← Chapters

သိုးဝကြီး

Vol. 23 Ch. 285

သိုးဝကြီး

Vol. 23 Ch. 285

နတ်ဆိုးတစ်ကောင် ရက်စက်နေသော မြင်ကွင်းသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်ကာ အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက် ပြိုင်ပွဲ၏ အောင်နိုင်သူ ရီချင်းဖန်မှာ ယွမ်ရှောင်ရှေ့မှောက်၌ အသက်ပျောက်သွားသောအခါ အားလုံး တိတ်ဆိတ်သွားခဲ့သည်။ ဓားကျင့်ကြံသူ နှစ်သန်းကျော်မှာ တုန်ခါနေပြီး အေးစက်ချောမောသော အဖြူရောင်သေမင်းကို ခံစားချက်ရော​ပြွန်းဟန်ဖြင့် ငေးကြည့်နေမိကြသည်။

"အစစ်အမှန် အင်မော်တယ်"

တီးတိုးရေရွတ်သံများက ရေကာတာကျိုးပျက်သွားသကဲ့သို့ ဒလဟော ထွက်ပေါ်လာကာ မျက်လုံးတိုင်း အာရုံစိုက်နေခဲ့ကြ၏။ တရားမျှတမှု လိုချင်သော ငတုံးများပင် အသံမထွက်ဝံ့တော့ဘဲ ခေါင်းငုံ့၍ သည်းခံနေကြရသည်။

"ငရဲကိုးထပ်တိုက်ပွဲတိုင်းမှာ ငါတို့ရဲ့ ပါရမီရှင်တွေက ကပ်ဘေးတံဆိပ်ငရဲကို မယှဥ်နိုင်ခဲ့ဘူး။ ဒါပေမယ့် တိုက်ပွဲမစခင်မှာတောင် သခင်လေးယွမ်တစ်ယောက်တည်းက ထိပ်တန်းလေးယောက်ကို ငါးယောက်တစ်ယောက် တိုက်ပွဲမှာ အနိုင်ယူပြလိုက်တယ်"

ဤအချိန်အခါသည် မျိုးရိုးစဉ်ဆက် အရှက်ကွဲခဲ့ရသော ဓားအပျက်အစီးနယ်မြေအတွက် ချိုမြိန်သော လက်စားချေမှုဖြစ်ကာ မောက်မာသော ကပ်ဘေးတံဆိပ်ငရဲ အကြီးအကဲများမှာ ဒေါသထွက်နေပြီး သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသည်။ လူငယ်ပါရမီရှင်လေးယောက် တစ်ချိန်တည်း ဆုံးရှုံးလိုက်ရခြင်းမှာ သက်ရောက်မှုကြီးမားသဖြင့် အတွင်းအင်္ဂါများ သွေးယိုထွက်လောက်အောင် နာကျင်ကုန်သည်။ သူတို့က ဒေါသူပုန်ထနေပြီး အနားတွင် ကြီးကြပ်သူများသာ စောင့်ကြည့်မနေလျှင် ထိန်းချုပ်ထားမည် မဟုတ်ချေ။

"ငါ့ကို သတ်ချင်ရင် ကိုယ့်လည်ပင်းကို ဆေးထားဖို့ လိုမယ်။.တိုက်ပွဲမှာ ဓားတွေက မျက်စိမပါဘူး။ မင်းတို့ရဲ့ အရှုံးကို လက်ခံပြီး ငရဲနှစ်ခုအကြား ဆက်ဆံရေးကို မထိခိုက်စေနဲ့"

ယွမ်ရှောင်က လှောင်ပြုံးတစ်ချက်ဖြင့် သတိပေးလိုက်ပြီး ထိုအကြီးအကဲများ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။

"သခင်လေးယွမ် ပြောတာ မှန်တယ်။ ဒီကိစ္စတစ်ခုလုံးက ကပ်ဘေးတံဆိပ် ငရဲတစ်ခုလုံးနဲ့ မသက်ဆိုင်ဘူး။ တိုက်ခိုက်ဖို့ သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ"

