← Chapters

လွှမ်းမိုးနိုင်မှု

Vol. 018 Ch. 1771

လွှမ်းမိုးနိုင်မှု

Vol. 018 Ch. 1771

ကောင်းကင်အာဏာစက်မြို့မှ ထိုအရက်ဆိုင်ထဲတွင် မေ့ထန်က တိတ်ဆိတ်စွာထိုင်၍ အရက်သောက်နေဆဲဖြစ်သည်။

သို့သော် ယခုလေးတင်ဖြစ်ခဲ့သောအရာများသည်လည်း သူ၏စိတ်အသိ၌ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။

အံသြစရာမရှိဘဲ သူသည် မိစ္ဆာဘုံ၌ အမြင့်မြတ်ဆုံးသွေးမျိုးဆက်အားပိုင်ဆိုင်ထားသည့်သူပင်ဖြစ်သည်။ မိစ္ဆာဘုရင်အဖြစ်မွေးဖွားလာခဲ့ပြီး ဤကမ္ဘာမှအရာအားလုံးကို သိမ်းပိုက်နိုင်သည့်သူဖြစ်သည်။ သူသာ မိစ္ဆာဘုံတွင်ကြီးပြင်းခဲ့လျှင် ယခုထက်ပို၍ပင် သန်မာနိုင်ပေသည်။

ယူချင်းက ကောင်းကင်ထက်မှတိုက်ပွဲကွင်းပြင်တွင် ရပ်နေဆဲဖြစ်ပြီး သူ၏နက်မှောင်သောမိစ္ဆာမျက်လုံးများက ထိုက်ချူတော်ဝင်မြေမှကျင့်ကြံသူများထံ ဝေ့ဝဲကြည့်လိုက်သည်။ သူက ထိုက်ချူတော်ဝင်မြေမှလူများပင် မယှဥ်ပြိုင်နိုင်သည့် အလွန်လွှမ်းမိုးနိုင်သောအသံဖြင့် မောက်မာစွာကြေညာလိုက်သည်။

“နောက်တစ်ယောက်”

ယူချင်းကပြောလိုက်သည်။ သူ၏အသံက အလွန်မောက်မာလှပြီး မထီမဲ့မြင်ဟန်ပေါ်နေသည်။ ထိုကဲ့သို့ပင် သူ၏မျက်လုံးထဲ၌ ထိုက်ချူတော်ဝင်မြေမှလူများအား မည်သည့်အခါကမျှ ထည့်မတွက်ခဲ့ပေ။ သူ့အတွက်မူ သူတို့ကမည်မျှသန်မာသည်ဖြစ်စေ ဒီအတိုင်း နောက်တစ်ယောက်သာဖြစ်သည်။

ယခုကြုံတွေ့နေရသောအခြေအနေက လုံးဝဆန့်ကျင်ဘက်ဖြစ်နေလေသည်။ ကြည့်ရသည်မှာ အရာအားလုံးက ပြောင်းပြန်ဖြစ်သွားဟန်ပေါ်သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်ပတ်ဝန်းကျင်၌ အလွန်ပင်တိတ်ဆိတ်နေလေသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများက သူတို့ရှေ့၌ဖြစ်ပျက်နေသောမြင်ကွင်းအား တိတ်ဆိတ်စွာစောင့်ကြည့်နေကြပြီး လူများစွာ အထူးသဖြင့် ကျောင်းတော်မှတပည့်များက ထိုးတက်လာသောစိတ်လှုပ်ရှားမှုအား ခံစားနေကြရသည်။ ရှေ့မှတိုက်ပွဲသုံးခု၌ ရှုံးနိမ့်ခဲ့ရခြင်းက သူတို့အတွက်ကြီးစွာသောထိုးနှက်ချက်ဖြစ်ခဲ့သော်လည်း ယခုမူ သူတို့၏သွေးကြောထဲမှဆူပွက်နေသောသွေးများအား ခံစားနေကြရသည်။

နောက်တစ်ယောက်...

