မင်းဘယ်လို သတ္တိရှိလဲ ... ။
Vol. 34 Ch. 403
ရိုးရှင်းပြီး ခမ်းနားထည်ဝါသော နန်းတော်သည် စိမ်းပြာရောင် ရေအိုင်ပေါ်တွင် တည်ဆောက်ထားသည်။
နန်းတော်နံရံများသည် အဖြူရောင် ကျောက်တုံးများဖြင့် တည်ဆောက်ထားကာ တောက်ပခမ်းနား၏။
တေးဆိုငှက်ကလေးမျှော်စင်တွင် ထိပ်တန်းဧည့်သည်များကိုသာ ဖျော်ဖြေရန် ရည်ရွယ်သော လျှို့ဝှက်နန်းတော် ကိုးလုံးရှိသည်။
တိမ်လွှာလေစီးကြောင်း နန်းတော်သည် ၎င်းတို့အနက်မှ တစ်ခုဖြစ်၏။ နန်းတော်အတွင်း အပျော်မယ်များ၏ တေးဆိုသံနှင့် အကများ သက်ဝင်နေသည်။
စားသောက်ဝိုင်းကြီးတွင် ကူချန်နင်တစ်ယောက်ထိုင်လျက် အနည်းငယ် စိတ်ဓာတ်ကျနေသည်။
“ ငါ့အမြင်အရတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အမှောင်တားမြစ်စွမ်းအား ကနေ နိုးထလာတဲ့ အုပ်စုထဲမှာ ရွှေခေတ်ကို ဦးဆောင်နိုင်တဲ့ လူငယ်ဆယ်ယောက်ထက် မပိုပါဘူး အဲဒီအထဲမှာ အစ်ကိုကူက ငါ့အတွက် အလေးစားဆုံးလို့ ထင်ပါတယ်။ ”
အနီရောင်၀တ်စုံနှင့် ထိပ်ပြောင်နေသော လူငယ်တစ်ယောက်က ပြုံးရွှင်စွာ စကားပြော လာခဲ့သည်။
သူစကားပြောနေစဉ် ဓါးကဲ့သို့ စူးရှသောမျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်ပြီး လေးလံသော ဖိအားကို ပေးစွမ်းနေ၏။
သို့သော် ကူချန်နင်က ခေါင်းယမ်းပြီး သက်ပြင်းချကာ၊
“ အစ်ကိုစစ်၊ မင်းက ကြင်နာလွန်းတယ် ငါမင်းနဲ့ မနှိုင်းယှဉ်နိုင်လောက်အောင် ဝေးလွန်း ပါသေးတယ်။ ”
-ဟု တုန့်ပြန်ပြောကြားလိုက်သည်။
အကျီအနီဝတ်ထားသော ထိပ်ပြောင်လူငယ်သည် သူ့ကဲ့သို့ လွန်ခဲ့သော နှစ်ပေါင်း (၃)သောင်းခန့်က ကြွင်းကျန်ရစ်သူ ဖြစ်၏။
ထိပ်တန်း နတ်ဆိုးအင်အားစုတစ်ခု၏ မျိုးဆက်ပေပင်။ ထိုအချိန်က ကောင်းကင်မိစ္ဆာ ဂိုဏ်းတွင် နာမည်ကျော် ပါရမီရှင်ဖြစ်၏။
“ ကူချန်နင် ... မင်းက ကျိုးနွံလွန်းတာကလွဲရင် အရည်အချင်းရှိပါတယ် မင်းအဘိုးက မိုးပြာတိုက်ကြီးရဲ့ ဧကရာဇ် ကိုးပါးထဲက တစ်ပါးဆိုတာကို ...
... ဘယ်သူများ မသိတာရှိလဲ နောက်ပြီး မင်းရဲ့ကူမိသားစုဟာ နောက်ခံနဲ့ ကြွယ်ဝမှုအရ ဆိုရင် စစ်မိသားစုထက် မနိမ့်ပါဘူး။ ”
ထိုစကားကြောင့် ကူချန်နင်က ခေါင်းရမ်းလိုက်လျက်၊
“ အတိတ်ရဲ့ ဂုဏ်အသရေဟာ အချိန်ကာလမြစ်ကြီးထဲမှာ ပျောက်ကွယ်သွား ခဲ့ပါပြီ အခုငါဟာ အထီးကျန်သူတစ်ယောက်ပါ သန်မာသူတွေ ဝိုင်းရံနေတဲ့ ညီအစ်ကို စစ်ခုန်နဲ့ယှဉ်ရင် သာမန်ပါပဲ ...
