← Chapters

ဓားကျွန်အဖြစ် တစ်ဖန်

Vol. 23 Ch. 289

ဓားကျွန်အဖြစ် တစ်ဖန်

Vol. 23 Ch. 289

ယွမ်ရှောင်၏ စကားလုံးများသည် လူအုပ်၏ နှလုံးသားကို လက်ကြီးတစ်ဖက် လာရောက်ဖျစ်ညှစ်လိုက်သည့်အလား မွန်းကြပ်သွားစေသည်။ လင်းချန်က ပိုင်ဝူချွဲ၏ ဓားကျွန်ဘဝမှ လွတ်မြောက်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေးပြီး အလှည့်အ​ပြောင်းကြီးတစ်ခု စွမ်းဆောင်နိုင်ခဲ့သော်လည်း ကံတရားမှ အလွတ်မပေးခဲ့ပေ။ သူ့အတွက် ဓားကျွန်ဘဝထက် ပို၍ အရှက်ကွဲစေသော အရာမျိုးမရှိတော့ပေ။ အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်အနက် တစ်ယောက်က အခြားတစ်ယောက်၏ ဓားကျွန်ဖြစ်လာလျှင် ဆိုသော အတွေးမှာ လူတိုင်းကို တုန်ရီစေ၏။ တာအိုနှလုံးသားနယ်ပယ်ချင်း အဆင့်အတူတူဖြစ်သော်လည်း ယွမ်ရှောင်က လင်းချန်ထက် အဆမတန် ပို၍သန်မာနေသည့် အကြောင်းအရင်းကို မည်သူမှ နားမလည်ကြပေ။ ဆင်ပိန်ကျွဲလောက် ဟူသော စကားအတိုင်း အဆင့်တူချင်း၌ ဖန်ဆင်းရှင် အင်မော်တယ်မှာ မည်မျှ အားနည်းနေပါစေ၊ အာကာသ အင်မော်တယ် တစ်ယောက်ထက် ပို၍ သာလွန်ပေသည်။

"သခင်လေးလင်းက အားနည်းတယ်"

"သူက ပိုင်ချင်းရွှယ်ကို ရက်ရက်စက်စက် အနိုင်ကျင့်ခဲ့တာတောင် မင်းတို့က ချီးကျူးနေတာလား"

"နတ်ဆိုးဓားဝိညာဥ်ဆိုတာက သေချာပေါက် သခင်လေးလင်း လီဆယ်ဖန်တီးထားတဲ့ လိမ်ဆင်ပဲ"

"သူက သခင်လေးယွမ်ကို အနိုင်မယူနိုင်တော့ အောက်တန်းကျကျ တိုက်ခိုက်တာဖြစ်ရမယ်"

လေယူရာ ယိမ်းတတ်သော သဘောအရ ယွမ်ရှောင်ကို ဖားယားမြှောက်ပင့်သူများ အလျှိုလျှို ထွက်ပေါ်လာကြသော်လည်း မည်သူမှ မဆန့်ကျင်ရဲပေ။ တရားမျှတမှု လိုချင်သည်ဟု ကြွေးကြော်နေခဲ့သော လူငယ်တစ်သောင်းကျော်သည် အခွံထဲ ခေါင်းဝင်နေသော လိပ်များပမာ ခပ်ကုပ်ကုပ် နောက်ဆုတ်နေကြ၏။ ကုမျိုးနွယ်ဝင်များနှင့် ဘက်တော်သားများမှာ နေရာတွင် အေးခဲနေကြပြီး အဖြစ်အပျက်ကို မယုံနိုင်ဖြစ်နေကြ၏။ ဤတိုက်ပွဲတွင် ယွမ်ရှောင်သည် ဓားနှစ်ကွက်တည်းဖြင့် လင်းချန်ကို ဒူးထောက်စေခဲ့သဖြင့် အပေါင်းအပါများကို ကြက်သေသေသွားစေသည်။

