← Chapters

ပြီးပြည့်စုံလုနီးပါး

Vol. 018 Ch. 1765

ပြီးပြည့်စုံလုနီးပါး

Vol. 018 Ch. 1765

ကောင်းကင်အာဏာစက်ကျောင်းတော်၏အတွင်းအပြင်နှစ်ခုစလုံး၌ နေရာမျိုးစုံမှကျင့်ကြံသူများက တိမ်စိုင်များသဖွယ် စုရုံးရောက်ရှိနေကြသည်။ တချက်ကြည့်ရုံဖြင့် နေရာအသီးသီး၌သီးခြားစီ အုပ်စုလိုက်စခန်းချနေကြသော ထိုလူအုပ်ကြီးအား မြင်နိုင်လေသည်။

ထိုလူများထဲတွင် အဓိကသင်ကြားပို့ချပေးသည့် တော်ဝင်မြေနှစ်ခုဖြစ်သည့် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ထိုက်ချူတော်ဝင်မြေတို့က တစ်ဖက်တချက်စီတွင် နေရာယူထားလေသည်။ နှစ်ဖက်စလုံးက တစ်ဖက်အဖွဲ့၏နေရာသို့ အသီးသီးကြည့်နေကြသည်။ ထိုနေရာ၌ လေထုကတင်းမာနေပြီး နေရာတခုလုံးအား ဖိအားကြီးကလွှမ်းခြုံနေသောကြောင့် ရန်ဟောင်အဆင့်အောက်မှလူများမှာ နှလုံးခုန်နှုန်းများပင်မြန်ဆန်နေကြပြီး အသက်ရှူမဝသလို ခံစားနေကြရသည်။

များစွာသောထိပ်သီးပုဂ္ဂိုလ်ကြီးများ၏ မမြင်ရသောအရှိန်အဝါကပင်လျှင် ရန်ဟောင်အဆင့်အောက်မှလူများအား တုန်လှုပ်စေရန်လုံလောက်နေပြီဖြစ်သည်။

ရှုပ်ထွေးနေသောနေရာကျယ်ကြီးတစ်ခုလုံးက ဆူညံနေရာမှတိတ်ဆိတ်သွားပြီး လူတိုင်းက ဆွေးနွေးနေကြခြင်းအား ရပ်လိုက်ကြသည်။ အရှိန်အဝါများက တဖြည်းဖြည်း ပို၍အားကောင်းလာသောကြောင့် အရာအားလုံးတိတ်ဆိတ်သွားရန်မှာ အချိန်သိပ်မကြာလိုက်ပေ။ ထိုထူးဆန်းသောတိတ်ဆိတ်မှုက နေရာတခုလုံးအား ပို၍ခြောက်ခြားဖွယ်ဖြစ်နေစေသည်။

ထိုက်ချူတော်ဝင်မြေမှကျင့်ကြံသူများက လေထဲတွင်ရပ်နေဆဲဖြစ်သည်။ သူတို့အဖွဲ့၏ထိပ်ဆုံးမှလူသည် အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ခမ်းနားကြီးကျယ်သည့်အရှိန်အဝါကိုပိုင်ဆိုင်ထားသည်။ သူက ကောင်းကင်အာဏာစက်ကျောင်းတော်ကိုကြည့်လိုက်ပြီး ရှင်းလင်းကျယ်လောင်သောအသံဖြင့်ပြောလိုက်သည်။ “ထိုက်ချူတော်ဝင်မြေက ကောင်းကင်ဒေသမှာ အကျော်ကြားဆုံး ကျင့်စဥ်တွေသင်ကြားပို့ချပေးတဲ့တော်ဝင်မြေပဲ။ ငါတို့က မရေမတွက်နိုင်တဲ့တပည့်ပေါင်းများစွာကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး အဲ့ထဲမှာ ထိပ်ဆုံးအဆင့်မှာရပ်တည်နေတဲ့ ရန်ဟောင်တွေအများကြီးလည်းပါတယ်။ အခု ကောင်းကင်ဒေသနဲ့လေဟာနယ်ဘုံကြားက လမ်းကြောင်းကပွင့်လာပြီဆိုတော့ ငါတို့က လေဟာနယ်ဘုံမှာသင်ကြားပို့ချပေးမှုကို စတင်ချင်တယ်။ ငါတို့ကအရှင်ဒွန်ဟောင်ရဲ့အမိန့်အတိုင်း လေဟာနယ်ဘုံရဲ့သိုင်းပညာကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးမယ်”

