လူနာတင်ယာဥ်တစ်စီး မြစ်ထဲသို့ ပျက်ကျသွားခြင်း
Vol. 12 Ch. 156
ဖုန်းတစ်ဖက်က လျှန်ဇီသည် ကလေးငယ်မျက်လုံးဖွင့်လိုက်သည့်အကြောင်းပြောသောအခါ အသံအနေအထားပြောင်းလဲသွားသည်မှာ ထင်ရှားစွာသိသာနေသည်။
သို့သော် ကျန်းရီက စကားမဖြတ်ပြောဘဲ သူ့အား ကြုံတွေ့ရသည်များကို ဆက်လက်ရှင်းပြခွင့်ပြုခဲ့သည်။
"ရှိုချင်းက လှည့်ကြည့်တဲ့အခါ ကလေးရဲ့မျက်လုံးတွေဟာ ပွင့်နေခဲ့တယ်။ ဒါပေမယ့် အရင်ကတော့ မပွင့်သေးဘူး၊ ဒါမှမဟုတ် သူမကလေးကိုအိပ်ရာထဲချလိုက်တဲ့အချိန်မှာမှ ပွင့်သွားတာလည်း ဟုတ်မနေဘူး။ အဲ့ဒါက ရှိုချင်း လှည့်ကြည့်လိုက်တဲ့အခိုက်အတန့်မှာပဲ ကလေးရဲ့မျက်ခွံတွေ မြင့်တက်လာပြီး မျက်လုံးတွေကို မြင်လိုက်ရတာ!"
"ရှိုချင်းက အဲ့ဒီအခိုက်အတန့်မှာ မအော်ခဲ့ဘူးလို့ပြောတယ်၊ အဓိကက သူမမြင်လိုက်ရတဲ့အခါမှာ ဦးနှောက်က ခဏတာ ကြောင်သွားခဲ့လို့ပဲ။ ဒါပေမယ့် နောက်ဆုံးတော့ သူမအော်ဟစ်ခဲ့လိုက်တယ်၊ ဘာလို့လဲဆိုတော့ ကလေးမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ ကလေးရဲ့ခေါင်းက သူမဘက် တဖြည်းဖြည်းလှည့်လာလို့ပါ။"
"သူမပြောတာက ကလေးကို ဘေးတစောင်းထားထားတာမို့ လှည့်ကြည့်တဲ့အခါ မျက်နှာအပြည့်အစုံမမြင်ရဘူး။ သူမမြင်ရတာက မျက်ခွံတွေပွင့်ထားတဲ့ ယောက်ျားလေးတစ်ယောက်ပါပဲ။ ဒါကြောင့် ကလေး ခေါင်းလှည့်လိုက်တဲ့အခါ ရှိုချင်းက ခန္ဓာကိုယ်တစ်ခုလုံးထုံကျဉ်သွားပြီး ကလေးရုတ်တရက်ပြုံးလိုက်တဲ့အခိုက်မှာ သူမဟာ မထိန်းနိုင်တော့ဘဲ အကြီးအကျယ်အော်ဟစ်ခဲ့လိုက်တယ်။"
"ခွဲစိတ်ခန်းထဲက အခြားသူတွေကလည်း ဒီအချိန်မှာ အရမ်းကို တုန်လှုပ်နေခဲ့ကြတယ်။ ဒါပေမယ့် ရှိုချင်းရဲ့အော်သံကို ကြားပြီးတော့ သူမဘက်ကို အာရုံစိုက်မိခဲ့ကြတယ်။ သူတို့က ရှိုချင်းကို ဘာဖြစ်တာလဲလို့မေးတော့ ရှိုချင်းက ကလေးမျက်လုံးဖွင့်ပြီး သူမကိုပြုံးနေတယ်လို့ပြောလိုက်တယ်။ ခွဲစိတ်ခန်းထဲက အခြားသူတွေထဲမှာ သတ္တိနည်းတဲ့သူတွေဆိုရင် တချက်နဲ့တချက် ကြောက်လန့်ပြီး ငိုတောင် ငိုသွားခဲ့ကြတယ်။ လူတိုင်းဟာ သေဆုံးသွားခဲ့တဲ့ ကလေးတွေနဲ့ ကြုံဖူခဲ့းကြပေမယ့် ဒီလောက်ထူးဆန်းတဲ့ အရာကိုတော့ မကြုံဖူးခဲ့ကြဖူးဘူး၊ အထူးသဖြင့် စစ်ဆေးနေစဉ်က ကလေးက အသက်ရှင်နေသေးတယ်လို့ ထင်နေချိန်မှာ ဘာကြောင့် ထုတ်လိုက်တဲ့အခါမှာ ပုပ်နေခဲ့တာလဲဆိုတာကို နားမလည်နိုင်ခဲ့ကြဘူး။"
