← Chapters

အားကောင်းသောပြိုင်ဘက်

Vol. 018 Ch. 1767

အားကောင်းသောပြိုင်ဘက်

Vol. 018 Ch. 1767

ရှောင်မင်က ဒဏ်ရာများရရှိပြီး စိတ်ဓာတ်ကျစွာပြန်လာခဲ့သည်။ ရီဖူရှင်းက သူ့အားပြုံး၍ပြောလိုက်သည်။ “မင်းရဲ့ပြိုင်ဘက်က ကောင်းကင်ဒေသရဲ့ ကျင့်ကြံခြင်းတော်ဝင်မြေကလူပဲလေ။ ငါတို့ကိုစိန်ခေါ်ဖို့ သူ့ကိုသေချာရွေးခံထားရတာ။ မင်းရှုံးသွားတာ ပုံမှန်ပါပဲ။ ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ ကော့တေးကတပည့်တွေက ရှေ့ကိုတက်ဖို့ အခက်အခဲတွေ အကြပ်အတည်းတွေကို ဖြတ်ကျော်ရမှာပဲ...”

ရှောင်မင်က ရီဖူရှင်း၏စကားကိုကြားပြီး သူ၏ခေါင်းကိုမော့ကာ ပြန်ဖြေသည်။ “ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်က ကျောင်းတော်ကိုအရှက်ရအောင်လုပ်မိလို့ စိ​တ်မကောင်းဖြစ်သွားတာပါ”

“ဒါက ကိစ္စကြီးမဟုတ်ပါဘူး။ အများကြီးတွေးမနေနဲ့” ရီဖူရှင်းက ရှောင်မင်၏ပုခုံးအားပုတ်၍ ပြောလိုက်သည်။

ရှောင်မင်က အဖွဲ့ဆီသို့ပြန်သွားလိုက်သည်။ ထိုက်ချူတော်ဝင်မြေမှလူက လေထဲတွင်ရပ်နေဆဲဖြစ်သည်။ သူ၏အဝတ်များက လေနှင့်အတူ တဖပ်ဖပ်လွင့်နေသည်။

ရီဖူရှင်းက သူ့အားကြည့်လိုက်သည်။ ထိုလူက လေနှင့်ဓားအားထိန်းချုပ်ရာ၌ အလွန်ထူးချွန်ပေသည်။ ထိုအရည်အချင်းနှစ်ခုက အတူပေါင်းစပ်သွားပြီး မဟာလမ်းစဥ်အဖြစ်သို့ပြောင်းလဲကာအလွန်လျင်မြန်၍ ကြောက်မက်ဖွယ်ခွန်အားနှင့်အတူ နေရာအနှံ့သို့ပြန့်နှံ့သွားသည်။ နောက်ဆုံးတိုက်ကွက်ဖြစ်သည့် နတ်ဓားမုန်တိုင်းက ခွန်အားအားလုံးကိုတနေရာထဲ၌ စုပြုံ၍တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

ထိုသည်က ရှောင်မင်၏အကာအကွယ်အား လုံးဝဖျက်ဆီးပစ်လိုက်သည့် အားကုန်သုံးထားသော တိုက်ကွက်ဖြစ်သည်။ ထိုတိုက်ခိုက်လိုက်သည့်နေရာလေးမှ အက်ကြောင်းစတင်ပြန့်နှံ့လာပြီးမုန်တိုင်းက အရာအားလုံးအားဆုတ်ဖြဲသွားခဲ့ခြင်းဖြစ်သည်။

ဓားသမားက ရှောင်မင်အားဒူးထောက်စေမည့် နည်းဗျူဟာကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရှောင်မင်က ပြန်လည်တိုက်ခိုက်ရန်အခွင့်မသာဘဲ လွှမ်းမိုးခံလိုက်ရသည်။

အရှင်ထိုက်ရွှမ်နှင့် အခြားလူများသည်လည်း ဓားသမားအားကြည့်နေကြသည်။ သူ၏အမြန်နှုန်းနှင့် ဓားအရှိန်က အပြစ်ပြောစရာမရှိပေ။ သူ့အားအနိုင်ယူလိုလျှင် သူ့ထက်လျှင်မြန်မှသို့မဟုတ် သူ့အားထိန်းချုပ်ထားပြီးမှသာ သူ့ကိုထိအောင်တိုက်ခိုက်နိုင်ပေမည်။