သူ၏အသံက လေနှင့်အတူပါသွားပြီး ဖြောင့်မတ်မှန်ကန်၍ လေးစားဖွယ်ခံစားချက်ကိုပေးစွမ်းလေသည်။ ထိုအသံက လူများစွာအား သူပြောသမျှသည်အမှန်တရားများဖြစ်သည်ဟု ယုံကြည်လာစေသည်။

သို့သော် အရှင်ထိုက်ရွှမ်၊ ရီဖူရှင်းနှင့်အခြားလူများကမူ တိတ်တဆိတ် သရော်လိုက်ကြသည်။ သူတို့က အမှန်တကယ်ပင် လေဟာနယ်ဘုံ၏ သိုင်းပညာကို ဖွံ့ဖြိုးတိုးတက်စေလိုလျှင်အဘယ်ကြောင့် ဤနေရာသို့တိုက်ရိုက်လာ၍ အခြားတော်ဝင်မြေတစ်ခုအားတည်ထောင်ရန်မလုပ်ဆောင်ရသနည်း။ ထိုသို့လာခဲ့ခြင်းမှာ လေဟာနယ်ဘုံ၌ ခြေကုပ်ယူ၍ သူတို့၏အင်အားကို ဤနေရာတွင် တည်ဆောက်ရန်သာဖြစ််သည်။

အမှန်တကယ်ပင် ကောင်းကင်ဒေသနှင့် လေဟာနယ်ဘုံတို့အား အရှင်ဒွန်ဟောင်မှ ထိန်းချုပ်ထားသည်။ ထို့ကြောင့် ထိုလူ၏စကားများက မှန်ကန်၍အားကောင်းသယောင်ထင်မှတ်ရခြင်းဖြစ်သည်။ ထိုက်ချူတော်ဝင်မြေက သူတို့၏ဆရာများကြောင့် ထင်ရှားကျော်ကြားသည်မှာ အမှန်ပင်ဖြစ်သည်။ သူတို့က ဤနေရာ၌ အရှင်ဒွန်ဟောင်၏ဆန္ဒအတိုင်း လမ်းစဥ်ကိုသင်ကြားပေးရန်ရောက်လာသည်ဆိုလျှင် ငြင်းပယ်စရာမရှိပေ။

“ကောင်းကင်အာဏာစက်ကျောင်းတော်က အောက်ဘုံမှာ လမ်းစဥ်ကိုသင်ကြားပေးပြီး ကောင်းကင်အာဏာစက်ဘုံရဲ့ တော်ဝင်မြေအဖြစ်တည်ရှိတယ်လို့ ငါကြားထားတယ်။ ဒါကြောင့် ငါတို့ကကျောင်းတော်ကိုဝင်ရောက်လက်လွှဲယူပြီး လေဟာနယ်ဘုံမှာ ပိုပြီးကောင်းမွန်စွာသင်ကြားပို့ချနိုင်ဖို့ ကူညီချင်တာ...” ထိုကြည်လင်သောအသံက ထပ်မံထွက်ပေါ်လာသည်။ “ကျောင်းတော်ကအရှင်ဒွန်ဟောင်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ငါတို့နဲ့အတူပူးပေါင်းဖို့ဆန္ဒရှိသလား”

တေးသံသာနန်းမြို့တော်နှင့် ကောင်းကင်ဒေသမှလာသော အခြားအင်အားစုများက ထိုမြင်ကွင်းအား တိတ်ဆိတ်စွာကြည့်နေကြသည်။ ထိုက်ချူတော်ဝင်မြေမှလူ၏စကားများမှာ အလွန်မြင့်မားလှပြီး သူတို့က အမှန်တကယ်ပင် အရှင်ဒွန်ဟောင်၏ဆန္ဒအား ဖြည့်ဆည်းပေးရန်ရောက်လာသကဲ့သို့ ထင်မှတ်ရသည်။