"ရှိုချင်းပြောတာကတော့ ခွဲစိတ်ခန်းထဲမှာ ဒါရိုက်တာတစ်ယောက်ပဲ အဲဒီအချိန်မှာ လှည့်မကြည့်ဘဲ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ချုပ်နေခဲ့တယ်။ သူမ လှည့်မကြည့်ပေမယ့် ရှိုချင်းကို ဆူပြီး 'သေချင်နေတာလား' လို့မေးလိုက်တယ်။"
လျှန်ဇီခဏနားလိုက်ပြီး ကျန်းရီကလည်း အချိန်ကိုက်မေးလိုက်တယ်- "လျှန်ဇီ၊ မင်းပြောတဲ့စကားအရ မင်းရဲ့ဒါရိုက်တာက တစ်ခုခုကို သိပုံရတယ်?"
"ဒါရိုက်တာက အရာအားလုံးကို သိနေတယ်လို့တော့ မပြောနိုင်ပေမယ့် သူမက မီးဖွားခွဲစိတ်မှုတွေကို ၁၀ နှစ်ကျော်လုပ်ခဲ့တာဆိုတော့ တချို့ တားမြစ်ချက်တွေ အများကြီးကိုတော့ သိနေလိမ့်မယ်။"
"အင်း၊ ဒီကိစ္စကို နောက်ပိုင်းဘယ်လိုကိုင်တွယ်ခဲ့လဲ?"
"ခွဲစိတ်မှုအပြီးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးက မေ့ဆေးကြောင့် သတိမရလာသေးဘူး၊ ဒါကြောင့် ကလေးသေသွားပြီဆိုတာကို သူမသိသေးဘူး။ ဒါပေမယ့် ခွဲစိတ်ခန်းအပြင်က မိသားစုဝင်တွေအားလုံးက စောင့်နေကြတုန်းပဲ။ ရှိုချင်းက ဒါရိုက်တာနဲ့အတူ အပြင်ထွက်သွားလိုက်တယ်။ သူမပြောတာက တံခါးနားရောက်တဲ့အခါ ဒါရိုက်တာက သူမရဲ့ပခုံးကိုပုတ်လိုက်တယ်။ ရှိုချင်းက အံ့အားသင့်သွားပြီး ဒါရိုက်တာကိုကြည့်လိုက်တော့ ဒါရိုက်တာက 'မိန်းကလေးတွေက သန့်ရှင်းရေးကို သေချာဂရုစိုက်သင့်တယ်' လို့ပြောခဲ့တယ်။"
"ဒါကို ရုတ်တရက်ပြောလိုက်တာမို့ ရှိုချင်းမှာ မေးဖို့အချိန်တောင်မရခဲ့ဘူး။ ခွဲစိတ်ခန်းတံခါးဖွင့်လိုက်တဲ့အခါ မိသားစုဝင်တွေရဲ့ စိုးရိမ်တကြီးမျက်လုံးတွေက ခွဲစိတ်ခန်းက လူအများကို ခေါင်းငုံ့စေခဲ့တယ်၊ အဲဒီမှာ ကျွန်တော်ကလည်း တံခါးနားမှာစောင့်နေတဲ့သူတွေထဲက တစ်ယောက်ပါ။ ဒါရိုက်တာက ရှေ့ကိုတိုးလာပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ခင်ပွန်းဘယ်သူလဲလို့မေးတယ်။ တစ်ယောက်ယောက်က သူပါလို့ဖြေတော့ ဒါရိုက်တာက သူ့ကိုဘေးခေါ်ပြီးစကားပြောခဲ့တယ်။"
"သူတို့ဘာပြောခဲ့လဲဆိုတာ ကျွန်တော်မသိဘူး။ ဘာပဲဖြစ်ဖြစ် ညနေပိုင်း ကိုယ်ဝန်ဆောင် အမျိုးသမီး မေ့ဆေးကနေ သက်သာသွားတဲ့အခါ သူတို့မိသားစုထွက်သွားခဲ့တယ်။ ကလေးကိုလည်း ယူသွားတယ်၊ နောက်ပိုင်းဘယ်ကို သွားခဲ့လဲဆိုတာ ဘယ်သူမှမသိဘူး။"
လျှန်ဇီရဲ့ စကား ပြီးဆုံးသွားတဲ့အခါ ကိစ္စကပြီးဆုံးသွားသလိုထင်ရပါတယ်။
ဒါပေမယ့် ကျန်းရီက လျှန်ဇီကို အဲ့ဒီအချိန်မှာမေးလိုက်တယ်- "ဒါဆို မင်းမှာ ဘာဖြစ်သွားလဲ? ရှိုချင်းကော ဘယ်လိုဖြစ်သွားလဲ?"
