← Chapters

ကောင်းကင်ကြေးမုံနှင့် ကပ်ဘေးဓား

Vol. 23 Ch. 291

ကောင်းကင်ကြေးမုံနှင့် ကပ်ဘေးဓား

Vol. 23 Ch. 291

နတ်ဆိုးတိုက်ကြီးရှိ အဆုံးမဲ့ငရဲပြည်နှင့် ဆက်သွယ်ထားသော လမ်းကြောင်း၏ ဝင်ပေါက်တွင် ကြီးမားလှသော အနက်ရောင်ကျောက်တုံးကြီး တည်ရှိကာ ၎င်းအထက်၌ ကောက်ကြောင်းများ လှပသည့် မိန်းကလေးတစ်ယောက်ရှိနေသည်။ ဆံပင်ရှည်များ ဖြာကျ၍ ဘုရင်မတစ်ပါးအလား အေးစက်စက် အရှိန်အဝါမျိုး ပိုင်ဆိုင်ထားကာ နဖူးတွင် သွေးကျောက်စိမ်း သရဖူတစ်ခု ဝတ်ဆင်ထား၏။ သေးသွယ်သော ခါးပတ်လည်တွင် သွေးနဂါးပုံရိပ်များ ရစ်ပတ်နေကာ ကြီးကျယ်ခမ်းနားသော အလှနတ်သမီးတစ်ပါးပမာ ထင်မှတ်ရသည်။

"ကိုးဆင့်မျိုးဆက်သွေးက အရှင်မရဲ့ ရုပ်ရည်ကို ပိုပြီး ဆွဲဆောင်အား ပြင်းလာစေတယ်"

"သူမက ငရဲကိုးထပ်မှာ ပြိုင်ဘက်ကင်း အလှနတ်ဘုရားမပဲ။ လူသားတွေနဲ့ နတ်ဆိုးတွေ မယှဥ်နိုင်ဘူး။ နတ်ဆိုးမတွေက တရိစ္ဆာန်သာသာဖြစ်ပြီး လူသားမိန်းမတွေရဲ့ ခန္ဓာကိုယ်က ပိန်လှီလွန်းတယ်"

"မှန်တယ်။ စစ်မင်းသမီးက မိစ္ဆာမတွေကြားမှာ နတ်ဘုရားပဲ။ အဆုံးမဲ့ငရဲပြည်မှာ ဘယ်သူမှ မယှဥ်နိုင်လောက်ဘူး"

"ဖုန်းယုဆိုတဲ့ကောင်ကတော့ အရှင်မကို မရလို့ ဆွေ့ဆွေ့ခုန်လောက်ပြီ။ ဘယ်သူက သူမကို အပိုင်ရသွားမှာလဲ"

စစ်မင်းသမီးသည် နတ်ဆိုးတိုက်ကြီးတွင် နေရစ်ခဲ့သော်လည်း အဆုံးမဲ့ငရဲပြည်တိုင်အောင် သတင်းများ ပျံ့နှံ့နေကာ ထပ်မံစေလွှတ်ခံလိုက်ရသော မိစ္ဆာပါရမီရှင်တိုင်း မချီးကျူးဘဲ မနေနိုင်ခဲ့ကြပေ။

"နင် ပြန်ရောက်လာပြီလား"

"ငါ့ကို လွမ်းနေတာလား"

စစ်မင်းသမီးက သူမ၏ ရင်ဘတ်ကို လက်ဖြင့် ဖိ၍ စကားစလိုက်သောအခါ တည်ငြိမ်သော စကားသံတစ်ခု ပြန်လည် ထွက်ပေါ်လာသည်။

"အိပ်မက်မက်မနေနဲ့"

"မင်းက ငါ့ကို ရန်စနေတာလား"

သူမက စနောက်လိုက်သော်လည်း ယွမ်ရှောင်၏ အသံ အေးစက်သွားသဖြင့် နှုတ်ခမ်းဆူကာ တိတ်ဆိတ်နေလိုက်ရ၏။

"ငါ့ကို စောင့်နေ"

စကားသံ ပျောက်ကွယ်သွားချိန်တွင် ဝင်ပေါက်သည် အလင်းတန်းများ တောက်ပလာကာ ဆံပင်ကို စည်းနှောင်ထားသော ခပ်ကြမ်းကြမ်း အရှိန်အဝါဖြင့် ဖုန်းယု ​ဝင်ရောက်လာသော်လည်း သူမရှေ့မှောက်သို့ ရောကိသောအခါ အရှိန်အဝါကို ရုတ်သိမ်းခဲ့သည်။

"အရှင်မ သတင်းတစ်ခု ရှိပါတယ်"

