လောကတာအိုနှလုံးသား
Vol. 23 Ch. 287
ကောင်းကင်နှင့် ရောင်ပြန်နေသဖြင့် ကြီးမားလှသော မိုးပြာရောင် ကြာပန်းကြီးကို လူတိုင်း အံ့သြနေစဥ် ယွမ်ရှောင်သည် သိစိတ်ပင်လယ်အတွင်း စျာန်ဝင်စားနေ၏။ တာအိုနှလုံးသား စတင်ပုံပေါ်လာပြီဖြစ်ကာ နတ်ဆိုးနှလုံးသားနှင့် မိစ္ဆာနှလုံးသားကို အတွေ့အကြုံရှိသော်လည်း လုံးဝ ကွဲပြားနေသည်။ နတ်ဆိုးနှလုံးသားသည် အပျက်အစီး နတ်ဆိုးဘိုးဘေးထံမှ ဆင်းသက်လာခြင်းဖြစ်၍ မိစ္ဆာနှလုံးသားက မိစ္ဆာနတ်ဘုရားနှင့် ဆက်နွယ်နေပြီး လနတ်သားနှင့် စစ်မင်းသမီး ကျင့်ကြံသော ကျင့်စဥ်များမှ မြစ်ဖျားခံလာခြင်းဖြစ်၏။
"မင်းရဲ့ တာအိုနှလုံးသားက ကောင်းကင်သင်္ချိုင်းဓားနဲ့ ဆက်နွယ်နေတာလား။ ဒါမှမဟုတ် ရှေးဟောင်းအင်မော်တယ်ဘိုးဘေးရဲ့ ရှေးဟောင်းရည်ရွယ်ချက်နဲ့ ဆက်သွယ်နေတာလား"
ယွမ်ရှောင် ရွေးချယ်လိုက်သော လမ်းကြောင်းကို မသိထားသဖြင့် ကြယ်ပြာက စပ်စုလိုက်သည်။
"တစ်ခုမှ မဟုတ်ပေမယ့် အကုန်လုံးနဲ့ သက်ဆိုင်တယ်"
သူက မျက်လုံးများမှိတ်၍ အသစ်ဖြစ်တည်လာသော တာအိုနှလုံးသားအပေါ် အာရုံခံနေသည်။ ၎င်းမှာ နှလုံးအထက်တွင် အဖြူရောင် စက်ဝိုင်းပမာ ပြည့်စုံစွာ တည်ရှိနေပြီး ၎င်းအတွင်း သေမျိုးလောက၏ အတွေ့အကြံများ ပါဝင်၍ မြင်နေသမျှ ပုံရိပ်တိုင်းသည် စမ်းသပ်ချက်များ ဖြစ်လာ၏။ တိမ်တိုင်းပြည်၊ အသူရာဓားဂိုဏ်း၊ ဓားပင်လယ်၊ ကောင်းကင်နယ်မြေ စသဖြင့် သူ မှတ်မိသမျှ အရာအားလုံး ပြတ်ပြတ်သားသား မြင်ယောင်နေကာ ရေကန်အတွင်းမှ ပုစဥ်းတစ်ကောင်ကအစ လွတ်ထွက်မသွားပေ။ ရှေးဟောင်းဟင်းလင်းပြင် ကျင့်စဥ်က အသက်၊ ကောင်းကင်သင်္ချိုင်းဓားက သေခြင်းကို ကိုယ်စားပြုကာ တာအိုနှလုံးသားအတွင်း သက်ရှိလောကကြီးနှင့် ခံစားချက်မျိုးစုံ ရောပြွန်းနေ၏။
"ဒါက ဘာလဲ။ တာအိုနှလုံးသားက အင်မော်တယ်လမ်းကြောင်းမှာ အရေးပါတယ်။ မင်း သတိထားရမယ်"
ကြယ်ပြာက အလေးအနက် စကားဆိုသည်။
"ငါလည်း ဘာဆိုတာ အတိအကျ မသိဘူး"
