မီးလှံရှည်ပင်
Vol. 6 Ch. 79
ရှောက်ရွှမ်အပင်ပေါ်က ဆင်းလာတဲ့အခါ အခြားစစ်သည်များက ထာ့ပြောတာကြားလိုက်ကြတဲ့အတွက် သူ့အနားမှာ ဝိုင်းလာကြလေသည်။
" ဒါ အစိမ်းရောင်သူခိုး အပင်ပေါက်လေးလား "
ထွော် မျက်လုံးများက အရောင်လက်နေပြီး သူ့လက်ချောင်းလေးများထက်သေးတဲ့ ရှောက်ရွှမ် လက်ထဲက အစို့ ပေါက်ကလေးကို စိုက်ကြည့်နေလေသည် ။
" စားလို့ရလား "
ခဲ့ခဲ့က သူ့အရှေ့က လူတွေကို တွန်းဖယ်လိုက်သည်။ ရှောက်ရွှမ် လက်ထဲက အစို့ပေါက်လေးကို ယူတော့မလို သူ့လက်ကမှီတော့မယ့်အချိန်မှာ ထာ့က သူ့လက်များနဲ့ သူ့ကိုတားဆီးလိုက်လေသည်။
" တစ်ချက်လောက် ကြည့်ကြည့်ရအောင် "
ထာ့က ပြောသည်။
ထာ့ ဒီမှာ ရှိနေတာကိုတွေ့ရတဲ့အခါ ရှောက်ရွှမ်က ပဲပင်ပေါက်ကဲ့သို့ အစို့ပေါက်ကလေးကို သူ့ကိုပေးလိုက်လေသည်။ ခဲ့ခဲ့ မေးခဲ့တဲ့ စားလို့ရလားဆိုတဲ့ အဖြေကို ပြောရရင် ရှောက်ရွှမ်အထင်တော့ စားလို့ရလောက်ပေသည်။
လက်ထဲမှာ ကိုင်ထားလျှင်တော့ ထူးခြားသည်ဟု ခံစားရမည်မဟုတ်သော်လည်း ထာ့ကတော့ ဒါကို အစိမ်းရောင်သူခိုး အစို့ပေါက်ကလေးဟု ယူဆလိုက်ပေသည်။
" အစေ့လေး အဲ့မှာဆိုတာကို မင်းဘယ်လိုသိလဲ အားရွှမ် ၊ မင်းတစ်ခုခုများ မြင်လိုက်လို့လား " ထာ့က မေးသည်။
သူက အဲ့ဒီမှာ ရှိသည်ကိုသိနေသလို အပင်ပေါ်ကို တည့်တည့်လျှောက်သွားသည်ကို သူတို့မျက်မြင်သက်သေပါပင်။ ထို့နောက် သူအပင်ပေါ် တက်ကာ အစေ့ပင်ပေါက်လေးကို တိုက်ရိုက်ဆွဲနှုတ်လိုက်လေသည်။
" စောစောကလား "
ရှောက်ရွှမ်က သူ့လက်တွေကို ပွတ်ကာ သူမနည်းပြန်စဥ်းစားနေရသည့်ပုံစံ ဟန်ဆောင်လိုက်လေသည်။
" စောစောတုန်းက တစ်ယောက်ယောက်က ကျွန်တော့်ကို အဲ့မှာတစ်ခုခု ရှိတယ်လို့ ပြောလိုက်တယ်ထင်တယ် ၊ အဲ့တာကြောင့် ကျွန်တော်သွားလိုက်တာပါ "
" ဒါပေမဲ့ မင်း နောက်ပြန်ကြည့်တော့ မင်းဘာတွေ့လဲ "
ထာ့က ရှောက်ရွှမ် မျက်လုံးကိုတည့်တည့်ကြည့်ကာမေးလေသည်။
ရှောက်ရွှမ်က ထာ့အကြည့်ကိုရှောင်ဖို့မကြိုးစားဘဲ ဆက်ပြောသည်။
" ကျွန်တော့်နာမည်ကို တယောက်ယောက်ခေါ်လိုက်တယ်ထင်လို့ ၊ ကျွန်တော်လှည့်ကြည့်လိုက်တာပါ "
မင်းနာမည်ကိုခေါ်တယ်?