... ညီအစ်ကိုစစ်ခုန်ဆိုရင် အခုမဟာရှ တော်ဝင်မိသားစုရဲ့ ဧည့်သည်တော် ဖြစ်နေပါပြီ ငါတို့မျိုးဆက်အတွက် စံနမူနာယူစရာပါ။ ”
ဤစကားများသည် ယဉ်ကျေးသော ချီးကျူးစကားများသာဖြစ်သည်။ ချဲ့ကားနေခြင်း မဟုတ်ချေ။
သည်ခန်းမတွင် ထိုင်နေကြသော ယောက်ျားနှင့်မိန်းမတိုင်းသည် စစ်ခုန်၏ အရည်အချင်းရှိသော လက်အောက် ငယ်သားများဖြစ်သည်။
အားအနည်းဆုံးသည် မူလနန်းတော်အဆင့်ဖြစ်ကာ အသန်မာဆုံး လူသည် အမည်ခံ ဝိညာဉ်တာအိုနယ်ပယ် အဆင့်ဖြစ်၏။
၎င်းတို့သည်ပင် စစ်ခုန်မျိုးရိုး၏ ပြသထားသော စွမ်းအား အစိတ်အပိုင်းတစ်ခု မျှသာဖြစ်သည်။ သူ့နောက်တွင် ဝိညာဉ်တာအို နယ်ပယ် ကျွမ်းကျင်သူ အများအပြားရှိသည်။
ဤလူများအပြင် စားပွဲထိပ်ဆုံးနေရာ၌ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။
အမျိုးသားသည် တောက်ပသောအဝါရောင် နဂါး၀တ်ရုံနှင့် ဦးခေါင်းတွင် ကျောက်စိမ်းသရဖူ ဆောင်းထား၏။ သူ့အမည်မှာ ရှကျင်းယွီဖြစ်ပြီး မာနကြီးသော အကြည့်မျိုးရှိသည်။
သူ့ဖခင်သည် လက်ရှိဧကရာဇ်ရှ၏ ဝမ်းကွဲတော်စပ်သူ ‘မင်းသားယောင်’ ပေပင်။ အမျိုးသမီးသည် အသက်သုံးဆယ်ခန့်ရှိကာ နာမည်သည် ဖုန်နင်ဖြစ်၏။
တော်ဝင်မြို့တော်ရှိ ထိပ်တန်း ကြယ်စုစည်းခြင်းအဆင့် ကျွမ်းကျင်သူများ စာရင်းတွင် အဆင့်ငါးဝင်သည်။
“ ဟား ဟား ဟား ... အစ်ကိုကူ ငါတို့ယဉ်ကျေးပြီး တစ်ယောက်ကိုတစ်ယောက် စမ်းသပ်နေဖို့ မလိုပါဘူး ... ဒီတစ်ခါ ဘာလို့ ခေါ်တာလဲဆိုတာ သိမယ်ထင်ပါတယ်။ ”
ရယ်မောသံနှင့်အတူ စစ်ခုန်၏ မျက်လုံးများသည် ကူချန်နင်ကို စိုက်ကြည့်ပြီး၊
“ အခုတော့ အစ်ကိုကူဆီက ရှင်းရှင်းလင်းလင်း အဖြေတစ်ခု လိုချင်ပါတယ်။ ”
-ဟု စကားကို အဆုံးသတ်လိုက်သည်။
ခန်းမထဲရှိ တခြားလူများသည်လည်း ကူချန်နင်ထံ စိုက်ကြည့်လာသည်။ ကူချန်နင်က အနည်းငယ် မျက်မှောင်ကြုတ်လျက်၊
“"အစ်ကိုစစ်ခုန်ရဲ့ ကြင်နာမှုကို ငါတန်ဖိုးထားတယ်၊ ဒါပေမယ့် တခြားလူတွေရဲ့ အမိုးအောက်မှာ နေထိုင်ရတာကို မကြိုက်ဘူး ဒါကြောင့် ငါ့ကို နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”
-ဟု ငြင်းဆန်လိုက်သည်။
တစ်ဖက်လူ၏ အတွေးများကို ကုချန်နင် သဘာဝကျကျ သိ၏။ သူ့အတွက် အလုပ်လုပ် စေချင်ပုံရသည်။
သူ့အဖြေကြောင့် စစ်ခုန်၏ မျက်နှာ မည်းမှောင်သွားသည်။ ခန်းမတွင်းရှိ လေထုမှာ ရုတ်တရက် စိတ်ပျက်စရာ ကောင်းလာ၏။
“ အစ်ကိုကူ၊ အစ်ကိုစစ်ခုန်နဲ့ ငါက ရိုးသားမှုကိုပြခဲ့တယ် ဒါပေမယ့် ... မင်းငါတို့ကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့တယ် ငါတို့အတွက် တကယ့်ကို စိတ်ပျက်စရာပါပဲ ...
