သူခိုး
Vol. 23 Ch. 292
ကောင်းကင်ကြေးမုံ မရှိတော့သဖြင့် မုကျန်းတန်းက ယွမ်ရှောင်နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။
"ခင်ဗျား ဘယ်လိုထင်လဲ"
"မင်းအကြောင်း ကောလဟာလတွေ ထုတ်ကတည်းက သူ့ဂုဏ်သတင်းက ပျက်စီးနေပြီ။ အခု ကိစ္စကြောင့် ချောက်ထဲ ရောက်သွားလိမ့်မယ်"
ကိုယ့်သေတွင်းကိုယ်တူးသူတစ်ယောက်ကြောင့် မုကျန်းတန်းက မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်၍ တစ်ချက်ပြုံးလိုက်သည်။ အပြင်ပိုင်းအန္တရာယ်ကို ရင်ဆိုင်ရန် အတွင်းပြဿနာကို အမြစ်ဖြတ်ရမည်ဖြစ်သောကြောင့် ယွမ်ရှောင်သည်လည်း သစ္စာဖောက်များအပေါ် ခွင့်လွှတ်ပေးလိုစိတ် မရှိပေ။ အဘိုးကြီးကုက တစ်ကိုယ်ကောင်းဆန်လွန်းပြီး မြေးများ၏ အသက်ကိုပင် ရင်းကာ သူ့ကိုယ်သူ အသက်ရှည်စေရန် ကြိုးပမ်းနေခဲ့သည်။ အသက်ကြီးရင့်လာသော ကြောက်စိတ်က သူ့ကို မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သွားစေကာ သဘာဝတရားကို လွန်ဆန်ချင်နေ၏။
"ဘာဆင်ခြေမှမလိုအပ်ဘူး။ သေခြင်းတရားကို ရင်ဆိုင်ခဲ့တဲ့ လူတွေ အများကြီး မြင်ဖူးပါတယ်။ ဒီအဘိုးကြီးလို ကိုယ့်အသက်ကို ကယ်တင်ဖို့ မျိုးဆက်တွေကို ချနင်းတာမျိုးတော့ မကြားဖူးဘူး"
ယွမ်ရှောင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ပြောင်းလဲသွားသော ဆရာဖြစ်သူကြောင့် မုကျန်းတန်းသည်လည်း စိတ်ကသိကအောက် ဖြစ်နေရသည်။
"သခင်လေးယွမ် ကောင်းကင်မြေရဲ့ ဒဏ္ဍာရီကို ယုံကြည်လား"
"ခင်ဗျားရော ဘယ်လိုထင်လဲ"
"ငါကတော့ သံသယဝင်မိတယ်။ မသေချာတဲ့ ဒဏ္ဍာရီတစ်ခုအတွက် ကောင်းကင်ကြေးမုံကို အသက်သွင်းတာက လက်ခံနိုင်စရာ မရှိဘူး"
ဓားအစောင့်အရှောက်က သူ၏ သဘောထားကို ဖော်ပြလိုက်၏။
"ကောင်းကင်ကြေးမုံအကြောင်း ဓားကျွန်က သတင်းပေးခဲ့တာလား"
"ဟုတ်တယ်"
ယွမ်ရှောင်က ခေါင်းညိတ်သည်။
"သူက ကုမျိုးနွယ်ကို တကယ် သစ္စာဖောက်မှာလား"
ဓားအစောင့်အရှောက်က စိတ်ရှုပ်နေသော်လည်း လင်းချန်ကို သစ္စာဖောက်ဖြစ်စေရန် ယွမ်ရှောင်မှ ဖိအားပေးထားခြင်း ဖြစ်သည်။ ထိုဓားကျွန်က သူ့ကို ဆန့်ကျင်ရန် ခွန်အားမျိုးပိုင်ဆိုင်လာလျှင် ချက်ချင်း တိုက်ခိုက်လာပေလိမ့်မည်။ နှစ်ဖက်ချွန် ဓားတစ်လက် ကိုင်ဆောင်ထားရသည့်ပမာ ထင်မှတ်ရသော်လည်း သူ့အတွက် လင်းချန်မှာ ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။ ကုမျိုးနွယ်ကို လမ်းဆုံးသို့ တွန်းပို့ရန် တမင်လွှတ်ပေးထားခြင်းဖြစ်ကာ သူ၏ ရည်ရွယ်ချက် အောင်မြင်သွားလျှင် ဖယ်ရှားခံရမည့် နယ်ရုပ်တစ်ရုပ်ပင်။ ဘိုးဘေးသင်္ချိုင်းအတွင်း လမ်းလျှောက်ရင်း သူက အုတ်ဂူတစ်ခုစီတွင် အမွှေးတိုင်များ ထွန်းညှိပူဇော်နေစဥ် ဓားအစောင့်အရှောက်၏ စိတ်ထဲ အတွေးပေါင်းစုံ ဖြစ်ပေါ်နေသည်။