ကျန်းရီမေးနေစဉ်မှာပဲ လျှန်ဇီဘက်ကနေ အခြားအသံတစ်ခုထွက်လာခဲ့တယ်၊ "လျှန်ဇီရေ ငါပြောပါရစေ။"
အမျိုးသမီးအသံကိုကြားတဲ့အခါ ကျန်းရီက အံ့အားသင့်သွားပြီး "မင်းက လျှန်ဇီရဲ့ဒါရိုက်တာလား?" လို့မေးလိုက်တယ်။
"ဟုတ်ပါတယ်၊ သူ အဲ့ဒီညက ခွဲစိတ်မှုအကြောင်းမေးဖို့ငါ့ဆီလာခဲ့တယ်။ ငါဘယ်လိုပြောရမှန်းမသိဘူး၊ သူ့ကိုထွက်သွားဖို့ပြောချင်တယ်၊ ဒါပေမယ့် သူငါ့ရှေ့မှာပဲ သူ့ဖုန်းနဲ့ သေဆုံးသွားတဲ့ကလေးအကြောင်းရှာမယ်လို့ကို မမျှော်လင့်မထားဘူး။ ပြီးတော့ ဘာမှမဟုတ်ဘဲ မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုခန်းထဲကို ဝင်သွားခဲ့တယ်။"
ကျန်းရီက "အင်း" လို့ဖြေလိုက်ပြီး "ဒါရိုက်တာကို ဘယ်လိုခေါ်ရမလဲ?" လို့မေးလိုက်တယ်။
"ကျွန်မ မျိုးရိုးနာမည်က ချန်းပါ။"
"အင်း၊ ဒါရိုက်တာချန်း၊ ခွဲစိတ်မှုအကြောင်းကို အသေးစိတ်ပြောပြပါအုံး။"
ဖုန်းရဲ့တစ်ဖက်က ဒါရိုက်တာချန်းက နက်ရှိုင်းစွာအသက်ရှူသွင်းလိုက်ပြီး ပြောတယ်၊ "လျှိုဇီက ခွဲစိတ်မှုအကြောင်း အများစုကိုပြောပြီးပြီ၊ ဒါပေမယ့် သူ မပြောရသေးတဲ့အရာတွေလည်းရှိသေးတယ်။"
"ဒါဆို ပြောပါအုံး"
"ခွဲစိတ်မှုမတိုင်ခင် ညဘက် အလုပ်လုပ်ခဲ့တယ် ပြီးတော့ နေ့ဘက်မှာ အခြားဆရာဝန်တစ်ယောက်နဲ့အလုပ်လုပ်ခဲ့တယ်။ ခွဲစိတ်မှုမတိုင်မီညက ပျင်းတာနဲ့ အောက်ထပ်ကို လမ်းလျှောက်ထွက်ခဲ့တယ်။ ဆေးရုံခြံထဲမှာပေါ့။ သစ်သားခုံတွေ အများကြီးရှိတယ်။ ငါ ဖုန်းဆော့ရင်း ခုံပေါ်ထိုင်နေတုန်း ၃၊ ၄ မိနစ်လောက်ကြာတော့ ဆေးရုံကနေ လူနာတင်ယာဉ်အသံကြားလိုက်ရတယ်။ အရေးပေါ်လူနာတစ်ယောက် ရောက်လာတာပဲလို့ထင်ပြီး ချက်ချင်းကြည့်လိုက်တယ်။"
