အခန်း ၃၇၂
Vol. 24 Ch. 372
လင်းယွမ်က ကျစ်ကောင်းအင်မော်တယ်ကျမ်းကို အမြန်ဖတ်ရှုပြီးနောက် ခေါင်းညိမ့်လိုက်သည်။ " တာအိုပြည်နယ်သုံးထောင်မှာ လေးစားခံရတဲ့ ကျစ်ကောင်းအင်မော်တယ်ဘုရင်က တန်ဖိုးကြီးတဲ့ ကျမ်းတစ်ခုကို တကယ်ဖန်တီးနိုင်ခဲ့တာပဲ။ "
ကပ်ဘေးကျော်လွှားခြင်း အင်မော်တယ်ဘုရင်များတွင်ပင် ခွန်အားကွာခြားချက်များ ရှိပြီး အထွတ်အထိပ် အင်မော်တယ်ဘုရားများက ကပ်ဘေးကျော်လွှားခြင်းအဆင့်တွင် ထိပ်တန်း အင်အားကြီးသူများဖြစ်ကြသည်။
အထွတ်အထိပ် အင်မော်တယ်ဘုရင်များက မူလကမ္ဘာမှ အဋ္ဌမအလွှာ တားဆီးမရသူများနှင့် အဆင့်တူလိမ့်မည်ဟု လင်းယွမ်က ခန့်မှန်းလေသည်။
" ကျစ်ကောင်းအင်မော်တယ်ဂိုဏ်းက တစ်ချိန်တုန်းက ကျစ်ကောင်းအင်မော်တယ်ကျမ်းကို ဖြန့်ဝေဖို့ ရည်ရွယ်ခဲ့ပြီး အခြားကျင့်ကြံသူတွေကို ဒီကျမ်းကို ကျင့်ကြံစေခဲ့တာ်။ မဟုတ်ရင် ငါတို့ အဲ့ဒါကို ရနိုင်မှာမဟုတ်ဘူး။ " မဟာအကြီးအကဲက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
ကျစ်ကောင်းအင်မော်တယ်ဂိုဏ်း၏ ရည်ရွယ်ချက်က ရှင်းလေသည်။ ကျစ်ကောင်းအင်မော်တယ်ကျမ်းကို ကျင့်ကြံရန် သင့်တော်သော ပါရမီရှင်ကို တာအိုပြည်နယ်သုံးထောင်အတွင်း ရှာဖွေနေခြင်းဖြစ်သည်။ ကျစ်ကောင်းအင်မော်တယ်ဂိုဏ်းက ဖြန်ဝေသော ကျမ်းက ချီကျင့်ကြံခြင်းအဆင့်မှ နတ်အသွင်ပြောင်းလဲခြင်း အဆင့်ထိသာ ဖြစ်သည်။
" ချန်အာ..." မဟာအကြီးအကဲက ချီတုံချတုံနှင့် ပြောလိုက်သည်။ " မင်းရဲ့ လက်ရှိအဆင့်က ဘာလဲ။ သိုင်းတာအို သတ္တမအလွှာလား။ "
နှစ်တစ်ရာအတွင်း သိုင်းတာအို၏ သတ္တမအလွှာသို့ ရောက်ခြင်းက ယခင်ကဆိုလျှင် မဟာအကြီးအကဲအတွက် လုံးဝ မယုံကြည်နိုင်စရာဖြစ်လေသည်။ သို့သော် လွန်ခဲ့သော ရာစုနှစ်အတွင်း လင်းယွမ်၏ စွမ်းဆောင်ရည်များက မဟာအကြီးအကဲကို ထိုအတွေးများ တွေးမိစေခဲ့သည်။
သူတို့ကိုယ်တိုင်က ဆဋ္ဌမအလွှာတွင် ရှိပြီး လင်းယွမ်ဆီမှ ဖိအားကို ခံစားရသောကြောင့် သတ္တမအလွှာ ဖြစ်နိုင်ခြေ အလွန်များလေသည်။
" ကျွန်တော်ရဲ့ လက်ရှိအဆင့်လား။ " လင်းယွမ်က ပြုံးလိုက်သည်။
ကျန်အကြီးအကဲများကလည်း နားစွင့်နေကြသည်။ သူတို့ကလည်း လင်းယွမ်၏ လက်ရှိခွန်အားကို သိချင်ကြလေသည်။
" မဟုတ်ဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ သူက လွန်ခဲ့သော နှစ်ခြောက်ဆယ်ကတည်းက သတ္တမအလွှာကို ကျော်လွန်ခဲ့ပြီဖြစ်သည်။
" သိုင်းတာအို သတ္တမအလွှာမဟုတ်ဘူးလား။ " မဟာအကြီးအကဲက စိတ်ရှုပ်သွားပြီး သက်ပြင်းချလိုက်သည်။ ပုံမှန်အားဖြင့် သူလည်း လင်းယွမ်က နှစ်တစ်ရာအတွင်း သတ္တမအလွှာသို့ ရောက်နိုင်မည်ဟု မယုံကြည်ခဲ့ပေ။