"သခင်လေးယွမ်နဲ့ ရန်သူဖြစ်ရင် တကယ့်ကို အိပ်မက်ဆိုးပဲ။ ကံဆိုးတာက ငါတောင်မှ သူ့အကြံအစည်တွေကို မခန့်မှန်းတတ်ဘူး။ ဆရာက လင်းချန်နဲ့ ပူးပေါင်းသွားတာတော်သေးတယ်။ မဟုတ်ရင် တော်တော်ကြောက်စရာကောင်းတာတွေ ဖြစ်လာနိုင်တယ်"
"ဓားအမွေအနှစ်က ဒီမှာလား"
သင်္ချိုင်း၏ အလယ်ရှိ ပြန့်ပြူးသော မြေကွက်လပ်သို့ ရောက်သောအခါ ယွမ်ရှောင်က မေးလာသဖြင့် ခေါင်းညိတ်ပြခဲ့သည်။
"ငါ လိုချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ"
"ဘိုးဘေးတွေရဲ့ အနားယူမှုကို နှောင့်ယှက်လို့မဖြစ်ဘူး။ ဘာဖြစ်ဖြစ် ငါက မင်းနဲ့ တိုက်ခိုက်ရလိမ့်မယ်"
ဓားအစောင့်အရှောက်က တစ်ချက်ပင်တုံ့ဆိုင်းမနေဘဲ သတ္တိရှိရှိ ဖြေလိုက်၏။
"ကောင်းပြီ။ ကျုပ် ခင်ဗျားကို ဒီတစ်ချက်နဲ့တင် လေးစားတယ်။ ဓားလမ်းစဥ်ရဲ့ ဘိုးဘေးတွေက ငြိမ်းငြိမ်းချမ်းချမ်း အနားယူဖို့ ထိုက်တန်ပါတယ်"
ယွမ်ရှောင်က လက်ကျန် အမွှေးတိုင်များကို သင်္ချိုင်းတစ်ခုလုံးရည်စူး၍ ထွန်းညှိပေးခဲ့သည်။
"သခင်လေးယွမ် ဘိုးဘေးတွေရဲ့ ဓားပညာကို မသင်တော့ဘူးလား"
"ကျုပ် အကုန် လေ့လာပြီးပြီ"
အမွှေးတိုင်များ ထွန်းညှိနေရင်း ဓားပညာများကို လေ့လာသွားသော ယွမ်ရှောင်၏ ပါရမီကြောင့် မုကျန်းတန်းမှာ မင်သက်သွားခဲ့သည်။ အခြားပါရမီရှင်များဆိုလျှင် ဘိုးဘေးတစ်ယောက်၏ ပညာအမွေကို ဆက်ခံရန် နှစ်ပေါင်းများစွာ အချိန်ယူနိုင်ရသောကြောင့် လူမဆန်လောက်အောင် ထူးချွန်ကြောင်း သဘောပေါက်လိုက်၏။
"စစ်ခုံ"
ဘိုးဘေးသင်္ချိုင်းအတွင်းမှ ထွက်လာသောအခါ မုကျန်းတန်းက အရှိန်အဝါကို ထုတ်ဖော်လိုက်သဖြင့် ကြီးကြပ်သူစစ်ခုံမှာ ဒူးထောက်ကျသွားသည်။
"မင်း အသက်ရှင်ချင်လား"
"ဟုတ်ကဲ့"
"ဒါဆိုရင် ဘယ်သူက ကောင်းကင်ကြေးမုံကို ခိုးယူသွားပြီး ဓားအပျက်အစီးနယ်မြေရဲ့ အနာဂတ်မျိုးဆက်သစ်တွေအပေါ် အန္တရာယ်ကျရောက်စေတာလဲ ပြောစမ်း"
စကားတစ်လုံးချင်းစီက ပြင်းထန်စွာ ထွက်ပေါ်လာသဖြင့် စစ်ခုံမှာ တုန်ရီနေပြီး ယွမ်ရှောင်နှင့် ကြီးကြပ်သူနှစ်ဆယ်ကျော်၏ အရှိန်အဝါများကြောင့်လည်း တောင်ကြီးများ ထမ်းပိုးထားရသကဲ့သို့ လေးလံနေသည်။
