← Chapters

လမ်းညွှန်ပေးခြင်း....

Vol. 24 Ch. 362

လမ်းညွှန်ပေးခြင်း....

Vol. 24 Ch. 362

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက ၃၆မျှင်တောင် ရှိနေပြီ။ လင်းယွမ်၏ စိတ်အသိက သူ၏ စိတ်ထဲမှ အနက်ရှိုင်းဆုံးသို့ ဝင်ရောက်သွားပြီး အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ကြည့်လိုက်သည်။

ပုံမှန်ဆယ်နှစ်စုဆောင်းလျှင် ၁၇မျှင်သာ ရနိုင်သော်လည်း ယခု ၃၆မျှင်ထိ စုဆောင်းနိုင်ခဲ့သည်။

" အခု နဂါးငွေ့တန်းကြယ်နယ်မြေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက တည်ငြိမ်သွားပြီ။ ငါ ဘာမှလုပ်စရာမလိုတော့။ ဒါကြောင့် ရှစ်ကြိမ်မြောက် ဆင်းသက်မှုကို စလို့ရပြီ။ " လင်းယွမ်က တွေးလိုက်သည်။

သို့သော် ရှစ်ကြိမ်မြောက် ဆင်းသက်မှုအတွက် လင်းယွမ်က မည်သို့ရွေးချယ်ရမည်ကို မသိဘဲ အနည်းငယ် တုံ့ဆိုင်းနေသည်။

" ဟမ် " လင်းယွမ်၏ အကြည့်က ရွေ့လျားသွားပြီး ပင်မကြယ်၏ နေရာတစ်ခုသို့ ကျရောက်သွားသည်။ ထိုနေရာတွင် ဆယ်စုနှစ်တစ်ခုကျော်က လင်းယွမ်နောက် တက်ကြွစွာ လိုက်ပါရန် ရောက်လာခဲ့သော အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ ရွမ်ဝေနေထိုင်သည့် တောင်ထိပ်ရှိနေသည်။

ရွမ်ဝေက တောင်ထိပ်ပေါ်တွင် ရပ်နေပြီး သူမ၏ ပတ်လည်ရှိ လေဟာနယ်က လှုပ်ရှားနေသည်။ သူမက ပင်မလေဟာနယ်ပုံစံကို နားလည်ရန် ကြိုးစားနေသည်မှာ ထင်ရှားလေသည်။

" မှားတယ်။ ဦးတည်ချက်မှားနေတယ်။ " လင်းယွမ်က ရွမ်ဝေ၏ ပြဿနာကို ချက်ချင်းရှာတွေ့သွားသည်။

လေဟာနယ်နိယာမက အဆုံးမရှိ ကျယ်ပြောလှပြီး လူသားမျိုးနွယ်က အနှစ်ချုပ်ထားသော ပင်မလေဟာနယ်ပုံစံ ၇၇၈၂မျိုးက လေဟာနယ်နိယာမ၏ အနှစ်သာရမှ အချို့သော ကဏ္ဍများကိုသာ ဖော်ပြနိုင်သည်။

" ဒီလိုဆိုမှတော့..." လင်းယွမ်က ဆုံးဖြတ်ပြီး နန်းတော်ထဲမှ ပျောက်ကွယ်သွားသည်။

" လေဟာနယ်.... လေဟာနယ်ဆိုတာ ဘာလဲ..." ရွမ်ဝေက မျက်မှောင်ကြုတ်နေပြီး သူမ၏ အော်ရာက တဖြည်းဖြည်း မတည်မငြိမ်ဖြစ်လာသည်။

ထိုအချိန်တွင် လင်းယွမ်က ပေါ်လာပြီး ရွမ်ဝေ၏ မျက်ခုံးနှစ်ခုကြားကို လက်နှင့်ထိလိုက်သည်။ သူတို့၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်လှုပ်ရှားမှုများက ပျောက်ကွယ်သွားပြီး ရွမ်ဝေ၏ အော်ရာကလည်း ပြန်လည်တည်ငြိမ်လာသည်။

" ကြယ်သခင်..." ရွမ်ဝေက သတိပြန်ဝင်လာပြီး လင်းယွမ်ကို ကျေးဇူးတင်စွာဖြင့် အရိုအသေပေးလိုက်သည်။

" လေဟာနယ်က အရာရာပဲ။ " လင်းယွမ်က ခေါင်းခါပြီး ပြောလိုက်သည်။ ပင်မလေဟာနယ်ပုံစံ သုံးထောင်နီးပါးကို နားလည်ထားသူအနေဖြင့် လင်းယွမ်က ရွမ်ဝေ၏ အမှားကို ပြုပြင်ပေးရန် အရည်အချင်း ပြည့်မီလေသည်။

