← Chapters

ကောင်းကင်ဒေသ

Vol. 018 Ch. 1764

ကောင်းကင်ဒေသ

Vol. 018 Ch. 1764

မျက်စိတစ်မှိတ်အတွင်းမှာပင် ခုနှစ်ရက်ကုန်ဆုံးသွားခဲ့သည်။ကောင်းကင်အာဏာစက်မြို့တော်တွင် ကျင့်ကြံသူအများအပြားရောက်ရှိနေသောကြောင့်စည်ကားလျက်ရှိသည်။ သူတို့သည်ကောင်းကင်အာဏာစက်ကျောင်းတော်တည်ရှိရာ မြို့လယ်သို့ဦးတည်သွားနေကြသည်။လွန်ခဲ့သောခုနှစ်ရက်က ထိုက်ချူတော်ဝင်မြေဟု လူသိများသည့် ကောင်းကင်ဒေသမှ အင်အားစုသည်ကျင့်စဉ်များသင်ကြားခွင့်ကို လိုချင်သည့်အတွက် မောက်မာဝံ့ကြွားစွာ ကောင်းကင်အာဏာစက်ကျောင်းတော်သို့ရောက်ရှိလာခဲ့ကြသည်။ သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်၏နေရာကိုရယူလိုပြီး ကောင်းကင်အာဏာစက်ဘုံတွင် လမ်းစဉ်များကို သင်ကြားမည့်သူများဖြစ်လိုကြသည်။

လွန်ခဲ့သည့်ရက်အတော်အကြာက စားသောက်ဆိုင်တစ်ဆိုင်တွင်သူတို့သည် သူတို့၏ကြီးမားသောခွန်အားကို ပြသခဲ့ကြောင်းသိရသည်။ယခုဆိုလျှင် ရီဖူရှင်းကို အထင်ကြီးခဲ့သည့်သူများပင်လျှင် စိုးရိမ်စပြုလာကြသည်။

ထိုက်ချူတော်ဝင်မြေသည် အလွန်ပင်အားကောင်းလှသည်။ သူတို့သည် မြစ်ကို ဖြတ်သန်းလာသော နဂါးအသွင်ဖြင့် ကောင်းကင်ဒေသမှ ဆင်းသက်လာကြသည်။

အကယ်၍ အင်အားစုနှစ်ခု တိုက်ပွဲဖြစ်ပွားပါက ကောင်းကင်အာဏာစက်ကျောင်းတော်၏လက်ရှိမဟာမိတ်များ၏အင်အားဖြင့်  ထိုက်ချူတော်ဝင်မြေပင်လျှင် အခွင့်အရေးရရှိမည်မဟုတ်ပေ။သို့သော် သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို မပျက်စီးစေချင်ကြပေ။သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဝင်ရောက်ပြီး ၎င်း၏အရှင်သခင်ဖြစ်လာရန်သို့မဟုတ် အစားထိုးရန်သာဆန္ဒရှိကြသည်။

ဤအခြအနေတွင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် ၎င်းတို့၏မဟာမိတ်များအားလုံးနှင့်ပေါင်းစည်း၍ သူတို့အားဝန်းရံဖိနှိပ်ရန်မဖြစ်နိုင်ပေ။ဤသည်မှာ ကောင်းကင်ဒေသမှတော်ဝင်မြေနှင့် ကောင်းကင်အာဏာစက်ဘုံတို့၏ တိုက်ပွဲတစ်ခုပင်ဖြစ်သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်သည် ဖိအားများအောက်ရောက်နေသော်လည်း သူတို့သည် သင်ကြားခြင်းကို ဆက်ထိန်းသိမ်းထားနိုင်မည်ဆိုလျှင် ထိုသူတို့အတွက် ကြီးမားသောတုန်လှုပ်ဖွယ်ဖြစ်ဆဲဖြစ်ပေလိမ့်မည်။

နောက်ဆုံးတွင် ထိုက်ချူတော်ဝင်မြေသည် ဤနေရာတွင် သင်ကြားလိုသည်။  ဤသို့သင်ကြားခြင်းမှာ ယာယီမဟုတ်ပေ။သူတို့သည် ဤနေရာတွင်အချိန်ကြာမြှင့်စွာရှိနေမည်ဖြစ်သည်။တဖြည်းဖြည်း သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်၏နေရာတွင်ဝင်ရောက်အစားထိုးသွားမည်ဖြစ်သည်။

