လင်းယွမ်၏ တိုးတက်မှု...
Vol. 24 Ch. 361
အခြားဆင့်ကဲပြောင်းလဲသူတစ်ယောက်က နှစ်အနည်းငယ်အတွင်း စကြာဝဠာစွမ်းအားကို နားလည်ပြီး အဋ္ဌမအလွှာ တားဆီးမရသူဖြစ်လာမည်ဟု ပြောလျှင် သေချာပေါက် လှောင်ပြောင်ခံရမည်ဖြစ်သည်။
အဋ္ဌမအလွှာ တားဆီးမရသူအားလုံးက စကြာဝဠာစွမ်းအားကို နားလည်ရန် မည်မျှခက်ခဲသည်ကို ကောင်းစွာ သိကြသည်။ သူတို့က အန္တရာယ်များစွာနှင့် အခွင့်အလမ်းများစွာကို ကြုံတွေ့ခဲ့ရပြီး ထူးခြားသော အရည်အချင်းရှိလျှင်တောင် သာမန်အတိုင်း ကျင့်ကြံခြင်းဖြင့် စကြာဝဠာစွမ်းအားကို နားလည်ရန် မဖြစ်နိုင်ပေ။
သို့သော် နဂါးငွေ့တန်းကြယ်သခင်နှင့် ပက်သက်ပြီး အံ့ဖွယ်များစွာ ရှိနေခဲ့သည်။ သူက နှစ်ရာချီ ထောင်ချီ ကျင့်ကြံပြီး စကြာဝဠာစွမ်းအားတစ်ခုကို နားလည်နိုင်သည်ဟု ပြောလျှင် အမှန်တကယ် ဖြစ်နိုင်ခြေရှိလေသည်။
" အခု ငါတို့မှာ ရွေးချယ်စရာမရှိဘူး။ " အမှောင်အကြေးခွံမျိုးနွယ်မှ ဆာရတ်က ပြောလိုက်သည်။ " ငါတို့မှာ အခွင့်အရေးတစ်ကြိမ်ပဲ ရှိတယ်။ နဂါးငွေ့တန်းကြယ်သခင်က ပင်မကြယ်မှာ ပုန်းနေပြီး ထွက်မလာရင်တောင် ငါတို့စောင့်ရလိမ့်မယ်။ "
" ငါတို့ နှစ်ထောင်ချီစောင့်ပြီး နဂါးငွေ့တန်းကြယ်သခင်က စကြာဝဠာစွမ်းအားကို နားလည်ခဲ့ရင် အင်းဆက်မျိုးနွယ်ရဲ့ တာဝန်က ကျရှုံးတယ်လို့ သတ်မှတ်ရမှာပဲ။ "
အဋ္ဌမအလွှာ တားဆီးမရသူများတွင် ခွန်အားကွာခြားမှုများရှိသော်လည်း ကွာဟမှုက မကြီးမားပေ။ အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက် တိုက်ခိုက်လျှင် အနိုင်အရှုံးမပေါ်ဘဲ အဆုံးသတ်လေ့ရှိပြီး ပုံမှန်အခြေအနေတွင် တစ်ယောက်ကိုတစ်ယောက် အနိုင်ယူရန် ခက်ခဲလေသည်။ အဋ္ဌမအလွှာ တားဆီးမရသူများက တစ်ယောက်တည်းကို ဝိုင်းတိုက်လျှင်တောင် ထိုလူက ဒဏ်ရာမရဘဲ ဆုတ်ခွာနိုင်လေသည်။
ထို့ကြောင့် ဆာရတ်၏ အမြင်အရ နဂါးငွေ့တန်းကြယ်သခင်က စကြာဝဠာစွမ်းအားတစ်ခုကို နားလည်ပြီး အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက် ဖြစ်လာလျှင် သူတို့၏ လုပ်ကြံမှုအစီအစဉ် ကျရှုံးပြီဖြစ်သည်။