"သူတို့သာ သခင်လေးယွမ်ကို မစော်ကားချင်ရင် ဘာကြောင့် အုပ်စုဖွဲ့ တိုက်ခိုက်ရတာလဲ"

"ရုန်းကျင့်ကြံသူတွေ ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်စားရတာပဲ"

သူ၏စကားအဆုံးတွင် ​အားပေးထောက်ခံသူများ ဆက်တိုက်ထွက်ပေါ်လာကာ အနည်းဆုံး ကပ်ဘေးတံဆိပ်ငရဲ၏ ဖိအားကို လျှော့ချပစ်လိုက်နိုင်သည်။ ဆိုးရွားသော ကောလဟာလများအကြားမှာပင် သူ၏ ဂုဏ်သတင်းက ပြန်လည်မြင့်တက်လာကာ အေးစက်စက် အဖြူရောင်ပုံရိပ်သည် ဓားကျင့်ကြံသူများ၏ စိတ်အတွင်း စွဲထင်သွားခဲ့၏။ လင်းချန်မှာ ဘေးထွက်ပေးလိုက်ရပြီး မကျေနပ်မှုကို တည်ငြိမ်ဟန်ဆောင်ရင်း ထိန်းချုပ်ထားခဲ့သည်။ ပါရမီရှင် ငါးယောက်လုံးကို တပြိုင်နက် အနိုင်ယူပြလိုက်ခြင်းသည် ယွမ်ရှောင်ကို ငရဲကိုးထပ်၌ အာရုံစိုက်စရာ ဖြစ်လာစေ၏။

"ဒီကောင်က အစွမ်းထက်လွန်းတယ်"

ကျန်းမုမှာ မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေရင်း လည်ပင်းယားချင်ချင် ဖြစ်လာသည်။ သူက ကြောက်စိတ်တစ်ခု ခံစားနေရပြီး ကံဆိုးသည်မှာ ဘက်ရွေးပြီးဖြစ်သောကြောင့် နောက်ပြန်ဆုတ်ရန် လမ်းမရှိတော့ပေ။ သူ၏ စိတ်ထဲတွင် နှစ်ယောက်လုံးကို အစစ်အမှန် အင်မော်တယ် လူဝင်စားများအဖြစ် လက်ခံလိုက်သော်လည်း လင်းချန်မှာ နှိမ့်နှိမ့်ချချ နေထိုင်တတ်သဖြင့် ငရဲကိုးထပ်၌ အထက်သို့ တက်လှမ်းနိုင်မည်ဟု ကိုယ့်ကိုကိုယ် အားပေးနေရသည်။

"ကျားနှစ်ကောင်ကိုက်ရင် တစ်ကောင်ကတော့ အထိနာမှာပဲ။ ထာဝရဓားအကျဥ်းထောင်က အန္တရာယ်တွေ ပတ်လည်ဝိုင်းနေတယ်။ အတွင်းပိုင်းပြဿနာကို အမြန်ဆုံး ရှင်းပစ်ရမယ်"

ကုရွှမ်သည် အနားရှိ ကြီးကြပ်သူ စစ်ခုံနှင့် ဆွေးနွေးနေခြင်းဖြစ်သည်။

"တကယ်လို့ အမည်ခံ ဓားအင်မော်တယ် တစ်ယောက် မသေရင် ငါတို့ စွန့်စားရလိမ့်မယ်"

ယွမ်ရှောင်က သူ၏ မျိုးဆက်ကို သတ်ပစ်ခဲ့သောကြောင့် စစ်ခုံသည်လည်း သေစေလိုနေခဲ့သည်။ သူတို့က အဆီအနှစ်ဆေးလုံးအတွက် အရင်းအမြစ်များနှင့် တုကုန်းယွမ်ထံ လဲလှယ်ခဲ့ရသဖြင့် လင့းချန်အပေါ် မျှော်လင့်ချက် ပုံအပ်ထားရသည်။ ထိုအချိန်တွင် လင်းချန် ကျင့်ကြံနေသည့် အခန်းအတွင်းမှ ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာကာ လူတိုင်း မော့ကြည့်လိုက်သောအခါ ကောင်းကင်၌ ကိုးရောင်ခြယ်တိမ်များ ဝဲတစ်ခုသဖွယ် စုဝေးနေခဲ့၏။ ၎င်းမှာ လေဟာနယ်ကိုပင် ဝါးမျိုနေပြီး လောကကြီးကို အမိန့်ပေးနိုင်သော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။