“ကောင်းကင်အာဏာစက်ကျောင်းတော်က ကောင်းကင်အာဏာစက်ဘုံကလူတွေရဲ့ ယုံကြည်မှုကိုရရှိထားတယ်။ ဘုံတစ်ခုလုံးက အင်အားစုတွေအားလုံးက လမ်းစဥ်ကိုသင်ယူပြီး သိုင်းပညာကိုမြှင့်တင်နိုင်ဖို့ ဒီကိုလာရောက်ကြတယ်။ ဒါကြောင့် ကျုပ်တို့အပိုင်းနဲ့ပတ်သတ်ပြီး ဒုက္ခခံပေးစရာမလိုပါဘူး။ ပြီးတော့ မင်းတို့က ဒီကမ္ဘာကမဟုတ်သလို ကျုပ်တို့လူလည်းမဟုတ်ဘူး။ ဒါကြောင့် ပွင့်ပွင့်လင်းလင်းပြောရရင် မင်းတို့ခြေကုပ်ယူချင်တယ်ဆိုရင် မဟာလမ်းစဥ်ရဲ့ဘုံသုံးထောင်တခွင်မှာ တခြားနေရာတစ်ခုကိုသွားရှာသင့်တယ်...” အရှင်ထိုက်ရွှမ်က တည့်တိုးပင်ပြောလိုက်ပြီး သူ၏အသံမှာ အေးစက်နေလေသည်။

“ငါကြားတာတော့ မင်းက အထက်ကောင်းကင်ဘုံက ထိုက်ရွှမ်တောင်သခင်ဖြစ်ခဲ့ပြီး ကောင်းကင်အာဏာစက်ဘုံကမဟုတ်ဘူးဆို...။ အဲ့ဒါတောင် မင်းကဒီမှာလာပြီး ကျောင်းအုပ်ကြီးရာထူးကိုယူသေးတာလား။ ဒါဆိုငါတို့ကရော အဲ့လိုလုပ်လို့မရဘူးလား...” ထိုက်ချူတော်ဝင်မြေမှလူက ပြောလိုက်သည်။ “ငါတို့က မင်းတို့ဘုံကို စိတ်ရင်းနဲ့ ရောက်လာတာပါ”

“ငါတို့က ကောင်းကင်ဒေသမှာ လမ်းစဥ်ကိုသင်ကြားပေးနေတာ။ ဒါကြောင့် ငါတို့က ကျောင်းတော်ကိုဝင်ရောက်မယ်ဆိုရင် ဒါကမင်းတို့အတွက် အလွန်ဂုဏ်ယူစရာဖြစ်နေမှာမဟုတ်ဘူးလား...။လေဟာနယ်ဘုံကလူတွေက ဒီကိစ္စကနေအကျိုးအမြတ်အများဆုံးရမှာပဲလေ ဘာလို့ငြင်းဆန်နေရတာလဲ”

“ဘာလို့လဲဆိုတော့ မင်းတို့ လမ်းစဥ်ကိုသင်ကြားပေးတဲ့နည်းလမ်းက ကောင်းကင်အာဏာစက်ဘုံနဲ့ မတန်လို့ပဲ” အရှင်ထိုက်ရွှမ်က အများကြီးမပြောပေ။ သူက တည့်တိုးသာပြောလိုက်သည်။

ရုတ်တရက် နေရာတခုလုံးက ထပ်မံ၍တိတ်ဆိတ်သွားပြန်သည်။ ထို့နောက် ဝတ်ရုံဖြူနှင့်လူက ပြုံး၍ပြောလိုက်သည်။ “ငါတို့က ကောင်းကင်အာဏာစက်ဘုံမှာသင်ကြားပေးဖို့ မထိုက်တန်ဘူးတဲ့လား”