ဘယ်သူကခေါ်တာလဲ?
ဘိုးဘေးတွေလား?
သူတို့အားလုံးနီးပါး ထိုသို့သာ တွေးမိကြသည်။
" ဒီတစ်ခုအပြင် တခြား အစေ့ပင်ပေါက်လေးတွေကောတွေ့သေးလား " ထာ့ကမေးလိုက်သည်။
ရှောက်ရွှမ် ကနည်းနည်း မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်သွားပြီး ရှက်နေပုံလည်းပေါ်သည်။
" မင်း စိတ်အေးအေးထားပြီး တွေးကြည့်သင့်တယ် "
ထာ့က နူးနူးညံ့ညံ့ပြောလေသည်။
ရှောက်ရွှမ် က သူ့ခေါင်းကို ငုံ့ကာ သူ့မှတ်ညဏ်ကို ပြန်ကြိုးစားရှာနေလေသည်။ ဒါပေမဲ့ တကယ်တမ်း သူဟန်ဆောင်နေခြင်းပင် ။ အစိမ်းရောင်သူခိုးပင်များနဲ့ပတ်သက်တဲ့သူ့အမြင်က ပျောက်သွားပြီးဖြစ်သော်လည်း ဘယ်အပင်မှာတော့ အစေ့ပင်ပေါက်ရှိသည်ကို သူဝေဝေဝါးဝါး မှတ်မိလေသည်။
အကယ်၍ လောင်ခဲ့ကသာ ရှောက်ရွှမ် ကိုမေးလာရင် သူက အသေးစိတ်ပြန်ရှင်းပြပေလိမ့်မည်။
သို့သော် ထာ့ဆိုရင်တော့ သူ့မှာ အမှန်အတိုင်းပြောဖို့ အတွေးမရှိပါပေ ။ အားလုံးက သူ့ကိုဘိုးဘေးတွေကကောင်းချီးပေးသည်ဟု ယူဆထားကြလေရာ သူကလည်း ဆင်ခြေပေးဖို့အကြောင်းရှာရတဲ့ဒုက္ခက သူ့ကိုယ်သူကယ်ဆယ်ပြီး ဘိုးဘေးများအပေါ်သာ ပုံချလိုက်ဖို့ဆုံးဖြတ်ထားလိုက်သည်။
နှစ်မိနစ်လောက်စဥ်းစားပြီးတဲ့နောက် ရှောက်ရွှမ် အနီးနားက အပင်တစ်ချို့ကို လက်ညိုးထိုးပြလိုက်သည်။
ထာ့က အခြားဘယ်အရာကိုမှ အာရုံထဲမထည့်တော့ပဲ ရှောက်ရွှမ် ညွှန်ပြတဲ့အပင်တွေကို စစ်သည်တော်တွေကို သွားရှာဖို့ တုံ့ဆိုင်းခြင်းမရှိ အမိန့်ပေးလေသည်။ ယခု အစိမ်းရောင်သူခိုးပင်က ထိပ်တန်းဦးစားပေးဖြစ်ပြီး ၎င်းကလွဲရင် ကျန်တဲ့အရာများကို ဘေးပို့ထားရမည်။
သားရေစာလိပ်ထဲက တော်တော်များများကို မတွေ့ရသေးသော်လည်း အစိမ်းရောင်သူခိုးနဲ့တင်
လိုအပ်တာထက်ပိုနေလေပြီ ။ ထိုထဲက အားလုံးပေါင်းတာထက်ပင်သာနိုင်လေသည်။ ဒီအစေ့ပေါက်လေးက သေချာအောင်စစ်ဆေးဖို့လိုနေသေးသော်လည်း သူတို့အတွက် ရှာကြည့်ဖို့ရာလုံးဝထိုက်တန်လေသည်။
