← Chapters

သိုင်းတာအိုအတွက် မွေးဖွားလာတယ်.....

Vol. 24 Ch. 369

သိုင်းတာအိုအတွက် မွေးဖွားလာတယ်.....

Vol. 24 Ch. 369

" အဲ့ဒီစာအုပ်စင်ကို ကြည့်ပြီးပြီလား။ " မဟာအကြီးအကဲက အနီးမှ စာအုပ်စင်ကို ကြည့်လိုက်သည်။ ထိုစာအုပ်စင်တွင် သိုင်းတာအိုနှင့် ပက်သက်သော အချက်အလက်များကို ရေးသားထားသည့် ကျောက်စိမ်းပြားများ ရှိနေသည်။ ကျောက်စိမ်းပြားကို နဖူးနှင့် ထိလိုက်ရုံဖြင့် ဖတ်ရှုနိုင်လေသည်။

" ဟုတ်ကဲ့ " လင်းယွမ်က ပြောလိုက်သည်။

ထိုကျောက်စိမ်းပြားများထဲမှ အချက်အလက်များက လင်းယွမ်ကို လက်ရှိ စိတ်ဝိညာဉ်ကမ္ဘာမှ သိုင်းတာအိုနှင့် ပက်သက်ပြီး ရင်းနှီးအောင် လုပ်ပေးခဲ့သည်။

" ဒါဆို မင်းဘာတွေ သင်ယူခဲ့ရလဲ ပြောပါဦး။ " မဟာအကြီးအကဲက လင်းယွမ်ကို စမ်းသပ်သော သဘောဖြင့် မေးလိုက်သည်။

" သိုင်းတာအိုရဲ့ ရှင်းပြချက်တွေက တစ်ဖက်အစွန်းရောက်နေတယ်။ " လင်းယွမ်က ပြောလိုက်သည်။

" အို တစ်ဖက်အစွန်းရောက်နေတာလား။ " မဟာအကြီးအကဲက စိတ်ဝင်စားသွားသည်။

" သိုင်းတာအိုက အရာအားလုံး ကြီးထွားဖို့ အရာအားလုံး တိုးတက်ဖို့ ပါဝင်သင့်တယ်။ အဲ့ဒါက သိုင်းတာအိုရဲ့ အနှစ်သာရပဲ။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

" အရာအားလုံး ကြီးထွားဖို့ အရာအားလုံး တိုးတက်ဖို့...." မဟာအကြီးအကဲ၏ မျက်လုံးများက လင်းလက်သွားသည်။

စိတ်ဝိညာဉ်ကမ္ဘာရှိ လမ်းစဉ်အားလုံးထဲတွင် အင်မော်တယ်လမ်းစဉ်က လွဲ၍ ဘယ်သူက ထိုစကားမျိုး ပြောရဲမှာလဲ။

" အရာအားလုံး ကြီးထွားဖို့ ဆိုတာ ဘာကိုဆိုလိုတာလဲ။ " မဟာအကြီးအကဲက ထပ်မေးလိုက်သည်။

" အချိန်နဲ့ လေဟာနယ်၊ ယင်နဲ့ယန်၊ ဒြပ်စင်ငါးမျိုး..." လင်းယွမ်၏ လေသံက ပုံမှန်အတိုင်း ပြောဆိုနေသည်။

ခဏကြာသောအခါ မဟာအကြီးအကဲက ဂူထဲမှ တွေဝေသော အမူအရာနှင့် ထွက်လာသည်။

" ဘယ်လိုလဲ။ "

" သင်ရတာ ဘယ်လိုလဲ။ "

" သူ့ရဲ့ သိုင်းတာအို နားလည်မှုကရော ဘယ်လိုလဲ။ "