ယွမ်ရှောင်သည် တာအိုနှလုံးသား၏ တည်ရှိမှုကို ခံစားနိုင်ပြီး ၎င်းမှာ တာအိုနှလုံးသား နယ်ပယ်ကျင့်ကြံသူများအတွက် ကောင်းကင်သို့ တက်လှမ်းရန် လက်မှတ် တစ်ခုဖြစ်သည်။ သူက ၎င်းကို လောကကြီးဖြင့် ဆက်သွယ်ရန် ကြိုးစားလိုက်သောအခါ သက်ရှိအားလုံးနှင့် ချိတ်ဆက်မိခဲ့ပြီး နိယာမများထက် ကျော်လွန်နေ၏။ ဖန်ဆင်းရှင် အင်မော်တယ်က အရာရာကို ဖန်တီးခဲ့သော်လည်း ၎င်းတို့ကို လျစ်လျူရှုထားမိပြီး သူ၏ တာအိုနှလုံးသားသည် ကျင့်ကြံရေးလမ်းကြောင်းတွင် အရာရာကို မှတ်တမ်းတင်ထားပေလိမ့်မည်။ သို့ရာတွင် ပဟေဠိများ ရှိနေဆဲဖြစ်ကာ အကြီးအကျယ်ဆုံးသော တာအိုနှလုံးသားတစ်ခု ဖန်တီးမိလိုက်ကြောင်းသာ သေချာပေါက် ခံစားနိုင်ခဲ့သည်။
"လောကတာအိုနှလုံးသားလို့ အမည်ပေးလိုက်မယ်"
သူက ရေရွတ်လိုက်ပြီး မျက်လုံးများ တောက်ပနေ၍ အရာရာကို ရှုပ်ထွေးနေဆဲဖြစ်သော်လည်း ရှေ့ဆက်လျှောက်လှမ်းရပေလိမ့်မည်။ အဓိပ္ပါယ်မရှိ ခန့်မှန်းနေခြင်းက အကျိုးမရှိနိုင်ဘဲ လောကတာအိုနှလုံးသားဖြင့် ဆက်လက်ကျင့်ကြံလျှင် သေမျိုးခံစားချက်များ ပျောက်ကွယ်တော့မည် မဟုတ်ဘဲ ရှင်သန်ရန် ထိုက်တန်သော ဘဝတစ်ခု ပိုင်ဆိုင်နိုင်၏။ သူက တိမ်များအကြား လှည့်ပတ်သွားလာနိုင်သော ကျင့်ကြံသူတစ်ယောက် ဖြစ်လာကာ ဘဝတစ်ခု အသစ် ပြန်လည်ရရှိခဲ့သည့်အတွက် ပြုံးလိုက်မိသည်။ ကျင့်ကြံရေးလမ်းကြောင်းတွင် လောကတာအိုနှလုံးသားသည် သူ၏ နောက်ခံအဖြစ် ကြီးမားစွာ ထောက်ပံ့ပေးပေလိမ့်မည်။ ဓားရည်ရွယ်ချက်လည်း ပို၍ အစွမ်းထက်လာခဲ့ပြီး ကောင်းကင်ရှိ ကြာပန်းကြီးနှင့် ဓားနက်လေးကို ဆက်သွယ်လိုက်၏။ ထာဝရ ဓားအကျဥ်းထောင် ဘိုးဘေးများ၏ ဓားရည်ရွယ်ချက်များသည် အနက်ရောင် ဓားငယ်ကို ဝန်းရံနေပြီး သံသရာစက်ဝိုင်းပမာ ထင်မှတ်ရကာ သူက ကောင်းကင်သို့ ပျံတက်သွားသောအခါ အားပေးသံများ တခဲနက် ထွက်ပေါ်လာပြန်သည်။