ထိုက်ချူတော်ဝင်မြေသည် ကောင်းကင်ဒေသတွင် ကျင့်ကြံခြင်းသင်ကြားပေးသည့် တော်ဝင်မြေအဖြစ်ကျော်ကြားလှသည်။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်မှကျင့်ကြံသူများအား အထင်သေးမှုကိုပြသ၍ ရန်စရင်း ကျောင်းတော်အား သူတို့၏ခြေထောက်အောက်၌ နင်းခြေရန်ရည်ရွယ်၍ လာရောက်ခဲ့သည်။

ယခု စစ်မာရှောင်က ရှူံးနိမ့်ခဲ့ပြီဖြစ်ရာ ဤအဆင့်မှမည်သူက ယူချင်းအားအနိုင်ယူနိုင်မည်နည်း။

မရေမတွက်နိုင်သောလူများက ထိုက်ချူတော်ဝင်မြေရှိရာသို့ကြည့်နေကြသည်။ သူတို့က ထိုက်ချူတော်ဝင်မြေသည် စစ်မာရှောင်ထက်အားကောင်းသောသူများအား ပြင်ဆင်ထားသလားဟုသိလိုနေကြသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ အမှန်တရားက ထိုက်ချူတော်ဝင်မြေမှလူများအတွက် နေ့ခင်းသဖွယ် ရှင်းလင်းသွားပြီဖြစ်သည်။ စစ်မာရှောင်ကဲ့သို့လူမျိုးပင် အားကောင်းစွာအနိုင်ယူခြင်းခံခဲ့ရသောကြောင့် ဤအဆင့်၌ ယူချင်းအား ဖိနှိပ်နိုင်မည့်သူမရှိသလောက်ဖြစ်နေပြီဟု သူတို့က သိလိုက်ကြသည်။

“မင်းသွားလိုက်” ဝတ်ရုံဖြူနှင့်လူအိုကြီးက ပထမဆုံးတိုက်ခိုက်ခဲ့သော ဓားသမားကိုပြောလိုက်သည်။ သူသည် ရှောင်မင်အား အနိုင်ရခဲ့သူဖြစ်သည်။

ထိုကျင့်ကြံသူက အမြန်နှုန်းတွင် ပြိုင်ဘက်မရှိဖြစ်သည်။ သူ၏ကျွမ်းကျင်မှုက လေမဟာလမ်းစဥ်ဖြစ်ပြီး သူက ထိုလမ်းစဥ်အား ဓားမဟာလမ်းစဥ်ဖြင့်ပေါင်းစပ်ထားသည်။ သူကပြိုင်ဘက်ကင်းဖြစ်ရုံသာမက သူ၏အရှိန်သည်လည်း သူ့ဓားကဲ့သို့ပင် အလွန်လျင်မြန်လေသည်။

သူတို့က အမြန်နှုန်းအားဖြင့် အနိုင်ယူရန်ရည်ရွယ်ကြောင်း လူတိုင်းနားလည်လိုက်ကြသည်။

ယူချင်း၏ခွန်အားက နှစ်ယောက်မရှိသော်လည်း သူ၏အမြန်နှုန်းကမူ နှေးကွေးလှသည်။

ထိုရန်ဟောင်ထွက်လာချိန်တွင် ဓားသတ်ဖြတ်ငွေ့တို့က သူ့ပတ်ဝန်းကျင်တွင်ရစ်သိုင်းနေပြီး  ကောင်းကင်နှင့်မြေပြင်ကြား၌ ကြောက်မက်ဖွယ်မုန်တိုင်းက တိုက်ခက်နေသည်။ သူက နေရာအနှံ့၌တပြိုင်နက်တည်းပေါ်လာသကဲ့သို့ သူ၏ပုံရိပ်များက နေရာအနှံ့မှထွက်ပေါ်လာသည်။

