အကြီးအကဲ(၉) ... ။
Vol. 34 Ch. 406
“ သခင်ငယ် ... ။ ”
စစ်ခုန်၏ သနားစရာကောင်းသော အသွင်အပြင်ကို မြင်သောအခါ နတ်ဆိုးအိုကြီး ဟွာတူသည် သူ့ကိုယ်သူ အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။
“ မြန်မြန် ၊ အဲဒီကောင်ကို သတ်လိုက်။ ”
စစ်ခုန်မှ ကယောင်ကတမ်းဖြင့် လက်ညိုးထိုးအမိန့်ပေးလိုက်၏။ သို့သော် သူ့လက်နှစ်ဖက်မှာ မရှိတော့သောကြောင့် ပို၍နာကျင်ဖွယ်ကောင်းနေသည်။
“ သခင်ငယ် စိတ်ချပါ ... ဒီနေ့ ဒီတိရစ္ဆာန်လေးရဲ့ အရွတ်တွေကို ဖြတ်ပြီး အရေခွံခွာမယ် သူ့အရိုးတွေကို ဖုန်မှုန့်ဖြစ်အောင် ကြိတ်မယ်။ ”
အသက်ပြင်းပြင်းရှူလျက် နတ်ဆိုးအိုကြီးဟွာတူက သတ်ဖြတ်လိုသော ဆန္ဒကို ထုတ်ဖော်လိုက်၏။ မျက်လုံးများသည် စူးရှတောက်ပလျက် စုရီကိုအလွတ်မခံချေ။
သို့သော် နတ်ဆိုးအိုကြီးဟွာတူခမျာ ဒေါသထွက်နေသော်လည်း ထိန်းထားရသည်။ တစ်ဖက်လူသည် သခင်ငယ်နှင့် အနီးဆုံးတွင် ရှိနေကာ လက်ဝှေ့ယမ်းရုံဖြင့် အသတ်ခံရနိုင်၏။
စုရီက လျစ်လျူရှုကာ ခန်းမအပြင်ဘက်သို့ လှမ်းကြည့်လျက်၊
“ မင်းအဲဒီမှာ ရပ်မနေနဲ့ ဝင်လာခဲ့ပါ။ ”
-ဟု ပြောကြားလိုက်သည်။
“ မင်း ... ငါ့ရဲ့တိမ်လွှာလေစီးကြောင်း နန်းတော်ထဲ ကျူးကျော်ဝင်လာရုံတင်မကဘူး ငါ့ဧည့်သည်တွေကို သတ်လိုက်တာ ငါဘယ်လို မတ်တပ်ရပ်ပြီး ကြည့်နေနိုင်မှာလဲ။ ”
သက်ပြင်းချသံနှင့်အတူ ခန်းမထဲသို့ သွယ်လျသော အသွင်အပြင်တစ်ခု လှမ်းဝင်လာ လေသည်။
ရောက်ရှိလာသူမှာ ကြော့ရှင်းသော ကိုယ်ဟန်ကိုပေါ်လွင်စေသည့် ၀တ်စုံရှည်နှင့် ချစ်စဖွယ် အမျိုးသမီးတစ်ဦးဖြစ်၏။
အနက်ရောင်ဆံပင်များကို အပြောင်သိမ်းထားကာ ဂုဏ်သိက္ခာရှိပြီး ရင့်ကျက်သော အသွင်ပေါ်လွင်စေသည်။
“ မိန်းကလေးလော ... ။ ”
ကူချန်နင်က အံ့သြသွားသည်။ တေးဆိုငှက်လေးများမျှော်စင်သည် မြို့တော်၌ နာမည်ကြီး မျှော်စင်လေးခုအနက်မှ တစ်ခုဖြစ်၏။
မိန်းကလေးလောသည် အလွန် ကြောက်စရာကောင်းသော နောက်ခံရှိကာ မျှော်စင်ကို ယနေ့အထိ အုပ်စိုးနိုင်ခြင်း ဖြစ်သည်။
သူမ၏ ကျင့်ကြံမှုသည်ပင် ဝိညာဉ်ထင်ရှားခြင်းအဆင့်တွင် ရှိသောကြောင့် အထင်ကရပုဂ္ဂိုလ်များခမျာ ဤနေရာတွင် ပြဿနာတစ်စုံတစ်ရာ မကျူးလွန်ဝံ့ကြချေ။
သူမ ပေါ်လာသည်နှင့် တပြိုင်နက် နတ်ဆိုးအိုကြီးဟွာတူထက် မလျော့နည်းသော ရောင်ဝါတစ်ခု ပျံ့နှံ့သွားသည်။ ရှကျင်းယွီက ကယ်တင်ရှင်ကို တွေ့ရှိလာကာ၊
“ မိန်းကလေးလော ... မင်းအချိန်မီ ရောက်လာတယ် ... ဒီစုဆိုတဲ့ အမျိုးယုတ်က ဥပဒေမဲ့တဲ့ လုပ်ရပ်နဲ့ ငါ့ကိုသတ်လုနီးပါးပဲ။ ”