ရှောက်ရွှမ် လက်ညိုးထိုးတဲ့အပင်တိုင်းမှာ အစေ့ပင်ပေါက်လေး မရှိပေမဲ့ စစ်သည်တော်တိုင်းကတော့အပင်တိုင်းကို ဂရုတစိုက်ရှာဖွေကြည့်နေပြီး သူတို့က တစ်လက်မချင်းစီပင်ရှာကြည့်နေလေသည်။
ရှောက်ရွှမ်က ဒီတစ်ခုအပေါ်မှာပဲ အာရုံစိုက်ခဲ့တဲ့အတွက် ဒီအစေ့ပေါက်လေးရဲ့နေရာအတိအကျကိုသာ သိပြီး ကျန်တဲ့အခြားအစို့ပေါက်များနေရာကို သေချာမသိပါပေ။
" ဟေး..ကျွန်တော်တစ်ခုတွေ့ပြီ "
အားစွော်က အားရဝမ်းသာအော်လေသည်။ သူက သူ့လက်ထဲက အစေ့ပေါက်လေးကို ချက်ချင်းမြိုချချင်စိတ်များအလွန်ဖြစ်နေလေသည်။ ပြောရရင် ထာ့ကသာ သူ့ကိုကြည့်မနေလျှင် သူလုံးဝလုပ်မိလိမ့်ပေမည်။
ဒီလို အခြေအနေတွေ မြင်ရတဲ့အခါ ထာ့က ရှောက်ရွှမ်ကို ခေါင်းမရှိတဲ့အစိမ်းရောင်သူခိုးထည့်ထားတဲ့ ရှည်မျောမျောကျောက်ဗူးလေး ပေးကာ ပြောလိုက်သည်။
" အခု ဒါကို ငါအပြင်သွားပြီးရှာနေတုန်း မင်းသိမ်းထားလိုက်ဦး ၊ ဒီမှာပဲစောင့်နေနော် ၊ ဘယ်မှလျှောက်မသွားနဲ့ "
" ဟုတ်ကဲ့..ကောင်းပါပြီ "
ရှောက်ရွှမ်က ဗူးလေးကိုယူပြီး သစ်ပင်ကိုမှီကာ နားနေလေသည်။ သူ့မှာ ထိုကဲ့သို့အမြင်ရှိခြင်းမှာ သူ့ကိုယ်ထဲက အခြားထူးခြားစွမ်းရည်တစ်ခုကြောင့်သာ ဖြစ်သည်။ အရင်တုန်းက ထိုစွမ်းရည်က သူ့ကို ကြုံလာနိုင်တဲ့ အန္တရာယ်ကိုသတိပေးတတ်ပြီး အခုတော့ အတိတ်မှာ ဖြစ်ခဲ့တာတွေကို မြင်နိုင်စွမ်းရှိလာလေသည်။ သို့သော် ရှောက်ရွှမ်က သူ့စိတ်တိုင်းကျတော့ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ ။
သူနားနေတုန်းမှာ ရှောက်ရွှမ်ကရုတ်တရက် သူ့ခြေထောက်အောက်က မြေကြီးကိုကြည့်လိုက်လေရာ တစ်ခုခုက အောက်ကနေထိုးထွက်ဖို့ကြိုးစားနေသည်ကိုတွေ့ရလေသည်။
အခြားသူများကတော့ လာမယ့်ဘေးကို လုံးဝ သတိပြုမိခြင်း မရှိပေ။ ဖြစ်နိုင်တာက သူတို့အကုန်လုံးက အပင်ပေါ်မှာဖြစ်နေတဲ့အတွက် မြေကြီးနဲ့အဆက်ပြတ်နေကာ မြေအောက်ကနေအမြန်ထိုးထွက်လာတဲ့အရာကိုဘယ်သူမှသတိမထားမိခြင်းဖြစ်မည်။
" တစ်ခုခုလာနေပြီ " ရှောက်ရွှမ်ကအော်လိုက်သည်။
ရှောက်ရွှမ် အော်လိုက်ပြီးတဲ့တစ်ချိန်တည်းမှာပင် မီးကဲ့သို့ရဲနေတဲ့နွယ်ပင်များ မြေကြီးထဲက ထိုးထွက်လာလေသည်။