“မထိုက်တန်ဘူး” အရှင်ထိုက်ရွှမ်က အေးစက်စွာပြောလိုက်သည်။ သူတို့၏လမ်းစဥ်သင်ကြားပေးသည့်နည်းလမ်းက လောက၌ရှိသမျှလူအားလုံးအား ကျင့်ကြံနိုင်စေရန်ဖြစ်ပြီး ထိုက်ချူတော်ဝင်မြေကမူ ခြားနားပေသည်။ သူတို့က ဤနေရာသို့ အင်အားတည်ထောင်ရန်ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ ထိုလှည့်ဖျားမှုအပြည့်ဖြင့် လှုပ်ရှားမှုက ရှင်းလင်းစွာပင်ကောင်းကင်အာဏာစက်ဘုံနှင့် မထိုက်တန်ပေ။

“ဒီလိုဆိုမှတော့ အများကြီးပြောနေစရာမလိုတော့ဘူး” ဝတ်ရုံဖြူနှင့်လူက သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး ကြောက်မက်ဖွယ် ချီလှိုင်းက ထွက်ပေါ်လာသည်။ သူကဆက်ပြောလိုက်သည်။ “ငါတို့က လမ်းစဥ်ကိုသင်ကြားပေးတဲ့ဆရာတွေဆိုတော့ ငါတို့တစ်ယောက်နဲ့တစ်ယောက် ခွန်အား၊ ကျင့်​ကြံဆင့်၊ ကျင့်ကြံရေးနည်းလမ်းနဲ့ အနီးကပ်တိုက်ခိုက်မှုစွမ်းရည်တွေကို စမ်းသပ်ကြည့်သင့်တယ်။ အခု လေဟာနယ်ဘုံကလူတွေကို ဒီနေရာမှာသင်ကြားပေးဖို့ ဘယ်သူကအဆင့်မှီလဲဆိုတာ မြင်အောင်ပြပေးကြတာပေါ့...”

သူကထိုသို့ပြောလိုက်ရင်း သူ့ဘေးမှလူကိုကြည့်လိုက်သည်။ ထိုလူကရှေ့သို့ထွက်လာသည်။ သူထိုသို့တက်လှမ်းလာချိန်တွင် သူ၏အရှိန်အဝါက ကောင်းကင်ယံသို့ထိုးတက်သွားသည်။ တိမ်များကအရောင်ပြောင်းသွားပြီး ကြောက်မက်ဖွယ် ဓားများကထွက်ပေါ်လာကာ နေမင်းအားဖုံးအုပ်သွားသည်။ မရေမတွက်နိုင်သော ဓားများက လူအုပ်ကြီး၏ခေါင်းထက်၌ ဖုံးလွှမ်းနေလေသည်။

သူ၏ခန္ဓာကိုယ်က တောက်ပသောအလင်းတန်းများဖြင့်လွှမ်းခြုံသွားပြီး ဓားတစ်ချောင်းအဖြစ်ပြောင်းလဲသွားသလိုပင်။ သူ့ထံမှ တောက်ပသောဓားအလင်းရောင်များထွက်ပေါ်​နေပြီး အရာအားလုံးကိုလွှမ်းမိုးထားသလိုပင်။

ဝှစ်...

ဓားအသိကထွက်ပေါ်လာပြီး ကောင်းကင်အာဏာစက်မြို့မှလူများက ထိုနေရာသို့ ကြည့်လိုက်ကြသည်။ သူတို့၏နှလုံးများက တုန်ခါနေသလိုခံစားနေကြရသည်။ ထိုပျံ့နှံ့လာသောဓားအသိကအလွန်ထက်ရှလှပေသည်။ ထိုဓားအသိကျဆင်းလာသည်နှင့် တမြို့လုံး ပျက်စီးသွားတော့မလိုပင် ခံစားနေကြရသည

ထိုအခိုက်တွင် လူတိုင်းက အလွန်အားကောင်းလှသောဖိအားကို ခံစားမိကြသည်။

“အဆင့်မြင့်ရန်ဟောင်” ရန်ဟောင်အဆင့်မှလူများက ထိုလူ၏အရှိန်အဝါအားခံစားမိကြသည်။ သူကအလွန်ပင်အားကောင်းလှပေသည်။ အဆင့်မြင့်ရန်ဟောင်၏အင်အားက အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလှပေသည်။

