← Chapters

အမည်ခံ ဓားအင်မော်တယ် နှစ်ယောက်၏.တိုက်ပွဲ

Vol. 23 Ch. 288

အမည်ခံ ဓားအင်မော်တယ် နှစ်ယောက်၏.တိုက်ပွဲ

Vol. 23 Ch. 288

ဓားအပျက်အစီးနယ်မြေတစ်ခွင် အော်ဟစ်အားပေးနေသဖြင့် ကိုယ့်အသံကိုယ်ပင် ကြားနိုင်ရန် မလွယ်ချေ။ အမည်ခံ ဓားအင်မော်တယ် နှစ်ယောက်က အကြည့်ချင်း အားပြိုင်နေပြီး လင်းချန်၏ မျက်ဝန်းများတွင် ရှုပ်ထွေးမှုများ ထင်ဟပ်နေပြီး ကိုးရောင်ခြယ် အာကာသနတ်ဓားကို ဆင့်ခေါ်ကာ တစ်ချက်ပြုံးပြလိုက်သည်။ သို့ရာတွင် ယွမ်ရှောင်က မျက်နှာသေနှင့် ရပ်နေသောကြောင့် သူ၏ သတ်ဖြတ်လိုစိတ်ကို တောက်လောင်စေကာ ချက်ချင်း ဒေါသများ တရိပ်ရိပ် မြင့်တက်လာ၏။ သူက ဓားကို တုံ့ဆိုင်းခြင်း မရှိ ပစ်ခတ်လိုက်သောအခါ ကိုးရောင်ခြယ် အေးစက်စက် ဓားမြှောင်အဖြစ် ယွမ်ရှောင်ထံ ဝင်ရောက်သွားသည်။

ခဏအတွင်း ကိုးရောင်ခြယ် စစ်တုရင်ခုံတစ်ခုသည် ယွမ်ရှောင်ရှေ့တည့်တည့်တွင် ထွက်ပေါ်လာကာ စတုရန်းကိုးကွက်အနက် ခုနစ်ကွက်တွင် ငရဲနတ်ဆိုးများ၏ စွမ်းရည်တစ်ခုချင်းစီ ထွက်ပေါ်နေသည်။ ဓားမြှောင်ကို အလယ်ဗဟိုတွင် ထားလျက် ၎င်းသည် လောကနိယာမများနှင့် ပေါင်းစပ်၍ နတ်ဆိုးစွမ်းရည်များကြောင့် ကြောက်မက်ဖွယ် အစွမ်းထက်လှ၏။ ဓားမြှောင်သည် ယွမ်ရှောင်ထံ လောကကြီး ကိုးခု ဖိချလိုက်သကဲ့သို့ တိုးဝင်လာကာ ဖြတ်သန်းသွားသော နေရာတိုင်း လေဟာနယ် အက်ကွဲသွားကာ အနက်ရှိုင်းဆုံး အက်ကြောင်းသည် ပစ်မှတ်ကို အတိအကျ ချိန်ရွယ်ထားသည်။ လင်းချန်၏ ဓားချက်က လျင်မြန်ခြင်းနှင့် စွမ်းအားကို ကိုယ်စားပြု၍ လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်ကို တုန်လှုပ်သွားစေသည်။

"ပြိုင်ဘက်ကင်းတယ်"

သူ၏ ကျင့်ကြံဆင့်သည် ဓားအပျက်အစီးနယ်မြေ၏ အကြီးအကဲများနှင့် မယှဥ်နိုင်သော်လည်း ဤဓားချက်၏ စွမ်းအားသည် မျိုးဆက်တိုင်းကို အံ့သြစေခဲ့ပြီး ယွမ်ရှောင် ခုခံနိုင်မည်လားဟု မေးခွန်းထုတ်စရာပင်။

"ဓားစက်ကွင်းတွေနဲ့ ဓားရည်ရွယ်ချက်ကို ပေါင်းစပ်ထားပေမယ့် မထူးဆန်းပါဘူး"