" လေဟာနယ်က အရာရာလား။ " ရွမ်ဝေက အနည်းငယ် အံ့အားသင့်သွားသည်။

" လေဟာနယ်က အားလုံးကို ဖုံးလွှမ်းထားတယ်။ မင်းမြင်နေရတဲ့ လေဟာနယ်က အရေးမပါနဲ့ အစိတ်အပိုင်းလေးတစ်ခုပဲ။ ကြယ်စကြာဝဠာထဲမှာ လေဟာနယ်က အလွှာပေါင်းများစွာနဲ့ ပြည့်နှက်နေတယ်။ "

" ဒါကြောင့် မင်းလေဟာနယ်ကို လေ့လာတဲ့အခါ ပုံသေမသတ်မှတ်နဲ့။ မဟုတ်ရင် လမ်းမှားသွားနိုင်တယ်။ " လင်းယွမ်က သတိပေးလိုက်သည်။

လေဟာနယ်နိယာမကို နားလည်ရန် ကြိုးစားနေကြသော ဆင့်ကဲပြောင်းလဲသူများက မျက်မမြင်တစ်ယောက် ဆင်ကို စမ်းသပ်နေခြင်းနှင့်တူလှသည်။

" ကျေးဇူးတင်ပါတယ် ကြယ်သခင်...." ရွမ်ဝေက စိတ်အားထက်သန်စွာဖြင့် ဦးညွှတ်လိုက်သည်။ သူမက လေဟာနယ်နိယာမကို ခံစားရန် ကြိုးစားနေခဲ့ပြီး ၎င်းကို မည်သို့ပုံသဏ္ဍန်ရှိမည်ကို စိတ်ကူးကြည့်ခဲ့ရာ လမ်းမှားသို့ ရောက်သွားခဲ့သည်ကို မသိခဲ့ပေ။

သူမ၏ စိတ်ထဲတွင် လေဟာနယ်၏ ပုံရိပ်တစ်ခုကို အမှန်တကယ် ပုံသေမှတ်ယူလိုက်သည်နှင့် လေဟာနယ်နိယာမများတွင် နောက်ထပ်တိုးတက်မှုများ ပြုလုပ်ရန် အလွန်ခက်ခဲသွားပြီဖြစ်သည်။

လင်းယွမ်က သူမအား သာမန်အတိုင်း သတိပေးလိုက်ခြင်းဖြစ်သော်လည်း သူက သူမကို မဟာတာအို၏ အကျယ်ပြန့်ဆုံးသော လမ်းစဉ်ပေါ်သို့ ပြန်လည်ရောက်ရှိစေခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ၎င်းက ဆင့်ကဲပြောင်းလဲသူများ အင်အားကြီးသော ခေါင်းဆောင်တစ်ယောက်နောက်သို့ လိုက်လိုခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်သည်။ အင်အားကြီးသူတစ်ယောက်၏ လမ်းညွှန်မှုတစ်ခုက သူတို့ကို လမ်းမှားပေါ်မှ လမ်းမှန်ပေါ်သို့ ဆွဲထုတ်ပေးနိုင်စွမ်းရှိလေသည်။

ရွမ်ဝေကို လမ်းညွှန်ပေးခြင်းက လင်းယွမ်အတွက် ပေါ့ပေါ့ပါးပါး လုပ်ဆောင်မှုတစ်ခုသာ ဖြစ်သည်။ ရွမ်ဝေက ဆယ်စုနှစ်တစ်ခုကြာအောင် နဂါးငွေ့တန်းကြယ်နယ်မြေအတွက် အလုပ်လုပ်ပေးနေခဲ့သည်။ လင်းယွမ်က အားလုံးကို သတိပြုမိပြီး ယခု သူမလမ်းမှားသို့ ရောက်နေသောအခါ ပြန်လည်ဆွဲထုတ်ပေးရန် တုံ့ဆိုင်းခြင်းမရှိခဲ့ပေ။

အပြင်ဘက်တွင် ခဏ လှည့်ပတ်ပြီးနောက် လင်းယွမ်က နန်းတော်သို့ ပြန်လာခဲ့သည်။ သူ၏ စိတ်အသိက VR ကမ္ဘာနှင့် ချိတ်ဆက်ပြီးနောက် တောင်ထိပ်တစ်ခုပေါ်သို့ ရောက်သွားသည်။

ကောင်းကင်အောက်တွင် ခန္ဓာကိုယ်အစိတ်အပိုင်းက နှစ်ပေါင်းများစွာ တည်ရှိနေသကဲ့သို့ ရှိနေဆဲ ဖြစ်သည်။