"အဖေ သခင်လေးလင်းက ဒီအရှက်ကွဲတာကို လက်ခံနိုင်မှာ မဟုတ်ဘူး။ သေချာပေါက် လူသတ်လိမ့်မယ်"

ဓားအပျက်အစီးနယ်မြေ၏ အမြင့်ဆုံး အဆင့်အတန်းသို့ ရောက်ရှိလာသော လင်းချန်အနေဖြင့် ဓားကျွန်ဟူသော အရှက်ခွဲမှုကို သည်းခံနိုင်မဟုတ်ဟု ကုရွှမ်က ယုံကြည်ထားသည်။

"သခင်လေးလင်းက မရှုံးသေးဘူး။ နားရွက် ပြတ်သွားတာ၊ လက်တွေ ခြေတွေ ပြတ်သွားတာ မဟုတ်ဘူး။ တိုက်ခိုက်နိုင်သေးတယ်"

စစ်ခုံသည် လင်းချန် ပြန်လည် အောင်ပွဲဆင်ရန် မျှော်လင့်နေခဲ့သည်။

"တိုက်ခိုက်စမ်းပါ"

ကုမျိုးနွယ်ဝင်များက အရှုံးကို လက်မခံလိုသောကြောင့် ကြောက်စိတ်ကို မျိုသိပ်ကာ လင်းချန်ကို တွန်းအားပေးနေကြ၏။ အစစ်အမှန် အင်မော်တယ်ဟု သူတို့ ယုံကြည်ထားသော လူတစ်ယောက်က အရှက်ကို အသက်ထက် ဦးစားပေးလိမ့်မည်ဟု ထင်မှတ်ထားကြသည်။ သို့ရာတွင် လင်းချန်က ကြမ်းပြင်နှင့် နဖူးကို ထိကပ်၍ လေးလေးနက်နက် အရိုအသေပေးလိုက်သောအခါ တိတ်ဆိတ်ကုန်သည်။

"ဓားကျွန်က သခင့်ကို ဂါရဝပြုပါတယ်။ အခုကစပြီး သခင်အတွက် အသက်နဲ့ရင်းလို့ ခစားပါမယ်"

ဤစကားလုံးများက ကျယ်လောင်ခြင်းမရှိသော်လည်း ဆူညံသံများကို တိတ်ဆိတ်သွားစေကာ ကုမျိုးနွယ်ဝင်များနှင့် တရားမျှတမှု လိုချင်သော ငတုံးများ တောင့်တင်းသွားကြ၏။

"ခစ်"

မုရှောင်လုံမှာ စိတ်ထိန်းမထားနိုင်တော့သဖြင့် ရယ်သံ လွင်လွင် ထွက်ပေါ်လာခဲ့သည်။

"မရယ်နဲ့"

မုတလုံက သတိပေးလိုက်သော်လည်း အောင်ပွဲခံလိုစိတ်ကို မနည်း ထိန်းချုပ်ထားရ၏။

"ဟား ဟား ဟား"

ထိုအချိန်တွင် ယွမ်ရှောင်ကို ထောက်ခံအားပေးသူများထံမှ ရယ်သံများ လှိုင်းလုံးပမာ ထွက်ပေါ်လာကာ တိုက်ပွဲစင်မြင့်အထက်ရှိ လင်းချန်ကို အရှက်ရစေခဲ့သည်။ ကျန်းမုမှာ ဆိုးဆိုးဝါးဝါး မျက်နှာပျက်နေပြီး လူအုပ်အတွင်း ဆုတ်ခွာရန် လမ်းကြောင်း ရှာဖွေနေသည်။

"ကျားနှစ်ကောင်က တစ်ဂူတည်း မအောင်းပေမယ့် တစ်ကောင်က အစေခံဖြစ်နေရင် အဆင်ပြေပါတယ်"

ကြီးကြပ်သူသုံးယောက်နှင့် ကျန်းမုကလွဲလျှင် ကျန်ကြီးကြပ်သူများ၏ မျက်နှာအထက်တွင် အပြုံးကိုယ်စီ ရှိနေကြ၏။