ယွမ်ရှောင်က ပခုံးတစ်ချက်တွန့်၍ တည်ငြိမ်စွာဖြင့် အပြာရောင် အလင်းတန်းအသွင်နှင့် ဓားမြှောင်ကို ပစ်ခတ်လိုက်သည်။ သန့်စင်ကြည်လင်သော တာအိုနှလုံးသားနှင့် ဘိုးဘေးတစ်သန်းကျော်၏ ဓားရည်ရွယ်ချက်များ ပါဝင်နေသည့် လောကဓားရည်ရွယ်ချက်သည် သေခြင်းနှင့် ရှင်ခြင်း သဘောတရားအရ ဟန်ချက်ညီညီ ထွက်ပေါ်လာခဲ့သည်။ ဓားချက်က သာမန်ဆန်သော်လည်း အမှန်တကယ် ထူးခြားလွန်းပြီး လေဟာနယ်အတွင်း ကျင်လည်စွာ ရွေ့လျား၍ ကိုးရောင်ခြယ် စစ်တုရင်ခုံကို ကျော်ဖြတ်ကာ လင်းချန်ထံ လှလှပပ ရောက်ရှိလာ၏။

"ဟင်"

လင်းချန်၏ မျက်နှာက ထိတ်လန့်သွားကာ အလျင်အမြန် ရှောင်တိမ်းလိုက်ပြီး လေဟာနယ်သိုင်းကွက်များဖြင့် တစ်ဖက်လူ၏ ဓားကို ရပ်တန့်ရန် ကြိုးစားနေသည်။ သို့ရာတွင် သူ၏ သိုင်းကွက်က ယွမ်ရှောင်၏ ဓားအပေါ် အကျိုးသက်ရောက်မှု မရှိဘဲ အပြာရောင်အလင်းမှာ နားတစ်ဖက်ကို ထိမှန်သွား၏။

"ဘုတ်"

သူ၏ ညာဘက်နားက ကြမ်းပြင်အထက်သို့ ပြတ်ကျသွားကာ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့နေစဥ် မျက်နှာညာဘက်ခြမ်းတစ်ခုလုံး သွေးချင်းချင်းနီသွား၏။ ယွမ်ရှောင်က လင်းချန်၏ ဓားကို ပေါ့ပေါ့ပါးပါး ချေဖျက်ကာ ဝူကျိတာအိုသိုင်းနှင့် ထိုက်ကျိဓားသိုင်း ပေါင်းစပ် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ အမည်ခံ ဓားအင်မော်တယ် နှစ်ယောက်၏ မျက်နှာထားအရ အနိုင်နှင့် အရှုံးကွဲပြားသွားသဖြင့် ဆူညံစွာ အားပေးနေသော ပရိသတ်များ တိတ်ဆိတ်ကုန်၏။ လင်းချန်က သူတို့ကို အံ့သြစေခဲ့သော်လည်း ယွမ်ရှောင်သည် လင်းချန်ကို တုန်လှုပ်စေကာ ဓားတစ်ချက်တည်းဖြင့် နားရွက်ဖြတ်ပစ်လိုက်သည်။ ပရိသတ်များ၏ အမြင်တွင် လင်းချန်မှာ ကောင်းကင်ကို ဆန့်ကျင်ရန် ကြိုးစားနေသော သနားစရာ သတ္တဝါ တစ်ကောင် ဖြစ်လာနေသည်။

သို့သော် လင်းချန်သည် အရှုံးကို လက်ခံရန် အဆင့်သင့် မဖြစ်သေးသောကြောင့် ပြန်လည်တိုက်ခိုက်ရန် ကြိုးစားနေသော်လည်း ယုံကြည်ချက်များ ထပ်ကာထပ်ကာ ချိုးဖျက်ခံနေရသည်။

"အာကာသ နတ်ဓား"

လင်းချန်သည် ကိုးရောင်ခြယ်ဓားကို ဓားရှည်အသွင်ပြောင်းလဲလိုက်ပြီး ရှေးဟောင်း ဒဏ္ဍာရီလာ နတ်ဓားအပေါ် လုံးဝဥဿုံယုံကြည်ထား၏။ သူက လေထဲသို့ ခုန်တက်ကာ ယွမ်ရှောင်ထံ ပြင်းထန်စွာ ခုတ်ချလိုက်သောအခါ လေဟာနယ်တွင် ကိုးရောင်ခြယ် အက်ကြောင်းကိုးခု ရုတ်တရက် ဖြစ်တည်လာ၏။ ဤအက်ကြောင်းများ၏ ဗဟိုတွင် အာကာသ နတ်ဓားရှိနေပြီး ကောင်းကင်အက်ကွဲ ဓားချက်ဖြင့် ပိုင်းချလိုက်သောအခါ လူအုပ်ကို အံ့အားသင့်စေသည်။