-ဟု တိုင်တမ်းလိုက်သည်။
“ သခင်လေး မထိတ်လန့်ပါနဲ့ ဒီည ဘာဖြစ်သွားလဲဆိုတာကို ငါ ရှင်းပြပေးပါမယ်။ ”
သူမ စကားပြောနေစဉ် စုရီကို လှည့်ကြည့်ကာ၊
“ မိတ်ဆွေလေး၊ ငါပြောတာကို မင်းဘယ်လိုထင်လဲ။ ”
-ဟု မေးမြန်းလိုက်၏။
သူမ၏ အသုံးအနှုန်းတွင် လူသတ်ရန် ရည်ရွယ်ချက် မရှိသော်လည်း မမြင်နိုင်သော ဖိအားရှိနေသည်။ စုရီမှပြုံး၏။
“ တိုက်ဆိုင်လိုက်တာ ... ငါလည်း ဖြေရှင်းချက် တစ်ခုလိုချင်နေတာ ငါ့မိတ်ဆွေကို အသတ်ခံရလုနီးပါးပါပဲ ...
... ဒီညကျေနပ်လောက်တဲ့ ရှင်းပြချက်မျိုး မပေးနိုင်ရင် ဒီမျှော်စင်ကို ငါဖြိုဖျက်ပစ်မယ်လို့ ကတိပေးတယ်။ ”
“ ဟား ဟား ဟား ... ဒီနေရာကို ဖြိုချမို့လား။ ”
ရှကျင်းယွီက ရယ်မောလိုက်၏။ ဤလူငယ်သည် ရူးနေပုံရသည်။ မိန်းကလေး လောသည်ပင် အံ့အားသင့်ပြီး မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွား၏။
“ မိတ်ဆွေလေး ... မင်းဟာသက ရယ်စရာမကောင်းဘူး ... သခင်လေးစစ်ခုန်ကို အရင်လွှတ်ပေးရင် ... ဒီညကိစ္စကို မင်းဘယ်လို ဖြေရှင်းရမလဲဆိုတာ ငါလမ်းညွှန်ပေးမယ်။ ”
သူမစကားကြောင့် စုရီက မျက်ခုံးပင့်လိုက်သည်။
“ ဒီအမှိုက်ရဲ့အသက်နဲ့ မင်းကို ငါခြိမ်းခြောက်မယ်လို့ ထင်နေတာလား။ ”
“ မိတ်ဆွေလေး၊ လက်ရှိ အခြေအနေကို မင်းနားလည်သင့်ပြီ ဆက်ပြီးခေါင်းမာနေဦးမယ် ဆိုရင် ... မင်းအတွက် ဘာမှ ကောင်းလာမှာ မဟုတ်ဘူး။ ”
သူမ စကားဆုံးသည်နှင့် ဝိညာဉ် ထင်ရှားခြင်းအဆင့် ရောင်ဝါနှစ်ခုသည် စုရီကို ကန့်သတ်လိုက်တော့၏။
ဤအခြေအနေမျိုးသည် မူလတာအိုနယ်ပယ်ရှိ ကျင့်ကြံသူတိုင်းကို စိတ်ပျက်အားငယ်သွားစေနိုင်သည်။ သို့သော် စုရီသည် ထိုအရာကို သတိမထားမိပုံပေပင်။
“ မင်း အရမ်းတွေးနေမိပြီ ... ဒီအမှိုက်ရဲ့ အသက်နဲ့ ခြိမ်းခြောက်ဖို့ ငါ စိတ်မ၀င်စားဘူး။ ”
ရှင်းပြရန်ပျင်းလွန်းသဖြင့် စုရီတစ်ယောက် စစ်ခုန်ကိုသတ်ရန်ပြင်စဉ် မိန်းကလေးလောက ပြုံးပြီး၊
“ ဒါပေမယ့် အပြင်မှာ စောင့်ကျန်ရစ်တဲ့ မင်းရဲ့အစေခံကို ... မင်းဘာလို့ ထည့်မစဉ်းစား ရတာလဲ။ ”
-ဟု မေးမြန်းလာခဲ့သည်။
စုရီ၏မျက်ဝန်းများ ရုတ်တရက် မှေးကျဉ်းသွားတော့၏။ မိန်းကလေးလောက အနည်းငယ် ခေါင်းညိတ်လိုက်ကာ၊
“ စိတ်မပူပါနဲ့ ... မင်းအစေခံ အဆင်ပြေပါတယ် ငါက ကျေးဇူးတရားနဲ့ နာကြည်းမှုတွေကို အမြဲ ရှင်းရှင်းလင်းလင်း သိနေတော့ သူ့အတွက် အခက်အခဲတွေ ဖြစ်အောင် လုပ်မှာ မဟုတ်ပါဘူး ...