ထို့ကြောင့် ကောင်းကင်အာဏာစက်မြို့မှ လူများသည် ဤတိုက်ပွဲကိုအာရုံစိုက်ခဲဲ့ကြသည်။အရုဏ်တက်ချိန်တွင် အနယ်နယ်အရပ်ရပ်မှ ကျင့်ကြံသူများသည် လူပင်လယ်ကဲ့သို့ ကောင်းကင်အာဏာစက်ကျောင်းတော်၏အပြင်ဘက်တွင်စုဝေးရောက်ရှိနေကြသည်။

လူတိုင်းသည် ကျောင်းတော်၏ထိပ်တွင် ရေးထိုးထားသည့်စာလုံးကိုကြည့်နေကြသည်။ကြီးမားသည့်လူသွားလမ်းမှ အလင်းရောင်သည် အဆုံးမဲ့ဧရိယာကိုဖုံးလွှမ်းသွားပြီးလူတိုင်းသည်အံ့ဩဖွယ်ကောင်းသည့်စိတ်ခံစားမှုကို ခံစားရနိုင်သည်။ကျောင်းတော်တည်ထောင်စဉ်အခါက အရှင်ထိုက်ရွှမ်ရေးထိုးထားသည့်စာလုံးကိုသူတို့အားလုံးမှတ်မိကြသည်။

ကျောင်းတော်တည်ထောင်ချိန်မှစ၍ အခက်အခဲတိုက်ခိုက်မှုများစွာကို ဖြတ်သန်းခဲ့ရသည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ ကျော်ဖြတ်နိုင်ပေမည်လားဆိုသည်ကို သူတို့မသိကြပေ။

ထိုအခိုက် ရီဖူရှင်းနှင့်ဟွာဂျီယူတို့သည်ကျောင်းတော်အတွင်းတွင် ဟွာဖန်းလူနှင့်အတူရှိနေခဲ့ကြသည်။နန်းယူသည်လည်းထို‌နေရာတွင်ရှိနေပြီး တိတ်ဆိတ်အေးချမ်းမှုကိုခံစားနေသည်။ ဤကာလပြီးဆုံးပြီးနောက် ရီဖူရှင်းသည် သူတို့ကို သောမျိုးနွယ်စုမှ ပြန်လည်ခေါ်လာခဲ့သည်။

“ဒီနေ့ ပြဿနာတစ်စုံတစ်ရာရှိမှာလား” သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်၏အလယ်၌ ရှိနေကြသော်လည်းကျင့်ကြံသူများသည် အကြားအာရုံကောင်းမွန်ကြပြီး ဟွာဖန်းလူသည်  အဝေးမှလာသော အသံများကို ယဲ့ယဲ့ကြားနိုင်သည်။လူများသည် တစ်ခါတစ်ရံ အပြင်ဘက်မှ လေထဲသို့ ခုန်တက်ကာ ကျောင်းတော်ဆီသို့လာနေကြသည်။သို့သော် သူတို့သည်ကျောင်းတော်အထက်ကို တိုက်ရိုက်ပျံသန်းမလာရဲဘဲ အပြင်ဘက်၌သာ ဆင်းသက်ခဲ့သည်။

“ ပြဿနာနည်းနည်းလေးပါပဲ။ မဟုတ်ရင် ကျွန်တော်က ဆရာ့တပည့် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရီဖူရှင်းက ဟွာဖန်းလူကိုမေးလိုက်သည်။

“အင်း...” ဟွာဖန်းလူက ခေါင်းညိတ်လိုက်သည်။သူသည် ရီဖူရှင်း၏ ကြွားဝါခြင်းစွမ်းရည်ကို သိရှိပြီးဖြစ်သည်။ မည်သို့ပင်ဆိုစေ ရီဖူရှင်းသည် သူ၏တပည့်ဖြစ်သောကြောင့် ထိုစွမ်းရည်သည်သူ့ဆီမှရရှိခဲ့ခြင်းဖြစ်ပေသည်။