"ကျုပ် အမှန်အတိုင်းပြောပါမယ်။ အရိုးခြောက်စောင့်ရှောက်သူက ခိုးယူသွားတာပါ"
"ကောင်းပြီ။ ဒါဆိုရင် မင်းကို အသက်ချမ်းသာပေးလိုက်မယ်"
"ကျေးဇူးတင်ပါတယ် ဓားအစောင့်အရှောက်နဲ့ သခင်လေးယွမ်"
မုကျန်းတန်းက ထပ်ကာထပ်ကာ ပြောနေသော စစ်ခုံ၏ ပခုံးကို တစ်ချက်ပုတ်လိုက်သောအခါ မြေပြင်ပေါ်သို့ လဲကျသွားစေသည်။
"နယ်မြေတစ်ခုလုံးကို ပိတ်ဆို့ထားကြ"
ထို့နောက် သူက ကျန်ကြီးကြပ်သူများဘက်လှည့်ကာ အမိန့်ပေးလိုက်ပြီး ကုမျိုးနွယ်ကို တပ်လှန့်လိုက်သကဲ့သို့ မဖြစ်စေရန် သတင်းမထုတ်ပြန်ခဲ့ပေ။ ကြီးမားသော ပိုက်ကွန်တစ်ခု ပြင်ဆင်ကာ တိုးဝင်လာမည့် ငါးကြီးများကို ဖမ်းဆီးရန် အရာရာ ပြင်ဆင်ထားပြီးဖြစ်သည်။
"ကျုပ် တောင်းဆိုထားတာတွေ ဘယ်မှာလဲ"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ စကားစလိုက်သည်။
"မစိုးရိမ်ပါနဲ့။ ငါ မမေ့ပါဘူး"
တစ်ဖက်လူမှာ သန်မာသော မဟာမိတ်ဖြစ်သော်လည်း ကြောက်ခမန်းလိလိ ငွေညှစ်နိုင်သောကြောင့် မုကျန်းတန်းက ခေါင်းကိုက်နေခဲ့သည်။ ထိုအချိန်တွင် မုတရှုံနှင့် မုတလုံ ဓားပျံကိုယ်စီဖြင့် ရောက်ရှိလာကာ အင်မော်တယ်ကျောက်စိမ်း သန်းတစ်ရာ ပါဝင်သော သိုလှောင်အိတ်ကို ယွမ်ရှောင်ထံ ပေးအပ်လိုက်သည်။
"သခင်လေးယွမ် ကျေးဇူးပြုပြီး သေချာသုံးစွဲပါ။ ဒါက ကျုပ်တို့ပိုင်ဆိုင်ထားသမျှ အရင်းအမြစ်ရဲ့ သုံးပုံတစ်ပုံပဲ"
ဓားအစောင့်အရှောက်က နာကျင်နေဟန်ဖြင့် ရေရွတ်ပြီး ဤပမာဏဖြင့်ဆိုလျှင် မဝယ်နိုင်သော ရတနာဟူ၍ မရှိသလောက်ပင်။ ယွမ်ရှောင်သည် လင်းချန်နှင့် ရုန်းကျင့်ကြံသူများကို ဖိနှိပ်ပြခဲ့သောကြောင့် ကြီးကြပ်သူများလည်း ကန့်ကွက်မနေတော့ပေ။ သို့မဟုတ်လျှင် မုကျန်းတန်းက ဓားအစောင့်အရှောက်ဖြစ်နေသည့်တိုင်အောင် ဤပမာဏမျိုးကို ထုတ်ပေးခွင့် မရှိချေ။ ဤအချက်အရ ယွမ်ရှောင်၏ အာဏာစက်သည် ထာဝရဓားအကျဥ်းထောင်တွင် သူ့ထက်ပို၍ သက်ရောက်ကြောင်း သိနိုင်၏။ အခြားငရဲရှစ်ထပ်သည် ၎င်းကို စောင့်ကြည့်နေပြီး အန္တရာယ်ပတ်လည်ဝိုင်းနေသဖြင့် ဓားလမ်းစဥ်၏ အနာဂတ်ကို ယွမ်ရှောင်အပေါ် ပုံအပ်ထားရန် ရွေးချယ်ခဲ့ပြီး ထူးချွန်သော ပါရမီနှင့် ကိုယ်ကျင့်စရိုက်ကြောင့် ကြီးကြပ်သူများ စွန့်စားလိုခဲ့သည်။
"ဒီလိုလူတွေကို ကျုပ်က စိတ်မပျက်စေရပါဘူး"
မုမျိုးနွယ်နှင့် ကြီးကြပ်သူများသည် အရင်းအမြစ်များစွာကို ပေးအပ်ထားသောကြောင့် ယွမ်ရှောင်က ကတိပြုလိုက်၏။