"ဂုဏ်ပြုပါတယ် သခင်လေးယွမ်။ ဘာဖြစ်ဖြစ် ထာဝရဓားအကျဥ်းထောင်က အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်လုံးအတွက် တိုက်ခိုက်သွားမှာပါ"

ဓားအစောင့်အရှောက်က အခြေအနေကို ဝင်ရောက်ထိန်းချုပ်၍ လင်းချန်၏ အဆင့်အတန်းကို ဖယ်ရှားမည် မဟုတ်ကြောင်း အတည်ပြုကာ အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက် ပြိုင်ပွဲကို အဆုံးသတ်လိုက်၏။ ဤလှုပ်ရှားမှုသည် လင်းချန်၏ သိက္ခာကို အနည်းငယ် အဖတ်ဆယ်ပေးနိုင်ခဲ့သော်လည်း ငရဲကိုးထပ်သို့ သတင်းပြန့်သွားလျှင်မူ လူရယ်စရာ ဖြစ်ပေလိမ့်မည်။ အပြင်လူများသာမက ဓားကျင့်ကြံသူများပင် လက်ရှိ ဖြစ်ရပ်ကြောင့် ပြုံးစိစိ ဖြစ်ကုန်သည်။ လင်းချန်၏ ဖန်ဆင်းရှင်မျိုးစေ့က အစစ်အမှန် မကြီးထွားလာသေးသဖြင့် ယခု စုပ်ယူလိုက်လျှင် ဖြုန်းတီးရာရောက်သောကြောင့် ယွမ်ရှောင်သည် ဓားကျွန်အဖြစ် သိမ်းသွင်းခဲ့သည်။

"ဒီလိုကောင်မျိုးကို အနားမှာထားတာ ခြိမ်းခြောက်မှု မဟုတ်ဘူးလား"

ကြယ်ပြာက မေးခွန်းထုတ်သည်။

"ငါ့ကို အညံ့ခံလိုက်ကတည်းက ဒီကောင်ဟာ ယုန်တစ်ကောင်ထက် မပိုတော့ပါဘူး"

ယွမ်ရှောင်က ခေါင်းတစ်ချက်ယမ်းပြီး ကျားတစ်ကောင်ကို အနားထားခြင်းက အန္တရာယ်များသော်လည်း ယုန်တစ်ကောင်မှာ အရေးမပါလှပေ။

"ရပ်စမ်း"

"ဟုတ်ကဲ့ သခင်။ သခင်က ကောင်းကင်ကို မြင့်တက်နိုင်လောက်အောင် အစွမ်းထက်လွန်းပါတယ်။ အသက်ချမ်းသာပေးပြီး ခွင့်လွှတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်"

သူ၏ အမိန့်အောက်တွင် လင်းချန်က ထရပ်လာပြီး လှောင်ပြောင်သံများကို လျစ်လျူရှုကာ လေးလေးစားစား ခေါင်းညွှတ်လိုက်၏။

"မြှောက်ပင့်မနေနဲ့။ ငါ့ကို ဓားစက်ကွင်းတွေပေး"

လင်းချန်သည် ကိုးရောင်ခြယ် ဓားဝိညာဥ်မှ ငရဲနတ်ဆိုး ဓားစက်ကွင်းခုနစ်ခုကို ထုတ်ပေးလာ၍ လူတိုင်းရှေ့တွင် ယွမ်ရှောင်ထံ ပေးအပ်လိုက်သည်။ အာကာသနတ်ဓား ကြောက်ဒူးတုန်နေသော အဖြစ်က သူ့ကို အညံ့ခံစေခဲ့သော အဓိကအချက်ပင်။ ယွမ်ရှောင်သည် ဓားစက်ကွင်းများကို ကောင်းကင်သင်္ချိုင်းဓားပေါ်တွင် အသာအယာ တပ်ဆင်လိုက်သောအခါ အားပေးသံများ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်၏။

