← Chapters

ယူချင်းရှေ့ထွက်ခြင်း

Vol. 018 Ch. 1768

ယူချင်းရှေ့ထွက်ခြင်း

Vol. 018 Ch. 1768

ရာရာအားအနိုင်ယူခဲ့သော ရန်ဟောင်က သူ၏အဖွဲ့ဆီသို့ပြန်မသွားပေ။ ယခင်ဓားသမားကဲ့သို့ပင် သူက လေထဲတွင်ဆက်၍ရပ်နေပြီး ကောင်းကင်အာဏာစက်ကျောင်းတော်အား ငုံ့ကြည့်နေသည်။

မည်သို့ပင်ဖြစ်စေ ယခင်တိုက်ပွဲလို သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်ဘက်မှ တခြားကျင့်ကြံသူတစ်ယောက်အား တိုက်ခိုက်ရန်စေလွှတ်သည့်အခါမှသာ တိုက်ပွဲကွင်းပြင်မှထွက်သွားခြင်းလည်းဖြစ်နိုင်သည်။

ဤပြိုင်ပွဲတွင် စည်းမဥ်းစည်းကမ်းများရှိမနေပေ။ အကြံအစည်သည် ထိပ်ဆုံးမှ ထွက်လာသူတိုင်း၏ လက်ထဲတွင် ရှိနေသည်။

“ဖူရှင်း သူ့ကိုအနိုင်ရနိုင်မယ့် လူနည်းနည်းပဲ ရှိမယ်ထင်တယ်” ချီရွှမ်ကန်းက သူ၏အသံအား ရီဖူရှင်းထံသို့ပို့လွှတ်လိုက်သည်။ အဆင့်နိမ့်ရန်ဟောင်အနေဖြင့် သူက ထိုက်ချူတော်ဝင်မြေမှရန်ဟောင်နှင့် အဆင့်တူဖြစ်သည်။ ထို့ကြောင့် သူက ပြိုင်ဘက်၏ခြိမ်းခြောက်နိုင်သောခွန်အားကို အလွယ်တကူစစ်ဆေးကြည့်နိုင်သည်။

လက်တစ်ဆုပ်စာမျှသောလူများသာ ထိုက်ချူတော်ဝင်မြေမှ ထိုလူအားအနိုင်ရရန် ယုံကြည်ချက်ရှိပေမည်။

သောကျောက်ပင် သူ့အားရှုံးနိမ့်သွားနိုင်သည်။

ရီဖူရှင်းက ခေါင်းညိမ့်လိုက်သည်။ သူသည်လည်း ထိုက်ချူတော်ဝင်မြေမှထိုလူက မဟာလမ်းစဥ်၏ စွမ်းအားအမျိုးမျိုးကိုကျွမ်းကျင်ကြောင်း သတိပြုမိသည်။ သူက ကန်းကျင့်နှင့် မဟာလမ်းစဥ်ရေစင်အား ကျွမ်းကျင်ရုံသာမက သူကလမ်းစဥ်၏ အာကာသအသိကိုလည်း ကျွမ်းကျင်သည်။ ပို၍အထင်ကြီးဖို့ကောင်းသည်က သူသည် ထိုစွမ်းအားများအား သေချာနားလည်ရုံသာမကထိုစွမ်းအားများကိုပေါင်းစည်း၍ အလွန်အားကောင်းသော တိုက်ကွက်အားဖန်တီးထုတ်ဖော်နိုင်ပေသည်။

“ကျွန်တော်သွားပါရစေ” ရီဖူရှင်းဘေး၌ရပ်နေသည့် သောကျောက်က ထပ်၍ထွက်ခွင့်ပြုရန်ခွင့်တောင်းသည်။ ကျောင်းတော်အနေဖြင့် နှစ်ပွဲဆက်တိုက်ရှုံးနိမ့်သွားရသောကြောင့် သူကထပ်မစောင့်နိုင်တော့ပေ။

ရီဖူရှင်းက သောကျောက်ကိုကြည့်လိုက်သည်။ ထိုက်ချူတော်ဝင်မြေမှလူက အလွန်သန်မာလှသည်။ သောကျောက်ပင်လျှင် ထိုသူအားရှုံးနိမ့်နိုင်သည်။

