မိုင် ၂၆သန်းရှိသော အတွင်းကမ္ဘာ...
Vol. 24 Ch. 373
အတွင်းကမ္ဘာထဲတွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။
" ဒီလောက်ကြီးမားတဲ့ ကမ္ဘာစွမ်းအားတွေ..." လင်းယွမ်က ခဏ မှင်သက်သွား၏။ မူလကမ္ဘာတွင် သူ၏ အတွင်းကမ္ဘာက လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများ၏ ကန့်သတ်ချက်ဖြစ်သော ဆယ်သန်းသာ ရှိခဲ့သည်။
သို့သော် ယခု မိုင် ၂၆သန်း ကျယ်ဝန်းသော အတွင်းကမ္ဘာက ကြီးမားသော ကမ္ဘာစွမ်းအားများနှင့် ပြည့်နှက်နေသောကြောင့် လင်းယွမ်ပင် တုန်လှုပ်ခဲ့ရသည်။ မိုင်ဆယ်သန်းနှင့် မိုင်သန်းနှစ်ဆယ်ကြား ကွာခြားချက်က နှစ်ဆထက် ပိုမိုများပြားလေသည်။
" အဋ္ဌမအလွှာ တားဆီးမရသူ ငါ့ရဲ့ လက်ရှိခွန်အားက အားဖြည့်ခြင်းနတ်စွမ်းရည်ကို အသုံးမပြုရင်တောင် အဋ္ဌမအလွှာ တားဆီးမရသူနဲ့ ယှဉ်နိုင်လောက်ပြီ။ "
သို့သော် ၎င်းက ကြီးမားသော အတွင်းကမ္ဘာတစ်ခုသာ ဖြစ်သည်။ ထိုကြီးမားသော ကမ္ဘာစွမ်းအားသက်သက်ကပင် အဋ္ဌမအလွှာ တားဆီးမရသူနှင့် ယှဉ်နိုင်လေသည်။ လင်းယွမ်၏ လက်ရှိ အတွင်းကမ္ဘာက မိုင်သန်းနှစ်ဆယ်ကျော်ရှိပြီး သူတွင် အခြားနည်းလမ်းများလည်း ရှိနေသည်။
" ပြီးတော့..." လင်းယွမ်က ခေါင်းအနည်းငယ် မော့ပြီး အထက်သို့ ကြည့်လိုက်သည်။
ထိုက်ယင်စွမ်းအားနှင့် ထိုက်ယန်စွမ်းအားများ စုစည်းထားသော စွမ်းအားလုံးတစ်လုံးက ထိုနေရာတွင် ရှိနေသည်။ လင်းယွမ်က သတ္တမအလွှာသို့ တက်လှမ်းပြီး အတွင်းကမ္ဘာကို ဖန်တီးချိန်တွင် ပြည့်စုံသော ထိုက်ယင်နိယာမနှင့် ထိုက်ယန် နိယာမတို့ကို ပေါင်းစပ်ခဲ့သည်။
ထိုစွမ်းအားလုံးအတွင်း ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားတို့က ပေါင်းစပ်နေကြပြီး စတင် အသွင်ပြောင်းလဲလာကြသည်။ လင်းယွမ်က ၎င်းကို ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။
" ပြောင်းလဲမှုက ပြီးခါနီးလောက်ပြီ။ " လင်းယွမ်က ဂရုတစိုက်ကြည့်လိုက်သည်။
စွမ်းအားလုံးအတွင်း ပြောင်းလဲမှုက သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်းဖြစ်သည်။
" အဲ့ဒါက တကယ်ပဲ နိယာမအသစ်တစ်ခု ထိုက်ကျိနိယာမဖြစ်လာမှာလား။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