ကံကောင်းစွာနဲ့ ရှောက်ရွှမ် က အမြန်တုံ့ပြန်လိုက်သည်။ သူက သတိပေးသံနဲ့အော်ပြီးတာနဲ့ အမြင့် ကိုခုန်လိုက်လေပြီး အနားက အပင်တွေကိုသုံးကာ ပိုမြင့်အောင်ခုန်လိုက်လေသည်။
" အဲ့တာ မီးလှံရှည်ပင်တွေ "
" ပြေး..အားရွှမ်..ပြေး "
အခြားသူများက အပင်တွေကနေချက်ချင်းနောက်ဆုတ်လိုက်သည်။
" သတိမရှိလိုက်တာ "
ထာ့က သူ့ခါးက ကျောက်ပုဆိန်ကို ဆွဲထုတ်လိုက်ပြီး နွယ်ပင်တွေဆီ လှမ်းပစ်လိုက်သည်။
သစ်သားစကို ကျောက်တုံးနဲ့ ဖြတ်လိုက်တဲ့အသံများထွက်ပေါ်လာလေသည်။
ရှောက်ရွှမ် နောက်ကိုလိုက်လာတဲ့သွေးရောင်ရဲရဲနီနေတဲ့နွယ်ပင်တွေက လူကြီးလက်မောင်းလုံးခန့်ရှိပြီး ကျောက်ပုဆိန်နဲ့အခုတ်ခံလိုက်ရသည့်အတွက်နှစ်ပိုင်းပြတ်သွားသည်။ သွေးကဲ့သို့အရည်များ စီးကျလာပြီး မြေပေါ်မှာ ပြန့်ကြဲသွားသည်။
သို့သော် မီးလှံရှည်နွယ်ပင်ထိပ်ဖျားက ပြတ်ကျသွားသော်လည်း သွေးထွက်နေတဲ့နွယ်ပင်က ရှောက်ရွှမ် နောက်ကိုဆက်လိုက်နေဆဲပင် ။ ထို့ပြင် ဆယ်ခုထက်ပိုတဲ့နွယ်ပင်များကလည်းမြေထဲက ထိုးထွက်လာ ကြသည်။ ရှောက်ရွှမ် ခန့်မှန်းချက်အရ လေထဲကိုထိုးထွက်လာတဲ့နွယ်ပင်များမှ သွယ်ကာ သိပ်မရှည်တဲ့ဟာများကိုဖယ်လိုက်ရင် အနည်းဆုံး ငါးဆယ်ခန့် ရှိလေသည်။ မြေအောက်မှာ ဘယ်လောက်တောင် ဆက်ရှိနေဦးမလဲ ဘယ်သူကမှမသိပါပေ။
စစ်သည်တော်တွေ ပြန်ဆုတ်သွားတဲ့အခါ ရှောက်ရွှမ်ဖိအားပိုများလာသည်။ သူ့စွမ်းရည်က အကန့်အသတ်ရှိကာ ဒီကြမ်းတမ်းတဲ့ နွယ်ပင်တွေရဲ့ ကြမ်းတမ်းတဲ့တိုက်ခိုက်မှုကို သူကိုင်တွယ်နိုင်ဖို့ အခွင့်မသာပေ ။
သူတို့က နွယ်ပင်များ ဖြစ်နေလျှင်တောင် သူတို့က ရှောက်ရွှမ်အရင်ကမြင်ဖူးတဲ့ နွယ်နီများနှင့် လုံးဝကွဲပြားလေသည်။ ရှောက်ရွှမ် အရင်ကမြင်ဖူးတဲ့နွယ်ပင်က သားကောင်ကို ရိုက်ပုတ်ရုံသာလုပ်ပြီး ကြမ်းတမ်းခြင်း သိပ်မရှိပေ။ သို့သော် ယခု သူတို့တွေ့နေရတဲ့အရာက အများကြီးပို ကြမ်းတမ်းရက်စက်လေသည် ။ သူတို့ကိုပင် လှံများကဲ့သို့ တိုက်ရိုက်လိုက်ထိုးနေလေသည်။