မဟုတ်လျှင် ထိုဓားသမားထက်သန်မာသောကျင့်ကြံသူပင်ဖြစ်နေပါစေ သူ့အယးအလွယ်တကူအနိုင်ရရန် မဖြစ်နိုင်ပေ။

“မင်းတို့ အဆင့်တူတွင်းက ကျင့်ကြံသူကိုပဲထပ်လွှတ်မလား၊ အပြောင်းအလဲလုပ်မလား” ထိုက်ချူတော်ဝင်မြေမှ ဝတ်ရုံဖြူနှင့်လူက မောက်မာဝံ့ကြွားသောလေသံဖြင့်ပြောလိုက်သည်။

ထိုက်ချူတော်ဝင်မြေမှ ကျူးကျော်လာသူများက လေထဲတွင်ရပ်လျက်ရှိနေဆဲဖြစ်ပြီး ကောင်းကင်အာဏာစက်ကျောင်းတော်မှလူများအား ငုံ့ကြည့်နေကြသည်။

သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်အား နယ်မြေချင်းအနိုင်ယူရန် ရည်ရွယ်ထားပြီး ကျောင်းတော်အားနောက်ပြန်လှည့်ရန် အခွင့်အရေးပေးမည်မဟုတ်ပေ။

လေဟာနယ်ဘုံမှလူများက ဤတိုက်ပွဲအပြီးတွင် ထိုက်ချူတော်ဝင်မြေကိုသာ မှတ်မိနေရမည်။ ကောင်းကင်အာဏာစက်ကျောင်းတော်သည်ကား တဖြေးဖြေးချင်းမေ့လျောခံရကာအလျင်အမြန်ပင် အစားထိုးခံရပေလိမ့်မည်။

“ရာရာ မင်းကြိုးစားကြည့်ချင်လား” ရီဖူရှင်းက သူ့ဘေးတွင် ရပ်နေသည့် ရာရာအားမေးလိုက်သည်။

ရာရာနှင့် လီဟန်ဓားသမားတို့မှာ နှစ်ဦးစလုံးက ဓားပညာကိုလေ့ကျင့်ကြသည်။ ထိုက်ချူတော်ဝင်မြေမှကျင့်ကြံသူသည်လည်း ဓားကိုအသုံးပြု၍ ရာရာအနေဖြင့် ဤတိုက်ပွဲမှအတွေ့အကြုံများရနိုင်သည်ဟု ရီဖူရှင်းက တွက်ဆမိသည်။ သူတို့အနေဖြင့် ထိုက်ချူတော်ဝင်မြေမှ အက်ကြောင်းမဲ့နတ်ဝင်ရိုးပိုင်ရှင်ဓားသမားထံမှ အတွေ့အကြုံများနှင့် ကျင့်ကြံရေးနည်းလမ်းများအား သင်ယူနိုင်ပေမည်။

“အင်း” ရာရာက အသာခေါင်းညိမ့်၍ ရှေ့သို့တက်လှမ်းလိုက်သည်။ သူမ၏အဝတ်အစားများက ဆွတ်ဆွတ်ဖြူနေကာ သူမ၏နက်မှောင်သောဆံပင်ရှည်က လေထဲတွင်လွင့်နေသည်။ ဓားအသိစွမ်းအားက လေထဲသို့ထွက်ပေါ်လာပြီး သူမ၏ခန္ဓာကိုယ်အနီးတွင် ရစ်ပတ်နေသည်။

“သွားတော့” ဝတ်ရုံဖြူနှင့်လူကပြောလိုက်သည်။ ရှောင်မင်ကိုအနိုင်ရခဲ့သောဓားသမားက နောက်သို့ဆုတ်၍ တိုက်ပွဲကွင်းပြင်မှထွက်ခွာသွားသည်။