အကြီးအကဲများက သိလိုစိတ်နှင့် မေးလိုက်ကြသည်။

" သူ့ရဲ့ သိုင်းတာအိုနားလည်မှုလား။ " မဟာအကြီးအကဲက ဘေးရှိ အကြီးအကဲများကို ဝေ့ကြည့်လိုက်သည်။ " သူက သိုင်းတာအိုအတွက် မွေးဖွားလာတာပဲ။ "

" သိုင်းတာအိုအတွက် မွေးဖွားလာတာလား။ " အကြီးအကဲများက အံ့အားသင့်သွားကြသည်။

ထိုအကဲဖြတ်မှုက လွန်ကဲသည်ဟု ပြောနိုင်လေသည်။ အင်မော်တယ်လမ်းစဉ်တွင် ၎င်းက ပြိုင်ဘက်ကင်းပါရမီရှင် အင်မော်တယ်ဘုရင်လောင်းကို ရည်ညွှန်းခြင်းပင် ဖြစ်သည်။

သိုင်းတာအိုက အင်မော်တယ်လမ်းစဉ်လောက် မြင့်မားခြင်းမရှိသော်လည်း ထိုအကဲဖြတ်မှုက လူတိုင်း ခံယူနိုင်သော အရာမဟုတ်ပေ။

" မင်းတို့က မယုံကြဘူးလား။ " မဟာအကြီးအကဲက သူတို့ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

ရိုးသားစွာ ပြောရလျှင် သူက လင်းယွမ်ကို မသင်ကြားမီ ကမ္ဘာပေါ်တွင် သိုင်းတာအိုကို ထိုကဲ့သို့ ဖော်ပြနိုင်သူ ရှိလိမ့်မည်ဟု မထင်ခဲ့ပေ။ သို့သော် လင်းယွမ်နှင့် တွေ့ပြီးနောက် သူက အမှန်တကယ် ထိုကဲ့သို့သော လူတစ်ယောက် ဖြစ်သည်ကို နားလည်သွားခဲ့သည်။

" မနက်ဖြန်အထိ စောင့်လိုက်။ မင်းတို့ သူ့ကို သင်တဲ့အချိန်ကျရင် သဘောပေါက်သွားလိမ့်မယ်။ " မဟာအကြီးအကဲက ခေါင်းခါပြီး လျှောက်ထွက်သွားသည်။

နောက်ပိုင်းတွင် သိုင်းဘုရားကျောင်း၏ အကြီးအကဲများက လင်းယွမ်ကို သင်ကြားရန် တလှည့်စီ ကြိုးစားခဲ့ကြသည်။ သို့သော် ရလဒ်များကတော့ စိတ်ပျက်စရာ ကောင်းခဲ့သည်။ အကြောင်းမှာ သူတို့က လင်းယွမ်ကို မေးခွန်းများ မေးကြပြီး လင်းယွမ်က ခဏအတွင်း ပြန်လည်ဖြေကြားခဲ့သည်။

သို့သော် လင်းယွမ်က ပေါ့ပေါ့ပါးပါး ပြန်မေးလိုက်သော အချိန်တွင် အကြီးအကဲများက အချိန်အကြာကြီး စဉ်းစားပြီး အဖြေမပေးနိုင်ဘဲ တွေဝေသွားကြသည်။ နောက်ဆုံးတွင် လင်းယွမ်ကသာ ပြန်လည်ဖြေကြားပေးခဲ့သည်။

သိုင်းတာအိုအပေါ် သူ၏ ကျင့်ကြံမှုကလည်း အံ့မခန်းတိုးတက်လာခဲ့သည်။ သိုင်းဘုရားကျောင်းကလည်း အရင်းအမြစ်များကို အပြည့်အဝ ထောက်ပံ့ပေးသဖြင့် သူ၏ တိုးတက်နှုန်းမှာ ကြောက်စရာကောင်းလှသည်။ တစ်နှစ်မပြည့်မီ သာမန် သိုင်းတာအိုပါရမီရှင်များ ရောက်နိုင်သော အဆင့်ကို ကျော်ဖြတ်သွားခဲ့သည်။