"တာအိုနှလုံးသားဖြစ်ရပ်"

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကာ တအံ့တသြ ဖြစ်နေကြပြီး မနာလိုအားကျမှုဖြင့် ကောင်းကင်သို့ ငေးကြည့်နေမိသည်။ ၎င်းဖြစ်ရပ်သည် ငရဲကိုးထပ်၏ ဒဏ္ဍာရီတစ်ခုဖြစ်ကာ အံ့ဖွယ်တစ်ခု ဖြစ်သောကြောင့် အောင်မြင်သွားလျှင် ကောင်းကင်အထိ တက်လှမ်းနိုင်ပေလိမ့်မည်။

"သခင်လေးလင်းက တကယ့်ကို ဆန်းကျယ်လွန်းတယ်"

ဤဖြစ်ရပ်သည် အာရုံစိုက်မှုအားလုံးကို သိမ်းယူသွားကာ လင်းချန်ကို ကျော်ကြားစေခဲ့သည်။ လေးစားအားကျသည့် ရေရွတ်သံများအောက်တွင် သူက တစ်ချက်ပြုံးကာ လက်ဝါးဖြန့်လိုက်သောအခါ ကိုးရောင်ခြယ်တိမ်များသည် အလင်းတန်းတစ်ခုအဖြစ် အာကာသ နတ်ဓားဝိညာဥ်ထံ ဆင်းသက်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်က လေထဲသို့ မြောက်တက်လာကာ လွှမ်းမိုးနိုင်သော အရှိန်အဝါသည် လူအုပ်ကို တုန်လှုပ်သွားစေကာ တာအိုနှလုံးသားဖြစ်ရပ်ကြောင့် ယွမ်ရှောင်၏ ကျော်ကြားမှုကို အစားထိုးပစ်လိုက်သည်။

"ဘုန်း"

ဓားဝိညာဥ်၏ အလယ်ဗဟိုတွင် စစ်တုရင်ခုံတစ်ခု ဖြစ်တည်လာကာ လေးထောင့်ကွက် ကိုးခု၌ တစ်ခုချင်းစီသည် သီးခြားလောကပမာ ဓားရည်ရွယ်ချက်အဖြစ် မွေးဖွားလာသည်။ ဓားတစ်ချက်အယမ်းတွင် လေးထောင့်ကွက်များသည် သူ့ကို ဝန်းရံ၍ လင်းချန်၏ မျက်နှာအထက်တွင် အပြုံးတစ်ခု ရှိနေခဲ့၏။

"ငါ့အတိတ်ဘဝမှာ နတ်ကောင်းကင်တာအိုရဲ့ ထိပ်ဆုံးကို ရောက်ခဲ့တယ်။ ဒီဘသမှာ အာကာသနတ်ဓားက ငါ့အတွက် အကန့်အသတ်မရှိအောင် တွန်းပို့ပေးပြီး ကိုးလောက ဓားရည်ရွယ်ချက်ကို ဖန်တီးစေခဲ့တယ်။ အတိတ်ဘဝကို ကျော်လွန်နိုင်ဖို့ အချိန်တစ်ခုပဲ လိုအပ်တော့မယ်"