“သူကတပွဲတိုက်ပြီးပြီဆိုတော့ နားဖို့လိုတယ်” ဝတ်ရုံဖြူနှင့်လူက ကျယ်လောင်စွာပြောလိုက်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှလူများက ထိုကဲ့သို့သော တောင်းဆိုမှုမျိုးကိုငြင်းဆန်ရန်ခက်ခဲပေသည်။ ပြိုင်ပွဲက တရားမျှတရန်လိုအပ်ပေသည်။ ထိုက်ချူတော်ဝင်မြေက သူတို့ဘက်မှယှဥ်ပြိုင်သူအား လဲလှယ်ခွင့်ရှိလေသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်က ဓားသမားအားအနိုင်ယူရန် သူနှင့်သာတိုက်ခိုက်ဖို့ ခေါင်းမာနေ၍မရပေ။

ရီဖူရှင်းက ရာရာအခြားသူနှင့်တိုက်ခိုက်ရလျှင်လည်း ဂရုမစိုက်ပေ။ သူက ရာရာတစ်ယောက် သိုင်းအမွေအား အမွေဆက်ခံပြီးနောက် မည်မျှတိုးတက်လာသည်အားကြည့်ရှုလို၍ သူမအားတိုက်ခိုက်ရန်စေလွှတ်ခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရာရာကား ပြည်နယ်ကိုးခု၏အောက်ဘုံမှလာရောက်ခဲ့ခြင်းဖြစ်၍ မွေးရာပါ ပါရမီမှာအားမကောင်းလှပေ။

သို့သော် ရာရာက ဘဝနှစ်ခုကျင့်ကြံခဲ့ပြီး ဓားဝိညာဥ်အဖြစ်ပြောင်းလဲခဲ့ဖူးသောကြောင့် သူမက သင့်တော်သောအရည်အချင်းရှိသည့် ဓားသမားတစ်ယောက်ဖြစ်သည်။

ထိုက်ချူတော်ဝင်မြေမှ အခြားလူတစ်ယောက်ထွက်လာသည်။ သူက အလွန်ကြီးမားသောအရှိန်အဟုန်ကိုသယ်ဆောင်ထားပြီး သူ၏ခန္ဓာကိုယ်မှ မမြင်ရသောလှိုင်းများထွက်နေသကဲ့သို့ခံစားကြရသည်။ သူက တိတ်ဆိတ်၍တည်ငြိမ်အေးဆေးဟန်ပေါ်သော်လည်း အန္တရာယ်များသော သားရိုင်းတကောင်ကဲ့သို့ ခံစားမိစေသည်။

ရီဖူရှင်းက ထိုလူအားကြည့်လိုက်ချိန်တွင် သူ့ပတ်ဝန်းကျင်မှ ဝိုးတဝါးစွမ်းအင်ကိုခံစားမိလိုက်သည်။ ကြည့်ရသည်မှာ မဟာလမ်းစဥ်လှိုင်းများက သူ့ခန္ဓာကိုယ်ထဲမှထွက်ပေါ်လာပြီး မမြင်ရသောအားတခုအဖြစ်ဖြစ်ပေါ်နေဟန်တူသည်။

“ကောင်မလေးတော့ ဒုက္ခရောက်တော့မယ်” အရှင်ထိုက်ရွှမ်က ရီဖူရှင်းအားပြောလိုက်သည်။

ရီဖူရှင်းက ခေါင်းငြိမ့်လိုက်သည်။ သူသည်လည်း ထိုလူက ခုနကဓားသမားထက်ပို၍အားကောင်းကြောင်း နားလည်သည်။

ထိုက်ချူတော်ဝင်မြေက သိသာစွာပင် ဤတိုက်ပွဲအတွက် သေချာပြင်ဆင်လာခဲ့သည်။ သူတို့က အဆင့်နိမ့်ရန်ဟောင်အဆင့်မှ အားကောင်းသော ကျင့်ကြံသူများစွာကိုစေလွှတ်ခဲ့သည်။ကောင်းကင်အာဏာစက်ကျောင်းတော်က ရီဖူရှင်းအပေါ်တွင် ကြီးစွာမှီခိုနေကြောင်း သူတို့ကသိရှိထားသည်။ ထို့ကြောင့် သူတို့သာ ရီဖူရှင်းနှင့်သူ၏လူများအား အနိုင်ရခဲ့လျှင် ကောင်းကင်အာဏာစက်ကျောင်းတော်အား နှိမ်နင်းနိုင်ပြီဖြစ်သည်။

