← Chapters

မလုံလောက်ဘူး ... ။

Vol. 34 Ch. 407

မလုံလောက်ဘူး ... ။

Vol. 34 Ch. 407

ခန်းမအတွင်း နေရာတိုင်းတွင် အပျက်အစီးများနှင့်သွေးများ စွန်းထင်းနေကာ မီးခိုးရောင်ဝတ် အဘိုးအိုက ရပ်နေ၏။

နတ်ဆိုးအိုကြီးဟွာတူ၏ မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်နေသော အကြည့်များ ဖြစ်ပေါ်လာခဲ့သည်။

မီးခိုးရောင်ဝတ် အဘိုးအိုသည် သူအပါအဝင်လူတိုင်းကို လျစ်လျူရှုလျက် အဝတ်အစားများ သပ်ရပ်အောင် ပြုပြင်ကာ စုရီဘက်သို့ လှည့်ကာ၊

“ ဒီအဖိုးကြီးဝမ်လျူက သခင်လေးနဲ့ တွေ့ခွင့်ရတာ ဂုဏ်ယူပါတယ်။ ”

-ဟု နှုတ်ဆက်လိုက်တော့သည်။

လူတိုင်း တုန်လှုပ်သွားကြလေသည်။ အထူးသဖြင့် မိန်းကလေးလောသည် သူမ၏ လှပသောမျက်လုံးများ ပြူးကျယ်လျက် နှလုံးသားထဲ လှိုင်းထန်လာ၏။

သူမသည် တော်ဝင်မြို့တော်တွင် နှစ်ပေါင်းများစွာနေထိုင်ပြီး အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာသည်။

ဝိညာဉ်တာအိုနယ်ပယ်အဆင့် ကျွမ်းကျင်သူများသာလျှင် သူမ မျက်စိကို ဖမ်းစားနိုင်၏။

သို့သော် သူမ၏ အခြေအနေအရ မီးခိုးရောင်ဝတ်လုံနှင့် အဘိုးအိုကို မြင်သောအခါ ‘အကြီးအကဲ(၉)’-ဟု လေးစားစွာ ဆက်ဆံလိုက် သော်လည်း သူမကိုလျစ်လျူရှုပြီး ထိုလူငယ်ထံ နှုတ်ဆက်နေချေပြီ။

စုရီသည် တည်ငြိမ်လွန်းနေသည်မှာ အမှန်တကယ်ပင် အားကိုးစရာ ရှိနေကြောင်း သူမ သဘောပေါက်လာသည်။

သာမန်လူတစ်ဦးမျှသာ ဆိုသော် အကြီးအကဲ(၉)ကဲ့သို့သော တစ်စုံတစ်ဦးသည် ဤသို့အလေးထားဆက်ဆံမည် မဟုတ်ချေ။

နတ်ဆိုးအိုကြီးဟွာတူခမျာ နှလုံးသား တစ်ခုလုံးနစ်မြုပ်သွားသည့် ခံစားချက်နှင့်အတူ သူ့‌ရှေ့မှ မြင်ကွင်းထံကြည့်နေခဲ့သည်။ တစ်ခုခု မှားယွင်းနေကြောင်း သိသာချေ၏။

“ နဝမအကြီးအကဲ၊ မင်း ... မဟာကျိုးရဲ့ လေလွင့်ကျင့်ကြံသူကို ဘယ်လိုများ ဂါရဝပြုနိုင် ရတာလဲ။ ”

ရှကျင်းယွီမှ မယုံကြည်နိုင်စွာ မေးမြန်းလိုက်တော့၏။

“ သခင်လေး ... တော်ဝင်မျိုးဆက် တစ်ယောက်က နတ်ဆိုးတွေနဲ့ ပေါင်းသင်းခွင့် မရှိဘူးဆိုတာ မေ့နေတာလား။ ”

မီးခိုးရောင် ၀တ်စုံနှင့် အဘိုးကြီးက သက်ပြင်းချလျက်၊

“ မင်းအခု ကောင်းကောင်း အိပ်သင့်နေပြီ မင်းနိုးလာရင် မင်းအဖေက ဒီညအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အဖြေပေးလိမ့်မယ်။ ”