လင်းယွမ် ဖန်တီးထားသော ထိုက်ကျိတာအိုက စကြာဝဠာထဲတွင် ရှိပြီးသားဖြစ်သော သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ အလင်း သို့မဟုတ် လျှပ်စီးတို့ကဲ့သို့ ဒြပ်စင်စွမ်းအားများနှင့် မတူပေ။
ထိုက်ကျိတာအိုက လင်းယွမ်မဖန်တီးမီ မူလကမ္ဘာတွင် ဖြစ်စေ အခြားကမ္ဘာတွင်ဖြစ်စေ မည်သည့်အခါမှ ပေါ်ထွက်လာခြင်း မရှိပေ။
ရှန်ယောင်မြို့ အိမ်တစ်ခုတွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။
" ချန်အာ ပြန်လာပြီလား။ " ရှန်ကျန်းက ပန်းခြံထဲတွင် ပန်းပင်များ ရေလောင်းနေရင် လင်းယွမ်ကို မြင်သောအခါ အံ့ဩစွာ ရေရွတ်လိုက်သည်။
လင်းကျန်းပင်းကလည်း ရှန်ကျန်း၏ အသံကို ကြားပြီး အခန်းထဲမှ ထွက်လာသည်။
" ချန်အာ သား ပြန်မလာတာကြာပြီ။ " လင်းကျန်းပင်းက ပြုံး၍ ပြောလိုက်သည်။ " ဘာဖြစ်လို့လဲ။ သိုင်းဘုရားကျောင်းမှာ အလုပ်တွေ ရှုပ်နေလို့လား။ "
" နည်းနည်းပါ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
သိုင်းဘုရားကျောင်း၏ ကိစ္စများကို အကြီးအကဲများက ကိုင်တွယ်ခြင်းဖြစ်ပြီး သူက နှစ်အနည်းငယ် တံခါးပိတ်ကျင့်ကြံရုံသာ ဖြစ်သည်။
" ချန်အာ သားက ကြိုးစားလွန်းတယ်။ ကျင့်ကြံတာဖြစ်ဖြစ် တခြားအလုပ်တွေ လုပ်တာဖြစ်ဖြစ် အနားယူဖို့လည်း အချိန်ပေးရမယ်နော်။ " ရှန်ကျန်းက ပြောလိုက်သည်။
လင်းကျန်းပင်းကလည်း ပြုံးလိုက်သည်။ " ဟုတ်တယ် သား။ ငါတို့ကို ကြည့်ပါ။ အခု ငါတို့က ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြပြီ။ စီးပွားရေးကိစ္စတွေကိုလည်း လက်အောက်ငယ်သားတွေနဲ့ လွှဲထားလိုက်ပြီ။ သားက ငါတို့နောက်မှာ ရှိတော့ ဘယ်သူက ငါတို့ကို ထိပါးရဲမှာလဲ။ "
မကြာသေးမီနှစ်များအတွင်း လင်းကျန်းပင်းက အမှန်တကယ်ပင် သက်သောင့်သက်သာ နေခဲ့ရသည်။ သူ၏ သားက သိုင်းဘုရားကျောင်းမှ ပါရမီရှင်တစ်ယောက်ဖြစ်လာပြီးနောက် ရှန်ယောင်မြို့မှ မိသားစုကြီးများက သူ့ကို ငွေကြေးနှင့် လက်ဆောင်များ ပေးပို့ခဲ့ကြသည်။
" ကျွန်တော် အရင်တစ်ခေါက်က ပေးခဲ့တဲ့ အသီးနှစ်လုံး စားပြီးပြီလား။ " လင်းယွမ်က မေးလိုက်သည်။