သို့သော် ထိုအဆင့်မှကျင့်ကြံသူနှင့်ယှဥ်ပြိုင်ရခြင်းမှာ သောကျောက်အတွက် အတွေ့အကြုံများရရှိစေမည့် အဖိုးတန်အခွင့်အရေးတစ်ခုဖြစ်သည်။

“သွားလိုက်” ရီဖူရှင်းက သောကျောက်ကို နောက်တိုက်ပွဲ၌ ယှဥ်ပြိုင်ခွင့်ပြုခဲ့သည်။

သောကျောက်က ရီဖူရှင်း၏ညွှန်ကြားချက်ကိုကြားကြားချင်း အံကိုကြိတ်လိုက်ပြီး ထိုက်ချူတော်ဝင်မြေမှလူရှိနေသည့်နေရာသို့ လျှောက်သွားလိုက်သည်။ သူလမ်းလျှောက်နေစဥ်မှာပင်ကြောက်မက်ဖွယ်စွမ်းအားက ထွက်ပေါ်လာပြီး လေထုအားတုန်ခါသွားစေသည်။

“ဘာလို့ သောကျောက်ကိုသွားခွင့်ပြုလိုက်တာလဲ” ချီရွှမ်ကန်းက ရီဖူရှင်းအားအသံနှိမ့်၍မေးလိုက်သည်။ ရီဖူရှင်းက ရှောင်မင်နှင့်ရာရာတို့က သူတို့၏ပြိုင်ဘက်များကို ရှုံးနိမ့်မည်မှန်း အစောကတည်းက ကြိုသိခဲ့သော်လည်း သူက သူတို့အားစေလွှတ်ရန်ရွေးချယ်ခဲ့သည်။

“ကျွန်တော်တို့က တိုက်ပွဲတိုင်းမှာ အနိုင်မရနိုင်ဘူးလေ။ ထိုက်ချူတော်ဝင်မြေက ဒီကိုချီတက်လာခဲ့ခြင်းက ကျွန်တော်တို့ရဲ့တပည့်တွေကို စမ်းသပ်ဖို့အတွက် အခွင့်ကောင်းတစ်ခုပေးလိုက်တာနဲ့အတူတူပဲ။ ဒီပြိုင်ပွဲက ကောင်းကင်အာဏာစက်ဘုံကကျင့်ကြံသူတွေအပေါ်မှာလည်း ကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုဖြစ်စေလိမ့်မယ်။ သူတို့အနေနဲ့ ကောင်းကင်ဒေသရဲ့ကျင့်ကြံခြင်းတော်ဝင်မြေက ဘယ်လောက်သန်မာတယ်ဆိုတာကို မျက်မြင်တွေ့ရလိမ့်မယ်။ ဒါပေမဲ့ ကောင်းကင်ဒေသက ထိပ်သီးအင်အားစုတွေဆိုတာ မကျော်ဖြတ်နိုင်အောင်အားကောင်းတာမျိုးမဟုတ်ဘူးဆိုတာလည်း သူတို့မြင်တွေ့ရလိမ့်မယ်...”

ရီဖူရှင်းက ရှေ့သို့ကြည့်နေရင်း ချီရွှမ်ကန်းထံ အသံပို့လွှတ်ကာ ပြောလိုက်သည်။

ချီရွှမ်ကန်းက ကြောင်အမ်းသွားမိသည်။ သူက ရီဖူရှင်းအား အံ့အားသင့်စွာကြည့်မိပြီး ပြုံးလိုက်မိသည်။ ရီဖူရှင်းထံတွင် ပြိုင်ပွဲ၏ရလဒ်များကိုပင်ကျော်လွန်၍ ရေရှည်အစီအစဥ်များရှိနေလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။ ရီဖူရှင်းက ဤပြိုင်ပွဲအား ကောင်းကင်အာဏာစက်ကျောင်းတော်၊ ကောင်းကင်အာဏာစက်ဘုံနှင့် ပြည်နယ်ကိုးခုမှလူများအား အမြင်ပွင့်စေရန်သင်ကြားပေးသည့် အခွင့်အရေးအဖြစ် အသုံးချခဲ့သည်။