... မဟာရှ တော်ဝင်မိသားစုက ရှေးဟောင်းနတ်ဆိုးများ စာရင်းကို မကြာခင် ကြေငြာတော့မယ် ... ငါ့အဖေ့ရဲ့ စကားအရ ဒီစာရင်းထဲပါတဲ့ လူတိုင်း ...
... အနာဂါတ်မှာ မဟာရှရဲ့ရန်သူအဖြစ် အမဲလိုက်ခံရလိုက်မယ် ... မင်းကို ငါတို့ရဲ့ရန်သူ မဖြစ်စေချင်ဘူး။ ”
သူ့စကားတွင် ခြိမ်းခြောက်မှုတစ်ခု ရှိနေသည်။ သို့သော် ကူချန်နင်မှ ဝိုင်တစ်ခွက် သောက်လိုက်ပြီး ပြုံးတော့၏။
“ မင်းဟာ တော်ဝင်မိသားစုဝင် တစ်ယောက်အဆင့်မှာပဲ ရှိပါသေးတယ် မဟာရှ မင်းဆက်တစ်ခုလုံးကို ကိုယ်စားမပြုနိုင်သေးဘူး နောက်ပြီး ငါသိသလောက် ...
... ဧကရာဇ်ရှက ကမ္ဘာပေါ်က ရှေးဟောင်းနတ်ဆိုးတွေအားလုံးကို ရှေးဟောင်း နတ်ဆိုးစာရင်းထဲ ထည့်နေတာမဟုတ်ဘူးလို့ ငါကြားထားတယ်။ ”
ထို့နောက် ဝိုင်ခွက်ကို ပြန်ချလိုက်ပြီး မျက်လုံးများက အနည်းငယ် မထီမဲ့မြင်ပြုကာ၊
“ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းက တော်ဝင်မိသားစုမှာ ကလေးတစ်ယောက်ပါပဲ ဒါကို ဘာမဆို မင်းလုပ်နိုင်မယ်လို့ ထင်နေရင် မကြာခင်မှာ ဒုက္ခရောက်လိမ့်မယ်။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
“ ဘန်း ... ။ ”
ထိုမှတ်ချက်သည် ရှကျင်းယွီအနာကို ဆားဖြင့် ပွတ်သပ်လိုက်သကဲ့သို့ နာကျင်သွား စေသည်။ မျက်နှာညိုမှိုင်းလျက် စားပွဲကို ဆောင့်ရိုက်ချလိုက်ကာ၊
“ ကောင်းပြီ ... မင်းငါတို့ရဲ့ ကမ်းလှမ်းမှုအပေါ် လက်မခံရင် အနာဂါတ်မှာ ဘာဆက်ဖြစ်မလဲ ကြည့်ရအောင်။ ”
-ဟု ပြောကြားတော့၏။
ခန်းမအတွင်း လေထုသည် ပို၍ တင်းကြပ်လာချေပြီ။ စစ်ခုန်က ပြုံးရယ်လျက် သူ့လက်ကိုဝှေ့ယမ်းကာ၊
“ ငြင်းခုံနေတာကို ရပ်လိုက်ပါ၊ ငါစစ်ခုန် အစ်ကိုကူရဲ့ ရည်ရွယ်ချက်ကို နားလည်တာမို့ ဆက်ပြီး မတောင်းဆိုတော့ပါဘူး။ ”
ထို့နောက် ရုတ်တရက် မတ်တတ်ထရပ်လိုက်ကာ ခံ့ညားထည်ဝါသော ရောင်ဝါများ ဖွင့်ထုတ်လိုက်၏။
“ ဒါပေမယ့် ကြိုပြောပါရစေ စကြာဝဠာကျွန်းကို သွားတဲ့အခါ အစ်ကိုကူ ငါတို့နဲ့မတွေ့ဖို့ သတိထားပါ ... ငါတို့မင်းကို ရန်သူအဖြစ် ဆက်ဆံရလိမ့်မယ်။ ”
စစ်ခုန်က ဖော်ရွေသော အသွင်ကို ရယူရန်မကြိုးစားတော့ဘဲ ခြိမ်းခြောက်မှုဖြင့် သတိပေးလိုက်၏။