အကြီးအကဲများ မသိသည်မှာ လင်းယွမ်ပြသခဲ့သော ကျင့်ကြံခြင်းအမြန်နှုန်းက တမင်တကာ ပြသခဲ့ခြင်းသာ ဖြစ်သည်။ သူ၏ အစစ်အမှန် ကျင့်ကြံခြင်းအမြန်နှုန်းမှာ သူတို့ စိတ်ကူးနိုင်သည်ထက် အဆများစွာ ကြောက်စရာကောင်းလှသည်။

သိုင်းဘုရားကျောင်း၏ ဧည့်ခန်းတွင် လင်းယွမ်က ထိုင်နေပြီး လင်းကျန်းပင်းနှင့် ရှန်ကျန်းတို့လည်း ရှိနေကြသည်။

" ချန်အာ မင်းသိလား။ ကျောက်မိသားစုခေါင်းဆောင်က အဖေ့အပေါ် အရမ်းကောင်းလာတယ်။ အဲ့ဒါ သားကြောင့်ပဲ။ " လင်းကျန်းပင်းက ပျော်ရွှင်စွာ ပြောလိုက်သည်။

သူ၏ ဘဝတွင် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်က လင်းယွမ်ကို သိုင်းဘိုးဘေး၏ နတ်အလင်းကို ခံစားစေခဲ့ခြင်းဖြစ်သည်။ ယနေ့အထိ လင်းယွမ်က သိုင်းဘုရားကျောင်းတွင် မည်သည့်အဆင့်အတန်းရှိလဲ မည်သည့်အဆင့်တပည့် ဖြစ်သွားလဲ သူမသိပေ။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ လင်းယွမ်ကြောင့် သိုင်းဘုရားကျောင်းက လင်းမိသားစုနှင့် ပိုမိုနီးစပ်လာခဲ့သည်။ ရှန်ယောင်မြို့၏ အဓိကမိသားစုများနှင့် အာဏာပိုင်များက ၎င်းကို သတိထားမိခဲ့ကြသည်။ ယခင် လင်းမိသားစုကို အထင်သေးခဲ့သူများက ယခု လင်းမိသားစုကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေကြသည်။

" အဲ့လိုလား။ " လင်းယွမ်က ပြုံးပြီး ပြောလိုက်သည်။

လက်ရှိတွင် သိုင်းဘုရားကျောင်း၌ သူ၏ အခြေအနေက အတော်လေး ထူးခြားလေသည်။ တပည့်မဟုတ်ဘဲ အကြီးအကဲများ၏ ကိုယ်တိုင်သင်ကြားပေးခြင်း ခံရသူဖြစ်သည်။

သီအိုရီအရဆိုလျှက် လင်းယွမ်က ဝါစဉ်အရ သိုင်းဘုရားကျောင်းသခင်နှင့် တန်းတူဟု ပြောနိုင်လေသည်။ လင်းယွမ်၏ စကားကို သိုင်းဘုရားကျောင်း၏ သခင်ပင် ကန့်ကွက်မည်မဟုတ်ပေ။

မိသားစုက ခဏ စကားပြောဆိုပြီးနောက် ရှန်ကျန်းက လင်းကျန်းပင်း၏ လက်ကို ဆွဲပြီး ထွက်သွားရန် ပြင်လိုက်သည်။

" ချန်အာ သား သိုင်းဘုရားကျောင်းမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ " ရှန်ကျန်းက လင်းယွမ်ကို စိတ်ပူနေဆဲ ဖြစ်သည်။

သိုင်းဘုရားကျောင်းတွင် ပြိုင်ဆိုင်မှုများ ပြင်းထန်သည်ဟု သူမ ကြားဖူးလေသည်။ အဓိကတပည့်များပင် လိုချင်တာရရန် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရလေသည်။ ယခု သူမ၏ သားက သိုင်းဘုရားကျောင်းကို လွှမ်းမိုးနိုင်သောကြောင့် မည်သည့်တန်ဖိုးပေးဆပ်ရမည်ကို မသိနိုင်ပေ။