အရှင်ထိုက်ရွှမ်သည်လည်း ထိုလူအားကြည့်နေသည်။ သူက မဟာလမ်းစဥ်၏ အရှင်သခင်နတ်ဝင်ရိုးအား ခံစားမိသည်။

သူကြည့်နေစဥ်မှာပင် ထိုလူ၏ပတ်လည်မှဓားအသိများက ပြည့်နှက်လာပြီး အဆုံးမဲ့ဓားများက သူ၏ပတ်လည်၌လှည့်ပတ်လာသည်။ မဟာလမ်းစဥ် ဓားဝင်ရိုး၏အသိက သူ့အားထောက်ပံ့ပေးနေသည်။ ထိုနတ်ဝင်ရိုးတွင် အလွှာခုနှစ်ခုရှိနေ၍ သတ္တမတန်းစားနတ်ဝင်ရိုးဖြစ်လေသည်။

ဓားနတ်ဝင်ရိုးက အလွန်ပင်တောက်ပနေပြီး ပြီးပြည့်စုံပေသည်။ ထိုလူက အမှန်တကယ်ပင် အလွန်အားကောင်းလှသည်။

ဘေး၌ နတ်နန်းတော်မှ ထိပ်သီးပုဂ္ဂိုလ်များနှင့် အခြားအင်အားစုများမှလူများ၏အမူအရာက တင်းမာနေကြသည်။

“ပြီးပြည့်စုံတဲ့ အက်ကြောင်းမဲ့နတ်ဝင်ရိုးဖြစ်လုနီးပါးပဲ။ သတ္တမတန်းစားနတ်ဝင်ရိုးမှာပဲ ပြစ်ချက်ရှိနေတာ” နတ်နန်းတော်မှ ပုဂ္ဂိုလ်က တွေးမိလိုက်သည်။ ထိုသည်က သူ အဆင့်နိမ့်ရန်ဟောင်နှင့်အလယ်အလတ်အဆင့်ရန်ဟောင်ဘဝတွင် ဖွဲ့စည်းခဲ့သောနတ်ဝင်ရိုးများက အက်ကြောင်းမဲ့နတ်ဝင်ရိုးများဖြစ်သည်ဟု ဆိုလိုပေသည်။ အဆင့်မြင့်ရန်ဟောင်အဆင့်သို့ရောက်သည့်အချိန်၌ဖွဲ့စည်းခဲ့သောနတ်ဝင်ရိုးသည်သာ ပြစ်ချက်ရှိ၍ ပြီးပြည့်စုံသည့်နတ်ဝင်ရိုးမဖြစ်ခဲ့ခြင်းဖြစ်သည်။

ရန်ဟောင်အဆင့်တွင် အဆင့်ကြီးသုံးဆင့်ရှိ၍ အဆင့်နိမ့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်တို့ဖြစ်ပြီး ထိုအဆင့်များတွင်အတန်းအစားကိုးခုထပ်မံခွဲခြားထားသည်။ အတန်းအစားတစ်ခုချင်းစီတွင် နတ်ဝင်ရိုး၌ အလွှာတစ်ခုစီဖြစ်တည်လာသည်။

ရန်ဟောင်အဆင့်မှ အဆင့်ကြီးတစ်ခုစီတိုင်းသည် စမ်းသပ်မှုကြီးဖြစ်ပေသည်။

ရန်ဟောင်တပါးဖြစ်လာချိန်တွင် အက်ကြောင်းမဲ့နတ်ဝင်ရိုးတစ်ခုကိုဖွဲ့စည်းနိုင်ခဲ့ပါက အဆင့်နိမ့်ရန်ဟောင်အဆင့်တွင် ဖွဲ့စည်းခဲ့သမျှနတ်ဝင်ရိုးအားလုံးမှာ ပြီးပြည့်စုံပေလိမ့်မည်။ သို့သော်အလယ်အလတ်အဆင့်သို့တက်ရောက်ချိန်တွင် စမ်းသပ်မှုကြီးတစ်ခုနှင့် ထပ်ကြုံရမည်ဖြစ်သည်။