“ အနာဂတ်အကြောင်း နောက်မှ ပြောကြရအောင်။ ”
“ ဟား ဟား ဟား ... အစ်ကိုကူ၊ ငါစစ်ခုန်က ငါ့ရန်သူတွေကို ... ဘယ်လိုဆက်ဆံတယ်ဆိုတာ မင်းမသွားခင် ကြည့်သွားစေချင်တယ် ... သူ့ကိုခေါ်လာခဲ့ ... ။ ”
စစ်ခုန်စကားဆုံးသည်နှင့် အနက်ရောင်ဝတ်လုံဖြင့် အမျိုးသမီးတစ်ဦးသည် နန်းတော်တံခါးတွန်းဖွင့်ကာ လှမ်းဝင်လာ၏။
သူမလက်ထဲတွင် မေ့မြောနေသည့် အဖြူရောင်ဝတ် မိန်းကလေးတစ်ယောက် ပွေ့ထားသည်။
“ ဘုန်း ... ။ ”
ခန်းဆောင်အလယ်သို့ ရောက်သည်နှင့် အနက်ရောင်ဝတ် အမျိုးသမီးက သူမလက်ထဲရှိ အဖြူရောင်ဝတ်စုံဖြင့် မိန်းကလေးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။
အဖြူရောင်ဝတ် မိန်းကလေးသည် အမှန်တကယ်ပင် ရှားပါးပြီး ကျက်သရေရှိသော အလှတစ်ပါးဖြစ်သည်။
ကူချန်နင်သည်ပင် သနားစိတ်ဖြင့် မကူညီနိုင်ချေ။ ဤမိန်းကလေးသည် ရက်စက် ကြမ်းကြုတ်သော စစ်ခုန်လက်ထဲသို့ မည်သို့ ကျရောက်သွားသည်ကို တွေးနေမိ၏။
“ အစ်ကိုကူ ဒီကောင်မလေးရဲ့ နာမည်ယွီရှစ်ချန်ပဲ လွန်ခဲ့တဲ့တစ်လက သူ့ရဲ့ အရည်အချင်းကို သဘောကျပြီး ဖိတ်ခေါ်ခဲ့တယ် ...
... မမျှော်လင့်ဘဲ သူမက ငါ့ရဲ့ လက်အောက်ငယ်သား နှစ်ယောက်ကို ဓားနဲ့ ထိုးသတ်လိုက်တယ်။ ”
ကူချန်နင်က စစ်ခုန်မျက်ဝန်းထဲရှိ ရမ္မက်မီးများကို မြင်ကာ လှောင်ပြုံး ပြုံးမိသည်။ ဤမျက်လုံးများသည် အရည်အချင်းထက် ခန္ဓာကိုယ်ကို ဖောက်ထွင်းကြည့်နေသည်မှာ ထင်ရှား၏။
“ ဒီမိန်းကလေးရဲ့ ဓားနှလုံးသားက ... ဖြူစင်ပြီးမာကျောတယ် ရှားပါးတဲ့ ဝိညာဉ် ခန္ဓာလည်း ပိုင်ဆိုင်ထားတယ် ...
... မူလနန်းတော် အလယ်အလတ် အဆင့်မှာသာ ရှိနေပေမယ့် သူမရဲ့ တိုက်ပွဲဝင် စွမ်းအားက ကြယ်စုစည်းခြင်းအဆင့်ကို အလွယ်တကူ သတ်ပစ်နိုင်တယ် ...
... လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀၀၀၀)က မျိုးဆက်သစ်တွေလောက်သာ သူမကို ယှဉ်ပြိုင် နိုင်လိမ့်မယ်။ ”
ရှကျင်းယွီက လောဘမီးများ တောက်လောင်နေသော အကြည့်ဖြင့် ယွီရှင်ချန်ကို ကြည့်ကာ၊
“ အစ်ကိုစစ်ခုန်ပြောတာ မှန်တယ် သူ့အမည်ကို ငါကြားဖူးတယ် မတော်ဆမှုတွေ ဖြစ်မလာဖူးဆိုရင် သူ့နာမည်က ‘ခေတ်ရဲ့ ပါရမီရှင်’စာရင်းမှာ သေချာပေါက် ပေါ်လာလိမ့်မယ် ...