ထိုသစ်သီးနှစ်လုံးက အသက်ရှည်စေပြီး ခန္ဓာကိုယ်ဖွဲ့စည်းပုံကို တိုးတက်စေနိုင်လေသည်။ ၎င်းတို့က လင်းယွမ်အပေါ် သက်ရောက်မှုမရှိသော်လည်း အဆင့်နိမ့်ကျင့်ကြံသူများဖြစ်သော သူ၏ မိဘများအတွက် အလွန်အကျိုးများလေသည်။
" ငါ အဲ့အသီးကို စားပြီးတော့ ဆယ်စုနှစ်အချို့ ပြန်ငယ်သွားသလိုတောင် ခံစားလိုက်ရတယ်။ " လင်းကျန်းပင်းက စိတ်ဝင်စားသွားသည်။ " သားမှာ အဲ့လိုအသီးတွေ ရှိသေးလား။ "
" ရှင် ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ။ ဒီလိုစိတ်ဝိညာဉ်သစ်သီးက သိုင်းဘုရားကျောင်းမှာတောင် ရတနာလို့ သတ်မှတ်ထားကြတာ။ လူအိုကြီး ရှင် သစ်သီးတစ်လုံးနဲ့ မလုံလောက်ဘူးလား။ သားကို ဒုက္ခပေးချင်နေတာလား။ " ရှန်ကျန်းက မကျေမနပ်နှင့် ပြောလိုက်သည်။
ယနေ့အထိ သူတို့က သိုင်းဘုရားကျောင်းတွင် လင်းယွမ်၏ အဆင့်အတန်းကို မြင့်မားသည်မှလွဲ၍ သေချာမသိကြပေ။ ၎င်းမှာ သိုင်းဘုရားကျောင်းမှ လင်းယွမ်၏ အခြေအနေကို လျို့ဝှက်ထားချင်သောကြောင့်လည်း ပါလေသည်။
အခြားအင်အားစုများက သိုင်းဘုရားကျောင်းတွင် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ထွက်ပေါ်လာသည်ကို သဘောကျကြမည်မဟုတ်ပေ။ ထို့ကြောင့် လင်းယွမ်နှင့် ပက်သက်သည့် အချက်အလက်များကို သူတို့က လျို့ဝှက်ထားကြသည်။
" ငါက မေးကြည့်ရုံပါ။ " လင်းကျန်းပင်းကလည်း ထိုစိတ်ဝိညာဉ်သစ်သီးများ၏ တန်ဖိုးကို သိလေသည်။
" အဖေ စားချင်တယ်ဆိုရင် နောက်တစ်ခါ ကျွန်တော်လာတော့ ယူခဲ့ပေးမယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။ သူ၏ ခွန်အားက အဋ္ဌမအလွှာတွင် မရှုံးနိမ့်နိုင်လောက်အောင် သန်မာနေပြီဖြစ်သောကြောင့် စိတ်ဝိညာဉ်သစ်သီး အနည်းငယ် ယူခြင်းက လွယ်ကူသော ကိစ္စဖြစ်လေသည်။
ရွှမ်ဝမ်နယ်မြေ၏ နယ်စပ်တွင် သတ္တမအလွှာ သိုင်းတာအိုကျင့်ကြံသူ သုံးယောက်ရှိနေသည်။
" ဒီစစ်ပွဲက ပြီးခါနီးပြီ။ နောက်ဆုံးတော့ ငါတို့ ပြန်လို့ရပြီ။ " ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။
သူ၏ နာမည်က ရှန်ယန်ဖြစ်ပြီး စိတ်ဝိညာဉ်ကမ္ဘာတွင် မွေးဖွားခဲ့သူဖြစ်သည်။ သူက သိုင်းဘုရားကျောင်းသို့ ဝင်ရောက်ခဲ့ပြီး နှစ်တစ်သိန်းနီးပါး ကြာပြီးနောက် သိုင်းတာအို သတ္တမအလွှာသို့ ဝင်ရောက်နိုင်ခဲ့သည်။