ထို့ကြောင့် ဘုံသုံးထောင်လုံးနှင့် ဘုံကိုးခုရှိအင်အားစုကြီးများမှကျင့်ကြံသူများအားလုံးထဲတွင် အက်ကြောင်းမဲ့နတ်ဝင်ရိုးရှိသည့်လူများမှာ ရီဖူရှင်းနှင့် သူ၏လူအနည်းငယ်သာဖြစ်ကြသည်။အက်ကြောင်းမဲ့နတ်ဝင်ရိုးကိုဖွဲ့စည်းနိုင်သည့်သူ မရှိဖူးခြင်းမဟုတ်ပေ သို့သော် နောက်ပိုင်းတွင် သူတို့၏နတ်ဝင်ရိုးများ၌ ပြစ်ချက်များရှိလာခြင်းဖြစ်သည်။ အက်ကြောင်းမဲ့နတ်ဝင်ရိုးအားထိန်းသိမ်းလိုလျှင် ထိုလူက ရှေ့သို့ဆက်၍ကြိုးစားနေရမည်ဖြစ်ပြီး တစ်စထက်တစ်စ ပို၍အားကောင်းလာရန်လိုအပ်ပေသည်။

ဆိုလိုသည်မှာ ရန်ဟောင်တစ်ပါးဖြစ်လာရန်က ခြေတစ်လှမ်းသာဖြစ်သော်လည်း ထိုသည်ကပင် ခက်ခဲလှသည့်စမှတ်တစ်ခုဖြစ်ပေသည်။ ထိုအဆင့်တွင် အက်ကြောင်းမဲ့နတ်ဝင်ရိုးအား ဖန်တီးနိုင်ခြင်းက အခွင့်အလမ်းကောင်းများပေးပေလိမ့်မည်။အကယ်၍ နိမ့်ပါးသည့်အဆင့်မှ စတင်ခဲ့မည်ဆိုလျှင် ထိုမျှမြင့်မားသည့်အခြေအနေကိုရောက်ရှိလာနိုင်မည်မဟုတ်ပေ။အနည်းဆုံး မဟာလမ်းစဉ်၏ ဘုံ၃၀၀၀ မှာ ဤကဲ့သို့အရာမှာ တစ်ခါမျှ ဖြစ်ဖူးခဲ့ခြင်းမရှိပေ။ ပြစ်ချက်များရှိ‌‌နေသောနတ်ဝင်ရိုးမှ အက်ကြောင်းမဲ့နတ်ဝင်ရိုးအဖြစ်သို့ပြောင်းလဲဖန်တီးရန်မှာ ကျင့်ကြံခြင်း၏ဥပဒေသများအားဆန့်ကျင်နေလေသည်။

သောကျောက်၊ ရှောင်မုယွီ နှင့်အခြားသူများသည် ရီဖူရှင်းနှင့်အတူ ကျင့်ကြံပြီး ထိုမြင့်မားသည့်စမှတ်ကို‌ရရှိပြီးဖြစ်သည်။ထို့ကြောင့် သူတို့သည် ရီဖူရှင်းနှင့် အတူဆက်လက်ကျင့်ကြံခြင်းဖြင့်သူတို့မိသားစု၏ကံကြမ္မာအားလောင်းကြေးထပ်ခဲ့ခြင်းဖြစ်သည်။

အက်ကြောင်းမဲ့နတ်ဝင်ရိုးအားပိုင်ဆိုင်ထားသူများသည်   အနည်းဆုံးသူတို့အင်အားစု၏မှတ်တိုင်တစ်ခုဖြစ်လာရန်မျှော်လင့်ကြပေမည်။သူတို့သည် ရီဖူရှင်းနှင့် နေခဲ့မည်ဆိုလျှင် သူတို့သည်အနာဂတ်အားဖန်တီးနိုင်လိမ့်မည်။ထို့ကြောင့် ရှောင်ကလန်နှင့် အခြားသူများသည် သူ၏အနားတွင်ရှိနေကြခြင်းဖြစ်ပေသည်။