ရာရာနှင့် ထိုက်ချူတော်ဝင်မြေမှလူက ကောင်းကင်ထက်၌ တွေ့ဆုံကြသည်။ ရာသီဥတုက ချက်ချင်းပင် ပြောင်းလဲသွားသည်။ ထိတွေ့၍မရသောဓားအသိက လေဟာနယ်တွင်အရှိန်အဟုန်ပြင်းစွာပျံ့နှံ့လာပြီး ဓားသံများကထွက်ပေါ်လာသည်။

ထိုက်ချူတော်ဝင်မြေသည် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့်ရင်ဆိုင်ရာတွင် အသာရနေသော်လည်း သူတို့က နောက်ထပ်အက်ကြောင်းမဲ့နတ်ဝင်ရိုးကိုပိုင်ဆိုင်ထားပြီး အားကောင်းလှသော ရာရာကိုမြင်တွေ့ချိန်တွင် အံအားသင့်မိကြသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်က ထိုက်ချူတော်ဝင်မြေကဲ့သို့ ကောင်းကင်ဒေသမှထိပ်သီးအင်အားစုနှင့် ယှဥ်နိုင်မည်မဟုတ်သော်လည်း ဘုံသုံးထောင်တွင်မူ မည်သူမျှမယှဥ်နိုင်သည့် တားမြစ်နယ်မြေတစ်ခုဖြစ်သည်မှာ သေချာလှသည်။ သူတို့၏ကျင့်ကြံသူများက အနာဂတ်တွင် အားကောင်းသောပုဂ္ဂိုလ်ကြီးများဖြစ်လာမည်မှာ သေချာပေသည်။

သို့သော် သူတို့ကံပိုကောင်းခဲ့သင့်သည်။ ကမ္ဘာကြီးက ပြောင်းလဲသွား၍ ပြင်ပဘုံများသို့ဆက်ကြောင်းက တဖန်ပြန်လည်ပွင့်လာခဲ့သည်။ အင်အားစုအသီးသီးမှကျင့်ကြံသူများက လေဟာနယ်ဘုံသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်လာခဲ့သည်။

ထွက်ပေါ်လာသော ဓားအသိက တဖြည်းဖြည်းပို၍သန်မာလာပြီး လေဟာနယ်အား ရုတ်တရက်ဖြတ်သန်းသွားသည်။ မမြင်ရသောဓားစွမ်းအားက ထိုက်ချူတော်ဝင်မြေမှလူထံသို့ တိုးဝင်သွားလေသည်။

မမြင်ရသောဓားစွမ်းအားက ထိုလူရပ်နေသောနေရာအား ခဏချင်းပင် သူ့အားနောက်ပြန်ဆုတ်စရာမရှိအောင် လှောင်ပိတ်လိုက်သည်။

ထိုသည်မှာ အလွန်အန္တရာယ်များလှသောတိုက်ခိုက်မှုဖြစ်သည်။ လူများက ပထမတိုက်ပွဲတွင် ရာရာသာ ထိုဓားသမားနှင့်ရင်ဆိုင်ခဲ့ပါက ပို၍စိတ်လှုပ်ရှားစရာကောင်းသောတိုက်ပွဲဖြစ်ခဲ့မည်လား သိလိုလာကြသည်။