ယူချင်းက ပြိုင်ဘက်အား အေးစက်စက်ထူးမခြားနားအမူအရာဖြင့်ကြည့်လိုက်ပြီး မိစ္ဆာမျက်လုံးနတ်ဝင်ရိုးက လေဟာနယ်ထဲ၌ နောက်တခါထပ်မံ၍ပေါ်လာပြန်သည်။ မရေမတွက်နိုင်သောမိစ္ဆာမျက်လုံးများက ခဏချင်းပင် ကောင်းကင်နှင့်မြေကြီးမှလမ်းစဥ်အား ဝါးမြိုသွားပြီး ကောင်းကင်ယံကိုဖုံးလွှမ်းသွားသည်။

သူက လက်မောင်းကိုမြှောက်လိုက်ပြီး သူ၏လက်ကိုရှေ့သို့ကုတ်ဆွဲလိုက်သည်။ ထိုခဏတွင် ကြောက်မက်ဖွယ်မုန်တိုင်းက သူ၏လက်ဖဝါးထဲ၌ ထွက်ပေါ်လာဟန်ပေါ်သည်။ သူ၏လက်ဖဝါးထဲ၌သာမကဘဲ ထိုကြီးမားလှသော မိစ္ဆာနတ်ဘုရား၏အရိပ်ကြီးနှင့် မိစ္ဆာမျက်လုံးများက ကြောက်မက်ဖွယ် ရေဝဲတစ်ခုအဖြစ်ပြောင်းလဲသွားကာ လေဟာနယ်ထဲမှမဟာလမ်းစဥ်စွမ်းအားများကို ဝါးမြိုသွားလေသည်။

လူများက ထိုရန်ဟောင်၏ ပုံရိပ်များက ပျက်စီးသွားကာ မဟာလမ်းစဥ်ကသက်ရောက်ခံလိုက်ရပြီး ယခင် သူလေဟာနယ်ထဲ၌ ပေါင်းစည်းခဲ့စဥ်ကရှိခဲ့သော ချောမွေ့သည့်စီးဆင်းမှုအား ဆုံးရှုံးသွားဟန်တူသည်။

“မဟာလမ်းစဥ် ဖိနှိပ်ခြင်း...”

လူတိုင်း၏နှလုံးများက လျင်မြန်စွာခုန်လာကြသည်။ ထိုအားကောင်းလှသော နတ်ဝင်ရိုးနှင့် အလွန်လွှမ်းမိုးဖိနှိပ်နိုင်သည့် မဟာလမ်းစဥ်အသိက မည်သည့်လှည့်ကွက်မျှပင်မပါဘဲ ပြိုင်ဘက်ထံသို့ တိုက်ရိုက်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

သူ၏လှုပ်ရှားမှုများက မည်မျှမြန်သည်ဖြစ်စေ မဟာလမ်းစဥ်ဖြင့်ဖိနှိပ်ခြင်းခံလိုက်ရသည်နှင့် အမှန်တရားက ထွက်ပေါ်လာသည်။

တူညီသော အက်ကြောင်းမဲ့နတ်ဝင်ရိုးက တူညီစွာပင် ဖိနှိပ်ခံခဲ့ရသည်။

ယူချင်းက သူ၏မဟာလမ်းစဥ်စွမ်းအားဖြင့် နေရာတစ်ခုလုံးအား မိစ္ဆာဟင်းလင်းပြင်အဖြစ်ပြောင်းလဲခဲ့သည်မှာ အလွန်တုန်လှုပ်ဖွယ်ကောင်းလှသည်။ ထိုသည်က သူအုပ်စိုးသောကမ္ဘာဖြစ်ပြီးဤကမ္ဘာအတွင်း၌ သူနှင့်ထိပ်တိုက်ရင်ဆိုင်သူတိုင်းမှာ သူ၏ဖိနှိပ်မှုကိုခံရပေလိမ့်မည်။

ဓားအသိက နေရာအနှံသို့ပြန့်နှံ့သွားပြီး အခြားလူများက သူထပ်တောင့်ခံရန်မတတ်နိုင်တော့ကြောင်း သို့မဟုတ် သူ၏မဟာလမ်းစဥ်က ပို၍ဖိနှိပ်ခံနေရကြောင်းနှင့် သူ့တွင် အခွင့်အရေးမရှိတော့ကြောင်း သိရှိကြပုံပေါ်သည်။

ရုတ်တရက် အဆုံးမဲ့ဓားအလင်းတန်းက ယူချင်း၏ဘေးပတ်လည်တွင်ပေါ်ပေါက်လာပြီး သူရပ်နေသောလေဟာနယ်အား ဆုတ်ဖြဲလိုက်သည်။

ဘန်း...