“အရှင်ဒွန်ဟောင်က ချင်းကျူမြို့ကနေ အဝေးကိုရောက်နေတာကို ငါသိပေမယ့် သူဒီလောက်ဝေးဝေးရောက်နေမှန်းငါမသိခဲ့ဘူး။ အခု မင်း ကောင်းကင်ဒေသနှင့်နောက်ဆုံးမှာ အဆက်အသွယ်ရလာပြီး ကောင်းကင်ဒေသက အဲ့ဒီထိပ်သီးအင်အားစုတွေက မင်းကို ဖိအားပေးလာလိမ့်မယ်” ဟွာဖန်းလူကပြောလိုက်သည်။ သူသည် ရီဖူရှင်းသည်မည်သူဖြစ်သည်ကို သေချာမသိသော်လည်း သူသည်အင်ပါယာရီချင်နှင့် ဆက်နွယ်နေသည်ကို သူသိထားသည်။

ထို့ကြောင့် သူ၏အမြင်တွင် ကောင်းကင်ဒေသမှလာသောထိုအင်အားစုများပင်လျှင် သူ၏လမ်းကြောင်းကိုတားဆီးနိုင်မည်မဟုတ်‌ပေ။

ရီဖူရှင်းက မယုံကြည်ဟန်နှင့် ပခုံးတွန့်ပြီးပြောလိုက်သည် “ ဆရာ အဲ့ဒီကိစ္စတွေကို စိတ်ပူနေစရာမလိုပါဘူး ကျွန်တော် သူတို့ကို ကိုင်တွယ်လိုက်ပါ့မယ်...”

“ဟုတ်ပြီ” ဟွာဖန်းလူသည် ဤကိစ္စကို နောက်ထပ်ကူညီတော့မည်မဟုတ်ပေ။ သူသည်လက်ဝှေ့ယမ်းပြီးပြောလိုက်သည် “ မင်းနဲ့ ဂျီယူသွားလို့ရပြီ နန်းယူ ဒီမှာနေခဲ့”

“ကောင်းပါပြီ...” ရီဖူရှင်းသည် ခေါင်းညိတ်ပြီးပြောလိုက်သည်။ သူသည်ဟွာဂျီယူ၏ လက်ကိုတွဲ၍ထွက်လာခဲ့သည်။ နန်းယူသည် သူတို့၏နောက်ကိုလိုက်လာချင်သော်လည်း သူမသည် ဟွာဖန်းလူ၏အမူအယာကိုကြည့်ပြီး ထိုနေရာ၌သာ နှုတ်ခမ်းစူပြီး‌ထိုင်နေခဲ့သည်။

ဟွာဖန်းလူသည် သူတို့ထွက်ခွာသွားသည်ကိုကြည့်ပြီး တိတ်တဆိတ်သက်ပြင်းချလိုက်သည်။သူသည် ဂရုမစိုက်ဘဲ စိုးရိမ်မှုကင်းသောပုံပေါ်သော်လည်း သူသည် မစိုးရိမ်ဘဲမည်သို့နေနိုင်မည်နည်း။

ဤနေရာကိုလာပြီးနောက်တွင် သူသည် သေခြင်းရှင်ခြင်းနှင့်နီးကပ်သောကာလများစွာကို ကြုံတွေ့ခဲ့ရသည်။ရီဖူရှင်းသည် သူတို့ကိုထွက်သွားခိုင်းသည့်နောက်ဆုံးအကြိမ်တွင် သူသည် တစ်ချိန်လုံးစိုးရိမ်နေခဲ့သည်။အတိတ်က တော်ဝင်ကျဲနန်းတော်မှာ ဖြစ်ပွားခဲ့သောအဖြစ်အပျက်များကဲ့သို့ ဤကောင်းကင်အာဏာစက်ကျောင်းတော်တွင် ဖြစ်မလာစေရန်မျှော်လင့်​နေခဲ့ရသည်။ သူ့အသက်အရွယ်တွင်ရှိနေသည့် မည်သူမဆို ဤကဲ့သို့ထိတ်လန့်တုန်လှုပ်စရာများကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ထိုအခိုက် ကောင်းကင်အာဏာစက်ကျောင်းတော်တွင် လူအများ အတူတကွစုဝေးရောက်ရှိနေကြသည်။ရီဖူရှင်းရောက်လာသောအခါ အားလုံး၏ မျက်လုံးများသည် သူ့အပေါ်ရောက်ရှိလာကြသည်။သူတို့အားလုံးက ဆွံ့အနေမိသည်။ ထိုသူသည် အမှန်တကယ်ပင် စိတ်အနှောက်အယှက်ဖြစ်ဟန်ပင်မတူပေ။