ရှောက်ရွှမ် ခုနက မှီနေသည့်သစ်ပင်သည်ပင် အနည်းဆုံးသုံးကြိမ်လောက် အထိုးခံရပြီးဖြစ်နေပြီး ဒါတွေအကုန်လုံးက မျက်စိတစ်မှိတ် အတွင်းဖြစ်သွားခြင်းပေ။
၎င်းက မီးလှံရှည်ပင်တွေ ဖြစ်သည် ။ နွယ်ပင်ရဲ့ထိပ်ဖျားများက လှံထိပ်ဖူးကဲ့သို့ ချွန်ထက်ကာ သူ့ကိုယ်ထည်က ခပ်သေးသွယ်သွယ် အမွှေးကဲ့သို့ အတက်အလက်များက သူလှုပ်ရှားလုပ်တိုင်းမှာ မီးကဲ့သို့ကခုန်နေလေသည်။ သူ့နာမည်နဲ့ လုံးဝလိုက်လေသည်။
နွယ်ပက်က ဆံချည်မျှင်အတက်အလက်များက စုပ်ယူရာတွင်သုံးပြီး အပင်တွေ၏အရည်များနှင့် လူ့သွေးများကိုစုပ်ယူနိုင်လေသည်။
အစိမ်းရောင်မြေမှာ အကြာကြီးအမဲလိုက်ဖူးတဲ့အတွေ့အကြုံရှိစစ်သည်တော်များက ဒီအပင်များနဲ့မစိမ်းပေ ။ ထို့ကြောင့် ထာ့နဲ့အခြားသူများက ဘယ်လိုကိုင်တွယ်ရမလဲကောင်းကောင်းသိကြပေသည်။
ရှောက်ရွှမ်ကတိုက်ခိုက်မှုများကို ရှောင်ရှားရင်း ထာ့လှုပ်ရှားမှုတွေကိုလည်း အာရုံစိုက်ထားလိုက်လေသည်။ ဒီလိုအခြေအနေမှာ အတွေ့အကြုံရှိစစ်သည်တော်များဆီက အများကြီးသင်ယူနိုင်လေရာ သူဒီအခွင့်အရေးကို အရယူဖို့လိုအပ်သည်။
အတွေ့အကြုံရှိစစ်သည်တော်ကြီးများအနေနဲ့ သူတို့မှာ တိကျတဲ့လှုပ်ရှားမှု ၊ စိတ်ကူးယဥ်ဆန်တဲ့တိုက်ခိုက်မှုမျိုး မရှိသော်လည်း သူတို့ရဲ့လှုပ်ရှားမှုတိုင်းက အတော်လေး ပေါ်လွင်ထင်ရှား၍နေလေသည်။ ဒီလိုလှုပ်ရှားနိုင်ဖို့ ကြမ်းတမ်းတဲ့တိုက်ပွဲပေါင်း ရာ၊ထောင်ပေါင်းများစွာ ကြုံတွေ့ရန်လိုလေသည် ။ တစ်ခါတစ်ရံ သူတို့အတွေးများထက် သူတို့အလိုက်သင့်တုံ့ပြန်နိုင်စွမ်းက အများကြီးပိုမြန်လေသည် ။ ထိုတိုက်ကွက်များက အလိုလိုတုံ့ပြန်ခြင်းသာဖြစ်သော်လည်း တကယ်က ရိုးရှင်းကာ သတ်ဖြတ်နိုင်သည့်တိုက်ကွက်များပါပင်။
စစ်သည်တော်အားလုံးက နောက်ဆုတ်ကာ တိုက်ခိုက်ဟန်ပြင်ထားလိုက်ကြသည် ။ သူတို့တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းတိုက်ဖို့ပြင်ကြပြီး သူတို့တိုက်ခိုက်နိုင်စွမ်းများက ပူးပေါင်းသွားကြသည်။ သူတို့မှာ မီးလှံရှည်ပင်တွေကို အနိုင်ယူနိုင်သည့် အရှိန်အဟုန်များထွက်ပေါ်လာလေသည်။