လင်းယွမ်က အတည်ပြုလိုက်ပြီဖြစ်သောကြောင့် အကြီးအကဲများ၏ စိတ်ထဲမှ သံသယများရှင်းလင်းသွားကြပြီဖြစ်သည်။ သူတ်ု့အားလုံးက လင်းယွမ်ကို အဋ္ဌမအလွှာသို့ ရောက်နိုင်မည်ဟု လုံးဝ မတွေးမိကြပေ။ သိုင်းတာအိုကျင့်ကြံခြင်းစနစ် စတင်တည်ထောင်သည့် အချိန်ကတည်းက သူတို့တွင် အသန်မာဆုံးက သတ္တမအလွှာသာ ရှိလေသည်။
သိုင်းတာအိုရဲ့ အဋ္ဌမအလွှာလား။ ဒဏ္ဍာရီထဲမှ သိုင်းဘိုးဘေးပင် ထိုအဆင့်သို့ ရောက်ခဲ့မည်မဟုတ်ပေ။ လင်းယွမ်ကဲ့သို့ နှစ်တစ်ရာသာ ကျင့်ကြံရသေးသော ကလေးတစ်ယောက်က ရောက်နိုင်မည်မဟုတ်ပေ။
" သတ္တမအလွှာမဟုတ်ရင် ဆဋ္ဌမအလွှာဖြစ်ရမယ်။ "
" နှစ်တစ်ရာအတွင်း ဆဋ္ဌမအလွှာကို ရောက်တယ်။ သိုင်းဘုရားကျောင်းကို တည်ထောင်တဲ့အချိန်ကတည်းက ဒီလို ကျင့်ကြံမှုအမြန်နှုန်းကို ပြိုင်ဘက်ကင်းတယ်လို့ ပြောလို့ရတယ်။ " မဟာအကြီးအကဲက တိတ်ဆိတ်စွာ တွေးလိုက်သည်။
နှစ်ပေါင်းများစွာအတွင်း သိုင်းတာအိုပါရမီရှင်များစွာ ထွက်ပေါ်လာခဲ့သော်လည်း နှစ်တစ်ရာအတွင်း ဆဋ္ဌမအလွှာသို့ ရောက်ခဲ့သူ မရှိခဲ့ဖူးပေ။ သိုင်းတာအို၏ ဆဋ္ဌမအလွှာက အင်မော်တယ်လမ်းစဉ်၏ ဟင်းလင်းပြင်သန့်စင်ခြင်း ရှေးဟောင်းသူတော်စင်အဆင့်နှင့် ညီမျှလေသည်။
အကြီးအကဲများပြန်သွားပြီးနောက် လင်းယွမ်က ကျင့်ကြံခြင်းဂူထဲတွင် ခြေချိတ်ထိုင်နေသည်။
" ငါ့ရဲ့ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားက..." လင်းယွမ်က သူ့ကိုသူ စစ်ဆေးကြည့်လိုက်သည်။ သူက မိုင်သန်းချီ ကျယ်ဝန်းသော အတွင်းကမ္ဘာ၏ အကူအညီမပါလျှင်တောင် နည်းလမ်းများစွာ၏ အကူအညီနှင့် လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားက အဋ္ဌမအလွှာ တားဆီးမရသူများနှင့် နီးစပ်လာသည်။
သူသာ အားဖြည့်ခြင်းစွမ်းရည်ကို အသုံးပြုခဲ့လျှင် အသက်ဆယ်ကြိမ်ရှူစာအတွင်း သူ၏ တိုက်ခိုက်ရေးစွမ်းအားက အဋ္ဌမအလွှာ တားဆီးမရသူများထက် ကျော်လွန်သွားပေလိမ့်မည်။
" ဒါပေမယ့် အင်မော်တယ်ဘုရင်တွေရဲ့ ဖန်တီးခြင်းစွမ်းအားက ဘာလဲဆိုတာ ငါသိချင်မိတယ်။ " လင်းယွမ်က တွေးလိုက်သည်။
နှစ်ပေါင်းများစွာ နားလည်မှုအရ အင်မော်တယ်ဘုရင်များက အတွင်းကမ္ဘာ မပိုင်ဆိုင်ကြသည်ကို လင်းယွမ်က အကြမ်းဖျင်းအတည်ပြုနိုင်ခဲ့သည်။ သူတို့အားကိုးသည်မှာ သူတို့ကိုင်ဆွဲထားသော ဖန်တီးခြင်းစွမ်းအားဖြစ်၏။ သာမန် အင်မော်တယ်ဘုရင်များက ဖန်တီးခြင်းစွမ်းအား၏ အစိတ်အပိုင်းကို ကိုင်ဆွဲထားပြီး အထွတ်အထိပ် အင်မော်တယ်ဘုရင်များက ပြည့်စုံသော ဖန်တီးစွမ်းအားကို ပိုင်ဆိုင်ကြသည်။