“ဪ မင်းတို့အားလုံးက ဒီရောက်နေတာပဲ” ရီဖူရှင်းသည် အကုန်လုံးကို ပြုံး၍ကြည့်ပြီးပြောလိုက်သည်။အင်အားစုတစ်ခုစီမှ သူ၏မျိုးဆက်အားလုံးသည် ထိုနေရာတွင်ရောက်ရှိနေခဲ့သည်။သောကျောက်၊ရှောင်မုယွီ၊နန်လော့ရှန်းနှင့်အခြားသူများပင်လျှင်ရှိနေကြသည်။ နန်လော့ရှန်းသည် ရီဖူရှင်းအား အံ့သြစွာကြည့်လိုက်သည်။သူသည် ယခုလိုအချိန်မျိုးမှာပင်အေးချမ်းမှုကိုခံစားနေရသည်လား။သူသည် အမှန်တကယ်ပင်ယုံကြည်ချက်ရှိနေသည်လား။

“အစ်ကို ကျွန်တော် နောက်ထပ်မစောင့်နိုင်တော့ဘူး။ ထိုက်ချူတော်ဝင်မြေက လူတွေက ဘာလို့ ခုထိပေါ်မလာသေးတာလဲ” သောကျောက်သည် စိတ်အားထက်သန်နေပုံရပြီး တတ်နိုင်သမျှအမြန်တိုက်ခိုက်လိုနေသည်။

သူသည်တိုက်ခိုက်ဖို့အတွက်စိတ်အားထက်သန်နေသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်တွင် အရည်အချင်းတူသော ပြိုင်ဘက်အနည်းငယ်သာရှိသည်။

ရီဖူရှင်းသည် သူ့ကိုပြုံးပြပြီးပြောလိုက်သည်။ “ဒါကိုစိတ်ပူမနေပါနဲ့ နေမင်းနန်းတော်က တိဝူနဲ့ပြိုင်ပွဲအကြောင်းကို မင်းမေ့သွားပြီလား။ ထိုက်ချူတော်ဝင်မြေက ကောင်းကင်ဒေသကပဲဆိုတော့ သူတို့ရဲ့အဓိကအဖွဲ့ဝင်တွေကလည်း သူ့ထက်တော့ အားနည်းမှာမဟုတ်ဘူး။ မင်းရဲ့ မျိုးဆက်တွေတိုက်ခိုက်ကြရင်တောင် အနိုင်ရမယ်ဆိုတာ မသေချာဘူး။ အဲ့ဒါအပြင်သူတို့ဘယ်လိုလှည့်စားမှုတွေလုပ်မယ်ဆိုတာလဲ ငါတို့မသိဘူး”

“ဘာပဲဖြစ်ဖြစ် ဒီတခါတော့ ကျွန်တော့ကိုနောက်ဆုတ်ခိုင်းဖို့ မကြိုးစားပါနဲ့အစ်ကို” သောကျောက်သည် နောက်ဆုံးအကြိမ်က မတိုက်ခိုက်ခဲ့ရ၍ တေးထားဟန်တူသည်။

“မင်းနဲ့တိုက်ခိုက်ဖို့ သင့်တော်တဲ့သူရှိရင် မင်းတိုက်ခိုက်ဖို့ အခွင့်အရေးရမယ်” ရီဖူရှင်းမှပြောလိုက်သည်။ သူသည် အဝေးကိုလှမ်းကြည့်လိုက်သည်။အရာအားလုံးသည် ထိုက်ချူတော်ဝင်မြေ၏လုပ်‌ဆောင်မှုအပေါ်မူတည်နေသည်။

သို့သော်လည်း အင်အားကြီးသူများ၏တိုက်ပွဲတွင် သူတို့ဘက်မှ အားသာမှုများရှိသည်ကို သူသိသည်။