လင်းချန်၏ မျက်လုံးများက ပျော်ရွှင်ကျေနပ်မှုကြောင့် တောက်ပနေသည်။ လေဟာနယ်တာအိုသည် သက်ရှိအားလုံး၏ အခြေခံဟု သူက ယူဆသောကြောင့် ပြိုင်ဘက်ကင်းဟု ကိုယ့်ကိုကိုယ်သတ်မှတ်လိုက်၏။ လေဟာနယ်ကို အုပ်စိုးနိုင်တဲ့ ဓားက လောကကြီးမှာ ပြိုင်ဘက်ကင်း ဟူသော ဆိုရိုးတစ်ခုကြောင့် ပို၍ သွေးနားထင်ရောက်ကာ ပြိုင်ဘက်ကင်း ဓားရည်ရွယ်ချက်ဟု သူ့ဘာသာ တွေးနေခဲ့၏။

"ငါက ဓားတစ်ချက်တည်းနဲ့ အသက်ပေါင်းများစွာကို ချုပ်ငြိမ်းစေနိုင်တယ်။ ခေတ်တိုင်းမှာ ငါက ပြိုင်ဘက်ကင်းပဲ"

လင်းချန်မှာ ကိုးလောကဓားရည်ရွယ်ချက်ဖြင့် တစ်သားတည်းဖြစ်သွားစဥ် ဓားကျင့်ကြံသူနှစ်သန်းကျော်မှာလည်း တုန်လှုပ်နေကြသည်။

"သခင်လေးလင်းရဲ့ ထိပ်တန်းပါရမီက ယွမ်ရှောင်ရဲ့ အောင်ပွဲကို ကျော်လွန်သွားပြီ"

ကုရွှမ်က ကျေနပ်အားရစွာ မှတ်ချက်ပေးလိုက်သည်။

"ဒီလိုရဲရဲရင့်ရင့် ကြွေးကြော်နိုင်တာက အစစ်အမှန် အင်မော်တယ်ပဲ"

စစ်ခုံသည်လည်း ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ကာ ကိုးရောင်ခြယ်အလင်းများက ဓားအပျက်အစီးနယ်မြေတစ်ခုလုံး လွှမ်းခြုံ၍ ဓားကျင့်ကြံသူအားလုံးကို အိပ်မက်ဆန်ဆန် အခြေအနေတစ်ခုအတွင်း ဆွဲသွင်းသွားခဲ့သည်။

"သခင်လေးလင်းရဲ့ အစွမ်းက မင်းရဲ့ သဘောထားကို ပြောင်းလဲနိုင်ရဲ့လား"

အဘိုးကြီးကုက ကုချင်ကန်ကို အောင်နိုင်သူအပြုံးမျိုးဖြင့် မေးခွန်းထုတ်နေသည်။

"အရင်ဆုံး ယွမ်ရှောင်ကို ဘယ်လိုတိုက်ခိုက်မလဲ စောင့်ကြည့်တာပေါ့။ နှစ်ယောက်လုံး သေသွားရင် ဘယ်လိုလုပ်မလဲ"

ကုချင်ကန်က စိတ်ပျက်လက်ပျက် အမူအရာမျိုးဖြင့် ဖြေသည်။

"သခင်လေးလင်းကို ရင်ဆိုင်ဖို့ မွေးဖွားလာတဲ့ ပါရမီရှင်တိုင်းက အချိန်မှားပြီး မွေးဖွားလာတာပဲ"

အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက် ပြိုင်ပွဲကို လင်းချန် အနိုင်ရပြီဟု အရိုးခြောက်စောင့်ရှောက်သူ အဘိုးကြီးကုက တထစ်ချ ယုံကြည်နေသည်။

"အဘိုးက လင်းချန်ဘက်ကို ရွေးချယ်ထားလိူ့ ဒီလိုမြှောက်ပင့်နေတာပါ။ တကယ်လို့ ဘက်မလိုက်ဘဲ ဆုံးဖြတ်ရင် ဘယ်သူ အနိုင်ရမယ်ဆိုတာ ပြောဖို့ခက်တယ်"

ကုချင်ကန်က အေးစက်စက် တုံ့ပြန်သည်။

"ငါ အသက်ရှင်ရမယ်။ ငါ့လမ်းကြောင်းကို လာပိတ်ရင် ဘယ်သူဖြစ်ဖြစ် သေရမယ်"