ကြောက်မက်ဖွယ်ဓားအသိက အသက်ဝင်လာခဲ့သည်။ ဖျက်ဆီးခြင်းစည်းချက်က လေဟာနယ်ကိုဖြတ်သန်း၍ ရာရာ၏ပြိုင်ဘက်ထံသို့ဦးတည်သွားသည်။ ထိုဓားစွမ်းအားက ပြိုင်ဘက်အားထိုးဖောက်တော့မည့်အချိန်တွင် အလွန်အားကောင်းလှသော ရွှေရောင်လှိုင်းလုံးက ထွက်ပေါ်လာပြီး ကျယ်လောင်သောအသံကျယ်ကြီးနှင့်အတူ ရွှေရောင်အလင်းတန်းများတောက်ပကာ ဓားအသိအားတိုက်ရိုက်ဖျက်ဆီးလိုက်သည်။ ဓားအသိက တစ်စစီပေါက်ကွဲသွားလေသည်။

ထို့နောက်တွက် ထိုက်ချူတော်ဝင်မြေမှကျင့်ကြံသူက ရုတ်တရက်ရှေ့တက်လိုက်သည်။ ရွှေရောင်ရေစက်များက ကြောက်မက်ဖွယ် ရေလှိုင်းများအသွင်ပြောင်းလဲသွားပြီး ဓားအသိအားလုံးကိုလေဟာနယ်ထဲ၌ ဆုတ်ဖြဲပစ်လိုက်သည်။

“ရေနတ်ဘုရားရဲ့စစ်မှန်သောရေလှိုင်းစွမ်းအား” အဝေးမှကြည့်ရှုနေကြသော တေးသံသာနန်းမြို့တော်မှကျင့်ကြံသူများက ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားလေသည်။ သူတို့က ထိုက်ချူတော်ဝင်မြေသည် ထိုမျှပြင်ဆင်ထား၍ ထိုလူကိုပင်စေလွှတ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

“အဲ့တာ ဘယ်သူလဲ” တေးသံသာနန်းမြို့တော်မှ မင်းသမီးက မေးလိုက်သည်။

“ဘယ်သူဖြစ်နိုင်မှာလဲ။ သူ့ရဲ့တရားဝင်အမွေဆက်ခံသူလေ...” လူအိုကြီးက ပြန်ပြောလိုက်သည်။ တေးသံသာနန်းမြို့တော်မှ မင်းသမီးက ရုတ်တရက်ပင် ထိုက်ချူတော်ဝင်မြေမှ ထိပ်သီးပုဂ္ဂိုလ်ကြီးသုံးယောက်ထဲမှ တစ်ယောက်အားတွေးမိသွားသည်။

“သူက ကန်းကျင့်ကို မဟာလမ်းစဉ်ရေစင်နဲ့ပေါင်းစည်းပြီး အဲ့ဒီလိုစွမ်းအားမျိုးကိုပိုင်ဆိုင်ထားတာ။ တကယ့်ကို သေနိုင်လောက်တဲ့ အလွန်အားကောင်းတဲ့စွမ်းအားပဲ။ ပြီးတော့ သူ့ရဲ့ဒီတပည့်ကအာကာသမဟာလမ်းစဥ်ကိုလည်းကျွမ်းကျင်ပြီး သက်စောင့်ဝိညာဥ်သုံးခုနဲ့ ထူးကဲသာလွန်တဲ့နတ်ဝင်ရိုးကိုလည်း ပိုင်ဆိုင်ထားတယ်။ သူက အရမ်းအားကောင်းပြီး အနာဂတ်မှာ မုချန်းကီကိုတောင် ယှဥ်နိုင်လိမ့်မယ်”

တေးသံသာနန်းမြို့တော်မှ စီနီယာကျင့်ကြံသူကရှင်းပြလိုက်သည်။ သူပြောနေစဥ်မှာပင် ထိုလူကရှေ့သို့ဆက်တိုးသွားသည်။ သူခြေတလှမ်း လှမ်းလိုက်တိုင်း ရွှေရောင်လှိုင်းလုံးကြီးတစ်ခုစီကထွက်ပေါ်လာသည်။ ထိုလှိုင်းလုံးများက ထိတွေ့မိသမျှအရာအားလုံးအား ကြောက်မက်ဖွယ်အင်အားဖြင့် တိုက်စားသွားသည်။ ဓားအသိက ထိုလူ၏အနီးသို့ပင် မကပ်နိုင်ပေ။