သူတို့က တိုက်ပွဲတိုင်းကိုအနိုင်ရရန်မလိုအပ်ဘဲ ထိုက်ချူတော်ဝင်မြေက ထိုမျှသန်မာသည်ဟု လူများ​သိကြမည်ကိုလည်း စိတ်ပူစရာမရှိပေ။ သူတို့က ပြိုင်ဘက်၏စွမ်းရည်အား ဖုံးကွယ်ရန်မလိုအပ်ပေ။ ရီဖူရှင်းက အမှန်တရားအားဖုံးကွယ်ရန် မည်သည့်အခါကမျှစိတ်မကူးခဲ့ပေ။

ပြောင်းပြန်ပင် သူက အားကောင်းလှသော ပြိုင်ဘက်ကိုအသုံးပြု၍ ကောင်းကင်အာဏာစက်ဘုံမှလူများအား အသိအမြင်ပွင့်စေပြီး အားတက်စေရန်ရည်ရွယ်ခဲ့သည်။

ကြည့်ရသည်မှာ ချီရွှမ်ကန်းက သူ၏တပည့်အားစိတ်ပူစရာမလိုတော့ပေ။ ရီဖူရှင်းက အပေါ်စီးမှကြည့်၍ အရာအားလုံးကို တွက်ချက်ကြည့်ခဲ့ပြီးဖြစ်သည်။

ချီရွှမ်ကန်းက ရီဖူရှင်းအား သူ့တပည့်အဖြစ်ခေါ်ဆောင်ခဲ့၍ အင်ပါယာလီ၏လက်မှလွတ်အောင်လုပ်ပေစခဲ့သည့်အချိန်များအား ပြန်တွေးမိလိုက်သည်။ သူက ရီဖူရှင်းအား မည်သည့်အတွက်ထိုမျှနှစ်သက်ခဲ့သည်ကို မှတ်မိနေသေးသည်။

မဟာလမ်းစဥ်က အကန့်အသတ်မရှိပေ။ ရီဖူရှင်းက အစစ်အမှန်ကျင့်ကြံသူတစ်ယောက်ဖြစ်လေသည်။

သူက ဤအတိုင်းဆက်၍သွားလျှင် သေချာပေါက်ပင် ဒဏ္ဍာရီတစ်ခုဖြစ်လာပေလိမ့်မည်။

တိုက်ပွဲက အခြားတစ်ဖက်တွင် စတင်နေပြီဖြစ်သည်။ သောကျောက်နှင့် ထိုက်ချူတော်ဝင်မြေမှလူက ထိပ်တိုက်တွေ့မိကြသည်။

ထိုက်ချူတော်ဝင်မြေဘက်က ဤတစ်ကြိမ်တွင်တော့ နောက်ပြန်ဆုတ်သွားခြင်းမရှိပေ။ သူက ကွင်းပြင်တွင်ဆက်ရှိနေပြီး သောကျောက်နှင့်ဆက်လက်တိုက်ခိုက်နေသည်။

သောကျောက်က စစ်နတ်ဘုရား၏အသိကို အသက်သွင်းလိုက်ပြီး ငါးဆမှ ခုနှစ်ဆသို့မြှင့်တင်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူက ပြိုင်ဘက်ထက်အားနည်းနေသေးသည်။

သောကျောက်သည် စစ်နတ်ဘုရား၏စွမ်းအားရှစ်ဆအထိရောက်ချိန်တွင် စစ်နတ်ဘုရားတပါးသဖွယ်ဖြစ်လာသည်။

သူ၏ပြိုင်ဘက်မှာ ပို၍အားကောင်းလာပြီး ကြမ်းတမ်းလာသည်။ ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအားက ပေါက်ကွဲသွားပြီး ကောင်းကင်က မဟာလမ်းစဥ်ပင်လယ်ပြင်အဖြစ်ပြောင်းလဲသွားသယောင် ထင်မှတ်ရသည်။ သောကျောက်သည် လေဟာနယ်ကိုပင်ဖြတ်၍ လက်သီးဖြင့်ထိုးနိုင်သည်အထိ အားကောင်းလှသော်လည်း သူက ထိုက်ချူတော်ဝင်မြေမှလူနှင့်ရင်ဆိုင်ရာတွင် မလုံလောက်ဟန်ပေါ်သည်။