-ဟုဆိုကာ လက်ကိုမြှောက်ကာ ညွှန်ပြလိုက်သည်။

“ ရွှပ် ... ။ ”

စွမ်းအင်အလင်းတန်းတစ်ခု ပြေးထွက်လာပြီး ရှကျင်းယွီအပေါ်ထိမှန်ကာ ချက်ချင်း သတိလစ် လဲကျသွားတော့၏။

သူ့ဘေးရှိ အမျိုးသမီးက အလွန် ထိတ်လန့်သွားကာ အေးစက်သောချွေးများဖြင့် တုန်တုန်ယင်ယင် ဖြစ်လာခဲ့သည်။ သူမ ကူညီချင်သော်လည်း မလှုပ်ဝံ့သည်မှာ သဘာဝပေပင်။

“ သခင်လေး၊ သူတို့တွေကို ဘယ်လို ဆက်ဆံသင့်တယ်လို့ ထင်လဲ။ ”

ဝမ်လျူက နှိမ့်ချမှုနှင့် ရိုသေလေးစားမှု အရိပ်အမြွက်ပါရှိသောအမူအရာဖြင့် စုရီကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။

ထိုစကားကိုကြားပြီးနောက် နတ်ဆိုးအိုကြီးဟွာတူက စိတ်လှုပ်ရှားသွားကာ၊

“ ငါ့ကောင်းကင်မိစ္ဆာဂိုဏ်းက မင်းကို ဘယ်တုန်းကမှ မစော်ကားဖူးပေမယ့် ဒီနေ့မှာ မင်းဝင်ရောက်စွက်ဖက်ခဲ့တယ် ... ငါ့ဂိုဏ်းရဲ့ ရန်သူဖြစ်လာဖို့ ကြိုးစားနေတာလား။ ”

-ဟု မေးမြန်းလိုက်၏။

ဝမ်လျူက သူ့ကိုလျစ်လျူရှုလျက် စုရီ၏ ဆုံးဖြတ်ချက်ကို စောင့်နေသကဲ့သို့ အနည်းငယ် ဦးညွှတ်လိုက်လေသည်။

“ မင်း ... အချိန်မှန်လာခဲ့တာပဲ။ ”

စုရီက သက်ပြင်းချသည်။ သူ့လေသံတွင် အကူအညီမဲ့သော အရိပ်အမြွက်များ ပါရှိနေ၏။ ပွင့်ပွင့်လင်းလင်းဆိုရပါမူ အနည်းငယ်ပင် ဒေါသထွက်နေခဲ့သည်။

ဝမ်လျူတစ်ယောက် ထိုမှတ်ချက်ကြောင့် ရှက်ရွံ့သော အရိပ်အယောင်များ ပြသလာကာ၊

“ သခင်လေး ... ငါလာတုန်းမှာ ဒီလိုအဖြစ်မျိုး ကြုံရလိမ့်မယ်လို့ တကယ်ပဲ မမျှော်လင့်ထားဘူး ... ဒါပေမယ့် ဒီလို အခြေအနေကိုမြင်မှတော့ မင်းအစား ငါသည်းမခံနိုင်တာ သဘာဝပဲ။ ”

-ဟု ရှင်းပြလိုက်‌တော့၏။

နဝမအကြီးအကဲ၏ သဘောထားကို အခြေခံ၍ မဟာကျိုးမှ ဤလူငယ်သည် မရိုးရှင်း လှကြောင်း မိန်းကလေးလောခမျာ ပို၍ သေချာလာခဲ့သည်။

“ ဒါဆို ... ငါဘာဆက်လုပ်သင့်တယ်လို့ မင်းထင်လဲ။ ”

စုရီက ငြင်းခုန်ခြင်း မပြုတော့ဘဲ မေးမြန်းသည်။ ဝမ်လျူတစ်ယောက် တခဏမျှ စဉ်းစားကာ နတ်ဆိုးဟွာတူထံ လှည့်ကြည့်လျက်၊