"ဒါပေမယ့် အဲဒီလူနာတင်ယာဉ်က ကျွန်မတို့ဆေးရုံက မဟုတ်ဘူး။ တခြားဆေးရုံကနေ လွှဲလာတဲ့လူနာလားလို့ တွေးမိလိုက်တယ်။ ကျွန်မတို့ဆေးရုံက ပုဂ္ဂလိကပိုင်ဖြစ်ပေမယ့် သားဖွားမီးယပ်ဌာနက အရမ်းကိုကောင်းတယ်။ ရေမွှာရည်ပိုးဝင်တဲ့ (ဆေးဘက်ဆိုင်ရာ အသုံးအနှုန်းဖြစ်တဲ့အတွက် မှားပြန်မိခဲ့ရင် ဖြည့်ဖတ်ပေးပါ) ကိုယ်ဝန်ဆောင်တွေလာရင် အခြားဆေးရုံတွေထက် ကယ်တင်နိုင်နှုန်းက ပိုများတယ်လေ။ ဒါကြောင့် လူနာတင်ယာဉ် ဆေးရုံထဲဝင်လာပြီး အဖြူရောင်ဝတ်စုံ ဝတ်ထားတဲ့လူတွေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ခန်းထဲတင်လာတာကိုမြင်တော့ အခြားတံခါးကနေတစ်ဆင့် အပေါ်တက်ပြီး အဝတ်လဲဖို့ပြင်ဆင်လိုက်တယ်။"
"ဒါပေမယ့် အဝတ်လဲပြီး ခွဲစိတ်ခန်းရောက်တဲ့အခါ သူနာပြုတွေက ဒါရိုက်တာချန်းကို ဘယ်ကလူနာကို ခွဲစိတ်ဖို့ လိုလို့လဲလို့ အံ့အားသင့်စွာ မေးခဲ့ကြတယ်။ ငါပြောလိုက်တယ်၊ 'အောက်ကလူနာတစ်ယောက် ဝင်လာတယ် မဟုတ်ဘူးလား' ။ သူနာပြုအားလုံးက 'ဘယ်က လူနာလဲ၊ ဘယ်ကလာတာလဲ' လို့ ပြန်မေးခဲ့ကြတယ်။"
"အဲဒီတုန်းက ငါအရမ်းအံ့အားသင့်သွားခဲ့တယ်။ လူနာတင်ယာဉ်က အသံကျယ်လောင်နေတာကို ဘယ်သူမှမကြားရဘူးလား? အားလုံးက မကြားရဘူးလို့ ပြန်ဖြေခဲ့တယ်၊ ပြီးတော့ အမှန်တကယ်လည်း ဆေးကုသဆောင်ထဲကို ဘာလူနာမှ ရောက်မလာခဲ့ဘူး။ လူနာလည်းမရောက်သေးဘူးဆိုတာ ယုံမလား။
ငါမယုံဘူး၊ ဒါကြောင့် အောက်ဆင်းကြည့်လိုက်တယ်၊ အောက်မှာလည်း လူနာတင်ယာဉ်မရှိဘူး၊ လူနာလည်း မရှိနေဘူး။
ငါ့မျက်စိ အမြင် ချွတ်ယွင်းနေတာလား? မဖြစ်နိုင်ဘူး။ ကားဝင်လာတဲ့အချိန်ကနေ ကားရပ်ပြီး လူနာကိုဆေးရုံထဲသွင်းဖို့ တွန်းလာတဲ့အချိန်ထိ တစ်မိနစ်ကြာတယ်။
ငါ့မျက်စိ ကြောင်နေတယ်ဆိုရင်တောင်မှ အဲဒီလောက်ကြာအောင်တော့ မဖြစ်နိုင်ဘူး။"
"ငါမယုံနိုင်သေးဘူး၊ ဒါကြောင့် CCTV ကြည့်လိုက်တယ်။ CCTV မှာလည်း ခုနက လူနာတင်ယာဉ်ဝင်လာတာ မရှိနေဘူး။ တကယ်ပဲ ငါမျက်စိ ကြောင်နေတာလား။ ဒါကြောင့် မတက်နိုင်တော့ဘဲ ညဘက် အလုပ်တွေများပြီးတော့ စိတ်ဖိစီးမှုများလို့ စိတ်ကူးယဉ်မြင်ယောင်မိတာလို့ပဲ ယူဆလိုက်တယ်။"