" ဆက်ပြီး လေ့လာရမယ်။ " လင်းယွမ်က သူ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဆင့်ကဲပြောင်းလဲသူအများအပြားက ကျင့်ကြံခြင်းကို ရပ်တန့်ပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းကြောင်းများကို နားလည်ရန် ကြိုးစားနေကြပြီဖြစ်သည်။

သို့သော် သူတို့က လူနည်းစုသာ ဖြစ်ပြီး သူတို့၏ စိတ်စွမ်းအားက ကြီးမားသော ဖိအားကို ခုခံရုံသာမက အမျိုးမျိုးသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို နားလည်ရန်လည်း လိုအပ်လေသည်။

လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် ၎င်းကို အောင်မြင်ရန် အချိန်ယူခဲ့ရသည်။ ထိုလမ်းကို လျှောက်လှမ်းနေကြသော ဆင့်ကဲပြောင်းလဲသူများကိုလည်း မဖြစ်နိုင်ဟု ပြော၍မရပေ။

သို့သော် ၎င်းက နောက်နှစ်ပေါင်းများစွာ ကြာမှ ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့်လည်း လင်းယွမ်က ထိုနည်းလမ်းကို ဉာဏ်ပညာနတ်ဘုရားအား ပြောပြခဲ့ခြင်းဖြစ်ပြီး ကောင်းမှုအမှတ် တစ်သန်းခွဲပင် ရရှိခဲ့သည်။

ရိုးသားစွာ ပြောရလျှင် လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ကျင့်ကြံပြီး နောက်ဆုံးအဆင့်ထိ ပြည့်စုံအောင်လုပ်၍ နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင်ဖြစ်လာခြင်းက ပို၍ ဖြစ်နိုင်သည်ဟု ခံစားနေရဆဲဖြစ်သည်။

" ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်... အသက်နိယာမတွေမှာလည်း ဒီကဏ္ဍက ပါသေးတာလား။ အံ့ဩစရာပဲ။ " လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် တစ်ခုပြီးတစ်ခု နားလည်လာပြီး ၎င်းတို့ကို ခွဲခြမ်းစိတ်ဖြာကာ သူ့အတွက် အကျိုးရှိမည့် အသိအမြင်များကို ရရှိခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း လင်းယွမ်က ခန္ဓာကိုယ်အစိတ်အပိုင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် နှစ်သောင်းကျော်ကို နားလည်ခဲ့ပြီး တစ်ခုစီက သူ့ကို များစွာ အကျိုးပြုခဲ့လေသည်။

" ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းလေးတစ်ခုက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာ ပါဝင်နေတယ်။ ဒါက ကြီးမြတ်သူဆိုတာလား။ ငါ လင်းယွမ်လည်း ဘယ်အချိန်မှ ဒီလိုဖြစ်တည်မှုမျိုး ဖြစ်လာနိုင်မလဲ မသိဘူး။ "

သူက အဆက်မပြတ် လေ့လာပြီး ကြီးမြတ်သူများ ရပ်တည်နေသည့် အမြင့်ကို တဖြည်းဖြည်း နားလည်လာသည်။ လမ်းစဉ်တစ်ခုကို အဆုံးစွန်ထိ ထိန်းချုပ်နိုင်စွမ်း၊ အချိန်ကပင် တိုက်စား၍ မရနိုင်သော ထာဝရတည်ရှိမှုမျိုး ဖြစ်သည်။

လင်းယွမ်က ကြီးမြတ်သူရှချင်ကို မြင်ဖူးသော်လည်း သူ၏ အော်ရာကို ထုတ်လွှတ်ခြင်းမရှိခဲ့ပေ။

" ဒီခန္ဓာကိုယ်အစိတ်အပိုင်းက VR ကမ္ဘာက ထုတ်လွှတ်တဲ့ ပုံရိပ်တစ်ခုဖြစ်နေတာတောင် ဒီလိုသက်ရောက်မှုမျိုး ရှိတယ်။ " လင်းယွမ်က စဉ်းစားနေသည်။

" နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ နောက်တစ်ဆင့်အဖွင့်ဝင်တစ်ယောက်ဖြစ်ဖို့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဘယ်လောက်များ နားလည်ဖို့ လိုအပ်တာလဲ။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် နှစ်သောင်းကျော်ကို နားလည်ပြီးတာတောင် ဘာမှမဖြစ်သေးပါလား။ " လင်းယွမ်က မျက်မှောင်ကြုတ်နေသည်။