မှတ်ဉာဏ်အဆိပ်က စိတ်နှင့် မှတ်ဉာဏ်ကိုသာ ပစ်မှတ်ထားသည်။ နဂါးငွေ့တန်းကြယ်သခင်က ခုခံနိုင်စွမ်းမရှိမှ ၎င်းက အကျိုးသက်ရောက်မည်ဖြစ်သည်။ နဝမအလွှာတစ်ယောက်ပင် အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ကို ခုခံမှုအားလုံး ဆုံးရှုံးရန် မလုပ်နိုင်ဘဲ သူတို့အတွက် ပို၍ပင်မဖြစ်နိုင်ပေ။
သို့သော် သူတို့၏ အမြင်အရ နဂါးငွေ့တန်းကြယ်သခင်က အဋ္ဌမအလွှာ တားဆီးမရသူဖြစ်လာရန် မျှော်လင့်ချက်သာရှိပြီး မသေချာပေ။ သူတို့က ပင်မကြယ်၏ အပြင်ဘက်တွင် စောင့်ကြည့်နေခြင်းက အောင်မြင်နိုင်ခြေ မြင့်မားနေဆဲ ဖြစ်သည်။
နဂါးငွေ့တန်းပင်မကြယ်၏ နန်းတော်ထဲတွင် လင်းယွမ်က ထိုင်နေသည်။
" ငါပြခဲ့တဲ့ အရည်အချင်းတွေက မြင့်မားတယ်။ ငါ ဒီကိုမလာခင် အင်းဆက်မျိုးနွယ်က ငါ့ကို လုပ်ကြံဖို့ ကြိုးစားနိုင်တယ်လို့ ဆရာက ပြောခဲ့တယ်။ "
လင်းယွမ်က အပြင်ဘက် ကြယ်စကြာဝဠာကို ကြည့်လိုက်သည်။ သူက အဆင့်နှစ်ပြင်ဆင်မှုကို အသုံးပြုခဲ့ခြင်းမှာ ပင်မကြယ်က ကြယ်နယ်မြေ၏ စီးပွားရေးနှင့် နိုင်ငံရေး ဗဟိုချက်ဖြစ်ရုံသာမက သူ၏ နေရာကို ခိုင်မာသော ခံတပ်တစ်ခုဖြစ်လာစေရန်လည်း ဖြစ်သည်။
အဆင့်နှစ်ပြင်ဆင်မှုက အဋ္ဌမအလွှာ အများစုကို ဖိနှိပ်နိုင်ပြီး အဋ္ဌမအလွှာ တားဆီးမရသူများလာလျှင်တောင် ခဏတာ ထိန်းထားနိုင်လေသည်။ စွမ်းအားကြီးသူများအတွက် ခဏတာအချိန်က များစွာ လုပ်ဆောင်နိုင်စွမ်းရှိလေသည်။ လင်းယွမ်က နဝမအလွှာ တစ်ယောက်နှင့် ထိပ်တိုက်မရင်ဆိုင်သရွေ့ အန္တရာယ်ကင်းနိုင်လေသည်။
သို့သော် အင်းဆက်မျိုးနွယ်က သူ့ကို လုပ်ကြံရန် နဝမအလွှာများကို စေလွှတ်လိမ့်မည်ဟု မယုံကြည်ပေ။ နဝမအလွှာတစ်ယောက်ကို စေလွှတ်ခြင်းက လူသားမျိုးနွယ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းဖြစ်သည်။
အင်းဆက်မျိုးနွယ်က အကျိုးအမြတ် ကြီးမားလျှင် ထိုသို့လုပ်ဆောင်ရန် ဝန်လေးမည်မဟုတ်သော်လည်း လင်းယွမ်၏ လက်ရှိပြသထားသော အရည်အချင်းနှင့် မထိုက်တန်သေးပေ။
ထို့ကြောင့် လင်းယွမ်က အဋ္ဌမအလွှာ တားဆီးမရသူများကိုသာ အဓိကကာကွယ်ရန် လိုအပ်လေသည်။ အဋ္ဌမအလွှာ တားဆီးမရသူများကို ရင်ဆိုင်ရန် မလိုအပ်ဘဲ သူက ပင်မကြယ်တွင် ပုန်းအောင်နေရန်သာ လိုအပ်လေသည်။