အဘိုးကြီးကုက ယွမ်ရှောင်ကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေရင်း မျက်နှာတစ်ခုလုံး မည်းမှောင်နေသည်။

"အစ်ကိုကြီး ဒါက ဘာကြီးလဲ"

မုရှောင်လုံသည် ယွမ်ရှောင်ကို ကောင်းကင်ရှိ ကိုးရောင်ခြယ်တိမ်များအား လက်ညှိုးထိုး၍ စပ်စုနေသည်။

"သိုးဝကြီး"

ယွမ်ရှောင်၏ မျက်လုံးများက ဖော်ပြမရနိုင်သော ကျေနပ်မှုမျိုးဖြင့် တောက်ပနေသည်။

"ဟင် သူက အစ်ကိုကြီးရဲ့ ကျော်ကြားမှုကို လုယူသွားတာလေ။.ဘယ်လိုလုပ် သိုးဝကြီး ဖြစ်နေရတာလဲ"

မုရှောင်လုံက နားမလည်ဟန်ဖြင့် ရေရွတ်လိုက်သော်လည်း ယွမ်ရှောင်မှာ အဖြေမပေးဘဲ ကျင့်ကြံရန် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ လင်းချန်က အဆင့်တက်မြန်နေရခြင်းမှာ အတိတ်ဘဝ၏ အတွေ့အကြုံများနှင့် အရင်းအမြစ်များကြောင့် ဖြစ်သည်။ ဖိအားတစ်ခု ပေးစွမ်းနိုင်သော်လည်း သူ့အတွက် ဖြုံလောက်စရာ မဟုတ်ဘဲ အမီလိုက်ရန် တာအိုနှလုံးသား ဖွဲ့စည်းခြင်းသာ လိုအပ်နေ၏။

"ငါ့ရဲ့ တာအိုနှလုံးသားက ဘာလဲ"

ယွမ်ရှောင်သည် ပွက်လောရိုက်နေသော အပြင်လောကကြီးကို မေ့ထားကာ ကျင့်ကြံရေးလမ်းကြောင်းကို အတွေးနက်နေစဥ် သေရည်နာမည်များသာ ထွက်ပေါ်လာခဲ့သည်။

"လခွမ်းထဲမှ မင်းက တာအိုနှလုံးသား ဖွဲ့စည်းဖို့ တွေးနေတာလား။ သေရည်အကြောင်းတွေးနေတာလား"

ကြယ်ပြာက ပခုံးတွန့်၍ ထောက်ပြလိုက်သည်။

"ငါ အတွေးများသွားတာ။ ပြန်စမ်းကြည့်မယ်"

"သေမျိုးတွေက ဒီအတိုင်းပဲ။ စွဲလန်းမှုတွေကို မကျော်ဖြတ်နိုင်ဘူး"

ကြယ်ပြာက မယုံကြည်ဟန်ဖြင့် သက်ပြင်းချနေသည်။

"ခံစားချက်မဲ့ သတ္တဝါတစ်ကောင်ဖြစ်လာဖို့ ကျင့်ကြံရတာလား။ လောကကြီးရဲ့ နိယာမတစ်ခု ဖြစ်လာဖို့လား။ ရှေးဟောင်း မူလ သက်ရှိတစ်ယောက် ဖြစ်လာဖို့လား။ မင်းက စွမ်းအားကို ထိန်းသိမ်းထားဖို့ အခေါင်းတစ်ခုအဖြစ် နေထိုင်ခဲ့ရတာပဲ။ တာအိုနှလုံးသားရဲ့ သော့ချက်က ဘာများလဲ။ အလှတရားတွေ မရှိရင် အင်မော်တယ်ဆိုတာလည်း မရှိဘူး။ ခံစားချက် မရှိဘဲ အသက်ရှင်နေရမှာထက်စာရင် ငါက သေပစ်လိုက်မယ်"

ယွမ်ရှောင်က လေးနက်စွာ ရေရွတ်လိုက်သည်။

All Chapters