သူက ဓားအလင်းပေါက်ကွဲသွားချိန်တွင် ရှေ့သို့တက်လိုက်သည်။ သူ၏လက်က ပစ်မှတ်မရှိဘဲ လေဟာနယ်အားရိုက်လိုက်သကဲ့သို့ ရှေ့သို့ရိုက်ချလိုက်သည်။

သူက ရှေ့သို့ရိုက်ချလိုက်ချိန်တွင် သူ၏ရှေ့မှလေဟာနယ်က ချက်ချင်းပင် ခဲသွားလေသည်။ မဟာလမ်းစဥ်က ဖိနှိပ်ခံလိုက်ရပြီး ပုံရိပ်များက လှုပ်ရှားမှုရပ်တန့်သွားကာ ထိုဓားများကဆက်လက်၍ရှေ့သို့တိုးဝင်ရန်မတတ်နိုင်တော့ပေ။

ဘုန်း... လက်သီးချက်က လေဟာနယ်အား ထွင်းဖောက်သွားသည်။ အနက်ရောင်လက်သီးအလင်းတန်းက ပျံ့နှံ့သွားသည်။ ထိုခဏတွင် လူတိုင်းက ပုံရိပ်တစ်ခုအပြင်သို့ လွင့်စင်ကျလာသည်ကိုမြင်လိုက်ကြရသည်။ ထိုခန္ဓာကိုယ်က ဖူးယောင်နေပြီး လွင့်ထွက်လာသည်။ ထိုခန္ဓာကိုယ်တွင်းမှ အက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ သူ၏ကိုယ်တွင်းအင်္ဂါများက ပျက်စီးသွားသကဲ့သို့သူ၏နတ်ဝင်ရိုးတွင်လည်း အက်ကြောင်းများပေါ်လာခဲ့သည်။

ထိုသည်အားမြင်လိုက်ရသောအခါ ထိုက်ချူတော်ဝင်မြေမှကျင့်ကြံသူတစ်​ဦးက သူ့အားပြုတ်ကျရာမှ ဆီးဖမ်းရန် ရှေ့သို့ထွက်လာသည်။ ထိုဓားသမားသည် ပြုတ်ကျရာမှရပ်တန့်သွားသောအခါ သူ၏ခန္ဓာကိုယ်က တုန်ယင်နေပြီး ပါးစပ်မှသွေးအပြည့်အန်ချလိုက်သည်။ သူ၏အဝတ်အစားအားလုံးက နီရဲနေပြီး သူ၏အသက်ရှူသံက အလွန်အမင်းအားနည်းနေလေသည်။ ထိုရန်ဟောင်သည် အလွန်စိတ်ပျက်အားနည်းနေပြီး ယခင်က မထီလေးစားဖြင့်ရဲတင်းသောသူမဟုတ်တော့ပေ။

“မဟာလမ်းစဥ်ကိုဖိနှိပ်နိုင်တဲ့ မဟာလမ်းစဥ်စွမ်းအား...”