"နောက် အဲ့ဒီညမှာပဲ၊ ဆိုလိုတာက လျှိုဇီပြောတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး မီးဖွားပြီးတဲ့နောက်မှာ ဗိုက်ခွဲပြီး သန္ဓေသားအလောင်းထုတ်လိုက်တဲ့အချိန်မှာ ခွဲစိတ်မှုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အန္တရာယ်ကင်းအောင်လုပ်ပေးနိုင်ခဲ့ပေမယ့် ကလေးသေဆုံးသွားတဲ့အတွက် မိသားစုကိုရှင်းပြဖို့လိုနေခဲ့တယ်။ အဲဒီအချိန်မှာ မိသားစုကနေ ဆရာဝန်တွေကို ဒေါသကြောင့် ပြဿနာ ရှာမှာစိုးလို့ ကလေးရဲ့ဖခင်ကို တစ်ယောက်တည်းခေါ်ပြီးစကားပြောခဲ့တယ်။"
"ငါဖြစ်ပျက်သမျှကိုပြောပြခဲ့ပြီးတော့ သူမယုံဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန် ငါဘာတွေးမိလိုက်မှန်းမသိဘူး၊ သူ့ကိုမေးလိုက်တယ်၊ 'မင်းတို့လာတဲ့အခါ စီးလာတဲ့လူနာတင်ယာဉ်ရဲ့နံပါတ်က ၀၃၀၄၆ လား? လူနာတင်ယာဉ်က အနည်းငယ်ဟောင်းနေပြီး နောက်မှာ ဖုန်မှုန့်တွေ ရှိနေလား?'"
"ငါမေးလိုက်တဲ့အခါမှာပဲ ကလေးရဲ့ဖခင်ကလည်း သူတို့ နံပါတ်က ၀၃၀၄၆ပါလို့ လို့ပြောခဲ့တယ်။ လူနာတင်ယာဉ်က ဟောင်းနေလားဆိုတာကိုတော့ သတိမထားမိခဲ့ဘူး၊ ဒါပေမယ့် လူနာတင်ယာဉ်ရဲ့နောက်ပိုင်းမှာ ဖုန်မှုန့်တွေနဲ့ ညစ်ပေနေတယ် ဆိုတာကိုတော့ သတိထားမိခဲ့တယ်။ ဒီအဖြေကိုကြားတဲ့အခါ ငါ ဘာဖြစ်နေလည်းဆိုတာကို နားလည်သွားခဲ့တယ်၊ ဘာလို့လဲဆိုတော့ မနေ့ညက ငါမြင်ခဲ့တဲ့ ဆေးရုံထဲ ဝင်လာတဲ့လူနာတင်ယာဉ်က ၀၃၀၄၆ ဖြစ်နေလို့ပဲ !"
"ငါ ကလေးရဲ့ဖခင်ကို ငါကြုံတွေ့ခဲ့ရတဲ့ အကြောင်းကို ပြောပြခဲ့တယ်။ ပြီးတော့ မတော်တဆနဲ့ လူနာတင်ယာဉ် မတော်တဆမှုတွေကို ဖုန်းနဲ့ရှာကြည့်မိလိုက်တယ်။
ရှာလိုက်တော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က သတင်းအချို့ကို ရှာတွေ့လိုက်တယ်။
လူနာတင်ယာဥ်တစ်စီး မြစ်ထဲ ပျက်ကျသွားပြီး လူနာတင်ယာဉ် ဝန်ထမ်းနှစ်ဦး၊ ယာဉ်မောင်း၊ မိခင်နှင့် မိသားစုဝင်တွေ အားလုံး ရေနစ်သေဆုံးပြီးတော့ ဘယ်သူမှ အသက်ရှင် မကျန်ရစ်ခဲ့ဘူး"