သူ၏ဘေးမှလူများတွင် အက်ကြောင်းမဲ့နတ်ဝင်ရိုးများရှိကြပြီး သူတို့သည် အဓိကဘုံများမှ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များဖြစ်ကြလေသည်။

သူတို့သာ သူတို့၏ပြိုင်ဘက်များကို မဖယ်ရှားပစ်နိုင်လျှင် အခြားမည်သည့်ဘုံကမျှ ထိုသို့ဖယ်ရှားနိုင်မည်မဟုတ်ပေ။

“နတ်နန်းတော်ဘိုးဘေးနယ်မြေကို မင်းမှတ်မိလား” အသံတစ်သံထွက်ပေါ်လာခဲ့သည်။တစ်ယောက်က ရီဖူရှင်းအားပြောလိုက်ခြင်းဖြစ်သည်။

ရီဖူရှင်းသည် စကားပြောသူကိုကြည့်လိုက်ရာထိုသူသည် သူနှင့်ရင်းနှီးသူဖြစ်ကြောင်းတွေ့လိုက်ရသည်။ထိုသူသည် ရှန့်ရှောင်းနတ်နန်းတော်မှ ဟွမ်ကျောင်းဖြစ်သည်။သူသည်လည်း ရောက်လာခဲ့သည်။

ယခုအခါ ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ရှန့်ရှောင်းနတ်နန်းတော်တို့သည် မဟာမိတ်များဖြစ်ကြသည်။သူတို့၏ ကျင့်ကြံသူများဤနေရာတွင်ရှိနေခြင်းသည် အံ့ဩစရာမရှိပေ။

“ဒါပေါ့ ငါမှတ်မိတာပေါ့” ရီဖူရှင်းခေါင်းငြိမ့်ပြီးပြောလိုက်သည်။ ထိုကိစ္စမှာ သူ၏စိတ်ထဲ၌ စွဲထင်နေခဲ့သည်။

“ကျင့်ကြံခြင်းလောကမှာ အံ့အားသင့်စရာ ထူးခြားဆန်းကြယ်မှုတွေနဲ့ ထိပ်သီးကျင့်စဉ်တွေရှိတယ်လို့ နန်းတော်အရှင်ကပြောခဲ့တယ်။အထက်ကောင်းကင်ရဲ့ တစ်ချို့ထိပ်သီးအင်အားစုတွေမှာရှားပါးတဲ့ကျင့်ကြံရေးအရင်းအမြစ်တွေရှိနေတဲ့အတွက် သူတို့က နတ်နန်းတော်ထက်ပိုပြီးအားကောင်းကြတယ်” ဟွမ်ကျောင်းက ရီဖူရှင်းအားပြောလိုက်သည်။ “ဒါကြောင့် ငါတို့ ရန်သူကိုအထင်သေးလို့မရဘူး”

ဟွမ်ကျောင်းသည် ပုံမှန်အားဖြင့် အလွန်မာနကြီးသော်လည်း ယခုအခါ ထိုက်ချူတော်ဝင်မြေကိုရင်ဆိုင်ရန် အနည်းငယ်တွက်ဆနေပုံရသည်။သူသည် မာနကြီးသော်လည်း သူ့၏ပြိုင်ဘက်ကိုလျှော့မတွက်သင့်မှန်းသိရှိပေသည်။

အတိတ်ကိုကြည့်မည်ဆိုရင် ထိုအချိန်က ရှန့်ရှောင်းနတ်နန်းတော်မှ သူတစ်ယောက်သာလျှင် နတ်နန်းတော်ဘိုးဘေးနယ်မြေသို့ ဝင်ရောက်နိုင်ခဲ့သည်။ထို့ကြောင့် သူ့တွင် မောက်မာဝံ့ကြွားခွင့်ရှိပေသည်။

သို့သော် ယခုအခြေအနေကမူ ကွာခြားပေသည်။ ထိုက်ချူတော်ဝင်မြေတွင် သူနှင့် အရည်အချင်းတူသူများစွာရှိနေဖြစ်သည်။ ထို့ကြောင့် ထိုအခြေအနေတွင် စိတ်ကြီးဝင်ရန် အခွင့်အရေးမရှိပေ။