ထိုက်ချူတော်ဝင်မြေမှကျင့်ကြံသူများက ယူချင်းရှိရာသို့ကြည့်နေကြသည်။ ထိုနှစ်ခုက သူ၏လက်သီးစွမ်းအားတွင်ရောနှောသွားပြီး ထိုသည်မှာလည်း ရိုးရှင်းသောလက်သီးတစ်ချက်ပင်ဖြစ်သည်။ ပြောစရာနည်းစနစ်ဟူ၍မရှိပေ။ ထိုသည်က စွမ်းအားသက်သက်သာဖြစ်သည်။ ထိုသည်က ယူချင်းအတွက်အရိုးရှင်းဆုံးနှင့် အသန်မာဆုံးနည်းလမ်းပင်ဖြစ်သည်။

သူတို့ကမည်သည့်အရာကိုလုပ်ခဲ့သည်ဖြစ်စေ သူသည်ပြိုင်ဘက်ကင်းဖြစ်နေဆဲဖြစ်သည်။

စစ်မာရှောင်၏ ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအားသည်ပင် ယူချင်း၏ထိုးဖောက်ခြင်းအားခံခဲ့ရပြီး သူကပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့် မဟာလမ်းစဥ်အား အားနည်းအောင်လုပ်နိုင်ခြင်း၊ ကာကွယ်နိုင်ခြင်းမရှိသည့် ထိုဓားသမားသည် ယူချင်းလက်သီးချက်ကြောင့်ထိုသို့ဖြစ်ရသည်မှာ လက်ခံနိုင်ဖွယ်ဖြစ်ပြီး သူသည်ယခုတွင် ရှင်လျက်နှင့်သေလူကဲ့သို့ ဖြစ်နေလေပြီ။

အဝေးမှနေ၍ လူများက ထိုရန်ဟောင်ကြုံတွေ့ခဲ့ရသော ကံဆိုးမှုအား ခံစားမိကြသည်။

ထိုရိုက်ချက်က အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ထိုကဲ့သို့တိုက်ခိုက်မှုမျိုးကိုခံလိုက်ရလျှင် မည်သို့ဖြစ်မည်မှန်း တွေးပင်မတွေးရဲကြပေ။

“နောက်တစ်ယောက်” ယူချင်းက ဆက်ပြောသည်။ သူ၏ထူးမခြားနားအသံက ကြားရသူတိုင်းအား ပြင်းထန်သော ရန်လိုသည့်ခံစားချက်အား ပေးစွမ်းနေသေးသည်။

လူအုပ်ကြီးက အပ်ကျသံပင်မကြားရအောင် ထပ်မံတိတ်ဆိတ်သွားပြန်သည်။

သူက သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ထိုက်ချူတော်ဝင်မြေအား လုံးဝအကြပ်တွေ့စေခဲ့သည်။ ထိုက်ချူတော်ဝင်မြေမှ ထိပ်သီးပါရမီရှင်နှစ်ယောက်က တစ်ချက်ထဲဖြင့် လွင့်စင်သွားခဲ့ရသည်။

ထိုက်ချူတော်ဝင်မြေက ကောင်းကင်အာဏာစက်ကျောင်းတော်အားနင်းခြေ၍ သူတို့၏ကြီးမြတ်မှုကိုပြသရန်ရောက်ရှိလာခဲ့သော်လည်း သူတို့က ယူချင်း၏နင်းခြေခြင်းအား ခံခဲ့ရသည်။

ထိုက်ချူတော်ဝင်မြေမှ တိတ်ဆိတ်နေသည်ကိုမြင်သောအခါ ကောင်းကင်အာဏာစက်ကျောင်းတော်မှ အဘိုးအိုတစ်ယောက်ကပြောလိုက်သည်။ “မင်းတို့က အထက်ဘုံကောင်းကင်ဒေသကလာတဲ့ ကျင့်ကြံရေးတော်ဝင်မြေတစ်ခုမဟုတ်ဘူးလား။ အဲ့လိုဂုဏ်ပုဒ်ကြီးနဲ့ မင်းတို့က ကျောင်းတော်ကို ကျူးကျော်ခဲ့ပြီး ဒီလိုအစားထိုးခံရတာကိုပဲ ကျောင်းတော်က ဂုဏ်ယူရမလို ပြောခဲ့တယ်။အခု မင်းတို့မှာ ရှေ့ထွက်ပြီး ပြိုင်ပွဲဝင်နိုင်တဲ့သူ တစ်ယောက်၊နှစ်ယောက်ပဲရှိတာတော့ မဟုတ်လောက်ပါဘူးနော်...”