ရှန်ယန်က သိုင်းဘုရားကျောင်းကို အလွန်ကျေးဇူးတင်ခဲ့သည်။ ၎င်းသာမရှိလျှင် သူက သာမန်လူတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ ယခု သူက အစစ်အမှန် အင်မော်တယ်တစ်ယောက်နီးပါး သန်မာနေပြီဖြစ်သည်။
" ပြန်ရောက်ရင် ကောင်းကောင်း အနားယူလို့ရပြီ။ " နောက်ထပ် သတ္တမအလွှာ ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။
သူတို့က တာအိုအင်မော်တယ်ဂိုဏ်းအတွက် အစစ်အမှန် အင်မော်တယ်များနှင့် မကြာခဏ တိုက်ခိုက်ရလေသည်။
" သူတို့က ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ကို လက်ခံထားတယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ဒီတစ်ခါ ငါတို့ ပြန်ရောက်ရင် သူ့ကို လမ်းညွှန်ပေးဖို့ အချိန်ပေးရမယ်။ ပြီးတော့ ငါ သိုင်းတာအိုရဲ့ နောက်ထပ် သတ္တမအလွှာတစ်ယောက် ထွက်ပေါ်လာဖို့ ကြိုးစားရမယ်။ " လီချင်းက ပြောလိုက်သည်။
အောက်ဘုံမှတက်လာသူအနေဖြင့် သူမက ဒဏ္ဍာရီထဲမှ သိုင်းဘိုးဘေး၏ လမ်းညွှန်မှုကို ရရှိခဲ့သည်။ ယခု လီချင်းက သတ္တမအလွှာ အထွတ်အထိပ်သို့ ရောက်နေပြီး ရှေ့တွင် ရှင်းလင်းသော လမ်းကြောင်းမရှိသောကြောင့် အဋ္ဌမအလွှာသို့ မတက်လှမ်းနိုင်ခြင်းဖြစ်သည်။
" ဟားဟား ငါလည်း အဲ့ဒါကို မမေ့ပါဘူး။ " ရှန်ယန်က ရယ်ပြီး ပြောလိုက်သည်။ " သိုင်းဘုရားကျောင်းကို ပြန်ရောက်ရင် အဲ့ကလေးကို စိတ်ဝိညာဉ်ကမ္ဘာရဲ့ ကောင်းကင်ကိုးပါးကို ခေါ်သွားပြီး အဲ့ဒါရဲ့ နက်နဲတဲ့ အော်ရာကို ခံစားခိုင်းကြည့်ရမယ်။ "
" စိတ်ဝိညာဉ်ကမ္ဘာကို ဆရာတင်ဖို့လား။ " လီချင်းက ခေါင်းညိမ့်လိုက်သည်။
သိုင်းဘုရားကျောင်း၏ ပြိုင်ဘက်ကင်းပါရမီရှင်အကြောင်း သေချာမသိသော်လည်း စိတ်ဝိညာဉ်ကမ္ဘာကို ဆရာတင်ခြင်းက မှန်ကန်သော နည်းလမ်းဖြစ်၏။
ဤကမ္ဘာတွင် မရေတွက်နိုင်သော အင်အားကြီးသူများ ထွက်ပေါ်ခဲ့ကြသည်။ သူတို့ပင် စိတ်ဝိညာဉ်ကမ္ဘာ၏ ကောင်းကင်ကိုးပါးကို သွားပြီး တစ်ခါတစ်ရံ ဉာဏ်အလင်းများ ရရှိကြလေသည်။
" အဲ့ဒီကလေးက ခံနိုင်မလားတော့မသိဘူး။ ကောင်းကင်ကိုးပါးရဲ့ အော်ရာကို သာမန်လူတွေ မခံနိုင်ဘူး။ " ရှန်ယန်က ပြောလိုက်သည်။