ဓားကျင့်ကြံသူများ၏ အံ့သြနေသော ပုံရိပ်များသည် လောကတာအိုနှလုံးသားအတွင်း မှတ်တမ်းတင်ခံလိုက်ရပြီး ထိုခံစားချက်များမှာ အရင်းအမြစ် ဖြစ်လာခဲ့သည်။ လှောင်ပြောင်ခြင်း၊ ကဲ့ရဲ့ခြင်း၊ ထောက်ခံအားပေးခြင်း စသော မျက်နှာတိုင်းမှာ သူ့အတွက် ဆေးဝါးများပမာ အသုံးဝင်နေခဲ့သည်။ မွေးဖွားလာသူတိုင်းသည် အတွေးကိုယ်စီ ပိုင်ဆိုင်ထားကာ ငတုံးများက အလျင်စလို လုပ်တတ်၍ ဉာဏ်ကောင်းသူများမှာ ချင့်ချိန်တတ်သော်လည်း ခံစားချက်များပင်။ မရေမတွက်နိုင်သော တာအိုနှလုံးသားများမှာ လောကအတွင်း တည်ရှိနေရပြီး ယွမ်ရှောင်သည် ကောင်းကင်ရှိ ကြာပန်းကြီးနှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်နေခဲ့သည်။ သူက သမိုင်းမှတ်တမ်းများကို စံချိန်ချိုးပစ်ခဲ့သော်လည်း အနက်ရောင် ဓားငယ်မှအပ အားလုံးကို မေ့လျော့ထားကာ ငရဲကိုးထပ်ရှိ သဘာဝတရားကြီးသည် လောကတာအိုနှလုံးသားနှင့် ပဲ့တင်ထပ်လာ၏။
"အင်မော်တယ်ရုံးတော် ကြယ်ဧကရာဇ်ရဲ့ ဓားရည်ရွယ်ချက်က နည်းနည်း ကြမ်းတမ်းတယ်"
ကြယ်ပြာက တီးတိုးရေရွတ်သည်။
"ငါ ဒါကို သတိမထားမိဘူး"
ယွမ်ရှောင်က ဓားဝိညာဥ်ဖြင့် အနက်ရောင်ဓားငယ်ကို ထိကပ်လိုက်သောခဏတွင် ကျယ်ဝန်းလှသော ကြယ်ကောင်းကင်ကို ချက်ချင်း မြင်လိုက်ရ၏။ အနက်ရောင်ကြယ် ၉၉၉၉၉ လုံး တည်ရှိနေကာ ဓားသဏ္ဍာန်အစီအရင်တစ်ခုအတွင်း စုဝေး၍ သွေးစွန်းနေကြသည်။
"ငါ့ဓားက နတ်ဆိုးဓားဖြစ်နေရင်တောင် အသုံးဝင်နေရင် နောင်တရစရာမရှိဘူး"
ဆန်းကျယ်သောအသံက အနက်ရောင်ကြယ်များထံမှ ပဲ့တင်ထပ်လာသောအခါ အနက်ရောင်ဓားငယ်သည် အရည်အသွင်ဖွဲ့တည်ကာ ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်နှင့် ပေါင်းစပ်၍ ကြာပန်းပွင့်ချပ်များအထက်၌ အနက်ရောင်အရိုးခေါင်းတစ်ခု ထင်ဟပ်ခဲ့သည်။ ထို့နောက် အနက်ရောင်မီးခိုးများ ပြန့်ထွက်လာကာ ယွမ်ရှောင်၏ မျက်လုံးများ မဟူရာအရောင် ပြောင်းလဲနေသည်။
"နတ်ဆိုးဓား"
သူက ဓားရည်ရွယ်ချက်၏ ကြမ်းတမ်းရက်စက်မှုအား ခံစားနေမိပြီး နက်ပြာရောင် ဖြစ်လာသော ကောင်းကင်သင်္ချိုင်းဓားကို ဆုပ်ကိုင်၍ ငုံ့ကြည့်လိုက်သောအခါ ဓားကျင့်ကြံသူများ၏ ဦးခေါင်းအထက်မှ မြူခိုးများ လွင့်မျောလာကြောင်း မြင်နေရသည်။ ၎င်းမြူများမှာ ခံစားချက်များဖြစ်နိုင်ပြီး နတ်ဆိုးဓားသည် ၎င်းတို့ကို