“ဆိုတော့ ကြည့်ရတာ ထိုက်ချူတော်ဝင်မြေက ဒီကိုသေချာပြင်ဆင်လာခဲ့ပြီး မင်းတို့ထဲက အားအကောင်းဆုံးလူတွေကိုပဲ ပြိုင်ပွဲကွင်းပြင်ကိုလွှတ်လိုက်တာလား။ တခြားအားကောင်းတဲ့လူရောထပ်မရှိတော့ဘူးလား...” နောက်တစ်ယောက်က ထပ်ပြောလိုက်သည်။ ထိုအသံအားလုံးက ထိုအခိုက်တွင် အလွန်အားရကျေနပ်နေဟန်ရှိသည်။

မတရားသော နှိပ်စက်ညှဉ်းပန်းမှုအားခံစားနေရသည့် ခံစားချက်က လွတ်မြောက်သွားပြီဖြစ်သည်။

အမှန်တရားက ထိုက်ချူတော်ဝင်မြေတွင် မည်သူမျှမရှိတော့၍မဟုတ်ပေ။ သူတို့က ဤတစ်ကြိမ်တွင် အပြည့်အဝပြင်ဆင်လာခဲ့ပြီး ကျင့်ကြံသူများစွာကို သူတို့နှင့်အတူခေါ်လာခဲ့သည်။သို့သော် စစ်မာရှောင်က အမှန်တကယ်ပင် အောက်ဘုံ၌ အနည်းဆုံး ဤအဆင့်၏ထိပ်ဆုံးမှပါရမီရှင်ဖြစ်နေပြီး မည်သူမျှ သူ့အားကျော်လွှားနိုင်ခြင်းမရှိ၍ ဖြစ်သည်။

သို့သော် သူက ယူချင်း၏အနိုင်ယူခြင်းကိုခံခဲ့ရသည်ဖြစ်ရာ ရှေ့သို့ထွက်၍ ယှဥ်ပြိုင်နိုင်မည့် အခြားလူမရှိတော့ခြင်းဖြစ်သည်။

ထိုအချိန်တွင် ဝတ်ရုံဖြူနှင့်လူက ပြောလိုက်သည်။ “ကောင်းကင်အာဏာစက်ကျောင်းတော်က အထင်ကြီးလောက်စရာအရည်အချင်းတွေနဲ့ လေဟာနယ်ဘုံမှာ ဂုဏ်သိက္ခာအကြီးမားဆုံးကျင့်ကြံရေးတော်ဝင်မြေဆိုတဲ့ ဂုဏ်ပုဒ်နဲ့ထိုက်တန်ပါတယ်။ ငါတွေးထားသလိုပဲ ထိုက်ချူတော်ဝင်မြေနဲ့သာ ပေါင်းစည်းလိုက်မယ်ဆိုရင် ပိုပြီးတောက်ပတဲ့ ထိပ်သီးပုဂ္ဂိုလ်တွေထွက်ပေါ်လာလိမ့်မယ်လို့...

“မင်းတို့က တိုက်ခိုက်နေတုန်းပဲလား” ရီဖူရှင်းက ကျယ်လောင်ရှင်းလင်းသောအသံဖြင့် ဖြတ်ပြောလိုက်သောကြောင့် ဝတ်ရုံဖြူနှင့်လူက လန့်သွားပြီး ရီဖူရှင်းရှိရာသို့ကြည့်မိလိုက်သည်။

“မင်းတို့ရောက်လာတဲ့ရည်ရွယ်ချက်ကို လူတိုင်းသိပြီးသားမို့ ကြည့်ကောင်းအောင်ပြောနေစရာမလိုပါဘူး။ ကောင်းကင်ဒေသက ထိုက်ချူတော်ဝင်မြေက အောက်ဘုံက ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့တပည့်တွေကိုတောင် မဖိနှိပ်နိုင်ဘဲနဲ့ မင်းတို့က ဘာတွေကောင်းနေလို့လဲ...”