ရီဖူရှင်းသည် သူဘာကိုဆိုလိုသည်မှန်း နားလည်သည်။နတ်နန်းတော်ဘိုးဘေးနယ်မြေတွင် မယုံနိုင်ဖွယ်ရတနာများစွာရှိပြီး ထိုသည်များကိုရရှိသည့် ကျင့်ကြံသူများကို အက်ကြောင်းမဲ့နတ်ဝင်ရိုးကိုဖန်တီးနိုင်ခွင့်ရရှိစေသည်။

ကောင်းကင်ဒေသ၏ထိပ်သီးအင်အားစုများတွင်လည်း ထိုကဲ့သို့သောအရာမရှိနိုင်ပေဘူးလား...။

မဟာလမ်းစဉ်၏ ဘုံ၃၀၀၀အား ကောင်းကင်ဒေသမှလူများက လေဟာနယ်ဘုံဟုခေါ်ဝေါ်သည်ကို ယခု သူတို့သိရှိပြီးဖြစ်သည်။ လမ်းကြောင်းပွင့်မလာခင်က ထိုလောကနှစ်ခုမှာပိတ်ဆို့ထားခြင်းခံခဲ့ရသည်။ မရေမတွက်နိုင်သောနှစ်များအတွင်း နယ်မြေ၏ကျင့်ကြံရေးအရင်းအမြစ်အများစုမှာ အသုံးပြုပြီးနေပြီဖြစ်သည်။

ရီဖူရှင်းက ဖြေးညှင်းစွာခေါင်းငြိမ့်လိုက်သည်။ကောင်းကင်ဒေသ၏တော်ဝင်မြေများသည်လည်း အက်ကြောင်းမဲ့နတ်ဝင်ရိုးဖြင့် ကျင့်ကြံသူများအား မွေးထုတ်ပေးနိုင်ပေမည်။

ထိုအခိုက် ကောင်းကင်တွင် လေနှင့်တိမ်များ ပြောင်းလဲသွားသည်။ တောက်ပသည့်ဓားအလင်းသည် ကောင်းကင်မှဆင်းသက်လာခဲ့ပြီး တိမ်များသည် ဓားဖြင့်ခုတ်လိုက်သကဲ့သို့ ပွင့်လာသည်။ ထို့နောက် အားကောင်းသောအရှိန်အဝါများဖြင့်ပုဂ္ဂိုလ်များက ကောင်းကင်အာဏာစက်ကျောင်းတော်၏ အထက်လေထဲတွင် ဆင်းသက်လာကြပြီး နတ်ဘုရားများကဲ့သို့ရပ်တန့်လိုက်ကြကာ ကျောင်းတော်ကိုငုံ့ကြည့်လိုက်ကြသည်။

“သူတို့ဒီကိုရောက်လာကြပြီ” ကျောင်းတော်အပြင်၌ရှိနေသောလူများသည် ကောင်း‌ကင်မှ ကျင့်ကြံသူများကို မော့်ကြည့်လိုက်ကြသည်။ ထိုအခိုက်တွင်ကျောင်းတော်မှ လူတစ်စု ထွက်လာခဲ့သည်။

“သွားကြစို့” ရီဖူရှင်းသည် အခြားသူများနှင့် လေထဲသို့ခုန်တက်ရင်းပြောလိုက်သည်။မကြာခင်တွင် သူတို့သည် ကျောင်းတော်၏ထိပ်သို့ရောက်ရှိပြီး ရှေးဟောင်းနန်းတော်၏ထိပ်တွင်ရပ်တန့်လျက် သူတို့၏ရှေ့ရှိ အုပ်စုအား ကြည့်လိုက်ကြသည်။

အခြားတစ်ဖက်တွင်လည်း တေးသံသာနန်းမြို့တော်မှကျင့်ကြံသူများက ရောက်ရှိလာကြပြီး ထိုနေရာတွင်ငြိမ်သက်စွာကြည့်နေကြသည်။

ထို့အပြင် လူအုပ်အတွင်း၌ ထိပ်သီးအင်အားစုများစွာမှ ကျင့်ကြံသူများသည်လည်းရောက်ရှိနေကြသည်။ သူတို့အားလုံးသည် ကောင်းကင်ဒေသမှဖြစ်ကြသည်။ ရီဖူရှင်းအားသူအကူအညီလိုအပ်ခဲ့လျှင် သူ၏အကြီးအကဲကို ထိုနေရာတွင်ရှာနိုင်ကြောင်း ပြောခဲ့သည့်လူသည်လည်း ထိုနေရာ၌ ရှိနေလေသည်။