" ကံမကောင်းစွာနဲ့ တုန်ယွင်တာအိုပြည်နယ်မှာ အင်မော်တယ်ဘုရင်တွေမရှိဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
တာအိုပြည်နယ်သုံးထောင်လုံးကို ထည့်တွက်လျှင်တောင် အင်မော်တယ်ဘုရင်များက အလွန်ရှားပါးလေသည်။ မဟုတ်လျှင် လင်းယွမ်က အင်မော်တယ်ဘုရင်တစ်ယောက် နှစ်ယောက်နှင့် တိုက်ခိုက်ရန် ကြိုးစားကြည့်ပေလိမ့်မည်။
နောက်ထပ်ပြည်နယ်တစ်ခုကို သွားရန်လည်း ဝေးကွာလွန်းလှသည်။ လင်းယွမ်၏ လေဟာနယ်နိယာမအပေါ် ကျွမ်းကျင်မှုကြောင့် မိုင်သန်းပေါင်းများစွာကို ခြေတစ်လှမ်းနှင့် ရောက်နိုင်သော်လည်း နောက်ထပ် တာအိုပြည်နယ်တစ်ခုကို ရောက်ရန် အချိန်အတော်ကြာပေလိမ့်မည်။
ထိုမျှ ဝေးကွာသော ခရီးကို သွားမည့်အစား တံခါးပိတ်ကျင့်ကြံခြင်းက ပိုကောင်းလေသည်။ အခြားပြည်နယ်တစ်ခုကို သွားလျှင်တောင် ကပ်ဘေးကျော်လွှားခြင်း အင်မော်တယ်ဘုရင်တစ်ယောက်ကို တွေ့ရန် မသေချာပေ။
" ဘူးသီးခြောက်ကို ယူဖို့ အချိန်ကျပြီ။ " လင်းယွမ်က တွေးလိုက်သည်။ ယခု သူ၏ ခွန်အားက လုံလောက်ပြီဖြစ်ပြီး တုန်ယွင်တာအိုပြည်နယ်၏ နယ်နိမိတ်အတွင်း ရှုံးနိမ့်နိုင်မည်မဟုတ်ပေ။
ထိုသို့တွေးပြီး လင်းယွမ်၏ စိတ်အသိက သူ၏ စိတ်ထဲမှာ အနက်ရှိုင်းဆုံးသို့ ဝင်ရောက်သွားပြီး ခမ်းနားသော ဂိတ်တံခါးကို ကြည့်လိုက်သည်။
" ကမ္ဘာတွေကို ကျော်ဖြတ်နိုင်တယ်။ စိတ်ကူးမယဉ်နိုင်လောက်အောင်ပဲ။ " အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို အကြိမ်များစွာ မြင်ဖူးသော်လည်း လင်းယွမ်က တုန်လှုပ်နေရဆဲ ဖြစ်သည်။
" ဒီနှစ်တစ်ရာအတွင်း မူလကမ္ဘာမှာ အရာအားလုံး ပုံမှန်ပဲ ရှိနေပုံရတယ်။ ဘာမှထူးထူးခြားခြား သိပ်မဖြစ်ဘူး။ " လင်းယွမ်က ဂိတ်တံခါးမှတစ်ဆင့် သူ၏ မူလခန္ဓာကိုယ်ကို အာရုံခံနိုင်စွမ်းရှိလေသည်။
" စမယ်။ " လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားတစ်မျှင်ကို အသုံးပြုပြီး ဘူးသီးခြောက်ကို ဆင့်ခေါ်လိုက်သည်။
အနန္တကမ္ဘာများ၏ ဂိတ်တံခါး အလယ်မှ လေဟာနယ်လှိုင်းများ ထွက်ပေါ်လာသည်။ ကမ္ဘာဆုံမှတ်များကို ဖြတ်ပြီး ပစ္စည်းတစ်ခုကို ပို့ဆောင်နိုင်ခြင်းက လင်းယွမ်၏ လက်ရှိနားလည်မှုထက် များစွာ ကျော်လွန်နေသည်။
ခဏကြာသောအခါ လေဟာနယ်လှိုင်းများ ငြိမ်သက်သွားပြီး ဘူးသီးခြောက်တစ်လုံးက လင်းယွမ်၏ လက်ထဲတွင် ပေါ်လာသည်။
" ဘူးသီးခြောက် " လင်းယွမ်က သူ၏ လက်ဝါးပေါ်မှ ဘူးသီးခြောက်ကို ကြည့်လိုက်သည်။