" စိတ်မပူပါနဲ့။ ကျွန်တော် အထဲမှာ တော်တော်လေး ကောင်းကောင်းမွန်မွန် နေရပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။

သူ၏ မိဘများကို ပြန်ပို့ပြီးနောက် လင်းယွမ်က ကျင့်ကြံခြင်းဂူသို့ ပြန်လာခဲ့သည်။

" ဒီကမ္ဘာကြီးက နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ သိုင်းတာအိုရဲ့ မတူညီတဲ့ လမ်းကြောင်းတွေကို ရှာတွေ့ခဲ့ကြတာပဲ။ " လင်းယွမ်က စဉ်းစားလိုက်သည်။

လင်းယွမ်က သိုင်းဘုရားကျောင်းသို့ ဝင်ရောက်သည်မှာ တစ်နှစ်နီးပါး ရှိပြီဖြစ်သောကြောင့် သူ၏ ခွန်အားကို ပြန်လည်ရရှိရန် ကျင့်ကြံနေသည့်အပြင် လက်ရှိ သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ ပြောင်းလဲမှုများကိုလည်း လေ့လာခဲ့သည်။ ထို့အပြင် သတ္တမအလွှာကဏ္ဍက ဖန်တီးခါစဖြစ်ပြီး ပြည့်စုံခြင်းမရှိခဲ့ပေ။

လင်းယွမ်က သိုင်းတာအို၏ ဖန်တီးသူဖြစ်သော်လည်း သူက ပထမအလွှာမှ သတ္တမအလွှာထိသာ ချမှတ်ပေးခဲ့သည်။ မူလကမ္ဘာသို့ ပြန်ရောက်မှသာ လင်းယွမ်က ပြည့်စုံသော သတ္တမအလွှာကဏ္ဍကို ဖန်တီးနိုင်ခဲ့သည်။

" နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် အဋ္ဌမအလွှာ ထွက်ပေါ်မလာခဲ့ဘူး။ " လင်းယွမ်က တွေးလိုက်သည်။

လင်းယွမ် သိထားသည်မှာ လက်ရှိခေတ်တွင် သိုင်းတာအို၏ အသန်မာဆုံးမှာ သတ္တမအလွှာ သုံးယောက်သာ ဖြစ်သည်။ ထိုသုံးယောက်ထဲမှ အသန်မာဆုံး လီချင်းကတော့ အောက်ဘုံတွင် လင်းယွမ်၏ တိုက်ရိုက်တပည့် ဖြစ်ခဲ့သည်။

ကျန်နှစ်ယောက်က နောက်ပိုင်းခေတ်မှ သတ္တမအလွှာများ ဖြစ်ကြပြီး စိတ်ဝိညာဉ်ကမ္ဘာကို ရောက်မှ သူမ သင်ကြားပေးခဲ့ခြင်းဖြစ်သည်။

ထိုသုံးယောက်ထဲတွင် လီချင်းက သတ္တမအလွှာ အထွတ်အထိပ်တွင် ရှိပြီး ကျန်နှစ်ယောက်က အလယ်အဆင့်နှင့် နှောင်းပိုင်းအဆင့်တွင် ရှိကြသည်။

" သတ္တမအလွှာ အထွတ်အထိပ်..."