ထိုအချိန်တွင် အက်ကြောင်းမဲ့ပြီးပြည့်စုံလုနီးပါးနတ်ဝင်ရိုးနှင့် ကျင့်ကြံသူတစ်ယောက်ရောက်ရှိလာခဲ့သည်။ကောင်းကင်အာဏာစက်ကျောင်းတော် သို့မဟုတ် သူတို့၏မဟာမိတ်များတွင်  အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့်ရန်ဟောင်များဖြစ်နေစဉ်တွင် အက်ကြောင်းမဲ့နတ်ဝင်ရိုးကိုထိန်းသိမ်းထားနိုင်သည့် လူအနည်းငယ်သာရှိသည်။

ထို့အပြင် ဤလူသည်တိုက်ခိုက်ရန် ပထမဆုံးရွေးချယ်ခံရသူဖြစ်လာသည်။သူသည် စစ်သူရဲကောင်းပင်ဖြစ်ရမည်။ သူ့အားခုခံတိုက်ခိုက်နိုင်မည့် တစ်စုံတစ်ယောက်ကိုရှာရန်မှာ ခက်ခဲပေမည်။

ဤသည်မှာ လေဟာနယ်ဘုံနှင့် ကောင်းကင်ဒေသ၏ကွာခြားချက်ဟုပင်ဆိုရပေလိမ့်မည်။တဦးတစ်ယောက်ချင်း၏တိုက်ခိုက်ရေး၏စွမ်းရည်အရ သူတို့သည် ထိုက်ချူတော်‌ဝင်မြေနှင့် မယှဉ်နိုင်ပေ။ မည်သို့ပင်ဆိုစေ သူတို့သည် ကောင်းကင်ဒေသရှိ တော်ဝင်မြေမှဆင်းသက်လာကြခြင်းဖြစ်လေသည်။

အရှင်ထိုက်ရွှမ်သည် ကျင့်ကြံသူများက မည်မျှအားနည်းသည်၊ သန်မာသည်ကို ဂရုမစိုက်ပေ။သို့သော် ဤသည်မှာ သင်ကြားခြင်းစွမ်းရည်ကိုပြိုင်ဆိုင်ခြင်းဖြစ်ပြီး ကောင်းကင်အာဏာစက်ဘုံမှလူအားလုံးက စောင့်ကြည့်နေသောကြောင့် သူသည်တတ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းဖြင့် သူ၏ပြိုင်ဘက်များကို တုံ့ပြန်ရမည်မှာ ပုံမှန်ပင်ဖြစ်သည်။

“မင်းပြောခဲ့သလိုပဲ ထိုက်ချူတော်ဝင်မြေက ကောင်း‌ကင်ဒေသက အင်အားစုတစ်ခုပဲ။ ဒါကြောင့် မင်းမှာ ငါတို့ထက် ပိုပြီးထင်ရှားကျော်ကြားတဲ့ နောက်ခံကောင်းရှိနေမယ်ဆိုတာ သိသာပါတယ်။ ငါတို့က ဒီကောင်းကင်အာဏာစက်ဘုံမှာသင်ကြားခဲ့ပြီး ငါတို့ရဲ့နာမည်က ဘုံကိုးခု​ကို လှုပ်ခတ်စေခဲ့တယ်။ အဲ့လိုဖြစ်စေခဲ့တဲ့အကြောင်းရင်းတခုက ငါတို့ရဲ့ အတွေးအခေါ်ကြောင့်ပဲ။ ဒါကြောင့် ငါတို့က မင်းတို့ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဝင်ရောက်ခွင့်ပြုဖို့ကန့်ကွက်နေရတာ။ ဒုတိယအကြောင်းပြချက်က လူငယ်မျိုးဆက်အချို့ရဲ့ ဆန္ဒကြောင့်ပဲ။ သူတို့ကကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ အနာဂတ်ပဲ၊ ဒီနေ့ မင်းတို့က ငါတို့ကို ရန်စလိုက်ကတည်းက မင်းတို့က လူငယ်မျိုးဆက်ကိုစိန်ခေါ်သလိုဖြစ်သွားပြီ။ ငါတို့က အဆင့်တိုင်းကလူတွေကိုနှိုင်းယှဉ်ဖို့ မလိုအပ်ဘူး” အရှင်ထိုက်ရွှမ်က ကျယ်လောင်ရှင်းလင်းသည့်အသံဖြင့်ပြောလိုက်သည်။