“ လူအိုကြီးဟွာတူ၊ မင်းငါ့ကို အသက်တစ်ချောင်း ငှားပါလား။ ”

-ဟု တောင်းဆိုလိုက်တော့သည်။

ထိုတောင်းဆိုချက်ကြောင့် ဟွာတူသည် တစ်ခုခုမှားနေခဲ့မှန်း သဘောပေါက်သွားကာ ဆက်မနေဝံ့တော့ဘဲ ချက်ချင်းလှည့်ပြေး၏။

“ ဝှစ် ... ။ ”

ဝိညာဉ်ထင်ရှားခြင်း အဆင့်မှ ကျွမ်ကျင်သူတစ်ဦးသည် လွတ်မြောက်လိုလျှင် မဟာရှ၌ မည်သူမျှ မတားနိုင်ချေ။

ဟွာတူက သွေးအလင်းတန်းအဖြစ် ပြောင်းသွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွား တော့၏။ မည်သူမျှ တုံ့ပြန်ရန် အချိန်မရှိချေ။ သို့သော် ဝမ်လျူက ခေါင်းယမ်းလျက် လေထဲ လှမ်းဆွဲလိုက်လေသည်။

“ ဘန်း ... ။ ”

ခန်းမအပြင်ဘက် အဝေးတစ်နေရာတွင် ဝင်္ကပါစွမ်းအားနှင့် ဖွဲ့စည်းထားသော လက်ဖဝါး တစ်ဖက် ရုတ်တရက်ထွက်ပေါ်လာ၏။

လေဟာနယ် ပျက်ပြယ်သွားကာ ပရမ်းပတာဖြစ်လာပြီး ဟွာတူကို ယင်ကောင် ကဲ့သို့ ဖမ်းမိသွားသည်။

“ ဘောင်း ... ။ ”

နတ်ဆိုးဟွာတူခမျာ ရုန်းကန်ရန် အချိန်မရှိချေ။ ခန္ဓာကိုယ် ကြေမွလျက် ဝိညာဉ် ကွဲအက်သွားတော့သည်။

ထိုမြင်ကွင်းက မိန်းကလေးလောကို ထိတ်လန့်စေခဲ့ပြီး အေးစက်သော ချွေးများဖြင့် မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွား၏။

ကူချန်နင်မှာ အံ့အားသင့်သွားသည်။ ယနေ့ကမ္ဘာကြီးတွင် ဝိညာဉ်တာအိုနယ်ပယ် ဟူသည် ထိပ်တန်းအဆင့် တည်ရှိမှုများ ဖြစ်သည်။

ယခုမူကား ယင်ကောင်နှင့် မခြားချေ။ တစ်ချက်တည်းဖြင့် ကြိတ်ချေခံလိုက်ရချေပြီ။ စုရီက မျက်ခုံးပင့်ပြီး စိတ်ဝင်တစားနှင့်၊

“ ဒါဆို ... မင်းက ဝင်္ကပါရဲ့စွမ်းအားကို အသုံးပြုခွင့် ရထားတာလား။ ”

-ဟု မေးလိုက်သည်။

တစ်ဖက်လူ အသုံးပြုသော ဝင်္ကပါစွမ်းအားသည် တော်ဝင်မြို့တော်ကို ဖုံးအုပ်ပေးထားသော ရှေးခေတ်တားမြစ် ဖွဲ့စည်းမှုစွမ်းအားဖြစ်၏။

မြေအောက်နဂါးသွေးပြန်ကြောနှင့် ချိတ်ဆက်ထားသည့် နတ်ဆေးအိုးကိုးလုံးကို အသက်သွင်းခြင်းဖြင့် ရရှိလာသော စွမ်းအားပေပင်။