သူက ခြေထောက်များကိုပင် မော်မကြည့်ဝံ့သောကြောင့် ခေါင်းငုံ့ထားရင်း အကြောင်းစုံ တင်ပြလိုက်သည်။ ထာဝရဓားအကျဥ်းထောင်၏ ဓားနှစ်ခြင်းအခမ်းအနားတွင် ထာဝရဓား ကိုးကြိမ် ပဲ့တင်ထပ်ခဲ့ပြီး အမည်ခံ ဓားအင်မော်တယ်နှစ်ယောက် ထွက်ပေါ်လာကာ ငရဲကိုးထပ်လုံး လှုပ်ရှားသွားကြောင်း သိလိုက်ရသဖြင့် တစ်ယောက်မှာ ယွမ်ရှောင်ဖြစ်ရမည်ဟု စစ်မင်းသမီး အတပ်သိခဲ့သည်။ ယွမ်ရှောင်က ပြည့်စုံခြင်းအဆင့် တာအိုနှလုံးသားနယ်ပယ် ကျင့်ကြံသူငါးယောက်ကို အနိုင်ယူခဲ့ပြီး ကျန်ငရဲရှစ်ထပ်မှာ လုပ်ကြံရန် ကြိုးစားနေသဖြင့် သူမသည် သခင်ဖြစ်သူအပေါ် ဂုဏ်ယူဟန်ဖြင့် ချိုသာစွာ ပြုံးလိုက်မိ၏။

"အရှင်မ မင်းကြီးက ဒီအခြေအနေဟာ အခွင့်အရေးတစ်ခု ဖြစ်လို့ နန်းတော်ကို ပြန်လာပြီး လုံလုံခြုံခြုံ ကျင့်ကြံစေချင်နေပါတယ်"

ဖုန်းယုက အမိန့်ကို လက်ဆင့်ကမ်းလိုက်သော်လည်း တစ်ဖက်လူ လိုက်နာမည်မဟုတ်ကြောင်း နားလည်နေသည်။

"သခင်လေးယွမ်ဆိုတာက ချောလား"

"သူက ထာဝရဓားအကျဥ်းထောင်တစ်ခုလုံးမှာ အချောဆုံးလို့ ကြားပါတယ်။ ဒါပေမယ့် သူက အခုထိ ကလေးတစ်ယောက်သာသာပါ"

သူမက ရုတ်တရက် မေးလာသဖြင့် သူ့ကို ကြောင်အသွားစေသော်လည်း အဖြေပေးခဲ့သည်။

"အရှင်မ အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်ကြောင့် အခြေအနေတွေ ပြောင်းလဲကုန်ပြီ"

"ပြောစမ်း"

ဤသို့ဖြင့် ရုန်းကျင့်ကြံသူများသည် ကောင်းကင်မြေသို့ ဝင်ရောက်ရန်နှင့် ဝင်ပေါက်အား ချဲ့ထွင်ရန်အတွက် မိစ္ဆာမျိုးနွယ်နှင့် မဟာမိတ်ဖွဲ့ထားခဲ့သည်။ ကပ်ဘေးတံဆိပ်ငရဲ၏ အဖိုးတန် ရတနာ ကပ်ဘေးဓားကို ဝင်ပေါက်၏ ကန့်သတ်ချက်ချဲ့ထွင်ရန် အဆုံးမဲ့ငရဲပြည်သို့ ငှားရမ်းမည်ဖြစ်ကာ ထိခိုက်ပျက်စီးထားသော ကောင်းကင်ကြေးမုံထက် ပို၍ အစွမ်းထက်သည်။ အဆုံးမဲ့ငရဲပြည်၌ ရတနာများ မရှားပါးသော်လည်း ဝင်ပေါက် ချဲ့ထွင်ရန် ကျရှုံးခဲ့ပြီး ထိုအချိန်၌ အဆုံးမဲ့ငရဲပြည်ဘက်မှ ဝင်ပေါက်သည် ဖြည်းဖြည်းချင်း တုန်ခါလာနေသည်။

"အရူးအိုကြီးကတော့"

စစ်မင်းသမီးက ရေရွတ်လိုက်ပြီး ဖခင်ဖြစ်သူကို မကျေနပ်ပေ။

"မစိုးရိမ်ပါနဲ့ အရှင်မ။ ကျုပ်တို့က ပူးပေါင်းထားတယ်ဆိုပေမယ့် ရုန်းကျင့်ကြံသူတွေ ဝင်ခွင့်ရဖို့ မိစ္ဆာမျိုးနွယ် ခွင့်ပြုချက် လိုအပ်ပါတယ်။ ပြီးတော့ သူတို့ရဲ့ ရည်ရွယ်ချက်က ကောင်းကင်မြေ မဟုတ်ပါဘူး"