... နောက်ဆုံးတော့ ငါတို့က ရန်သူတွေမှမဟုတ်တာ ဒါပေမယ့် အဲဒါက စစ်ခုန်ရဲ့ ရှင်သန်မှုအပေါ် မူတည်တယ်။ ”
သူမ စကားကြောင့် ကူချန်နင်က စိုးရိမ်လာသည်။ ဤအမျိုးသမီးသည် မြို့တော်၌ နာမည်ကြီးနေသည်မှာ ထိုက်တန်ချေ၏။ ပါးနပ်ပြီး ချီးကျူးဖွယ်ပေပင်။
စစ်ခုန်ကို ဓားစာခံအဖြစ် ဖမ်းကာ အခြေအနေပြေလည်အောင် ဖြေရှင်းနိုင်သော အခွင့်အလမ်းသည် ဆုံးရှုံးသွားပြီဖြစ်၏။
စုရီသည် သူ့အစေခံအတွက် စစ်ခုန်၏ဘဝနှင့် လဲလှယ်ရပေတော့မည်။ ထိုအခြေအနေတွင် ဝိညာဉ်ထင်ရှားခြင်းအဆင့်မှ ကျွမ်းကျင်သူနှစ်ပါးကို ရင်ဆိုင်ရန် စုရီအတွက် အခွင့်အလမ်းမရှိနိုင်ချေ။
မိန်းကလေးလောက အောင်ပွဲခံရမည်ကို သေချာကြောင်း ပြသသည့်အနေဖြင့် နူးညံ့စွာ ပြုံးပြီး စောင့်ကြည့်နေသည်။
သို့သော်စုရီသည် သူတို့သိထားသည့် အခြေခံမူများနှင့် တိုင်းတာ၍ မရသော တစ်စုံ တစ်ယောက် ဖြစ်သည်။
“ ခြိမ်းခြောက်မှုတွေကြောင့် ... ငါဘယ်တုန်းကမှ နောက်ဆုတ်ပေးတာမျိုး မရှိခဲ့ဘူး ... အရင်က မရှိသလို အခုလည်း မရှိဘူး၊ နောင်လဲ ရှိလာမှာ မဟုတ်ဘူး ...
.... မင်းငါ့အစေခံကို သတ်ပစ်လိုက်ရင် ကောင်းကင်ဘုံက သူ့ဝိညာဉ်ကို နှစ်သိမ့်ပေးဖို့ မင်းရဲ့ဘဝတစ်ခုလုံးကို ငါအသုံးချမယ် ... မင်း မယုံရင် စမ်းကြည့်နိုင်တယ်။ ”
စကားဆုံးသည်နှင့် စုရီက လက်ဖြင့် သပ်ချလိုက်ရာ မျက်လုံးများပြူးကျယ်နေသော ဦးခေါင်းကြီး ကြမ်းပြင်ပေါ် ပြုတ်ကျလာ၏။
တစ်စုံတစ်ဦးမှ သူ့ကိုသတ်ပစ်ဝံ့မည်ဟု မယုံကြည်နိုင်သကဲ့သို့ မျက်နှာတွင် အံ့ဩစရာ အကြည့်များ ရှိနေခဲ့လေသည်။
“ ဒါ ... ။ ”
လည်ပင်းနေရာမှ စူးရှသောဓားအလင်းများ တဟုန်းဟုန်းတောက်လောင်ပြီး စမ်းရေတွင်းလို သွေးများထွက်ကျလာသည်။
ကူချန်နင်နှလုံးတစ်ခုလုံး ပြင်းစွာ တုန်ခါလျက် မျက်လုံးများ ပြူးကျယ်သွား တော့၏။ ထိုမှသာ စုရီပြောခဲ့သည့်စကားသည် အမှန်ဖြစ်ကြောင်း သူသဘောပေါက် သွားခဲ့သည်။
သူသည် စစ်ခုန်အသက်နှင့် ခြိမ်းခြောက်ရန် လုံးဝ မတွေးထားချေ။ ဓားစာခံများ အချင်းချင်း လဲလှယ်ရန်နည်းလမ်းသည် သူပုံစံမဟုတ်ဘဲ သူသတ်လိုသူကို သတ်မည်ဖြစ်သည်။
“ မင်း ... ။ ”
မိန်းကလေးလော၏ နူးညံ့လွန်းသော မျက်နှာသည် ရုတ်တရက် ပြောင်းသွားတော့၏။ သည်လူငယ်သည် ဤမျှ ပြတ်ပြတ်သားသားနှင့် ရက်စက်ကြမ်းကြုတ်သူတစ်ဦး ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူမဘဝတွင် ထိုသို့သော မဆင်မခြင် အကျင့်စရိုက်မျိုး ရှိသူများကို ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