ဝမ်လျူက လက်ချောင်းများ အချင်းချင်း ဆုပ်ကိုင်လျက်၊

“ သခင်လေးရဲ့ ဉာဏ်မျက်စိအောက်မှာ ဖုံးကွယ်ထားလို့ မရဘူးဆိုတာ ... ငါသိပါတယ် ဒါပေမယ့် ငါ့ရဲ့ကျင့်ကြံမှုအရ ဒီဖွဲ့စည်းမှုရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကိုသာ ထိန်းချုပ်နိုင်ပါတယ်။ ”

-ဟု ဝန်ခံလာသည်။

ဤတိုက်ခိုက်မှုအပြီးတွင် ဝင်္ကပါကို အချိန်တိုအတွင်း ပြန်သုံးရန် ခက်ခဲပေလိမ့်မည်။ သူ့အသွင်သည် ငြိမ်သက်နေပုံရသော်လည်း မျက်ခုံးနှင့် နဖူးပေါ်တွင် ချွေးများဖြင့် ဖုံးလွှမ်းနေခဲ့၏။

“ ဒါပေမယ့် ... မင်းရန်သူကိုသတ်ပြီး မင်းရဲ့ဒေါသကို ငြိမ်းသတ်ပေးနိုင်တယ်ဆိုရင် ဒါက ဘာမှ မဟုတ်ပါဘူး။ ”

“ မင်းက ဝိညာဉ်ထင်ရှားခြင်းအဆင့် တစ်စုံတစ်ယောက်ကို သတ်ပစ်လိုက်ပြီး... ငါစုရီ မင်းရဲ့သခင်ကို ကျေးဇူးအများကြီး တင်စေချင်တာလား။ ”

ထိုမေးခွန်းကြောင့် ဝမ်လျူက ထိတ်လန့်သွားပြီး အမူအရာပြောင်းသွားကာ၊

“ သခင်လေး ... ဒီရိုးသားမှုက မလုံလောက်ဘူးလို့ မင်းထင်နေတာလား။ ”

-ဟု ထိတ်လန့်တကြား မေးလိုက်၏။

“ သေချာတာပေါ့ ... ဒီည မင်းမလာခဲ့ရင်တောင် ဒီနတ်ဆိုးအဖိုးကြီးက အသက် မရှင်နိုင်ပါဘူး ဒါပေမယ့် မင်းငါ့ကို ကူညီပေးခဲ့တယ် ဒါကြောင့် ငါကျေးဇူးတင်ရမှာ သဘာဝပါပဲ။ ”

ထို့နောက် စုရီက ခေါင်းယမ်းကာ၊

“ ​ဒါပေမယ့် မင်းရဲ့ အကူအညီက အခြားရည်ရွယ်ချက်တွေနဲ့ ရောနှောသွားတဲ့ အတွက် သနားစရာပဲ ... သေချာပေါက် မလုံလောက်ဘူး။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

ဝမ်လျူကူညီရသည့် အကြောင်းရင်းသည် မြို့တော်ကို လွှမ်းခြုံထားသော ရှေးဟောင်း ဝင်္ကပါ စွမ်းအားနှင့် ဆက်စပ်နေသည်။

ထို့ကြောင့် ဤအခြေအနေအတွက် ကျေးဇူးတင်မည် မဟုတ်ချေ။ အကြီးအကဲဝမ်က ခဏမျှစဉ်းစားပြီး ခေါင်းညိတ်ပြကာ၊

“ တကယ်တော့ ... မင်းရဲ့အရည်အချင်းနဲ့ ယှဉ်ရင် ငါပြသခဲ့တဲ့ ရိုးသားမှုဟာ တကယ့်ကို မလုံလောက်ပါဘူး။ ”

-ဟု ဝန်ခံလိုက်တော့၏။

သူတို့စကားဝိုင်းကို နားထောင်နေသော ကူချန်နင်တစ်ယောက် မျက်ခုံးပင့်သွားသည်။ ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူကို သတ်ပစ်ခြင်းသည် အထင်ကြီးလောက်စရာ မဟုတ်သည်လော။

ထိုသူနှစ်ဦးကြား စကားပြောဆိုမှုကို သူနားမလည်နိုင်တော့ချေ။ မိန်းကလေးလောမှ တုန်လှုပ်သွားပြီး ချက်ချင်း ရှေ့သို့လှမ်းတက် လိုက်ကာ၊