လင်းယွမ်က နဂါးငွေ့တန်းကြယ်နယ်မြေသို့ ရောက်ချိန်တွင် ကြယ်နယ်မြေအတွင်းရှိ ကြီးမားသော ခြိမ်းခြောက်မှုကို လျင်မြန်စွာ ရှင်းလင်းခဲ့ခြင်းမှာ အနာဂတ်တွင် အပြင်ထွက်ခြင်းကို လျှော့ချရန် ဖြစ်သည်။
" လူသားမျိုးနွယ်ရဲ့ ဆင့်ကဲပြောင်းလဲသူတွေက အဋ္ဌမအလွှာကို ရောက်ရင် နယ်စပ်ကြယ်နယ်မြေတစ်ခုကို တာဝန်ယူရတယ်။ ဒါက စည်းမျဉ်းတစ်ခုဖြစ်ပြီးတော့ ကြီးမြတ်သူတွေရဲ့ မျိုးဆက်တွေတောင် ခြွင်းချက်မရှိဘူး။ " လင်းယွမ်က တွေးလိုက်သည်။
အဋ္ဌမအလွှာအောက် ဆင့်ကဲပြောင်းလဲသူများကို လူသားမျိုးနွယ်က ကာကွယ်ထောက်ပံ့ပေးထားသည်။ အဋ္ဌမအလွှာသို့ ရောက်သောအခါ သူတို့က ပြန်လည်အကျိုးပြုရန် နယ်စပ်ကြယ်နယ်မြေသို့ လာရသော်လည်း လက်တွေ့တွင် အန္တရာယ်သိပ်မရှိပေ။
လင်းယွမ်ကဲ့သို့ ပါရမီရှင်များက မျိုးနွယ်ခြားများ၏ လုပ်ကြံခြင်းခံရနိုင်သဖြင့် နယ်စပ်ကြယ်နယ်မြေသို့ မသွားမီ အသက်ကယ်ဝှက်ဖဲများစွာ ပြင်ဆင်ထားကြသည်။
ကြီးမြတ်သူရှချင်ပေးခဲ့သော စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲကလည်း တစ်ခုအပါအဝင်ဖြစ်သည်။ မျိုးနွယ်ခြားများ၏ ကြီးမြတ်သူတစ်ယောက် တိုက်ခိုက်လာလျှင်တောင် ၎င်းက ပြန်လည်ရှင်သန်နိုင်မည့် အခွင့်အရေးကို ထိန်းသိမ်းပေးထားသည်။
ထို့အပြင် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက် ဖြစ်လျှင် သို့မဟုတ် ဖြစ်လာရန် နီးစပ်နေလျှင် နယ်စပ်ကြယ်နယ်မြေကို ကာကွယ်ရသည့် တာဝန်ကို ကင်းလွတ်ခွင့် လျှောက်ထားနိုင်လေသည်။ သို့သော် ထိုဖြစ်ရပ်မျိုးက အလွန်ရှားလေသည်။
လင်းယွမ်ပြသခဲ့သော အလားအလာများအရ သူက ကင်းလွတ်ခွင့်လျှောက်ထားရန် အမှန်တကယ် အရည်အချင်းပြည့်မီလေသည်။ သို့သော် သူက လျှောက်ထားခဲ့ပြီး အသစ်တက်လာသော အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတိုင်းက နယ်စပ်ကြယ်နယ်မြေများကို ကာကွယ်နေချိန် လင်းယွမ်က ကာကွယ်ခြင်းမရှိလျှင် သူ့တွင် ကြီးမားသော လျို့ဝှက်ချက်ကြီးရှိကြောင်း ကြောညာသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထိုသို့ ဖြစ်လျှင် သူက လူသားမျိုးနွယ်၏ ပိုင်နက်ထဲတွင် ပုန်းအောင်နေလျှင်တောင် လုံခြုံမည်မဟုတ်ပေ။