"သခင်လေးယွမ်ရဲ့ ဓားဝိညာဥ်က အနည်းဆုံး ယန်အဆင့် ဖြစ်ရမယ်"

"အခုက ဓားစက်ကွင်းခုနစ်ခုပဲ ရှိတာလေ။ သူ့အကန့်အသတ်ကို ဘယ်သူ သိနိုင်မှာလဲ"

ဓားကျင့်ကြံသူအများစုက ဓားအပျက်အစီးနယ်မြေအတွက် အစွမ်းထက်လွန်းသော ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာသည့်အတွက် ဝမ်းမြောက်နေကြသည်။

"ဒီဓားစက်ကွင်းတွေကို ဘယ်အချိန်မှာ ရခဲ့တာလဲ"

"မနေ့ကပါ"

ယွမ်ရှောင်သည် ဓားဝိညာဥ်ကို သိမ်းဆည်းပြီး စုံစမ်းလာသောအခါ လင်းချန်က အမှန်အတိုင်း ပြောလိုက်သဖြင့် ကျန်းမုမှာ ဒူးများပျော့ခွေသွားကာ အနားရှိ ကြီးကြပ်သူများလည်း ဖမ်းဆီးရန် အသင့်ပြင်လိုက်ကြ၏။

"ဓားအစောင့်အရှောက် သခင်လေးယွမ်"

ကျန်းမုက အလန့်တကြားဖြင့် ဒူးထောက်ကာ အကြိမ်ကြိမ် ဦးချတောင်းပန်နေသည်။

"ကျန်းချန်ကိုလည်း သူ သတ်ခဲ့တာလို့ ကျုပ် သိခဲ့ရပါတယ်"

လင်းချန်က နောက်ထပ် သတင်းတစ်ခု ပေးလိုက်သောအခါ ယွမ်ရှောင်၏ အောင်ပွဲကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေသည့် မုတလုံ၏ မျက်လုံးများ သွေးရောင်တောက်လာသည်။ ၎င်းမှာ တုန်လှုပ်ခြောက်ခြားစရာ ကောင်းလွန်းပြီး အစ်ကိုအရင်းကို လုပ်ကြံမှုသည် မည်သည့်နေရာတွင်မဆို လူသားမျိုးနွယ်၏ အပြစ်ကြီးတစ်ခု ဖြစ်သည်။

"ဘာကြောင့်လဲ"

မုရှောင်လုံမှာ ဖခင်ဖြစ်သူကိုပင် မမြင်ဖူးခဲ့သောကြောင့် အမှန်တရား သိလိုက်ရသောအခါ မျက်ဝန်းလေးများ အသက်မဲ့သွားသည်။

"ဒါက နားလည်မှုလွဲတာပါ"

"ဒီကောင့်ကို ဖမ်းစမ်း။.စစ်ဆေးပြီးရင် ကွပ်မျက်လိုက်"

ဝဋ်လည်နေသည့် ကျန်းမုမှာ တသွင်သွင် တောင်းပန်နေသော်လည်း ဓားအစောင့်အရှောက်၏ အမိန့်ဖြင့် ကြီးကြပ်သူများက ချက်ချင်း ဆွဲထုတ်သွားကြသည်။ သူ့ကို လင်းချန်က ဖော်ကောင်လုပ်မည်ဟု ထင်မထားသော်လည်း ယွမ်ရှောင် စွမ်းအားကြီးလွန်းနေသဖြင့် အမှန်တရားပေါ်ပေါက်လာခဲ့ရသည်။

"အဆင်ပြေရဲ့လား"

ဓားအစောင့်အရှောက် မုတန်းကျန်းက သမီးဖြစ်သူကို ဖေးမလိုက်သည်။

"အဆင်ပြေပါတယ်။ အနည်းဆုံး သူ့အတွက် လူသတ်တရားခံကို ဖော်ထုတ်နိုင်ခဲ့ပြီ"