အသုံးချ၍ တိုက်ပွဲ၌ ပိုမိုရက်စက်ကြမ်းတမ်းလာနိုင်ချေ ရှိသည်။ သူက အသက်ကို ပြင်းပြင်းရှူ၍ ၎င်းကို ထိန်းချုပ်လိုက်သောအခါ အရိုးခေါင်းနက်မှာ ပျောက်ကွယ်လုနီးပါး မှိန်ဖျော့၍ တည်ရှိနေဆဲဖြစ်ကာ ဓားရည်ရွယ်ချက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်စေခဲ့သည်။ ကျန်အပိုင်းအတွက်မူ လောကတာအိုနှလုံးသားက အသုံးတော်ခံ၍ ခဏအတွင်း ငရဲကိုးထပ်အပေါ် ဖြန့်ကျက်နေသည့် ကြာပန်းပုံရိပ်ကြီးမှာ ဓားဝိညာဥ်အတွင်း ကျုံ့ဝင်သွားခဲ့၏။ ဓားရည်ရွယ်ချက်ပေါင်း တစ်သန်းကျော် စုဝေးရာမှ ဖြစ်ပေါ်လာသော စွမ်းအားသည် တာအိုနှလုံးသား၏ ပြောင်းလဲပေးမှုဖြင့် လောကဓားရည်ရွယ်ချက်၏ အခြေခံအုတ်မြစ် ဖြစ်၍ ရှေးဟောင်းအသက်စွမ်းအင်ကို ကိုယ်စားပြုသည်။ နတ်ဆိုးဓားရည်ရွယ်ချက်သည်လည်း သေခြင်းတရားကိုယ်စားပြုအဖြစ် ပေါင်းစပ်ပါဝင်နေကာ ကြာပန်းပုံရိပ်ကြီး ပျောက်ကွယ်သွားသောအခါ လောကဓားရည်ရွယ်ချက် ဖြစ်ပေါ်လာပြီး အပြာရောင်ကြာပန်း၏ ပွင့်ချပ်အားလုံး အရောင်အသွေးစုံလင်နေ၏။
ဓားရည်ရွယ်ချက်က စွမ်းအားသက်သက်မဟုတ်ဘဲ ဓားတာအို၏ အလိုဆန္ဒဖြစ်ကာ ကောင်းကင်သင်္ချိုင်းဓားသည် လင်းချန်၏ ဓားကဲ့သို့ စစ်တုရင်ခုံသဏ္ဍာန်မျိုး ဖြစ်ပေါ်မလာစေသော်လည်း ဉာဏ်ရှိသူတိုင်း အဆပေါင်းများစွာ ပို၍သာလွန်ကြောင်း မြင်နိုင်၏။ ဓားလမ်းစဥ်၏ နောက်တစ်ဆင့်တွင် ဓားရည်ရွယ်ချက်နှင့် တာအိုနှလုံးသားသည် အခြေခံဖြစ်လာကာ တာအိုနှလုံးသား နယ်ပယ်သို့ အဆင့်တက်သွားခဲ့ပြီး သာမန်ဓားကျင့်ကြံသူများထက် များစွာ ပို၍ အစွမ်းထက်နေခဲ့သည်။ ဤသို့ဖြင့် တိုက်ပွဲစတင်ရန် အချိန်ကျရောက်လာကာ တိုက်ပွဲစင်မြင့်အထက် တိုက်ရိုက်ဆင်းသက်ပြီး အပြာရောင် ဓားဝိညာဥ်ဖြင့် လင်းချန်ကို ချိန်ရွယ်စိန်ခေါ်လိုက်သည်။
"သခင်လေးယွမ်"
ကျယ်လောင်သော အားပေးသံများက ဓားအပျက်အစီးနယ်မြေတစ်လျှောက် ပဲ့တင်ထပ်နေပြီး ကောလဟာလသတင်းအားလုံး ပျောက်ကွယ်ကုန်သည်။ ဓားကျင့်ကြံသူများ၏ အမြင်တွင် အစစ်အမှန် အင်မော်တယ်ဟူသော စကားလုံးတစ်ခုသာ ကျန်ရစ်ခဲ့ပေသည်။