ရီဖူရှင်းက ဆက်ပြောလိုက်သည်။ “မင်းတို့က ကောင်းကင်ဒေသမှာ ဘယ်လောက်ပဲသန်မာသန်မာ မင်းတို့က ကောင်းကင်ဒေသမှာပဲကိုယ့်ကိစ္စကိုလုပ်နေပြီး ငါတို့ကျောင်းတော်ကို ကောင်းကင်အာဏာစက်ဘုံမှာ အေးအေးဆေးဆေး ပညာဖြန့်ဖြူးခွင့်ပေးမယ်ဆိုရင် ငါတို့က တစ်ယောက်နဲ့တစ်ယောက်ဝင်စွတ်ဖက်စရာ လိုမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့က ကောင်းကင်ဒေသကလာတယ်ဆိုတာနဲ့ ငါတို့ကျောင်းတော်ကိုနင်းချေဖို့ကြိုးစားမယ်ဆိုရင်တော့ မင်းတို့ရဲ့ အခုရလဒ်က တော်တော်စိတ်ပျက်စရာကောင်းတာပဲ...”

“အရင်က မင်းတို့သုံးကြိမ်နိုင်ခဲ့တယ်။ ငါမှန်းတာသာမှန်မယ်ဆိုရင် အဲ့လိုနိုင်ခဲ့တာက မင်းတို့မှာ ပထမတန်းစားနတ်ဝင်ရိုးရှိတဲ့ ကျင့်ကြံသူတစ်ယောက်ရှိနေလို့ပဲ။ ငါက ကျောင်းတော်ကတပည့်တွေကို မင်းတို့ရဲ့အင်အားအကောင်းဆုံးတပည့်ကတောင် အရမ်းကြီးထက်မြက်နေတာမဟုတ်ဘူးဆိုတာ သိစေချင်လို့ပဲ။ ငါ့အထင်တော့ မင်းတို့လည်း ဒီတိုက်ပွဲတွေကနေပြီးတော့ ယူချင်းနဲ့ဆက်တိုက်မယ်ဆိုရင် ဒီအဆင့်အတွင်းက တိုက်ပွဲတိုင်းမှာမင်းတို့ဘက်က ရှုံးနိမ့်လိမ့်မယ်ဆိုတာ သိသင့်ပြီထင်တာပဲ”

“ငါက ထိုက်ချူတော်ဝင်မြေကို အခွင့်အရေးထပ်ပေးမယ်။ ယူချင်းက နောက်တိုက်ပွဲမှာ ဝင်မတိုက်ဘူး...ဒါကြောင့် မင်းတို့က တခြားလူကိုရွေးလို့ရတယ်။ ငါတို့က ယူချင်းမဟုတ်တဲ့ တခြားတစ်ယောက်ကို ယှဥ်ပြိုင်ဖို့စေလွှတ်မယ်” ရီဖူရှင်းက ပြောလိုက်သည်။

ထိုသို့လုပ်ခြင်းဖြင့် ထိုက်ချူတော်ဝင်မြေက သူတို့ကိုသူတို့ အဖက်ဆယ်နိုင်ရန် အခွင့်အရေးရှိပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ယူချင်းသာဆက်ပြိုင်နေလျှင် သူတို့က ဤအဆင့်၌ အခွင့်အရေးပင်မရှိဘဲ လုံးဝဖိနှိပ်ခံရပေလိမ့်မည်။

ထိုက်ချူတော်ဝင်မြေမှ ဝတ်ရုံဖြူနှင့်လူက ရီဖူရှင်းအား စူးစိုက်စွာကြည့်နေသည်။ ယခင်က သူတို့ဘက်မှ အလွန်အားသာနေခဲ့သော်လည်း ယခုတွင်မူ လုံးဝခြားနားသောအခြေအနေသို့ရောက်ရှိနေလေပြီ။

ထို့အပြင် ယခင်ကသူတို့ပြသခဲ့သော မောက်မာရန်လိုသည့်အပြုအမူက ယခုအခြေအနေနှင့် အလွန်ခြားနားနေသည်။