“ကောင်းကင်အာဏာစက်ကျောင်းတော်က ထပ်ရှုံးတော့မယ်” တေးသံသာနန်းမြို့တော်မှ လူအိုကြီးက တိုက်ပွဲအားကြည့်နေပြီး ပြောလိုက်သည်။ “ထိုက်ချူတော်ဝင်မြေက အဲ့ဒီတပည့်က တကယ့်ကို အနှစ်သာရကိုဖမ်းဆုပ်နိုင်ခဲ့တာပဲ။ သူက ရေနတ်ဘုရားရဲ့စစ်မှန်တဲ့ရေလှိုင်းစွမ်းအားကို နှံ့နှံ့စပ်စပ်နားလည်ထားတယ်။ ကောင်းကင်အာဏာစက်ကျောင်းတော်က တပည့်က သောမျိုးနွယ်စုကထင်တယ်။ သူက ကြီးမားတဲ့ခွန်အားကိုပိုင်ဆိုင်ထားပေမယ့် သူ့ရဲ့တိုက်ခိုက်မှုတွေကို မဟာလမ်းစဥ်ရေလှိုင်းတွေက အားပျော့သွားစေတယ်။ အဲ့ဒါကြောင့် အဲ့ဒီခွန်အားအပြည့်တိုက်ခိုက်မှုတွေက ထိုက်ချူတော်ဝင်မြေကလူဆီရောက်တဲ့အချိန်မှာ မခြိမ်းခြောက်နိုင်တော့ဘူး”

အဘိုးအို၏ဘေး၌ထိုင်နေသောအမျိုးသမီးက သူသည် တိုက်ပွဲအားသုံးသပ်ရင်း သူမအားသင်ပြပေးနေမှန်း သိသည်။ တေးသံသာနန်းမြို့တော်၏မင်းသမီးအနေဖြင့် သူမသည်လည်း အလွန်ထူးချွန်သောကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သို့သော် သူမက ဤအဆင့်မှမျက်နှာချင်းဆိုင်တိုက်ပွဲမှနေ၍ များစွာသင်ယူနိုင်ဆဲဖြစ်သည်။

မဟာလမ်းစဥ်၏စွမ်းအားတစ်ခုချင်းစီတိုင်းကို အသုံးချနိုင်သည့် နည်းလမ်းများစွာရှိပေသည်။ မဟာလမ်းစဥ်ရေစင်သည် တိုက်ခိုက်မှုများကို တားဆီးကာကွယ်ရန် အကောင်းဆုံးဖြစ်သည်။လက်သီးတစ်ချက်က ပင်လယ်ထဲမှလှိုင်းလုံးကြီးများစွာကို ကျော်ဖြတ်ခဲ့ပြီးနောက် မည်မျှသန်မာပါဦးမည်နည်း။

ထိုက်ချူတော်ဝင်မြေမှလူသည် ထိုသို့မဟာလမ်းစဥ်အားနားလည်သဘောပေါက်မှုကို တကယ့်တိုက်ပွဲ၌ အသုံးချခဲ့သည်။ ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအားက ရန်သူ့ထံမှတိုက်ခိုက်မှုကို ဟန့်တားနိုင်ရုံသာမက အလွန်အားကောင်းသောစွမ်းအားလည်းပါဝင်သည်။

ပြောင်းပြန်အနေဖြင့် သောကျောက်က သူ၏ပြိုင်ဘက်ထံမှပြင်းထန်သောတိုက်ခိုက်မှုကြောင့် ဖိအားများရင်ဆိုင်နေရသည်။

ယခု ထိုလူက သောကျောက်အား မိုးသီးမိုးပေါက်ကျသလို အဆက်မပြတ်တိုက်ခိုက်နေသည်။ ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအားက သောကျောက်အား ခံစစ်ဘက်သို့ရောက်သွားစေသည်။

“ထိုက်ချူတော်ဝင်မြေကလူတွေကို အနိုင်ရဖို့ တော်တော်ခက်ခဲတာပဲ “

သောမျိုးနွယ်စုမှကျင့်ကြံသူများသည်လည်းတိုက်ပွဲအားကြည့်နေကြသည်။ သောမျိုးနွယ်စုမှဆက်ခံသူသည် တိုက်ပွဲ၌ရှုံးနိမ့်တော့မည်ကိုမြင်ရသောအခါ သက်ပြင်းချမိကြသည်။