စစ်သည်တော်တိုင်းမှာ သူတို့ကိုယ်ပိုင်လက်နက်များ ရှိကြကာ ချက်ချင်းသူတို့လက်များကို ထုတ်ကာ သူတို့လက်ထဲက လက်နက်များနဲ့ မီးလှံရှည်ပင်ကို ခုတ်ဖြတ်ကြလေသည်။ သူတို့အားလုံးရဲ့လက်နက်တွေကနေ သူတို့အားကုန်ထုတ်ကာ နွယ်ပင်များကိုရိုက်ချနေလေသည်။ သူတို့တိုက်ခိုက်မှုများက ကျွမ်းကျင်ကာ လှိုင်းပုံလှုပ်ရှားနေတဲ့ နွယ်ပင်တွေကိုဆက်ရိုက်နေသည်။
သူတို့ထဲက တစ်ယောက်ကသာ အမှားသေးသေးလေးတစ်ခု ၊ သတိတစ်ချက်လွတ်သွားမည်ဆိုရင် သူတို့က သူတို့အရှိန်အဟုန်ကို ဆုံးရှုံးသွားနိုင်လေသည် ။ သူတို့က အဆင့်မြင့်သားရဲဆိုးကြီးနဲ့တိုက်ခိုက်နေခြင်းမဟုတ်သော်လည်း သူတို့အရှိန်ပေါ်ကိုသာမူတည်ထားကြလေသည်။
အချိန်တစ်ခဏအတွင်းမှာပင် မြေပြင်တစ်ခုလုံးမှာ အနီရောင်လွှမ်းသွားလေသည်။ အန္တရာယ်ကို ကျော်လွှားနိုင်တော့မည်ဖြစ်သော်လည်း ပေါက်ကွဲသံကြီးတစ်ခု မြေအောက်မှထွက်လာလေသည်။
ထို့နောက်မြေအောက်က အခြားနွယ်ပင်များလည်း ထိုးဖောက်ထွက်လာလေကာ မြေပေါ်မှာ ရှိနေတဲ့အပင်များထက် နှစ်ဆမျှ ပိုကာ ကြီးလေသည် ။ ကြည့်ရတာ မီးလှံရှည်ပင်ကြီးက မီးကုန်ယမ်းကုန်တိုက်ခိုက်တော့မည့်ပုံပေပင် ။ ရှောက်ရွှမ် ပိုအံ့သြရတာက အသစ်ထွက်လာတဲ့နွယ်ပင်များကို သူ့နောက်ကို လိုက်လာကြခြင်းပင်။
" ရှောင်နေ အားရွှမ် "
ထာ့က သူ့ကိုလှမ်းအော်လိုက်သည်။
သို့သော် သူအော်ပြီးတဲ့နောက် ထာ့က ရှောက်ရွှမ် ထွက်ပြေးနေရာက နောက်ပြန်လှည့်လိုက်ကာ ပြန်ပြေးလာသည်ကိုတွေ့လိုက်ရသည်။
ထာ့က ဒါကိုမြင်တော့ ဒေါသထွက်လွန်း၍ သွေးအန်ထွက်တော့မည်ဟုပင်ခံစားရသည်။ သောက်ကျိုးနည်း ၊ မင်းကို ဝေးဝေးပြေးဖို့ ရှင်းရှင်းလင်းလင်း ပြောပြီးသားလေ၊ အခု မင်းကို ဘာလို့ ပြန်လှည့်လာတာလဲဟ။
ဘာတွေကြံနေတာလဲ?အဖွဲ့ခြေထောက်ကိုနောက်ပြန်ဆွဲမလို့လား? ဒီမှာ ကပ်နေရတာကို မလုံလောက်ဘူးထင်နေလို့လား!