“ သခင်ငယ် ... ။ ”
နတ်ဆိုးအိုကြီးဟွာတူက တခဏမျှ မှင်သပ်နေရာမှ ထိတ်လန့်တကြား အော်ဟစ် လိုက်သည်။
“ ငါမင်းကိုသတ်မယ်။ ”
မျက်လုံးများနီရဲလျက် နှလုံးသားထဲ အချိန်အတော်ကြာအောင် မျိုသိပ်ထားခဲ့သော လူသတ်ချင်စိတ်က ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲလာသည်။
“ မကောင်းတော့ဘူး။ ”
ကူချန်နင်က အော်ဟစ်လိုက်သည်။ မူလနန်းတော်နယ်ပယ်တွင်ရှိသော စုရီသည် ရူးသွပ်နေသော ဤနတ်ဆိုးအိုကြီးဟွာတူကို မည်သို့တွန်းလှန်နိုင်မည်နည်း။
တုံ့ဆိုင်းမနေတော့ဘဲ အံကြိတ်လျက် သူ့လက်ဖဝါးတွင် တိတ်တဆိတ် ဝှက်ထားသော ရွှေရောင်ဝိညာဥ်ပုတီးစေ့ကို ချေမှုန်းရန် ပြင်တော့သည်။
ထိုအချိန်တွင် မိန်းကလေးလော၏ လှပသောမျက်နှာတွင် တုံ့ဆိုင်းမှု အရိပ်အမြွက် ထွက်ပေါ်လာ၏။
စုရီ၏ပုံမှန်မဟုတ်သော တည်ငြိမ်မှုသည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားသိရှိကာ တိုက်ပွဲအတွင်း မပါဝင်ရန် ဆုံးဖြတ်လိုက်သည်။
ဤအခိုက်တွင် စုရီ၏အမူအရာသည် ဝမ်းနည်းခြင်းမရှိသကဲ့သို့ ပျော်ရွှင်မှုသည်လည်း မရှိခဲ့ချေ။
ယင်းအစား ငြိမ်သက်နေပြီး မျက်ဝန်းများအတွင်း၌ တောက်လောင်နေသော တိုက်ပွဲဝင်ဆန္ဒကို မြင်နိုင်သည်။
ရန်ဖြစ်ထိုက်သော ပြိုင်ဘက်ကို သူတွေ့ချင်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ အတွေးဖြင့် နတ်ဆိုးအိုကြီးအပေါ် တုန့်ပြန်ရန် ပြင်လိုက်စဉ်၊
“ ဟွာတူ ... ၊ ငါ့သခင်တန်ဖိုးထားတဲ့ မိတ်ဆွေလေးကို မင်းဘယ်လို ထိဝံ့နိုင်မှာလဲ။ ”
-ဟူသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
“ ဘန်း ... ။ ”
ပေါက်ကွဲသံကြီးနှင့်အတူ မီးခိုးရောင်အရိပ်တစ်ရိပ် ဟွာတူနှင့် စုရီကြား ထွက်ပေါ်လာသည်။
ပေါက်ကွဲမှုကြောင့် ဝိညာဉ်ထင်ရှားခြင်း အဆင့် စွမ်းအားများသည် လှိုင်းအသွင် ပျံ့ကား သွားလေသည်။ ခန်းမကို ဖုံးအုပ်ထားသည့် တားမြစ်ဝင်္ကပါ အသက်ဝင်လာခဲ့၏။
“ ဟမ့် ... ။ ”
မိန်းကလေးလော မျက်နှာအနည်းငယ် ပြောင်းလဲသွားပြီး ဝင်္ကပါပြားကိုထုတ်ယူကာ ချက်ချင်း အသက်သွင်းလိုက်ရသည်။
မျှော်စင်အောက်ခြေမှ များပြားလှသော တားမြစ်စွမ်းအားများ တဟုန်ထိုး ထွက်လာပြီး ခန်းမတစ်ခုလုံးကို ဖုံးအုပ်သွားလေသည်။