အကြောင်းမှာ သူတို့ရှုံးနိမ့်ခဲ့၍ဖြစ်သည်။

ထို့ကြောင့် သူတို့ထပ်မံရှုံးနိမ့်၍မဖြစ်ပေ။

သူကခေါင်းကိုလှည့်၍ သူ၏အကြည့်က အလွန်အားကောင်းသောအခြားကျင့်ကြံသူတစ်ယောက်ထံသို့ ရောက်ရှိသွားသည်။ ထိုသူက စစ်မာရှောင်လောက်အားမကောင်းသော်လည်း သူသည်လည်းထိပ်သီးပါရမီရှင်တစ်ယောက်ပင်ဖြစ်သည်။

ထိုရန်ဟောင်က သူဆိုလိုသောအဓိပ္ပါယ်အားနားလည်ကာ ရှေ့သို့ထွက်လာသည်။ ဤတိုက်ပွဲတွင် သူအနိုင်ရမှဖြစ်ပေမည်။

ထိုလူက ရှေ့ထွက်လိုက်ချိန်တွင် သူက ထိတ်လန့်ဖွယ်အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ ယူချင်းက သူ့အားတစ်ချက်ကြည့်ကာ ကောင်းကင်အာဏာစက်ကျောင်းတော်ရှိရာနေရာသို့ပြန်သွားလိုက်ပြီး ရီဖူရှင်း၏နောက်၌ နေရာပြန်ယူလိုက်သည်။

ရီဖူရှင်း၏အာရုံက ချောမောခန့်ညား၍ ထူးကဲသောအမူအရာရှိသည့် ဝတ်ရုံဖြူနှင့်လူထံသို့ရောက်ရှိသွားသည်။

“တတိယအကို... ဒီတိုက်ပွဲမှာတိုက်ပေးဖို့ အကို့ကိုဒုက္ခပေးလို့ရမလား” ရီဖူရှင်းက မေးလိုက်သည်။ ယခု ဂူတုံးလျှိုက ရန်ဟောင်အဆင့်တွင်သေချာအခြေကျနေပြီဖြစ်ပြီး ဒုတိယတန်းစားရန်ဟောင်အဆင့်ကိုပင် ရောက်ရှိလုနီးပါးဖြစ်နေပြီဖြစ်သည်။ သူ၏တိုက်ခိုက်စွမ်းရည်မှာ သံသယဝင်စရာမရှိပေ။

မိစ္ဆာအင်ပါယာထံမှအမွေအနှစ်များနှင့် ဂူထျန်းရှင်း၏အမွေအနှစ်များအားလုံး၏ မူလအရင်းအမြစ်များကို မိစ္ဆာဘုံ၌ သူလက်ခံရရှိခဲ့သည်။

“ကိစ္စမရှိပါဘူး...”

သိသာစွာပင် ဂူတုံးလျှိုက ငြင်းဆန်လိမ့်မည်မဟုတ်ပေ။ သူသည်လည်း တိုက်ပွဲတွင်ဝင်ပါလိုသော်လည်း ရီဖူရှင်းက အခြားသူများအား အရင်စမ်းသပ်လိုဟန်ရှိသည်။ တနည်းအားဖြင့်ဆိုရလျှင် သူက ဤအခိုက်အတန့်အတွက် ထိုက်ချူတော်ဝင်မြေအား သူတို့၏အင်အားကို အရင်ပြသစေခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ ကောင်းကင်ဒေသမှ ကျင့်ကြံရေးတော်ဝင်မြေမှာ အမှန်တကယ်ပင် အားကောင်းလှပေသည်။

သို့သော် ဤတိုက်ပွဲပြီးနောက်တွင် သူက ဘုံကိုးခုမှလူတိုင်းအား ကောင်းကင်ဒေသ၏ထိပ်သီးအင်အားစုများမှာ ပြိုင်ဘက်ကင်းမဟုတ်ကြောင်း သိစေလိုခဲ့သည်။

***

All Chapters