တေးသံသာနန်းမြို့တော်မှ လူအုပ်စုအလယ်တွင် အဘိုးအိုတစ်ဦးသည် ထိုက်ချူတော်ဝင်မြေမှ ကျင့်ကြံသူများကိုကြည့်လိုက်ပြီး သူ၏အကြည့်က နဖူးစည်းဖြင့် ဆံပင်ကိုနောက်သို့လှန်စည်းထားသည့်လူငယ်တစ်ဦးအပေါ်သို့ကျရောက်သွားသည်။ သူ၏ ထက်ရှသောစိတ်အသိက နေရာအနှံ့သို့ ဖြန့်ကျက်နေသည်။ သူသည်ထိုနေရာတွင်ရပ်နေပြီး လွှမ်းမိုးနိုင်သောကြီးကျယ်ခမ်းနားသည့် ခံစားချက်ကိုပေးစွမ်းလေသည်။

“သူက လူငယ်ဓားသမားမျိုးဆက်မှာ အရည်အချင်းအရှိဆုံး ပြိုင်ဘက်လို့ လူသိများတဲ့ ထိုက်ချူလေ့ကျင့်ရေးကွင်းက မုချန်းကီပဲဖြစ်ရမယ်။ သူ့မှာအလားအလာကောင်းတွေရှိနေတယ်” အကြီးအကဲမှပြောလိုက်သည်။

ထိုက်ချူလေ့ကျင့်ရေးကွင်းသင်ကြားပေးသည့် အထင်ရှားဆုံးစွမ်းရည်မှာ ဓားပညာဖြစ်သည်။ ထို့ကြောင့် မူချန်းကီသည် သူ့မျိုးဆက်၏ခေါင်းဆောင်ဖြစ်သည်။

အကြီးအကဲ၏ဘေးမှ တေးသံသာနန်းမြို့တော်၏မင်းသမီးသည် ဖြေးညှင်းစွာခေါင်းငြိမ့်လိုက်သည်။သူတို့သည် မူချန်းကီတွင် ထိုစွမ်းရည်ကို ယခုပြသဖို့အခွင့်အရေးရှိမည်လားဟုစူးစမ်းနေကြသည်။

နတ်နန်းတော်မှ ပုဂ္ဂိုလ်ကြီးများက ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်းတွင်ရပ်နေ၍ အဝေးမှ ကျင့်ကြံသူများကိုကြည့်နေကြသည်။ သူတို့ထဲမှ တစ်ယောက်ကပြောလိုက်သည် “လူတွေက တိမ်တွေလိုပဲ ကောင်းကင်အာဏာစက်မြို့မှာ စုဝေးနေကြတယ်။ ဒီနေရာမှာ ကောင်းကင်ဒေသကရောက်လာတဲ့ အင်အားစုတွေအများကြီးပဲ...”

“ကောင်းကင်ဒေသနဲ့ ငါတို့ကြား ကွာဟမှုကဘယ်လောက်ကြီးလဲ” အရှင်ထိုက်ရွှမ်ကမေးလိုက်သည်။

“အရှင် ကျွန်တော်တို့ကမ္ဘာမှာ မဟာလမ်းစဉ်ရဲ့ ဘုံ၃၀၀၀ရှိတယ်။ ဒါပေမယ့် ဘုံ၃၀၀၀လုံးမှာ လူသားကျင့်ကြံသူတွေရှိတဲ့နေရာက ဘယ်လောက်များရှိပါသလဲ” နတ်နန်းတော်မှ အင်အားကြီးပုဂ္ဂိုလ်က မေးလိုက်သည်။