ဖုန်းယုက စကားဆက်လိုက်ပြီး ကပ်ဘေးတံဆိပ်ငရဲသည် ကောင်းကင်မြေ၏ ဒဏ္ဍာရီကို မယုံကြည်လဲ ဓားအပျက်အစီးနယ်မြေမှ အမည်ခံ ဓားအင်မော်တယ်နှစ်ယောက် ရောက်ရှိလာလျှင် သတ်ပစ်ရန် ဖြစ်ကြောင်း တင်ပြခဲ့သည်။ မိစ္ဆာမျိုးနွယ်က ဓားကျင့်ကြံသူများနှင့် ကမ္ဘာမကြေရန်သူဖြစ်သောကြောင့် ရုန်းကျင့်ကြံသူများနှင့် ပူးပေါင်းထားခဲ့ပြိး တိုက်ပွဲမှာ ပြင်းထန်နိုင်ချေရှိ၍ စစ်မင်းသမီးကို ပြန်လာစေချင်ကြသည်။ သို့ရာတွင် သူမက နားမထောင်ဘဲ တိုက်ပွဲကို စောင့်ကြည့်ရန် အကြောင်းပြကာ နတ်ဆိုးတိုက်ကြီး၌ ကပ်တွယ်နေခဲ့သည်။

"စကားမစပ် ကပ်ဘေးတံဆိပ်ငရဲက ဘယ်သူ့ကို ပို့မှာလဲ"

စစ်မင်းသမီးက စိုက်ကြည့်၍ ထပ်မံ သတင်းနှိုက်လိုက်၏။

"ကုချင်ကန်က ဒီဝင်ပေါက်ကို ကံပင်လယ် နယ်ပယ်တွေ ဝင်ရောက်နိုင်တဲ့အထိ ချဲ့ထွင်ချင်နေပါတယ်။ အောင်မြင်သွားရင် မိစ္ဆာမျိုးနွယ်ဘက်က ဦးရီးတော်ချန်ရှီနဲ့ ရုန်းကျင့်ကြံသူတွေဘက်မှာ အခြေတည်အဆင့် ကံပင်လယ်နယ်ပယ် ကျင်ကြံသူနှစ်ယောက်၊ အဆောင်မင်းသားတို့ ရောက်လာပါလိမ့်မယ်"

ဖုန်းယုက အဆောင်မင်းသားအကြောင်း ပြောသောအခါ မျက်လုံးများ ထက်ရှလာသည်။ အဆောင်မင်းသား ဖုလုံရှန်းသည် အဆောင်ဧကရာဇ်၏ အကြီးဆုံးသား၊ အသက်တံဆိပ်ပြိုင်ပွဲ၏ အဆင့်တစ်နှင့် အစောပိုင်းအဆင့် ကံပင်လယ်နယ်ပယ် ကျင့်ကြံသူဖြစ်ကာ ငရဲကိုးထပ်၌ ဖုန်းယုအပါအဝင် လူငယ်ပါရမီရှင် လေးယောက်ဟု ကျော်ကြားသည်။ ကံပင်လယ်နယ်ပယ်သည် တာအိုနှလုံးသားနယ်ပယ်၏ အထက်အဆင့်ဖြစ်ကာ ရီချင်းဖန်ကဲ့သို့ အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက်၏ အဆင့်တစ် ရဖူးသူပင် အဆင့်မမီချေ။ အသက်ငယ်ငယ်နှင့် ထိုအဆင့်အထိ ကျင့်ကြံနိုင်လျှင် ငရဲထိန်းဖြစ်လာနိုင်ပြီး အကယ်၍ ရီချင်းဖန်သာ ကံပင်လယ်နယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့လျှင် ထို့ထက်မက ကျော်ကြားပေလိမ့်မည်။

"ဒီလောက်လေးနဲ့ သူတို့က အမည်ခံ ဓားအင်မော်တယ်တွေကို သတ်နိုင်မယ်ထင်နေတာလား"

စစ်မင်းသမီးက အထင်သေးစွာ နှာခေါင်းရှူံ့လိုက်သောအခါ ဖုန်းယုသည် အောက်ပါအတိုင်း ရှင်းပြလာသည်။ ဖုလုံရှန်းသည် ကပ်ဘေးတံ​ဆိပ်ငရဲ၏ သမိုင်းတွင် ထွက်ပေါ်လာခဲသော ထောင်ချီအသက်တံဆိပ်ကို ပိုင်ဆိုင်ထားကာ ဖုန်းယုထက် ပို၍ သန်မာသည်။ ထို့အပြင် ကပ်ဘေးဓားကိုလည်း ယူဆောင်လာဦးမည်ဖြစ်ရာ မိခင်ဖြစ်သူ ကုချင်ကန်ကြောင့် ဓားသိုင်းကျွမ်းကျင်ပေလိမ့်မည်။ သူက ဓားဝိညာဥ် မပိုင်ဆိုင်ထားသော်လည်း ကပ်ဘေးဓားဖြင့်ဆိုလျှင် မည်သည့်ဓားဝိညာဥ်မဆို ချေမှုန်းနိုင်ပေလိမ့်မည်။