“ တာအိုမိတ်ဆွေ၊ ငါအရင်က မျက်မမြင်ဖြစ်ခဲ့ပါတယ် ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”

-ဟု တောင်းပန်လိုက်တော့သည်။

သူမအသံတွင် စိုးရိမ်စိတ်နှင့် နာကျည်းနေပုံရ၏။ သူမကဲ့သို့ လူတစ်ဦးသည် အမည်မသိ လူငယ်ကို ဦးညွှတ်ရသည်မှာ မည်မျှ အားကိုးရာမဲ့နေသည်ကို တွေးကြည့်နိုင်မည်။

သို့သော် သူမဘက် လှည့်လာပြီး ခေါင်းဖြတ်ခံရသည်နှင့် ယှဉ်သော် အနည်းငယ် အဆင်ပြေပေသည်။ စုရီက သူမကို တစ်ချက် ကြည့်လိုက်ပြီး၊

“ သူတစ်ပါးရဲ့ စွမ်းအားကို အသုံးချဖို့ ငါဘယ်တုန်းကမှ စိတ်မဝင်စားဘူး မကျေနပ်ရင် မင်းငါ့ဆီလာနိုင်တယ်။ ”

-ဟု ပြောကြားလိုက်၏။

မိန်းကလေးလော၏ သိမ်မွေ့သော ခန္ဓာကိုယ်သည် တုန်ရင်လာပြီးနောက် ခေါင်းငုံ့ သွားကာ၊

“ မင်းရဲ့ ခွင့်လွှတ်မှုအတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ နောက်ထပ် မဝံ့တော့ပါဘူး။ ”

-ဟု ပြောကြားလိုက်လေသည်။

စုရီက သက်ပြင်းချလိုက်၏။ မည်မျှ သင့်လျော်သော ပြိုင်ဘက်ပေနည်း။ သို့သော် ကံမကောင်းစွာဖြင့် သူမသည် ဝမ်လျူကို ကြောက်ကာ နောက်ဆုတ်သွားသည်။

ထိုအတွေးဖြင့် စကားပြောရန် ပျင်းရိသွားကာ ကူချန်နင်ထံလျှောက်လှမ်းလျက် သတိလစ်နေသော ယွီရှစ်ချန်ကို ထမ်းယူလိုက်သည်။

“ ကျေးဇူးအများကြီးတင်ပါတယ်။ ”

စုရီ၏ ကျေးဇူးတင်စကားကြောင့် ကူချန်နင်မှ ခါးခါးသီးသီးပြုံးကာ၊

“ ငါအများကြီး မကူညီခဲ့ပါဘူး မင်းကို ကျေးဇူးဆပ်ဖို့ အကြွေးတင်ခဲ့တဲ့အတွက် ဒါကို လုပ်သင့်တယ် မဟုတ်လား။ ”

“ ဒါဆို ဒီအတိုင်းထားရအောင် ... နောင်မှာမင်းအတွက် ဒုက္ခရောက်လာခဲ့ရင် ငါ့ဆီလာနိုင်တယ်။ ”

ထိုနောက် စကားပြောရမည်ကို ပျင်းရိလာကာ စုရီတစ်ယောက် အခန်းထဲမှ ထွက်ခွာသွားတော့သည်။

“ သခင်လေး ... ငါ့သခင် မင်းကို ဒီညတွေ့ချင်နေတယ် ... ။ ”

ဝမ်လျူမှ လှမ်းအော်သည်။ စုရီက လှည့်မကြည့်ဘဲ၊

“ ဒီည ငါမအားဘူး၊ နောက်နေ့ လာခဲ့။ ”

-ဟု တုန့်ပြန်သွား၏။

ဝမ်လျူက စုရီပုံရိပ် ပျောက်ကွယ်သွားသည်အထိ ငေးကြည့်ကာ နှာခေါင်းကို ပွတ်သပ်လိုက်သည်။