ယွမ်ရှောင်သည်လည်း ကောင်းကင်သင်္ချိုင်းဓားဖြင့် ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်ပြီး လေဟာနယ် အက်ကြောင်းဆယ်ခုမှာ လက်သည်းကြီးများသဖွယ် အာကာသနတ်ဓားထံ တိုးဝင်သွား၏။

"ထန်"

ဓားနှစ်လက် ထိပ်တိုက်ရင်ဆိုင်မိသောအခါ အချိန်အခါကို စောင့်ဆိုင်းနေသည့် လင်းချန်မှာ ယွမ်ရှောင်၏ ဓားဝိညာဥ်ကို ဖျက်ဆီးပစ်မည်ဟု အထင်ရောက်နေသည်။ သို့ရာတွင် ​ကိုးရောင်ခြယ်ဓားဝိညာဥ်မှာ နာကျင်စွာ အော်ဟစ်၍ ထွက်ပြေးရန် ကြိုးစားနေသောကြောင့် သူ့ကို ကျောရိုးတလျှောက် အေးစိမ့်သွားစေသည်။ ၎င်းက သူ၏ ခန္ဓာကိုယ်အတွင်း အလိုအလျောက် ဆုတ်ခွာသွားသဖြင့် ယွမ်ရှောင်၏ ဓားချက်တွင် နောက်ထပ် နားတစ်ဖက် ပြတ်ပါသွားခဲ့၏။

"ဝုန်း"

လင်းချန်မှာ အသက်ဘေးမှ လွတ်မြောက်စေရန် ကြမ်းပြင်သို့ လှိမ့်ချကာ ရှောင်ထွက်လိုက်သော်လည်း ယွမ်ရှောင်ရှေ့မှောက် ဒူးထောက်လျက်သား ဖြစ်ခဲ့သည်။ သန်းချီသော ဓားကျင့်ကြံသူများ နေရာ၌ ကြက်သေသေကာ မယုံကြည်နိုင်ဟန်ဖြင့် ဓားအပျက်အစီးနယ်မြေတစ်ခွင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။

"ငါ..."

လင်းချန်သည် ထိုအဖြစ်ကြောင့် နားရွက်ဖြတ်ခံလိုက်ရသော နာကျင်မှုကိုပင် မေ့လျော့သွားကာ သူ့ကို တုန်လှုပ်စေသောအရာမှာ အာကာသနတ်ဓား အကြောက်လွန်နေခြင်းပင်။ ၎င်းက လောကကိုးခုဖြင့် ချိတ်ဆက်နိုင်ကာ ဓားတစ်ချက်တည်းဖြင့် နယ်​မြေများစွာ ပိုင်းခြားနိုင်စွမ်း ရှိသော်လည်း ကြောက်ရွံ့နေပြီဖြစ်၏။ နားနှစ်ဖက်မှ သွေးများတသွင်သွင် စီးကျနေရင်းဖြင့် သူက တည်ငြိမ်စွာ ရပ်နေသော ယွမ်ရှောင်ကို မျက်လုံးအပြူးသားဖြင့် မော့ကြည့်လိုက်မိသည်။ ထိုအချိန်တွင် ပြန်လည်မွေးဖွား၍ ကောင်းကင်သို့ မြင့်တက်လိုသော မျှော်လင့်ချက်အားလုံး ပျက်စီးခဲ့ရသည်။

"ယွမ်ရှောင် မင်းက ဘယ်သူလဲ"

သူက အလွန်တရာ စိတ်ပျက်အားငယ်နေသော လေသံမျိုးဖြင့် မေးခွန်းထုတ်၏။ နှစ်တစ်သန်းအကြာတွင် ပြန်လည်မွေးဖွားလာခဲ့သော ကောင်းကင်နတ်ဓားဧကရာဇ်၏ ယုံကြည်ချက်မှာ မဆန့်ကျင့်သင့်သော လူတစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်မိသဖြင့် ချေမွခံခဲ့ရသည်။

"ငါ ဘယ်သူလဲဆိုတာက အရေးမကြီးဘူး။ မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်။ သေမလား ဒါမှမဟုတ် ငါ့လက်အောက်မှာ ဓားကျွန်အဖြစ် သစ္စာရှိရှိ ခစားမလား"

ယွမ်ရှောင်က ဓားဝိညာဉ်ကို တစ်ဖက်လူအပေါ် မိုးထားရင်း တစ်ချက်ငုံ့ကြည့်ကာ တစ်လုံးချင်း မေးလိုက်လေသည်။

All Chapters