"ကြားရဲ့လား။ ငါက နင့်အတွက် ရန်သူ့သတင်းတွေ နှိုက်ထုတ်ပေးနေရတယ်"

စစ်မင်းသမီးက စိတ်ထဲမှ ရေရွတ်နေရင်း ဖုန်းယုကို မောင်းထုတ်လိုက်သည်။

"အရှင်မ မင်းကြီးက တကယ်ပြန်လာစေချင်နေပါတယ်။ နောက်လာမယ့် တိုက်ပွဲတွေက ပြင်းထန်နိုင်တယ်နော်"

ဖုန်းယုက ထွက်သွားရန် ခြေလှမ်းပြင်ပြီးမှ နောက်တစ်ကြိမ် သတိပေးလိုက်လေသည်။

"ဒီအဘိုးကြီးက ငါ့ကို အမိန့်မပေးနိုင်ဘူး။ ကိုယ့်နေရာကိုယ်သိဖို့ ပြောထားလိုက်"

သူမ၏ တုံ့ပြန်မှုက ဆွံ့အလောက်စရာဖြစ်သော်လည်း တကယ်တမ်း အရေးကြုံလျှင် အသက်နှင့်ရင်း ကာကွယ်ပေးမည်ဟု ဖုန်းယုမှာ ဆုံးဖြတ်ချက်ချလိုက်သည်။

ဓားအပျက်အစီးနယ်မြေ၊ ဘိုးဘေးသင်္ချိုင်းသို့ ဓားအစောင့်အရှောက်နှင့် ယွမ်ရှောင်က ဓားပျံကိုယ်စီဖြင့် ရောက်ရှိလာသောအခါ တဲအိမ်အတွင်းမှ ကြီးကြပ်သူစစ်ခုံ အလျင်အမြန် ပြေးထွက်လာသည်။

"ဓားအစောင့်အရှောက်၊ သခင်လေးယွမ်"

"ဆရာက ဘယ်မှာလဲ"

မုတန်းကျန်းက တဲအိမ်အတွင်း တစ်ချက်ဝေ့ကြည့်ပြီး မေးခွန်းထုတ်၏။

"အရိုးခြောက်စောင့်ရှောက်သူက ခရီးတစ်ခု ထွက်သွားပါတယ်။ ကျုပ်ကို ရက်အနည်းငယ်လောက် စောင့်ကြပ်ဖို့ တာဝန်ပေးထားခဲ့ပါတယ်။ စိတ်ချပါ၊ ဘိုးဘေးတွေကို သေသေချာချာ ပူဇော်နေပါတယ်"

စစ်ခုံက အလျင်အမြန် ဖြေလိုက်သည်။

"ဘိုးဘေးသင်္ချိုင်းကို ထားပြီး ခရီးထွက်သွားတယ်၊ ဟုတ်လား။ လက်မခံနိုင်စရာပဲ"

မုကျန်းတန်းက အေးစက်စက် မှတ်ချက်ချလိုက်သောအခါ တစ်ဖက်လူမှာ မငြင်းဆန်ဝံ့ပေ။ ဓားအစောင့်အရှောက်နှင့် ယွမ်ရှောင် သင်္ချိုင်းအတွင်း ဝင်ရောက်သွားသည်ကို တားမြစ်ချင်သော်လည်း ကြီးကြပ်သူနှစ်ဆယ်ကျော် ရုတ်တရက် ထွက်ပေါ်လာသောအခါ စစ်ခုံသည် စကားလုံးများ မျိုချလိုက်ရ၏။ ဤအချင်းအရာသည် ဓားအပျက်အစီးနယ်မြေတွင် ယွမ်ရှောင်၏ သြဇာအာဏာ မည်မျှသက်ရောက်ကြောင်း သက်သေပင်။

"စစ်ခုံ မင်း ဘာမှမလုပ်ဖို့ အကြံပေးချင်တယ်"

ကြီးကြပ်သူများက ဘိုးဘေးသင်္ချိုင်း၏ ဝင်ပေါက်တွင် ကိုယ်စီနေရာယူ၍ သတိပေးလိုက်ကြသည်။

"မလုပ်ပါဘူး။ အားလုံးကို ကြိုဆိုပါတယ်"

စစ်ခုံမှာ လှောင်ပြောင်လိုသော အကြည့်များအောက်တွင် ဦးခေါင်းညွှတ်၍ သည်းခံနေရပြီး ဖိအားများနေခဲ့လေသည်။

All Chapters