သူက နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင်ဖြစ်လာခြင်းက အကန့်အသတ်ဖြစ်နေပြီလား သို့မဟုတ် အဖွဲ့ဝင်အဆင့်များက နောက်ထိပ်မရှိတာလား မသိတော့ပေ။

" ဘာမှမတတ်နိုင်ဘူး။ သုံးသောင်းဖြစ်ဖြစ် သုံးသိန်းဖြစ်ဖြစ် သူတို့က ငါ့ကို အကူအညီဖြစ်နေသရွေ့ ငါ ဆက်လေ့လာနေဦးမှာပဲ။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းပြီး ဆက်လက်လေ့လာလိုက်သည်။

ကန်လန်ကြယ်၏ VR ကမ္ဘာ။

လင်းယွမ်၏ ပုံရိပ်က ပေါ်လာပြီး သူ၏ မိဘနှင့် ညီမများကို ကြည့်လိုက်သည်။

" ရှောင်ယွမ် " လုချုံးက ပြုံး၍ နှုတ်ဆက်လိုက်သည်။

" အကို " လင်းယိက လင်းယွမ်ကို ကြည့်လိုက်သည်။

ဆယ်နှစ်ကျော်ကြာသွားပြီးနောက် လင်းယိလည်း အရွယ်ရောက်လာပြီဖြစ်သည်။ လင်းယွမ်နှင့် ပက်သက်မှုကြောင့် လူသားမျိုးနွယ်၏ အထက်ပိုင်းကိစ္စများကို သူမက သိခွင့်ရခဲ့လေသည်။

သူမ၏ အကိုက လူသားမျိုးနွယ်၏ ပါရမီရှင်တစ်ယောက်၊ ကြီးမြတ်သူများ၏ မျိုးဆက်များနှင့်ပင် ရင်ဘောင်တန်းနိုင်သော ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်သည်။

လင်းယွမ်ကြောင့် အလယ်အဆင့် အသက်ဂြိုလ်တစ်ခုဖြစ်သော ကန်လန်ကြယ်က ချီခွန်ကြယ်နယ်မြေနှင့် အန်နန်ကြယ်မဟာမိတ်တွင် ကျော်ကြားသော ကြယ်တစ်လုံး ဖြစ်လာခဲ့သည်။

ကြယ်နယ်မြေအသီးသီးမှ အင်အားကြီးမိသားစုများက သူတို့၏ မျိုးဆက်ကို ချဲ့ထွင်ရန် သူတို့၏ မိသားစုဝင်များကို ကန်လန်ကြယ်သို့ စေလွှတ်ခဲ့ကြသည်။ ကန်လန်ကြယ်က လင်းယွမ်ကဲ့သို့ ထူးကဲသော ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်သောကြောင့် ၎င်း၏ ထူးခြားမှုကို ပြသနေလေသည်။

" အားလုံး ကျင့်ကြံတာ ဘယ်လိုရှိလဲ။ " လင်းယွမ်က သူ၏ မိဘများနှင့် ပေါ့ပေါ့ပါးပါး စကားပြောခဲ့သည်။ အဋ္ဌမအလွှာသို့ ရောက်ရှိပြီးနောက် လင်းယွမ်က မိသားစုဝင်များ၏ ကျင့်ကြံမှုကို စတင်အာရုံစိုက်ခဲ့ပြီး အကြံဉာဏ်များ ပေးခဲ့လေသည်။

သူ၏ ရည်ရွယ်ချက်မှာ သူ၏ မိဘများနှင့် ညီမလေးတို့ အသက်ရှည်ရှည်နေနိုင်ရန်ဖြစ်သည်။ လူသားမျိုးနွယ်၏ ခေတ်မီနည်းပညာများနှင့် ဆင့်ကဲပြောင်းလဲသူမဖြစ်လျှင်တောင် အသက်ရှည်နေနိုင်ရန် နည်းလမ်းများစွာ ရှိလေသည်။

သို့သော် အသက်ရှည်ရန် နေထိုင်သည့် နည်းလမ်းများတွင် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်လာခြင်းက အပြည့်စုံဆုံးဖြစ်ပြီး ဘေးထွက်ဆိုးကျိုး အနည်းဆုံး ဖြစ်လေသည်။

" အဖေတို့ အရည်အချင်းက သိပ်မကောင်းဘူးထင်တယ်။ သားပေးတဲ့ ဗီဒီယိုတွေကို နားလည်ဖို့တောင် အချိန်တော်တော်ယူလိုက်ရတယ်။ " လင်းချောင်ချန်က ပြောလိုက်သည်။

All Chapters