" သူမခံနိုင်တော့လည်း ဖြည်းဖြည်းချင်း သွားရမှာပေါ့။ " လီချင်းက ပြောလိုက်၏။
" နင်လည်း သူခံနိုင်မခံနိုင် ဂရုစိုက်ရမယ်။ "
" စိတ်ချပါ အကြီးအကဲလီ။ ငါသတိထားပါမယ်။ " ရှန်ယန်က ပြုံး၍ ပြောလိုက်သည်။ အကယ်၍ ထိုလူငယ်က ခံနိုင်ရည်မရှိလျှင် သူက ခရီးကို ချက်ချင်း ရပ်တန့်ပစ်နိုင်လေသည်။
" ငါလည်း ချင်းထျန်စိတ်ဝိညာဉ်ဆေး သုံးလုံး ပြင်ဆင်ထားတယ်။ " နောက်ထပ် ကျင့်ကြံသူက ပြောလိုက်သည်။
သူ၏ နာမည်က နင်ယွင် ဖြစ်ပြီး လွန်ခဲ့သော နှစ်နှစ်သောင်းက သိုင်းတာအို သတ္တမအလွှာသို့ တက်လှမ်းခဲ့ခြင်းဖြစ်သည်။
" ချင်းထျန်စိတ်ဝိညာဉ်ဆေးလား။ အဲ့ဒါက ဆဋ္ဌမအလွှာအောက်ကလူတွေအတွက် အခြေခံတည်ဆောက်တဲ့ ဆေးပဲ။ အဲ့ဒါက တစ်လုံးဖော်စပ်ဖို့တောင် မလွယ်ဘူး။ " ရှန်ယန်က အံ့ဩစွာ ပြောလိုက်သည်။
" လွယ်လွယ် မလွယ်လွယ် လုပ်ရမှာပဲ။ ဒါက ငါတို့ သိုင်းတာအိုတိုးတက်ဖို့အတွက်ကို။ " နင်ယွင်က လေးနက်စွာ ပြောလိုက်သည်။
သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ယခု သတ္တမအလွှာ သုံးယောက်ရှိသော်လည်း နှစ်သန်းချီ အမွေအနှစ်ကို ပိုင်ဆိုင်ထားသော အင်အားစုကြီးများနှင့် မယှဉ်နိုင်သေးပေ။ အခြားအင်အားစုများ မပြောနှင့် တာအိုအင်မော်တယ်ဂိုဏ်းပင် သိုင်းဘုရားကျောင်းကို အလွယ်တကူ ချေမှုန်းနိုင်လေသည်။
တာအိုအင်မော်တယ်ဂိုဏ်းတွင် အစစ်အမှန်အင်မော်တယ် ဆယ်ယောက်ကျော်ရှိပြီး တာအိုပေါင်းစည်းခြင်းအဆင့် ငါးယောက်ထက် ပိုလေသည်။ ထို့အပြင် သူတို့၏ အင်မော်တယ်လမ်းစဉ်က ကပ်ဘေးကျော်လွှားခြင်းအဆင့်ကို တက်လှမ်းနိုင်သော အလားအလာများ ရှိလေသည်။ ၎င်းကပင် သိုင်းတာအိုကျင့်ကြံခြင်းစနစ် မယှဉ်နိုင်သော အရာဖြစ်လေသည်။
" ငါတို့ရဲ့ သိုင်းတာအို တိုးတက်ဖို့အတွက်။ " လီချင်းက လေးနက်စွာ ရေရွတ်လိုက်သည်။
အရှေ့ပင်လယ်တွင် သူမကို ကယ်တင်ပြီး သိုင်းတာအိုကို သင်ပေးခဲ့သူမှာ လင်းယွမ်ဖြစ်သည်ကို သူမက မှတ်မိနေဆဲ ဖြစ်သည်။ ထို့ကြောင့် လီချင်းက လင်းယွမ်၏ ရည်ရွယ်ချက်မှာ သူမ၏ ရည်ရွယ်ချက်အဖြစ် သတ်မှတ်ထားခဲ့သည်။
ယခု စိတ်ဝိညာဉ်ကမ္ဘာမှာတောင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်က အတိုင်းအတာတစ်ခုထိ တိုးတက်နေပြီဖြစ်သည်။