... ဒါပေမယ့် ... မဟာကျိုးရဲ့ ကျင့်ကြံသူတစ်ယောက်က အစ်ကိုစစ်ခုန်ကို စော်ကားခဲ့တာတော့ သနားစရာပဲ ဒါဆို သူမဟာ ဉာဏ်ကြီးရှင် ဖြစ်နေရင်တောင် ဒီအတွက် စျေးပေးရလိမ့်မယ်။ ”
-ဟု လှောင်ပြော ပြောကြားလိုက်သည်။
“ ဟမ့် ... သူက မဟာကျိုးနိုင်ငံကလား။ ”
ကူချန်နင်က ၎င်းတို့၏ ခြိမ်းခြောက်စကားများကို စိတ်မဝင်စားအားဘဲ အံ့အားသင့်သွားပြီး အနည်းငယ် ထိတ်လန့်ကာ စုရီကို ချက်ချင်းသတိရလာ၏။
“ ဟုတ်တယ် မဟာကျိုးကပဲ သူ့လိုပါရမီရှင်ကို သတ်လိုက်ရင် သနားစရာမို့ ကျွန်အဆိပ်ခန္ဓာကိုယ်ထဲ ထည့်ထားတယ်။ ”
စစ်ခုန်အဖြေကြောင့် ကူချန်နင်ခမျာ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားကာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အသက်ပြင်းပြင်းရှူလျက်၊
“ ကျေးဇူးပြုပြီး သူမကို လွှတ်ပေးနိုင်မလား အစ်ကိုစစ်ခုန်။ ”
-ဟု တောင်းဆိုလိုက်သည်။
ကူချန်နင်ထံမှ ထိုသို့သောတောင်းဆိုမှုကို မမျှော်လင့်ထားသကဲ့သို့ ခန်းမအတွင်းရှိလူတိုင်း အံ့အားသင့်သွားကြသည်။ စစ်ခုန်က သူ့ကို ထူးဆန်းစွာ ပြန်ကြည့်ပြီး၊
“ အစ်ကိုကူ ... ဒီကောင်မလေးကို မင်းစိတ်ဝင်စားလို့လား။ ”
“ အစ်ကိုစစ်ခုန်က ကရုဏာပြဖို့ ဆန္ဒရှိတယ်ဆိုရင် ... ငါကူချန်နင်က မင်းကို သေချာပေါက် ကျေးဇူးပြန်ဆပ်မှာပါ။ ”
“ ဟား ဟား ဟား ... မင်းငါ့ကို လက်အောက်ခံရင် ချက်ချင်းလွှတ်ပေးမယ် မဟုတ်လို့ ငါ့ကိုဒူးထောက် ကန်တော့ရင်တောင် ဒီနူးညံ့ပြီး ယုတ္တိမဲ့တဲ့အလှတရားကို ဘယ်သူက လက်လွှတ်ပေးမှာလဲ။ ”
ဤတစ်ကြိမ်တွင် ကူချန်နင်တစ်ယောက် အေးစက်သွားကာ၊
“ အစ်ကိုစစ်ခုန်၊ မင်းငါနဲ့ လမ်းခွဲချင်တာ သေချာလား။ ”
-ဟု ပြန်မေးလိုက်၏။
စစ်ခုန်က အထင်အမြင်သေးသည့် အကြည့်ဖြင့် မတ်တပ်ရပ်လိုက်ပြီး ယွီရှစ်ချန်ထံ လျှောက်လှမ်းသွားကာ၊
“ အစ်ကိုကူ၊ ဒီကောင်မလေးကို ငါဘယ်လိုဖြေရှင်းမလဲဆိုတာ မင်းကိုပြမယ် မင်းမျက်လုံးဖွင့်ပြီး ရှင်းရှင်းလင်းလင်း ကြည့်ထားပါ။ ”
-ဟု ဆိုလျက် ယွီရှစ်ချန်ကို စားပွဲပေါ်ဆွဲတင်ကာ အပေါ်အင်္ကျီများ လှစ်ဟ ပစ်လိုက်သည်။
“ မင်းဘယ်လို သတ္တိရှိလဲ ... ။ ”
ကူချန်နင်က ဒေါသတကြီးနှင့် စားပွဲခုံကို ထုနှက်ကာ ချက်ချင်းထရပ်လာပြီး ဟန့်တားရန် ပြင်လေသည်။
“ ဝုန်း ... ။ ”
သို့သော် နန်းတော်တံခါးကို ရုတ်တရက် အပြင်ဘက်မှ စောင့်ဖွင့်သံနှင့်အတူ ပေါက်ကွဲသံ ထွက်ပေါ်လာတော့၏။
***