ထိုသည်က သူတို့အား အားလျော့စေသည်။

ကောင်းကင်ဒေသမှ ထိုက်ချူတော်ဝင်မြေက အမှန်တကယ်ပင် ခြိမ်းခြောက်နိုင်ပေသည်။

ကျယ်လောက်သောအသံကြီးက လေထဲတွင် ပဲ့တင်ထပ်သွားသည်။ကြမ်းတမ်းသော အဆက်မပြတ်တိုက်ခိုက်မှုများကိုခံရပြီးနောက် သောကျောက်က သူ၏ထိပ်ဆုံးအခြေအနေသို့ရောက်ကာတတ်နိုင်သလောက်တောင့်ခံခဲ့သော်လည်း အဝေးသို့လွင့်စင်သွားခဲ့သည်။ သူ၏စစ်နတ်ဘုရားခန္ဓာကိုယ်က ကွဲအက်လုနီးပါးဖြစ်နေပြီး သူ၏အတွင်းအင်္ဂါများမှာ ဒဏ်ရာရသွားခဲ့သည်။ သူ့အား သောမျိုးနွယ်စုမှကျင့်ကြံသူများက ဖမ်းလိုက်ကြပြီး သူကသွေးများစွာအန်ထုတ်လိုက်ရသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်က အချိန်ခဏအတွင်းတွင် သုံးပွဲလုံးရှုံးနိမ့်ခဲ့ရသည်။

သောကျောက်က သူ့လက်မောင်းအားကိုင်၍ထိန်းပေးထားသောလူများထံမှ အကူအညီကိုငြင်းဆန်ခဲ့သည်။ သူက အရှက်ရနေသောအကြည့်ဖြင့် ရီဖူရှင်းအား လှည့်ကြည့်လိုက်သည်။ သူကတိုက်ခိုက်ရန်အလွန်စိတ်အားထက်သန်နေခဲ့သော်လည်း အဆုံး၌ အရှက်ရဖွယ်အရှုံးကိုသာ ကြုံတွေ့ခဲ့ရသည်။

သူသည် ရီဖူရှင်းနှင့်ကျောင်းတော်အား အရှက်ရစေသည်ဟု ခံစားနေရသည်။

ရီဖူရှင်းက ရှေ့သို့သွားလိုက်ပြီး သောကျောက်၏ပုခုံးအားပုတ်ကာပြောလိုက်သည်။ “အများကြီး မစိုးရိမ်ပါနဲ့။ ကိုယ့်ထက်သာတဲ့လူဆိုတာ အမြဲတမ်းရှိနေတာပဲလေ။ ငါတို့ကမ္ဘာတစ်ခုလုံးကိုလေဟာနယ်ဘုံလို့ခေါ်မှတော့ တိုက်ပွဲတစ်ပွဲမှာရှုံးတာက ကိစ္စကြီးမဟုတ်ပါဘူး”

“အင်း...” သောကျောက်က အနိုင်နိုင်ရပ်၍ ညှိုးငယ်စွာခေါင်းညိမ့်လိုက်သော်လည်း သူ၏မျက်နှာမှာ စိတ်ပျက်နေဟန်ပေါ်သည်။ သူ့အတွက် ချက်ချင်းစိတ်သက်သာရာရရန်မှာ မဖြစ်နိုင်ပေ။

ရီဖူရှင်းက ဆက်မပြောတော့ပေ။ သောကျောက်က ထိုသည်အား ကိုယ်တိုင်ကျော်ဖြတ်ရမည်ဖြစ်သည်။

သောကျောက်၏ စိတ်ဓာတ်တက်ကြွ၍ကြိုးစားသော ကိုယ်ရည်ကိုယ်သွေးအရ ထိုအရှုံးက သူ့၏စိတ်အားထိခိုက်စေမည့်အစား တွန်းအားပေးနိုင်မည်ဟု ရီဖူရှင်းက ယုံကြည်သည်။ သောကျောက်က ထိုစဥ်က ယူချင်းအားရှုံးနိမ်းခဲ့သော်လည်း စိတ်ဓာတ်ကျသွားခြင်းမရှိခဲ့ပေ။ ထိုအစား သူကပို၍တော်လာစေရန်သာ ကြိုးစားလိုစိတ်ဖြစ်စေခဲ့သည်။