" ဒီဆယ်နှစ်အတွင်း..." လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး သူက ပြုံးလိုက်သည်။
အချိန်ဆယ်နှစ်က လင်းယွမ်ကို ကဏ္ဍအားလုံးတွင် တိုးတက်စေခဲ့သည်။ ပထမဆုံးအနေဖြင့် လင်းယွမ်က လေဟာနယ်နိယာမ၏ ပင်မပုံစံ ၂၉၃၂မျိုးထိ နားလည်သွားခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်က လင်းယွမ်မှာ ပင်မလေဟာနယ်ပုံစံ နှစ်ထောင်ကိုသာ နားလည်ခဲ့ပြီး ဆယ်နှစ်အတွင်း ကိုးရာကျော် နားလည်နိုင်ခဲ့သည်။
ပင်မလေဟာနယ်ပုံစံ ၇၇၈၂မျိုးက ရှေ့ဆက်သွားသည်နှင့် ပိုမိုခက်ခဲလာပြီး ကိုးရာကို နားလည်ခြင်းက ယခင်နှစ်ထောက်ထက်ပင် ပို၍ ခက်ခဲလေသည်။ လင်းယွမ်က ပင်မလေဟာနယ်ပုံစံများကို နားလည်လာသည်နှင့်အမျှ အတွင်းကမ္ဘာကလည်း တဖြည်းဖြည်း ကျယ်ပြန့်လာသည်။
ပင်မလေဟာနယ်ပုံစံ ၂၉၃၂ခုက လင်းယွမ်၏ အတွင်းကမ္ဘာကို မိုင်နှစ်သန်းအထိ ချဲ့ထွင်နိုင်ခဲ့သည်။ ထိုမိုင်နှစ်သန်းက အတွင်းကမ္ဘာ၏ ပုံမှန်အရွယ်အစားကို ရည်ညွှန်းခြင်းဖြစ်သည်။ အနီရောင်အရည်၏ ချဲ့ထွင်မှုဖြင့် လင်းယွမ်၏ အတွင်းကမ္ဘာက မိုင် ၆.၆၆သန်းဖြစ်ပြီး လိမ္မော်ရောင်အရည်ကို အသုံးပြုပြီးသောအခါ လင်းယွမ်၏ အတွင်းကမ္ဘာက ယခုအခါ မိုင်ဆယ်သန်း ကျော်လွန်သွားခဲ့သည်။
" လိမ္မော်ရောင် အရည်..." လင်းယွမ်က ဆန်းကြယ်သော ဘူးသီူခြောက်ကို ထုတ်ယူခိုက်ပြီး ယခုအခါ ဘူးသီးခြောက်က လိမ္မော်ရောင်သမ်းနေသည်။ အနီရောင်အရည်ဖြစ်စေ လိမ္မော်ရောင်အရည်ဖြစ်စေ နှစ်ခုလုံးက ခန္ဓာကိုယ်နှင့် အတွင်းကမ္ဘာကို မြှင့်တင်ပေးခြင်းဖြစ်သည်။
အနီရောင်အရည်နှင့် ယှဉ်လျှင် လင်းယွမ်၏ လိမ္မော်ရောင်အရည်ကို စုပ်ယူနှုန်းက ပို၍ နှေးကွေးလာခဲ့သည်။ ဆယ်နှစ်အတွင်း သူက တစ်ဝက်ကျော်ကိုသာ စုပ်ယူနိုင်ခဲ့သည်။
" အခုဆိုရင် ငါ့ရဲ့ အတွင်းကမ္ဘာနဲ့ ရုပ်ခန္ဓာရဲ့ အခြေခံတိုးတက်မှုက ငါးဆလောက်ရှိနေလောက်ပြီ။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
အနီရောင်အရည်က ၃.၃၃ဆ ဖြစ်ပြီး အနီရောင်အရည်က အပြည့်အဝ မစုပ်ယူရသေးသောကြောင့် နှစ်ဆနီးပါးသာ ရှိသည်။ လင်းယွမ်က လိမ္မော်ရောင်အရည်ကို အပြည့်အဝ စုပ်ယူပြီးလျှင် တိုးတက်မှုက ၆.၆၆ဆ ဖြစ်သွားပေလိမ့်မည်။