"ငါတို့က မျက်လုံးကန်းခဲ့ကြတယ်"
ငရဲကိုးထပ်လုံး လွှမ်းခြုံသွားသော ကြာပန်းပုံရိပ်ကြီးကြောင့် သူတို့မှာ အံ့သြမဆုံးနိုင်တော့ပေ။
"သခင်လေးယွမ်က ထာဝရဓားကို သခင်လေးလင်းထက် အဆတစ်သောင်းကျော် ပိုပြီး ပဲ့တင်ထပ်စေခဲ့တယ်။ အခု တာအိုနှလုံးသားဖြစ်ရပ်ကလည်း အဆတစ်ထောင်လောက် ပိုကြီးမားနေတယ်"
ယွမ်ရှောင်သည် လူအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်သောအခါ မုမျိုးနွယ်ဝင်များမှာ စိတ်အေးနေပုံပေါ်ပြီး ကုမျိုးနွယ်ဝင်များကမူ မင်သက်နေခဲ့ကြသည်။ အထူးသဖြင့် တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သော အရိုးခြောက်စောင့်ရှောက်သူမှာ ရင်ထိတ်နေစဥ် အလန့်တကြား နောက်ဆုတ်သွားသော ကျန်းမုလည်း ရှိနေခဲ့သည်။
"ကြည့်ရတာ ကျန်းမုက မရိုးသားဘူး"
ယွမ်ရှောင်သည် ငရဲနတ်ဆိုးဓားစက်ကွင်းများနှင့် ဆက်စပ်၍ တွေးကြည့်လိုက်သောအခါ ကျန်းမုမှာ သစ္စာဖောက်ဖြစ်ကြောင်း ပေါ်လွင်နေ၏။
"တာအိုနှလုံးသားဖြစ်ရပ်က ဘာမှအရေးမပါဘူး။ တကယ့်ခွန်အားက အရာရာပဲ။ လူသေတွေက ထာဝရဓားကို အကြိမ်တစ်သန်း ပဲ့တင်ထပ်နိုင်ရင်တောင် ဘာလုပ်နိုင်မှာလဲ"
ကုရွှမ်က ကြီးကြပ်သူ သုံးယောက်ဘက်လှည့်ကာ သူ၏ အထင်ကို အတင်းအကျပ် သဘောတူစေသည်။ လက်ရှိတွင် ယွမ်ရှောင်ရှေ့မှောက်၌ ဒူးထောက်လျှင်လည်း လွတ်လမ်းမရှိသောကြောင့် လင်းချန်၏ ခြေသလုံးကို ဖက်ထားရန်မှတစ်ပါး သူတို့အတွက် ရွေးချယ်စရာ မကျန်တော့ချေ။
"သူ့ကို သတ်ရမယ်"
ကုရွှမ်က ကြောက်စိတ်ကြောင့် အံကြိတ်ထားခဲ့သည်။
"သခင်လေးလင်းကို ယုံကြည်ကြ"
ကုမျိုးနွယ်၏ ဘက်တော်သားများမှာ လင်းချန်ကို မျှော်လင့်တကြီး စိုက်ကြည့်နေကြ၏။
"နှစ်ယောက်လုံး သေရင် အကောင်းဆုံးပဲ။ တစ်ယောက်ပဲ သေရမယ်ဆိုရင်တော့ ယွမ်ရှောင် ဖြစ်ရမယ်"
ကုချင်ကန်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။
"ဗိုလ်လုပွဲ စတင်ပါပြီ"
ထိုအချိန်တွင် ကျန်းမု၏ ကြေညာချက် တုန်တုန်ရီရီ အသံမျိုးဖြင့် ထွက်ပေါ်လာလေသည်။