"ဒီအိတ်ထဲမှာ ပျက်စီးအဆီအနှစ်တွေကို ပျက်စီးပုလဲအဖြစ် စုစည်းထားတယ်။ ထာဝရဓားအကျဥ်းထောင် ပိုင်ဆိုင်သမျှ အားလူံးပါပဲ"
မုတရှုံက နောက်ထပ်သိုလှောင်အိတ်တစ်လုံး ကမ်းပေးလာပြန်သည်။ ၎င်းက အဆုံးမဲ့ငရဲပြည်နှင့် ရှေးဟောင်းနတ်ဆိုးငရဲတွင် ပေါများသော်လည်း ထာဝရဓားအကျဥ်းထောင်အတွက် ရှားပါးကုန်ပစ္စည်းဖြစ်၏။ ယွမ်ရှောင်၏ တောင်းဆိုချက်အရ ရတနာများ ဖန်တီးရန် သိုလှောင်ထားသမျှကို ထုတ်ပေးလာခြင်းဖြစ်ကာ အလွန်ရက်ရောပေးခဲ့သည်။
"ကျေးဇူးတင်ပါတယ်"
ယွမ်ရှောင်က ဦးညွှတ်၍ လက်ခံလိုက်၏။
"သခင်လေးယွမ် အားနာစရာမလိုပါဘူး။ ငါ့ရဲ့ သေရည်တွေဘက် မလှည့်လာသရွေ့ အဆင်ပြေပါတယ်"
ဓားအစောင့်အရှောက်က တစ်ချက်ပြုံးကာ ဝင်ပြောလိုက်ပြီး သေရည်ကို အသက်ထက်ပို၍ မြတ်နိုးသူ ဖြစ်နေခဲ့သည်။
ထို့နောက် ယွမ်ရှောင်သည် နတ်ဆိုးတိုက်ကြီးသို့ ဓားပျံဖြင့် လှစ်ခနဲ ထွက်ခွာလာခဲ့ပြီး ထာဝရဓားအကျဥ်းထောင်၏ တောင်တန်းများအထက်တွင် လေဟာနယ်ဝင်ပေါက်တစ်ခု ဝဲပမာ တည်ရှိနေ၏။ ၎င်းအနားတွင် အရိုးခြောက်စောင့်ရှောက်သူနှင့် လင်းချန် ဦးဆောင်လာသော အယောက်သုံးဆယ်ပါ အုပ်စုတစ်ခု ရှိနေသည်။
"သခင်လေးလင်း ငါတို့ စကြတော့မလား"
အဘိုးကြီးကုက ခွင့်ပြုချက်တောင်းလိုက်သည်။
"မြန်မြန်လုပ်။ ပြီးရင် ကောင်းကင်ကြေးမုံကို ငါ ယူမယ်"
လင်းချန်က လောဘတကြီး အမိန့်ပေး၏။
"ဒါ....ဒါက"
"မပေးနိုင်ဘူးလား"
အဘိုးကြီးကုမှာ တွန့်ဆုတ်နေသော်လည်း တစ်ဖက်လူ၏ အေးစက်စက် အကြည့်ကြောင့် လက်ခံလိုက်ရသည်။
"ပေးပါမယ်။ သခင်လေးလင်း အင်မော်တယ် ပြန်ဖြစ်ရင် ကောင်းကင်ကြေးမုံလို ရတနာမျိုးတွေ အများကြီးရမှာပါ။ ကုမျိုးနွယ်အတွက် တစ်ခုလောက် စွန့်ကြဲပေးဖို့ တောင်းဆိုချင်ပါတယ်"
"အမြင်ကျဥ်းလွန်းတယ်။ ငါသာ အင်မော်တယ်ဖြစ်လာရင် ဓားအပျက်အစီးနယ်မြေက ငရဲကိုးထပ်ကို အုပ်ချုပ်ပြီး ကုမျိုးနွယ်ကို တော်ဝင်မျိုးနွယ် ဖြစ်လာစေရမယ်"
လင်းချန်က မောက်မာစွာ အာမခံချက်ပေးသည်။
"ကျေးဇူးတင်ပါတယ် သခင်လေးလင်း"
ကုမျိုးနွယ်ဝင်သုံးဆယ်ကျော်က ပြိုင်တူဒူးထောက်၍ အရိုအသေပေးလိုက်ကြသည်။ သို့ရာတွင် သူတို့ကို လျစ်လျူရှုထား၍ ကိုးရောင်ခြယ်ဓားဝိညာဥ်ကိုသာ စိုက်ကြည့်နေသော လင်းချန်၏ စိတ်ထဲတွင် တစ်ကိုယ်ကောင်းဆန်လွန်းသည့် အတွေးများသာ ရှိနေခဲ့လေ၏။
"အရင်တစ်ခေါက်က မင်း ကြောက်လန့်ခဲ့ရတယ်။ မစိုးရိမ်နဲ့။ ငါတို့ ကောင်းကင်မြေကို ဝါးမျိုလိုက်ရင် မင်းက စကြဝဠာမှာ နံပတ်တစ်ဓား ဖြစ်လာလိမ့်မယ်"