" ကြောက်စရာပဲ။ " ဆယ်စုနှစ်တစ်ခုကျော် ကြာပြီးသော်လည်း လင်းယွမ်က ဆန်းကြယ်သော ဘူးသီးခြောက်၏ သက်ရောက်မှုများကို အံ့အားသင့်နေရဆဲ ဖြစ်သည်။ ယခု လင်းယွမ်၏ အတွင်းကမ္ဘာက မိုင်ဆယ်သန်းအထိ ရောက်နေပြီဖြစ်သည်။
ယေဘုယျအားဖြင့် မိုင်ဆယ်သန်းရှိသော အတွင်းကမ္ဘာက လူသားဆင့်ကဲပြောင်းလဲသူများ၏ ကန့်သတ်ချက်ဖြစ်ပြီး လေဟာနယ်နိယာမကို အပြည့်အဝ နားလည်မှသာ ရရှိနိုင်လေသည်။ သို့သော် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက လေဟာနယ်နိယာမကို အပြည့်အဝ နားလည်ခြင်းက မဖြစ်နိုင်သလောက်ဖြစ်ပြီး နဝမအလွှာအချို့ပင် မအောင်မြင်ကြသေးပေ။
သို့သော် လင်းယွမ်က လေဟာနယ်နိယာမကို အပြည့်အဝ နားမလည်မီ ထိုအတိုင်းအတာထိ ရောက်သွားခဲ့သည်။ ထို့အပြင် မိုင်ဆယ်သန်းရှိသော အတွင်းကမ္ဘာက လင်းယွမ်၏ ကန့်သတ်ချက်မဟုတ်ပေ။ သူက ၎င်းကို ဆက်လက်တိုးချဲ့နိုင်ဆဲ ဖြစ်သည်။
" မိုင်ဆယ်သန်းရှိတဲ့ အတွင်းကမ္ဘာနဲ့ဆိုရင် ငါ့ရဲ့ လက်ရှိတိုက်ခိုက်ရေးစွမ်းအားက အဋ္ဌမအလွှာ တားဆီးမရသူအဆင့်မရောက်သေးရင်တောင် သိပ်မလိုလောက်တော့ဘူး။ " လင်းယွမ်က သူ့ကိုသူ ဆန်းစစ်လိုက်သည်။
သူ၏ အတွင်းကမ္ဘာက မိုင်သန်းချီအထိ ရောက်ရှိခဲ့လျှင် လင်းယွမ်က စကြာဝဠာစွမ်းအားတစ်မျိုးကို နားမလည်နိုင်လျှင်တောင် အဋ္ဌမအလွှာ တားဆီးမရသူများနှင့် ယှဉ်နိုင်ပေလိမ့်မည်။
" ထိုက်ယင်နိယာမက နည်းနည်းလိုနေတာ စိတ်မကောင်းစရာပဲ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
လွန်ခဲ့သော ဆယ်စုနှစ်အတွင်း သူ၏ အချိန်များကို လိမ္မော်ရောင်အရည်ကို စုပ်ယူခြင်းနှင့် လေဟာနယ်နိယာမကို နားလည်ခြင်းတို့အပေါ် အဓိကအာရုံစိုက်ထားခဲ့သည်။
၎င်းက ထိုက်ယင်နိယာမကို အပြည့်အဝ နားလည်ရန် နှောင့်နှေးစေခဲ့သည်ာယ သို့သော်လည်း လင်းယွမ်က နီးစပ်နေပြီဟု ခံစားနေရပြီး အများဆုံး နှစ်နှစ် သုံးနှစ်အတွင်း ထိုက်ယင်နိယာမကို အပြည့်အဝ နားလည်ပေလိမ့်မည်။
၎င်းက ထိုက်ကျိတာအိုမှ ယင်နှင့်ယန်တို့၏ အားဖြည့်မှုသဘောတရားပင်ဖြစ်သည်။ တစ်ဖက်က တိုးတက်လာသောအခါ အခြားတစ်ဖက်ကိုလည်း အားဖြည့်ပေးပေလိမ့်မည်။