတ်များ ဝင်ရောက်လာစေပြီး အလိုလိုလမ်းဖယ်ပေးလိုက်မိ၏။
***