“မင်းတို့ ဆက်ပြိုင်ချင်သေးလား” အသံတစ်သံက ထွက်ပေါ်လာသည်။

ရီဖူရှင်းက ခေါင်းမော့၍ အဝေးသို့ကြည့်လိုက်သည်။ ထိုစကားပြောလိုက်သူမှာ ထိုက်ချူတော်ဝင်မြေမှ ဝတ်ရုံဖြူနှင့်ခေါင်းဆောင်ဖြစ်သည်။ သူကကောင်းကင်အာဏာစက်ကျောင်းတော်ရှိရာသို့ကြည့်နေပြီး ဆက်ပြောလိုက်သည်။ “ငါတို့သုံးပွဲပြိုင်ပြီးပြီး။ ဒီနှစ်ယောက်က ထိုက်ချူတော်ဝင်မြေက အကောင်းဆုံးကျင့်ကြံသူတွေထဲက နှစ်ယောက်ပဲ။ ဒါပေမဲ့ ငါတို့မှာ သူတို့နှစ်ယောက်ပဲရှိတာမဟုတ်ဘူး။ ကောင်းကင်ဒေသက ထိုက်ချူတော်ဝင်မြေမှာ သူတို့လိုအားကောင်းတဲ့ကျင့်ကြံသူတွေ၊ သူတို့ထက်အားကောင်းတဲ့ကျင့်ကြံသူတွေအများကြီးရှိနေသေးတယ်။ လေဟာနယ်ဘုံက နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရပြီး ကောင်းကင်ဒေသနဲ့ခွဲထုတ်ခံခဲ့ရတာဆိုတော့ ပြင်ပဘုံက ဘယ်လောက်အားကောင်းတယ်ဆိုတာ မင်းတို့ သိမှာမဟုတ်ဘူး...”

“တချို့လူတွေက ငါတို့ထိုက်ချူတော်ဝင်မြေမှာ ဖုံးကွယ်ထားတဲ့အကြံအစည်တွေရှိတယ်လို့ထင်ကောင်းထင်လိမ့်မယ်။ ငါတို့မှာရည်ရွယ်ချက်တွေရှိတာတော့အမှန်ပဲ။ လေဟာနယ်ဘုံကအလားအလာအရမ်းကောင်းတဲ့ ပါရမီရှင်ကျင့်ကြံသူတွေရှိတဲ့နေရာဖြစ်တယ်။ ကောင်းကင်ဒေသရဲ့အကောင်းဆုံးကျောင်းတော်အနေနဲ့ ထိုက်ချူတော်ဝင်မြေက လွှမ်းမိုးနိုင်စွမ်းရှိတဲ့ကျင့်ကြံသူတွေကို မြေတောင်မြှောက်ပေးပြီး လောကအနှံ့တပည့်တွေကိုဖြန့်ကျက်ချင်တာ သဘာဝပဲလေ။ အနာဂတ်မှာ ထိုက်ချူတော်ဝင်မြေက ငါတို့နဲ့ကြုံတွေ့ရတဲ့ ကောင်းကင်အာဏာစက်ဘုံမှာရှိတဲ့ပါရမီရှင်ကျင့်ကြံသူတိုင်းကို ကောင်းကင်ဒေသကိုခေါ်ဆောင်သွားဖို့ ကတိပေးပါတယ်။ ပါရမီရှိတဲ့ ဘယ်သူ့ကိုမှချန်ထားခဲ့မှာမဟုတ်ဘူး”

ဝတ်ရုံဖြူနှင့်လူက ကျယ်လောင်စွာနှင့် ဆွဲဆောင်မှုရှိစွာပြောလိုက်သည်။ “အရှင်ထိုက်ရွှမ် ကောင်းကင်အာဏာစက်ကျောင်းတော်ကလည်း အသိပညာတွေပို့ချပေးဖို့ရှာဖွေနေတာဆိုရင် ဘာလို့ထိုက်ချူတော်ဝင်မြေကို ဝင်ရောက်ခွင့်ပြုဖို့ငြင်းဆန်ရတာလဲ...”