တိုက်ပွဲ၏ နောက်ဆက်တွဲ လှိုင်းများမှာ ချက်ချင်းစုပ်ခံလိုက်ရ၏။ သို့တိုင် လူအများမှာ သက်ရောက်မှုဒဏ်ကို ခံခဲ့ရသေးသည်။
“ ဘုန်း ... ။ ”
တိုက်ပွဲနှင့် အနီးဆုံးတွင် ရှိနေသော ရှကျင်းယွီနှင့် အမျိုးသမီးသည် ဒုတိယအကြိမ် နံရံဖြင့်ထိမှန်ကာ ကြမ်းပြင်ပေါ် ပြန်လည် ပြုတ်ကျသွား၏။
ကူချန်နင်က ခွန်အားရှိသမျှကို ထုတ်ဖော်ကာ နောက်ဆက်တွဲ လှိုင်းများအပေါ် ချက်ချင်း ဖြေရှင်းနိုင်ခဲ့သည်။
ပေါက်ကွဲမှု၏ ဗဟိုချက်ဖြစ်သော နတ်ဆိုးအိုကြီးဟွာတူခမျာ နောက်သို့ပြန်လည် ဆုတ်ခွာပေးလိုက်ရ၏။
“ အဟွတ် ... အဟွတ် ... ဝေါ့ ... ။ ”
ခြေလှမ်းတိုင်းတွင် မျက်နှာဖြူဖျော့လျက် ကိုးလှမ်း လှမ်းယူပြီးနောက် မထိန်းနိုင်တော့ဘဲ ချောင်းဆိုးကာ သွေးများအန်ချေပြီ။
အဆုံးတွင် ထိတ်လန့်နေသော အကြည့်ဖြင့် ဝင်ရောက်စွက်ဖက်သူထံ ပြန်မော့ကြည့်မိသည်။ ဤသက်ရောက်မှုစွမ်းအားသည် အလွန် ကြောက်စရာကောင်းချေပြီ။
ပေါက်ကွဲအတွင်း အခိုးအငွေ့များနှင့် ဖုန်မှုန့်များ ပါးလျကာ လေဟာနယ်ငြိမ်သက် သွားပြီးနောက် မီးခိုးရောင်ဝတ်ရုံဖြင့် အဖိုးအို တစ်ဦး ရပ်နေသည်ကို မြင်လိုက်ရ၏။
ပိန်လှီနေသော ထိုအဖိုးအိုရုပ်သွင်သည် သာမန်ဆန်နေပြီး လူအများကြား ထားရှိခဲ့သော် လွယ်လင့်တကူ ပျောက်ကွယ်နိုင်သည်။
“ ဒါ ... ။ ”
သို့သော် အဖိုးအိုကို မြင်သည်နှင့် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှသော တေးဆိုငှက်ကလေးများ မျှော်စင်ပိုင်ရှင်သည် စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားခဲ့၏။
“ အကြီးအကဲ(၉) … ။ ”
ဒဏ်ရာများ ဖုံးလွှမ်းနေသော ရှကျင်းယွီတစ်ယောက် မယုံနိုင်လောက်အောင် ထိတ်လန့်သွားချေပြီ။
သူ့ဘေးရှိ အမျိုးသမီးသည်လည်း မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်သော အကြည့်များဖြင့် တကိုယ်လုံး တုန်ရင်နေခဲ့တော့သည်။
စုရီသည် ရုတ်တရက် မျက်ခုံးပင့်ကာ တစ်စုံတစ်ယောက်အကြောင်း တွေးမိလာခဲ့၏။ ယနေ့ မြို့တံခါးရှေ့တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် စကားစမြည်ပြောရန် သူ့ထံ ချဉ်းကပ်ခဲ့ဖူးသည်။
ထိုအချိန်က သက်လတ်ပိုင်းအရွယ် အမျိုးသားအနီးတွင် ဝိညာဉ်ထင်ရှားခြင်းအဆင့် အစေခံတစ်ဦး ရှိနေသည်ကို ပြန်၍ သတိရလာတော့၏။
***