မုတလုံသည် မျက်ရည်များကို သုတ်ပစ်၍ ကိုယ့်ကိုကိုယ် အားတင်းထားသည်။

"ပိုပြီး နက်နက်ရှိုင်းရှိုင်း စစ်ဆေးဖို့ လိုအပ်လား"

"မလိုအပ်ဘူး။ ဘယ်သူ လက်ချက်ဆိုတာ ငါတို့အားလုံး သိပါတယ်"

လင်းချန်နှင့် ကျန်းမုကို ထောက်ခံပေးနေသူမှာ အဘိုးကြီးကုဖြစ်သောကြောင့် ​ဤပြစ်မှုနှင့် သေချာပေါက် ပတ်သက်နေပေလိမ့်မည်။

"မင်းကိုယ်တိုင် ကျန်းမုကို သတ်လိုက်"

ဆယ့်လေးနှစ်အကြာတွင် သူမသည် ခင်ပွန်းအတွက် လူသတ်တရားခံကို လက်စားချေနိုင်ပြီဖြစ်သည်။

"အဖေ ဒီအချိန်မှာ ကုမျိုးနွယ်ကို အမြစ်ကဆွဲလှန်သင့်ပြီ မထင်ဘူးလား"

ကျန်းမုကို ဖြေရှင်းပြီးလျှင် နတ်ဆိုးဓားဝိညာဥ် ကောလဟာလသတင်းများအကြောင်း လင်းချန်၏ စကားတစ်ခွန်းတည်းဖြင့် လက်သည်ကို ဖော်ထုတ်နိုင်ပေလိမ့်မည်။

"သူက ငါ့ဆရာ ဖြစ်နေတယ်"

မုကျန်းတန်းက လေးကန်စွာ သက်ပြင်းချသည်။

"ဆရာဖြစ်နေတာနဲ့ လုပ်ချင်တိုင်း လုပ်ခွင့်ပေးထားရမှာလား။ သူက အကုန်လုံးအပြင် အဖေ့အသက်ကိုတောင် ရန်ရှာနေပြီနော်"

မုတလုံက မကျေမနပ် ထောက်ပြလိုက်သည်။

"ဒါပေမယ့် ကုမျိုးနွယ်က ဓားအပျက်အစီးနယ်မြေမှာ အင်အားတစ်ခု ပိုင်ဆိုင်ထားတယ်။ သူတို့ကို ဖြေရှင်းရမှာက ကျန်းမုကို သတ်တာလောက် မရိုးရှင်းဘူး။ အချိန်လည်း မတန်သေးဘူး။ စောင့်ကြည့်ကြတာပေါ့။ ရိုးရိုးသားသား ပြောရရင် အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်လုံးက လုံလောက်အောင် မသန်မာသေးဘူး။ ဆရာ့လက်အောက်မှာ လူငယ်တွေ အများကြီးရှိနေလို့ လာမယ့် ငရဲကိုးထပ်တိုက်ပွဲကို အကျိုးသက်ရောက်နိုင်တယ်။ ငါတို့ စိတ်ရှည်ရှည်ထားရင် ကုမျိုးနွယ်က သည်းမခံနိုင်ဖြစ်လာပြီး လမ်းဆုံးကို သူတို့ဘာသာ ရောက်သွားလိမ့်မယ်။ ငါက ဆရာကို ပေါ်တင် မသတ်ချင်ဘူး။ သူတို့လို လှည့်ကွက်တွေနဲ့ လူစားမျိုးတွေကို အနိုင်ယူချင်ရင် အရင်ဆုံး စိတ်ဓာတ်ကျအောင် ဖျက်ဆီးရမယ်"

မုကျန်းတန်းက တစ်ချက်ပြုံး၍ ရှင်းပြလိုက်သည်။

"ဒါဆိုရင် အဖေက သူတို့ရဲ့နည်းလမ်းတွေနဲ့ သူတို့ကို ဆန့်ကျင်မလို့လား"

မုတလုံက တစ်လုံးချင်း ရေရွတ်လိုက်လေသည်။

All Chapters