“ တစ်စုံတစ်ယောက်က သူ့ရဲ့ အရည်အချင်းကြောင့် မာနကြီးပြီး လျစ်လျူရှု ခံလိုက်ရတာ စိတ်ပျက်စရာပဲ။ ”

ဤလူငယ်သည် မောက်မာလွန်းချေ၏။ သို့သော် ကံမကောင်းစွာဖြင့် ဒေါသထွက်ဝံ့ခြင်း မရှိချေ။

“ အကြီးအကဲလျူ ဒီသခင်လေးက ဘယ်သူလဲ၊ မင်းရဲ့အနေအထားအရ သူ့ကို ဘယ်လိုများ ... ။ ”

ထိုအချိန်တွင် မိန်းကလေးလောသည် စိတ်လက်ပေါ့ပါးလာသော်လည်း ဝမ်လျူနှင့် ရင်ဆိုင်ရသောအခါ အနည်းငယ် တုန်လှုပ်နေသေးသည်။

“ မိန်းကလေးလော ... မင်းမမေးသင့်တဲ့ မေးခွန်းတွေကို မမေးတာ အကောင်းဆုံးပဲ ဒီည ဖြစ်ပျက်ခဲ့တာတွေကို သတင်း မပြန့်စေချင်ဘူး မင်းနားလည်လား။ ”

“ ဟုတ်ကဲ့ ... နားလည်ပါတယ်၊ ဒါပေမယ့် ... ကောင်းကင်နတ်မိစ္ဆာဂိုဏ်းက စစ်ခုန်နောက်မှာ ရပ်နေတယ် ... ။ ”

သူမစကားကြောင့် ဝမ်လျူ၏ မျက်နှာပေါ်တွင် အထင်အမြင်သေးမှု အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

“ သူတို့က အမှောင်တားမြစ် စွမ်းအင် အောက်ကနေ လွတ်မြောက်လာတဲ့ နတ်ဆိုး အကြွင်းအကျန်တချို့ပါပဲ ... သူတို့သာ မြို့တော်ကို ဒုက္ခပေးဝံ့ရင် အကျိုးဆက်ကို တွေးထားသင့်တယ် ...

... ရှေးခေတ် အင်အားစုတွေထဲမှာ လျှော့တွက်လို့မရတဲ့ အင်အားစုတချို့ ရှိပေမယ့် ကောင်းကင်မိစ္ဆာဂိုဏ်းတော့ မပါပါဘူး။ ”

ထိုစကားကိုကြားပြီးနောက် မိန်းကလေးလော တစ်ယောက် သက်သာရာ ရသွားလေသည်။ ဝမ်လျူက ရှကျန်းယွီအနားရှိ အမျိုးသမီးထံ လှမ်းကြည့်ကာ၊

“ မင်းရဲ့သခင်လေးကို ပြန်ခေါ်သွား ... ဒီမှာဘာဖြစ်သွားလဲဆိုတာ သူ သိစရာမလိုဘူး နားလည်လား။ ”

-ဟု အမိန့်ပေးလိုက်၏။

“ ဟုတ်ကဲ့ ... ။ ”

အမျိုးသမီးက ခေါင်းငုံ့လျက် ရှကျန်းယွီကို ပွေ့ယူကာ ထွက်ခွာသွားတော့သည်။ အဆုံးတွင် ဝမ်လျူရုပ်သွင် ပျောက်ကွယ်သွားသည်အထိ မိန်းကလေးလောမှ ငေးကြည့်နေခဲ့မိ၏။

ပြီးနောက် ပျက်စီးသွားသော သွေးစွန်းနေသည့်ခန်းမကို ဝေ့ဝဲကြည့်ကာ နှလုံသားတစ်ခုလုံး ခါးသက်သွားသည်။

ယနေ့တွင် နတ်ဆိုးတစ်ကောင်ကို မှားယွင်းပြီး စော်ကားမိခဲ့လေသည်။ တေးဆို ငှက်ကလေးများ မျှော်စင်အတွက် ကြီးစွာသော ဆုတ်ယုတ်မှုမည်ချေ၏။

***

All Chapters