လင်းယွမ်၏ လက်နှင့် ထိတွေ့လိုက်သည်နှင့် မူလက လိမ္မော်ရောင်ဘူးသီးခြောက်မှာ ချက်ချင်းပြောင်းလဲသွားပြီး ယခင် မီးခိုးရောင်ဘူးသီးခြောက်အဖြစ် ပြောင်းလဲသွားသည်။
" ငါ အတွင်းက အရည်ကို မစုပ်ယူရသေးဘူးဆိုတာတောင် သိနိုင်တယ်။ " လင်းယွမ်က အံ့အားသင့်သွားသဘ်။
ဘူးသီးခြောက်ကို အသုံးပြုဖူးသည့် အတွေ့အကြုံအရ ဘူးသီးခြောက်၏ အရောင်မှာ အသုံးပြုသူက အတွင်းရှိအရည်ကို မည်မျှအထိ စုပ်ယူပြီးပြီအပေါ် မူတည်လေသည်။
ဥပမာ မူလကမ္ဘာတွင် လင်းယွမ်က လိမ္မော်ရောင်အရည်ကို စုပ်ယူနေသောကြောင့် ဘူးသီးခြောက်က လိမ္မော်ရောင် ပြောင်းသွားခဲ့သည်။
" စကြစို့ " လင်းယွမ်၏ အမူအရာက လေးနက်သွား၏။
မီးခိုးရောင်ဘူးသီးခြောက်ထဲမှ အရည်က သူ၏ တိုက်ခိုက်ရေးစွမ်းအားကို များစွာမြှင့်တင်ပေးနိုင်လေသည်။ အထူးသဖြင့် သူ၏ အတွင်းကမ္ဘာ အကျယ်အဝန်း ဖြစ်သည်။ သူက မူလကမ္ဘာမှာကဲ့သို့ စုပ်ယူပြီးသည်နှင့် သူ၏ အတွင်းကမ္ဘာက မိုင်သန်းနှစ်ဆယ်ထိ ကျယ်ဝန်းသွားပေလိမ့်မည်။
၎င်းက လိမ္မော်ရောင်အရည်ထိသာ ဖြစ်ပြီး ကျန်သည့် အရောင်ငါးမျိုး ရှိနေသေးသည်။ အရည်ခုနှစ်မျိုးလုံး စုပ်ယူပြီးသည်နှင့် သူ၏ အတွင်းကမ္ဘာက မည်မျှကျယ်ဝန်းသွားမည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလေသည်။
" ပထမဆုံး သွေးစက်ချပြီး အတည်ပြုရမယ်။ " လင်းယွမ်က သွေးတစ်စက်ကို ထုတ်ပြီး ဘူးသီးခြောက်ပေါ်သို့ ချလိုက်သည်။
ပြန်လည်မွေးဖွားခြင်းစွမ်းအားပါဝင်သော သွေးများသာ ဘူးသီးခြောက်ကို အသက်သွင်းနိုင်လေသည်။ လင်းယွမ်အတွက် ပြန်လည်မွေးဖွားခြင်းစွမ်းအားဆိုသည်မှာ သွေးပြန်လည်မွေးဖွားခြင်းစွမ်းရည်၏ အနှစ်သာရပင် ဖြစ်သည်။
" အနီရောင်အရည် " လင်းယွမ်က ဘူးသီးခြောက်ကို စောင်းလိုက်သည်နှင့် အနီရောင်အရည်က စုစည်းလာပြီး လင်းယွမ်က ချက်ချင်း စုပ်ယူလိုက်သည်။
အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်အချို့ကြာသွားခဲ့သည်။
သိုင်းဘုရားကျောင်း၏ ကျင့်ကြံခြင်းဂူအတွင်း လင်းယွမ်က မျက်လုံးများ မှိတ်ထားပြီး သူ၏ အတွင်းကမ္ဘာက မိုင် ၂၆ သန်းအထိ ရောက်နေပြီဖြစ်သည်။
လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများ၏ အမြင့်ဆုံးကန့်သတ်ချက်မှာ မိုင်ဆယ်သန်းသာ ဖြစ်ပြီး ချိုးဖျက်ရန် ခက်ခဲလေသည်။
သို့သော် လင်းယွမ်၏ အတွင်းကမ္ဘာက မိုင်၂၆ သန်း ရှိနေပြီဖြစ်သဘ်။ မူလကမ္ဘာတွင် ထိုသတင်းသာ ပျံ့နှံ့သွားပါက ကြီးမြတ်သူများပင် လှုပ်ရှားလာနိုင်လေသည်။
မျိုးနွယ်များ၏ ကန့်သတ်ချက်များကို ကျော်လွန်ရန် ကြီးမြတ်သူများအတွက်ပင် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရလေသည်။