နေရာတခုလုံးမှလူအားလုံးက ထောက်ခံကြသည်။အရှင်ထိုက်ရွှမ်ပြောသည်မှာ မှန်ကန်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျော်ကြားမှုမှာ ဤအကြောင်းအရင်းနှစ်ချက်ကြောင့်ပင်ဖြစ်သည်။သူတို့သည် ရှန်ကလန်၏ဖိနှိပ်မှုကို ခံခဲ့ရသော်လည်း သူတို့ကို အနိုင်ယူနိုင်ခဲ့သည်။ သူတို့သည် ရီချင်းယောင်အတွက် တိုက်ခိုက်ရန် မတွန့်ဆုတ်ခဲ့ပေ။သူတို့သည်အရည်အချင်းရှိသောသူများအားလေ့ကျင့်သင်ကြားပေးရန် တတ်နိုင်သမျှအစွမ်းကုန်လုပ်ဆောင်ခဲ့ပြီး အက်ကြောင်းမဲ့နတ်ဝင်ရိုးကိုဖန်တီးနိုင်ရန် ကူညီပေးခဲ့သည်။ ဤအရာအားလုံးသည် ကျင့်ကြံသူများအားအလွန်ဆွဲဆောင်နိုင်ခဲ့သည်။

ဒုတိယအချက်အနေဖြင့် ဤသည်မှာ ရီဖူရှင်းကြောင့်ဟုပြောမည်ဆိုလျှင် ပို၍တိကျမှန်ကန်ပေလိမ့်မည်။လူအားလုံးသည် အက်ကြောင်းမဲ့နတ်ဝင်ရိုးများကို သူ့ကြောင့် ဖွဲ့စည်းနိုင်ခဲ့ကြခြင်းဖြစ်သည်။

ဓားသမားသည် အရှင်ထိုက်ရွှမ်နှင့် ကောင်းကင်အာဏာစက်‌ကျောင်းတော်မှ အခြားကျင့်ကြံသူများကိုကြည့်လိုက်သည်။ ထို့နောက် သူ၏ဓားအသိက ကောင်းကင်ယံ၌ ပျံ့နှံ့သွားလေသည်။ သူသည် နောက်ပြန်ဆုတ်၍ လူအုပ်ဆီပြန်သွားချိန်တွင် သူ၏ထက်ရှသောဓားအသိက ဘာမှမဟုတ်သလိုပင်ပျောက်ကွယ်သွားလေသည်။

ဝတ်ရုံဖြူဝတ်ဆင်ထားသည့် ကျင့်ကြံသူကပြုံးပြီးပြောလိုက်သည် “မင်းက တကယ်ပြတ်သားတာပဲ။ မင်းရဲ့ ဆရာတွေက ထိုက်ချူတော်ဝင်မြေကို ခုခံဖို့ နည်းလမ်းမရှိဘူးဆိုတာကို မင်းသိထားတယ်။ ဒါကြောင့် မင်းက တိုက်ပွဲကိုရှောင်ဖို့ကြိုးစားခဲ့တာပဲ။ ဒါနဲ့ အက်ကြောင်းမဲ့နတ်ဝင်ရိုးရှိတဲ့လူတစ်စု ကျောင်းတော်မှာရှိတယ်လို့ ငါကြားထားတယ်။ အဲ့ဒီမှာ မင်းတို့ကျောင်းတော်ရဲ့အနာဂတ်ကတည်ရှိနေတာဆိုတော့ သူတို့ကို ရှေ့ထွက်လာပါစေ...”

ထိုက်ချူတော်ဝင်မြေသည် ဤအတွက် ပြင်ဆင်ထားသည်မှာ သိသာပေသည်။ သူတို့သည် ဤနေရာတွင်သင်ကြားရန် ကောင်းကင်အာဏာစက်ကျောင်းတော်ကို လွှဲပြောင်းယူလိုသည့်အတွက်ထိုသည်အားရှာဖွေရန် မည်သည့်အတွက် မေ့လျော့ပေလိမ့်မည်နည်း။

***

All Chapters