“မဟာလမ်းစဉ်ရဲ့ ဘုံ၃၀၀၀ မှာ ဘုံတစ်ခုစီတိုင်းက တစ်ခုနှင့်တစ်ခုမမှီခိုကြဘဲ ဘုံတစ်ခုချင်းစီကလည်း အလွန်ဝေးကွာတဲ့နေရာမှာရှိနေကြတယ်။ အဲ့ဒီအကွာအဝေးက ဘုံတွေရဲ့အရွယ်အစားထက်ကိုကျော်လွန်ပြီး အကန့်အသတ်မရှိတဲ့နေရာလွတ်တွေပါဝင်နေတယ်။ အဲ့လိုနေရာမှာ လူသားတွေသွားလာလှုပ်ရှားနေတဲ့နေရာက သမုဒ္ဒရာထဲမှာ ရေတစ်စက်ကျသလောက်ပဲရှိနေတာ...” အရှင်ထိုက်ရွှမ်ကပြောလိုက်သည်။

“အင်း” နတ်နန်းတော်မှ  အင်အားကြီးပုဂ္ဂိုလ်က ခေါင်းငြိမ့်ပြီးပြောလိုက်သည်။ “လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ကောင်းကင်လမ်းစဥ်ပြိုကွဲပျက်စီးသွားလို့  ဒီလိုအခြေအနေဖြစ်လာတာလို့ပြောကြတယ်။ ဒါပေမယ့် ကောင်းကင်ဒေသက ငါတို့ ဘုံ၃၀၀၀နဲ့မတူဘဲ အဆုံးမရှိတဲ့ကုန်းမြေကြီးလို့ နန်းတော်အရှင်ကပြောခဲ့တယ်။ ဘုံတစ်ခုလုံးက လောကတစ်ခုလုံးအတူတကွဆက်စပ်နေသလိုပဲ...အဲ့ဒီဘုံက အလွန်ကျယ်ဝန်းပြီး မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေရှိနေကြတာ။ မင်း အဲ့လိုအခြေအနေမျိုးကိုမှန်းဆနိုင်ရဲ့လား...”

ထိုသည်ကိုကြားသောအခါ အရှင်ထိုက်ရွမ်က ထိတ်လန့်သွားခဲ့သည်။ လွန်ခဲ့သည့်နှစ်ပေါင်း၃၀၀ကတည်းက သူသည် မြင့်မားသည့်အဆင့်ကိုရောက်ရှိခဲ့သော်လည်း သူသည် သတင်းအချက်အလက်များစွာသိရှိခဲ့ခြင်းမရှိသောကြောင့် သူ၏ဘုံမှ တခါမျှပင်ထွက်ခွာခဲ့ဖူးခြင်းမရှိပေ။

“ဒါ့အပြင် နှစ်ပေါင်းများစွာကြာတဲ့အထိ​ အလွန်ထူးချွန်တဲ့ကျင့်ကြံသူတွေက ကောင်းကင်ဒေသမှာ မျိုးဆက်တစ်ခုကနေတစ်ခုကို သင်ကြားပေးခဲ့ကြတယ်။ ငါတို့အခုရောက်ရှိနေတဲ့​နေရာကမူလဘုံဖြစ်နေပေမယ့် ကောင်းကင်ဒေသကလူတွေရဲ့ အမြင်မှာ ဒီနေရာက တားမြစ်‌နယ်မြေပဲ... နှိုင်းယှဉ်စရာမရှိဘူး...” အဆိုပါပုဂ္ဂိုလ်ကဆက်ပြောသည်။

လေဟာနယ်ဘုံ၏ ထိပ်သီးအင်အားစုများမှ လူများသည် ပြင်ပဘုံမှ အင်အားကြီးပုဂ္ဂိုလ်များနှင့် တစ်ဦးချင်း ပြိုင်ဆိုင်နိုင်သော်လည်း  အားလုံးအတူတကွပြိုင်ဆိုင်မည်ဆိုပါက အင်အားကွာခြားမှုသည် အလွန်ကြီးမားသည်။သူတို့၏ အားနည်းမှုကို ပြင်ဆင်ရန် နည်းလမ်းမရှိပေ။ဤသည်မှာ လေဟာနယ်ဘုံသာပင်ဖြစ်သည်။

ထို့ကြောင့် ရှေးကျ‌ပြီးအင်အားကြီးသည့်အင်အားစုများသည် ကောင်းကင်ဒေသတွင်ပေါ်ပေါက်ခဲ့ကြပြီး သူတို့အားလုံးတွင်ကြောက်မက်ဖွယ်ကောင်းသည့်သမိုင်းများရှိခဲ့ကြခြင်းဖြစ်ပေသည်။

***

All Chapters