အမှန်အတိုင်းပြောရလျှင် သူ၏ပြောကြားချက်က အလွန်ခိုင်လုံ၍ သွေးဆောင်နိုင်ပေသည်။ ကောင်းကင်အာဏာစက်မြို့မှကျင့်ကြံသူများပင်လျှင် သူ့စကားများ၏လွှမ်းမိုးမှုကိုခံလိုက်ရပြီးအရှင်ထိုက်ရွှမ်အား ကြည့်မိကြသည်။

အနိုင်ရသူက အရာအားလုံးကိုယူ၍ ရှုံးနိမ့်သူက နိမ့်ကျပေလိမ့်မည်။ ထိုသည်က အမြဲတမ်း အမှန်တရားဖြစ်သည်။ ထိုက်ချူတော်ဝင်မြေနှင့် သူ၏တပည့်များက အံ့အားသင့်ဖွယ်စွမ်းရည်ကိုပြသခဲ့ပြီး အသာစီးရနေပြီဖြစ်သည်။ အဆုံး၌ ကောင်းကင်အာဏာစက်ဘုံမှကျင့်ကြံသူများက ပို၍သန်မာလာမည့်အကြောင်းကိုသာ ပိုဂရုစိုက်ကြသည်။ သူတို့က ယခုတွင် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ပို၍သဘောကျကြသော်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်က သူ၏အခြေအနေအားဆုံးရှုံးသွားခဲ့လျှင် ထိုမဟာမိတ်ကပြောင်းလဲသွားပေလိမ့်မည်။ကောင်းကင်အာဏာစက်ဘုံမှလူများက နောက်ဆုံးတွင် ထိုက်ချူတော်ဝင်မြေ၏သင်ကြားပို့ချခြင်းကို လက်ခံလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ထိုသည်က သူတို့အတွက် ဆိုးဝါးသောကမ်းလှမ်းချက်မဟုတ်ပေ။

ထို့ကြောင့် တေးသံသာနန်းမြို့တော်ပင်လျှင် ထိုက်ချူတော်ဝင်မြေ၏ဗျူဟာက မောက်မာ၍ သည်းမခံနိုင်စရာဖြစ်သော်လည်း အလွန်အကျိုးရှိသည်ဟု အသိအမှတ်ပြုရသည်။ တေးသံသာနန်းမြို့တော်သည် ပညာသင်ကြားပေးသည့်နေရာတစ်ခုမဟုတ်သောကြောင့် သင့်တော်သောအကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ရန်မှာမဖြစ်နိုင်၍ ထိုနည်းလမ်းအားအသုံးပြုရန် ခက်ခဲပေသည်။

ရီဖူရှင်းက ထိုလူအားမော့ကြည့်လိုက်သည်။ ထိုက်ချူတော်ဝင်မြေမှထိုလူသည် အဓိကအချက်ကိုဖမ်းဆုပ်၍ပြောသည်ဟု သူဝန်ခံရပေမည်။ မည်သို့ပင်ဖြစ်စေ သူတို့က ရိုးရှင်းစွာ သူတို့၏အသိအမြင်များကိုဖြန့်ဖြူးပေး၍ တပည့်များခေါ်ဆောင်လိုသည်ဆိုလျှင် သူတို့အနေဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်အား တိုက်ခိုက်ရန်မလိုအပ်ကြောင်း သူယုံကြည်သည်။

သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်အား အပိုင်သိမ်း၍ မဟာလမ်းစဥ်၏ဘုံသုံးထောင်၌ ခြေကုပ်အင်အားရယူလိုခြင်းသာဖြစ်သည်။

“ထိုက်ချူတော်ဝင်မြေက သူ့ဂုဏ်သတင်းနဲ့ထိုက်တန်ပါတယ်။ ကောင်းကင်ဒေသရဲ့ထိပ်သီးအင်အားစုတစ်ခုအနေနဲ့ ဒီလိုထူးခြားသာလွန်တဲ့ကျင့်ကြံသူတွေရှိနေတာ မထူးဆန်းပါဘူး” ရီဖူရှင်းက ပြန်ပြောလိုက်သည်။ “ပြောရရင် ကိစ္စတွေက မင်းပြောသလောက်တော့ မရိုးရှင်းဘူးလေ...”

သူကနောက်သို့လှည့်၍ သူ၏ဘေး၌တိတ်ဆိတ်စွာရပ်နေသောလူအား ကြည့်လိုက်ကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။ “ယူချင်း ရှေ့ထွက်ချေ...”

ယခုမူ သူက သူ၏စကားများအား တကယ့်အစစ်အမှန်ခွန်အားဖြင့် ထိန်းထားရန်လိုပေသည်။

***

All Chapters