ပုံမှန်ဆိုရင် ထာ့က မီးလှံရှည်ပင်တွေနဲ့ အပြင်းအထန်တိုက်နေမယ့်အစား အဖွဲ့ကို အဝေးသို့သာ ခေါ်သွားပေလိမ့်မည် ။ သို့သော် အနားမှာ သူလက်မလျှော့ချင်တဲ့ အစိမ်းရောင်သူခိုးပင် အစေ့ပေါက်ကလေးများ အများအပြားရှိလေသည်။
အခြားစစ်သည်တော်များတွင်လည်း ထိုသို့အတွေးရှိကြကာ နောက်ဆုတ်ဖို့ကို ဘယ်သူကမှစိတ်မဝင်စားပေ ။ သူတို့က ရူးရူးမူးမူး တန်ပြန်တိုက်ခိုက်ကြလေသည်။ အစိမ်းရောင်သူခိုးအစေ့ပင်ပေါက်တို့နဲ့တွေ့ရဖို့က အလွန်မဖြစ်နိုင်လေရာ မီးလှံရှည်က နှောင့်ယှက်နေသည့်အတွက် ထိုသို့တိုက်ခိုက်ခြင်းမှာ နားလည်လို့ရနိုင်ပေသည်။ ပိုဆိုးတာ က မီးလှံရှည်က အနီးအနားကအပင်များကို ဖျက်ဆီးပစ်လေရာ အစေ့ပင်ပေါက်လေးများရှာဖို့ ပိုခက်သွားလေသည်။ ဒါကို ဒီကောင်လေးက ဒီလို ပြသာနာပေါင်းစုံကြားကို သူ့ကိုယ်သူ ရည်ရွယ်ချက်ရှိရှိ ဝင်သွားတယ်တဲ့လား?
ထာ့မျက်လုံးထဲမှာ ဒေါသအရိပ်အရောင်များလက်နေသည်။ သူက ရုတ်တရက် သူ့ခြေထောက်ကို ဆောင့်နင်းလိုက်ကာ နွယ်ပင်အထူပေါ်ခြေချလိုက်သည် ။ သူ့ခြေထောက်အောက်က အပင်က အလွန်လေးတဲ့အရာတစ်ခုကတိုက်ခိုက်လိုက်သည့်အလား ပြားသွားလေသည်။
စောစောက ထာ့ခြေထောက်မှာ ဆံချည်မျှင်အတက်အလက်များက ရစ်ပတ်နေကြလေသော်လည်း မျက်စိတစ်မှိတ်အတွင်း မှာပင်ပျက်စီးသွားလေသည်။ ထာ့က ကျောက်ပုဆိန်နဲ့ အထပ်ထပ်အခါခါ ခုတ်ပစ်လိုက်လေသည်။ ခုတ်ထစ်သံများနဲ့အတူ လေထဲမှာ အဝတ်များလည်း အပိုင်းပိုင်းအစစ ဆွဲဖြဲခံလိုက်ရပြီး သစ်မာအပိုင်းအစများကလည်း လေထဲမှာတစ်ချိန်တည်းခုတ်ထစ်ခံနေရလေသည်။
သူခုတ်ထစ်နေတဲ့အချိန်မှာပဲ ထာ့က ရှောက်ရွှမ် ဆီအမြန်သွားလိုက်သည် ။ သူက ရှောက်ရွှမ် ကို ဒီအရှုပ်ထုပ်ထဲက ကန်ထုတ်ပစ်လိုက်ချင်သည်။ သူအမုန်းဆုံးက သူ့အဖွဲ့ကို နောက်ပြန်ဆွဲထားသည့်သူပင်။
သို့သော် ရှောက်ရွှမ် နဲ့နှစ်လှမ်းအကွာတွင် ထာ့က ရှောက်ရွှမ် အနောက်ကို ဧရာမမီးလှံရှည်ပင်ကြီးက လိုက်နေတာကိုတွေ့လိုက်ရသည်။ အသစ်ထိုးထွက်လာတဲ့ နွယ်ပင်များက ရှောက်ရွှမ် အနောက်မှာ သတ်ချင်စိတ်အပြည့်နဲ့လှံတံကဲ့သို့ လိုက်နေပြီး သူတို့က ဒီလမ်းအတိုင်းလာနေလေသည်။
ဒီလူငယ်လေး နောက်ပြန်ပြေးဖို့ရွေးလိုက်တာ အံ့သြစရာမရှိဘူးပဲ။