လီချင်းလျှောက်ခဲ့သော လမ်းကြောင်းက လင်းယွမ် ချန်ထားပေးခဲ့ခြင်းဖြစ်သည်။ လင်းယွမ်၏ သတ္တမအလွှာ ယူဆချက်များကြောင့် လီချင်းက သတ္တမအလွှာ အထွတ်အထိပ်ကို ရောက်ရန် ခက်ခဲမည်မဟုတ်ပေ။ သို့သော် လင်းယွမ်ချန်ခဲ့သော သတ္တမအလွှာက မပြည့်စုံသောကြောင့် လီချင်းက အဋ္ဌမအလွှာကို ရောက်ရန် မဖြစ်နိုင်သလောက် ဖြစ်ခဲ့သည်။

မူလကမ္ဘာမှာပင် အဋ္ဌမအလွှာက အရေးကြီးသော အဆင့်တစ်ခုဖြစ်ပြီး အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆင့်ကဲပြောင်းလဲသူများအတွက် မရှိမဖြစ် လိုအပ်သောအရာ ဖြစ်လေသည်။

" ဒါလည်း မှန်တာပဲ။ ဒီကမ္ဘာကြီးက နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် သိုင်းတာအိုက အားကောင်းတဲ့ လမ်းစဉ်အဖြစ် သတ်မှတ်ခြင်း မခံခဲ့ရဘူး။ လုံလေုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မရှိတာရယ် သတ္တမအလွှာက မပြည့်စုံတာရယ်ကြောင့် အဋ္ဌမအလွှာ ပေါ်မလာတာ အံ့ဩစရာမရှိဘူး။ " လင်းယွမ်က တွေးလိုက်သည်။

သူက အဋ္ဌမအလွှာသို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ သူ၏ သတ္တမအလွှာက ပြည့်စုံသောကြောင့် ဖြစ်သည်။ ထို့အပြင် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကြီးမြတ်သူတစ်ယောက်၏ ခန္ဓာကိုယ်မှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာကို ပေါင်းစပ်ထားသောကြောင့် ဖြစ်သည်။

လင်းယွမ်သာ စိတ်ဝိညာဉ်ကမ္ဘာသို့ စိတ်အသိမဆင်းသက်ခဲ့လျှင် နောက်ထပ်နှစ်တစ်သန်းကြာလျှင်တောင် သိုင်းတာအိုက တစ်ယောက်မှ အဋ္ဌမအလွှာသို့ တက်လှမ်းနိုင်ခြင်းရှိမည်မဟုတ်ပေ။

" သိုင်းတာအိုရဲ့ အဋ္ဌမအလွှာက အင်မော်တယ်ကျင့်ကြံခြင်းစနစ်ရဲ့ ကပ်ဘေးကျော်လွှားခြင်းအဆင့်နဲ့ ညီမျှလောက်တယ်မဟုတ်လား။ " လင်းယွမ်က အင်မော်တယ်ကျင့်ကြံခြင်းစနစ်ကို တွေးမိသွားသည်။

ကပ်ဘေးကျော်လွှားခြင်းအဆင့်ကို အင်မော်တယ်ဘုရင်ဟုလည်း ခေါ်ကြသည်။ ကပ်ဘေးကို ကျော်လွှားသော အင်မော်တယ်ဘုရင်။

စိတ်ဝိညာဉ်ကမ္ဘာ၏ တာအိုပြည်နယ်သုံးထောင်ထဲတွင် ကပ်ဘေးကျော်လွှားခြင်း အင်မော်တယ်ဘုရင်များက ထိပ်ဆုံးတွင် ရပ်တည်နေကြသည်။

" ကပ်ဘေးကျော်လွှားခြင်းအဆင့်ကို တက်လှမ်းဖို့ စိတ်နှလုံးနတ်ဆိုးကပ်ဘေးနဲ့ ရုပ်ခန္ဓာကပ်ဘေး နှစ်ခုလုံးကို ကျော်လွှားရမယ်။ အဲ့ဒါမှ ကပ်ဘေးကို ကျော်လွှားပြီး အင်မော်တယ်ဘုရင်ဖြစ်နိုင်လိမ့်မယ်။ "

" အဲ့ဒါက အဋ္ဌမအလွှာကို တက်လှမ်းရင် စိတ်နှလုံးနတ်ဆိုးကို ကျော်လွှားရတာနဲ့ တူတယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

All Chapters