နတ်ဓားများက သဏ္ဍာန်ဖွဲ့တည်လာပြီး ရာရာ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် လှည့်ပတ်နေသည်။ ထိုဓားများက ကားချပ်သဖွယ်ဖြစ်တည်သွားပြီး အင်အားကြီးမားသော ဓားအစီအရင်တံခါးဖြစ်ပေါ်လာသည်။ မရေမတွက်နိုင်သော ဓားအသိစမ်းချောင်းများက သိပ်သည်းစွာပေါင်းစည်းသွားပြီး ဓားအရှိန်အဝါထွက်ပေါ်လာသည်။ ရှေ့ပြေးပုံရိပ်က အေးစက်စက်လေထုထဲတွင် စိမ့်ဝင်သွားပြီး ဓားအသိက ရာရာ၏ပြိုင်ဘ​က်ထံသို့ ဘက်ပေါင်းစုံမှတိုးဝင်သွားသည်။

ထိုလူက ရှေ့သို့တက်လာခြင်းအား ရပ်တန့်လိုက်သည်။ သူက လက်နှစ်ဖက်ကိုစုစည်းလိုက်ပြီး သူ၏နတ်ဝင်ရိုးအား ဆင့်ခေါ်လိုက်သည်။ ထိုသည်က သန်းပေါင်းများစွာသော ပုံစံအရွယ်အစားအမျိုးမျိုးပါဝင်​နေပြီး အလွှာလိုက်ထပ်နေသည့် ရွှေရောင်နတ်မျက်လုံးတစ်လုံးနှင့်တူသော ရွှေရောင်နတ်ဝင်ရိုးဖြစ်နေသောကြောင့် လူတိုင်းအံအားသင့်သွားရသည်။ ထိုနတ်မျက်လုံးကြီးကလျှင်မြန်စွာလည်ပတ်နေပြီး ကျယ်ပြန့်လာသည်။

မဟာလမ်းစဥ်၏ဆန်းကြယ်သောလှိုင်းလုံးများက လှိမ့်ဝင်လာပြီး ကောင်းကင်ပြင်သို့ဖုံးအုပ်သွားသည်။

လူတိုင်းက ခေါင်းများကိုမော့၍ စီးဆင်းနေသောဓားအသိနှင့် အော်မြည်နေသောလှိုင်းလုံးများအားကြည့်နေကြသည်။

“အဲ့တာ ဘာကျင့်စဥ်လဲ” လူများက ထိုခမ်းနားလှသောစွမ်းအားကြောင့် မင်သက်မိနေကြသည်။ ထိုသည်က ထိုက်ချူတော်ဝင်မြေ၏ ထိပ်တန်းတိုက်ခိုက်ရေးပညာဖြစ်ဟန်တူသည်။

“ပြိုင်ပွဲကို နောက်ဆုံးတိုက်ခိုက်မှုနဲ့ ဖြေရှင်းကြရအောင်” ထိုက်ချူတော်ဝင်မြေမှရန်ဟောင်က ပြောလိုက်သည်။ သူကရှေ့သို့လှမ်းလိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်က ပါးလွှါသောလေထုထဲ၌နစ်မြုပ်သွားသည်။ သူ၏လက်သီးချက်က မြှားတစ်စင်းသဖွယ် ရှေ့သို့တည့်တည့်ပစ်ခွင်းလိုက်သည်။

ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအားက ခဏချင်းပင် မရေမတွက်နိုင်သော လှိုင်းလုံးများအသွင်ပြောင်းလဲသွားသည်။ ထိုကြောက်မက်ဖွယ်လှိုင်းလုံးက အရာအားလုံးကိုတိုက်စားသွားသည်။ ရာရာသည် သူမရှိနေသောလေဟာနယ်က ပြင်းထန်စွာတုန်ခါလာသည်ကို ခံစားလိုက်ရသည်။

သူမက ဓားအစီအရင်တံခါးကိုအသက်သွင်းလိုက်သည်။ မရေမတွက်နိုင်သော နတ်ဓားများက တစ်ခုထဲအဖြစ်ပေါင်းစည်းသွားပြီး လေဟာနယ်အားထိုးဖောက်သွားသည်။

လူအုပ်ကြီးက အလွန်တောက်ပသော အလင်းတန်းနှစ်ခု တစ်ခုနှင့်တစ်ခု တိုက်မိသွားသည်ဟုသာမြင်လိုက်ရသည်။

တောက်ပသောအလင်းရောင်က လူတိုင်းမျက်လုံးထဲ၌ စူးရှသွားသည်။ မဟာလမ်းစဥ်၏လှိုင်းလုံးများက တိုက်မိသွားပြီး လေဟာနယ်ထဲ၌ လှိုင်းပွက်များဖြစ်ပေါ်လာသည်။ ထိုက်ချူတော်ဝင်မြေမှရန်ဟောင်က နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရပြီး ရာရာကား ကောင်းကင်အာဏာစက်ကျောင်းတော်ဆီသို့ လွင့်စင်သွားသည်။ သူမသည် အတွင်းပိုင်းအင်္ဂါများထိခိုက်သွားသောကြောင့် ပါးစပ်အပြည့်သွေးတလုပ်အန်လိုက်ရလေသည်။

ရီဖူရှင်းက လျှင်မြန်စွာလှုပ်ရှားလိုက်ပြီး ရာရာအားဆီးဖမ်းလိုက်ကာ အရှိန်ကိုထိန်း၍ မြေ​ပေါ်သို့ဆင်းသက်လိုက်သည်။ ရာရာ၏အဝတ်အစားများကား သူမ၏သွေးများဖြင့် စွန်းထင်းနေလေသည်။

“မင်းဒဏ်ရာတွေကိုသွားကုလိုက်ပါ” ရီဖူရှင်းက သူမအားပြောလိုက်သည်။

သို့သော် ရာရာက ခေါင်းယမ်းကာပြောလိုက်သည်။ “ငါဘာမှမဖြစ်ပါဘူး။ ငါဒီမှာပဲနေချင်တယ်”

ဤနေ့သည် ကောင်းကင်အာဏာစက်ကျောင်းတော်အတွက် အကြင်နာကင်းမဲ့သောနေ့ဖြစ်လေသည်။ ပြိုင်ပွဲအားရှုံးနိမ့်ခဲ့ပြီးနောက် ရာရာက သူမကိုသူမ ဂရုမစိုက်ပေ။ သူမက ကောင်းကင်အာဏာစက်ကျောင်းတော် လက်ရှိကျရောက်နေသောအခြေအနေအား လက်မခံနိုင်ပေ။ သူမက သူတို့ ထိုက်ချူတော်ဝင်မြေအပေါ် မည်သို့ကစားပွဲအား ပြောင်းပြန်လှန်ပစ်မည်ကို မြင်တွေ့လိုပေသည်။

သူတို့၏ ပြိုင်ဘက်က ကြီးကျယ်ခမ်းနားသော ထိုက်ချူတော်ဝင်မြေပင်ဖြစ်နေစေကာမူ သူတို့က ဤတိုက်ပွဲအား ရှုံးနိမ့်၍မရပေ။ သူတို့သာ ယနေ့ ဂုဏ်သိက္ခာကျဆင်း၍ အရှက်ခွဲခံခဲ့ရလျှင်အနာဂတ်၌ ဘုံကိုးခု၌သင်ကြားရန်ရည်ရွယ်၍ ရောက်လာခဲ့သော ထိုက်ချူတော်ဝင်မြေအား မည်သို့ယှဥ်နိုင်တော့ပေမည်နည်း။

သူတို့သာ ယနေ့ ကောင်းကင်အာဏာစက်ကျောင်းတော်အားအဆုံးစွန်ထိတွန်းပို့ခြင်းကို မတားဆီးနိုင်ခဲ့လျှင် သူတို့က ထိုက်ချူတော်ဝင်မြေရှေ့၌ အမြဲတမ်းအရှက်ရနေပေလိမ့်မည်။

ရီဖူရှင်းက ရာရာ၏ဆုံးဖြတ်ထားသောမျက်လုံးများကိုကြည့်ကာ အသာခေါင်းညိမ့်လိုက်သည်။

***

All Chapters